ဆောင်းပါး

ရတနာနတ်မယ်နှင့် နေ့လယ်စာစားခြင်း

Want create site? Find Free WordPress Themes and plugins.

ဖလောရင့်စ် Florence မြို့တွင် ကျမ ကံကောင်းထောက်မစွာဖြင့် ရတနာနတ်မယ် (ရတနာ ၉ မျိုး၏ နတ်ဘုရားမ) ဟုလည်း သိကြသည့် June Rose Bellamy နှင့် တွေ့ခဲ့ရပါသည်။

June Rose Bellamy သည် ရှေးဟောင်းမြန်မာ မင်းဆက်မှ အသက်ရှင်နေဆဲ မင်းသမီးတပါးဖြစ်ပြီး ယခုအချိန်တွင် အသက် ၈၇ နှစ် အရွယ်ရှိပြီဖြစ်သော June Rose Bellamy က အီတလီရှိ သူ၏ အိမ်တွင် အိမ်ငှားခအတွက် အထောက်အကူ ဖြစ်ရန် အချက်အပြုတ် သင်တန်းကျောင်းတခု ဖွင့်လှစ်ထားသည်။

အိပ်ယာခင်း ၁၀၀ ထပ်၍ မအိပ်ခဲ့ဖူးသော်လည်း သို့မဟုတ် အိပ်ယာအောက်မှ ပဲစေ့ကလေးတစေ့ကြောင့် (နတ်သမီး ပုံပြင် များထဲကအတိုင်း မင်းသမီး အစစ် ဟုတ် မဟုတ် သိရှိရန် စမ်းသပ်ခြင်း) အသားတွင် အညိုအမည်း မစွဲခဲ့သော်လည်း သူက မြန်မာနိုင်ငံ၏ အရေးပါသော နောက်ဆုံး အနွယ်တော်များထဲက တဦးဖြစ်သည့် လင်းပင်မင်းသား (ကနောင်မင်းသား၏ သားတော်) ၏ မြေးတော်စပ်သူ ဖြစ်သည်။ သူ၏ စိတ်ဝင်စားစရာ သမိုင်းကြောင်းကို ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး ဘုရင်အုပ်ချုပ်မှုကို အဆုံးမသတ်မီ ၁၈၈၀ နှစ်များအထိ ခြေရာကောက်ခဲ့သည်။

June Rose Bellamy နှင့် တွေ့ဆုံရန် ကျမတွင် ကိုယ်ရေးကိုယ်တာ အကြောင်းရင်းတခု ရှိပါသည်။ သူက ဗိုလ်ချုပ်ကြီး နေဝင်း၏ စတုတ္ထမြောက်ဇနီး ဖြစ်သည်။ ဗိုလ်ချုပ်ကြီး နေဝင်းသည် ဒီမိုကရေစီ လှုပ်ရှားမှုတခုကို ထူထောင်သူတဦးဖြစ် သည့် ကျမ၏ ကွယ်လွန်သူ မြန်မာအဘိုးကို ရန်ကုန်တွင် နေအိမ်အကျယ်ချုပ် ချထားခဲ့သော ဆိုရှယ်လစ် အစိုးရ၏ အာဏာရှင် ဖြစ်ပါသည်။

June Rose Bellamy ငယ်ရွယ်စဉ်အခါ ဗိုလ်ချုပ်ကြီးနေဝင်းသည် မိသားစု၏ မိတ်ဆွေတဦး ဖြစ်ခဲ့သည်။ သူတို့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြသော်လည်း နောက်ပိုင်းတွင် June Rose Bellamy က ဗိုလ်ချုပ်ကြီး နေဝင်းကို လက်ထပ်ခဲ့သည်။

မြန်မာနိုင်ငံကို ကမ္ဘာနှင့် တံခါးပိတ် အထီးကျန်ဘဝနှင့် ဘဏ္ဍာရေး ချွတ်ခြုံကျခြင်းဆီသို့ ဦးတည်စေခဲ့သူဟု သိလာကြမည့် အမျိုးသား တဦးကို လက်ထပ်ခဲ့ခြင်း အမှန်တကယ် ဖြစ်ခဲ့ပါသလား။ June Rose Bellamy ၏ အစောပိုင်း နောက်ခံ အကြောင်းနှင့် သူ၏ အိမ်ထောင်ဖက် ရွေးချယ်မှုတို့က အဆက်အစပ် မရှိသလို ဖြစ်နေသည်။ ကျမ အလွန်စိတ်ဝင်စားခဲ့၏။

Florence မြို့ San Frediano ရပ်ကွက်ရှိ သူ၏ အိမ်တွင် တွေ့ကြရန် ကျမတို့ စီစဉ်ခဲ့သည်။ နေ့လယ်စာစားရန် သူ အကြိုက်ဆုံး စားသောက်ဆိုင်တခုသို့ ခေါ်သွားမည်ဟုလည်း ကျမကို ကမ်းလှမ်းခဲ့သည်။

သူက အီတလီ ဘာသာဖြင့် A presto (မကြာခင်တွေ့ကြမယ်) ဟု ပြောသည်။

အီတလီနိုင်ငံ ဖလောရင့်စ်မြို့မှာ နေထိုင်နေတဲ့ June Rose Bellamy/Anna Bayin

အီတလီက နွေရာသီ အပူလှိုင်းတခုအတွင်းသို့ ရောက်ရှိနေသော်လည်း June Rose Bellamy က အပူဒဏ်ကို မခံစားရ သလိုပင် ရှိသည်။ ကြိုဆိုသော အပြုံးနှင့်အတူ တံခါးလာဖွင့်ပေးသည်။ သူက ဆွဲဆောင်မှုရှိပြီး ယဉ်ကျေးသိမ်မွေ့သည်။ မြန်မာဆန်ဆန် ဝတ်ဆင်ထားသည်။ ဖက်ရှင်ကျသော မီးခိုရောင်ဆံပင်တိုတို၊ သဘာဝအတိုင်း ကွေ့ဝိုက်နေသည့် သူ့အသွင်တို့က ပူပင်ကြောင့်ကျမဲ့သည့် ပုံမျိုးဖြစ်သည်။ သူ့အမူအရာက ဖျတ်လတ် သွက်လက်ပြီး ယုံကြည်မှုရှိသည်။

သူက ကျမ၏ အဒေါ် Margie နှင့် ဘယ်လောက် ဆင်တူသည်ကို June Rose Bellamy သိနိုင်မည် မဟုတ်ပါ။ ကျမ၏ ကွယ်လွန်သူမိခင် Laura နှင့်လည်း တူသည်။ သူတို့ ၂ ဦး စလုံးက June Rose Bellamy လိုပင် အနောက်တိုင်းသွေး တဝက် မြန်မာသွေးတဝက် ပါသူများ ဖြစ်ကြသည်။ ထို့ကြောင့် အိမ်ကို ချက်ချင်း ပြန်ရောက်သွားသလိုမျိုး ကျမ ခံစားလိုက်ရသည်ကိုလည်း သူ သိနိုင်လိမ့်မည် မဟုတ်ပါ။

သူ့ ဧည့်ခန်းက အမှန်တကယ်ရှိသည်ထက် ပိုကျယ်သလို ထင်ရသည်။ အလင်းရောင် အပြည့်အဝနှင့် အနုပညာ လက်ရာများ၊ အပင်များရှိသည်။ အနောက်ဘက်တွင် ကျယ်ပြန့်သော မီးဖိုခန်းတခုနှင့်အတူ အပြင်အဆင်က အရှေ့တိုင်း ဆန်သည်။ မြန်မာချည်ထည်များ၊ ယွန်းထည်များ၊ ကြေးထည်များ၊ ဆင်ရုပ်တရုပ်နှင့် နံရံပေါ်တွင် သူ့ ဘိုးဘွားများ၏ ပုံတူတခု ရှိသည်။

ခဏတာ အလည်ရောက်စဉ်အတွင်း ကျမ၏ ရည်ရွယ်ချက်မှာ လုံးဝ ခြားနားသော အပြောင်းအလဲများအတွက် June Rose Bellamy ၏ ပါရမီ စွမ်းရည်ကို ရှာဖွေရန် ဖြစ်သည်။ မင်းသမီး အဖြစ်မှနေ၍ သာမန်လူတဦး ဖြစ်ခဲ့သည်။ သမ္မတ ကတော် ဘဝမှနေ၍ သာမန်လူဘဝ ရောက်ခဲ့သည်။ အသက် ၈၀ ကျော် ရောက်သည်အထိ ကောင်းစွာ ရုန်းကန် ရပ်တည် နိုင်ခြင်းတွင် မည်သည့် လျှို့ဝှက်ချက် ရှိပါသနည်း။ ထို့နောက် သူ၏ ဒုတိယ ခင်ပွန်းအကြောင်း။

နေ့လယ်စာ အဖွင့် ယမကာ မှီဝဲရင်း June Rose Bellamy ၏ အစောပိုင်း ဘဝ အစိတ်အပိုင်းများကို ကျမ ရှာဖွေခဲ့သည်။ သူ၏ တော်ဝင်မိခင်က သြစတြေးလျနိုင်ငံသား ပြိုင်မြင်းမွေးသူ၊ သစ်ခွပန်း စုဆောင်းသူတဦးနှင့် လက်ထပ်ခဲ့သည်။ သူ ၉ နှစ်သမီး အရွယ်တွင် ဂျပန်တို့က ရန်ကုန်မြို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး သူတို့ မိသားစု အိန္ဒိယသို့ ထွက်ပြေးခဲ့ရကာ နောက် ထပ် ၅ နှစ် နေထိုင်ခဲ့ကြရသည်။ June Rose Bellamy ၏ ပြည်ပရောက်ဘဝက လုံးဝ ခက်ခဲကြမ်းတမ်းခဲ့ခြင်းတော့ မရှိပါ။

သူက မိန်းမလှတဦးဟု သရုပ်ဖော်သည့် Indira Ghandi ၏ စောင့်ရှောက် ကြည့်ရှုမှုအောက်တွင် ဒန်းစီး ဆော့ကစားခဲ့ ခြင်းကို မှတ်မိနေသည်။

စစ်ပြီးသည့်အခါ ဆယ်ကျော်သက် တဦးအနေဖြင့် New York Herald Tribune သတင်းစာက ကမကထပြုလုပ်သည့် “The World We Want” ဟုခေါ်သော ပြိုင်ပွဲတခုအတွက် စာစီစာကုံး တပုဒ်ရေးသားခဲ့ပြီး ဆုရခဲ့သောကြောင့် တခြားသော နိုင်ငံတကာ ကျောင်းသူ ကျောင်းသား ၃၀ နှင့်အတူ အမေရိကန်နိုင်ငံသို့ သွားရောက် လည်ပတ်ခွင့် ရရှိခဲ့သည်။ ထိုခရီးစဉ်က သူ့ကို နိုင်ငံရေးအရ နိုးကြားစေခဲ့သည်ဟု June Rose Bellamy က ယူဆသည်။

အဘယ်ကြောင့်ဆိုသော် လူမျိုးရေး ခွဲခြားမှုကို သူ ပထမဆုံး ကြုံတွေ့ခဲ့ရသောကြောင့် ဖြစ်၏။ သူ၏ ကိုယ်ပိုင် ကွဲပြားခြားနားမှုဖြစ်သည့် အနောက်တိုင်းဆန်သော အရှေ့တိုင်းအမြင်ကို အမှန်တကယ် စတင် သဘောပေါက် လာသောကြောင့် ဖြစ်သည်။

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွင် အလုပ်လုပ်သော အီတလီလူမျိုး ဆရာဝန် တယောက်နှင့် လက်ထပ်ခဲ့ သည်။ သူတို့က တနေရာမှ တနေရာ လှည့်လည်သွားလာနေရသည့် ဘဝတခုတွင် နေထိုင်ခဲ့ကြပြီး (သူ့ခင်ပွန်းက) အာရှ နိုင်ငံ အများအပြားတွင် တာဝန်ကျခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် သူက ရုပ်သံ တင်ဆက်သူတဦး ဖြစ်လာခဲ့သည်။ ပန်းချီလည်း စတင်ရေးဆွဲခဲ့သည်။ နောက်ပိုင်းတွင် သား ၂ ယောက် မိခင် ဖြစ်လာခဲ့သည်။ သားများက Florence မှ ပုဂ္ဂလိက ကျောင်းတကျောင်းတွင် ကျောင်းတက်နေခဲ့ကြပြီး သူတို့၏ ဖခင်နှင့် ကွာရှင်းခဲ့ပြီးနောက် June Rose Bellamy က Florence တွင် အခြေချခဲ့သည်။

June Rose Bellamy အသက် ၄၀ ကျော်ခဲ့သည့် အချိန်တွင် ဘဝအပြောင်းအလဲနှင့် သမိုင်းတွင်မည့် စိန်ခေါ်မှုတခု ပေါ်လာသည်။ မိတ်ဆွေဟောင်း တဦးဖြစ်သော ထိုစဉ်က တံခါးပိတ်အထီးကျန် နိုင်ငံတခုဖြစ်သည့် မြန်မာနိုင်ငံ၏ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ပြန်ပေါ်လာသည်။

မုဆိုးဖို အသစ်စက်စက်တဦးဖြစ်သည့် ဗိုလ်ချုပ်ကြီးနေဝင်းက ဥရောပသို့ အလည်အပတ် ရောက်ရှိလာခဲ့သည်။ လက်ထပ်ရန် သူက ကမ်းလှမ်းလာသည့် အချိန်တွင် June Rose Bellamy က အခွင့်အရေးကို မြင်ခဲ့သည်။ စာအုပ်ထဲမှ ချစ်ဇာတ်လမ်းမျိုး မဟုတ်သော်လည်း ဗိုလ်ချုပ်ကြီးနေဝင်းထံမှ အနွယ်တော်များနှင့် အဆက်အသွယ်တခု ရရှိလိမ့်မည် ဖြစ်သလို၊ June Rose Bellamy ကလည်း သူ၏ တိုင်းပြည်နှင့် ပြန်လည် ဆက်သွယ်မိမည် ဖြစ်သည်။

သမ္မတကတော် အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်အပေါ် သြဇာလွှမ်းမိုးနိုင်လိမ့်မည်၊ ပြည်သူများကို ကူညီနိုင်လိမ့်မည်ဟု သူက ယုံကြည်ခဲ့သည်။ ၎င်းမှာ (သူ လက်ထပ်ခဲ့သည့်) အဓိက အကြောင်းရင်းဖြစ်သည်ဟု June Rose Bellamy က ပြောသည်။

ယခုအခါ ထိုသို့ ယူဆမိခဲ့ခြင်းကို သူက “မာန်တက်မိခဲ့သည့် အပြစ်” တခုအဖြစ် ရည်ညွှန်းသည်။

June Rose Bellamy မြန်မာနိုင်ငံသို့ ပြန်ရောက်လာချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ သြဇာအရှိန်အဝါ ကျဆင်းနေခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ အကျင့်စရိုက် အပေါ်တွင်ရော၊ သူ၏ အလားအလာရှိသော အခန်းကဏ္ဍကိုပါ June Rose Bellamy အတွက်အချက် မှားယွင်းခဲ့သည်။ အခြားသူများက အသုံးချ ချယ်လှယ်ရန် အသင့်ဖြစ်နေခဲ့ကြသည်။ အိမ်ထောင်ရေးလည်း ပျက်စီးသွားခဲ့သည်။

၁၉၇၆ ဒီဇင်ဘာ ၂၄ ရက် အာဏာရှင် ဦးနေဝင်းနှင့် June Rose Bellamy တို့၏ မင်္ဂလာအခမ်းအနားကို မြန်မာသတင်းစာများက ဖော်ပြခဲ့သည်

၅ လကြာသည့်အခါ ရန်ပွဲတခုဖြင့် အဆုံးသတ်ခဲ့ရခြင်းက ကျမအတွက် တွေးတောစရာများ ကျန်ရစ်ခဲ့စေ၏ (ကိုယ်ရေး အထုပ္ပတ္တိ ရေးသားရန် သူ့ကို ပြောကြသော်လည်း သူက ယခုထက်ထိ ငြင်းဆန်နေဆဲ ဖြစ်သည်)။

အီတလီသို့ ပြန်ရောက်သည့် အချိန်တွင် ဘဝ ရပ်တည်ရေးအတွက် အလုပ်တခု လိုအပ်လာသည်။ ထိုအချိန်က သူ၏ အကောင်းဆုံး အခန်းကဏ္ဍ စတင်ခဲ့သည့် အချိန်ဖြစ်သည်။

ရပ်ထားသည့် သူ့ကားဆီသို့ June Rose Bellamy က ကျမကို ဦးဆောင်ခေါ်သွားပြီး မောင်းသူနေရာတွင် ဝင်ထိုင် လိုက်သည်။ ထို့နောက် Florence မြို့၏ ယာဉ်ကျောထဲသို့ လျှင်မြန်စွာ ဝင်ရောက်သွားသည်။ Florence မြို့ကို ၃၆၀ ဒီဂရီ မြင်ရသည့် Sesto on Arno ဟုခေါ်သော ခေါင်မိုးပေါ်မှ စားသောက်ဆိုင်တဆိုင်တွင် ကျမတို့ အရသာရှိသော နေ့လယ်စာကို စားခဲ့ကြသည်။ ဆိုင်ဝန်ထမ်းများက June Rose Bellamy ကို သိကြသည်။ ထိုဆိုင်တွင် June Rose Bellamy က သူ၏ ဘဝတလျှောက်လုံး ကျန်ရစ်ခဲ့သည့် ချစ်ခြင်းတခု အကြောင်းကို ပြောပြသည်။ အစားအစာကို ချစ်သည့် အချစ်ဖြစ်သည်။

ရင်းနှီးသော မိတ်ဆွေတယောက်က အချက်အပြုတ်ကို သူ မည်မျှအထိ မြတ်နိုးကြောင်း သတိပေးလာခဲ့သည်။ သူမြတ်နိုးသည့် အရာကိုလုပ်ရင်း အသက်မွေး ဝမ်းကျောင်း မပြုနိုင်ပါသလော။

“ဖြတ်ကနဲဆိုသလိုပဲ သဘောပေါက်လိုက်တယ်” ဟု June Rose Bellamy က ပြောသည်။ ကလေးတယောက် အနေဖြင့် ဟိန္ဒူ ဘာသာဝင် ထမင်းချက်နှင့် အတူ အချိန်ဖြုန်းရခြင်း၊ ပြင်ဆင်ချက်ပြုတ် နေသည်ကို စောင့်ကြည့်ရခြင်းကို သူ သဘောကျခဲ့သည်။ သူ၏ ပထမခင်ပွန်းနှင့် အတူ ရောက်ရှိခဲ့သည့် နိုင်ငံများမှ အစားအစာယဉ်ကျေးမှုကို သူအမြဲတမ်း စိတ်ဝင်စား ခဲ့သည်။

အမြဲတမ်း စနစ်တကျ လုပ်တတ်သည့်အတိုင်း June Rose Bellamy က လန်ဒန်သို့ သွားရောက်၍ စားဖိုမှူးကြီး Kenneth Lo နှင့် လေ့လာ သင်ကြားခဲ့သည်။ ထို့နောက် သူ၏ အမှတ်တံဆိပ် ဟန်ကို အခြေခံ၍ အချက်အပြုတ် သင်တန်းကျောင်း တခု ဖွင့်လှစ်ရန် Florence သို့ သူ ပြန်လာခဲ့သည်။

ထိုအချိန်မှစ၍ ၂၀၁၇ ခုနှစ် Turin စာအုပ်ပွဲတော်တွင် တင်ခဲ့သော The Soul of Spice အပါအဝင် ချက်နည်းပြုတ်နည်း စာအုပ်များ စတင်ရေးသားခဲ့သည်။ သူ၏ အငြိမ်းစား လစာအပြင် အပိုဝင်ငွေရရန် သင်တန်းဖွင့်ခဲ့သည်။ သူက ယခုထိ ပန်းချီဆွဲနေဆဲ ဖြစ်သည် (လတ်တလော ရေးဆွဲခဲ့သည်မှာ ဟိုတယ်နံရံပေါ်မှ ပန်းချီကားဖြစ်သည်)။ Leonardo၊ Dante နှင့် Catherine de Medici တို့ကဲ့သို့သော သမိုင်းဝင် အီတလီလူမျိုးများ၏ အစားအသောက် ရွေးချယ်မှုများ အပေါ်တွင် အခြေခံ၍ တဖြည်းဖြည်းချင်း ဆောင်ရွက်နေသော စီမံကိန်းတခုလည်း ရှိသည်။

သူ၏ ပင်ကိုယ်စရိုက်နှင့် ဆိုင်သော မေးခွန်းများ မေးခွင့်ပြုရန် ကျမက တောင်းဆိုလိုက်ပါသည်။

“ရတာပေါ့” ဟု June Rose Bellamy က သဘောတူ၏။

“ရှင် ပျင်းတတ်သလား။ ကျမတို့ အသက်အရွယ် ရလာတဲ့အချိန်မှာ ကြောက်ကြတာ အဲဒါ မဟုတ်လား”

June Rose Bellamy က ရယ်သည်။

“ဒါပေမယ့် ကျမမှာ ပျင်းဖို့ အချိန်မှ မရှိတာ” ဟု သူက ပြောသည်။

“အချက်အပြုတ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တခု ရှင့်မှာ ရှိသလား”

“ကျမရဲ့ သင်တန်းတွေမှာ ဟင်းဘယ်တော့မှ မထပ်ဘူး။ အဲဒါ ကျမ ဂုဏ်ယူတဲ့ အချက်ပဲ”

“ကောင်းကောင်း ချက်ဖို့ အတွက် ကျမရဲ့ မီးဖိုထဲမှာ ဘာရှိသလဲဆိုတာ ကျမကြည့်တယ်။ အဲဒါက ကျမဘယ်လို ခံစားရ သလဲ၊ ဘာတွေ့သလဲ၊ မနက်ခင်းက ဘာတွေယူလာသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျမ ငါးတကောင် တွေ့ချင် တွေ့မယ်၊ ဒါမှမဟုတ် တစုံတယောက်က ဈေးကနေ မုန်လာဥတွေဝယ်ပြီး ပြန်လာတာကို တွေ့ချင်လည်း တွေ့မယ်။ လတ်ဆတ်တဲ့ မုန်လာဥတွေရဲ့ လှုံ့ဆော်မှုကို ကျမ ရနိုင်တယ်” ဟု သူက ပြောသည်။

ရာသီအလိုက်သာ စားသောက်ရန်လည်း သူက အကြံပြုသည်။

“ရှင်တို့ ကိုယ်ခန္ဓာက ဆောင်းရာသီမှာ နာနတ်သီး မလိုဘူး။ ထောပတ်နဲ့ မလိုင်ပဲလိုတယ်။ အခုအချိန်မှာ ကျမတို့က အရမ်းကို မြန်နေကြတယ်။ ကျမတို့က လူသားရဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းကို အတင်းခိုင်းနေကြတယ်”

“အကြိုက်ဆုံးမြို့က ဘယ်မြို့ ဖြစ်မလဲ”

“နေပဲလ်စ် Naples” ဟု သူက ပြန်ဖြေသည်။ သူ့ ပထမခင်ပွန်း၏ ဇာတိမြို့ ဖြစ်သည်။ ထိုမြို့ကို သူက နက်နက်နဲနဲ ချစ်ခင်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ် တခုလုံးကို ကိုယ်စားပြု ဖော်ပြနိုင်သောကြောင့် ဖြစ်သည်။ ဂရိနှင့် အီဂျစ်တို့၏ ကျူးကျော် ဝင်ရောက်မှု၊ ရောနှောနေသည့် ယဉ်ကျေးမှုများက Naples ဆိုသည့် ဆန်းကြယ်ထူးခြားမှုတွင် ပါဝင်နေ ကြသည်။

“ရှင့်ကို အကျိုးဖြစ်စေနိုင်တဲ့ ယုံကြည်မှုတွေက ဘာတွေလဲ”

“ကျမက ဗုဒ္ဓဘာသာပါ” ဟု သူကပြောသည်။ June Rose Bellamy က ဝိုင်သောက်သော်လည်း နေ့စဉ် တရားထိုင်သည်။ ပစ္စုပ္ပန်တွင် နေထိုင်ခြင်းကို သူ ယုံကြည်၏။ “ကျားတကောင်ရဲ့ အမြီးကို ကိုင်မိပြီဆိုရင် တက်စီးဖို့အတွက် မြဲမြဲသာ ဆွဲထား ပေတော့” ဟု သူက ပြောသည်။

နေ့လယ်စာ စားပြီးသောအခါ June Rose Bellamy က တွန့်လိမ်နေသော တောင်ပေါ်လမ်းတခုအတိုင်း ကားနှင့် ခေါ်သွားပြီး သူအကြိုက်ဆုံးဖြစ်သည့် ရောမ အင်ပါယာခေတ်လက်ရာ San Miniato al Monte ဘုရားကျောင်းသို့ ပို့ပေးပါသည်။ ဘုရားကျောင်းမှနေ၍ Florence မြို့ကို အပေါ်စီးမှ မြင်နေရသည်။ ကွက်လပ်တခုတွင် ဝိုင်းထိုင်ပြီး တရားထိုင်နေသူများကို ကျမတို့တွေ့ရသည်။ ဗုဒ္ဓဘာသာနှင့် တရားထိုင်ခြင်း အကြောင်း အစောပိုင်းကလေးကမှ ကျမတို့ ပြောဖြစ်ခဲ့သည် မဟုတ်ပါလား။ တိုက်ဆိုင်မှုကြောင့် June Rose Bellamy ပြုံးလိုက်သည်။

“မှတ်ချက်ပေးစရာ မရှိပါဘူး” ဟု ကျမတို့ အနားမှဖြတ်သွားစဉ် သူက တိုးတိုးပြောသည်။

အိမ်ပြန်ရောက်လုနီးပါး အချိန်တွင် ကျမတို့ ၂ ယောက်စလုံး အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရသည်။ June Rose Bellamy က ကားကို လမ်းဘေးတွင် ရပ်လိုက်သည်။ ရေပန်းတခုနားမှ ကျမတို့ ဖြတ်လျှောက်သွားကြ ချိန်တွင် သူက ရပ်လိုက်ပြီး သူ့လက်များကို ရေပန်းထဲသို့ နှစ်လိုက်သည့်အခါ မျက်နှာကို ရေစက်များ အရှိန်ပြင်းပြင်းနှင့် လာစင်သည်။ သူက ကလေးငယ် တယောက်လိုပင်။ ဆံပင် သို့မဟုတ် မိတ်ကပ် ပျက်မည်ကို စိတ်ထဲ ထားပုံမရပါ။

အရေပြားပေါ်မှ အေးမြမှုကြောင့် အပူသက်သာသွားခြင်းကို ခံစားရင်း သူ သက်ပြင်းချလိုက်သည်။

သူ၏ အတ္တမဲ့ ဟန်မဆောင်မှုကို အံ့သြရင်း “ဝိုး …ရှင့်အတွက် ကောင်းတာပေါ့” ဟု ကျမ တွေးလိုက်မိသည်။ နှုတ်ကလည်း ကျယ်လောင်စွာ ထုတ်ပြောလိုက်မိသည်။

“ဟုတ်တယ်။ ဘာကြောင့် မကောင်းရမှာလဲ” ဟု June Rose Bellamy က ဘဝတခုလုံးရှင်သန် နေထိုင်ခဲ့သည့် အတွေ့အကြုံမှ လာသော စိတ်ချယုံကြည်မှုနှင့်အတူ ပြန်မေးလိုက်ပါသည်။

ကျမ အတွက်မူ ယခုအချိန်က သူ့ကို ပဲစေ့နှင့် (မင်းသမီး စစ်/မစစ်) စမ်းသပ်သည့် အချိန်ဖြစ်သည်။ စမ်းသပ်ချက်ကို သူ အောင်မြင်ခဲ့ပါသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Anne Bayin ၏ Lunch with Myanmar Princess 
ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရန်

အိမ်ထောင်ဦးစီး အမျိုးသားများတွင်လည်း ဝန်ထုပ်ဝန်ပိုး ရှိသည်

ရှေးရိုးစွဲ အစဉ်အလာများက အမျိုးသမီးတွေကို ချုပ်နှောင်ထားသလား

ပဋိပက္ခဒေသက အမျိုးသမီးများ လုံခြုံမှု စိုးရိမ်နေရ

Did you find apk for android? You can find new Free Android Games and apps.
Loading