“အနောလို ဘဝမျိုး မဖြစ်စေချင်ဘူး။ တိုက်ပွဲတွေ ဖြစ်သွားပြီဆိုရင် မုဆိုးမတွေ ဖြစ်ကြမယ်။ အနော သူငယ်ချင်းတွေ လည်း များလာမယ်။ မကြိုက်ဘူး။ ဘာနဲ့ပဲ စားရစားရ မိသားစုဆိုတာ အကောင်းဆုံးပဲ” ဟု ဖွင့်ဟ ပြောလာသူက ကရင်တိုင်းရင်းသူ နော်နန်းသဇင် ဖြစ်သည်။
အင်္ကျီအဖြူ လုံချည်အပြာရောင် သားဖွားဆရာမ ယူနီဖောင်း ဝတ်ဆင်ထားသည့် နော်နန်းသဇင်က မြိုင်ကြီးငူ အထူး ဒေသ အတွင်းရှိ အေးလင်းမြတ်ရှင်နှင့် မြတ်ပန်းဝတ်မှုံ အမည်ရှိ တိုက်ပွဲရှောင်စခန်းသို့ ဦးဆောင်ခေါ်သွားပြီး လိုက် လံပြသ ရှင်းပြနေရင်း ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အသားဖြူဖြူ အရပ်အမောင်း ကောင်းကောင်း၊ မျက်နှာပြင်ထက် အပြုံးပန်းကို အမြဲဆင်ထားသူ၊ စကားပြောရာတွင် လည်း သူ့ကိုယ်သူ အနော(အစ်မ)ဟု နာမ်စားသုံးတတ်သည့် သူက တိုက်ပွဲရှောင်စခန်း၏ အခြေအနေများနှင့် ပတ် သက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
သူသည် အမျိုးသမီး ကျန်းမာရေး ဆရာမအဖြစ် မြိုင်ကြီးငူ အထူးဒေသ ကျန်းမာရေးဌာနသို့ ၂၀၀၈ တွင် ရောက်ရှိ လာခဲ့ပြီး တိုက်ပွဲရှောင်စခန်း စတင်ဖွင့်ခဲ့သည့် ၂၀၁၆ စက်တင်ဘာ ၉ ရက်မှ ယနေ့အချိန်ထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA – ခွဲထွက်အဖွဲ့)နှင့် တပ်မတော် – ကရင် နယ်ခြား စောင့်တပ်(BGF)တို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ် မဲ့သဝေါဒေသမှ ပြည်သူများသည် နေရပ်စွန့်ခွာပြီး စစ်ဘေး လွတ်ကင်းရာ မြိုင်ကြီးငူဒေသကို ထွက်ပြေး တိမ်းရှောင်လာကြခြင်း ဖြစ်သည်။
စတင်ပြေးလာစဉ်က စခန်းတွင် လူပေါင်း ၆၀၀၀ ကျော်ရှိပြီး ၂၀၁၈ ၌ တချို့ နေရပ်ကို ပြန်သွားကြရာ လက်ရှိ ရွာ ပေါင်း ၂၈ ရွာမှ လူဦးရေ ၅၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၁) တည်ရှိရာ သထုံမြို့နယ် ပိန္နဲတော အလယ် ရွာသည် နော်နန်းသဇင်၏ မွေးရပ်ဇာတိ ဖြစ်သည်။
အနက်ရောင် နယ်မြေဖြစ်သည့် သူ့မွေးရပ်ဇာတိ ရွာတွင် ကျန်းမာရေးနှင့် ပတ်သက်၍ အလှမ်းဝေးခဲ့ရသဖြင့် အစာအိမ် သွေးယို ဝေဒနာဖြင့် အသက် ၂၅ နှစ်အရွယ် ဦးလေးဖြစ်သူသည် သူ့ မျက်စိရှေ့၌ပင် ဆုံးပါးသွားခဲ့ရခြင်းက သူ့ကို ဆေးဆရာမ ဖြစ်စေသည့် အဓိက တွန်းအားဖြစ်ကြောင်း ရှင်းပြသည်။
“ဦးလေးက ဆေးရုံ ပို့ပါ၊ ပို့ပါနဲ့ သူ့အမျိုးတွေကို ပြောတယ်။ နင်တို့ ငါ့ကို မကယ်နိုင်ဘူးလားဆိုတဲ့ အဲဒီ အသံတွေ။ မျက်လုံးထဲမှာ အမြဲမြင်ယောင်တယ်” ဟု သူက ပြောသည်။
ထိုအချိန်မှစ၍ သူသည် လူ့အသက်ပေါင်းများစွာကို ကယ်နိုင်မည့် ဆေးဆရာမ ဖြစ်ချင်ခဲ့ရာ ယခုအခါ ဆန္ဒနှင့်ဘဝ တထပ်တည်း ကျနေပြီဟု ဆိုနိုင်ပေသည်။
“ငါ တနေ့မှာ တောမှာကျ ဆေးဆရာမပဲ သိတယ်လေ။ သားဖွားဆရာမ လုပ်မယ်။ လုပ်လို့ရှိရင် သူများ အသက်ကို ကယ်မယ်။ လူနာတွေကို လိုက်ကြည့်မှာ။ အဲဒီလို စိတ်မျိုးနဲ့ လုပ်ဖြစ်တာ” ဟု ထိုစဉ်က သူ့အတွေး ကို ပြောပြသည်။
မိဘများက တိုက်ပွဲများကြားမှပင် ခက်ခက်ခဲခဲဖြင့် သူ့ကို အတန်းပညာ ဆုံးခန်းတိုင်အောင် ထားပေးခဲ့ကြသည်။ ရွာတွင် ၈ တန်းထိ တက်ပြီးနောက် ဘားအံတွင် အထက်တန်းပညာ ဆက်လက် သင်ယူခဲ့သည်။
သူ ဆယ်တန်းစာမေးပွဲ ဖြေဆို အပြီး ၁၉၉၅ တွင် သားဖွားသင်တန်းကျောင်း တက်ခဲ့ပြီးနောက် ပထမဆုံး တာဝန်ဖြင့် ရွှေဂွန်းမြို့နယ် သာယာကုန်းရွာသို့ သွားရောက်ပြီး ၄ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။
“အဲဒီတုန်းက ရွာ ၉ ရွာ ကိုင်ရတယ်။ မနည်းဘူး။ တရွာလာမခေါ် တရွာလာခေါ်တာ မီးတုတ်ကြီးနဲ့ မွေးလူနာတွေ လိုက်ကြည့်ပေးရတာ။ အလုပ်လုပ်ရတာ အရမ်းပျော်ခဲ့တယ်” ဟု သူက ပြောပြသည်။
ထို့နောက် ရန်ကုန်တွင် အမျိုးသမီးကျန်းမာရေး ဆရာမ သင်တန်း သွားတက်ပြီးနောက် ရာထူးတိုးဖြင့် ထမီ အပြာဝတ် ဆရာမအဖြစ် ဖာပွန်မြို့နယ် ကမမောင်းဘက် တိုက်နယ်ဆေးရုံ၌ ၆ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ တွင် ထိုရာထူးဖြင့်ပင် မြိုင်ကြီးငူသို့ ပြောင်းရွှေ့လာကာ ရွာပေါင်း ၆၀ ကိုတာဝန်ယူရသူ ဖြစ်လာသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က သူ့လုပ်သက် ၂၂ နှစ်ပြည့် သွားခဲ့ပြီဖြစ်ပြီး ထိုကာလအတွင်း သူ့ဘဝ၌ အနိမ့် အမြင့် အတက်အကျ များစွာဖြင့် လောကဓံ၏ ရိုက်ပုတ်မှုများကို ခံခဲ့ရသည် ဟု သူက ရှင်းပြသည်။
သူ့အသက် ၂၁ နှစ်တွင် အိမ်ထောင်ကျပြီး သမီး တယောက် ထွန်းကားခဲ့သည်။ အိမ်ထောင်သက် ၁၀ နှစ်ကျော်တွင် အမျိုးသားဖြစ်သူ ဆုံးပါးသွားသဖြင့် မထင်မှတ်ဘဲ မုဆိုးမဘဝသို့ ရောက်သွားသည်ဟုလည်း သိရသည်။
“အသုဘ ပို့တဲ့နေ့က လွတ်လပ်ရေးနေ့မှာပေါ့။ အက်ဆီးဒင့်လို့ ပြောရမှာပေါ့။ သူက တောင်ပေါ်မှာ သစ်တောထဲမှာ ဆိုတော့ ကျောက်ကမ်းပါးပေါ်ကနေ လိမ့်ကျတယ်လို့ ပြောတာပဲ။ တကယ်တမ်းကျတော့လည်း ဒါကတော့” ဟုဆိုကာ ထို အဖြစ်အပျက်ကို သူ ဆက်မပြောနိုင်တော့ဘဲ အချိန် ခဏမျှ အသံတိတ်သွားသည်။
ထို့နောက် သူက ရိုးသားပြီး အေးဆေးသော၊ အများတကာကို ကူညီတတ်သော သူ့အမျိုးသား ဆုံးပါးသွားချိန်၌ အလုပ်ကိစ္စဖြင့် ယူထားသည့် အကြွေး သိန်း ၅၀၀ ဆပ်ရန် ကျန်ခဲ့ရာ တခြားသော မုဆိုးမများထက် ပိုပြီးရုန်းကန်ခဲ့ရ သည်ဟု ပြောပြသည်။
ထိုအချိန်က ၃ တန်းအရွယ် သမီးတယောက်၊ မိဘနှစ်ပါး၊ ရှစ်တန်းအရွယ် မောင်လေး၊ ညီမလေး နှစ်ယောက် တို့နှင့်အတူ သူ့လစာ သောင်းဂဏန်းဖြင့် အတော်လေး ရုန်းကန်လှုပ်ရှားခဲ့ရပြီး ထိုအကြွေး သိန်း ၅၀၀ ကျပ်ကို ၇ နှစ် ခန့် ဆပ်ခဲ့ရသည်ဟု ဆိုသည်။
သူက “မုဆိုးမဖြစ်ပြီးမှပဲ ဘဝဆိုတာ ဘာလဲ။ အခက်အခဲဆိုတာ ဘာလဲ။ အဲဒီမှာ စသိရတာ” ဟု ပြောဆိုသည်။ ယခုတော့ သူ့အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး သမီးဖြစ်သူသည်ပင် ဆယ်တန်းကျောင်းသူ ဖြစ်နေပြီဟု သိရသည်။
သူ့ အတိတ်အကြောင်းများကို ပြန်လည် ပြောပြရင်း “ငယ်ငယ်တုန်းက စစ်သား(တပ်မတော်သား)ဆို အရမ်းမုန်းတာ။ ဘယ်လို မုန်းမှန်း တောင် ပြောမတတ်ဘူး” ဟု ဖွင့်ဟလာသည်။
ထို့အတူပင် ရဲများကိုလည်း ကြည့်မရခဲ့။ သူ့အဖေသည် အရက်မသောက်တတ်သူ ဖြစ်သော်လည်း ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များနှင့် အရက်တွဲ သောက်သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အဖမ်းခံရပြီး ထောင်ထဲ၌ ၆ လ နေခဲ့ရဖူးသည်။
စစ်သားများ ရွာထဲဝင်လာပြီ ဆိုသည်နှင့် ဟိုဒီပစ်လိုက်၊ ပေါ်တာ ထမ်းခိုင်းလိုက်နှင့် အဒေါ်အပျိုကြီး တယောက် ဆိုလျှင် အမြဲသွားကာ ထမ်းပေးခဲ့ရကြောင်း၊ ကလေးအရွယ် သူ့အနေဖြင့် ကျောင်းပိတ်ရက်ဆိုလျှင် လမ်းတွင် ပိတ်ဆို့ ရေး သွားစောင့်ပေးရကြောင်း၊ ရွာသားများသည် အလှည့်ကျ ကင်းစောင့်ပေးခဲ့ရကြောင်း ထိုခေတ်က အခြေအနေကို သူက ပြောပြသည်။
“နွေပေါက်လာပြီဆို ရိက္ခာ ကားနဲ့တင်လာတယ်။ စစ်ကားကြီးတွေ တင်လာတယ်။ စစ်ကား မရောက်ခင်မှာ အနော တို့က ကင်းစောင့်ရတော့ အရှေ့မှာ လမ်းတွေကို ကလော်ရတယ်။ ဗုံးရှိလို့ရှိရင် အနောတို့ကို အရင်ထိမှာပေါ့။ ရွာသားတွေက အလှည့်ကျ ကင်းစောင့်ရတာပေါ့။ တပ်မဟာ(၁)က နာမည်ကြီးပဲလေ” ဟု သူက ရှင်းပြသည်။
ထိုအရာကပဲ သူ့ကို စစ်သားနှင့် ရဲများအပေါ် မုန်းတီးစေခဲ့ပြီး ဝမ်းကွဲမောင် တော်စပ်သူ ဗိုလ်လောင်းသင်တန်း (DSA) ကျောင်းဆင်းပွဲကိုပင် သွားမတက်ရောက်ခဲ့သည်အထိ သူ ပြတ်သားခဲ့သော်လည်းပဲ ဖြစ်ရပ်တခု အခြေပြု၍ စစ်သား များအပေါ် သူ့ အမြင်သဘောထားများ ပြောင်းလဲမှု ဖြစ်ခဲ့သည်။
ထိုစဉ်က မြိုင်ကြီးငူ လက်အောက်ခံ ရှမ်းရွာသစ် မြို့နယ်ခွဲ၏ ကျန်းမာရေးဌာန ဖွင့်ပွဲအတွက် ဌာနဆိုင်ရာပေါင်းစုံ ဝန်ထမ်းများ အကုန်တက်ရောက်ရမည်ဖြစ်ပြီး လာကြိုမည့် စစ်ကားများနှင့်သာ သွားရမည်ဟု အမိန့်ကျလာသည်။
သွားသည့်နေ့ လမ်းတဝက်ကျော်တွင် ကားမိုင်းဆွဲခံရရာ ၆ စီးမြောက်၌ ရှိနေသည့် သူတို့ကားကို မထိသော်လည်း တစုံတခုဖြစ်လျှင် ကားပေါ်မှ ခုန်ချပြီး ကားအောက်တွင် ဝပ်ရန် ဌာနမှ မထွက်လာခင်ကတည်းက မှာလိုက်သည်မို့ ဘာကိုကြည့်မနေတော့ဘဲ ကားပေါ်မှ ခုန်ချလိုက်သည်။
ခုန်ချသည့် အရှိန်ဖြင့် ခြေထောက် တဖက် ကျိုးသွားခဲ့သော်လည်း ဇောနှင့်မို့ သတိမထားဘဲ ခြေထောက် အကြော မျက်ခြင်းဟုသာ ထင်ပြီး ဆရာတပည့်နှစ်ဦး တွဲပြီး ပြေးကြရာ အခြေအနေများ ငြိမ်သက်သွားချိန်တွင် မိုးကလည်းချုပ်၊ အချိန်မရွေး ပစ်ခတ်မှုများလည်း ရှိနိုင်သည်မို့ ရှမ်းရွာသစ် ဗျူဟာတွင် နေရတော့သည် ဟု သူက ပြောပြသည်။
ထိုစခန်းရှေ့က တဲတလုံးအတွင်း ထိုင်နေချိန် ကျိုးသွားသည့် ခြေထောက်က မခံ မရပ်နိုင်အောင် နာလာသော်လည်း ဆေးသတ္တာ မပါလာသဖြင့် “ဒီလောက် နာကျင်ပြီး ဝေဒနာခံစားနေရချိန်မှာ အခြေအနေကြောင့် ဘာဆေးတလုံးမှ မထိုးနိုင်တဲ့ ဘဝဖြစ်ရတယ်” ဟု ထိုအချိန်က နာကျင်မှုအား ကြိတ်မှိတ်ခံစားခဲ့ရပုံကို သူက ပြောပြသည်။
သူနေသည့် တဲ၏တဖက်ခြမ်းသို့ လှမ်းကြည့်လိုက်သောအခါ ခြေထောက်ပြတ်နေသည့် စစ်သားများကို တွေ့ရပြီး ပတ်တီးနှင့် ပတ်ထားသည့်ကြားမှ မသိမသာ ပေါ်ထွက်နေသည့် နေရာများတွင် ညိုမဲသည့် အဆင့်ကို ကျော်လွန်၍ အစိမ်းရောင် ဖြစ်နေသည်ကိုပင် တွေ့လိုက်ရသည် ဟု ဆိုသည်။
သုံးလေးငါးယောက် တန်းစီ အိပ်နေကြခြင်းဖြစ်ပြီး ၎င်းတို့ ပုခုံးပေါ်မှ အပွင့်အခက်များကို ကျော်ပြီး ကြည့်ရင်းက အရာရှိ တချို့ ပါဝင်ကြောင်း သူတွေ့ရသည်ဟုလည်း ရှင်းပြသည်။
ထိုအချိန်တွင် သူ့အတွေးထဲ၌ “ငါတောင် ခြေထောက်ကျိုးတာ ဒီလောက်အော်နေတာ။ သူတို့က ဒီလောက်တောင် ပြတ်နေတဲ့သူဆိုရင် တော်တော်ကြီး ခံစားရမှာပေါ့နော်။ အဲဒီကတည်းက အနော စစ်သားတွေကို နည်းနည်းလေး စာနာတတ်လာတယ်” ဟု သူက ပြောသည်။
လက်ရှိ သူ့ဘဝသည် ဖြစ်ချင်သည့် စိတ်ဆန္ဒနှင့် ထပ်တူ ကျနေပြီ ဖြစ်သော်လည်း အေးလင်းမြတ်ရှင်နှင့် မြတ်ပန်း ဝတ်မှံှု ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ယခုထက်ပိုသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရန် ကြိုးပမ်းရအုံးမည် ဟု သူ့ခံယူချက်ကို ပြောပြသည်။
စခန်းတွင်း တိုက်ပွဲရှောင်ပြည်သူတို့၏ ကျန်းမာရေးအတွက် မြိုင်ကြီးငူ ကျန်းမာရေးဌာန ဦးဆောင်မှုဖြင့် လှိုင်းဘွဲ့၊ ဘားအံမြို့နယ်တို့မှ ကျန်းမာရေး ဝန်ထမ်းများ စုပေါင်းကာ ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။
အခက်အခဲများကြားက မွေးလူနာပေါင်းများစွာ မွေးပေးခဲ့ရပြီး တချို့လူနာများကို မြိုင်ကြီးငူ ဆေးရုံသို့ အချိန်မီ လွှဲပေးခဲ့ရသည်များ ရှိကြောင်း၊ ကိုယ်ဝန်ဆောင်များကိုလည်း လစဉ် လိုက်ကြည့်ပေးလေ့ ရှိကြောင်း သူက ပြောပြသည်။
စခန်းရှိ ကလေးငယ်မှအစ ကိုယ်ဝန်ဆောင်အမျိုးသမီး သက်ကြီးရွယ်အိုများအဆုံး သူ့ကို ယုံကြည်အားကိုးကြပြီး အပျိုအရွယ် မိန်းကလေးများဆိုလျှင် မိဘများကို မပြောသည့် ကိစ္စများ၌ပင် သူ့ကို ရင်ဖွင့် တိုင်ပင်လေ့ရှိသည်။
ထိုသူတို့၏ ယုံကြည်အားကိုးမှုကို လွယ်လွယ်နှင့် ရရှိခဲ့ခြင်းတော့ မဟုတ်ကြောင်း သက်သေထူသည့် အနေဖြင့် ဖြစ်ရပ် တခုကို သူက ရှင်းပြပါသည်။
ထိုအချိန်က စစ်ကြောင့် စတင် ပြေးလာကြသည့် ရွာသူရွာသားများမှာ မြိုင်ကြီးငူ အထူးဒေသသို့ ကားနှင့်လည်း လာ၍မရ၊ စက်လှေ လမ်းကြောင်းကလည်း ပိတ်ထားသဖြင့် သူ့မှာ စိုးရိမ်ခဲ့ရသည်။ “မုဆိုးမ ဖြစ်တာတောင် အဲဒီလောက်ထိ မခံစားရဘူး” ဟု သူက ထို ခံစားချက်ကို နှိုင်းယှဉ်ပြောဆိုသည်။
အသက်ပေါင်း များစွာအနက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများလည်း ပါသည်ဖြစ်ရာ ထို လူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိရေးအတွက် တပ်မတော်၊ BGF, DKBA, KNU တို့ အားလုံးကို နည်းမျိုး စုံဖြင့် အကြောင်းကြားထားကာ ၃ ရက် အချိန်ပေးရန် သူ ခွင့်တောင်းခဲ့သည်။
“အနောဘဝမှာ အရမ်းကြီးတဲ့ စိန်ခေါ်မှုလို့ ပြောရမယ်။ မိန်းကလေးတယောက် အနေနဲ့ ပိုစွန့်စားရတာပေါ့။ ဒါပေမယ့် ကျေးဇူးတင်ပါတယ် သူတို့ကို အဲဒီသုံးရက်အတွင်း တိုက်ပွဲမဖြစ်လို့။ အဲဒီလူတွေကိုလည်း အချိန်မီ ဒီဘက်ကို ပို့ပေးနိုင်ခဲ့တယ်” ဟု သူက ပြောရင်း ထိုစဉ်က လုပ်ရပ်အတွက် အားရကျေနပ်နေသည်။
ထိုသူများ စခန်းသို့ စရောက်လာစဉ်က သူ့အနေဖြင့် စိတ် အရမ်းရှုပ်ခဲ့ရကြောင်း၊ ရှောင်ပြေးလာသူများထဲ၌ အရပ်သား ရော၊ DKBA တပ်ဖွဲ့ဝင်များ၏ အမျိုးသမီးများရော ပေါင်းစုံဖြစ်ကြောင်း၊ သူ့အနေဖြင့် အားလုံးကို တန်းတူ ကြည့်ပေး ခဲ့သော်လည်း ရွာသားများ၏ အထင်အမြင် လွဲမှားမှု ခံခဲ့ရသည်ဟု သူက ရှင်းပြသည်။
“ကိုယ်ကတော့ စိတ်ထဲ ဘာမှမဟုတ်ပါဘူး။ DKBA မိန်းမ ဘယ်လောက်ရှိလဲ။ ရွာသားတွေက ဘယ်လောက်ရှိလဲ သိချင်လို့ပါ။ အဲဒီလို မေးရကောင်းလားဆိုပြီး ဆရာမနားကို ဘယ်သူမှ မကပ်တော့ဘူး။ ဆရာမ တပ်တွေနဲ့ ပေါင်းနေ တာဆိုပြီး။ ကိုယ်က ပြန်ခံစားရတာပေါ့။ တကယ်တမ်း ကိုယ်လုပ်တဲ့ အလုပ်က မခွဲခြားဘဲ လုပ်ခဲ့တာ” ဟု သူက ပြောသည်။
သို့သော် စေတနာကောင်းလျှင် ကံကောင်းမည်ဟု ယုံကြည်ထားသူပီပီ အလုပ်တခုလုပ်တိုင်း စေတနာထားပြီး လုပ်ဆောင်ခဲ့သည့် သူ့ကို တိုက်ပွဲရှောင်ပြည်သူများက နားလည်သွားကြသကဲ့သို့ သူ့ကို မိသားစုသဖွယ် ယုံကြည် အားကိုးလာကြသည်။
သူ့အနေဖြင့် ဒီစခန်းနှင့် ဒီလူများကို မည်သည့်အခါမျှ စွန့်ခွာသွားမည်မဟုတ်။ သူ့ကို ရာထူး တိုးပေးသော်လည်း ပြောင်းရွှေ့ရမည် စိုးသဖြင့် “ရာထူးတိုး မယူဘူး”ဟုလည်း သူက ဆိုသည်။
“အနောကတော့ ပီတိကိုပဲ စားနေရတာပေါ့။ ဒီကနေ ဘယ်ကိုမှ မသွားချင်တော့ဘူး။ အနောဘဝမှာ ရာထူးထက် နေရာက ပိုအရေးကြီးတယ်လို့ ထင်တယ်။ ကိုယ့်ကို အားကိုးလာတဲ့အပေါ် မူတည်ပြီး သူတို့ကို မထားရက်နိုင်တာ လည်း ပါတယ်။ ဒီမှာပဲ သူတို့လေးတွေနဲ့ လုပ်နိုင်တဲ့အချိန် အတိုင်းအတာထိ ဆက်ပြီးစောင့်ရှောက်ဖို့ စဉ်းစားထား တယ်” ဟု သူက ပြောသည်။
သူနှင့် သုံးနှစ်ကြာ အလုပ်အတူတွဲလုပ်နေသည့် ကျန်းမာရေးကြီးကြပ်(၂) စောပါဖိုးထူးက အနောသည် စကားပြောရာ တွင် ပွင့်ပွင့်လင်းလင်းဖြင့် တုတ်ထိုးအိုးပေါက် ပြောတတ်သော်လည်း စိတ်ထားကောင်းသူ တဦးမို့ လူချစ်လူခင်ပေါပြီး အများ၏ ယုံကြည်မှုကို ရရှိထားသူ တဦးဖြစ်ကြောင်း မှတ်ချက်ပြုသည်။
လက်ရှိ စခန်းတွင် DKBA – ခွဲထွက်အဖွဲ့မှ အမျိုးသမီး များစွာရှိရာ ၎င်းတို့ကို ကိုယ်ချင်းစာစိတ်ဖြင့် အားပေးဖြစ်ပြီး အချိန် ကာလအားဖြင့် သုံးနှစ်ပြည့်ပြီဖြစ်ရာ ပြန်လာသင့်ပြီဟု နော်နန်းသဇင်က သူ့ရင်တွင်းခံစားချက်ကိုု ပြောပြသည်။
“သူတို့လည်း မုဆိုးမ ဟုတ်သည့်တိုင်အောင် တခုလပ် ဖြစ်နေပြီလေ။ နောက်ပြီး ကလေးတွေ တိုးလိုးတွဲလောင်းနဲ့။ အနောက နွေးထွေးတဲ့ မိသားစုပဲ လိုချင်တဲ့အတွက် အချိန်တန်ပြီလို့ ထင်တယ်။ သုံးနှစ်လည်း ပြည့်ပြီဖြစ် တဲ့အတွက် ပြန်လာသင့်ပြီလို့ ထင်တယ်” ဟု သူက ပြောသည်။
DKBA – ခွဲထွက်အဖွဲ့သည် ယခင်က ဗိုလ်ချုပ်ကြီး စောလားပွယ် (ခ) နှုတ်ခမ်းမွှေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA ကလို့ထူးဘောအဖွဲ့)၏ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၂၀၁၅ ဇူလိုင်လဆန်းပိုင်းက မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်၌ တိုက်ပွဲဖြစ်ပွားမှုကို အခြေခံကာ အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် ၂၀၁၆ ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ သီးသန့်အဖွဲ့ ပြန်လည်ဖွဲ့စည်းပြီး ရပ်တည်နေသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။
“အနောတို့ဆီမှာ ဒီတဖွဲ့ ပြန်လာပြီဆို အေးဆေးပဲ။ အရမ်းလည်း အေးချမ်းသွားပြီ။ လွတ်လွတ်လပ်လပ်နဲ့ သွားချင်တာ သွားလို့ရ။ အလုပ်လည်း အေးဆေး လုပ်စားလို့ရပြီ။ သူတို့မိသားစုလေးတွေနဲ့ အေးအေးချမ်းချမ်း မခွဲမခွာ ပြန်နေလို့ ရတာပေါ့။ သူတို့ ပြန်လာမယ်လို့လည်း အပြည့်အဝ ယုံကြည်ထားတယ်” ဟု သူက ပြောသည်။
ထို့ပြင် တနေ့နေ့ တချိန်ချိန်တွင် ကရင်ပြည်နယ်သည် ငြိမ်းချမ်းပြီး ဒေသခံ ပြည်သူလူထုကို ကိုယ်စားပြုသော၊ အကျိုး စီးပွားကို ရှေးရှုသော ကရင်တိုင်းရင်းသား ခေါင်းဆောင်များ အုပ်ချုပ်သည့် ပြည်နယ်တခုဖြစ်လာရန် ယုံကြည်မျှော်လင့် ထားသကဲ့သို့ သူ့အနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ ပါဝင်ရန် အသင့်ပြင်ဆင်ထားသည်ဟု သူက ဆိုသည်။ ။
You may also like these stories:
အိမ်ဖြည့်ရုံ မဖြစ်စေချင်တဲ့ အမျိုးသမီးများ ဦးဆောင်မှု ကဏ္ဍ
လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ တိုင်ကြားနိုင်ပြီ
ရှေးရိုးစွဲ အစဉ်အလာများက အမျိုးသမီးတွေကို ချုပ်နှောင်ထားသလား