“ငေါ့ချမ်းခဟာ ဟင်းတခွက်ဖြစ်တယ်။ သတ္ထုတူးတာတွေ ရှိတော့ ရေနောက်တယ်။ ငါးမစားရဲတော့ဘူး။ မြစ်ရေ အဆိပ်သင့်နေတာ။ တချို့က ရေနောက်လည်း သွားကြ၊ လာကြ၊ သုံးကြတယ်။ ရေအဆိပ် သင့်နေတော့ လူမျိုးတုံးကုန်မယ်။ ကျွဲ၊ နွားက ချိုနဲ့ကိုယ် မမျှတော့ ဒီနေ့ရေနောက်ရင် ဒီနေ့ အဆိပ်စားနေရ သလိုပဲ”
အထက်ပါ အခြေအနေမှာ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ငေါ့ချမ်းခ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ငေါ့ချမ်းခ ချိုင့်ဝှမ်းလွင်ပြင်ဒေသ၏ လတ်တလော အရေးပေါ်အခြေအနေ ဖြစ်ပါသည်။ အဆိုပါ အခြေအနေများကို ၂၀၀၉ ခုနှစ် Biodiversity and Nature Conservation Association (BANCA) ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာ (Environmental Impact Assessment (Social Investigation) on Hydropower Development of Ayeyawady River Basin Above Myitkyina, Kachin State, Myanmar – 2009) တွင် ဖော်ပြထားပြီးဖြစ်သလို၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ထုတ် ကချင်ပြည်နယ်ရှိ သတ္ထုတူးဖော်မှုများနှင့် ပတ်သက်သည့် Radio Free Asia ၏သတင်း – Residents Call for End to Mining Activities in Myanmar’s Kachin state တွင်လည်း ရေးသားထားပြီးဖြစ်ပါသည်။
သို့သော် အခြေအနေများမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က အခြေအနေများအတိုင်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။
ငေါ့ချမ်းခ မြစ်ဝှမ်းဒေသ တလျှောက်သို့ ယခုနှစ် (၂၀၁၉) ဧပြီလနှင့် မေလတွင် ရောက်ဖြစ်ပါသည်။ ဤခရီးစဉ်မှာ မေခ၊ မလိခ မြစ်ဝှမ်းဒေသရှိ သဘာဝပတ်ဝန်းကျင် အခြေအနေများနှင့် လူနေမှုဘဝများကို လေ့လာရန် ဖြစ်သည်။ ထို့အတွက် မေခမြစ်ဝှမ်းဒေသနှင့် တဆက်စပ်တည်း ရှိနေသည့် ငေါ့ချမ်းခ မြစ်ဝှမ်းဒေသလည်း လေ့လာရေးအစီအစဉ်တွင် ပါဝင်ခဲ့ပါသည်။ ငေါ့ချမ်းခမြစ်၏ ဇာတ်ကြောင်းကို ခရီးစဉ် အတွင်း မြင်တွေ့ခဲ့ရသည့်အတိုင်း၊ ကြားခဲ့ရသည့်အတိုင်း တိတိကျကျ အသေးစိတ် မှတ်သားထားခဲ့ပါသည်။
ယခု လေ့လာချက်မှတဆင့် ငေါ့ချမ်းခ မြစ်ဝှမ်းဒေသ၏ အရေးအပေါ် အခြေအနေများကို ထပ်ဆင့် အသိပေး လိုပါသည်။ ဤအရပ်ဒေသသည် မြစ်တစင်းအပေါ် မှီခိုရှင်သန်ရသည့် လူမှုရပ်ဝန်းဖြစ်သည်။ မြစ်ရေ သုံးမရတော့သည်မှာ နှစ်ကာလ အတော်ကြာပြီဖြစ်ရာ မြစ်ဝှမ်းတလျှောက်တွင် အခြေချ နေထိုင်ကြသည့် ဌာနေမျိုးနွယ်စုများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အသက်ရှင်သန်ရေးမှာ စိုးရိမ်ဖွယ် ဖြစ်နေပါသည်။
ရေရှည်တွင် ငေါ့ချမ်းခမြစ်ဝှမ်း မျိုးနွယ်စုများ လူမှုအသိုက်အမြုံ ပြိုကွဲခြင်း၊ ပျောက်ကွယ်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ဤအရေးကို ဆက်လက် လျစ်လျူမရှုသင့်တော့ပါ။
ငေါ့ချမ်းခ မြစ်ဝှမ်းဒေသဆိုသည်မှာ
ငေါ့ချမ်းခ မြစ်ဝှမ်းဒေသမှာ ကချင်ပြည်နယ် အရှေ့ဖက်ခြမ်းတွင်ရှိပြီး တရုတ်ပြည် နယ်နိမိတ်နှင့် ထိစပ် နေသည်။ အရှေ့ဖျား ဟိမဝန္တာဒေသတွင်ပါရှိသော အဆိုပါ အရှေ့မြောက်ဖက်ရှိ တောင်တန်းများမှာ ပေပေါင်း ၁၀၀၀ မှ ၁၆၀၀၀ အမြင့်ရှိသည်။ ငေါ့ချမ်းခ မြစ်သည် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဖီမော် တောင်တန်းများဆီမှ မြစ်ဖျားခံ စီးဆင်းနေသည်။ အဆိုပါ နယ်စပ်ဒေသရှိ ပေ ၁၂၀၀၀ ကျော်ခန့် မြင့်သည့် ရေခဲဖုံးလွှမ်းနေသည့် ကာအိုလီကွန် တောင်တန်းကြီးမှ စီးဆင်းလာသည့် ချောင်းနှစ်သွယ်သည် တောင်ခြေတွင် ပေါင်းဆုံပြီး ငေါ့ချမ်းခမြစ် ဖြစ်တည်လာခဲ့သည်။
စတင် မြစ်ဖျားခံရာဒေသတွင် မြောက်မှ တောင်သို့ ဒေါင်လိုက် စီးဆင်းပြီး မြစ်အလယ်ပိုင်းတလျှောက် အရှေ့မှ အနောက်သို့ အလျားလိုက် စီးဆင်းကာ၊ မြစ်အောက်ပိုင်းတွင် တောင်မှမြောက် (အထက်အရပ်) သို့ ပြန်လည်စီးဆင်းသည်။ အင်္ဂလိပ် အက္ခရာ ယူ (U) ပုံသဏ္ဍာန်ရှိသည်။ မြစ်ကြောင်းမှာ မိုင်ပေါင်း ၁၁၀ ခန့် ရှည်လျားပြီး ချီဖွေနှင့် ဆော့လော်မြို့နယ်များကို ဖြတ်သန်း စီးဆင်းသည်။
အဆိုပါ မြစ်ဝှမ်းတလျှောက်တွင် ချောင်းလက်တက်ပေါင်း မြောက်များစွာတို့သည် ကုန်းမြင့်တောင်တန်းများ ဆီမှ သွယ်ကာရစ်ကာ စီးကျလာကာ တောင်တန်းများခြေရင်း ချိုင့်ဝှမ်းလွင်ပြင် တလျှောက် စီးဆင်းနေသည့် ငေါ့ချမ်းခ မြစ်ထဲသို့ စီးဝင်နေကြသည်။ မြင့်မားသည့် တောင်တန်းများ၊ မြစ်ချောင်းများနှင့်အတူ စိမ်းစိုသည့် ချိုင့်ဝှမ်း လွင်ပြင်များ ဖြစ်ထွန်းနေသည်။ အဆိုပါ ချိုင့်ဝှမ်းလွင်ပြင်များမှာ အပြန့်ကျယ်ကာ မြေဆီမြေနှစ် ကောင်းသည်။
မြစ်ဝှမ်းတလျှောက် သေသပ်လှပပြီး ကျယ်ပြန့်သည့် ကုန်းမြင့် လှေကားထစ်စိုက်ခင်းများ ရှိသည်။ ဒေသစပါးမျိုးရင်း ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သုတေသန မှတ်တမ်းများအရ သိရှိရပြီး လက်ရှိတွင် ဒေသ စပါးမျိုးရင်းများကို စိုက်ပျိုးလုပ်ကိုင် နေကြဆဲဖြစ်သည်။ ဤမြစ်ကြောင်းတလျှောက်တွင် လရှီ (ခေါ်) လာချိဒ်၊ ငေါ့ချမ်း (ငေါ့ချန်း) (လာချိဒ်မျိုးနွယ်စုဝင်)၊ မရူ (ခေါ်) လော်ဝေါ် မျိုးနွယ်စုများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်ကပင် ကျေးရွာများတည်ထောင်ပြီး အခြေချနေထိုင်လာခဲ့ကြသည်။ နောက်ပိုင်းတွင် လီဆူ လူမျိုးများလည်း ဤဒေသသို့ ဝင်ရောက်အခြေချ နေထိုင်လာခဲ့ကြသည်။
ဤမြစ်ဝှမ်းလွင်ပြင်ဒေသတွင် ကျေးရွာ ၁၇ ရွာ၊ ဌာနေလူဦးရေ ၄၅၀၀ ကျော် အခြေချနေထိုင်ကြသည်။
ဤအရှေ့မြောက်ဖျား ဒေသကို ကမာ္ဘကျော် ရုက္ခဗေဒပညာရှင် F.Kingdon Ward က Nmai Kha- Than Lwin Division (မေခ၊ သံလွင်ဒေသ) ဟု ခေါ်ဆိုခဲ့ပြီး၊ အဆိုပါဒေသသည် ကမာ္ဘ့ ဇီဝစုံ ပေါကြွယ်ဝသည့် ဒေသများထဲမှ အရေးပါသည့် အထင်ကရ နေရာတခုဖြစ်ကြောင်း ယူနန်တက္ကသိုလ်၏ ၁၉၉၉ ခုနှစ်ထုတ် Unique Flora of Yunnan သုတေသန စာစောင်တွင် ဖော်ပြထားသည်။ စာအုပ်စာတမ်း အများအပြား တွင်လည်း အဆိုပါ အရှေ့မြောက်ဖျား ဒေသ၏ ဇီဝစုံ ပေါကြွယ်ဝမှုကို တခမ်းတနား ရေးသား ဖော်ပြခဲ့ကြ ထားပြီး ဖြစ်သည်။ တဖက်တွင်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကာလများမှစ၍ စစ်အစိုးရ၏ စီးပွားရေး မူဝါဒ အပြောင်းအလဲနှင့်အတူ ကျွန်းသစ် တင်ပို့မှု အရှိန်တိုးမြင့် လာခဲ့သည်။
၁၉၉၄ ခုနှစ်နောက်ပိုင်း ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIA) နှင့် စစ်အစိုးရအကြား အပစ်အခတ် ရပ်စဲရေး သဘောတူပြီးနောက် အဆိုပါ နယ်မြေများတွင် စစ်အစိုးရနှင့် ၎င်းတို့ စီးပွားရေးအကျိုးဆိုင် အစုအဖွဲ့များပါ ပါဝင်လုပ်ဆောင်ခွင့် ရရှိလာကာ သစ်ထုတ်လုပ်မှု တရကြမ်းဖြစ်လာခဲ့သည်။ လက်ရှိတွင် အဆိုပါ မြစ်ဝှမ်းဒေသတလျှောက် သစ်တောများ ပါးလျနေပြီး တောငှက်ပျောရိုင်းပင်များသာ ကြီးစိုးနေတော့သည်။ ဇီဝစုံကြွယ်ဝသည့် ကမာ္ဘ့ထိပ်တန်း နေရာတခုဆိုသည့် ဂုဏ်ပုဒ်မှာ ယုံတမ်း ပုံပြင်သာ ဖြစ်ရတော့သည်။ စာအုပ်စာတမ်းများမှ တဆင့် သိရှိထားခဲ့ဖူးသည့် ငေါ့ချမ်းခ ဒေသနှင့် လက်တွေ့ မြင်ရသည့် ငေါ့ချမ်းခမှာ အလှမ်းကွာလွန်းလှသည်။
လက်ရှိတွင် သစ်တော အကာကွယ်မဲ့ခြင်း၊ သတ္ထုတူးဖော်မှုများ အများအပြားရှိနေခြင်း၊ မြစ်ရေ အဆိပ်သင့်ခြင်း၊ မြစ်ကြောင်းတလျှောက် ဆည်စီမံကိန်းများ ရှိနေခြင်း စသည့် အခြေအနေများသည် ငေါ့ချမ်းခ၏ သရုပ်သကန်များပင် ဖြစ်တော့သည် (ငေါ့ချမ်းခဆည် စီမံကိန်းများနှင့် ပတ်သတ်၍ ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ (KDNG) ၏ ငေါ့ချမ်းခ လွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း အစီရင်ခံစာ (သြဂုတ်လ၊ ၂၀၁၇) တွင် အကျယ် လေ့လာနိုင်ပါသည်)။
လက်တလော အခြေအနေ
ကျမတို့ ငေါ့ချမ်းခ မြစ်ဝှမ်းဒေသတလျှောက် ကားလမ်းအတိုင်း သွားခဲ့ကြသည်။ မြစ်ကြောင်းတလျှောက် ဒေသခံ များနှင့် တွေ့ဆုံခဲ့သည့် နေရာများမှာ မေခမြစ်ထဲသို့ စီးဝင်သည့် နေရာ (မန်ကျီရွာ) နှင့် ၁၀ မိုင်ခန့် ဝေးသည့် လခမ်ရွာ၊ မြစ်အလယ်ပိုင်းရှိ ထော့ဂေါရွာ (Htaw Gawt)၊ နုဇွန်ဘောင်ရွာ (Nu Zung Baung) နှင့် ထွန်းရှိန် (ထွန်းရှန်) (Thoem Sheing) ရွာ၊ တရုတ်ပြည်နယ်စပ် မြစ်အရှေ့ဖျားပိုင်းရှိ ဖီမော် (Hpi Maw) ဒေသတို့ဖြစ်သည်။
ဆိုက်ရောက်ရာဒေသရှိ ဒေသခံများနှင့် တွေ့ဆုံ မေးမြန်ချက်များနှင့် လမ်းခရီးတလျှောက် မြင်တွေ့ရသည့် အခြေအနေများအပေါ် ခြုံငုံကြည့်ပါက ငေါ့ချမ်းခမြစ်ဝှမ်းလွင်ပြင် ဒေသအခြေအနေမှာ ဂေဟစနစ် အလွန်အကျွံ ထိခိုက်ပျက်စီးခြင်းကို ရင်ဆိုင်နေရသည်။ ငေါ့ချမ်းခမြစ်ကို စတင်တွေ့ရသည့် ဖီမော် – ဆော့လော် လမ်းဆုံမှ တရုတ်ပြည်နယ်စပ် ဖီမော်ဒေသအထိ မြစ်ကြောင်းတစ်လျှောက်တွင် ကြည်လင်သည့် မြစ်ရေကို မမြင်တွေ့ခဲ့ရပါ။ မြစ်ကြောင်းတလျှောက် သွားခဲ့သည့် မတ်လ ၃၀ ရက် မှ ဧပြီလ ၃ ရက်အတွင်း မြစ်ရေမှာ တချို့နေရာများတွင် အမည်းရောင်၊ နေရာအတော်များများတွင် ရွှံ့ရေအရောင် ညိုပြစ်ပြစ်အသွင်ရှိသည်။ ရပ်နားထားသည့် သတ္ထုတွင်းများ၊ လည်ပတ်နေဆဲ သတ္ထုစက်ရုံ အငယ်စားများကို မြစ်ကြောင်း တလျှောက် တွေ့ရသည်။
မြစ်အတွင်းသို့ အဆိုပါ စက်ရုံများမှ စွန့်ပစ်ရေဆိုးများ စီးဝင်နေသည်ကိုလည်း တွေ့ခဲ့ရသည်။ အဆိုပါ မြစ်ရေ ညစ်ညမ်းမှုနှင့်အတူ လူနှင့် တိရစာ္ဆန်များအတွက် ရေနှင့် အစားအစာ အရင်းအမြစ်များ ရှားပါးလားခြင်းတို့ကို ကြုံတွေ့နေရသည်။
ဒေသခံများ၏ ပြောကြားချက်များ
ကျမတို့ သွားခဲ့ကြသည့် ငေါ့ချမ်းခမြစ်ကြောင်း တလျှောက်ရှိ ရွာတချို့မှ ဒေသခံများနှင့် တွေ့ဆုံပြီး မြစ်ရေ အခြေအနေ၊ မြစ်နှင့် ပတ်သတ်သည့် ခံစားချက်များကို ရေးသား မှတ်တမ်းတင်ခဲ့ပါသည်။
ဆော့လော်မြို့နယ်၊ လခမ်ရွာမှ သက်လတ်ပိုင်း ဒေသခံတဦးက “လူအချင်းချင်းပဲ ဝမ်းနည်းတာမဟုတ်၊ ဒီအရပ်မှာ ငယ်ငယ်ကတည်းက နေလာတာ၊ မြစ်ရေနောက်ပြီဆို ဝမ်းနည်းတာ မျက်ရည်တောင်ကျတယ်။ ဒီမြစ်ချောင်းကို မှီခိုပြီး ကျောင်းတက်တာ၊ ငါးတွေဖမ်းပြီး ဆော့လော်ဖက် သွားရောင်းပြီး ဖိနပ်ဝယ်စီးတယ်၊ ၂၀၀၄ နောက်ပိုင်း ငါးရှားလာတယ်။ သတ္ထုတူးတော့ ရေနောက်လာတယ်။ မိန်းမရယ် …၊ ငေါ့ချမ်းခ ရေနောက်တာ ငါအရမ်း ခံပြင်းတယ်လို့ ပြောမိတယ်။ ဧည့်သည်လာရင် ပိုက်ကွန်တချက် ပစ်လိုက်တာနဲ့ စားစရာရတယ်၊ ကြည့်လိုက်ရင်တော့ ရေတွေစီးနေတာတွေ့မယ်၊ ဒါဟာ ကျနော်တို့အတွက်က ပိုက်ဆံပဲ။ ငေါ့ချမ်းခမြစ်ကို မှီခိုပြီးနေကြရတာပဲလေ။ ဒါကိုဘာ့ကြောင့် နောက်အောင် လုပ်ရတာလဲ၊ ဒါလောက်တောင် မသိတော့ဘူးလား၊ မကြည့်ကြတော့ဘူးလား” ဟု ပြောသည်။
ထို့အတူ ဆော့လော်မြို့နယ် ငမောချောင်းနှင့် ငေါ့ချမ်းခဆုံသည့် ငမောဇွပ်ရွာမှ အသက် ၇၀ ကျော် ဒေသခံ အဘတဦးကလည်း အလားတူ အခြေအနေကို ပြောပြသည်။
“၁၉၉၄ နောက်ပိုင်း ၂၀၀၄ ခုနှစ် အရင် ကာလတွေမှာ သစ်ထုတ်၊ သတ္ထုတူးတာ တရကြမ်းပဲ။ ဒီနားတကြော သတ္ထုတွင်း နေရာ ၅ ခုရှိတယ်။ ကန်းဖန့်၊ လိုင်ဂမ်၊ လုတ်နော့လျန်၊ နူးကြုတ်နဲ့ ထိန်ထော (ဒေသခံ၏ စာလုံးပေါင်းအတိုင်းဖော်ပြပါသည်)။ အခုက ရေမသန့်တော့၊ ငါးတွေလည်း သိပ်မရှိတော့၊ အဆပ်သင့် ကုန်တယ်။ နွားတွေဆိုလည်း ဒီရေကိုပဲ သောက်ရတဲ့အတွက် ပိန်လှီပြီး သေကုန်တယ်”
ကျမတို့ တည်းခိုသည့် ငေါ့ချမ်းခ မြစ်နှင့် မလှမ်းမကမ်းတွင် တည်ရှိသည့် ထွန်းရှိန်ရွာ (ချီဖွေမြို့နယ်) မှ ဒေသခံများမှာလည်း အဆိုပါ အခြေအနေများကို ကြုံတွေ့နေရသည်။
“ငေါ့ချမ်းခချောင်းဖျားမှာ သတ္ထုလုပ်တော့ ချောင်းထဲကိုစီးဝင်ပြီး ငါးတွေသေတယ်။ အရင်က ကိုယ့်ငါးပဲကိုယ်စားတာ၊ အခုတော့ တရုတ်ကလာရောင်းတဲ့ ငါးဝယ်စားရတယ်။ ငါးနည်းနည်း ရှိသေးပေမယ့် စားလို့မရတော့တာ ၁၀ နှစ်လောက်ရှိပြီ။ လူကြီးတွေကိုပြောတာတော့ အကြိမ်ကြိမ်ပါပဲ။ ပြောလိုက်ရင်တော့ ၁ လ၊ ၂ လ ပြန်ကြည်လာတယ်” ဟု ဒေသခံတဦးက ဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ ငေါ့ချမ်းခမြစ်ရေမှာ အမြဲနောက်နေတတ်ပြီး ဖီမော်ဒေသဖက်သို့ လူကြီးခရီးစဉ် ရှိသည့်ရက်များနှင့် တရုတ်နှစ်သစ်ကူး ကာလတွင်သာ ရေကြည်သည်ဟု သိရသည်။
အထက်ပါ အဖြစ်အပျက်များမှာ ဌာနေများ ယနေ့တိုင် နေ့စဉ် ကြုံတွေ့နေရသော အခြေအနေများ ဖြစ်သည်။ ငေါ့ချမ်းခအရပ်ဒေသ၏ အရပ်မျက်နှာ ပတ်ပတ်လည်တွင် တဝေါဝေါကျနေသည့် ရေစီးသံကို ကြားရသော်ငြား၊ ရေများ ဖွာရကြဲ မြင်တွေ့နေရသော်ငြား ရေကို သုံးမရတော့ပါ။ သားငါး ရှားပါးသည့် အခြေအနေကို ကြုံနေရသည်။ တောင်ပေါ်ရပ်ဝန်း ဒေသတွင် နေကြသည့်သူများမှာ နေ့စဉ် အစားအသောက် အတွက် ငွေကြေးကို အဓိက မှီခိုစရာမလိုပါ။ တော၊ တောင်၊ မြစ်၊ ချောင်းတို့ရှိသည်။ ထိုအရာများမှ အစားအစာ အာဟာရကိုပေးသည်၊ နေစရာကိုပေးသည်။ ဤအရာများကို ပျက်စီး စေခြင်းသည် ဌာနေများ၏ လူ့အသိုက်အမြုံ ပြိုကွဲခြင်းဆီသို့ ဦးတည်စေပါသည်။
အထက်ပါ အခြေအနေများအတွက် မြစ်ရေနောက်ကျိခြင်း၏ အကြောင်းရင်းများကို ဆက်လက် တင်ပြပါမည်။
မြစ်ကြောင်း၏ ပထဝီအနေအထားနှင့် မြစ်ရေအခြေအနေ
ငေါ့ချမ်းခမြစ်သည် အရှေ့မှအနောက်သို့ စီးဆင်းနေသည်။ မြစ်စတင်ရာ တရုတ်ပြည်နယ်စပ်မှ မေခမြစ် တည်ရှိရာ အနောက်ဖက် ကုန်းမြင့်တောင်ကြားဆီသို့ သွယ်တန်း စီးဆင်းနေသည်။ အဆိုပါ စ မှတ်နှင့် ဆုံးမှတ်ကြားတွင် ချီဖွေနှင့် ဆော့လော်မြို့နယ်များ တည်ရှိသည်။ ငေါ့ချမ်းခမြစ် အရှေ့ဖျား တစိတ် တဒေသသည် မြန်မာနိုင်ငံနှင့် ယူနန်နယ် (တရုတ်ပြည်) ၏ နယ်နိမိတ်မျဉ်းပေါ်တွင် တည်ရှိသည်။ ထို့အတွက် ငေါ့ချမ်းခသည် မြန်မာပြည် အတွင်းမှာပင် စတင်မြစ်ဖျားခံပြီး မြန်မာပြည်တွင်းမှာပင် အဆုံးသတ် သော်လည်း အရှေ့ မြစ်ဖျားဒေသ၏ တစိတ်တဒေသမှာ တရုတ်ပြည် (ယူနန်ပြည်နယ်) နှင့် နယ်နိမိတ် ဝေမျှထားသည်။ နယ်နိမိတ် ဖြတ်ကျော်စီးဆင်းနေသည့် မြစ်ဖြစ်သည်။
မြစ်ရေနောက်သည့် အကြောင်းရင်းများထဲတွင် တရုတ်ပြည်နယ်ဖက်ရှိ သတ္ထု စွန့်ပစ်ရေများကြောင့်ဟု ဒေသခံများက ပြောသည်။ BANCA ၏ ၂၀၀၉ ခုနှစ် အစီရင်ခံစာတွင် အဆိုပါ ပြဿနာကို အောက်ပါ အတိုင်း တင်ပြထားပြီးဖြစ်သည်။
“တရုတ်ပြည် နယ်နိမိတ်အတွင်း (N26’06’107’ နှင့် E098’34’798”) တွင် သတ္ထုသန့်စင် စက်ရုံတရုံရှိသည်။ ထိုစက်ရုံသည် တရုတ်ပြည်ဖက်ခြမ်း ငေါ့ချမ်းခမြစ် အရှေ့ဖက်ကမ်းတွင်ရှိပြီး မြန်မာပြည်ဖက်ခြမ်းရှိ ဂါလန်ရွာ (Gur-lan) ၏ မြစ်ညာဖက် (မြစ်အထက်ပိုင်း) တွင် ရှိသည်။ အဆိုပါ သတ္ထုသန့်စင်စက်ရုံ၏ အထက်ပိုင်း မြစ်ရေမှာ စိမ်းပြာရောင် ကြည်လင်နေပြီး စက်ရုံ၏ အောက်ဖက် မြစ်အောက်ဖက်ရေမှာ စက်ရုံ စွန့်ပစ် ဓာတုရည်များကြောင့် အနီရောင် ဖြစ်နေသည်။
လွန်ခဲ့သည့် ၃ နှစ်အတွင်း ဂါလန်ရွာမှ မေခမြစ်ထဲသို့ ငေါ့ချမ်းခမြစ် စီးဝင်သည့် နေရာအထိ ၁၁၃ ကီလိုမီတာ ရှည်လျားသည့် မြစ်ကြောင်းတလျှောက် မြစ်ရေမှာ အနီရောင် ညစ်ညမ်းနေသည်”
ဂြိုဟ်တုမြေပုံတွင် အသေးစိတ်ကြည့်ပါက အဆိုပါ နယ်စပ်မျဉ်းပေါ်ရှိ ငေါ့ချမ်းခမြစ်ဘေးတွင် စက်ရုံငယ် သဏ္ဍာန် အဆောက်အဦများကို တွေ့နိုင်သည် (အောက်ပါဓာတ်ပုံကို ကြည့်ပါ)။ ငေါ့ချမ်းခမြစ်သည် နယ်နိမိတ် ဖြတ်ကျော်မြစ်တစင်း ဖြစ်သည့်အတွက် နယ်နိမိတ်ထိစပ်နေသည့် ယူနန်ပြည်နယ်နှင့် ကချင် ပြည်နယ်အကြား အဆိုပါအရေးကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သင့်သည် ဟုလည်း အထက်ပါ အစီရင်ခံစာ (၂၀၀၉) တွင် တင်ပြထားပြီးဖြစ်သည်။
သို့သော် ယနေ့တိုင်အောင် မြစ်ထဲသို့ သတ္ထုစွန့်ပစ်ရေများ စီးဝင်နေဆဲ၊ မြစ်ရေမှာ ညစ်ညမ်းဆဲ ဖြစ်သည်။
ထို့အတူ မြန်မာပြည် နယ်နိမိတ်အတွင်းရှိ ငေါ့ချမ်းခ မြစ်ကြောင်းတလျှောက်တွင်လည်း သတ္ထုစက်ရုံများဟု ယူဆရသော လုပ်ငန်းလည်ပတ်နေသည့် အဆောက်အဦ ငယ်များ အစုအဝေးကိုလည်း ထွန်းရှိန်ရွာမှ ဖီမော် ဒေသအသွား လမ်းတလျှောက်တွေ့ရသည်။ သတ္ထုစက်ရုံများ ဖြစ်ကြောင်း ကျမတို့နှင့် အတူလိုက်ပါ လာသည့် ဒေသခံက အတည်ပြုသည်။ နုဇွန်ဘောင်ရွာအကျော် (ဖီဖော်ဒေသမရောက်ခင်) နူးကြုတ်ရွာ (Nu Kyout) အနီးတွင် တောင်ပေါ်ရှိ သတ္ထုစက်ရုံဟု ယူဆရသော အဆောက်အဦငယ် အစုအဝေးဆီမှ အမည်းရောင် ရှိသည့် ရေများ တောင်ခြေရှိ ငေါ့ချမ်းခမြစ်ဆီသို့ ဒလဟောစီးကျနေသည်ကို တွေ့ရသည်။
မြစ်ရေ နောက်ကျိရခြင်း အကြောင်းရင်းများတွင် သတ္ထုတူးဖော်မှုများ အဓိကဖြစ်သည်။ မြန်မာပြည်အတွင်း မြစ်ဝှမ်းတလျှောက် သတ္ထုလုပ်ကွက်များမှ စွန့်ပစ်ရေများ မြစ်အတွင်း စီးဝင်နေသကဲ့သို့၊ တရုတ်ပြည်ဖက် သတ္ထုသန့်စင် စက်ရုံများမှ စွန့်ပစ်ရေများလည်း မြစ်အတွင်းသို့ စီးဝင်နေသည်။ အဆိုပါ သတ္ထုတူးဖော် နေမှုများမှာ မည်သည့်ကုမ္ပဏီမှ လာရောက်လုပ်ဆောင် နေသည်ကို ဒေသခံများ ဂဃနဏမသိပါ။
ယေဘုယျအားဖြင့် တရုတ်လုပ်ငန်းရှင်များ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ RFA ၏ ၂၀၁၈ သတင်းဖော်ပြမှုတွင် ကချင်ပြည်နယ် ချီဖွေနှင့် ပန်းဝါမြို့နယ်ရှိ သတ္ထု လုပ်ကွက်များကို နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ် ခေါင်းဆောင်များနှင့် ပတ်သက်ဆက်စပ်သော ကုမ္ပဏီများက လုပ်ဆောင်နေပြီး ပြည်တွင်း လုပ်ငန်းရှင်များမှတဆင့် တရုတ်ကုမ္ပဏီများက မှတ်ပုံတင် လုပ်ကိုင်ခွင့် ရရှိထားသည်ဟု ဖော်ပြထားသည်။
ငေါ့ချမ်းခ မြစ်ရေနောက်ကျိရခြင်းသည် ပြည်တွင်းရှိ သတ္ထုလုပ်ကွက်များနှင့် သက်ဆိုင်သကဲ့သို့၊ မြစ်တည်ရှိပုံ နယ်စပ်ဖြတ်ကျော် အနေအထားနှင့်လည်း ပတ်သက်နေသည်။ ထို့အတွက် ပြည်တွင်းရှိ သတ္ထုလုပ်ကွက်များကို စိစစ်ရန်လိုအပ်သည့်အပြင် နှစ်နိုင်ငံ (အထူးသဖြင့် ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ်) အကြား မြစ်ရေညစ်ညမ်းမှုနှင့် ပတ်သတ်၍ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါမည်။
နိဂုံး
ငေါ့ချမ်းခ မြစ်ဝှမ်းဒေသသည် ပထဝီမြေပြင်အရ၊ လူမှုစီးပွား အခြေအနေအရ၊ နိုင်ငံရေးအရ အခြား ဒေသများနှင့် ကူးလူး ဆက်သွယ်မှုနည်းသည်။ ဤဒေသအကြောင်း ကြားရခဲသည်။ ၁၉၉၄ ခုနှစ် အစိုးရ စစ်တပ်နှင့် ကချင်လက်နက်ကိုင် အဖွဲ့အကြား အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း သစ်ထုတ်လုပ်မှု၊ သတ္ထု တူးဖော်မှုများ တရကြမ်း ရှိလာခဲ့ပြီး စီးပွားရေးလုပ်ပိုင်ခွင့်နှင့် နယ်မြေစိုးမိုးမှုအရ တိုင်းရင်သားလက်နက်ကိုင် အုပ်စုများ၊ စစ်တပ်နှင့် ၎င်းတို့နှင့် ပတ်သက်ရာ စီးပွားရေး လုပ်ငန်းရှင်များအကြား အကျိုးစီးပွား ပတ်သက်မှုမှာ ရှုပ်ထွေးသည်။
လက်ရှိကာလ အထိ လမ်းပမ်းဆက်သွယ်ရေးနှင့် တယ်လီဖုန်း ဆက်သွယ်ရေး အဆင်မပြေပါ။ ချီဖွေမြို့အထိသာ လမ်းနှင့် တယ်လီဖုန်း ဆက်သွယ်ရေး အဆင်ပြေသည်။ ထိုမှအလွန် ကချင်ပြည်နယ် အရှေ့မြောက်ဖျားဒေသများမှာ သွားလာရခက်ခဲသော အမေ့ခံနယ်ပယ်များသာ ဖြစ်တော့သည်။ ဤဒေသ၏ အရေးပေါ် အခြေအနေများကို ရောက်ဖူးသူများက သုတေသန အစီရင်ခံစာများ ရေးသားကြ၊ ထုတ်ပြန်ထားကြ ပါသော်လည်း နိုင်ငံရေးအာဏာ ရှိသူများအနေဖြင့် အရေးတယူ စဉ်းစားသည့် အခြေအနေသို့ မရောက်ရှိပါ။
မြစ်သည် မြစ်သက်သက်သာ ဖြစ်၍၊ တောတောင် သဘာဝပေါက်ပင်များ သည်လည်း သူ့အသွင်နှင့်သူ ဖြစ်တည်နေကြပြီး ဒေသခံများလည်း သူတို့ဘာသာဘာဝ နေထိုင်ကြသည်ဟု ယူဆကြပုံရပါသည်။ လူမှု ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် (ဂေဟစနစ်) ၏ အမှီသဟဲပြု ဖြစ်တည်နေမှုကို သဘောမပေါက်ကြ သေးသ၍၊ သတိမမူကြသေးသ၍ ငေါ့ချမ်းခဒေသ၏ အရေးပေါ် အခြေအနေများကို ဆက်လက် လျစ်လျူရှု ကြဦးမည် ဖြစ်သည်။
အချုပ်ဆိုသော် ငေါ့ချမ်းခမြစ်မှပေးသည့် သောက်သုံးရေ၊ သားငါး၊ နုန်းအနည်အနှစ် ပို့ချမှုကို မှီခိုအသက်ရှင် နေကြရသည့် ဌာနေ လူဦးရေ ၄၅၀၀ ကျော်ရှိပါသည်။ ဤမြစ်အရေးကို လျစ်လျူရှုခြင်းသည် အဆိုပါ ဌာနေများ၏ အသက်ရှင် ရပ်တည်မှုကို အန္တရာယ်ပြုခြင်းပင် ဖြစ်တော့သည်။
(ခင်စန္ဒာညွန့်သည် ယဉ်ကျေးမှု၊ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို သုတေသနပြုပြီး စာတမ်း၊ ဆောင်းပါများ ရေးသားနေသူဖြစ်ပါသည်။)
ကိုးကားစာရင်း
ငေါ့ချမ်းခလွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း၊ ကချင်လူမှုဖွံ့ ဖြိုးရေးကွန်ရက်အဖွဲ့ (KDNG)၊ သြဂုတ်လ၊ ၂၀၁၇
ကချင် – စစ်နှင့် ငြိမ်းချမ်းရေး (၁၉ ၉ ၄-၂၀၁၁)၊ ခွန်လှိုင်း မြန်မာပြန်၊ ၂၀၁၈ (The War and Peace in the Borderlands of Myanamar: The Kachin Ceasefire, 1994-2011, Mandy Sadan, 2018)
မနောမြေက လာချိဒ်တိုင်းရင်းသား၊ မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)၊၂၀၁၄
သွေးချင်းလာချိတ်လာဝေါ်တို့ဌာနီ၊ Dr. Seng Um & Dr. Kalya Lu ၊ Wunpawng Shingni Journal ၊ စက်တင်ဘာ၊ ၂၀၁၄
သွေးချင်းတို့ပျော်သည့်မြေ၊ ဦးမင်းနိုင်၊ ၁၉ ၆၈၊ စာ-၂၈၊ ၃၀
Environmental Impact Assessment (Social Investigation) on Hydropower Development of Ayeyawady River Basin Above Myitkyina, Kachin State, Myanmar, 2009, Conservation Association (BANCA), 2009
Residents Call to End Mining Activities in Myanmar’s Kachin State, Elizabeth Jangma, 28, Dec, 2018, Radio Free Asia (RFA)
You may also like these stories:
“သယံဇာတနဲ့ ပတ်သက်ရင် ဌာနေတိုင်းရင်းသားတွေ အတွက် စဉ်းစားပေးပါ”
”စွန့်လွှတ်အနစ်နာ မခံဘဲ ငြိမ်းချမ်းရေး မရဘူး”