မြို့တော်နေပြည်တော်မှာ ရောက်နေတုန်း ကျနော် စိတ်အဝင်စားဆုံးကတော့ လူဦးရေ ၅၃ သန်းရှိပြီး ပြသနာပေါင်း သောင်းခြောက်ထောင်ရင်ဆိုင်နေရတဲ့ မြန်မာပြည်ရဲ့ ကံကြမ္မာကို ပုံဖော်နေတဲ့ အရင် အစိုးရအဖွဲ့က လူဟောင်း တွေနဲ့ လက်ရှိ အစိုးရသစ် အကြား အာဏာလွန်ဆွဲပွဲဘဲ ဖြစ်ပါတယ်။
နေပြည်တော်ဆိုတာ “မင်းတို့ပျော်စံရာ နန်းစိုက်ရာ နေရာ”လို့ အဓိပ္ပါယ်ရမှန်း တော်တော်များများက သိကြပါတယ်။ ဒါပေမယ့် ကျနော် ရောက်ခဲ့တဲ့ နေပြည်တော် ကိုတော့ “ဗိုလ်ချုပ်ကြီးတွေ စိုးစံရာနေရာ”လို့လည်း ခေါ်နိုင်ပါသေးတယ်။
အဲဒီလို ခေါ်နိုင်တဲ့ အကြောင်းကတော့ အင်မတန်ကို ရှင်းပါတယ်။ မြို့တော်ဟောင်း ရန်ကုန်ကနေ ၃၂၀ ကီလိုမီတာလောက်အကွာမှာရှိတဲ့ ဒီမြို့တော်သစ်ဟာ စစ်အစိုးရဟောင်းအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကိုယ်ပိုင်ဖန်တီးမှုပါ။ မြန်မာပြည်ကို သူ အုပ်ချုပ်ခဲ့တဲ့ ၁၉ နှစ်ကြာ (၁၉၉၂-၂၀၁၁) ကာလအတွင်း သူ့ရဲ့ တင်းကျပ်တဲ့အုပ်ချုပ်မှုကြောင့် သူ့ကို စစ်အာဏာရှင်တဦးရယ်လို့ ပြည်တွင်းကရော ကမာ္ဘတစ်ခုလုံးကပါ သတ်မှတ်ခဲ့ကြတယ်။ ဒါကြောင့်မို့ နေပြည်တော်ဟာ ၁၉၆၂ ခုနှစ်ကတည်းက တိုင်းပြည်ကိုချုပ်ကိုင်ခဲ့ကြတဲ့ ထိပ်တန်းစစ်ဖက်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းအတွက် အထူး ရည်ရွယ်တည်ဆောက်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။
စစ်အစိုးရအကြီးအကဲက သူ့အစိုးရအဖွဲ့တခုလုံးကို ရန်ကုန်ကနေပြောင်းရွှေ့ကြဖို့ အမိန့်ပေးညွှန်ကြားခဲ့တဲ့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလကစပြီးနောက်ပိုင်း နှစ်ကာလတလျှောက် နေပြည်တော်ဟာ စစ်ခေါင်းဆောင်တွေ၊ အရာရှိတွေနဲ့ အစိုးရအမှုထမ်းတွေအတွက်ပါ တသီးတခြားထားတဲ့နေရာဖြစ်ခဲ့ပါတယ်။
မြန်မာပြည်သူလူထုရဲ့အမြင်မှာတော့ နေပြည်တော်ဟာ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုပြီး စစ်ခေါင်းဆောင်တွေပိုင်ဆိုင်တဲ့၊ စစ်အာဏာရှင်တယောက်ရဲ့ ဝိဉာဉ်ကနေ ပေါက်ဖွားလာတဲ့ နေရာတခုလို့ ရှုမြင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုအခြေအနေဟာ ထာဝရတော့ မတည်တံ့ခဲ့ပါဘူး။ ခြောက်နှစ်လောက်သာ ခံခဲ့ပါတယ်။
ဒီနေ့အချိန်မှာ နေပြည်တော်ဟာ ဟိုတချိန်တုန်းကမြို့ မဟုတ်တော့ပါဘူး။ အစိုးရအဖွဲ့ကိုရွှေ့ခဲ့ချိန် ကစလို့ ဆယ့်လေးနှစ်အကြာမှာတော့ နေပြည်တော်ဟာ “အသက်ကင်းမဲ့” ပြီး “အထီးကျန်ဆန်”တဲ့ မြို့တော်တခုအဖြစ် သတင်းစာအတော်များများက တချိန်ကဖော်ပြခဲ့ကြသလိုမျိုး မဟုတ်တော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် နေပြည်တော်ဟာ မြန်မာပြည်ရဲ့ အာဏာဗဟိုချက်မဖြစ်နေတုန်းပါ။
ကျနော့်အမြင်မှာတော့ နေပြည်တော်ဟာ အရေးပါတဲ့ နည်းလမ်းသုံးခုနဲ့ နိုင်ငံရေးအရ တဆင့်ပြီး တဆင့်ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။
အဲဒီ အပြောင်းအလဲတွေထဲမှာ ပထမဆုံးက ၂၀၁၁ ခုနှစ် မတ်လမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ကိုယ်ပိုင်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၂၀၁၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်နဲ့ အနိုင်ရပြီးနောက် (မဲမသမာမှုကြောင့် အဲဒီလောက်နိုင်တယ်လို့ အများက ယုံကြတယ်) ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်ကို သမ္မတ ခန့်ပြီး အမည်ခံ အရပ်သားအစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးခဲ့တာပါပဲ။
ဒုတိယ အပြောင်းအလဲကတော့ ၂၀၁၂ ခုနှစ်၊ ဂျူလိုင်လမှာပါ။ အဲဒီအချိန်က အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့အဖွဲ့ဝင် ၄၃ ယောက်ဟာ ကြားဖြတ် ရွေးကောက်ပွဲ နိုင်ငံအဝန်းလစ်လပ်နေရာ ၄၄ နေရာရှိတဲ့အထဲက ၄၃ နေရာမှာအနိုင်ရပြီး USDP နဲ့စစ်ဖက်ကိုယ်စားလှယ်တွေ ကြီးစိုးထားတဲ့လွှတ်တော်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။
နောက်ဆုံးလည်းဖြစ်၊ အရေးအပါဆုံးဖြစ်ရပ်လည်းဖြစ်တဲ့ အပြောင်းအလဲကတော့ ၂၀၁၆ ခုနှစ် မတ်လမှာ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီတုန်းက NLD ဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရပြီးတဲ့နောက် ပထမဆုံးအကြိမ်အနေနဲ့ အစိုးရတစရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ NLD ဟာ USDP နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ လွှမ်းမိုးထားခဲ့ဖူးတဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်တွေမှာရှိတဲ့ နေရာအများစုကို အနိုင်ရခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး နေပြည်တော်မှာ လူဟောင်း တွေနဲ့ လူသစ်တွေအကြား အာဏာ လွန်ဆွဲပွဲတခုကို ကျနော်တို့တွေ့မြင်ခဲ့ကြရပါတယ်။ (အဟောင်းတွေထဲမှာ တပ်မတော်ရယ်၊ ဗိုလ်ချုပ် ဟောင်းတွေရယ်နဲ့ USDP တို့ပါဝင်ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်ငါးခုကျော်ကြာ တိုင်းပြည်ကို သူတို့တွေပေါင်းပြီး အုပ်စိုးခဲ့ကြတာပါ။ အသစ်တွေထဲမှာတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွေမှာ နိုင်ငံရဲ့လွှတ်တော်တွေထဲက ကိုယ်စားလှယ်နေရာတွေကို အနိုင်ရခဲ့ကြတဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါဝင်ကြပါတယ်။)
ဒီအရေးပါတဲ့ဖြစ်ရပ်တွေကပဲ နေပြည်တော်ကို စစ်အာဏာရှင်ဖန်တီးခဲ့တဲ့ မြို့တော်တခုကနေ နိုင်ငံရေးအရ ပိုမိုလှုပ်ရှားတက်ကြွပြီး အရောင်အသွေးစုံလင်တဲ့နေရာတခုအဖြစ် သိသိသာသာကြီးပြောင်းလဲပစ်ခဲ့ပါတယ်။ အဲဒီအရေးပါတဲ့ဖြစ်စဉ်သုံးခုအနက် နှစ်ခုဖြစ်တဲ့ ၂၀၁၂ ခုနှစ် ဂျူလိုင်လနဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ကျနော်ကိုယ်တိုင်သွားရောက်လေ့လာသုံးသပ်ခဲ့ပါတယ်။ ၂၀၁၆ ဖေဖော်ဝါရီလ ကတော့ အသစ်ရွေးကောက်တင် မြှောက်ခံထားရတဲ့ NLD ကိုယ်စားလှယ်တွေဟာ သူတို့အစိုးရမဖွဲ့ခင်အချိန်လေးအတွင်း ပြည်ထောင်စုလွှတ်တော်ထဲ စတင်ဝင်ရောက်ချိန်ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ NLD အစိုးရဖွဲ့ပြီးနောက်ပိုင်း တပ်မတော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ တခြားပါတီတွေထက်ကို ပိုပြီး အတိုက်အခံလို ရပ်တည်ခဲ့ကြတယ်။ အကောင်းမြင်ပြီးပြောမယ်ဆိုရင် နေပြည်တော်ဟာ နိုင်ငံရေးအရ အရင်ကထက်ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာသလို တဖက်မှာလည်း နိုင်ငံရေးအရ အနှုတ်သဘောဆန်တာတွေလည်း ရှိနေတာအမှန်ပါပဲ။
နိုင်ငံရေးကနေ စစ်တပ်ရဲ့အခန်းကဏ္ဍကို လျှော့ချပစ်ဖို့ကြိုးစားနေတဲ့ NLD နဲ့ တိုင်းရင်းသားပါတီတွေကတဖက်၊ လက်ရှိအနေအထားနဲ့ ဖွဲ့စည်းပုံအရ အထူးအခွင့်အရေးတွေကို အရှည်တည်တံ့အောင်ထိန်းသိမ်းဖို့ အလေးဂရုပြုနေတဲ့ စစ်တပ်ကတဖက်ဆိုပြီး အရင်အာဏာရ လူဟောင်းတွေနဲ့ လက်ရှိ အာဏာရ လူသစ်တွေဆိုတဲ့ အုပ်စုနှစ်ခုဟာ ထိပ်တိုက် အားပြိုင်မှုတွေ ဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီအားပြိုင်မှုရဲ့ရလဒ်ဟာ အကောင်းဖြစ်လာမလား၊ အဆိုးဖြစ်လာမလားဆိုတာကိုတော့ ဘယ်သူကမှ အတိအကျ မခန့်မှန်းနိုင်သေးပါဘူး။
အဲဒီ အားပြိုင်နေတဲ့ ပွဲကတော့ ထင်ထင်ရှားရှား လွှတ်တော်ထဲမှာဖြစ်နေတဲ့တိုက်ပွဲပါပဲ။ NLD အများစုနဲ့ တိုင်းရင်းသားကိုယ်စားလှယ်အချို့က တဘက်၊ လက်ရှိစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရွေးချယ်ပေးထားတဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတဘက် ဖြစ်နေကြတဲ့တိုက်ပွဲပဲဖြစ်ပါတယ်။ တနည်းပြောရရင် ဒီတိုက်ပွဲဟာ ပြည်သူအများရှုစားနိုင်တဲ့ ဇာတ်ခုံပေါ်ကပွဲပါ။ တကယ်တော့ ဇာတ်ခုံ နောက်မှာ ဖြစ်နေတဲ့ဖြစ်ရပ်တွေက ပိုစိတ်ဝင်စားစရာကောင်းသေးတယ်။
မြို့တော်အသစ်၊ နည်းပရိယယ်အဟောင်း
ဒီကနေ့ နေပြည်တော်ဟာ သစ်ပင်ကြီးတွေ သစ်ပင်ငယ်တွေနဲ့ အရင်ထက် ပိုပြီးစိမ်းလန်းနေပါတယ်။ လမ်းမကြီးတွေဟာ ကျယ်ပြောပြီး ယာဉ်အသွားအလာက မရှိသလောက်ပါ။ လမ်းဘေးနှစ်ဘက်မှာ ပန်းပင်နဲ့ရွက်လှတွေက မြို့တော်ကိုလတ်ဆတ် အေးမြတဲ့ အသွင်ကို ဆောင်စေပါတယ်။ မြို့ရဲ့ အထင်ကရနေရာတွေမှာ လူသွားစင်္ကြန်တွေက အတော့်ကို သပ်သပ်ရပ်ရပ် ရှိပါတယ်။
နေပြည်တော်မှာ လေထုညစ်ညမ်းမှုဆိုတာ မရှိသလောက်မို့ အားရပါးရ အသက်ရှုလိုက်ရင် ရင်ထဲ အောက်ဆီဂျင်တွေပြည့်ပြီး အသက်ရှုဝတယ်လို့ ခံစားရပါတယ်။
ဒါပေမယ့် အနားယူသွားပေမယ့် နိုင်ငံရေးဇာတ်ခုံနောက်မှာ အခုထိသြဇာတိက္ကမရှိနေဆဲ ဗိုလ်ချုပ်ကြီးတွေ ဘာတွေတွေးနေလဲဆိုတာကို တစိတ်တဒေသ သိလိုက်ရတဲ့ အချိန်မှာတော့ ကျနော် ရုတ်တရက် အသက်ရှု ကြပ်သလို ခံစားလိုက်ရပါတယ်။ ကျနော်သိလ်ိုက်ရတဲ့ အချက်တခုကတော့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ၂၀၁၁ ခုနှစ်မှာ တိုင်းပြည်ရဲ့နိုင်ငံရေးလမ်းကြောင်းကို ပြောင်းဖို့ဆုံးဖြတ်ချက်ချခဲ့ပေမယ့် အာဏာသိမ်းမှုကို သူတို့ရဲ့နိုင်ငံရေးဖြေရှင်းနည်းတခုအဖြစ် စဉ်းစားနေဆဲပဲဆိုတဲ့ အချက်ပါပဲ။ ဒါကို ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်မှုရှိပြီး ယုံကြည်စိတ်ချရလောက်တဲ့ သူ တယောက်ဆီကနေ နေပြည်တော်မှာ ကျနော် ကြားသိခဲ့ရတာဖြစ်ပါတယ်။
ပုဗ္ဗသီရိမြို့နယ်ထဲက ရာဇသင်္ဂဟအဝိုင်းနားမှာ အရင်စစ်အစိုးရနဲ့ ပြီးခဲ့တဲ့အစိုးရရဲ့ ထိပ်တန်းအဖွဲ့ဝင် ခြောက်ယောက်လက်ရှိနေထိုင်ကြတဲ့ အိမ်ခြောက်လုံးရှိတယ်။ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူ့လက်ထောက်ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ သမ္မတဟောင်းဦးသိန်းစိန်၊ သူ့ရဲ့ဒုတိယသမ္မတဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ အရင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေးတို့ရဲ့အိမ်တွေပါ။
အဲဒီနေရာဟာ အခုချိန်အထိ နေပြည်တော်ရဲ့ဝိဉာဉ် ကိန်းအောင်းရာနေရာပဲလို့ ပြောလို့ရပါတယ်။ ဒီအိမ်ခြောက်လုံးကို `ခြောက်လုံးတန်း`လို့ ဒေသခံတွေကခေါ်ကြပါတယ်။ လုံခြုံရေးအစောင့်တွေက အိမ်ဝန်းတိုင်းရဲ့ ဂိတ်၀တွေကို စောင့်ကြပ်နေကြပြီး လမ်းမတချို့ကိုလည်း သွားလာခွင့်ပိတ်ထားပါတယ်။
ကျနော့်တွေ့ရှိ ချက်တွေဟာ အဲဒီကနေ တိုက်ရိုက်လာတာပါ။
ကျနော်တွေ့ဆုံခဲ့တဲ့ အငြိမ်းစားအကြီးတန်းစစ်တပ်အရာရှိတဦးက “ကျနော်တို့” ဆိုတဲ့ ဘုံနာမ်စားသုံးပြီး အောက်ပါအတိုင်း စပြောတယ်။
“ကျနော်တို့ အနောက်ဖက် ပဲ့သွားမှာ စိုးရိမ်တယ်။ တိုင်းပြည်အခြေအနေက အရမ်းစိုးရိမ်ဖို့ ကောင်းတယ်”လို့ နိုင်ငံအနောက်ဖက်မှာရှိတဲ့ ရခိုင်ပြည်နယ်ကို ရည်ညွှန်းပြီး အဲဒီအရာရှိ ကပြောပါတယ်။
“ဘာလို့လဲ”လို့ ကျနော်က မေးတယ်။
“အေအေ (ရခိုင်တပ်မတော်) က အရမ်းရန်လိုပြီးတော့ အဲဒီမှာရှိတဲ့ ဘင်္ဂါလီ (ရိုဟင်ဂျာ) ပြဿနာကလည်း ရှိနေတုန်းပဲ။ ဒါ့အပြင် ကျနော်တို့ သိတယ်။ နိုင်ငံခြားတိုင်းပြည်ကြီးတခုကလည်း ဒီအရေးမှာ ဝင်ရောက်စွက်ဖက်နေတယ်” လို့ အမေရိကန်ပြည်ထောင်စုကို ရည်ညွှန်းပြီး သူကပြောပါတယ်။
သူ့ရဲ့ အခြားအဓိက စိုးရိမ်ပူပန်မှုတခုကတော့ NLD ရဲ့အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုပါ။ သူက NLD ရဲ့အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခုခံနေကြတဲ့ လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ တလေသံတည်းပါဘဲ။ “တကယ်လို့ အခြေအနေတွေ ပိုဆိုးလာရင်တော့ ကျနော်တို့က အာဏာသိမ်းရမှာပဲ”လို့ သူက ဆက်ပြောပါတယ်။ “ဒီလိုလုပ်ရင် အကျိုးဆက်တွေ မကောင်းဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူးလေ။ အဲဒီလိုဆိုရင် တရုတ်ကိုပဲ ကျနော်တို့ အားထားရမှာပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ကျနော်တို့နဲ့ သိပ်ဆက်ဆံမှာ မဟုတ်တော့ဘူး`လို့ သူက ဆိုပါတယ်။
သူပြောတာကြားတော့ ကျနော် အတော်စိုးရိမ် သွားပါတယ်။ ကျနော်က ချက်ချင်းဆိုသလို “အဲဒီလိုလုပ်ရင် အရင်တုန်းကလိုပဲ ကျနော်တို့ပြည်သူတွေနဲ့ မျိုးဆက်သစ်တွေဟာ ဒုက္ခရောက်မှာပေါ့ လို့ ပြန်ပြောလိုက်ပါတယ်။ “အင်းလေ..ဒါကတော့ ပြည်သူရဲ့ကံကြမ္မာပေါ့” လို့ သူကပြန်ပြောတယ်။ ကျနော်က စိုးရိမ်တကြီးနဲ့ “အာဏာသိမ်းမယ့်အစား တပ်ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိဖို့ တိုက်တွန်းကြပါလား။ အဲဒါက တိုင်းပြည်အတွက် ပိုကောင်းလိမ့်မယ်”လို့ ကျနော် သူ့ကိုပြောလိုက်တယ်။
ဒီတော့ သူက “အေးဗျာ…ခင်ဗျားသိတဲ့အတိုင်းပဲ သူတို့ဆွေးနွေးတာတွေကလည်း အလုပ်မှမဖြစ်တာ”လို့ ပြန်ပြောတယ်။ သူ့စကားတွေက အရင်ကနဲ့ လက်ရှိတပ်မတော်ခေါင်းဆောင်တွေ စဉ်းစားလေ့ရှိတဲ့ နည်းလမ်းနဲ့ပတ်သက်လို့ ပြန်ဖော်ပြလိုက်တာပါပဲ။ အဲဒီ စကားဟာ လူဟောင်းတွေရဲ့အမြင်ကို ကိုယ်စားပြုနေပါတယ်။ အငြိမ်းစားရော တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်ကြီးတွေဟာ အာဏာသိမ်းဖို့ ဘယ်တုန်းကမှ လက်မတွန့်ခဲ့ဘူး ဆိုတဲ့အချက်ဟာ ကျနော်တို့နိုင်ငံရဲ့ အဓိကပြဿနာပါပဲ။ သူတို့ အနေနဲ့ အာဏာသိမ်းဖို့ လိုတယ်လို ထင်တိုင်း အဲဒီနည်း ကို သမိုင်းမှာ သုံးခဲ့ကြပါတယ်။
ထိပ်ဆုံးအဆင့်က ထွက်ပေါက်မရှိတဲ့အခြေအနေ
ဒီတပ်မတော်အရာရှိဟောင်းပြောခဲ့တာဟာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြားက ဆွေးနွေးပြောဆိုမှုတွေနဲ့ပတ်သက်လို့ကတော့ မှန်ပါတယ်။ “ခေါင်းဆောင်နှစ်ယောက်ဟာ ၂၀၁၈ ခုနှစ်အထိ မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတွေ အကြိမ်တော်တော်များများ လုပ်ခဲ့တယ်”လို့ နာမည်ထုတ်မပြောလိုတဲ့ အရာရှိတယောက်က ကျနော့်ကိုပြောခဲ့ပါတယ်။ “ဒါပေမယ့်လည်း ဒီဆွေးနွေးပွဲတွေဟာ ဘာရလဒ်မှ မထွက်ခဲ့ပါဘူး”လို့ သူက ဆိုပါတယ်။
သူတို့သဘောမတူကြတဲ့အချက်တချက်က အခြေခံဥပဒေပြင်ဆင်ရေးပါ။ ခေါင်းဆောင်နှစ်ဦးမှာ ဆက်ဆံရေးကောင်းတယ်လို့ ဘယ်တုန်းကမှ မကြားသိခဲ့ရပါဘူး။ ပြီးတော့ ကျနော် တွေ့ဆုံခဲ့တဲ့ အရာရှိတွေကလည်း ဒီဆက်ဆံရေးဟာ မကြာခင် ကောင်းမွန်လာလိမ့်မယ်လို့ မယူဆကြပါဘူး။ စစ်တပ်အရာရှိဟောင်းတဦးဖြစ်တဲ့ နောက်ထပ်တဦးက အခြေခံဥပဒေပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပါတီရဲ့ကြိုးပမ်းမှုဟာ အောင်မြင်မယ်လို့ ယုံကြည်ဖို့ မဖြစ်နိုင်ကြောင်းပြောပါတယ်။ “စစ်တပ်သဘောနဲ့တော့ ဒါဟာ လုံး၀ဖြစ်လာမှာ မဟုတ်ဘူး”လို့လည်း သူက ဆိုပါသေးတယ်။
၂၀၁၁ ခုနှစ်က စခဲ့တဲ့ လက်ရှိ ဒီမိုကရေစီ အကူးအပြောင်းကို ရှေ့ဆက်သွားဖို့ဆိုရင် စစ်တပ်ကရေးဆွဲခဲ့တဲ့အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြည်သူအများအပြားက ယုံကြည်ကြပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ထောက်ခံမှု တခုခုမရှိပဲနဲ့တော့ ဒီကိစ္စဟာ ဘယ်မှခရီးပေါက်မယ့်ဟန် မတူပါဘူး။ အစိုးရအရာရှိတွေ အထူးသဖြင့် လက်ရှိအစိုးရအတွက် အလုပ်လုပ်နေကြတဲ့ တပ်မတော်အရာရှိဟောင်းတွေဆီက ကျနော်သိတဲ့ အရာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအပေါ် သူတို့ရဲ့ယေဘူယျအမြင်ပါ။
ဒါနဲ့သက်ဆိုင်တဲ့မေးခွန်းတွေ သူတို့ကို ကျနော် မေးကြည့်ခဲ့ပါတယ်။ “သူက ကျနော်တို့ကို လူလို ဆက်ဆံတယ်ဗျာ။ အရင် အစိုးရတွေထဲက ကျနော်တို့အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့တော့ အဲဒါကွာတယ်” လို့ တယောက်ကဖြေတယ်။ “ပြီးတော့ သူက Principle (မူ) သမား၊ သမာသမတ်ကျတယ်။ သူ့ဝန်ကြီးတွေနဲ့ တခြားစီပဲ။ တော်တယ်။ အလုပ် အရမ်းလုပ်တယ်။ ဒါပေမယ့် သူက သူများစကားကို သိပ်နားထောင်တဲ့သူတယောက်တော့ မဟုတ်ဘူး`လို့ သူကပြုံးပြီးဆက်ပြောပါတယ်။
NLD အစိုးရမှာ အရည်အချင်းပြည့်တဲ့သူ မရှိဘူးလို့ ဝေဖန်သူတွေကပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတက ပြည်ထောင်စုဝန်ကြီးအများစုကို လုပ်ဆောင်မှုညံ့ဖျင်းတာတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ပတ်သက်ပြီး သတိပေးခဲ့ကြရတယ်လို့ အဲဒီအရာရှိတွေက ကျနော့်ကိုပြောပြကြတယ်။ “ဝန်ကြီးအဖွဲ့ တခုလုံးမှာ တရားဝင် သတိပေးမခံရတာဆိုလို့ နှစ်ယောက်လောက်ပဲ ရှိတယ်”လို့ အရာတစ်ဦးကပြောပါတယ်။
ဘာပဲဖြစ်ဖြစ် NLD အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထောက်ခံမှု ကျဆင်းလာတဲ့ အခြေအနေကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ တုန်းကလိုမျိုး အပြတ်အသတ် နိုင်ခြေ မရှိပေမယ့် နောက်ထပ်အစိုးရဖွဲ့နိုင်လောက်တဲ့အထိတော့ အနိုင်ရမယ့်ပုံရှိတယ်လို့ ကျနော်တွေ့ဆုံခဲ့တဲ့အရာရှိတွေက ယူဆကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အငြိမ်းစားစစ်ဖက်အရာရှိတွေ၊ လက်ရှိအစိုးရအရာရှိတွေ၊ လွှတ်တော်အဖွဲ့ဝင်တွေနဲ့ စကားပြောရာကနေ သေသေချာချာ သိလိုက်ရတာကတော့ အရင်နဲ့ လက်ရှိစစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ NLD ကို နောက်တကြိမ် အနိုင်မရစေချင်ကြဘူးဆိုတာဘဲ ဖြစ်ပါတယ်။ သူတို့အများစုက လူသစ်တွေကို၊ အထူးသဖြင့် NLD တွေကို သူတို့စိုးစံရာ နေပြည်တော် “မင်းနယ်ပယ်”အတွင်း ချဉ်းနင်းဝင် ရောက်လာကြတဲ့ “ကျူးကျော်သူများ”အဖြစ် ရှုမြင်နိုင်ကောင်း မြင်ကြပါလိမ့်မယ်။
နေပြည်တော်ကို NLD တွေ ချဉ်းနင်းဝင်ရောက်လာကတည်းက လူဟောင်းတွေဟာ မလုံခြုံတော့ဘူးလို့ ခံစားကြရပုံရပါတယ်။ တကယ်တော့ NLD ဟာ ရွေးကောက်ပွဲနိုင်ခဲ့တဲ့အတွက် နေပြည်တော်မှာရှိနေဖို့ တရားဝင်အခွင့်အရေးတရပ်ရရှိထားတာပါ။ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် နိုင်ငံရဲ့လက်ရှိရွေးချယ်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင် အများအပြားဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။
လက်ရှိမှာတော့ သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးအပါအဝင် ဝန်ကြီးဌာနတွေနဲ့ အစိုးရရုံးအားလုံးလိုလိုလိုကို NLD က သိမ်းပိုက်ထားကြတယ်။ သူတို့ထဲက အများစုဟာ ဒီမြို့တော်ကြီးကို ဖန်ဆင်းခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ တချိန်က အကျဉ်းသားတွေပါ။ ဒါ့ကြောင့်မို့ အရင်ကနဲ့ လက်ရှိ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ကသိကအောက်၊ မလုံမခြုံနဲ့ ပုံမှန်မဟုတ်တဲ့ ခံစားမှုတွေအပြင် ရန်လိုမုန်းထားတဲ့အထိအောင် ခံစားကြရနိုင်တယ်ဆိုတာတော့ အံ့သြစရာ မဟုတ်ပါဘူး။
ကျနော့် သဘောအရဆိုရင် တိုင်းပြည်လွှတ်တော်တွေထဲကနေ ရွေးကောက်ခံ မဟုတ်တဲ့တပ်မတော်သားကိုယ်စားလှယ်တွေ မရှိတာကို တွေ့မြင်လိုတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဒီမိုကရက်တစ်တွေကလည်း စစ်တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ ရှိနေစေလိုကြမှာ မဟုတ်တာ သေချာပါတယ်။ ဒါပေမယ့် အချိန်က မတန်သေးပါဘူး။ အခြေခံဥပဒေပြင်ဆင်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်တွေထဲကနေ ဖယ်ပြီး၊ နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ရှားပစ်မယ်ဆိုရင် အဲဒီကြိုးပမ်းမှုဟာ နိုင်ငံရေးအရ ဆိုးကျိုးတွေထွက်လာဖို့ သေချာသလောက်ရှိပါတယ်။ ဒီလှုပ်ရှားမှုဟာ ဒီနေပြည်တော်ခရီးစဉ်အတွင်း စစ်ဖက်အရာရှိဟောင်းတဦးက ကျနော့်ကိုပြောခဲ့သလို အာဏာသိမ်းမှုထပ်ဖြစ်ဖို့ မီးမွှေးပေးသလိုတောင် ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့်မို့လို နေပြည်တော်ဟာ နိုင်ငံရေးပြိုင်ဘက်တွေ (နိုင်ငံရေးအရ ရန်သူတွေဖြစ်မယ်ဆိုရင်တောင်မှ) အတူယှဉ်တွဲနေထိုင်ပြီး နိုင်ငံရေးနည်းနဲ့အခြေခံတူညီမှုတွေရှာဖွေရာ နေရာတခုသာ ဖြစ်သင့်ပါတယ်။ ဒါဟာ တခုတည်းသော နေပြည်တော်ရဲ့ ရည်ရွယ်ချက်ဖြစ်သင့်ပါတယ်။ နေပြည်တော်ဟာ အာဏာရှင်တယောက်အတွက် ပုဂ္ဂိလ်ရေးအထွက်အမြတ်နေရာတခုထက် ပိုသင့်ပါတယ်။
ဒီမြို့တော်ဟာ နိုင်ငံအတွက် ကြောက်ရွှံ့မှု၊ မုန်းတီးမှု့၊ ဖိနှိပ်ချုပ်ချယ်မှုနဲ့ အရှက်ရမှုတွေထွက်ပေါ်တဲ့ နေရာတခု မဖြစ်သငါ့်ဘူး။ အဲဒီအစား ဒီမြို့တော်ဟာ တိုင်းပြည်ရဲ့နိုင်ငံသားအားလုံး လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ၊ ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ကြီးပွားတိုးတက်မှုတွေ ခံစားစံစားရရေး သေချာစေဖို့ ခေါင်းဆောင်တွေက ကြိုးစားဖန်တီးပေးတဲ့နေရာ တခု ဖြစ်လာတာကိုပဲ ကျနော် တွေ့မြင်လိုပါတယ်။
( Kyaw Zwa Moe ၏ Ominous Rumblings in Myanmar’s ‘Abode of Kings’ ကို လူသာလင်း မြန်မာပြန်ဆိုသည်။)
အသစ်တဖန် မွေးဖွားခြင်းအား တမ်းတချက်
၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား
နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည်