အရှိန်ပြင်းပြင်း ပူလောင်လွန်းသည့် စက်တင်ဘာလ၏ နေအပူ အောက်တွင် သဖန်းဆိပ်ရေလှောင် တမံ(ဆည်ထိပ်)ရှိ ဆည်ဦး စေတီရင်ပြင်ထက်မှ ကြည့်မည် ဆိုပါက ဆည်အတွင်းမှ ကုန်းမို့မို့များနှင့် သစ်ခြောက်သစ်ဆွေး ထိုးထိုးထောင်ထောင်များကို မြင်နေရသည်။
ဆည်ဦးစေတီမှ လှမ်းမြင်နေရသည် မြင်ကွင်းမှာ ကျွန်းလှမြို့ဟောင်းသားများအဖို့ လွမ်းစရာ၊ နာကျင်စရာ အတိတ်ကို ပြန်လည် အမှတ်ရအောင် လုပ်နေသယောင် ရှိသည်။
အကြောင်းအရင်းမှာ မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှ၌ပင် အကြီးဆုံးဆည် ၁ ခုအဖြစ် သတ်မှတ်ခံထားရသည့် သဖန်းဆိပ် ရေလှောင်တမံ အတွင်းသို့ ရေဝင်ရောက်မှု နည်းပါးခဲ့ခြင်းကြောင့် ရေခမ်းခြောက်လာပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က ဆည်ရေအောက် ရောက်ရှိသွားသော ကျွန်းလှမြို့ဟောင်းနှင့် ကျေးရွာနေရာ အချို့ ပြန်ပေါ်လာခဲ့ခြင်း ကြောင့် ဖြစ်သည်။
လက်ရှိအခြေအနေများအရ ရေလှောင်တမံမှ အဓိက ရေပေးဝေနေသည့် ပင်မရေပိုလွှဲရှိ ရေတံခါးများ တွင်လည်း ရေများ ခမ်းခြောက်ကာ ခြောက်ကပ်၍နေသည်။
“မြို့ဟောင်းနဲ့ကျေးရွာတွေ ပြန်ပေါ်လာတယ်ဆိုတော့ အရင်က ဘဝတွေကို ပြန်ပြီးတော့ သတိရတာ ပေါ့ဗျာ၊ ကျန်တာကတော့ အခုအချိန်မှာ တမ်းတနေလို့လည်း ဘာမှ ပြန်မဖြစ်လာနိုင်တော့ဘူးလေ၊ သဖန်းဆိပ်ဆည်နဲ့ ပတ်သက်ပြီးတော့ ကျွန်းလှ နယ်သူနယ်သားတွေရဲ့ ရင်ထဲမှာတော့ အခုအချိန်ထိ အနာတရတွေနဲ့ အပြည့်ပါပဲ”ဟု ကျွန်းလှမြို့ဟောင်းမှ ပြောင်းရွှေ့ပေးခဲ့ရသည့် ဒေသခံ ဦးစိန်ကျော်က ပြောပြသည်။
အဆိုပါ သဖန်းဆိပ်ဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တည်ရှိ ပြီး ယခုနှစ်အတွင်း၌ သဖန်းဆိပ်ရေလှောင်တမံ၏ ရေပြည့်မှတ်အောက် ပေ ၄၀ ခန့်လျော့ကျခဲ့ခြင်း ဖြစ်သည်။ ယခုအကြိမ်သည် ဆည်တည်ဆောက်ပြီးနောက် နှစ်ပေါင်း ၂၀ ကာလအတွင်း ဒုတိယ အကြိမ်မြောက် ဆည်ရေ အနည်းဆုံးသို့ စံချိန်တင် ကျဆင်းခဲ့ရခြင်း ဖြစ်သည်။
ဆည်ရေ ကျသွားသဖြင့် ကျွန်းလှမြို့ဟောင်းနှင့် ကျေးရွာနေရာများ ပေါ်ထွက်လာခြင်းကြောင့် အဆိုပါ နေရာများမှ ပြောင်းရွှေ့ ပေးခဲ့ရသည့် ဒေသခံများက နေရာဟောင်းဆီသို့ အလွမ်းပြေသွားရောက်ကြည့် သည်။
“အခုလို မြို့ဟောင်းကြီး ပြန်ပေါ်လာတယ်ဆိုတော့ သွားကြည့်ပြီး အဟောင်းက အသစ်ပြန်ဖြစ်လာ တယ်၊ ရင်ထဲမှာလည်း ဝမ်းနည်းသလို ပီတိလည်း ဖြစ်ရပါတယ်၊ ကျမတို့အနေနဲ့ ဒီအတိုင်း ထားခဲ့ရ တဲ့ ဘုရားစေတီတွေ ဆိုတာလည်း အများကြီးဆိုတော့ အခုပြန်ပေါ်လာတော့ သွားကြည့်ပြီး ပီတိဖြစ်ရ တာပါ။ ကျမတို့မြို့က ဘာသာ၊ သာသနာအရေးတွေ အပြင် အားလုံးကို စည်းလုံးညီညွှတ်မှုနဲ့ အတူတကွနေထိုင်ခဲ့ကြတာဆိုတော့ အဲဒါတွေကို သတိရပြီး ဝမ်းနည်းမိတာပေါ့”ဟု ကျွန်းလှမြို့ဟောင်း ရတနာကွက်သစ်တွင် နေထိုင်ခဲ့သူ ဒေါ်ခင်မာအေးက ကြေကွဲစွာဖြင့် ပြောပြသည်။
သဖန်းဆိပ်ဆည် တည်ဆောက်ရန်အတွက် ကျွန်းလှမြို့နှင့် ကျေးရွာ ၇၃ ရွာ မှာ ပြောင်းရွှေ့ပေးခဲ့ရပြီး ထိုသို့ပြောင်းရွေ့ရာတွင် ဘုရားပုထိုးစေတီများ၊ သာသနိကအဆောက်အဦများ၊ ကျွန်းလှမြို့ အထိမ်း အမှတ် နာရီစင်၊ ရေတွင်းရေကန်များစသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများစွာတို့သည် သဖန်းဆိပ် ဆည်ရေအောက်သို့ ရောက်ရှိခဲ့ကြရသည်။
ဆည်အတွင်းရေကျ၍ ပြန်ပေါ်လာရာတွင် ရေတွင်းများ၊ အုတ်ဂူများ၊ စာသင်ကျောင်းအုတ်ခုံများ၊ လမ်းမကြီးများ၊ အိုးကုန်းကျောင်းဘုရား ၊ ရွှေအလည်ကျောင်းဘုရား၊ မြို့မရဲစခန်းမှ လက်နက်တိုက်၊ အင်ဒိုင်းကျေးရွာဟောင်း၊ ရွာသီကျေးရွာဟောင်းများနှင့် အခြားသောအမှတ်အသားများစွာများ ပေါ်လာခဲ့ခြင်းဖြစ်သည်။
“ဆည်ကြောင့် ကျမတို့ ကျွန်းလှသူ ကျွန်းလှသားတွေရဲ့ဘဝက ယိုင်လဲ ပျက်စီး သွားတဲ့အပြင် အပြောင်းအလဲတွေလည်း အများကြီး ဖြစ်ခဲ့ကြရတာ၊ အချို့ဆိုရင် ဘဝကို တစ်ကနေ ပြန်စကြရတာ၊ ကျမတို့ ကျွန်းလှက လူတွေက တသက်မှာ နှစ်ဘဝကို ကြုံတွေ့လိုက်ကြရတာပါ၊ အဲဒီလို အခြေအနေ တွေကြောင့် ကျွန်းလှသူ၊ ကျွန်းလှသားတွေရဲ့ရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေ အများကြီး ရှိနေကြ တယ်”ဟု ဒေါ်ခင်မာအေးက ဆက်လက်ပြောပြသည်။
သဖန်းဆိပ် ရေလှောင်တမံအောက်သို့ နစ်မြုပ်ခဲ့ရသည့် အင်ဒိုင်းရွာဟောင်းသည်လည်း တရွာလုံးနီးပါး ပြန်ပေါ်လာခဲ့ခြင်းကြောင့် အင်ဒိုင်းရွာဟောင်း ဒေသခံများသည်လည်း အလွမ်းပြေ သွားရောက်ကြည့်ရှု သူများတွင် ပါဝင်ခဲ့သည်။
အင်ဒိုင်းရွာဟောင်းမှ ရေတွင်းများ၊ အုတ်ဂူများ၊ လမ်းမကြီးများ၊ စာသင်ကျောင်း အုတ်ခုံများနှင့် သစ်ဆွေးသစ်ငုတ်များစွာလည်း ထင်ရှားစွာ ပြန်ပေါ်လာသည်။
“ဘုန်ကြီးကျောင်း တကျောင်းကို ပြောင်းရွေ့စရိတ် အစိုးရက ၅ သိန်းပဲပေးတယ်၊ သူတို့ပြောခဲ့တာက ဘုန်းကြီးကျောင်းဆိုတာ ငါတို့တာဝန် မဟုတ်ဘူး၊ ရွာကလူတွေ ကိုးကွယ်တာ သူတို့ဘာသာ ဆောက် ကြလိမ့်မယ်လို့ ပြောခဲ့ကြတာ၊ ဘုန်းကြီးကျောင်းတိုင်း ကျောင်းတိုင်းကိုတော့ ဘယ်ကျောင်း မဆို ၅ သိန်း ပေးခဲ့တာ မှန်ပေမယ့် ခက်ခက်ခဲခဲနဲ့ကို ရွှေ့ပြောင်းခဲ့ကြရတာ”ဟု အင်ဒိုင်းကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။
အင်ဒိုင်း၊ ပေါက်ကုန်း၊ လက်ပံကြီးတော ၃ ရွာသည် အင်ဒိုင်းကျေးရွာအုပ်စု အမည်ဖြင့် သဖန်ဆိပ် ရေလှောင်တမံ၏ အနောက်ဘက်တွင် စုပေါင်းနေထိုင်ခဲ့ကြပြီး အင်ဒိုင်းရွာမှ စားတော်ပဲ ထွက်ရှိနှုန်း များသောကြောင့် ယခင်က စားဝတ်နေရေးများ ချောင်လည်ခဲ့ကြသော်လည်း ဆည်တည် ဆောက်မှု ကြောင့် ပြောင်းရွှေ့ပေးခဲ့ရချိန်မှ စတင်ကာ အကျပ်အတည်းများစွာဖြင့် ရင်ဆိုင်ခဲ့ကြရသည်ဟု ဒေသခံများက ပြောဆိုသည်။
“အဓိကကတော့ သဖန်းဆိပ်ဆည်ကြီး ဆောက်လို့ ရွှေ့ခဲ့ရတာပေါ့ဗျာ၊ အဲဒီအချိန်တုန်းကတော့ ပြောင်း ရွေ့ကြေးဆိုပြီး ပေးခဲ့ပေမယ့် အလွန်နည်း ပါတယ်၊ သူတို့ပေးတယ်ဆိုတဲ့ ပိုက်ဆံက ဘာမှလုပ်လို့ရတဲ့ အခြေအနေ မရှိခဲ့ဘူး၊ အမိန့်တခုနဲ့ ပြောင်းရွေ့ခဲ့ကြရတာ၊ ဒီအချိန်ထိအောင် ကျနော် တို့မြို့က ဘာ အကျိုးခံစားခွင့်မှ မရခဲ့ပါဘူး၊ ဒီဆည်ကြီးက ကျနော်တို့ ကျွန်းလှမြို့နဲ့ နယ်တခုလုံးအတွက် ဘာကောင်းကျိုးမှ မပေးတဲ့ ဆည်ကြီးပဲ”ဟု ကျွန်းလှမြို့ဒေသခံ ကိုထက်က ပြောပြသည်။
ကျွန်းလှမြို့ဟောင်းသည် ကုန်းဘောင်ခေတ် ဘိုးတော်မင်းလက်ထက် ရွှေမှူး(ရွှေများဆက်သရ သည့် ဦးစီးခေါင်ဆောင်) ဦးလောက် ဆိုသူက မြို့တည်ခဲ့ခြင်းဖြစ်ပြီး ဘုရင်ထံသို့ ရွှေများ ဆက်သခဲ့ရသည့် အမှတ်အသားများရှိကာ မူးမြစ်နှင့် ပြောင်စွယ်ချောင်းဆုံးရာ အရပ်တွင်ရှိသည့် ကျွန်းတွင် တည်ထား ခဲ့ပြီး ကျွန်းလှမြို့ဟု အမည်ပေးခဲ့ခြင်းဟု သမိုင်းစာအုပ်အချို့မှ သိရသည်။
ထိုကဲ့သို့ နေထိုင်လာခဲ့ရာက အင်္ဂလိပ်အစိုးရ လက်ထက်တွင်လည်း အရေးပိုင်မင်း အဆင့် ရုံးထိုင်ခဲ့ သည့် မြို့ဖြစ်သလို သစ်တောအရာရှိများလည်း ရုံးထိုင်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။
၁၉၉၆ ခုနှစ် စစ်အစိုးရ လက်ထက်က နိုင်ငံတော်စီမံချက် ခေါင်းစဉ်ဖြင့် သဖန်းဆိပ် ရေလှောင်တမံကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပြီးစီးခဲ့ကာ မူးမြစ်ကို ပိတ်၍ ဆည်တည်ဆောက်ထားခြင်း ဖြစ်သည်။
သဖန်းဆိပ် ရေလှောင်တမံသည် ရေဆင်းဧရိယာ ၃၄၆၀ စတုရန်းမိုင်၊ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၃၇ ဒဿမ ၉၁ လက်မ၊ နှစ်စဉ် ပျမ်းမျှစီးဝင်ရေ ၃၅၃၄၀၀၀ ဧကပေ၊ တမံအမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၂၇၉၄၂၄၀ ဧကပေ၊ ကန်ရေသေ ရေလှောင်ပမာဏ ၁၄၁၃၆၀ ဧကပေ၊ ကန်ရေပြည်ရေပြင်ကျယ် ဧရိယာ ၁၀၆၂၀၀ ဧက၊ ကန်ရေပြည့်မှတ် ၅၄၅ ဒသမ ၀၀ ပေ ဖြစ်သည် ဟု သိရသည်။
ရေလှောင်တမံမှ အောက်ဘက် ၉ မိုင်အကွာရှိ ကင်းတပ်ထိန်းတမံ၏ လတ်ယာတူးမြောင်းကြီးနှင့် လက်ဝဲတူးမြောင်းမကြီးတို့မှ စိုက်ပျိုးရေဧက ၁၇၀၀၂၀ ဧက၊ ကင်းတပ်ရေထိန်းတမံမှ အောက်ဘက် ၂၄ မိုင်အကွာရှိ ကာဘိုး ရေလွှဲဆည်မှ ရွှေဘိုမြောင်းမတော်၊ ရေဦးမြောင်းမတော်တို့မှ စိုက်ပျိုးရေဧက ၃၂၁၆၆၇ ဧက၊ စုစုပေါင်း စိုက်ပျိုးရေဧက ၄၉၁၆၆၇ ဧကအား စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ထို ရေလှောင်တမံ တည်ဆောက်မှုကြောင့် ကျွန်းလှမြို့ဟောင်း၊ ကျေးရွာပေါင်း ၇၃ ရွာ၊ အိမ်ခြေပေါင်း ၉၃၃ဝ၊ လူဦးရေပေါင်း ၄၉၀၂၉ ဦး၊ မူလတန်းကျောင်း ၆ဝ၊ အလယ်တန်းကျောင်း ၂ကျောင်း၊ အထက် တန်းကျောင်း ၁ ကျောင်း၊ ဆေးရုံနှင့် ဆေးပေးခန်း ၇ ခု၊ ဘုန်းတော်ကြီးကျောင်း ၈၈ ကျောင်း၊ စေတီ ၂၅ ဆူ၊ သီလရှင်စာသင်တိုက် ၁ တိုက်နှင့် ဗလီ ၄လုံး ကို သဖန်းဆိပ်ရေ လှောင်တမံနှင့် ၁၄ မိုင်အကွာ ရှိ သစ်ရာပင်တောနေရာတွင် မြို့ကွက်သစ်ဖော်ထုတ်ကာ နေရာ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု ကျွန်းလှ ဒေသခံများ ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။
အဆိုပါကဲ့သို့ ပြောင်းရွှေ့ရာတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရက မြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ တွင် နေထိုင်သူများအား လပိုင်း အတွင်း ထွက်ခွာခိုင်းပြီး မြို့သစ် နေရာသို့ပြောင်းရန် ဖိအားပေးခဲ့ သည်ဟု မြို့ခံများက ပြောသည်။
“၁၉၉၅ ခုနှစ် နိုဝင်ဘာလလောက်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ အကြီးအကဲတွေ ဟာ ကျွန်းလှမြို့ကို ရောက်လာပြီးတော့ သဖန် ဆိပ်ဆည်ကြီး ဆောက်မယ်၊ ရွှေ့ပြောင်းရမယ့်အထဲမှာ ကျွန်းလှမြို့ ပါတယ်ဆိုပြီး ပြောခဲ့ကြတာ၊ အဲဒီအချိန်မှာ လူတိုင်းလိုလို အားလုံး စိတ်ထိခိုက် ကုန်ကြ တယ်၊ သူတို့ပြောတာက စီမံကိန်းက ၉၆ ခုနှစ်ထဲမှာ စမယ်ဆိုပြီး အစီအစဉ်တွေဆွဲတယ်၊ ပြီးတော့ ကျွန်းလှမြို့နှင့်ကျေးရွာ ရွှေ့ပြောင်းရေး ကော်မတီတွေ ဖွဲ့ခဲ့ကြပြီး ၉၆ ခုနှစ်၊ ဖေဖော်ဝါရီလောက် ကတည်းက ရွှေ့ခဲ့ကြရတာပါ”ဟု ကျွန်းလှမြို့ခံ ဦးကျော်ဆွေက ကပြောသည်။
ဦးကျော်ဆွေသည် နေရောင် ကလောင်အမည်ဖြင့် ကဗျာများ ရေသားနေသူ တဦးလည်းဖြစ်ပြီး ကျွန်းလှမြို့ဟောင်း ပြောင်းရွှေ့စဉ် အချိန်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်နေသူ တဦးလည်း ဖြစ်သည်။
“ပြောချင်တာက သူတို့ဘက်က ပြင်ဆင်မှုလည်း အားနည်းခဲ့တယ်၊ နောက်ပြီး ကျနော်တို့ ဒေသခံတွေ အတွက်လည်း ပြင်ဆင်ချိန်က အရမ်း နည်းခဲ့ တော့ လိုအပ်ချက်တွေ အတွက် ဘာမှ မပြင်ဆင်နိုင်ခဲ့ကြ ဘူး၊ အဆိုးဆုံးကတော့ စိတ်ခံစားချက်တွေ အတွက် ဘာမှ ပြင်ဆင်ချိန် မရခဲ့တာဘဲ၊ ပြောင်းရွေ့ရမယ် ဆိုတာကို ၂ နှစ်၊ ၃ နှစ် ကြိုပြီး သိခဲ့ကြမယ်ဆိုရင် စိတ်ခံစားချက်တွေ အတွက်ပါ ကြိုပြီး ပြင်ဆင်ချိန် ရခဲ့မှာ အမှန်ပဲ”ဟု ဦးကျော်ဆွေက ဆက်လက် ပြောသည်။
တကယ်တော့ သဖန်းဆိပ်ဆည်သည် လွတ်လပ်ရေး ရပြီး ရေးဆွဲခဲ့သည့် ပြည်တော်သာ စီမံကိန်းမှ လာသည့် ဆင်းသက်လာခြင်းဖြစ်ပြီး သို့သော် အခြေအနေအရပ်ရပ်ကြောင့် အကောင်အထည်ဖော်နိုင် ခြင်း မရှိဘဲ၊ ၁၉၈၈ စစ်အာဏာသိမ်း တပ်မတော်အစိုးရ လက်ထက်တွင် အသက်သွင်းပြန် သွင်းခြင်းသာဖြစ်သည်။
သဖန်းဆိပ်ဆည်ကို ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက်ပါ ရည်ရွယ်ခဲ့လို စစ်ကိုင်းတိုင်းကိုလည်း မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီအဖြစ်ပါ ရာထားခဲ့ သည်။သို့သော် ယခုတွင်မူ ရေမရှိသည့် ဆည်တခုလာရာ ရေအောက်တွင် နစ်မြုပ်နေသည့် နေအိမ်တိုက်တာ အဆောက်အဦ၊ ဘုရားစေတီ ပုထိုးများ ပင် ပြန်လည်ပေါ်သည်။
ထိုစဉ်က ဒေသခံများကို မြို့ဟောင်းမှ မြို့သစ်သို့ ရွှေ့ပြောင်းရာတွင် ပြောင်းရွှေ့စရိတ်အဖြစ် နေအိမ်အမျိုးအစားပေါ် မူတည်ကာ ငွေကျပ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ထောက်ပံ့ပေးသည်ဟု ဆိုသော်လည်း ရွှေ့ပြောင်းစရိတ်သာ ဖြစ်ပြီး နေရာသစ်တွင် နေအိမ် ပြန်လည်ဆောက်လုပ်ရာတွင် မည်သည့် ထောက်ပံ့မှုမှ မရှိတော့သဖြင့် ထိုထက်မကသည့် ကုန်ကျစရိတ်များ ရှိခဲ့ကြောင်း ကျွန်းလှမြို့ခံတို့က ဆိုသည်။
“ကျမတို့ရွှေ့ပြောင်းဖို့ဆိုပြီး ကား ၄ စီးပေးတယ်၊ ဒါပေမယ့် ကျမက အထည်ဆိုင်ဖွင့်တာ ဆိုတော့ ပစ္စည်းတွေက များတော့ သူတို့ပေးတာနဲ့ မရလို့ ကား ၆ စီးလောက် ထပ်ငှားခဲ့ရတယ်၊ နောက်ပြီး ပေးတဲ့လျော်ကြေး ဆိုတာကလည်း ဘာမှ မဖြစ်လောက်တဲ့ ငွေကြေးပါပဲ၊ ကျမတို့ မရွှေ့ပြောင်းခင်မှာ ယာယီအိမ်တွေ လာဆောက်ကြရတယ်၊ ရေတွင်းတွေ တူးကြရတယ်၊ ခြံခတ်ကြရတယ်၊ အဲဒီမှာ သူတို့ပေးတဲ့ ငွေကြေးနဲ့ ကျမတို့ ကုန်ကျစရိတ်က ဘာမှမကာမိဘူး”ဟု ဒေသခံ ဒေါ်ခင်မာအေးက ပြောသည်။
မြို့သစ်နေရာ ချထားရာတွင် အဆင့် ၃ ဆင့် သတ်မှတ်၍ နေရာ ချထားခဲ့ခြင်း ဖြစ်ပြီး တိုက်တန်း၊ သွပ်မိုးပျဉ်ထောင်နှင့် အခြားအဆင့်ဟူ၍ သတ်မှတ်ပေးခဲ့ကြောင်း၊ မိမိတတ်နိုင်သည့် အမှန်တကယ် ဆောက်လုပ် နေထိုင်နိုင်သည့် နေရာတွင်သာ ဆောက်လုပ် နေထိုင်ရန် သတ်မှတ် ပေးခဲ့သော်လည်း ရွှေ့ပြောင်းချိန်သည် မိုးတွင်းကာလ ဖြစ်နေသောကြောင့် ဒုက္ခမျိုးစုံကို ခံစားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
“ဒီကိုရွှေ့တဲ့အချိန်က မိုးတွင်းကာလကြီးဆိုတော့ နေရာဒေသကို မကျွမ်းကျင်တော့ တောင်ကျရေတွေ စီးလာပြီဆိုရင် နေစရာမရှိတော့ဘူး၊ နေဖို့အတွက် ဆောက်နေကြတဲ့ အချိန်ဆိုတော့ ပျဉ်တွေ၊ ပစ္စည်း တွေ ပုံထားတယ်၊ အကုန်ရေစီးနဲ့ မျောပါကုန်လို့ လိုက်ဆယ်ကြတာလည်း အလုပ်တခု၊ နောက် တနှစ်ပတ်လုံး ဖိနပ်ဆိုတာ ဘာမှန်း မသိခဲ့ရဘူး၊ ဘာကြောင့်လဲဆိုတော့ ရွှံထဲ၊ ဗွက်ထဲမှာ သွားခဲ့ရ တာကြောင့်လေ၊ အဲဒီအချိန်က တော်တော်ကြီးကို ဒုက္ခရောက်ခဲ့ကြရပါတယ်”ဟု ဦးစိန်ကျော်က ထိုစဉ်က အခြေအနေကို ပြန်ပြောပြသည်။
ကျွန်းလှမြို့သစ်သို့ ပြောင်းရွှေ့ရာတွင် တပ်မတော်က စစ်ကားများဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ပြီး နေရာသစ်သို့ ရောက်ရှိချိန်တွင် အဆင်သင့် ပြင်ဆင်ထားခြင်း မဟုတ်သည့် မြေလွတ်မြေရိုင်းပေါ်တွင် မြို့ခံများမှာ ခက်ခဲပင်ပန်းစွာဖြင့် နေထိုင်ရုန်းကန်ခဲ့ကြရသည်ဟု ဆိုသည်။
“သူတို့က ကျမတို့ကို လာပြောတုန်းကတော့ ကျွန်းလှမြို့ဟောင်းကနေ ရွှေ့ပြောင်းပေးတဲ့အခါမှာ လမ်း၊ မီး၊ ရေကအစ အားလုံး အဆင်သင့်ဖြစ်စေ ရမယ်လို့ ပြောခဲ့ကြတာ၊ တကယ်တမ်း ရွှေ့ပြောင်း တဲ့အခါမှာတော့ ဘာမှကို တာဝန်မယူခဲ့ကြတာ၊ ကိုယ့်ဘာသာကိုယ် စုပေါင်းအားနဲ့ ရုန်းကန် ခဲ့ကြလို့ သာ မြို့က နှစ်ပေါင်း၂၀ ကျော်အတွင်း အခုလို စည်စည်ကားကား ဖြစ်နေတာပါ”ဟု ဒေါ်ခင်မာအေးက ဆက်လက်ပြောသည်။
ထိုစဉ်အချိန်က ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျွန်းလှမြို့ခံ ဦးကျော်ဆွေကလည်း “စစ်အာဏာရှင်တွေရဲ့ ပုံစံအတိုင်းပဲ စိတ်ပါသည်ဖြစ်စေ၊ မပါဖြစ် စေ လုပ်ကြ ကိုင်ကြတာပဲလေ၊ ရွှေ့ဆိုပြီး ပြောတဲ့နေ့ ကတည်းက ရွှေ့ပြောင်းပေးဖို့ ရောက်လာတဲ့ တပ်ကပုဂ္ဂိုလ်တွေက စပြီးဖျက်ခဲ့ကြတာပဲ၊ ဘာကြောင့်လဲဆိုတော့ တပ်က မော်တော်ယာဉ်တွေနဲ့ ရွေ့ရ ပြောင်းရမှာဆိုတော့ သူတို့လည်း အထက်အမိန့်အတိုင်း လုပ်ခဲ့ကြရတာပဲလေ၊ တော်တော်ကို စိတ်မချမ်းသာစရာ မြင်ကွင်းတွေပါပဲ၊ အဲဒီလို အိမ်တွေဖျက်တာကို တပ်က အိမ်တွေဖျက်တယ်လို့ အပြောမခံခဲ့ဘဲ ဖျက်သိမ်းဆယ်တင်လို့ သုံးနှုန်းခဲ့ကြတာ”ဟု ပြောသည်။
“အဲဒီအချိန်က ကျနော်က ထွေအုပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာမို့ တော်တော်များများကို မှတ်မိ နေ တာပါ၊ ကျနော်တို့ရုံးကနေ စီမံခန့်ခွဲ ပေးရတဲ့ အထဲမှာ ကျွန်းလှမြို့အပြင် ကျေးရွာတွေအတွက်လည်း ပါတယ်၊ ကျေးရွာတွေကို ဆည်ရဲ့ပတ်လည်မှာ ချထားပေးဖို့ စီမံခဲ့ကြတာပါ၊ အဲဒီမြေတွေက အများ အားဖြင့် သစ်တောမြေတွေ၊ ကြိုးဝိုင်းမြေတွေမှာ ချပေးခဲ့တာဖြစ်တယ်၊ ဘာအထောက်အထားမှ လုပ်ပေးခဲ့တာမျိုးမရှိဘူး၊ ကျေးရွာတွေက မိမိတို့ အစီအစဉ်နဲ့ ရွေ့ပြောင်းခဲ့ကြရတော့ ပိုပြီး နစ်နာကြပါတယ်”ဟု ဦးကျော်ဆွေက ဆက်လက်ပြောသည်။
တပ်မတော်အစိုးရက ဆည်ကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် ကျေးရွာမှ ဒေသခံ တောင်သူများ၏ စိုက်ပျိုးမြေများအတွက် ဧက ၁၀၀၀ ကျော် ပြန်လည် ချထားပေးခဲ့သော်လည်း မြေပြင်တွင် မူလ တောင်သူများ စိုက်ပျိုး လုပ်ကိုင်နေကြသည့် မြေများ ပါဝင်နေခြင်း၊ မူလချထား ပေးထားသည့် တောင်သူများ ရှိနေခြင်းကြောင့် ပိုင်ဆိုင်မှု ထပ်နေမှုများ ဖြစ်ကုန်ရာ လုပ်ကွက် အစား ပြန်မရ ခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်နေရသည့် တောင်သူများလည်း ရှိနေကြောင်း သိရသည်။
အစားထိုးပြန်ပေးထားသည့် လယ်ယာမြေ များမှာ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ မရရှိသေးသဖြင့် စိုက်ဘဏ်ချေးငွေများ မရရှိခြင်း၊ စိုက်ပျိုးရေးသုံးပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲဖြစ်ခြင်း တို့ဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများက ပြောသည်။
“ရွာဟောင်းမှာ နေစဉ်တုန်းက စိုက်ပျိုးမြေတွေ ကောင်းခဲ့ကြတယ်၊ သီးနှံတွေ ဖြစ်ထွန်းတယ်၊ ရာသီ ဥတုလည်း ကောင်းမွန်တာကြောင့် လူတိုင်းနီးပါး ချမ်းသာတဲ့အဆင့် မဟုတ်တောင်မှ လည်ပတ်နိုင်တဲ့ အဆင့်ဖြစ်ခဲ့တယ်၊ အခု ဆည်တည်ဆောက်ပြီးလို့ ကျနော်တို့ ကျေးရွာတွေ ရွှေ့ပြောင်း ပေးခဲ့ရပြီး နောက်မှာ ဆည်ရေသောက်ခွင့် မရတဲ့အပြင် မိုးလေဝသက မမှန်၊ နေရာသစ်မှာ လုပ်ကိုင်စားနေရတဲ့ မြေကလည်း မကောင်းတော့ အားလုံးနီးပါး ငွေကြေး အကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်း တွေ ရင်ဆိုင်နေကြရတယ်” ဟု ဆည်တည်ဆောက်မှုကြောင့် ပြောင်းရွှေ့ပေးခဲ့ရသည့် တောင်သူ ဦးနိုင်ဝင်းက ပြောသည်။
ထိုသို့သော တပ်မတော်အစိုးရ၏ အာဏာရှင်ဆန်ဆန် လုပ်ခဲ့မှုများကြောင့် ပြောင်းရွှေ့ခံပြည်သူတို့မှာ မျက်နှာလွဲှ ခဲပစ်ခံရသဖြင့် ကျွန်းလှနယ်သည် သဖန်းဆိပ်ဆည်ရေလည်း မသောက်ရ၊ အစိုးရက ပေးသော စိုက်ပျိုးမြေများသည်လည်း မြေနီကုန်း၊ ချပ်ကုန်းများ ဖြစ်နေသဖြင့် နှစ်ပေါင်း များစွာ ဒုက္ခမျိုးစုံ ခံစားခဲ့ကြရပြီး ရပ်တည်မှုတခု ပြန်လည်ရရှိအောင် ဒဏ်ရာများစွာဖြင့် ရုန်းကန် ကြိုးစားခဲ့ကြရသည်ဟု ဆိုကြသည်။
“နေရာသစ်ကို ပြောင်းရွှေ့ခဲ့တဲ့အခါမှာ မြေဧကတွေကို အစားပြန်ပေးတယ် ဆိုပေမယ့် တောင်သူတွေ ရရှိတဲ့ မြေနေရာတွေဟာ ချောက်ကမ်းပါးများ၊ ကျောက်တောင်၊ ကျောက်တုံးများနဲ့ ကျောက်စရစ် မြေများ၊ အင်တောများနဲ့ ပြည့်နှက်နေတာကြောင့် လုပ်ကိုင်ဆောင်ရွက်ရတာ အဆင်မပြေကြဘူး၊ အခုဆိုရင် ရာသီဥတုက မကောင်းတော့ ပိုပြီး အဆင်မပြေ ဖြစ်ကြရတယ်”ဟု အင်တိုင်းကျေးရွာမှ တောင်သူဦးဟန်မြင့်က ပြောသည်။
ရွာသစ်ကျေးရွာမှ ဦးမြင့်မြတ်ကလည်း “အရင်ကတော့ ကျနော်တို့ရွာက မူးမြစ်ဘေးမှာ ရှိတဲ့အတွက် လယ်တွေ စိုက်တယ်၊ မြေပဲ၊ ပြောင်းစတာတွေကို စိုက်ခဲ့ကြတာ၊ အခုတော့ အင်တိုင်းကုန်းမြေတို့ ကြပ်တီး ကုန်းမြေတွေမှာဆိုတော့ ဘာမှ စိုက်လို့ပျိုးလို့ မရဘူး၊ အင်တိုင်ကုန်းတို့ ကြပ်တီးကုန်းတို့ ဖြစ်နေခဲ့ရင်တောင် ပုံစံ ၇ ပေးခဲ့မယ်ဆိုရင် ဒီလောက်အထိ အခက်အခဲ ရှိကြမှာ မဟုတ်ဘူး”ဟု ပြောသည်။
“ဆည်ထဲမှာ ရေနစ်သွားခဲ့တဲ့ စိုက်ပျိုးမြေတွေ အတွက်တော့ အကုန် ပြန်ရပေမယ့် အခုအချိန်ထိ ပုံစံ ၇ မရကြသေးပါဘူး၊ တပ်မတော်အစိုးရက သစ်တောမြေထဲမှာ ချထားပေးခဲ့တာ ဆိုတော့ ပုံစံ ၇ တော့ လုပ်ပေးမသွားဘူး၊ လက်ရှိအစိုးရ လက်ထက်ကျတော့ တောင်သူတွေအနေနဲ့ ပုံစံ ၇ရှိမှ လုပ်လို့ရ မယ်ဆိုတော့ အချို့တောင်သူတွေက လုပ်ကိုင်လို့ မရလို့ နားထားကြရတယ်၊ ပုံစံ ၇ မရှိတော့ အစိုးရ စိုက်ပျိုးချေးငွေမရ၊ အင်တိုင်းကုန်း၊ ကြပ်တီးမြေများ ဖြစ်သောကြောင့် ကုန်းသီးနှံများသာ စိုက်ပျိုး နေကြရသလို တောင်သူအများစုက လက်လုပ်လက်စား၊ အလုပ်လက်မဲ့များ ဖြစ်ခဲ့ကြရတယ်”ဟု နောင်ဦးကျေးရွာမှ တောင်သူဦးမြတ်မင်းက ပြောသည်။
ထိုစဉ်အချိန်က ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျွန်းလှမြို့ခံ ဦးကျော်ဆွေကလည်း “ရွှေ့ပြောင်းရတဲ့ ရွာတွေနဲ့ ပတ်သက်ပြီး သစ်တောမြေကနေ စိုက်ပျိုးမြေဖြစ်အောင် လုပ်ဖို့ရာ အခုအချိန်ထိ ၂၃ နှစ် ကြာတာတောင် မဖြစ်သေးလို့ တောင်သူတွေက တော်တော်လေးကို အခက်တွေ့ နေကြရတယ်၊ လယ်သမားရဲ့အသက်က ပုံစံ ၇ ပဲလေ၊ ပုံစံ ၇ မရတော့ စိုက်ပျိုးစရိတ် ချေးငွေ မရတဲ့အပြင် အခြားအခက်အခဲတွေလည်း အများကြီး ဖြစ်နေကြရတယ်”ဟု သုံးသပ်ပြောပြသည်။
သဖန်းဆိပ် ရေလှောင်တမံ အောက်ဘက်ဒေသသည် ဧရာဝတီတိုင်းဒေသကြီး အလွန် မြန်မာနိုင်ငံ၏ ဒုတိယ စပါးကျီ ဖြစ်လာခဲ့သော်လည်း ကျွန်းလှဒေသခံ တောင်သူအများစုသည် လယ်ယာမြေ လုပ်ပိုင် ခွင့် လက်မှတ် (ပုံစံ-၇) ကို ယနေ့အထိ မရရှိသေးသဖြင့် တောင်သူများ (ပုံစံ -၇) ရ ရေးအတွက် ကျွန်းလှမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်မှတဆင့် တင်ပြတောင်းဆိုခြင်းများ ပြုလုပ်ထားရာ ယခုအခါ အဆိုပါ ယာမြေများကိစ္စ အပါအဝင် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေး မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ကျွန်းလှမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဖြိုးက ပြောသည်။
“စစ်အစိုးရက အစားပြန်ပေးခဲ့တယ်ဆိုတာက သစ်တောမြေတွေမှာ ပါနေတယ်ဆိုတဲ့ အကြောင်းပြချက် ပေါ့။ လယ်ယာမြေဧက ၃၅၀၀၀ နီးပါးကို (ပုံစံ – ၇) ရရေး တင်ပြခဲ့တာမှာ ဧက ၅ ထောင်လောက်ပဲ ရခဲ့တယ်၊ လယ်ယာစိုက်ပျိုးရေးကို အားကိုး ရပ်တည်နေကြတဲ့ တောင်သူတွေ လယ်ယာမြေ ပိုင်ဆိုင် ခွင့်ရရေးက အရေးကြီး ဖြေရှင်းပေးရမယ့် ပြဿနာတခုပါ၊ လက်ရှိအချိန်ထိ သစ်တောဌာနက မစွန့်လွှတ်ပေးတော့ သဖန်းဆိပ်ဆည်ကြောင့် ဘဝပျက်ခဲ့ရတဲ့ ဒေသခံတောင်သူတွေက အခုအချိန် နလန်မထူနိုင်ကြဘူး ဖြစ်နေတယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးက သုံးသပ်ပြောပြသည်။
ထိုဆည်သည် ရေဝပ်ဧရိယာအတွင်း ကျရောက်သဖြင့် သစ်တောများကိုလည်း ခုတ်ထွင်ရှင်းလင်းခဲ့ရာ၌ ရောင်းတန်း ဝင်သည့်သစ်များကို စစ်အစိုးရနှင့် နီးစပ်သူများ၊ ကုမ္ပဏီများက ကိုယ်ကျိုးစီးပွားအတွက် ခုတ်ယူခဲ့ကြပြီးနောက် ကျန်ရှိနေသည့် သစ်ငုတ်သစ်မြစ်များကို ဒေသခံများအား မလုပ်မနေရ အမိန့် အာဏာဖြင့် ရှင်းလင်းစေခဲ့သည်။
“ကျေးရွာတွေက နေရာသစ်ကို ရွှေ့ပြောင်းရလို့ မိမိတို့အတွက် ဘာမှ မစီမံနိုင်သေးခင်မှာ ရေဝပ်ဧရိယာ ထဲမှာရှိတဲ့ သစ်ပင်တောတောင်တွေကို အပြောင် ရှင်းပေးရမယ်ဆိုပြီး အမိန့်က လာပြန်ပါရော၊ အဲဒီ အမိန့်က တော်တော်လေးကို ယုတ္တိယုတ္တာ မရှိတဲ့ မတရားတဲ့ကိစ္စတခုပဲ၊ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီတွေက သစ်တွေကို ထုတ်သွားပြီး ကျန်တဲ့ငုတ်တွေကိုမှ အမြစ်ကနေလှန်ပြီး ရှင်းပေးခဲ့ကြရ တာ၊ အားလုံးက မကျေနပ်ခဲ့ကြပေမယ့် ကြောက်စိတ်နဲ့ လုပ်ခဲ့ကြရတာ”ဟု ဦးကျော်ဆွေက ပြောပြသည်။
ထိုကဲ့သို့ ခိုင်းစေမှုများအပြင် ဆည်တည်ဆောက်ရေးအတွက် လုပ်အားပေး ခေါ်ယူခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ရသလို သူတို့နေထိုင်ရန် နေရာသစ်ကိုပြောင်းရွှေ့ရခြင်းကြောင့် အခက်အခဲမျိုးစုံနှင့် ဒုက္ခပင်လယ်ဝေခဲ့ကြရသည်။
“ကျနော်တို့ မရွှေ့ပြောင်းခင်မှာ ကိုယ်ခြံထဲမှာရှိတဲ့ အပင်စာရင်းတွေ အရင်ကောက်တယ်၊ အစကတော့ အဲဒီအပင်တွေ အတွက်ပါ လျော်ကြေးပေးမှာ လိုလိုနဲ့ ပြီးတော့မှ ကိုယ့်အိမ်ကိုယ့်ခြံထဲမှာ ရှိတဲ့အပင် တွေကို အပြီးခုတ်ထွင် ရှင်းလင်းပေးရမယ်ဆိုပြီး ဖြစ်သွားတယ်၊ အဲဒီလို သူတို့ခိုင်းလို့လည်း ခုတ် ရတာကို ကိုယ့်သဘောနဲ့ကိုယ် ခုတ်ပါတယ်ဆိုပြီး အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ကြသေးတာ၊ အဲဒီလို လက်မှတ်ထိုးခိုင်းတာကို မထိုးနိုင်ဘူးလို့ ပြောမိတဲ့ ကိုကပ်ကျော်ဆိုတဲ့သူကို မကြာဘူး ရဲစခန်းခေါ်ပြီး စစ်တာဆေးတာတွေ လုပ်ခံခဲ့ရသေးတာဗျ”ဟု ရွာသစ်ကျေးရွာမှ ဦးမြင့်မြတ်က ပြောသည်။
ထိုစဉ်က အာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျွန်းလှမြို့သားများ အလူးအလဲ ခံခဲ့ရသည်။ ထိုသို့ ချိုးဖောက်ခဲ့သော်လည်း ယနေ့အချိန်ထိ တောင်းပန်မှု၊ တာဝန်ယူ တာဝန်ခံမှု တစုံတရာမှ မရှိခဲ့ပါ။
အာဏာပိုင်များက အရှေ့တောင် အာရှတွင် အကြီးဆုံးဆည် တည်ဆောက်နိုင်ပြီဟု ဝင့်ကြွားခဲ့ချိန်တွင် အိုးမဲ့အိမ်မဲ့ဖြစ်ရသော၊ စားဝတ်နေရေး ဒုက္ခရောက်ကုန်သည့် ဒေသခံများထဲမှ အချို့မှာ စိတ်ပင်ပန်းမှု ဒဏ်ကို မခံစားကြနိုင်တော့ဘဲ သက်ကြီးရွယ်အို အချို့နှလုံးရပ်ကာ သေဆုံးခဲ့ခြင်းများ၊ စီးပွားရေး ပျက်ကြရသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းများ၊ စိတ်ဖောက်ပြန်သူများလည်း ရှိကြောင်း ကျွန်းလှမြို့ခံများက ပြောပြသည်။
“အဲဒီလို ရွေ့ပြောင်းပေးခဲ့ကြရလို့ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့သူတွေ၊ စိတ်ဖောက်ပြီးတော့ ဘယ်ရောက်လို့ ရောက်မှန်းမသိဘဲ သေဆုံး သွားရတဲ့သူ တွေလည်း ရှိတယ်၊ ကျနော်တို့ အသိထဲက တယောက်ဆိုရင် စိတ်ဖောက်သွားပြီးတော့ တောထဲမှာ အစာရေစာ ငတ်ပြတ်ပြီး သေသွားတာ မျက်မြင်ပဲ၊ အချို့ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေ သွားတာမျိုးတွေ တောင်ရှိတယ်ဟု နောင်ဦးကျေးရွာမှ တောင်သူ ဦးမြတ်မင်းကဆိုသည်။
“ကျနော်တို့ တောင်းဆိုချင်တာကတော့ ကျွန်းလှမြို့နယ်မှာ ရွှေ့ပြောင်းကျေးရွာတွေများတဲ့အပြင် စိုက်ပျိုးမြေက လည်း ထင်သလောက် မဖြစ်ထွန်းတဲ့ အတွက် တောင်သူကို အခြေခံ မရတာကြောင့် နိုင်ငံတော်စီမံကိန်း တခုအနေနဲ့ စက်မှုဇုန်ကြီးတွေလိုမျိုး ကျွန်းလှဒေသခံတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မယ့် အစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ပဲ ပြောချင်ပါတယ်”ဟု သူကဆက် ပြောပြသည်။
အဆိုပါကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်ရခြင်းမှာ တပ်မတော်အစိုးရ၏ စီမံခန့်ခွဲမှု အလွဲများကြောင့်ဟု ဦးကျော်ဆွေက သုံးသပ်သည်။
“စီမံခန့်ခွဲမှုလား အများကြီးလွဲတာပေါ့ဗျာ၊ ညံ့ဖျင်းတယ်လို့ ပြောလို့ရပါတယ်၊ အများစုက ပြောင်းရွှေ့ရ မယ့် အကြောင်းကို ကြိုတင် မသိခဲ့ကြဘူး။ လအနည်းငယ်လိုမှ သိခဲ့ကြရတာ။ အကုန်လုံး ပူဆွေး သောက ရောက်ခဲ့ကြရတယ်။ အခက်အခဲတွေကတော့ အများကြီးပေါ့။ ကိုယ့်ရဲ့ မွေးရပ်မြေကို ဘယ်သူ တွေက ခွဲခွာချင်ကြပါ့မလဲ၊ အချို့လူကြီးတွေဆို အဲဒီကရတဲ့ စိတ်ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ကြရ တယ်၊ အချို့ဆိုရင် အဆုံးစီရင်တာမျိုးတွေ လုပ်ကြတယ်၊ ရူးကုန်တဲ့သူတွေတောင် ရှိတယ်”ဟု ဦးကျော်ဆွေက ပြောပြသည်။
ယခုအခါ သဖန်းဆိပ်ဆည်ကြီးသည် နိုင်ငံ၏ဘဏ္ဍာကို ရရှိစေသလို ဆည်အောက်ဘက်ရှိ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ ရေဦး၊ စစ်ကိုင်းစသည့် ၁၀ မြို့နယ်ရှိ စိုက်ဧကများကို စိုက်ပျိုးရေ ပေးဝေလျက်ရှိသောကြောင့် တောင်သူများအား များစွာ အကျိုးပြုနေလျက်ရှိကြောင်း သိရသည်။
တပ်မတော်အစိုးရ လက်ထက်တွင် ကျွန်းလှမြို့နယ်အတွင်းက ရွှေ၊ ရေနံ၊ မြေဖယောင်း၊ သစ်၊ ဂက်စ်များ ထွက်ရှိခဲ့ပြီး ကျွန်းလှမြို့ မော်ကယ် ရေနံမြေသည် နာမည်ကြီး ရေနံမှော်တခုအဖြစ် ယနေ့တိုင် တည်ရှိနေကြောင်း သိရသည်။
“စီမံကိန်းတခုကြောင့် ပြောင်းရွှေ့ရတော့မယ်ဆိုရင် နိုင်ငံတော်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ် ဆောင်ထားဖို့ လိုတာပေါ့၊ ဘယ်အစိုးရပဲ ဖြစ်နေ ဖြစ်နေ လုပ်ဆောင်ပေးရမယ့် တာဝန်ရှိတယ်၊ ပြောင်း ရွှေ့ရမယ့်သူတွေအတွက် နေထိုင်မှုကအစ အကုန်လုံး စီမံပေးထားဖို့ လိုအပ်တာပေါ့၊ ဒေသခံတွေ နစ်နာမှုမရှိဖို့ အရေးကြီးဆုံးပဲ၊ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ဒေသခံတွေရဲ့ဘဝတွေ အများကြီးနစ်နာ ခဲ့ရပြီး သူတို့ရင်ဘတ်တွေထဲ မှာလည်း ဆူးတွေနဲ့ ပြည့်နှက်ကုန်တယ်” ကျွန်းလှမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက ပြောပြသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဒေသလိုအပ်ချက်များအရ ဟုဆိုကာ ရေလှောင်တမံပေါင်း ၂၃၅ ခု၊ ရေလွှဲဆည် ၁၀၇ ခု၊ ကန် ၇၁ ခု၊ ရေတံခါး ၁၆၈ ခုတို့ကို တည်ဆောက်ပေးထားပြီး ဖြစ်သလို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆည်/ကန် စုစုပေါင်း ၁၅၇ ခုအား ပြုပြင်တည်ဆောက်သွားရန် လျာထားသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်အတွင်း ဖြေကြားထားမှုများအရ သိရသည်။