ဆောင်းပါး

မူဆယ်မြို့က မူးယစ်ဆေးသားကောင်များ

Want create site? Find Free WordPress Themes and plugins.

စားပွဲခုံပေါ် တင်ထားသည့် ဖုန်းမှအသံမြည်လာသဖြင့် ဦးသောင်းထွန်း ကောက်ကိုင်လိုက်သည်။ မိနစ် အနည်းငယ် ဖုန်းပြောပြီးနောက် ညှိုးငယ်သော မျက်နှာဖြင့် အလောင်းတင်သည့် နာရေးကားပေါ် တက်ပြီး မူဆယ်မြို့ ဆင်ဖြူဈေး အနီးသို့ ကားကို မောင်းထွက်ခဲ့သည်။

ဆင်ဖြူဈေးနား အရောက် သူ့ထံ ဖုန်းဆက် အကြောင်းကြားခဲ့သူများကို တွေ့ရပြီး ထိုသူများ ညွှန်ပြရာကို ကြည့်လိုက်သည့် အခါ အရိုးပြိုင်းပြိုင်းဖြင့် ပိန်လှီနေသော လူ ၁ ဦး သေဆုံးနေသည်ကို ဦးသောင်းထွန်း တွေ့လိုက်ရသည်။

ထို အလောင်းနံဘေးတွင် ဆေးထိုးအပ်များကလည်း ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်။ ၎င်းကို ကရုဏာ လူမှုကူညီရေး အဖွဲ့သားများက ပိုင်ရှင်မဲ့ အလောင်း အဖြစ် ကောက်ယူထုပ်ပိုးကာ မီးသဂြိုဟ်စက်ဆီသို့ ပို့ဆောင် သဂြိုဟ်ခဲ့ကြသည်။

မူးယစ်ဆေးဖြင့် ဘဝနိဂုံးချုပ်ခဲ့သူ ၁ ဦး၏ ဈာပန၌ သေဆုံးသူနှင့် ပတ်သက်သည့် နာရေးရှင်ပင် မရှိဘဲ ပိုင်ရှင်မဲ့ အလောင်း အဖြစ် သဂြိုဟ်နေရသည့် အဖြစ်အပျက်များက မြန်မာနိုင်ငံ၏ တခြားသော အရပ်ဒေသမှ လူများအတွက် အထူးအဆန်း ဖြစ်နေသော်လည်း ရှမ်းပြည်နယ်၊ မြောက်ပိုင်း တရုတ် – မြန်မာ နယ်စပ်ဒေသရှိ မူဆယ်မြို့ခံများ အတွက်တော့ မထူးဆန်းတော့သည့် ဇာတ်လမ်းများ ဖြစ်နေသည်။

“ပိုင်ရှင်မဲ့အလောင်းတွေ ကောက်ယူသဂြိုဟ်ရတဲ့အချိန်တိုင်းမှာ ငါတို့တိုင်းပြည်ရဲ့ အင်အားတွေ၊ လူ့စွမ်းအား အရင်း အမြစ်တွေက ဒီလိုမူးယစ်ဆေးဝါးနဲ့ ဘဝဆုံးနေရပါလားဆိုပြီး အရမ်းနှမျော မိသလို စိတ်မကောင်းလည်း ဖြစ်မိတယ်”ဟု မူဆယ်မြို့၊ ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပြသည်။

မူးယစ်ဆေးကြောင့် အသက်ဆုံးရှုံးရသည့် အိမ်ခြေရာမဲ့တဦး/ဧရာဝတီ

မူဆယ်မြို့မှာ တရုတ် – မြန်မာနယ်စပ်တွင် တည်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၏ အစွန်ဆုံးမြို့ ဖြစ် ပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ရာ ခရိုင်မြို့လည်း ဖြစ်သည်။ မြန်မာပြည်ဒေသ အသီးသီးမှ ထွက်ရှိသည့် ဆန်စပါး၊ ပြောင်း အပါအဝင် ရေထွက်ပစ္စည်း အစရှိသည့် ကုန်စည်များကို ကူးသန်းရောင်းဝယ်ရာ နေရာ တခုဖြစ်သည်။

စီးပွားရေးအခွင့်အလမ်းပေါင်းများစွာရှိသည့်အတွက် မူဆယ်မြို့တွင် စီးပွားရေး လုပ်ငန်းရှင်များစွာ လာရောက်ကြသလို ပန်းထိမ်လုပ်သား၊ ဥယျာဉ်ခြံလုပ်သား၊ သန့်ရှင်းရေး၊ အိမ်ဖော်၊ အလုပ်ကြမ်း သမား စသဖြင့် အခြေခံအလုပ်များ လာရောက် လုပ်ကိုင်ကြသည့် မြန်မာပြည်ဒေသအသီးသီးမှ ရွှေ့ပြောင်းလုပ်သား အမြောက်အမြား အခြေချ နေထိုင်ရာနေရာလည်း ဖြစ်သည်။

ထို့ကြောင့် မူဆယ်မြို့၌ လူစုံသလို လုပ်ငန်းလည်း စုံသည်။ နယ်စပ်မြို့ ဖြစ်သည့် အလျှောက် တရားဝင် ကုန်ရောင်း ကုန်ဝယ် စီးပွားရေးများ ဖွံ့ဖြိုးသလို တရားမဝင် မှောင်ခို စီးပွားရေး၊ ကာရာအိုကေ၊ အနှိပ်ခန်း၊ လိင်ဝန်ဆောင်မှု ပေးသည့် ဇိမ်ခန်း၊ ကာစီနိုရုံ၊ မူးယစ်ဆေးဝါးနှင့် ငါးဂိမ်း လောင်းကစားရုံများလည်း လက်ညှိုးထိုး မလွဲအောင် ပေါများလှသည်။

မူဆယ်မြို့၏ လူစည်ကားရာနေရာများ၊ လူနေရပ်ကွက်များ အတွင်း ငါးဂိမ်း၊ ဂျင်ဝိုင်၊ ဖဲဝိုင်း။ ၃၆ ကောင် စသဖြင့် မိမိကြိုက်နှစ်သက်ရာ လောင်းကစား ပြုလုပ်နိုင်သည့် ဂိမ်းရုံများ ရှိနေပြီး တမြို့လုံး တွင် ဂိမ်းရုံပေါင်း ၃၀၀ ခန့် ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။ လောင်းကစားရုံ တချို့ဆိုလျှင် အစိုးရ စာသင်ကျောင်းများနှင့် ဘေးချင်း ကပ်လျှက် တည်ရှိ နေသည်ကို တွေ့ရသည်။

“မူဆယ်မှာ မြန်မာနိုင်ငံသားတွေ ဝင်လို့မရတဲ့ တရုတ်တွေပဲ သီးသန့် လာကစားခွင့်ရှိတဲ့ ကာစီနိုရုံတွေ ရှိတယ်။ အဲဒါ တွေက ပြည်သူ့စစ်အဖွဲ့တွေ ထည်ထောင်ထားတာ။ မြို့ထဲက ဂိမ်းရုံတွေမှာတော့ မြန်မာနိုင်ငံသားတွေ ဂျင်၊ ဖဲ၊ ၃၆ ကောင်၊ ငါးဂိမ်း ကိုယ်ကြိုက်တာ အကုန်လုံး အေးအေးဆေးဆေး လောင်းကစား လုပ်လို့ရတယ်”ဟု မူဆယ် ဒေသခံ လူငယ် တဦးက ပြောပြသည်။

မူဆယ်မြို့အတွင်း လှည့်လည်သွားလာနေကြသည့်
ရွှေ့ပြောင်းလုပ်သား မူးယစ်ဆေးစွဲသူများ (ဓာတ်ပုံ – ဧရာဝတီ)

မူဆယ်မြို့ပေါ်ရှိ ကာစီနို လောင်းကစားရုံများ၊ ငါးဂိမ်း လောင်းကစားရုံများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချမှုများနှင့် တရားမဝင် စီးပွားရေးများ အားလုံး၏ နောက်ကွယ်တွင် အင်အားကြီး ဌာနေ ပြည်သူ့စစ်အဖွဲ့ အများစုနှင့် ၎င်းတို့နှင့် နီးစပ်သော အသိုင်းအဝိုင်းများက တည်ထောင် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း မူဆယ်မြို့ခံများက တညီတညွတ်တည်း ပြောဆိုကြသည်။

ထို ဂိမ်းရုံ၊ လောင်းကစားရုံများနှင့် ကာစီနိုများ အားလုံး၏ လုံခြုံရေးကို ပြည်သူ့စစ်အဖွဲ့များကသာ တာဝန်ယူထားပြီး ဂိမ်းရုံအတွင်း ပြဿနာ ဖြစ်ခဲ့လျှင်လည်း ပြည်သူ့စစ် အဖွဲ့များကပင် ဖြေရှင်း ကြောင်း သိရသည်။

“မူဆယ်က ငါးဂိမ်းဆိုင်တွေမှာ ပြဿနာတက်ရင် ရဲမခေါ်ဘူး။ ပြည်သူ့စစ်ကပဲ ရှင်းတာ။ ဂိမ်းဆိုင်မှာ ပြဿနာရှာတဲ့ လူတွေဆို ဝိုင်းပြီး အရိုက်ခံရလို့ လက်သည် မပေါ်ဘဲ ဆေးရုံတက်ရတဲ့လူ၊ သေတဲ့ လူတွေတောင် ရှိခဲ့တယ်။ အဲဒီတော့ ငါးဂိမ်းဆိုင်သွားရင် နိုင်ရင်ယူ၊ ရှုံးရင်ပြန်။ ပြဿနာ ဖြစ်ခဲ့ရင် တော့ လက်သည်မပေါ် ဖြစ်သွားမယ်”ဟု အမည်မဖော် လိုသည့် မူဆယ်မြို့ခံလူငယ်က ရှင်းပြသည်။

မူဆယ်မြို့၌ WY စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဘိန်းဖြူ၊ ဘိန်းမည်းစသည့် မူးယစ်ဆေးဝါး ပေါ များမှုကလည်း အဆက်အသွယ်ရှိလျှင် ရန်ကုန်၊ မန္တလေးလိုမြို့များ၌ ကွမ်းယာ၊ ဆေးလိပ် ဝယ်သလို ပင် အလွယ်တကူ ဝယ်၍ ရသည်။ အဆက်အသွယ်ကလည်း များများစားစား ရှာစရာမလို၊ ခရီးသည် အကြိုအပို့လုပ်သည့် ဆိုင်ကယ်တက္ကစီ သမား၊ ကားသမားတချို့ကို မေးလိုက်လျှင်ရသည်။

ခရီးသွားများကို ဝန်ဆောင်မှုပေးရင်း နေရာအနှံ့ သွားနေသည့် ဆိုင်ကယ်သမား၊ ကားသမားတို့က ဘယ်နေရာ ဘာရသည်ကို သိနေကြတာလည်း အထူးအဆန်းတော့ မဟုတ်ပါ။ မူးယစ်ဆေး ရောင်းသူ တချို့မှာ မူဆယ်မြို့ ဝန်ထမ်းအိမ်ရာအနီး၌ တဲထိုး၍ မူးယစ်ဆေးဝါး ရောင်းကြသလို ထိုနေရာမှာပင် မူးယစ်ဆေးဝယ်၍ သုံးစွဲနေသူ များကိုလည်း တွေ့ရသည်။

မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က “မူးယစ်ဆေးစွဲတဲ့ လူငယ်တွေ၊ ကလေးတွေ တွေ့ရှိပြီဆိုရင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ မူးယစ်ဆေး ဖြတ်တဲ့နေရာ၊ သူတို့ဘ၀ ပြန်လည် ထူထောင်ပေးနေတဲ့ လားရှိုးမြို့မှာ ရှိတဲ့ ဆေးဖြတ်စခန်းနဲ့ ချိတ်ဆက်ပြီးတော့ လူငယ်တွေကို အဲဒီစခန်းတွေရောက်အောင် ပို့ဆောင်ကူညီပေးနေပါတယ်။”ဟု ရှင်းပြသည်။

မူဆယ်မြို့တွင် မူးယစ်ဆေးစွဲသူ များတွင် ဒေသခံများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ အိမ်ခြေရာမဲ့များ ပါဝင်ကြောင်း၊ မြို့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို သက်ဆိုင်ရာ ဌာနအားလုံး ပူးပေါင်းကာ အစဉ်တစိုက် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် မူအတိုင်း သက်ဆိုင်ရာ မူးယစ်တပ်ဖွဲ့က တစိုက်မတ်မတ် ဆောင်ရွက်ကြောင်း၊ သတင်းရရှိမှုပေါ် မူတည်ပြီး အချိန်နှင့် တပြေးညီ ဆောင်ရွက်ကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းက “မူးယစ်ဆေး စွဲတဲ့လူတွေ တချို့နေရာတွေမှာ ခိုအောင်းနေတယ်၊ တွယ်ကပ်နေ တယ်ဆိုရင် ဒီလို နေရာတွေကို ရဲတပ်ဖွဲ့က သွားရောက် သတင်းရယူတယ်။ ရှင်းလင်းတယ်။ ဆေးဖြတ်စခန်းတွေဆီ ပို့တယ်။ ရွှေ့ပြောင်း လုပ်သားတွေက သူတို့ဝမ်းရေးအတွက် ဦးတည်ပြီး မူဆယ်ကို လာကြတာပါ။ ဒါကြောင့် ရာခိုင်နှုန်း အများစုက ကောင်းရောင်းကောင်းဝယ်နဲ့ လုပ်ကိုင်စားသောက်ပြီး ဝမ်းရေးဖြေရှင်းကြပါတယ်။ ဒီလို မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်သွား တဲ့လူက အနည်းစုဖြစ်ပါတယ်။ ရာခိုင်နှုန်း နည်းပါတယ်’’ ဟု ရှင်းပြသည်။

မြို့တွင် လောင်းကစားရုံများ၊ ပြည်သူ့စစ်အဖွဲ့များကသာ ကြပ်မတ်နေသည့် နေရာများ၊ မူးယစ်ဆေး ဝါးများ အခြေအနေ အပေါ် သိရှိလို၍ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်ဦးထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

“မူဆယ်မှာက WY တပြားကို ၅၀၀ ကျပ်ပဲ ရှိတယ်။ WY က လူငယ်တွေ အသုံးများတယ်။ ငါးဂိမ်းရုံ တွေမှာ ဆော့တဲ့လူတွေလည်း သုံးကြတယ်။ ဂိမ်းဆော့တဲ့လူတွေက နေ့ရောညရော ဆော့တော့ လန်းဆန်းနေအောင် ဆိုပြီး သုံးကြတာ။ မူဆယ်ဝန်ထမ်း အိမ်ရာနားက တဲထိုးရောင်းတဲ့နေရာ ကတော့ မူးယစ်ဆေးကို တခြားဝယ်သွားလည်း ရတယ်၊ အဲဒီမှာ ထိုင်သုံးလည်းရတယ်။ ကျနော်တို့ဆို သွားရင်းလာရင်း အဲဒီနေရာမှာ ဆေးသုံးနေတဲ့လူတွေ အမြဲတွေ့ နေရတာ”ဟု မူဆယ်မြို့တွင် တာဝန် ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်း ၁ ဦးက ပြောပြသည်။

မူဆယ် – နမ့်ခမ်းသွားသည့် ကားလမ်းနံဘေးရှိ စွမ်စော်ရပ်ကွက် အတွင်း၌လည်း မူးယစ်ဆေးဝါး သုံးစွဲသူများ စုပေါင်း နေထိုင်သည့် တဲအိမ်စုများ ရှိသည်။ အိမ်ခြေ ၃၀ နီးပါးရှိသည့် အဆိုပါ နေရာ လေးက မူးယစ်ဆေးဝါး လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကား အသုံးပြုနိုင်သည့် မူးယစ်ဆေးဝါး လွတ်မြောက် နယ်မြေသဖွယ် ဖြစ်နေသည်။ မူးယစ်ဆေးဝါး ရောင်းသူကရောင်းသလို သုံးသူကလည်း တဲများအတွင်း ဘဝတူ မူးယစ်ဆေးစွဲသူများ နှင့်အတူ ဝင်ရောက် သုံးစွဲ နိုင်ကြသည်ဟု အဆိုပါနေရာသို့ ရောက်ရှိခဲ့ကြသည့် မူဆယ်မြို့ခံများက ပြောပြသည်။

“အဲဒီနေရာက မူဆယ် – နမ့်ခမ်းကားလမ်းဘေးကနေ တောထဲကို ဝင်သွားရတာ။ အထဲမှာက တဲအိမ်လေးတွေ ရှိတယ်။ ဘေးနားမှာက လယ်ကွင်းတွေ။ ဆေးရောင်းသူ၊ သုံးသူတွေနဲ့ စည်နေတာ ဈေးတန်းကျနေတာပဲ။ ဆေးသုံးတဲ့ လူအုပ် လည်း များတော့ ရဲတောင် မသွားရဲဘူး။ အဲဒီ နေရာမှာတော့ အေးဆေးဝယ်၊ အေးဆေး သုံးနေ ကြတာပဲ”ဟု အဆိုပါနေရာသို့ ရောက်ရှိခဲ့သူ မူဆယ်မြို့ခံ လူငယ်တဦးက ပြောပြသည်။

မူဆယ်ဒေသသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား လူငယ်အများအပြားမှာလည်း မူးယစ်ဆေး ဝါးကို အပျော်သဘော စမ်းသုံးရင်း၊ စိတ်ညစ်သည့်အခါ ထွက်ပေါက်အဖြစ် သုံးစွဲရင်း မူးယစ်ဆေး စွဲသည့်ဘ၀ ရောက်ရှိခဲ့ကြသည်။

“ကျနော့်တုန်းကတော့ အပေါင်းအသင်းတွေ အဆွယ်ကောင်းလို့ အပျော်သဘော စမ်းသုံးရင်းနဲ့ စွဲသွားတာ။ ဘိန်းဖြူက စွဲမိရင် မလွယ်ဘူး။ ဖြတ်ရ အရမ်းခက်တယ်။ ငွေကို ရတဲ့နည်းနဲ့ ရှာမယ်။ ငွေရလာရင် ဆေးသုံးမယ်။ ခေါင်းထဲမှာ အဲဒါပဲ ရှိတယ်”ဟု မူးယစ်ဆေးစွဲခဲ့ဖူးသူ မူဆယ်မြို့ခံ ကိုစိုးထက် (အမည်လွှဲ) က သူ့အတွေ့အကြုံကို ပြောပြသည်။

“မူးယစ်ဆေးစွဲသူအများစုက မူဆယ်ဒေသခံတွေထက် တခြားကနေ မူဆယ်ကို ပြောင်းရွှေ့လာတဲ့ ရွှေ့ပြောင်း လုပ်သား တွေက ပိုများတယ်။ သူတို့က အိုးမရှိ၊ အိမ်မရှိ၊ အလုပ်အကိုင်က အဆင်မပြေ တော့ စမ်းသုံးရင်း ဆေးစွဲ ကြတယ်။ တချို့ ကျတော့ မူးယစ်ဆေးဝါးရှိတဲ့ နေရာတွေမှာနေပြီး သူများက ဝယ်ခိုင်ရင်း ဝယ်ပေး၊ ရောင်းပေး၊ အဲဒီကနေ ဆေးစွဲတော့ တာ”ဟု မူဆယ်မြို့နယ် အမှတ် (၁) ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ရှင်းပြသည်။

ဆက်လက်ပြီး ဦးစိုင်းကျော်သိန်းက “လူက ဆေးစွဲပြီဆိုရင် အလုပ်က ကောင်းကောင်း မလုပ်နိုင် တော့ဘူး။ သူတို့က ရွှေ့ပြောင်းလုပ်သားတွေ ဆိုတော့ အလုပ် မလုပ်နိုင်တဲ့အခါ လူတွေက သူတို့ကို မခိုင်းတော့၊ မသုံးတော့ဘူး။ မသုံးတော့ မူးယစ်ဆေးဝါး ကျွန်တွေ ဖြစ်သွားပြီးတော့ လမ်းဘေးမှာ တောင်းစားရတဲ့ ဘဝ၊ အမှိုက်ပုံက သံတိုသံစ၊ ရေသန့်ဗူးခွံ၊ ပုလင်းခွံကောက်ရောင်းတဲ့ ဘဝတွေ ရောက်ကုန်ရော”ဟု ပြောပြသည်။

မူးယစ်ဆေး၏ သားကောင်ဘဝ ရောက်နေသူများကို မြို့၏ လမ်းမထက်နေရာများ၊ တရုတ် – မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်၊ ရွှေနန်းတော်ဂိတ်၊ ဆင်ဖြူဈေး၊ မြို့တွင်း လမ်းဘေးဝဲယာများ၊ လမ်းကြိုလမ်းကြားများတွင် အလွယ်တကူ တွေ့မြင်နိုင်သည်။ တချို့က လမ်းဘေး၌ ဖျာခင်း၍ အိပ်ကြသလို တချို့သူတွေကတော့ မြက်တော၊ ကိုင်းတော၊ ချုံပုတ်စသည့် နေရာလွတ်များတွင် ယာယီတဲထိုး၍ ဖြစ်သလို နေထိုင်ကြသည်။

တချို့ကလည်း တနေကုန် သံတိုသံစ၊ ရေသန့်ဗူးခွံ လိုက်ကောက်ကြပြီး ညရောက်လျှင် ဆင်ဖြူဈေးရှိ ပိတ်ထားသော ဈေးဆိုင်များ ရှေ့တွင် သွားအိပ်ကြသည်။ မနက်ခင်းစောစော ဆင်ဖြူဈေး အနီး သွားကြည့်လျှင် မဖွင့်သေးသည့် ဆိုင်ခန်းများရှေ့ အမိုးအောက်ဘက် မြေကြီးပေါ်တွင် ဖြစ်သလို အိပ်စက်နေကြသည့် မူးယစ်ဆေးစွဲသူတို့ ဘဝကို တွေ့ရမည်ဖြစ်သည်။

“ကျနော်တို့ မူဆယ်ဒေသမှာက အိမ်မှာပိုတဲ့ ထမင်း၊ ဟင်းလေးတွေကို အိတ်နဲ့ထည့်ပြီး လမ်းဘေးက တိုင်တွေမှာ ချိတ်ဆွဲကြတယ်။ သူတို့က အဲဒါတွေ အဓိက စားကြတယ်။ ရေသန့်ဗူးခွံ၊ ပုလင်းခွံ ကောက်တာကလည်း တစ်ရက်ကို ငွေ ၂၀၀၀၊ ၃၀၀၀ လောက် ရကြတယ်။ မူးယစ်ဆေးဝါးကလည်း ငွေ ၅၀၀၊ ၇၀၀၊ ၁၀၀၀ လောက်ပေးရင် ရပြီဆိုတော့ ထမင်းကျန်၊ ဟင်းကျန်စား၊ သံတိုသံစနဲ့ ရေသန့်ဗူးခွံ လိုက်ကောက်၊ ရတဲ့ငွေနဲ့ ဆေးသုံးပြီး နေနေကြတာပါပဲ”ဟု မူဆယ်မြို့ခံသတင်းထောက် ဦးသန့်စင်က ဒေသတွင်း ဖြစ်နေသည့်အခြေအနေကို ရှင်းပြသည်။

မူးယစ်ဆေးဝါး၏ ကျေးကျွန်ဘ၀ ရောက်ခဲ့ကြသည့် ရွှေ့ပြောင်းလုပ်သားတို့ ဘဝက အနေအစား ဆင်းရဲသလို လမ်းဘေးမှာနေ၊ လမ်းဘေးမှာ စားရင်း လမ်းဘေးမှာပင် ဘဝဆုံးကြရသည်။ မူးယစ်ဆေးအတွက် အသက်ရှင် ကြရင်း မူးယစ်ဆေးနှင့်ပင် သေဆုံးကြရသည်။

မူးယစ်ဆေးစွဲသူတို့ သေဆုံးနေသည်ကို ဒေသခံပြည်သူများ၊ ရပ်ရွာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့က တွေ့လျှင် ကရုဏာလူမှုကူညီရေးအသင်းထံ အကြောင်းကြားပြီး ပိုင်ရှင်မဲ့အလောင်း အဖြစ် ကောက်ယူ သဂြိုဟ် ကြသည်။

“တချို့ဆို တဲလေးထဲမှာ၊ စောင်ပုံထဲမှာ လူမသိ သူမသိ သေနေတာ။ သေတာတောင် ချက်ခြင်းမသိဘဲ ၂ ရက် ၃ ရက် ကြာမှသိလို့ အလောင်းကောက်ပြီး သဂြိုလ်ရတာ တွေရှိတယ်။ တချို့ကျ ဆေးလွန်တာ၊ အာဟာရပြတ်တာ ဖြစ်ပြီး လမ်းဘေးမှာ၊ အမှိုက်ပုံထဲမှာ သေနေတာတွေလည်း ရှိတယ်။ ပြီးတော့ မူးယစ်ဆေးဝါးနဲ့ သေဆုံးသူ အများစုဟာ အသက် ၂၅ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်တွေ အများစု ဖြစ်နေတာ အရမ်းရင်နာဖို့ကောင်းတယ်”ဟု မူဆယ်မြို့၊ ကရုဏာအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပြသည်။

မူဆယ်မြို့၊ ကရုဏာလူမှုကူညီရေးအသင်း၏ စာရင်းများအရ ၂၀၁၈ ခုနှစ်အတွင်း ပိုင်ရှင်မဲ့ အလောင်း ၆၉ လောင်းကောက်ယူ သဂြိုဟ်ခဲ့ရပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ပိုင်ရှင်မဲ့အလောင်း ၅၄ လောင်းကို ကောက်ယူသဂြိုဟ်ခဲ့ကြောင်း သိရသည်။ မူဆယ်ဒေသ၌ မူးယစ်ဆေးဝါးကြောင့် လပေါင်း ၂၀ အတွင်း လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ရပြီး တလလျှင် လူ ၆ ဦးနှုန်း သေဆုံးနေခြင်း ဖြစ်သည်။

“ပိုင်ရှင်မဲ့ အလောင်းတွေက တနှစ်ထက် တနှစ် ပိုတိုးလာနေတယ်လို့ ပြောလို့ရတယ်။ ဘာလို့ဆိုတော့ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကတည်းက ဆေးသုံးလာတဲ့ လူတွေက ရာသီဥတုဆိုးတဲ့အခါမှာ တဖြည်းဖြည်း သေနေကြတာ။ သူတို့ ဘဝက ဆေးသုံးရင်း သေမယ့်နေ့ကို စောင့်နေကြသလို ဖြစ်နေတယ်”ဟု ဦးသောင်းထွန်းက ပြောပြသည်။

မူဆယ်ဒေသ၌ မူးယစ်ဆေးဝါးကြောင့် ဘဝဆုံးသူများ ရှိနေသလို မူးယစ်ဆေးဝါးနွံထဲမှ ရုန်းထွက်ရန် ကြိုးစား နေသူများ လည်း ရှိသည်။ သို့သော် မူဆယ်၌ မူးယစ်ဆေးစွဲသူများအတွက် သီးသန့် ဆေး ဖြတ်စခန်း မရှိပါ။ ထို့ကြောင့် ဆေးဖြတ်လိုသူ များမှာ မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် စာရင်းပေးကာ ဆေးရုံမှ အခမဲ့ ထုတ်ပေးသော မူးယစ်ဆေး အစား သုံးစွဲသည့် မက်သဒုံး – Methadone သောက်သုံးကာ ဆေးဖြတ်နိုင်ရန် ကြိုးစားကြသည်။

“ဆေးဖြတ်လိုသူတွေ အတွက် မက်သဒုံးကို ကျမတို့ ဆေးရုံက နေ့တိုင်းထုတ်ပေးပါတယ်။ အဓိကတော့ ဘိန်းဖြူ၊ ဘိန်းမည်း သုံးတဲ့လူတွေ၊ မူးယစ်ဆေးကို အကြောထဲ ထိုးသွင်းတဲ့လူတွေ မက်သဒုံး လာသောက်ပြီး ဆေးဖြတ် ကြပါတယ်။ မက်သဒုံးကိုသောက်ရင် မူးယစ်ဆေးဖြစ်တဲ့ ဘိန်းဖြူ၊ ဘိန်းမည်းကို မသုံးဘဲ နေနိုင်ပါတယ်”ဟု မူဆယ်မြို့၊ ပြည်သူ့ ဆေးရုံကြီးမှ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ နန်းလှရော်က ပြောပြသည်။

“မူးယစ်ဆေးဖြတ်တယ် ဆိုတာက လွယ်သလား ဆိုတော့ မလွယ်ဘူး။ ခက်သလား ဆိုတော့လည်း မခက်ပါဘူး။ မက်သဒုံးက နေ့စဉ်မပြတ် အနည်းဆုံး ၁ နှစ်သောက်ရပါတယ်။ မက်သဒုံးဆေး သောက်ရုံတင် မဟုတ်ဘူး၊ ဆေးသောက်နေစဉ် ကာလအတွင်း မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီ အားပေးမှုက အရမ်း အရေးကြီးပါတယ်။ ဒါကြောင့် ဆေးစွဲသူတွေ ဆေးဖြတ်နိုင်ဖို့ မိသားစုနဲ့ ပတ်ဝန်းကျင်က ဝိုင်းဝန်း ကူညီအားပေးတာ လုပ်ပေးဖို့ လိုအပ်ပါတယ်”ဟု ဒေါက်တာ နန်းလှရော်က ပြောသည်။

မူးယစ်ဆေးစွဲသည့် မူဆယ်ဒေသခံ အများစုအတွက် မက်သဒုံးသောက်သုံးစဉ် ကူညီပေးမည့် မိသားစု ဆွေမျိုးများ ရှိနေသည့် အတွက် ဆေးဖြတ်ရန် အဆင်ပြေကြသော်လည်း မိဘဆွေမျိုး မရှိ၊ အိမ်ယာမရှိ၊ အလုပ်အကိုင် မရှိသည့် ရွှေ့ပြောင်းလုပ်သား ဆေးစွဲသူများအတွက် မက်သဒုံးသောက်ပြီး တကိုယ်တည်း ဆေးဖြတ်ရန် အခက်အခဲများစွာ ရှိနေသည်။

လက်ရှိတွင် မူဆယ်ပြည်သူ့ဆေးရုံကြီး၌ မက်သဒုံး သောက်သုံး၍ ဆေးဖြတ်ရန် ကြိုးစားနေသူ ၂၀၀ ကျော် ရှိနေပြီး အများစုမှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြောင်း သိရသည်။ သို့သော် မူဆယ်ဆေးရုံ၌ ဆေးဖြတ်နေသူ အရေ အတွက်ထက် မူဆယ်မြို့ပေါ် လမ်းများ၊ ဈေးများ၊ လမ်းကြိုလမ်းကြားများ၌ ဖြစ်သလို နေထိုင်ကြသည့် ဆေးစွဲနေသူ အရေအတွက်က ပိုမိုများပြားနေကြောင်း မူဆယ်မြို့ခံများက ပြောဆိုသည်။

“ဆေးစွဲသူတွေက အစပိုင်းတော့ ဆေးသုံးဖို့ ရေသန့်ဗူးကောက် ပိုက်ဆံရှာတယ်။ အဲဒီနေ အဆင်မပြေ ရင် ခိုးတယ်၊ ဖွက်တယ်၊ ဖောက်ထွင်းတာတွေ လုပ်တယ်။ အဲဒီထက် ပိုဆိုးလာတဲ့အခါ လုယက်တာ တွေ လုပ်လာတယ်။ အခုဆို မူဆယ်မြို့ထဲမှာ လုယက်မှုတွေက နေ့ရောညရော ဖြစ်နေတာ။ တခါတ လေ ဆေးကြောင်ပြီး ဓားနဲ့လိုက်ခုတ် တာတွေက ရှိသေးတယ်။ မူးယစ်ဆေးဝါးဆိုးကျိုးက ဆေးစွဲသူ တင် မဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းပါ ဒုက္ခရောက် နေကြတာ”ဟု မူဆယ်မြို့ခံ သတင်းထောက် ဦးသန့်စင်က ပြောပြသည်။

မူဆယ်ဒေသခံများမှာ ပေါများနေသည့် မူးယစ်ဆေးဝါးများကြောင့် မိမိတို့ သားသမီးဆွေမျိုးများ မူးယစ်ဆေးစွဲမှာကို အမြဲ စိတ်ပူနေရသလို တမြို့လုံးအနှံ့ နေထိုင် သွားလာနေကြသည့် ရွှေ့ပြောင်းလုပ်သား ဆေးစွဲသူတို့၏ ဖောက်ထွင်းမှု၊ လုယက်မှုနှင့် ရန်ပြုမှု ခံရမှာကိုလည်း အမြဲ စိုးရိမ်နေကြသည်။

“မူးယစ်ဆေးစွဲသူတွေ အတွက် မူဆယ်မှာ လုံခြုံရေးကောင်းတဲ့ ဆေးဖြတ်စခန်းတခုကို နိုင်ငံတော် အစိုးရ အနေနဲ့ တည်ဆောက်ပေး စေချင်ပါတယ်။ မူဆယ်မှာက ဆေးဖြတ်စခန်း မရှိတော့ တချို့ဆို ကိုယ့်သားသမီး ဆေးဖြတ်စခန်း ပို့ချင်တာတောင် ပို့စရာ မရှိဘူး ဖြစ်နေတာ။ ဆေးဖြတ်စခန်း ရှိလာရင် အခုလို လမ်းဘေးနေ၊ လမ်းဘေး သေနေတဲ့ ဘဝတွေလည်း လျော့နည်းသွားမယ် ထင်မိတယ်”ဟု မူဆယ်မြို့၊ ကရုဏာအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။

အစိုးရအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေမှုများကို အမြစ်ပြတ် နှိမ်နင်းရေး လုပ်ငန်းစဉ် များကို ထိထိ ရောက်ရောက် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသား ရေးရာ ကော်မတီ ဥက္ကဋ္ဌ လည်းဖြစ် မူဆယ်မြို့နယ်၊ အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက တိုက်တွန်းပြောဆိုသည်။

“ကျနော်တို့ မူဆယ်မှာ ရှိနေတဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်တဲ့ မူးယစ်ရဲတပ်ဖွဲ့လို ဟာမျိုးဆိုရင် အင်အား ဘယ်လောက် ရှိလို့လဲ။ ဒီမှာရှိတဲ့ မြို့မရဲစခန်းလို ဟာမျိုး၊ မြို့နယ်ရဲတပ်ဖွဲ့လို ဟာမျိုး အင်အားရာချီ ရှိနေတဲ့တပ်ဖွဲ့တောင် ကျနော်တို့ ဒေသရဲ့ ရာဇဝတ်မှုတွေကို မထိန်းချုပ်နိုင်၊ မလျော့ချနိုင် ဖြစ်နေတာ မူးယစ်ရဲ အင်အားအယောက် ၂၀၊ ၃၀ လောက်နဲ့ မူဆယ်မြို့မှာ ဘယ်လိုလုပ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လျော့ကျရေး လုပ်နိုင်မှာလဲ။ အစိုးရအနေနဲ့ မူးယစ် ဆေးဝါး နှိမ်နင်းရေးကို ထိထိရောက်ရောက် လုပ်စေချင်ပါတယ်”ဟု သူက ပြောသည်။

မူဆယ်ခရိုင်၌ မူးယစ်ဆေးဝါး ဖမ်းဆီးမှုမှာ မြန်မာပြည်၏အခြားဒေသများကဲ့သို့ပင် တဆင့်ရောင်းချ သူနှင့် သုံးစွဲသူများ ကိုသာ အဓိက ဖမ်းဆီးရမိနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့်စက်ရုံများနှင့် အဓိက ဖြန့်ချိသည့် ပင်ရင်း နေရာများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း မူဆယ်ဒေသခံ များ က ဝေဖန်နေကြသည်။

“ရှမ်းပြည်မြောက်ပိုင်းတခွင်မှာ ကွတ်ခိုင်မြို့နယ်က မူးယစ်ဆေးဝါး တော်တော်များများ ထွက်တယ်။ ဒီနယ်ထဲမှာ ပြည်သူ့စစ် အဖွဲ့ကြီးတွေ အခြေပြု လှုပ်ရှားပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိတာတွေ အဓိကလုပ်တယ်။ မူးယစ် ဆေးဝါးကို အမြစ်ပြတ်အောင် နှိမ်နင်းမယ်ဆိုရင် ဘိန်းစိုက်မှုကနေ စတင် တားဆီးပြီး ထုတ်လုပ်တဲ့စက်ရုံတွေပါ ဖော်ထုတ်ဖမ်းဆီးနိုင်မှ ရမယ်။ အဲဒီလို မဟုတ်ရင်တော့ ထုတ်သူရောင်းသူ ရှိနေသရွေ့ သုံးသူက ရှိနေမှာပဲ”ဟု အမည်မဖော်လိုသူ ကွတ်ခိုင် ဒေသခံ တအန်းပလောင်တိုင်းရင်းသား တဦးက ပြောပြသည်။

မူးယစ်ဆေးဝါးကို ဒေသခံ ပြည်သူစစ်များသာမက တခြားသော လက်နက်ကိုင်အုပ်စုများပါ ပါဝင်နေ ကြောင်း သတင်းများ ထွက်ပေါ်နေသည်မှာ ကြာပြီဖြစ်ပြီး၊ မကြာသေးမီကမူ တပ်မတော်စစ်ကြောင်း များက ကွတ်ခိုင်မြို့ တဝိုက်ရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာ စခန်းများကို ရှင်းလင်းရာ ၁၆ ဘီလျံဖိုးရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

အစိုးရအနေဖြင့် တရုတ် – မြန်မာနယ်စပ် မူဆယ်ဒေသ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် မူးယစ်ဆေးစွဲ သူများဘ၀ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးသရွေ့ မူးယစ်ဆေးဝါး နွံထဲသို့ လူငယ်များ သက်ဆင်းနေဦးမည် ဖြစ်သလို ဆေးစွဲသူများ ကျင်လည် နေထိုင်ကြသည့် မူဆယ်မြို့ရှိ လမ်းများ၊ တဲအိမ်များ၊ အမှိုက်ပုံ များ၌ အသက်မဲ့နေသော ပိုင်ရှင်မဲ့အလောင်းများကို မူဆယ်မြို့ခံများ ဆက်လက် မြင်တွေ့နေရဦးမည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

မူးယစ်ဆေးများ တပ်မတော်မှ ဖမ်းဆီးမိပြန်

ကျပ် ၁၆ ဘီလီယံကျော်ဖိုးရှိ မူးယစ်ဆေးနှင့် ပစ္စည်းများ တပ်မတော် ဖမ်းမိ

ငွေကြေးခဝါချမှု ဆိုင်ရာ ပြစ်မှု ၉၀ ရာခိုင်နှုန်းကျော် မူးယစ်မှုများ ဖြစ်ဟု ဆို

ထိုင်းမြန်မာနယ်စပ်တွင် မူးယစ်ဆေးများနှင့် လက်နက်ကိုင် ၅၃ ဦးကို UWSA ဖမ်းဆီး

ရှမ်းပြည်နယ်၌ ၁၀ ရက်အတွင်း မူးယစ်ဆေး ကျပ် ၄၁ ဘီလီယံကျော်ဖိုး ဖမ်းမိ

နောက်ကျောမလုံတဲ့ မူဆယ်

Did you find apk for android? You can find new Free Android Games and apps.
Loading