ပင်လယ်ရေမျက်နှာပြင်ထက် ၅ မီတာပင် ပိုမိုမြင့်မားခြင်းမရှိသည့် အပြင် သုံးဖက်သုံးတန်မှ ရေဝိုင်းနေပြီး မိုးရာသီတွင် မိုးရေချိန်များစွာရရှိသည့် ရန်ကုန်မြစ် အနောက်ဖက်ကမ်းရှိ မြေဧက ၂ သောင်း နီးပါးသည် မြို့ပြစီမံကိန်းရေးဆွဲသူများ၏ မြို့ပြဖေါ်ထုတ်ရေးအတွက် အချက်အခြာနေရာများစာရင်းတွင် မကြာသေးမီကအထိ ပါဝင်ခဲ့ခြင်း မရှိပေ။ လက်တွေ့တွင်လည်း ထိုနေရာသည် အထူးသဖြင့် ဒီရေ၊ မုန်တိုင်းဒီရေ၊ မြစ်ရေ နှင့် မိုးရေတို့ စုပေါင်းမြင့်တက်လာပါက ရေမျက်နှာပြင်မြင့်တက်လွယ်ပြီး ထူးကဲသော ရေလွှမ်းမိုးမှု အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သောဒေသဖြစ်နေသောကြောင့် အဆိုပါနေရာတွင် မြို့တည်ရေးသည် မြို့ပြစီမံကိန်းပညာရှင်များအဖို့ အိပ်မက်ဆိုးပင်ဖြစ်သည်။
သို့သော် ထိုနေရာသည် ဖွံ့ဖြိုးမှုနောက်ကျပြီး မြေနိမ့်ပိုင်းကျသော မြစ်အနောက်ဖက်ကမ်းကို “စမတ်စီးတီး” အဖြစ်ပြောင်းလဲပစ်မည်ဆိုသော တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ရည်မှန်းချက်ကြီးမားလှသည့် ရန်ကုန်မြို့သစ် စီမံကိန်းတည်နေရာပင်ဖြစ်နေသည်။ ထိုမြို့သစ်သည် အလုပ်အကိုင် ၂ သန်း ဖန်တီးပေးမည်ဟုလည်း သူကဆိုသည်။
ထိုသို့လုပ်ဆောင်ရန် တိုင်းဝန်ကြီးချုပ်သည် မြို့သစ်ကို အကောင်ထည်ဖော်ဆောင်ရွက်ရေး ရန်ကုန်မြို့သစ် ဖွံဖြိုးရေး ကုမ္ပဏီ (NYDC) ကို မနှစ်က တည်ထောင်ခဲ့ပြီး ထိုကုမ္ပဏီကို အစိုးရက အပြည့်အ၀ ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည်။ ယခုအချိန်အထိ ထိုစီမံကိန်းသည် ပြင်ဆင်နေဆဲ အဆင့်တွင်သာ ရှိနေသေးသည်။ စတင်ဖွဲ့စည်းချိန်မှ စတင်ပြီး ထိုကုမ္ပဏီသည် ထိုဒေသ၏ ရေလွှမ်းမိုးမှုအန္တရာယ် ဆန်းစစ်ချက်အပါအဝင် ဆန်းစစ်ချက်များကို ဆောင်ရွက်ခဲ့သည်။
NYDC သည် ရန်ကုန်မြို့သစ် အဆင့် ၁ အတွက် ရေဘေး အန္တရာယ် ဆန်းစစ်ချက် အကျဉ်းချုပ်ကို လွန်ခဲ့သောလက ထုတ်ပြန်ခဲ့သည်။ Royal HaskoningDHV ကဆောင်ရွက်သည့် ထိုဆန်းစစ်ချက် တွင် ရန်ကုန်မြို့သစ်စီမံကိန်းနေရာသည် ဒီရေနှင့် မုန်တိုင်းဒီရေ၊ မြစ်ရေကြီးမှု နှင့် မိုးသည်းထန်မှုစသည့် ရေလွှမ်းမိုးမည့်အကြောင်းရင်း သုံးခုကြောင့် အန္တရာယ်ရှိနေသဖြင့် ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းတို့ ဝန်းရံထားသော ထိုစီမံကိန်းနေရာကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ (ကျပ် ၁၅၂.၆၆ ဘီလျှံ) ကုန်ကျမည့် ပင်မ ကမ်းပတ် တာရိုး (Primary ring dyke) စနစ်တခု တည်ဆောက်ရန် အကြံပြုထားသည်။ ကာကွယ်ခြင်းမရှိပါက လက်ရှိရေမျက်နှာပြင် အမြင့် အနေအထားတွင် စီးပွားရေးဆုံးရှုံးနိုင်ခြေတန်ဖိုးမှာ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၂ ဘီလီ ရှိနိုင်ပြီး ရေမျက်နှာပြင် ၉၀ စင်တီမီတာမြင့်တက်လာလျှင် ရေလွှမ်းမိုးမှုကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂.၁ ဘီလျှံ ဆုံးရှုံးနိုင်ကြောင်း ထိုဆန်းစစ်ချက်က ဖော်ပြထားသည်။
“စီမံကိန်းနေရာသည် မြေနိမ့်ဒေသဖြစ်ခြင်း၊ စီမံကိန်း ဧရိယာ၏ အလယ်ပိုင်းသည် အနားပတ်ဝန်းကျင်ထက် မြေနိမ့်နေခြင်းတို့ကြောင့် သိသာစွာ ရေဘေး အန္တရာယ်ရှိသည့် နေရာဖြစ်ပါသည်” ဟု အထက်ပါ အကဲဖြတ်ချက်က ဖေါ်ပြသည်။
“(တာရိုးအတွက်) ရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည်ဘေးအန္တရာယ်လျှော့ချရေး နှစ်ရှည်ဆောင်ရွက်ခြင်းထက် အဆ ၃၀၀ ကျော် ကုန်ကျစရိတ် သက်သာစေသဖြင့် ရေလွှမ်းမိုးမှုကာကွယ်ရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကုန်ကျစရိတ်နှင့် အညီ ထိရောက် အကျိုးရှိမှုကို ရရှိစေပါသည်” ဟုလည်း ဖေါ်ပြထားသည်။
Royal HaskoningDHV ၏ အကြံပြုချက်များအရ ကမ်းပတ်တာရိုးတည်ဆောက် မည်ဆိုပါက ထိုသို့ ဆောက်လုပ်ရန် မည်သူက ငွေကြေးစိုက်ထုတ်မည်နည်းဟူသော မေးခွန်းပေါ်ပေါက်လာသည်။ ထိုထက် ပိုအရေးကြီးသည်မှာ ရန်ကုန်မြို့သစ်၏ ရေဘေးကာကွယ်ရေး စနစ်ကြောင့် ဘေးပတ်ဝန်းကျင်ဒေသများ ရေဘေးအန္တရာယ်ကြုံတွေ့နိုင်မလားဟူသော စိုးရိမ်မှုများ ပေါ်ထွက်လာပြီး ရန်ကုန်တိုင်းအစိုးရနှင့် NYDC တို့သည် မြို့သစ်ဘေးပတ်ဝန်းကျင်အတွက်ပါ ထည့်သွင်း စဉ်းစားထားသည့် ဒေသန္တရဆိုင်ရာ ရေလွှမ်းမိုးမှု ကာကွယ်ရေး အစီအစဉ်များ ရှိ မရှိကို လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့ပြစီမံကိန်းရေးဆွဲသူများက မေးခွန်းထုတ်လာကြသည်။
“ရေက သူ စီးနေတာကို သွားပိတ်ရင် တခြားဖက်ကို စီးသွားမှာ ထုံးစံပဲ” ဟု ဒေသတခုလုံးအတွက် ရေလွှမ်းမိုးမှု ကာကွယ်ရေးစနစ်မရှိပါက ဘေးပတ်ဝန်းကျင်ဒေသများ ရေလွှမ်းမည့် အန္တရာယ်ကိုကြုံနိုင်ကြောင်း မြို့ပြစီမံကိန်းပညာရှင် တဦးဖြစ်သည့် ဒေါက်တာကျော်လတ်က ပြောသည်။
ရန်ကုန်တိုင်းအစိုးရ သို့မဟုတ် NYDC တွင် ဒေသန္တရဆိုင်ရာ ရေဘေး ကာကွယ်ရေးအစီအစဉ် ရှိ မရှိကို ထပ်မံ မေးခွန်းထုတ်သူက မြို့ပြစီမံကိန်းပညာရှင် နောက်တဦးဖြစ်သည့် ဦးသံမိုး ဖြစ်သည်။ ရန်ကုန်မြို့သစ်က လျှံကျလာသည့် ရေများကို ရန်ကုန်မြစ်နှင့် ပန်းလှိုင်မြစ်အတွင်း စွန့်ထုတ်ပါက ထိုမြစ်များရေမျက်နှာပြင်မြင့်တက်လာမည်ဟု သူပြောသည်။ ထို့ကြောင့် ရန်ကုန်တွင်လူနေထူထပ်သောနေရာများကိုဖြတ်သန်းသွားပြီး ရန်ကုန်မြစ်အတွင်းစီးဝင်သည့် ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ်တွင်လည်း ရေမျက်နှာပြင်မြင့်တက်လာမည်ဟု သူပြောသည်။
“ရန်ကုန်မြို့သစ် ဘေးကင်းရေးလေးကိုပဲ ကွက်ပြီး စဉ်းစားလို့မရဘူး။ (လက်ရှိ) ရန်ကုန်ကို ဘယ်လိုရိုက်ခတ်မယ်ဆိုတာကိုပါ ထည့်သွင်းစဉ်းစားရမယ်” ဟု သူပြောပြီး ထိုစီမံကိန်းပတ်ဝန်းကျင်ဒေသများဖြစ်သော ပန်းလှိုင်မြစ်တဖက်ကမ်း လှိုင်သာယာနှင့် ရန်ကုန်မြစ် အရှေ့ဖက်ကမ်းရှိ ကြည့်မြင်တိုင်တို့သည်လည်း ရေဘေးဒဏ် ခံရနိုင်ကြောင်း သူပြောသည်။
ဒေသတခုလုံး၏ ပတ်ဝန်းကျင်ကို ရန်ကုန်မြို့သစ်စီမံကိန်းက ထိခိုက်မည်ကို စိုးရိမ်နေကြသူများသည် မြို့ပြစီမံကိန်းရေးဆွဲသူများ သက်သက်သာ ပါဝင်သည် မဟုတ်ပေ။ Royal HaskoningDHV ၏ ဆန်းစစ်ချက်တွင်လည်း “ဒေသဆိုင်ရာ ကိစ္စအဖြစ် တိုင်းဒေသကြီး ရေဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ရေဘေး အန္တရာယ် လေ့လာဆန်းစစ်ချက်များကို ပေါင်းစပ်ဆောင်ရွက်သွားရမည် ဖြစ်သည်” ဟု အကြံပြုထားသည်။
မည်သူငွေကြေးစိုက်ထုတ်မည်နည်း
စီမံကိန်း ဘေးပတ်ဝန်းကျင်များ ရေလွှမ်းခံရမည့် ပူပန်မှုများအပြင် အခြားသော မေးခွန်းတခုမှာ Royal HaskoningDHV က အကြံပြုထားသည့် ရန်ကုန်မြို့သစ်တွင် ရေလွှမ်းမိုးမှုကို ကာကွယ်ရန် ဒေါ်လာ သန်း ၁၀၀ တန် ကမ်းပတ် တာရိုး ဆောက်လုပ်ရေး မည်သူက ငွေကြေးစိုက်ထုတ်မည်နည်း ဟူသောမေးခွန်းဖြစ်သည်။
စီမံကိန်းကို တဦးတည်းအကောင်အထည်ဖေါ်သူဖြစ်သော NYDC သည် စီမံကိန်းစတင်ချိန်ကပင် ထိုစီမံကိန်းအတွက် ၎င်းတို့က ငွေကြေးစိုက်ထုတ်မည် မဟုတ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇ သန်းနီးပါး ရှိကြောင်း ထိုကုမ္ပဏီက ကြေညာခဲ့ပြီး ထိုငွေများ၏အများစုသည် ရုံးလုပ်ငန်း အသုံးစရိတ်နှင့် စီမံကိန်းဆိုင်ရာ လေ့လာအကဲဖြတ်ချက်များအတွက် သုံးစွဲကြောင်း ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာအရ သိရသည်။
NYDC သည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၅ ဘီလျှံတန်သည့် အခြေခံအဆောက်အအုံစီမံကိန်း ၆ ခုကို တည်ဆောက်ရန် အဂတိလိုက်စားမှုရှိကြောင်း စွတ်စွဲခံနေရသည့် တရုတ်နိုင်ငံမှ China Communications Construction Company (CCCC) နှင့် မူဘောင်သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်း၏ အစိတ်အပိုင်းများတွင် ကျေးလက်မြို့နယ် ၅ ခု၊ တံတားနှစ်စင်း၊ ဓါတ်အားပေးစက်ရုံများ၊ ရေနှင့် ရေသန့်စင်စက်ရုံများနှင့် စက်မှုဇုန်တခုတို့ပါဝင်သည်။ အထက်ပါ သဘောတူညီချက် များတွင် ကမ်းပတ်တာရိုး သို့မဟုတ် အခြား ရေလွှမ်းမိုးမှုလျှော့ချရေး အစီအစဉ်များကို မတွေ့ရပေ။
NYDC အတွက် AECOM က ရေးဆွဲပေးသည့် ရန်ကုန် မြို့သစ်စီမံကိန်းအဆင့် ၁ အတွက် အပြီးသတ် Masterplan တွင် မြို့သစ် စီမံကိန်း၏ ၉၉ ရာခိုင်နှုန်းသည် ပင်လယ်ရေမျက်နှာပြင် အထက် ၅ မီတာအောက်တွင်သာ ရှိနေသဖြင့် သင့်တော်သည့် ရေဘေးအန္တရာယ် ကာကွယ်ရေး ရှိရန် လိုအပ်ကြောင်း ဖော်ပြထားသော်လည်း ယင်းအတွက် မည်သို့ငွေကြေးစိုက်ထုတ်မည်နှင့်ပတ်သက်သည့် အသေးစိတ်များကို NYDC က ထုတ်ပြန်ခြင်း မရှိသေးပေ။
ကမ်းပတ်တာရိုး ဆောက်လုပ်ရေးအပြင် ပတ်ဝန်းကျင်ရှိမြစ်များနှင့် တူးမြောင်းများသို့ ရေစီးဆင်းမှုကိုလည်း ဒီရေတက်ခြင်းများက တနေ့နှစ်ကြိမ်တားဆီးကြောင်း ရေလွှမ်းမိုးမှု ဆန်းစစ်ချက်အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ စီမံကိန်း ဧရိယာသည် မြေမျက်နှာပြင်နိမ့်ခြင်း၊ စီမံကိန်းဒေသ မြေပြန့်ဖြစ်ခြင်းနှင့် နှိုင်းယှဉ်ချက်အားဖြင့် မြေအောက်ရေအမှတ်မြင့်မားခြင်းတို့ကြောင့် ရေသိုလှောင်နိုင်မှုအနက်ကိုလည်း အကန့်အသတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ရေပမာဏများစွာ သိုလှောင်နိုင်မည့် ရေဝပ်ဧရိယာအတွက် မြေမျက်နှာပြင်ဧရိယာ ကြီးမားစွာ လိုမည်ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။
“အသင့်တော်ဆုံးသော ရေနုတ်မြောင်း အခြေခံအဆောက်အအုံကို ဖေါ်ထုတ်ရန် ရေနုတ်မြောင်းစနစ် အသေးစိတ် လေ့လာစမ်းစစ်ရန် လိုအပ်ပါသည်။ (ဥပမာ ရေထိန်း တံခါးများ၊ ရေထိန်းအဆောက်အအုံများ၊ တူးမြောင်းများ၊ ရေစုပ်စက်များ)” ဟု ထိုအစီရင်ခံစာက ဆိုသည်။ သို့သော် ထိုရေနုတ်မြောင်းစနစ်သည် အထက်ပါ ဒေါ်လာသန်း ၁၀၀ ကုန်ကျမည့် ကမ်းပတ်တာရိုး တည်ဆောက်ရေး ရေလွှမ်းမိုးမှု လျှော့ချရေး အစီအစဉ်တွင် ပါဝင်ခြင်း ရှိမရှိကို အထက်ပါအစီရင်ခံစာတွင် ဖေါ်ပြထားခြင်း မရှိပေ။
ထိုသို့သော စီမံကိန်းများကို မစတင်မီ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အပါအဝင် ပေးဆပ်ရမည့် တန်ဖိုးများအားလုံးကို အပြည့်အ၀ ထည့်သွင်းစဉ်းစားရန် လိုကြောင်းနှင့် မည်သူက ငွေစိုက်ထုတ်မည်ကို ရန်ကုန်အခြေစိုက် Myanmar Centre for Responsible Business ဒါရိုက်တာ ဗစ်ကီ ဘိုးမင်းပြောသည်။
ထည့်သွင်းစဉ်းစားရမည့် အသေးစိတ်များတွင် စုစုပေါင်းကုန်ကျစရိတ်၊ လိုအပ်သော ရေလွှမ်းမိုးမှုတားဆီးရေးအစီအစဉ်များ၏ ဖြစ်နိုင်ခြေ၊ မြေဖို့ခြင်း၊ မြေဖို့ မှုကြောင့် အုတ်မြစ်အပေါ်သက်ရောက်မှုများနှင့် ပတ်ဝန်းကျင်အပေါ် ရေလွှမ်းမိုးမှု သက်ရောက်ခြင်း၊ မြေဖို့ရန် မြေထုတ်ယူခြင်း၏ သက်ရောက်မှု စသည်တို့ပါဝင်ကြောင်း ဗစ်ကီ ဘိုးမင်းပြောသည်။
ရေလွှမ်းမိုးမှု လျှော့ချရေးအစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို မည်သူက ကုန်ကျခံမည်နှင့် ထိုစီမံကိန်းက ရန်ကုန်အပေါ်သက်ရောက်မှုကို မည်သူက တာဝန်ယူမည်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါ်စန္ဒာမင်းနှင့် ဦးကျော်ဇေယျတို့လည်း မေးခွန်းထုတ်ကြသည်။
“ကုန်ကျစရိတ်ကို ဘယ်သူက တာဝန်ခံမလဲ။ ပတ်ဝန်းကျင်ဒေသတွေမှာ တခုခုဖြစ်ရင် ဘယ်သူက တာဝန်ယူမလဲ။ ဒီကိစ္စတွေကို လွှတ်တော်မှာ ဆွေးနွေးသင့်တယ် “ ဟု ဒေါ်စန္ဒာမင်းပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းသည် တိုင်းလွှတ်တော်ကိုယ်စားလှယ်များအကြားတွင် ရေပန်းစားခြင်း မရှိလှပေ။ ရန်ကုန်တိုင်းအစိုးရသည် ထိုစီမံကိန်းကိုလုပ်ဆောင်ရာတွင် အာဏာအလွဲသုံးပြီး လွတ်တော်လမ်းကြောင်းမှ ဆောင်ရွက်ခြင်းမရှိဟု လွှတ်တော်ကိုယ်စားလှယ်များက ယုံကြည်ကြသည်။
ရန်ကုန်တိုင်းအစိုးရသည် အစိုးရအသုံးစရိတ် ခွင့်ပြုငွေများထဲမှ ဒေါ်လာ ၆.၅ သန်းကို လွှတ်တော်အားအသိမပေးဘဲ NYDC အတွက် ကနဦး ရင်းနှီးမြှုပ်နှံမှုအဖြစ် လွှဲပေးခဲ့ကြောင်း လွန်ခဲ့သော အောက်တိုဘာလက စာရင်းစစ်ချုပ်အစီရင်ခံစာကို ဆွေးနွေးသောအခါ သိရှိကြရသည်။ ထိုလုပ်ရပ်နှင့် ပတ်သက်ပြီး ဒေါ်စန္ဒာမင်းက တိုင်းအစိုးရသည် အာဏာအလွဲသုံးသည်ဟု စွပ်စွဲခဲ့သည်။
ထို့အပြင် ရန်ကုန်တိုင်းအစိုးရသည် ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းလွှတ်တော်တွင် ဆွေးနွေးခြင်းမရှိဘဲ အကောင်အထည်ဖေါ်နေသည်ဟု ဒေါ်စန္ဒာမင်းနှင့် ဦးကျော်ဇေယျ တို့ကပြောသည်။
သို့သော် ထိုစီမံကိန်းကို ယခင်ဦးသိန်စိန်အစိုးရခေတ်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားပြီးဖြစ်သောကြောင့် တိုင်းလွှတ်တော်တွင် ခွင့်ပြုချက်တောင်းရန်မလိုကြောင်း ယခုနှစ် ဖေဖေါ်ဝါရီလကကျင်းပသည့် မြို့သစ်စီမံကိန်းအတွက် အပြီးသတ် Masterplan ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောသည်။
သို့သော် ထိုခွင့်ပြုချက်ရပြီးနောက်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရသည် NYDC ကို စီမံကိန်း အကောင်အထည် ဖော်သူ အဖြစ် သတ်မှတ်လိုက်သောကြောင့် စီမံကိန်း၏ ပုံစံသည်ပြောင်းလဲသွားကြောင်း လွှတ်တော်ကိုယ်စားလှယ်များကထောက်ပြကြသည်။ ယခင်က ထိုစီမံကိန်းကို ကုမ္မဏီ ၃ ခုပါဝင်သော လုပ်ငန်းစုကြီးတခုက အကောင်အထည်ဖေါ်ရန် စီစဉ်ထားသည်။ (ထိုကဲံသို့သော ကြီးမားသည့် စီမံကိန်းကို အစိုးရသာ စီမံသင့်သည်ဟု ဦးဖြိုးမင်းသိန်းက ၂၀၁၇ ဧပြီလတွင် ပြောပြီး ယခင်အစိုးရနှင့် ထိုလုပ်ငန်းစုအကြားသဘောတူညီချက်ကို ရန်ကုန်တိုင်းအစိုးရက ဖျက်သိမ်းခဲ့သည်ဟု ရန်ကုန် မြို့သစ် စီမံကိန်းအတွက် အပြီးသတ် Masterplan ညှိုနှိုင်းပွဲတွင် ဝန်ကြီးချုပ်နှင့်အမေးအဖြေများအရ သိရသည်။)
“တရုတ်ကုမ္ပဏီ CCCC ပါဝင်ပတ်သက်လာတဲ့အတွက် ဒီကိစ္စကို လွှတ်တော်မှာ ပြန်ဆွေးနွေးရမယ်။ အရင်ပုံစံက အစိုးရအသုံးစရိတ်ခွင့်ပြုငွေ တပြားမှ မသုံးပေမယ့် အခုသုံးနေတယ်” ဟု ဦးကျော်ဇေယျက NYDC ၏ ကနဦးရင်းနှီးမြှုပ်နှံမှု ၁၀ ဘီလီယံကျပ်ကို ရည်ညွှန်းပြီးပြောသည်။
ရေလွှမ်းမိုးမှုလျှော့ချရေး အစီအစဉ်များနှင့် သက်ဆိုင်သော မေးခွန်းများအားလုံးနှင့်ပတ်သတ်ပြီး NYDC က ဒေါ်လာသန်းတရာသည် ကမ်းပတ်တာရိုးအပါအဝင် အခြေခံ ရေလွှမ်းမိုးမှု အန္တရာယ်လျှော့ချရေးအစီအစဉ်များအတွက် ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ဧရာဝတီသတင်းဌာနသို့ အင်္ဂါနေ့တွင်ပြောသည်။
“(အဲဒါတွေအတွက်) စိုက်ထုတ်ငွေက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ လာမှာဖြစ်ပါတယ်” ဟု NYDC မြို့ပြ စီမံကိန်းနှင့်ဖွံဖြိုးမှု ဋ္ဌာန အကြီးအကဲ ဒေါ်အေးအေးခိုင်က ဧရာဝတီသို့ အီးမေးဖြင့် ဖြေကြားသည်။
ဒေသတွင်း ရေလွှမ်းမိုးမှုလေ့လာခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသောသူများက လုပ်ဆောင်ရန် Royal HaskoningDHV ၏ ဆန်းစစ်ချက် အစီရင်ခံစာတွင် ဖေါ်ပြထာသည်ဟု သူပြောသည်။
“NYDC အနေနဲ့ အစိုးရ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ( IWUMD) နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ အသုံးချရေး ဦးစီးဌာန (DWIR) တို့နဲ့အတူ (မြို့သစ်) ပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးမှု အန္တရာယ်နဲ့ ရေဖူလှုံမှုအတွက် စီမံကိန်းအများအပြားမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဒေါ်အေးအေးခိုင်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် Kyaw Phyo Thar ၏ Details Scarce on Funding, Planning for Flood Prevention at New Yangon City Project ကို ဘာသာပြန်သည်။)
You may also like these stories:
ရန်ကုန်မြို့သစ် နယ်မြေသည် ရေဝပ်မြေဟု ပညာရှင်များ သတိပေး
ရန်ကုန်မြို့သစ်သည် ချေးငွေနှင့် ဝန်ပိစေမည့် စီမံကိန်း မဟုတ်ဟု ဆို
ရန်ကုန်မြို့သစ် စီမံကိန်းတွင် ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်
ရန်ကုန်မြို့သစ် ဆောက်မည့် တရုတ်လုပ်ငန်း ပြည်ပတွင် အငြင်းပွားမှု များစွာရှိနေ