ကိုရီးယားရုပ်ရှင် ဇာတ်လမ်းတွဲ ရုပ်ရှင်များ၊ လူနေမှု ပုံစံများ၊ အစားအသောက်၊ ဘာသာစကားများမှာ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်မှာ ဆယ်စုနှစ်ကျော်မက ရှိနေခဲ့သည့်အတွက် ကိုရီးယားဟုဆိုလျှင် မြန်မာနိုင်ငံနှင့် သိပ်မစိမ်းလှ။
ကိုရီးယားရုပ်ရှင်များတွင် ပါဝင်လေ့ရှိသည့် ဆိုလ်းမြို့၊ ဟန်မြစ်၊ ဂန်းနမ် အစရှိသည်တို့မှာ မြန်မာပရိတ်သတ်များနှင့် ရင်းနှီး လှပေသည်။
ယခုတွင်မူ မြန်မာနိုင်ငံ ရန်ကုန်မြို့တဖက်ကမ်းနေရာကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တဖက်ကမ်း ဂန်းနမ် (Gangnam) ကဲ့သို့ လုပ်ဆောင်ရန် တောင်ကိုရီးယား အစိုးရ ဆန္ဒရှိနေသည်။
အဆိုပါ အကြောင်းကို စက်တင်ဘာလ ၃ ရက်က ၅ ရက်ထိ မြန်မာနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်ဖြင့် ရောက် ရှိလာသော တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း၏ ခရီးစဉ်၌ ပြောဆိုကြခြင်း ဖြစ်သည်။
ဒလမြို့နယ်ကို ဆိုးလ်မြို့ဟန်မြစ်တဖက်ကမ်းရှိ အထပ်မြင့် အဆောက်အအုံများစွာဖြင့် ဖွံ့ဖြိုးတိုးတက်နေသော ဂန်းနမ်လို ဖြစ်စေချင်ကြောင်းကို မွန်ဂျေအင်း၏ ခရီးစဉ် ဒုတိယမြောက်နေ့ (စက်တင်ဘာလ ၄ ရက်) ၌ ရန်ကုန်မြို့ Lotte ဟိုတယ် တွင် ပြုလုပ်သော KMIC စီမံကိန်း စတင်ခြင်း အခမ်းအနားတွင် ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။
Korea-Myanmar Industrial Complex (KMIC) စီမံကိန်းသည် ရန်ကုန်တိုင်း လှည်ကူးမြို့နယ်ရှိ မြေဧက ၅၇၀ တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန် စီမံကိန်း တခု ဖြစ်သည်။
KMIC စီမံကိန်း အပြင် ကိုရီးယားမှ ကူညီတည်ဆောက်ပေးသော ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်- ဒလ တံတား စီမံကိန်းပြီးပါက ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ များစွာရှိနေသည့် ဒလမြို့နယ်တွင် မြို့သစ်စီမံကိန်း (စမတ်စီးတီး) တည် ဆောက်ရေးတို့အတွက် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းခရီးစဉ် အတွင်း အလေးထား ဆောင်ရွက်မှုများကို တွေ့ရှိရ သည်။
အဆိုပါ အခမ်းအနားတွင် ယင်းစီမံကိန်း အတွက် အောင်နမိတ်ရယူသည့် အနေဖြင့် တောင်ကိုရီးယား ဟန်မြစ်နှင့် ရန်ကုန် မြစ်တို့မှာ မြစ်ရေများကို ပေါင်းစပ်ခြင်းများ လုပ်ဆောင်ခဲ့သေးသည်။
ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “ကိုရီးယား–မြန်မာ ချစ်ကြည်ရေး တံတား (ဒလမြစ်ကူး တံတား) က စတင် တည်ဆောက်နေပြီဖြစ်တဲ့ အတွက် ဒီတံတားကြီးပြီးသွားရင် ဒလဘက်ဟာ ဖွံ့ဖြိုးတိုးတက်မယ့် အလား အလာတွေ ရှိနေပါတယ်။ ဒီဖွံ့ဖြိုးတိုးတက်မှု အတွက် အခုချိန်ကတည်း စပြီး ကြိုတင်ပြင်ဆင်ထားရမယ့် အခြေအနေ ဖြစ်ပါ တယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် ဒလတံတားကို ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။
ဝန်ကြီးချုပ်က “ဒလတံတားကို၂၀၂၁ နှစ်ကုန်၊ ၂၀၂၂ ခုနှစ် နှစ်ဆန်းလောက်မှာ ပြီးစီးဖို့အတွက် မျှော်မှန်းဆောင်ရွက်နေ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
အဆိုပါ တံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) ချေးငွေ အမေရိကန် ဒေါ် လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် တည်ဆောက်မည် ဖြစ်ပြီး စုစုပေါင်း တံတား၏ ခန့်မှန်းကုန်ကျစရိတ်မှာ ဒေါ်လာ ၁၆၈ ဒသ မ ၁၇၃ သန်း ကုန်ကျမည် ဖြစ်ကာ တံတားတည်ဆောက်ချိန်မှာ ၃ နှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန် ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ပြောကြားထားသည်။
ဒလ စမတ်စီးတီး (မြို့သစ်စီမံကိန်း) အတွက်ကိုမူ ကိုရီးယားနိုင်ငံတွင် မြို့ပြဖွံ့ဖြိုးရေးနှင့် အိမ်ရာဖော်ဆောင်ရေး လုပ်ငန်း များတွင် အတွေ့အကြုံများစွာ ရှိသော Korea Land and Housing Corporation (LH) နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ကြား စီမံကိန်းအကြို လေ့လာဆန်းစစ်မှုအတွက် နားလည်မှု စာချွန်လွှာရေးထိုးခဲ့သည်။
LH ၏ အမှုဆောင်အရာရှိချုပ် Mr.Byum Chaung Heum က “ဒလမြို့သစ်စီမံကိန်းက မြန်မာ့စီးပွားရေး တိုးတက်ရေး အတွက် များစွာ အထောက်အကူပြုမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ မြို့ပြနဲ့ အိမ်ရာပြဿနာတွေကို အလျင်မြန်ဆုံး ဖြေရှင်း ပေးနိုင်လိမ့်ပါမယ်” ဟု နားလည်မှု စာချွန်လွှာရေးထိုးပွဲတွင် ပြောကြားခဲ့သည်။
ယင်းမြို့သစ်စီမံကိန်းတွင် စက်မှုဇုန်များနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆိပ်ကမ်းများလည်း ပါဝင်လာနိုင်သည်။
တောင်ကိုရီးယားသမ္မတ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မည့် ကိစ္စရပ်များကို သဘောတူ လက်မှတ်ရေးထိုးမှုများ ပြု လုပ်ခဲ့သည်။
တောင်ကိုရီးယားသမ္မတ၏ ယခု ခရီးစဉ်မှာ ယခင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည့် တောင်ကိုရီးယား သမ္မတ ခရီးစဉ် များနှင့် တခြားနိုင်ငံများ၏ သမ္မတခရီးစဉ်များနှင့် မတူ တမူထူးခြားနေသည်။
ယင်းကိစ္စရပ်မှာ တောင်ကိုရီးယား အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံမှုများ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေး ပူး ပေါင်း ဆောင်ရွက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နိုင်ရေး ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေးနယ်ပယ် အပါအဝင် အရှေ့တောင် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်မည့် တောင်ပိုင်း မူဝါဒအသစ်တွင် အရေးကြီးသည့် အစိတ်အပိုင်းတခု အဖြစ် မြန်မာနိုင်ငံမှာ ပါဝင်နေသည်။
ခရီးစဉ်၏ ပထမနေ့ စက်တင်ဘာ ၃ ရက်၌ နေပြည်တော်၌ နှစ်နိုင်ငံခေါင်းဆောင်များကြား ကုန်သွယ်ရေးနှင့် စက်မှု ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ၅ ခု လက်မှတ်ရေးထိုးကြသည်။
နားလည်မှု စာချွန်လွှာများတွင် မြန်မာနိုင်ငံတွင် ကိုရီးယား ရင်းနှီးမြှုပ်နံှသူများ အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြဿနာ များ၊ သင်္ဘောတင်ပို့မှု ပူးပေါင်းဆောင်ရွက်ရေး၊ သင်္ဘောကျင်းများ အဆင့်မြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆိပ်ကမ်း များ တိုးတက်ရေး၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ထွန်းသစ်စလုပ်ငန်းသစ်များကို အားပေးရေးနှင့် တီထွင် ဆန်းသစ်မှုတို့အတွက် တနေရာတည်းတွင် ဝန်ဆောင်မှုပေးရေးဌာန ထူထောင်ရေးတို့ ပါဝင်သည်။
ထို့ပြင် မြန်မာနိုင်ငံစီးပွားရေး တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၁၀၀ အထိ ထုတ်ချေးသွားမည်လည်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် ပို့ကုန် သွင်းကုန်ဘဏ်၊ GiYob ဘဏ်၊ Shin Han ဘဏ်၊ ကုန်သွယ်ရေး အာမခံ ကော်ပိုရေးရှင်း၊ Techni-cal Guarantee Fund ၊ CreditGuarantee Fund အဖွဲ့အစည်းများက လှည်းကူးတွင် ဖော်ဆောင်မည့် စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမည့် ကိုရီးယားကုမ္ပဏီများကို ဘဏ္ဍာ ရေးဆိုင်ရာ ထောက်ပံ့မည့် အစီအစဉ်များလည်း ရှိနေသည်။
တောင်ကိုရီးယား အနေဖြင့် KMIC စီမံကိန်းအတွက် လိုအပ်သော ရေဖြန့်ဝေရေး အစရှိသည့် အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးအတွက် တောင်ကိုရီးယား အစိုးရက အလုံးစုံ ထောက်ပံံ့သွားမည်လည်း ဖြစ်သည်။
အဆိုပါ လှည်းကူး စက်မှုဇုန်မြေ အကျယ်အဝန်းသည် အထူး စီးပွားရေးဇုန် တခု ပမာဏခန့် မလုပ်ဆောင်နိုင်သော်လည်း ပြည်တွင်း ပြည်ပ စက်ရုံ အလုပ်ရုံပေါင်း ၂၀၀ ကျော်အထိ ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း တသိန်းကျော် အထိ ဖန်တီးပေးနိုင်မည် ဖြစ်သည်။
KMIC စီမံကိန်းနှင့် ပတ်သက်ပြီးလည်း မွန်ဂျေအင်းက “အဲဒီစက်မှုဇုန်မှာ နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ ကျနော်တို့ အားပေး မယ်” ဟု နေပြည်တော်တွင် စက်တင်ဘာလ ၃ ရက်က ပြုလုပ်သည် နှစ်နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားသည်။
ထိုကြောင့် တောင်ကိုရီးယား အနေဖြင့် မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်မြို့ကို စီးပွားရေးပစ်မှတ်တခု အဖြစ် အာရုံစိုက်လာ နေပြီဟု ထင်မှတ်လာရသည်။
မြန်မာနိုင်ငံကို ဘာကြောင့် တောင်ကိုရီးယား အာရုံစိုက်လာရသလဲဆိုသည့် မေးခွန်းများအတွက် အဖြေက ကြိုတင် ရှိနေ ပြီးသား ဖြစ်နေသည်။
အာဆီယံနိုင်ငံများကြား စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ကောင်းကောင်းဖြင့် ပြန်လည် တိုးတက်လာပြီး အခြားနိုင်ငံများထက် အခွင့် အလမ်းများစွာ ရှိနေခြင်း၊ ကမ္ဘာ့လူဦးရေ၏ သုံးပုံတပုံခန့် ရှိနေသော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရ်ှ၊ ထိုင်း၊ လာအို နိုင်ငံ များနှင့် အိမ်နီးချင်းနိုင်ငံ ဖြစ်နေရုံသာမက မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသသည် ထိုင်းနိုင်ငံ၏ အရှေ့ပိုင်း စီးပွား ရေး စြင်္ကံစီမံကိန်း (EEC-Eastern Economic Corridor)နှင့် ချိတ်ဆက်နေပြီး မြောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ One Belt One Road မှ အဓိက လမ်းမကြီးဖြစ်သော တရုတ်-မြန်မာ-အင်ဒိုနီးရှား(ဘင်္ဂလားဒေ့ရှ်) ကို ချိတ်ဆက်မည့် တောင်-မြောက် စီးပွားရေးစြင်္ကံ၏ အလယ်ဗဟိုတွင် တည်ရှိခြင်းကြောင့် ကိုရီးယားနိုင်ငံလို ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဓိက လုပ် ဆောင်နေသည့် နိုင်ငံအတွက် အခွင့်အလမ်းများစွာက စောင့်ကြိုနေခြင်းကြောင့်ပင် ဖြစ်သည်။
ထို့ပြင် အာရှ၏ စီးပွားရေးအင်အားကြီး နိုင်ငံများဖြစ်သော တရုတ်နှင့် ဂျပန် နိုင်ငံတို့သည် ကျောက်ဖြူအထူး စီးပွားရေး ဇုန်နှင့် သီလဝါအထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံခွင့်ရရှိထားခြင်း အပြင် ထိုင်းနိုင်ငံကလည်း ထားဝယ်အထူးစီးပွား ရေးဇုန် တည်ဆောက်မည့် ကိစ္စများ ပါဝင်နေခြင်းကြောင့် တောင်ကိုရီးယားသည်လည်း မြန်မာနိုင်ငံတွင် ခြေကုပ်လာယူခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်သည်။
ဦးလှမောင်က “မြန်မာက အရင်တုန်းက သဘာဝသယံဇာတတွေ ထုတ်ယူပြီး ရောင်းစားတာပဲ တသက်လုံးလုပ်လာခဲ့တာ။ ကုန်ထုတ်လုပ်မှုနဲ့ တခြားစီးပွားရေး ကဏ္ဍတွေမှာ အခွင့်အလမ်းတွေ အများကြီး လိုနေသေးတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံကို တောင်ကိုရီးယား နိုင်ငံတခုတည်းကပင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင် နေခြင်း တော့ မဟုတ်။ အာဆီယံဒေသတွင်း စီးပွားရေးအင်အားကြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသည်လည်း လုပ်ဆောင် လျက် ရှိသည်။
ထိုကြောင့် တရုတ်၊ ဂျပန်နိုင်ငံတို့နှင့် အပြိုင် ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရန် အရှိန်ဟုန်မြှင့် လုပ်ဆောင်နေသည့် တောင်ကိုရီးယားအတွက် အာဆီယံနိုင်ငံများကြားတွင် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာ ရှိနေသေးသည့် မြန်မာကို မျက်စိကျခြင်းပင် ဖြစ်သည်။
ဦးလှမောင်က “သူ့ ခရီးစဉ်မှာတွေ့ရသလောက် သူက ကဏ္ဍအားလုံးလိုလိုမှာတောင် လုပ်ချင်နေတာ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအတွက်က တကွက်လောက်လေး လုပ်ဖြစ်ရင်တောင် စီးပွားတိုးတက်ရေးအတွက် အများကြီး အထောက်အကူ ပြုနိုင်တယ်” ပြောသည်။
ဆမ်ဆောင်း ကဲ့သို့ ကုမ္ပဏီ ကြီးများ မြန်မာနိုင်ငံတွင် စက်ရုံဆောက်ပြီး ရင်းနှီးမြှုပ်နှံလာစေရေး ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီယားနိုင်ငံများ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အလေးထား ဆောင်ရွက်မှုများထက် သာလွန်ကောင်းမွန်အောင် အစိုးရအနေဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ လည်း ဖြစ်သည့် ဦးလှမောင်က အစိုးရကို သတိပေး ပြောကြားသည်။
၂၀၁၃ ခုနှစ်တွင် တောင်ကိုရီးယား အခြေစိုက် စမတ်ဖုန်းနှင့် နည်းပညာ ကုမ္ပဏီ ဆမ်ဆောင်းသည် မြန်မာနိုင်ငံတွင် စမတ် ဖုန်းထုတ်လုပ်မည့် စက်ရုံတခု ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းချိန် မြန်မာအစိုးရအနေဖြင့် လိုအပ်သော လမ်းနှင့်လျှပ်စစ် ဓာတ်အားကဲ့သို့ အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခြင်းကြောင့် ဗီယက်နမ်နိုင်ငံတွင် ရွှေ့ပြောင်း၍ ရင်းနှီးမြှုပ်နှံခဲ့သည်။
ယခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အာရုံစိုက်လာခြင်းသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ် ပြဋ္ဌာန်းထားနိုင်ခြင်းနှင့် ကုမ္ပဏီ များ ဥပဒေကို ပြင်ဆင်ထားခြင်း၊ ဝန်ကြီးဌာနများတွင် အဂတိကိစ္စများ လျှော့ကျခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာများအတွက် သတင်းအချက်အလက်များ ပိုမိုရရှိလာခြင်း တို့ကြောင့်လည်း ဖြစ်သည်။
NLD အစိုးရအနေဖြင့်လည်း ရခိုင်ပြည်နယ်အရေးကြောင့် အနောက်နိုင်ငံများ ဖိအားများလာသည့်အတွက် အရှေ့ဘက်သို့ မျက်နှာမူသည့် မူဝါဒကြောင့်လည်း ပါဝင်သည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက် စီးပွားရေးအကြံပေး တဦး ဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က “တောင်ကိုရီးယားရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံက ကိုယ့်အနေနဲ့ စဉ်းစားဖို့ ကောင်းတဲ့အခြေအနေပေါ့။ သူတို့နဲ့ ထိတွေ့နိုင်မယ့် အခြေအနေက ကိုယ့်အတွက် အများကြီး ကောင်းတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာနိုင်ငံရဲ့ အရှေ့ကိုမျှော် ပေါ်လစီနဲ့က ကွက်တိပဲ” ဟု ဆိုသည်။
တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှုများကို စီးပွားရေးပညာရှင်များက ဝေဖန်မှုများထက် ကြိုဆိုပြောဆိုမှုများသာ ဖြစ်နေရခြင်း သည် တောင်ကိုရီးယား ကုမ္ပဏီများသည် ဥပဒေကို လေးစားလိုက်နာခြင်းနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံ မှုများ ဖြစ်နေခြင်းကြောင့်ဟု ပြောဆိုကြသည်။
လက်ရှိအချိန်ထိ တောင်ကိုရီးယားနိုင်ငံသည် မြန်မာတွင် စီမံကိန်းလုပ်ငန်းပေါင်း ၁၇၅ ခုခန့်နှင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံနီးပါးရှိပြီး မြန်မာနိုင်ငံတွင် ၆ ခုမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်ဆောင်ထားသည့် နိုင်ငံတခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထိပ်ဆုံးမှ စာရင်းပြေးနေသည့် စင်ကာပူနှင့် တရုတ်နိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုများနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာ နည်းပါးနေသေးကြောင့် တောင်ကိုရီးယား၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာတွင် တိုးတက်လာ ရန် အလားအလာများစွာ ရှိနေသည်။
အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နှင့် အနောက်နိုင်ငံများက ရခိုင်အရေးတွင် လူအခွင့်အရေးချိုးဖောက်မှုများ ရှိနေသည် ဟုဆိုကာ အရေးယူ ပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးသည်ဟု ဆိုသော်လည်း အနောက်နိုင်ငံကုမ္ပဏီ အများစုသည် စင်ကာပူရုံးခွဲများမှ တဆင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လျက် ရှိနေသည်။
ထိုကြောင့် စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံအဖြစ် ရပ်တည်လျက်နေခြင်း ဖြစ်ပြီး တရုတ်နိုင်ငံကမူ ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအနေဖြင့် ရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCC) ၏ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သူ ဦးဝင်းအောင်က လက်ရှိ မြန်မာနိုင်ငံအပေါ် အာရှဒေသတွင်း စီးပွား ရေးအင်အားကြီး နိုင်ငံများ စိတ်ဝင်တစား ရှိလာခြင်းကို “နဂိုရှိမှ နကိုင်းရှိတယ် ဆိုသလိုပေါ့ဗျာ။ ကျနော်တို့က အခြေခံ ကောင်းတွေ အများကြီး ရှိပြီးသားပါ။ အရှေ့မှာ အလားအလာ ကောင်းတွေ အများကြီးပဲ၊ ပေါ်မလာသေးတာပဲ ရှိတယ်” ဟု ပြောဆိုသည်။
လက်ရှိ ရန်ကုန်မြစ် တဖက်ကမ်း ဒလမြို့နယ်သို့ သွားလျှင် စက်လှေ၊ သင်္ဘောဖြင့်လည်းကောင်း ကုန်းလမ်းမှ သွားပါက လှိုင်သာယာဘက်မှ ပတ်၍ သွားရခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ နီးလျက်နှင့် ဝေးနေသကဲ့သို့ပင် ဖြစ်နေသည်။
အလုပ်အကိုင် အခွင့်အလမ်းတွင်လည်း ရန်ကုန်တဖက်ကမ်းသို့ လာရောက် လုပ်ကိုင်နေရခြင်းကြောင့် ဒလမြို့သစ် အကောင်အထည်ပေါ်လာပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်လမ်းသစ်များစွာ တိုးလာမည် ဖြစ်သည်။
ကိုရီးယားနှင့် ပေါင်း၍ ဖော်ဆောင်မည့် ဂန်းနမ်မြို့သဏ္ဍာန် ဒလစမတ်စီးတီး တခုကမူ ဒေသခံများ၏ အိပ်မက်မြို့တော် တခုလည်း ဖြစ်သလို ရန်ကုန်မြို့နေပြည်သူများ စိတ်ဝင်တစား စောင့်ကြည့်ရဦးမည့် စီမံကိန်း တခုလည်း ဖြစ်ပေသည်။
You may also like these stories:
လှည်းကူးက မြန်မာ-ကိုရီးယား စက်မှုဇုန်စီမံကိန်းကို ၃ နှစ်အတွင်း အကောင်ထည်ဖော်မည်
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လျာထားချက် ယခုဘဏ္ဍာနှစ်တွင် မပြည့်မီနိုင်ဟုဆို
ဒေါ်အောင်ဆန်းစုကြည်ထံ ရောက်လာတော့မည့် သကြားဈေးကွက် ပြဿနာ