သူက ဆူဟာတို Suharto ၏ အုပ်ချုပ်ရေးမှ စံပြုလောက်သော ထုတ်ကုန်တခုဖြစ်သည်။ သူက ဆယ်စုနှစ်၂ ခုကြာ သစ္စာစောင့်သိစွာ အမှုထမ်းခဲ့သော အစိုးရအဖွဲ့ဝင် ဝန်ကြီးတယောက်ဖြစ်ခဲ့သည်။ များစွာ အထောက်အကူပေးခဲ့သော၊ လေးစားခြင်းခံရသော၊ အကာအကွယ်ပေးခဲ့သော နောက်လိုက်ကောင်းတယောက်လည်း ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ဘာချာအူဒင် ဂျူဆပ် Bacharuddin Jusuf (သို့မဟုတ် ဘီဂျေ BJ) ဟာဘီဘီ Habibie က အာရှဘဏ္ဍာရေး အကျပ်အတည်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုအောက် အလူးအလှိမ့် ခံနေရသော အင်ဒိုနီးရှားနိုင်ငံကို ၁၉၉၈ ခုနှစ် မေလမှ စတင်၍ ခက်ခဲပင်ပန်းသော ၁၇ လတာ ကာလအတွင်း သမ္မတသစ် တဦးအနေဖြင့် ဆရာသမားဖြစ်သူ ဆူဟာတို၏ အာဏာရှင် အမွေအနှစ်ကို ရွှင်ရွှင်လန်းလန်းနှင့်ပင် တစချင်း ဖျက်သိမ်းပစ်ခဲ့သည်။
သူ၏ အရေးပါသော အကြံပေးများထဲမှ တဦးဖြစ်သော ဒေဝီဖော်ကျွန်းနား အန်ဝါ Dewi Fortuna Anwar က ယခုလို ရှင်းပြသည်။
“ဟာဘီဘီက နိုင်ငံရေးသမားတယောက် မဟုတ်ပါဘူး။ သူက အင်ဂျင်နီယာ တယောက်၊ သိပ္ပံသမား တယောက်ပါ။ သူက ပုံစံထုတ်တယ်၊ တည်ဆောက်တယ်။ သူက အဖွဲ့အစည်းတွေလည်း တည်ထောင်ခဲ့တယ်။ အဲဒီအချိန်က သမ္မတ တယောက်အနေနဲ့ သူ့ရဲ့တာဝန်က အင်ဒိုနီးရှားနိုင်ငံကို ဘက်ပေါင်းစုံက အကျပ်အတည်းတွေထဲကနေ ဆွဲထုတ်ပေးဖို့ ဆိုတာကို သူမြင်ခဲ့တယ်။ အင်ဒိုနီးရှားနိုင်ငံဟာ စီးပွားရေးတခုတည်းပေါ်မှာပဲ မှီခိုနေတာ အရမ်းကြာခဲ့ပြီ။ လူမှုရေးနဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုက ချိနဲ့နေတယ်။ အဲဒါကို ပြောင်းလဲရမယ်လို့ သူက ယူဆတယ်”
အရှေ့ပိုင်း ဆူလာဝေဆီ Sulawesi ကျွန်းတွင် ၁၉၃၆ ခုနှစ်က မွေးဖွားခဲ့သော ဟာဘီဘီသည် ဆူဟာတိုကြောင့်သာ မဟုတ်ခဲ့လျှင် သူ ချစ်မြတ်နိုးသည့် ဂျာမနီနိုင်ငံတွင် အောင်မြင်သော လေကြောင်းအင်ဂျင်နီယာ တယောက်အနေဖြင့်၊ ယခုနှင့် ယှဉ်လျှင် ပို၍ မှေးမှိန်သော ဖြစ်တည်မှုမျိုးဖြင့် တိတ်ဆိတ်စွာ နေထိုင်သွားခဲ့ဖွယ်ရာ ရှိပါသည်။
စစ်တပ်တွင်းတွင် ထွန်းတောက်နေသော ကြယ်တပွင့်ဖြစ်သည့် ဆူဟာတို (ထိုစဉ်က ဒုတိယဗိုလ်မှူးကြီး)မှာ ၁၉၅၀ ခုနှစ်တွင် မာကက်ဆာ Makassar မြို့နှင့် ဗိုလ်ကြီး အန်ဒီအဇစ် Andi Aziz ဦးဆောင်သော ပုန်ကန်မှုကို ဖြေရှင်းရန် စေလွှတ်ခြင်းခံခဲ့ရသည်။
မာကက်ဆာ သို့ရောက်လာသော ဒုတိယဗိုလ်မှူးကြီး ဆူဟာတိုမှာ မာရီကာယာလမ်း Jalan Maricaya ရှိ ဟာဘီဘီ၏ အိမ်တွင် လှိုက်လှဲ သော ကြိုဆိုမှုနှင့် ကြုံခဲ့ရသည်။ ဧည့်ဝတ်ကျေပွန်မှုနှင့် ဂျာဗားလူမျိုးများ ဖြစ်ကြသည့် ဆက်သွယ်မှုတို့ကြောင့် နက်ရှိုင်း၍ ရှည်ကြာ ခိုင်မြဲသော မိသားစုမိတ်ဆွေများဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် နောက်ပိုင်းတွင်လည်း ၁၉၇၀ နှစ်များအတွင်းက ဂျာမနီသို့ ရောက်သည့် အခါတိုင်း ဆူဟာတိုက ထိုစဉ်က ရည်မှန်းချက်ကြီး၍ ပါရမီထူးချွန်သော အင်ဂျင်နီယာ ကျောင်းသား တယောက်ဖြစ်သည့် ဟာဘီဘီထံ တကူးတက သွားရောက်တွေ့ဆုံတတ်ပါသည်။
ဘွဲ့ရပြီးသည့်နောက် ဟာဘီဘီက နာမည်ကျော် ဂျာမန်လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် Messerschmidt-Bolkow-Blohm ( နောက်ပိုင်းတွင် Airbus ၏ အစိတ်အပိုင်းဖြစ်လာသည်) တွင် အလုပ်လုပ်နေခဲ့သည်။ သို့သော်လည်း ဆူဟာတိုက တက်ကြွသော လူငယ်တယောက်ကို မေ့လျော့မနေခဲ့ပါ။ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်သည့် PT Pindad နှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်း PT PAL ကဲ့သို့သော ယခုအချိန်တွင် အရေးပါသည့် အစိုးရပိုင် စီးပွားရေး လုပ်ငန်းကြီးများကို အဆင့်မြှင့်တင် ပြောင်းလဲမှုများ ပြုလုပ်မည့် နိုင်ငံ၏ စက်မှုခေတ်သစ် ပြောင်းလဲရေးကို ပဲ့ကိုင်ရန် ဟာဘီဘီကို အင်ဒိုနီးရှားနိုင်ငံသို့ ပြန်ခေါ်ခဲ့သည်။
ရည်ရွယ်ချက်ရှိ၍ ဖြစ်စေ မရှိဘဲနှင့်ဖြစ်စေ သူက နိုင်ငံ၏ စရိုက်လက္ခဏာမှ ကျယ်ပြန့်သော အခြေခံအချက်များကို ပုံဖော် ခဲ့သည်။ ဥပမာ ICMI (Ikatan Cendekiawan Muslim Indonesia – အင်ဒိုနီးရှား မွတ်ဆလင် ပညာတတ်များအသင်း) မှ သူ၏ အခန်းကဏ္ဍက အစ္စလမ်မစ်သင်ကြားမှုများထဲမှ အတားအဆီးများကို ဖယ်ရှားရာတွင် အလွန်ခရီးရောက်ခဲ့သည်။
သူမြင့်တက်လာခြင်းက အံ့မခန်းပင်ဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် ဟာဘီဘီက သုတေသနနှင့် နည်းပညာ ဝန်ကြီး အနေဖြင့် အစိုးရအဖွဲ့အတွင်းသို့ ရောက်ရှိလာသည်။ သူ၏ အောင်မြင်မှုများအပေါ် ချိုးနှိမ်ပြောသူ အများအပြားရှိပြီး ငွေကြေး အလွန်အကျွံ သုံးစွဲခြင်းအပေါ် (ခိုင်လုံသော အထောက်အထား အချို့အရ) ဝေဖန်မှုများ ရှိနေသည့်တိုင် အင်ဒိုနီးရှား လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းတခု ဖြစ်သည့် IPTN (ယခုအခါ PT Dirgantara) ကို ဖန်တီးရန် သူကြိုးစားခဲ့သည်မှာ သံသယရှိစရာ မလိုပါ။
အင်ဂျင်နီယာ အမြောက်အများကိုလည်း သူဖန်တီးပေးခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ အာရှငွေကြေးအကျပ်အတည်း (AFC) နှင့် အတူ အဆိုပါ အလွန်ထူးချွန်သည့် အင်ဂျင်နီယာ စွမ်းရည် အများစုကို ဆုံးရှုံးခဲ့ရသည်။ ဘရာဇီးမှ Embraer နှင့် အခြားနေရာများတွင် အလုပ်လုပ်ရန် အများအပြား ထွက်ခွာသွားကြသောကြောင့် ဖြစ်သည်။
သူ၏ သမ္မတသက်တမ်း အတွင်းတွင် ပြုပြင်ပြောင်းလဲရေးကို ဖက်တွယ်ထားခြင်းကြောင့် တချိန်က အလွန်သြဇာ ကြီးခဲ့သည့် ဆူဟာတို မိသားစုနှင့် ဆက်ဆံရေးက မည်သည့် အခါတွင်မှ ပြန်လည်ကောင်းမွန် မလာတော့ပါ။ (သူ သမ္မတ ဖြစ်လာသည့် အချိန်တွင် ဆူဟာတို၏ သမီးကြီးကို အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ ထုတ်ပယ်ပစ်ခဲ့သည်) မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဟာဘီဘီ၏ နိုင်ငံတော် ဈာပနတွင် ဆူဟာတို မိသားစု ရှိမနေသည်မှာ အထင်အရှားပင် ဖြစ်သည်။
သေချာသည်မှာ သူ၏ ၁၇ လကြာ သမ္မတ သက်တမ်းက လေဆင်နှာမောင်းတခုလိုပင် ဖြစ်သည်။ ဟာဘီဘီက အစဉ်အလာ မရှိခဲ့ဖူးသော နိုင်ငံရေးဖောက်ခွဲမှုတခု အနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ စာနယ်ဇင်း ထိန်းချုပ် မှုများကို ဖြေလျှော့ပေးခြင်း၊ တရုတ်နွယ်ဖွားများ ကာလရှည်ကြာခံစားနေရသော နစ်နာမှုများကို ဖြေရှင်းပေးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင် တခုအပါအဝင် လွတ်လပ်သော အဖွဲ့အစည်းများတည်ထောင်ခြင်း၊ လွှတ်တော်ကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆိုင်သော အရေးပါသည့် အဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့သလို ဗဟို ချုပ် ကိုင်မှုလျှော့ချရေး၊ အောက်ခြေ လုပ်ပိုင်ခွင့်များ တိုးမြှင့် ခွဲဝေပေးရေး (ထိုအကျိုးဆက်အနေဖြင့် ၂၀၁၄ ခုနှစ် ရွေးကောက် ပွဲတွင် ဆိုလို Solo မြို့တော်ဝန်ဟောင်း ဂျိုကိုဝီဒိုဒို Joko Widodo သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည်) ကိုလည်း တွန်းအားပေး လုပ်ဆောင်ခဲ့သည်။
မှန်ပါသည်။ ပြင်ပဖိအားများ (ရူပီးယားငွေ တန်ဖိုးကျဆင်းခြင်းနှင့် ကျွန်းစုများတလွှားတွင် အမ်ဘွန် Ambon မှသည် အာချေး Aceh နှင့် ကာလီမန်တန် Kalimantan အထိ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲခြင်း) က ပြုပြင်ပြောင်းလဲရေးများကို မလွဲမသွေ လုပ်ရတော့မည့် အဓိပ္ပါယ်ဖြစ်သည်။
သို့သော်လည်း အနောက်တိုင်းမှ အများစုက အကောင်းဘက်မှ မြင်ကြသည့် အရှေ့တီမော အား လွတ်လပ်ခွင့်ပေးခြင်း ကို ပြည်တွင်းတွင်မူ သူ၏ အကြီးမားဆုံး ရှုံးနိမ့်မှုအဖြစ် မြင်ကြသည်။ အထူးသဖြင့် စစ်ဘက်နှင့် လုံခြုံရေး အသိုင်းအဝိုင်းက ဖြစ်သည်။ သူတို့အတွက်မူ အချိုးဖောက်မခံရဘဲ ကာလရှည်ကြာရှိခဲ့သည့် အင်ဒိုနီးရှား၏ အချုပ်အခြာ အာဏာက ကျိုးပျက်သွားခြင်းဖြစ်သည်။
ထိုစဉ်က ဂျကာတာ အထက်တန်းလွှာများကြားမှ ဒေါသနှင့် စိတ်ပျက်ခြင်းကို လျှော့မတွက်ရန် အရေးကြီးပါသည်။ သမ္မတ ရာထူးမှ စွန့်ခွာခဲ့ပြီးနောက် နှစ်ပေါင်းများစွာအတွင်း သူက တိုင်းပြည် အတွင်းတွင် အတတ်နိုင်ဆုံး မထင်မရှားနေခဲ့၏။
မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း ၂၀ နီးပါးကြာမြင့်ခဲ့ပြီးနောက် သူသေဆုံးသည့် အချိန်တွင် လူတိုင်းက ချစ်ခင်လေးစားသော ခေါင်းဆောင်တဦးအနေဖြင့် မှန်းဆကြည့်ရန် ခက်ပါသည်။ သေချာသည်မှာ သူ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် သမိုင်းက အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဟာဘီဘီ၏ ပင်ကိုယ်အရည်အချင်းက သူ့ကို အလွန် ထူးခြားသည့် ထောင်စုနှစ် သူရဲကောင်းတဦး ဖြစ်အောင် လုပ်ပေးခဲ့ပြီးပြီဖြစ်သည်။
ဒေဝီဖော်ကျွန်းနား အန်ဝါက “သူက နွေးထွေး လှိုက်လှဲတယ်။ စစ်မှန်တယ်။ သူ့ရဲ့ ပုံရိပ်နဲ့ ပတ်သက်လို့ ဂရုမစိုက်ခဲ့ဘူး” ဟုပြောသည့် အချိန်တွင် ဟာဘီဘီကို နောက်တကြိမ် အကောင်းဆုံး သရုပ်ဖော်ပြခဲ့သည်။ ဟာဘီဘီ၏ စိတ်ရင်း အစစ်အမှန်ကို ဖော်ပြခြင်း ဖြစ်သည်။ သူ့အတွက် အားနည်းချက်ပင် ဖြစ်နိုင်သည့် သူ၏ ချစ်စွာသော ဇနီးသည် (သူ့ ထက် အရင်စော၍ ၂၀၁၀ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်) အိုင်းနွန်း Ainun အပေါ် အဆုံးစွန်အထိ စွဲလမ်း သံယောဇဉ် ကြီးခြင်းတွင် သူ၏ ခေတ်ပြိုင် ဂုဏ်သတင်းကျော်စောခြင်းက တည်နေသည်။ ရုပ်ရှင်ထဲတွင် ဟာဘီဘီ အဖြစ် အလွန် ဆွဲဆောင်မှုရှိသည့် ရီဇာရာဟာဒီယန် Reza Rahadian က သရုပ်ဆောင်ခဲ့ခြင်းက သူ့ ဂုဏ်သိက္ခာကို မည်သည့်နည်းနှင့်မျှ မထိခိုက်စေခဲ့ပါ။
ဟာဘီဘီက အင်ဒိုနီးရှား ပြည်သူ့ ဘဝ၏ အလယ်တည့်တည့်တွင် နေထိုင် သေဆုံးခဲ့သည်။ ခန့်မှန်းရခက်သော်လည်း အမြဲတမ်း နှစ်လိုဖွယ်ကောင်းသည့် သူ့ အသွင်ကို လူတိုင်းလွမ်းဆွတ်ကြမည် ဖြစ်သည်။ ဘဝတွင် ဒုတိယပိုင်း၊ တခါတရံတွင် တတိယပိုင်းသည်ပင် အမြဲတမ်း ရှိနေတတ်ကြောင်း သက်သေပြခြင်းပါတကား။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
You may also like these stories:
ပရမ်တင်ဆူလာနွန် သို့မဟုတ် ထိုင်းဘုရင့် နောက်ကွယ်က လူ
ငိုက်မြည်းနေသော မော်လမြိုင် (သို့မဟုတ်) လူများ စွန့်ခွာသွားရာ မြို့
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး