ဆောင်းပါး

ပယင်းကျောက်ကပေးတဲ့ ဒုက္ခတွေ

Want create site? Find Free WordPress Themes and plugins.

ကိုယ့်ရွာ ကိုယ့်အိမ်ရှိရာ နေရာကို လူမသိသူမသိ ညဘက်အချိန် ခိုးဝင်ရတဲ့ အဖြစ်က ဦးအားဆာအတွက်တော့ ဇောချွေး ပြန်စရာ ဖြစ်နေပါတယ်။

နဖူးမှာ သားရေကွင်းနဲ့ တွဲချည်ထားတဲ့ ဓာတ်မီးတခု၊ တူရွင်းတလက်ကို လက်မှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ပြီး သူ့နေရပ်ရင်း ရွာနားကို ညည့်နက်ချိန်မှ ဦးအားဆာ ခိုးဝင်လာတာပါ။

“ဒီနေရာမှာ ရဲဘော်တွေ ရှိတယ်။ သူတို့က တခါတလေ ခွေးတွေနဲ့ လိုက်ရှာတာ။ ကျနော်တို့က မတွေ့အောင် ပုန်းရတာပေါ့”လို့ ဦးအားဆာက ဆိုပါတယ်။

ဦးအားဆာ နေထိုင်တဲ့ ရွာက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ပယင်းကျောက် ထွက်တဲ့ နေရာမှာ နာမည်ကြီးတဲ့ နမ်ဗျူနမ်ခမ်ရွာပါ။

နမ်ဗျူဟာ သက်တမ်းရင့်ပြီး အရည်အသွေးကောင်း ပယင်းတွေ ထွက်တဲ့နေရာမှာ နာမည်ကြီး ပါတယ်။ ပယင်းတူးရင်း ကျောက်နီတွေလည်း ထွက်သလို အရင်က နမ်ဗျူတကြောမှာ အင်မတန် စည်ကားခဲ့တာပါ။

အရင်က စည်ကားခဲ့ပေမယ့် အခုတော့ တစ္ဆေတွေ ကြီးစိုးထားတဲ့ ရွာပျက်ကြီးတွေအလား ခြုံနွယ်တွေ ထူထူထပ်ထပ်နဲ့ လူသွားလူလာ မရှိတော့သလို အနီးအနားမှာ တပ်မတော်က တပ်စွဲထားတဲ့ ရှေ့တန်း တပ်စခန်းတွေသာ ရှိပါတယ်။

တနိုင်းမြို့ မြူနီစပယ်ဈေးဝင်း အနောက်ဘက်ရှိ ပယင်းဈေးမှ အသင့်ရောင်းရန် သွေးပြီးသား ပယင်းကျောက်/ဧရာဝတီ

တောတွင်း ပတ်ဝန်းကျင်ရဲ့ နေရာတိုင်းဟာလည်း တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားထား တာကြောင့် မြေမြှုပ်မိုင်း အန္တရာယ်ကလည်း နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။

ဦးအားဆာက “ကျနော်တို့ အရမ်းခက်ခဲနေလို့ပါ။ ပိုက်ဆံသာ နည်းနည်းရှိရင် အဲဒီကို မသွားဘူး”လို့ ပြောပါတယ်။

နေရပ်ရင်း ရွာပျက်ကြီးနားမှာ တပ်မတော်၊ တပ်စခန်းတွေသာ ရှိတဲ့အတွက် ဦးအားဆာ အရဲစွန့်ပြီး လာရတာက အကြောင်းရှိပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်၊ မေလ အထိကတော့ နမ်ဗျူရွာမှာ နေထိုင်ပြီး လယ်ယာစိုက်ပျိုးရေး၊ တောင်ယာ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ အရပ်သား တဦးပါ။

အခုတော့ တနိုင်းမြို့က ခရစ်ယာန်ဘုရားကျောင်းတခုက စစ်ဘေးရှောင် စခန်းမှာ စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် ခိုလှုံနေရသူ တဦးဖြစ်ပါတယ်။

စခန်းမှာ နေထိုင်ရတာ စားဝတ်နေရေး ကျပ်တည်းနေပြီး တနိုင်းမြို့မှာ အလုပ်အကိုင်လည်း ရှာမရတာကြောင့် မိသားစုအရေး ငွေရှာဖို့အတွက် တိုက်ပွဲတွေဖြစ်လို့ စွန့်ခွာထားခဲ့တဲ့ သူ့ရွာ နမ်ဗျူနားကို ပြန်လာပြီး ပယင်းလာ ခိုးတူးနေတာပါ။

ပယင်းခိုးတူးနေသူတွေကိုတော့ တပ်မတော်က လိုက်လံရှာဖွေပြီး ဖမ်းဆီးလေ့ ရှိပါတယ်။

တနိုင်းမြို့ပြင်တွင် ပယင်းရှာကြသူများ/ဧရာဝတီ

ရံဖန်ရံခါ ခွေးတွေ လွှတ်၊ အနံ့ခံခိုင်းပြီး ဖမ်းတာမျိုးကလည်း ရှိပါသေးတယ်။

အဲဒီလို တင်းကြပ်ထားတဲ့ ကြားကနေ မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း မမှုဘဲ သူနေတဲ့ စစ်ဘေးရှောင်စခန်းနဲ့ တညအိပ်ခရီး တောတိုး ခြေလျင်သွားရတဲ့ နမ်ဗျူနားကို ပြန်လာပြီး ပယင်းလာတူးနေတာပါ။

ဦးအားဆာလိုမျိုး နေရပ်ကနေ ထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ သောင်တင် နေတဲ့ အရပ်သား ၅၀၀၀ နီးပါး ရှိပါတယ်။

သူတို့အားလုံးဟာ ယခင်က နေရပ်ရင်း ရွာအသီးသီးမှာ တောင်ယာ၊ လယ်ယာ လုပ်ကိုင် စားသောက်ပြီး နေထိုင်ကြတာပါ။

ရွာအနီးအနားမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တပ်ရင်း ၁၄ က ဌာနချုပ်စိုက်ပြီး လှုပ်ရှား နေပေမယ့်လည်း အေးအေးချမ်းချမ်းပဲ ရှိခဲ့ပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်း KIA က ပယင်းမှော်တွေ ဖွင့်ပြီး အနယ်နယ်အရပ်ရပ်က ကျောက်သမားတွေ၊ စီးပွားရေးသမားတွေ သောင်းချီ အလုပ်လာလုပ်ခဲ့ကြပေမယ့်လည်း တည်တည်ငြိမ်ငြိမ်ပဲ ရှိခဲ့တာပါ။

တနိုင်းက ထွက်တဲ့ ပယင်းကျောက်ထဲ နှစ် ၉၉ သန်းကျော်က ဒိုင်နိုဆောအမြီးတွေ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဇွန်မှာတော့ နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးတယ်၊ တရားဝင် ပယင်းမှော်ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးတယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ တပ်မတော်က KIA ကို ဝင်တိုက်ခိုက်ပါတော့တယ်။

မှော်လုပ်သားတွေအပြင် ဒေသခံတွေလည်း ထွက်ခွာပေးဖို့ ရဟတ်ယာဉ်ပေါ်က စာကျဲချတာကြောင့် ဦးအားဆာတို့ နမ်ဗျူနမ်ခမ် ရွာအပါအဝင် တုံမဏီ၊ အွယ်လော၊ ထန်းပလား၊ အောင်လော့ဒ် စတဲ့ ပယင်းနဲ့ ရွှေထွက်တဲ့ မှော်လုပ်ငန်းတွေ ရှိတဲ့ ရွာက ဒေသခံတွေလည်း ပြေးကြရပါတယ်။

အခုတော့ ပယင်းနဲ့ ရွှေထွက်တဲ့ နေရာတွေဟာ တိုက်ပွဲတွေဖြစ်ပြီးနောက် တပ်မတော်ကပဲ တပ်စခန်းတွေ စွဲပြီး ထိန်းချုပ်ထားပါတယ်။

ပယင်းကို တွင်းတူး ရှာဖွေနေသူတဦး/ဧရာဝတီ

ဒေသခံတွေကိုလည်း နေရပ်ပြန်ဖို့ မစီစဉ်ပေးတဲ့အပြင် မြို့တွင်း ဂုဏ်သိက္ခာကျတယ်ဆိုပြီး ကနဦး ပြေးလာကတည်းက စစ်ဘေးရှောင် ဒုက္ခသည်အဖြစ် မနေဖို့ တားမြစ်ချက်တွေ အာဏာပိုင်ဘက်က လုပ်ခဲ့တာကြောင့် ဒုက္ခသည်တွေဟာ ဘုရားကျောင်းဝင်း အတွင်းတွေမှာပဲ ကျပ်ကျပ်တည်းတည်း ခိုလှုံနေကြရပါတယ်။

ဦးအားဆာတို့လို ဒုက္ခသည်တွေဟာ ဘုရားကျောင်းတွေမှာ သောင်တင်နေတာ ၂ နှစ်ကျော်လာတော့ စားဝတ်နေရေး ကျပ်ကျပ်တည်းတည်း ဖြစ်လာကြပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နေတဲ့ မေတ္တာ ဖောင်ဒေးရှင်းက တနိုင်းမြို့မှာ ရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည် အားလုံးကို တလမှာ တဦး ငွေကျပ် နှစ်သောင်းနှုန်းနဲ့ ထောက်ပံ့ပါတယ်။

ဖောင်ဒေးရှင်းက ထောက်ပံ့တဲ့ငွေ နှစ်သောင်းက တလအတွက် စားစရိတ်ပါ။

ငွေကျပ် နှစ်သောင်းဟာ တလလုံးအတွက် တွက်ချက်လိုက်မယ်ဆိုရင် လူတဦးအတွက် တရက်မှာ ၆၆၆ ကျပ် နှုန်းပဲ သုံးခွင့်ရမှာပါ။

၆၆၆ ကျပ်နဲ့ မနက်စာ၊ နေ့လယ်စာ၊ ညစာအတွက် ဝမ်းရေးကို ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။

ဒီ့အပြင် မိသားစုထဲမှာ ဖျားနာရင် ဆေးကုသဖို့ လက်ထဲဆောင်ထားရမယ့် ဆေးကုသစရိတ်၊ ကလေးတွေရှိရင် ကျောင်းတက်တဲ့အခါ ပေးဖို့ မုန့်ဖိုးအပြင် မိသားစုအတွက် အသုံးစရိတ်တွေ ရှိတာကြောင့် အိမ်ထောင်ဦးစီးဖြစ်ကြတဲ့ မိခင်ဖခင်တွေဟာ ပိုက်ဆံရှာဖို့လည်း ရုန်းကန်ကြရပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က တနိုင်တပိုင်စီးပွားရေး လုပ်ကိုင်လိုသူ စစ်ဘေးရှောင် ဒုက္ခသည် မိသားစု တစုကို ငွေကျပ် ၄ သိန်းခန့် ထောက်ပံ့ပေးတာတွေ ရှိပေမယ့် မိသားစုဝင်တိုင်းက တနိုင်တပိုင် စီးပွားရေးလုပ်ဖို့ ဆိုတာကလည်း မလွယ်လှပါဘူး။

တနိုင်းမြို့ပြင်တွင် ပယင်းရှာကြသူများ/ဧရာဝတီ

အိန္ဒိယနဲ့ တရုတ်ကို ဒုတိယကမ္ဘာစစ်ကာလအတွင်း အမေရိကန်နဲ့ အင်္ဂလိပ်စစ်သားတွေ ဖြတ်ဖောက်ခဲ့တဲ့ လီဒို လမ်းမပေါ်မှာ တည်ရှိတဲ့ တနိုင်းမြို့ဟာ အလုပ်အကိုင်အခွင့်အလမ်း မရှိသလောက် ရှားတဲ့ နယ်မြို့လေး တမြို့ပါ။

မြို့အနီး ဟူးကောင်းလွင်ပြင်မှာ စပါးနဲ့ ပလောပီနန် စိုက်တဲ့ ယုဇနကုမ္ပဏီရဲ့ အလုပ်အကိုင်က လွဲရင် ဒေသရဲ့ အဓိက လုပ်ငန်းဆိုလို့ ပယင်းနဲ့ ရွှေတူးဖို့သာ ရှိပါတယ်။

စစ်ဘေးရှောင်စခန်းက လူငယ်ပိုင်း၊ လူလတ်ပိုင်းနဲ့ မိခင်ဖခင်အချို့က တနိုင်းမြို့ပေါ်က စပါးစိုက်ကြတဲ့ အိမ်တွေမှာ အလုပ်တောင်းပြီး နေ့စားအလုပ် လုပ်ကြပါတယ်။

စပါးစိုက်၊ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်တွေ ကလည်း စစ်ဘေးရှောင်တိုင်းကို အလုပ်အကိုင် မပေးနိုင်တာကြောင့် အလုပ်မရှိကြတဲ့ အမျိုးသားတွေဟာ တပ်မတော်က တပ်စွဲထားပြီး လုံခြုံရေး တင်းကြပ်ထားတဲ့ ပယင်းမှော်တွေထဲ ခိုးဝင်ပြီး ပယင်းရှာ နေကြပါတယ်။

ဦးအားဆာ ဆိုရင်လည်း သူ့မိသားစုရဲ့ စားသောက်စရိတ် တလတာ ဖူလုံအောင်၊ သားသမီးတွေ နာဖျားရင် ဆေးကုသစရိတ်ရှိအောင်၊ လက်ထဲ ငွေအပိုလေးရှိအောင် ဆောင်ထားနိုင်ဖို့ ပယင်းတူးတဲ့ အလုပ်ကို အန္တရာယ်ကြားထဲက လုပ်ကိုင်နေတာပါ။

သူ့လိုပဲ မိသားစုအတွက် ဝင်ငွေရှာရမယ့် စစ်ဘေးရှောင် အမျိုးသားတွေ ၃ ဦး၊ ၄ ဦးလောက် စုပြီး သွားကြတာပါ။

တပ်မတော်က တောင်ကုန်းတွေပေါ်မှာ တပ်စခန်းတွေ တည်ဆောက်ပြီး လုံခြုံရေးအဆင့်ဆင့်ရှိတဲ့ နေရာ၊ တိုက်ပွဲတွေလည်း ဖြစ်ထားတာကြောင့် နှစ်ဖက်တပ်တွေ လုံခြုံရေးအရ၊ တိုက်ခိုက်ရေးအရ ထောင်ထားတဲ့ မိုင်းအကြွင်းအကျန်တွေလည်း မရှင်းရသေးတဲ့ နေရာထဲကို လွယ်လွယ်ကူကူနဲ့တော့ ဝင်လို့ ရကြတာ မဟုတ်ပါဘူး။

တနိုင်းမြို့ပြင်တွင် ပယင်းရှာကြသူများ/ဧရာဝတီ

ပယင်းကျောက် ကောင်းကောင်းထွက်တဲ့ မှော်ကြီးထဲ သွားကြတဲ့ ပယင်းတူးမယ့် စစ်ဘေးရှောင် ဒုက္ခသည်အဖွဲ့ဟာ ညဘက်မှာပဲ တောတိုးပြီး သွားကြတာပါ။

ညဘက် ခေါင်းစွပ်ဓာတ်မီးတွေနဲ့ တောတိုး၊ တောတိုးတဲ့အချိန်မှာ ရှေ့ဆုံးက လူရဲ့ ကံကြမ္မာကိုသာ ယုံပြီး နောက်က လိုက်တဲ့ လူတစုက သူ့ခြေရာတိုင်း လိုက်နင်းကြတာပါ။

ရှေ့ကလူ ကံဆိုးပြီး မိုင်းနင်းမိရင်တော့ ဒါဟာ ကံစီမံရာပါပဲလို့ သူတို့ တွက်ထားကြပါတယ်။

တချို့နေရာတွေမှာ မိုးရွာလို့၊ ရေတိုက်စားလို့၊ မြေကြီးထဲက မိုင်းတချို့ ပေါ်နေရင်တော့ သစ်သားတုတ် တချောင်းနဲ့ ထောက်ပြီး အမှတ်အသားလုပ်၊ နောက်တောတိုးလာမယ့် လူတွေ အန္တရာယ် မဖြစ်အောင် မှတ်သားပေးခဲ့ ကြပါတယ်။

ညအချိန်မှာ တောတိုး၊ မနက်မိုးလင်းလို့ မှော်နယ်မြေထဲ ရောက်ရင် စစ်သားတွေ မတွေ့နိုင်မယ့် နေရာတခု ရွေးပြီး အိပ်ကြ၊ မိုးပြန်ချုပ်မှ ပယင်းတူးတဲ့ အလုပ်ကို လုပ်ကြတာပါ။

စစ်ဘေးရှောင်ဒုက္ခသည် တဦးဖြစ်တဲ့ ဦးခီယူက “ညဘက်မှပဲ လုံခြုံတာပေါ့။ ထမင်းလည်း ညမှာပဲ ချက်စားတယ်။ အလင်းရောင်ရှိရင် ရဲဘော်တွေက ခွေးတွေနဲ့ လာရှာတာလေ။ ညဆိုတော့ သူတို့ အိပ်ပြီ” လို့ ပြောပါတယ်။

ညအချိန် တပ်မတော်က အနံ့ခံခွေးတွေလည်း မလာနိုင်တော့တဲ့ အချိန်၊ ရဲဘော်တွေလည်း စခန်းကနေ မထွက်တော့တဲ့ ညည့်နက်ချိန်မှ မြေတွေကို တူးဆွပြီး ရသမျှ ပယင်းတွေကို သိမ်းဆည်းကြတယ်လို့ ဦးခီယူက ပြောပါတယ်။

“ကျနော်တို့မှာ မိသားစုတွေနဲ့ ကလေးတွေနဲ့ ဒုက္ခရောက်လို့ အခုလို လုပ်နေရတာ။ တခါသွားရင် တယောက်ကို ၅ သောင်းလောက်ပဲ ရတယ်။ အများဆုံးမှ ၅ သောင်းပဲ။ တခါတလေ ထွက်ပြေး လာရလို့ တပြားမှ ပြန်မပါတာလည်း ရှိတယ်” လို့ ဦးခီယူက ပြောပါတယ်။

တနိုင်းမြို့ ပယင်းဈေးတန်းတွင် ပုံရောင်းနေသော ပယင်းကျောက်ရိုင်းခဲများ/ ဧရာဝတီ

ညအချိန်မှာ သိုသိုသိပ်သိပ် တူးတယ်ဆိုလို့ လွတ်လပ်ပြီလည်း မထင်လိုက်ပါနဲ့။ တောထဲမှာ နေနေတုန်း စစ်သားတွေ ရှာတာ တွေ့သွားလို့ ဖမ်းမိပြီး အရိုက်ခံရသူတွေ၊ ချုပ်နှောင် ခံရသူတွေလည်း ဦးရေ ၃၀ ထက် မနည်းရှိပါတယ်။

တူးတဲ့အခါမှာလည်း စီးပွားရေးသမားတွေလို စနစ်တကျ တူးပြီး လုပ်ကိုင်နိုင်တာမျိုး မဟုတ်လို့ မြေတွေ လိုက်တူးဆွပြီး ရလာသမျှ ပယင်းကို ဈေးမှာ ပြန်သွင်းကြတာပါ။

စစ်ဘေးရှောင် ဒုက္ခသည်စခန်းကနေ ပယင်းသွားခိုးတူးသူ ဦးရေကတော့ အလွန်ကို နည်းပါတယ်။

မြွေမကြောက်၊ မိုင်းမကြောက် တောတိုးနိုင်တဲ့သူ၊ တပ်မတော်စစ်ကြောင်းနဲ့ တိုးလည်း ဖြစ်လာသမျှ ရင်ဆိုင် လိုက်တော့မယ် ဆိုတဲ့ အိမ်ထောင်ဦးစီးတချို့ပဲ သွားကြတာပါ။

တိုက်ပွဲဖြစ်ထားပြီး လက်ရှိမှာ တပ်မတော်က ထိန်းချုပ်ထားတဲ့ မှော်နယ်မြေထဲကို ပယင်းလာ ခိုးတူးနေတာက စစ်ဘေးရှောင် ဒုက္ခသည်တွေပဲလားဆိုတော့ မဟုတ်ပါဘူး။

စီးပွားရေးသမား တချို့ကလည်း ဝင်တူးပြီး စီးပွားဖြစ်နေကြတုန်းလို့ မျက်မြင်တွေ့ကြတဲ့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေလည်း ဖြစ်ထားပြီး မှော်တွေ ပိတ်သိမ်းထားတယ်လို့ ထင်နေကြပေမယ့် အဲဒါက အမှန် မဟုတ်ပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တကယ်တမ်း ပယင်းမှော်တွေထဲမှာ စီးပွားရေးသမားတချို့ဟာ ဆက်လက်တူးဖော်ခွင့် ရှိနေပြီး ပယင်းကျောက်တွေကို သယ်ထုတ် ရောင်းချနေတုန်းပဲလို့ ကြားသိရပါတယ်။

မြေပြင်မှာတော့ ပယင်းနဲ့ ရွှေမှော်တွေကို အဝင်အထွက်လုပ်တဲ့ လမ်းတွေ အားလုံးဟာ တပ်မတော်က တပ်စခန်းတွေ ချပြီး ပိတ်ဆို့ထားတာပါ။

ဒေသခံတွေ ပြောတာကတော့ တပ်မတော်၊ တပ်ဖွဲ့တွေနဲ့ ငွေအပေးအယူရှိပြီး ပြေလည်တဲ့ သူတွေကတော့ ဆက်တူးခွင့် ရနေကြတာလို့ ဆိုကြပါတယ်။

တနိုင်းမြို့၊ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ၊ အဖွဲ့ဝင် ဦးလဘုန်ချမ်းယိန်းက “သူတို့ (တပ်မတော်) နဲ့ အဆက်အသွယ်ရှိတဲ့ ပယင်းတူးတဲ့ စီးပွားရေးသမားတွေက ဝင်ထွက်သွားလာ နေတာ ဒီက ဒေသခံ အားလုံးမြင်နေတာပဲ။ ကျနော်တို့ ဒေသခံတွေကတော့ ကိုယ့်အိမ်ကိုယ်တောင် ပြန်ကြည့်ခွင့်မရဘူး” လို့ ပြောပါတယ်။

တနိုင်းမြို့ မြူနီစပယ်ဈေးဝင်း အနောက်ဘက်ရှိ ပယင်းဈေးတွင် ကျောက်ရောင်းနေသူများ/ဧရာဝတီ

ပယင်းတူးတဲ့အခါ လေးပေပတ်လည် ကျင်းတူးရပြီး အောက်ဆီဂျင်ပေးဖို့နဲ့ လုပ်ငန်းသုံး စက်ယန္တရားတွေ အတွက် မီးစက်တွေ အသုံးပြုရပါတယ်။

မှော်ထဲက စက်ယန္တရားတွေမှာ သုံးဖို့ ဆီပေပါတွေတင်တဲ့ ကားတွေ မှော်တွေ ရှိတဲ့ ဘက်ထဲ ဝင်သွားတာ မကြာခဏ တွေ့ရသလို ပယင်းတူးနေဆဲ စီးပွားရေးသမားတချို့ဆီကလည်း ဒေသခံတွေက ကြားသိ နေရတာတွေ ရှိတယ်လို့ ဦးလဘုန်ချမ်းယိန်းက ပြောပါတယ်။

ဦးလဘုန်ချမ်းယိန်းဟာ နမ်ဗျူနမ်ခမ်ကျေးရွာက ဖြစ်ပြီး ယခင် ကျေးရွာမှာတုန်းက ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ဒေသခံတွေ စွပ်စွဲနေသလို တပ်မတော်၊ တပ်ဖွဲ့တွေက ငွေအပေးအယူလုပ်ပြီး ဝင်ရင် ပယင်းတူးလို့ ရတယ်ဆိုတဲ့ သတင်းစကားတွေဟာ တနိုင်းမြို့ရဲ့ နေရာတိုင်းမှာလည်း ကြားနေရပါတယ်။

ဦးလဘုန်ချမ်းယိန်းက “လူတိုင်းတော့ ဝင်လို့ ရတာမဟုတ်ဘူး။ သူတို့နဲ့ ချိတ်ရှိတဲ့သူမှ။ နောက်ပြီး ကချင်နဲ့ ရခိုင်ဆိုရင် ဝင်လို့ မရဘူး။ လီဆူတို့ ရှမ်းတို့ဆိုရင် ဝင်ထွက်သွားလာလို့ ရတယ်” လို့လည်း ဆိုပါတယ်။

မှော်တွေ ပိတ်ထားတယ်လို့ ဆိုပေမယ့် တနိုင်းမြို့၊ ပယင်းကျောက် ဈေးတန်း၊ ဝိုင်းမော်မြို့က ပယင်းကျောက် ဈေးတန်း တွေမှာ တနိုင်းက ထွက်တဲ့ ပယင်းအချို့ကို တွေ့နေရဆဲပါပဲ။

တိုက်ပွဲတွေကြောင့် တနိုင်းပယင်းမှော်တွေ ပိတ်ထားရလို့ ခန္တီးဘက်က လာတဲ့ ပယင်းတွေကို ဆိုင်ခုံတွေ ပေါ်မှာ ပိုရောင်းချလာတာ တွေ့ရပေမယ့် တနိုင်းပယင်းကလည်း ပစ္စည်းလုံးလုံး ပြတ်သွားတယ်လို့ မရှိပါဘူး။

မှော်တွေ ပိတ်သွားတဲ့ ၂ နှစ်ကျော်ကာလ ကြာသည့်တိုင်အောင် တနိုင်းပယင်းတွေကတော့ ဆက်ရောင်းချ နေကြတာဟာ ပယင်းတူးသူတွေ ရှိနေသေးတယ်ဆိုတဲ့ သက်သေပါပဲ။

ပယင်းကုန်သည်တွေဟာလည်း တနိုင်းက အရည်အသွေးကောင်းတဲ့ ပယင်းတွေကို ဆက်ဝယ်ယူပြီး တရုတ်ပြည်ဘက်ကို ပို့နေတုန်းပါပဲ။

မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ ပယင်းကုန်သည် ဒေါ်ကိုင်ရာက “တိုက်ပွဲဖြစ်ပြီးနောက်မှာ တနိုင်းက ပယင်းကတော့ တော်တော့်ကို ရှားသွားတယ်။ ခန္တီးဘက်က သက်တမ်းနုတဲ့ ပယင်းတွေ လာတာများတယ်။ ဒါပေမယ့် တနိုင်းပယင်း မရှိတော့ဘူးလား ဆိုတော့ မဟုတ်ဘူး။ တူးတဲ့ သူတွေ ကျမတို့ဆီ လာသွင်း နေတုန်းပဲ။ ရှိနေတုန်းပါပဲ။ အရင်လို ပေါပေါများများ မတွေ့ရတော့တာပဲ ကွာတာပါ” လို့ ပြောပါတယ်။

KIA ဘက်ကလည်း သူတို့ဆီကနေ သိမ်းယူသွားတဲ့ ပယင်းနဲ့ ရွှေမှော်တွေထဲမှာ တပ်မတော်က ရှမ်းနီပြည်သူ့စစ်နဲ့ လီဆူ ပြည်သူ့စစ်တွေကို ပြန်ချပေးပြီး ဆက်တူးနေတယ်လို့ ပြောပါတယ်။

KIA က တပ်ရင်း ၁၄ ဌာနချုပ်ကို နေရာပြောင်းရွှေ့လိုက်ရပြီး ပယင်းနဲ့ ရွှေမှော်တွေ တိုက်ခိုက် သိမ်းယူ ခံလိုက်ရပေမယ့် တနိုင်းမြို့နယ်တွင်းထဲမှာ ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

တဖက်မှာတော့ ကချင်ပြည်နယ်အစိုးရဘက်က တနိုင်းမြို့နယ်တွင်း နမ်ဗျူ၊ ထန်းပလား၊ နွယ်ဂျီဘုမ် ဧရိယာအတွင်းက ၆၉၀၁၈.၉၅ ဧက အတွင်းမှာ တရားဝင် လက်လုပ်လက်စား လုပ်ကွက်တွေ ချပေးဖို့ စီစဉ်နေပါတယ်။

နယ်မြေကို ဆင်းပြီး အကွက်ရိုက်ဖို့ အတွက်ကိုလည်း စက်တင်ဘာ၊ အောက်တိုဘာ အတွင်းမှာ စီစဉ်ထား ပေမယ့် ဒေသခံ စစ်ဘေးရှောင်တွေက ဝေဖန်ကန့်ကွက်မှုတွေ ရှိနေတာကြောင့် ရပ်နားထားရတာလို့ ကချင်ပြည်နယ်၊ သယံဇာတနဲ့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးဒါရှီလဆိုင်းက ဆိုပါတယ်။

ဒီဇင်ဘာလောက်မှာတော့ အကွက်ရိုက်လုပ်ငန်းကို ပြန်စဖို့ မှန်းထားပြီး တရားဝင်လုပ်ကွက်တွေ ချပေးနိုင်မှ ခိုးတူးတာတွေ ပပျောက်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးဖို့ အချက်အလက်တွေလည်း အစိုးရက ကောက်ယူနိုင်မှာလို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်တွေဘက်ကတော့ သူတို့ မြေတွေ အကွက်ရိုက်တဲ့အထဲ ပါသွားမလား ဆိုတာ စိုးရိမ် နေကြပါတယ်။

တိုက်ပွဲတွေငြိမ်သက်သွားပြီ ဖြစ်တဲ့ အပြင် KIA နဲ့ တပ်မတော်အကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တခု ရေးထိုးနိုင်ဖို့ ပြင်ဆင်နေတာကြောင့် အိမ်ပြန်နိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။

မြစ်ကြီးနား တဘက်ကမ်း ဝိုင်းမော်မြို့ရှိ အသင့်ရောင်းရန် ပြထားသော ပယင်းထည်များ/ ဧရာဝတီ

သို့ပေမယ့် အပစ်ရပ်စာချုပ် ဖြစ်မလာသေးခင်၊ သူတို့ နေအိမ်တွေမပြန်ရသေးခင် ပယင်းလုပ်ကွက်တွေ ရိုက်ပြီး ချပေးမယ်ဆိုရင် သူတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာတဲ့ လယ်ယာမြေတွေ ပါသွားမှာကိုလည်း ပူပန်နေကြပါသေးတယ်။

ဦးဒါရှီလဆိုင်းကတော့ ပယင်းလုပ်ကွက်တွေ ရိုက်ရင် တနိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးအပြင် ရပ်မိရပ်ဖ တွေပါ ပါမှာဖြစ်လို့ ဒေသခံတွေ ထင်နေသလို ဖြစ်မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

ဆက်ပြီး ဦးဒါရှီလဆိုင်းက “သူတို့က နည်းနည်း နားလည်မှုလေး လွဲနေလို့ပါ” လို့ ပြောပါတယ်။

တနိုင်းမြို့၊ စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးကော်မတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးနော်တောင် ကတော့ အစိုးရနဲ့ အာဏာပိုင်တွေဟာ တနိုင်းမှာလည်း ပယင်းလုပ်ကွက်တွေ တရားဝင် ချပေးမယ်ဆိုရင် ဒေသခံတွေရဲ့ အကျိုး စီးပွားကိုလည်း မပျက်စီးအောင် အစိုးရက ကြည့်ရှုဖို့ လိုတယ်လို့ ပြောပါတယ်။

ဒေသခံတွေရဲ့ နေရပ်ရင်းရွာတွေကိုလည်း ပြန်လည် နေထိုင်ဖို့ အစိုးရနဲ့ တပ်မတော်က စီမံခန့်ခွဲ ပေးသင့်သလို ဒေသခံတွေ လုပ်ကိုင် စားသောက်နေတဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေ မပျက်စီး အောင်လည်း ထိန်းသိမ်းပေးဖို့ လိုတယ် လို့ ဦးနော်တောင်က ပြောပါတယ်။

လုပ်ကွက်တွေ ချပေးပြီး ဒေသမှာရှိတဲ့ သယံဇာတကို တူးဖော် စီးပွားရှာကြပြီး သယံဇာတ တနေ့နေ့မှာ ကုန်သွားခဲ့ရင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုဒဏ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေ အများအပြား ရောက်လာလို့ လူမှုရေးပြဿနာ နောက်ဆက်တွဲ တွေကို ခံစားရတာ ဒေသခံတွေပဲလို့ ဦးနော်တောင်က ဆိုပါတယ်။

ဦးနော်တောင်က “မှော်ပဲ ဖွင့်ဖွင့်၊ စနစ်တကျ ပြုစုထိန်းသိမ်းတာမျိုးကို ဥပဒေပြုပြီးမှ လုပ်စေချင်ပါတယ်။ ဥပဒေ ပြုတဲ့ နေရာမှာလည်း ဒေသခံတွေ၊ ဌာနေတိုင်းရင်းသားတွေရဲ့ ခံစားခွင့်ပါတဲ့ ပုံစံမျိုး စနစ်တကျ ရေးဆွဲပြီး လုပ်ဆောင်မယ်ဆိုရင် ထိခိုက်မှု လျော့နည်းပြီး အကျိုးရှိမှာပါ”လို့ ပြောပါတယ်။

မည်သို့ပင် ဖြစ်စေ လက်ရှိ အခြေအနေကတော့ ဒေသခံတွေဟာ စစ်ဘေးရှောင်ဘဝမှာ ရုန်းကန်နေရပြီး စားဝတ် နေရေးအတွက် ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ ပြန်ခိုးဝင်ပြီး ပယင်းတူးနေကြဆဲပါ။

ပယင်းဟာ စီးပွားရေးသမားတွေ ကုန်သည်တွေ အတွက်တော့ ငွေရှာ လို့ကောင်းတဲ့ ကျောက်၊ ဒေသခံတွေ အတွက်ကတော့ ဒီပယင်းကြောင့်ပဲ ပြေးခဲ့ရ၊ ရှာဖွေစုဆောင်းထားသမျှ စစ်မီးထဲ ပါသွားကြရပါတယ်။

စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေရင်း စားဖို့သောက်ဖို့ ကျပ်တည်းတဲ့အခါမှာ ဒီပယင်းထွက်ရာ နေရာကိုပဲ ပြန်သွားပြီး ခိုးကြောင်ခိုးဝှက် ရှာဖွေရပြန်ပါတယ်။

ပယင်းထွက်တဲ့ မြေမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာရတဲ့ ဒေသခံတွေဖြစ်ကြတဲ့ သူတို့ဟာ သူတို့ မြေမှာ သယံဇာတ ထွက်ပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ပိုခံစားကြရတာကြောင့် ပယင်းနဲ့ပတ်သတ်ရင် သူတို့ကိုယ်စီမှာ ဝမ်းနည်းစရာ၊ ထိတ်လန့်စရာ အကြောင်းတွေနဲ့ချည်းပါ။

တနိုင်းစစ်ဘေးရှောင်စခန်းက ဒုက္ခသည်တိုင်းကို “အိမ်ပြန်ဖို့ မျှော်လင့်ချက်ဘယ်လိုရှိလဲ” လို့ မေးကြည့်တဲ့ အခါ အယောက်စီတိုင်းရဲ့ အဖြေကတော့ “အိမ်ပြန်ချင်ပြီ” ဆိုတာပဲ ဖြစ်ပါတယ်။

You May Also Like These Stories:

“သယံဇာတနဲ့ ပတ်သက်ရင် ဌာနေတိုင်းရင်းသားတွေ အတွက် စဉ်းစားပေးပါ”

ဒေသခံတွေ စိုးရိမ်သလို မဟုတ်ဘူးလို့ ဆိုတဲ့ ကချင် သယံဇာတ ဝန်ကြီး 

”စွန့်လွှတ်အနစ်နာ မခံဘဲ ငြိမ်းချမ်းရေး မရဘူး”

Did you find apk for android? You can find new Free Android Games and apps.
Loading