“ဝင်ငွေ တိုးမလာပေမယ့်လည်း အစစအရာရာ ကုန်ကျစရိတ် တိုးလာတယ်” ၊ “ကုန်ဈေးနှုန်းတွေ ပိုကြီးလာတယ်” ထိုစကားသံများသည် လတ်တလော မြန်မာပြည်သူများကြားတွင် ကျယ်လောင်စွာ ကြားနေရသည့် နေ့စဉ်ဘဝ စကား များပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် သဘာဝဘေး၊ စစ်ဘေး၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ စီးပွားရေး ကျဆင်းမှု စသည့် အခက် အခဲ ပြဿနာများနှင့် ကြုံတွေ့နေရသလို ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းသည်လည်း ဝင်ငွေနည်းပါးသော မိသားစုများ အတွက် အဓိက အကြပ်အတည်း ဖြစ်နေရသည်။
ကုန်ဈေးနှုန်းသည် ကျဆင်းသည့်အချိန်ထက် အတက်ဘက်သို့သာ ဦးတည်သွားသည်က များနေပြီး ပြည်သူများ အနေ နှင့်လည်း နိမ့်ပါးသည့် ဝင်ငွေနှင့် သုံးနေရသည့် ထွက်ငွေ မမျှတသည့် ဒဏ်ကို ခါးစည်းခံနေကြရသည်။ အဓိက အထိနာ သူများမှာ လက်လုပ်လက်စား အခြေခံလူတန်းစားများပင် ဖြစ်ပါသည်။
ပြည်တွင်း ကုန်ဈေးနှုန်း အခြေအနေသည် အခြေခံစားသောက်ကုန်မှ စ၍ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ အားလုံးလိုလို အတက်ဘက်သို့ ဦးတည်နေသည်။
ရန်ကုန်မြို့ သာကေတ မြို့နယ်မှ အိမ်ရှင်မ တဦးဖြစ်သူ ဒေါ်နီလာက“အခုချိန်မှာ ဈေးသွားရင် အသား၊ ငါး၊ အသီး အရွက်နဲ့တင် ကျပ် ၁ သောင်းကျော် ကုန်တယ်။ အဲဒီ ၁ သောင်းကျော်က လူ ၄ ယောက်စာအတွက် ၁ ရက်စာပဲ”ဟု ပြောသည်။
အခြေခံ စားသောက်ကုန် ဈေးနှုန်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသည်တို့မှာ ပြီးခဲ့သည့် ဇူလှိုင်လ လကုန်ပိုင်းမှ စတင်၍ မြင့်တက်လာခဲ့သည်။
ထို ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် မကြာခဏ ဖြစ်ပွားနေသည့် ပြည်တွင်း တိုက်ပွဲ အခြေအနေများ ကြောင့် လည်း သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာခြင်း အပါအဝင် မီတာခ နှုန်းထားများ မြင့်တက်လာခြင်း၊ ကုန်ပစ္စည်း ရှားပါး၍ ဈေးကွက်အတွင်း ကုန်စည်ဝင်ရောက်မှု နည်းပါးကာ ဈေးတက်လာခြင်း၊ အမေရိကန် ဒေါ်လာဈေးနှုန်း မြင့် လာခြင်း စသည့် အကြောင်းအချက်များကြောင့် ကုန်ဈေးနှုန်း မြင့်တက် လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်းစားသုံးသူများအနေနှင့် ရွှေဘိုပေါ်ဆန်းကို စားသုံးမူများပြီး လက်ရှိတွင် ရွှေဘိုပေါ်ဆန်းဈေးမှာ တအိတ်လျှင် ကျပ် ၅ သောင်း ၈ ထောင်ကျပ်မှ ၆ သောင်း ၂ ထောင်ကျပ်ထိ ရှိနေသည်ဟု ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ ဆန်ဆိုင် ပိုင်ရှင် ဦးရှမ်းက ပြောသည်။
ဦးရှမ်းက“ကျနော်တို့ဆိုင်ဆိုရင် ရွှေဘိုပေါ်ဆန်းကို အရင်ဇူလိူင်လနဲ့ သြဂုတ်လကဆိုရင် တပြည်ကို ၂၅၀၀ ကျပ် ရောင်း တယ်ပေါ့။ အဲဒီ ကနေ အခုလမှာ ကျပ်၂၆၀၀ အခုဆိုရင် ၂၈၀၀ ကျပ် အထိ ရောင်းတယ်ပေါ့။ အဲဒီလို တပြည်ပေါ်မှာ လိုက်တက်တာပဲ”ဟု ပြောသည်။
ထိုကဲ့သို့ နေ့စဉ် မရှိမဖြစ် စားသုံးရသည့် ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လက်လုပ်လက်စားနှင့် အခြေခံ လူတန်းစားများသည် စားဝတ်နေရေး ဝန်ထုပ်ဝန်ပိုးများ ရှိလာကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နေထိုင်သော မလှလှရီက ပြောသည်။
“ဈေးက တပတ်တမျိုးနဲ့ မရိုးရအောင် တက်တယ်။ တက်ပြီးလည်း ဘယ်တော့မှ ပြန်မကျဘူး။ အရင်ဈေး ပြန်မရောက် ဘူးပေါ့။ ဈေးတက်တော့လည်း လိုက်ဝယ်ရတာပဲ။ ကုန်ဈေးနှုန်းတက်တာထက် တည်တည်ငြိမ်ငြိမ်လေးဆို ကောင်း တာ ပေါ့။ အခုက လစာတွေက မတိုးဘူး။ တိုင်းပြည်မှာ ဘာအကြောင်းပဲ ဖြစ်ဖြစ် ကုန်ဈေးနှုန်း ထတက်တာပဲ”ဟု ၎င်းက ဆိုသည်။
ကုန်ဈေးနှုန်း သိသိသာသာ မြင့်တက်လာခြင်းမှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ခန့်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် ပို၍ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင်လည်း တဦးချင်း ဝင်ငွေ နည်းပါးမှု၊ စီးပွားရေး အကျပ်အတည်း ဖြစ်မှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနှင့် မြင့်တက်လာသော ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ပြည်သူများ ခါးစည်းခံနေရသည်။
အစိုးရ အနေနှင့်လည်း ကုန်ဈေးနှုန်း တည်ငြိမ်စေရန် အတွက် မည့်သည့် မူဝါဒနှင့် မည်သည့် လုပ်ဆောင်ချက်များ ချမှတ် ပြုလုပ်ထားသည် ဆိုသည်ကိုလည်း ပွင့်လင်းမြင်သာစွာ ချပြမှုမျိုး မတွေ့ရှိရပေ။
စီးပွားရေး လေ့လာသုံးသပ်သူ ဦးခင်မောင်ညိုက“အခြေခံကတော့ ထုတ်လုပ်မှုနဲ့ စားသုံးမှုနဲ့ ယှဉ်ရင် ကျနော်တို့က ထုတ်လုပ်မှု နိမ့်ကျနေတယ်။ အဲဒီအခါကျတော့ ကုန်ဈေးနှုန်းတက်တာက လွယ်နေမှာပဲ။ ကုန်ထုတ်လုပ်မှု နိမ့်တာက အကြောင်းအမျိုးမျိုး ရှိတယ်။ ပြီးခဲ့တဲ့နှစ်ကို ပြန်ကြည့်ရင် ဝန်ဆောင်မှုကဏ္ဍကတော့ သိသိသာသာလေး တိုးတက် တယ်။ ဒါပေမယ့် စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုပေါ့။ အထူးသဖြင့် စိုက်ပျိုးရေး ကဏ္ဍ တိုးတက်မှုက တော်တော်လေး နှေးကွေးခဲ့တာ တွေ့ရတယ်”ဟု ပြောသည်။
နှေးကွေးရခြင်းသည် ရာသီဥတုနှင့် သဘာ၀ ဘေးအန္တရာယ်များကြောင့်လည်း ဖြစ်ပြီး ဒုတိယ အချက်အနေနှင့် ယခင် က စိုက်ပျိုးရေးကဏ္ဍသည် နံပါတ် ၁ ဦးစားပေးဖြစ်သော်လည်း ယခုအချိန်တွင် ဝန်ဆောင်မှုနှင့် စက်မှု ကဏ္ဍများကို ဦးစားပေး ကဏ္ဍ အဖြစ် အစိုးရ အားပေးလာကြောင်း ၎င်းက ဆိုသည်။
“ဒီတော့ စိုက်ပျိုးရေး အခန်းကဏ္ဍက သေးသွားတယ်။ ဒါကြောင့် အစိုးရကို ထောက်ပြရရင် စားကုန်၊ ထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုက ဆက်ပြီးတော့ ထုတ်လုပ်မှု မြင့်မားနေဖို့ လိုတာ တွေ့ရတယ်။ မီတာခ ဘာညာတက်တော့ ကုန်ဈေးနှုန်း တက်တာလည်း အကြောင်းတရား တခု ဖြစ်နိုင်တယ်”ဟု ဦးခင်မောင်ညိုက ပြောဆိုသည်။
ကုန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ပတ်သက်၍ အစိုးရအနေနှင့် အခြေခံ ကုန်ထုတ်လုပ်မှု နိမ့်ကျနေသောကြောင့် ယင်း ကဏ္ဍတွင် များစွာ လုပ်ဆောင်နိုင်မှု မရှိကြောင်း တွေ့ရသည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုသည်။
လက်ရှိတွင် စားသောက်ကုန်များအပြင် အသုံးအဆောင်ပစ္စည်းများလည်း မီတာခတက်သည်ကို အကြောင်းပြ၍ ဈေး နှုန်း မြင့်တက်ခြင်းများ ရှိနေသည်။
တောင်ဒဂုံမြို့နယ်ရှိ ထမင်းဆိုင်ပိုင်ရှင် ဦးကျော်မြင့်က“ဈေးတွေက အကုန်တက်တာ။ ဘဲဥ၊ ကြက်ဥကအစ အခု အရင် ထက် တလုံးကို ၁၀ ကျပ်ကနေ ၂၀ ကျပ်လောက်အထိ တက်တယ်။ အရင်ကတော့ သယ်ယူပို့ဆောင်ခ ကြီးလို့ဆို တက် တယ်။ အခုကျတော့ မီတာခတွေ တိုးလို့ လိုက်တက်တာတဲ့ဗျာ”ဟု ပြောသည်။
ရာသီအချိန်အလိုက် ဈေးတက်သည့် ကုန်ပစ္စည်းများ ရှိသလို သယ်ယူပို့ဆောင်စရိတ်နှင့် မီတာခတိုးမြင့်မှုများကြောင့် အချိန်အခါ လိုက်ပြီးတက်သည့် ကုန်စည်များ ပို၍ များကြောင်းလည်း ၎င်းက ဆိုသည်။
ယခင်က အိမ်သုံးမီတာခများကို ၁ ယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှု လုပ်ငန်းသုံးများ အတွက် တယူနစ်ကို အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ် အထိ ကောက်ခံနေရာမှ ဇူလိုင်လမှ စတင်ကာ နှုန်းထား အသစ်ဖြစ်သော တယူနစ် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ်သည့် အမျိုးအစား အတွက် တယူ နစ်လျှင် ၁၂၅ ကျပ်မှ ၁၈၀ ကျပ် အထိ အသီးသီး ပြောင်းလဲ ကောက်ခံလိုက်ခြင်းကြောင့် သာမန် အိမ်သုံး ပြည်သူများ က ယခင်ကထက် ၁ ဆ ခွဲမှ ၂ ဆ၊ စီးပွားရေး လုပ်ငန်းများက ၂ ဆ ကျော်မှ ၃ ဆကျော် အထိ မီတာခ ပေးဆောင်ရခြင်း ဖြစ်သည်။
လက်ရှိ အချိန်တွင် သယ်ယူပို့ဆောင်ရေး စရိတ်၊ ကုန်ကြမ်းစရိတ်များ တိုးမြင့်လာနေသည့် အပြင် လျှပ်စစ်မီတာခပါ ယခင်ကထက် နှစ်ဆခန့် ပိုတက်လာခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများကို မဖြစ်မနေ ဈေးတက်ရောင်းရမှသာ လုပ်ငန်း ဆက်လက် လုပ်ဆောင်နိုင်မည့် အခြေအနေ ဖြစ်နေကြောင်း အသေးစားလုပ်ငန်းရှင် တဦးက ပြောဆို သည်။
ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ် ကုန်စုံဆိုင်ပိုင်ရှင် မလှမေက“အခုက အကြောင်းအမျိုးမျိုးကြောင့် ကုန်ဈေးနှုန်း တွေ အကုန် တက်တယ်။ ကြက်သွန်ဆိုလည်း တပိဿာ ၃၀၀ ကျပ်လောက် တက်တယ်။ ဝယ်သူကိုတော့ ဒီလိုပဲ ရှင်းပြပြီး ရောင်းရတယ်။ နည်းနည်းတော့ ပြောရခက်တာပေါ့”ဟု ပြောသည်။
အာရှသား ဆီစက်ပိုင်ရှင် ဦးသန်းလွင်ကလည်း“ကျနော်တို့ အခု ပဲဆီကတော့ အမြင့်ဆုံးဈေး ရောက်နေတာပေါ့။ ဈေး က ပဲဆီ တပိဿာ ကျပ် ၈၀၀၀ ကနေ ကျပ် ၉၀၀၀ ကြား ရောက်နေတယ်။ ဒါက အခုလက်ရှိ ၅ နှစ်အတွင်းမှာတော့ အမြင့်ဆုံး ဈေးဖြစ်တယ်။ တရုတ်ဝယ်တာလည်း ပါတယ်။ နောက်ပြီး ကုန်ကြမ်း မရှိတာလည်း ပါတာပေါ့။ အဲဒါကြောင့် ဈေးတက် လာတယ်”ဟု ပြောပြသည်။
အမြင့်ဆုံးဈေး ဖြစ်နေသောကြောင့် ပြန်ကျလျှင်လည်း ယခင် ဈေးဖြစ်သည့် ပဲဆီတပိဿာ ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ ကြားအထိ ပြန်ကျရန် မဖြစ်နိုင်သေးကြောင်း ၎င်းက ပြောသည်။
ထိုကဲ့သို့ ကုန်ဈေးနှုန်းများ မြင့်တက်လာနေခြင်းကြောင့်လည်း ပြည်သူများအနေနှင့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာသည့် အပြင် စားသုံးသူများသို့ တိုက်ရိုက် ရောင်းချရသည့် ကုန်စုံဆိုင်ပိုင်ရှင်များ၊ ကုန်သည်များ၊ လုပ်ငန်းရှင်များ အနေနှင့် လည်း ငွေကြေး ရင်းနှီးမှု တဖြည်းဖြည်းနှင့် ကြီးလာသောကြောင့် အခက်အခဲများ ရှိလာကြောင်း ကုန်စုံဆိုင် ပိုင်ရှင်များ က ပြောဆိုသည်။
ရန်ကုန်မြို့ တောင်ဒဂုန်က ဆန်ဆိုင် လုပ်ငန်းရှင် ဦးရှမ်းက“ကျနော်တို့က စားသုံးသူနဲ့ တိုက်ရိုက် ထိတွေ့ရတော့ အခု လို ကုန်ဈေးနှုန်း မြင့်လာတဲ့အခါ အမြတ်ရတာက သိပ်ပြီး အရင်နဲ့ မခြားနားဘူး။ အခြား ကုန်ကျစရိတ်တွေရှိတော့ အရင်း ပမာဏ ကြီးလာတယ်။ အရင်က ကျပ် ၁၀ သိန်း ရင်းရရင် အခု ကျပ် သိန်း ၂၀၊ သိန်း ၃၀ လောက်ရင်းရတယ်။ ငွေကြေး ဖောင်းပွလာတာပေါ့”ဟု ပြောသည်။
၂၀၁၉ ခုနှစ် ဇွန်လ ၁၈ ရက်က ထုတ်ပြန်သော ကမ္ဘာ့ဘဏ် အစီရင်ခံစာသစ်တွင် မြန်မာနိုင်ငံ၏ လက်ရှိအချိန်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အရှိန် နှေးကွေးလျက် ရှိခြင်း၊ ကုန်သွယ်ရေး စစ်ပွဲ ပိုမိုတင်းမာလာခြင်း၊ ဥရောပ သမဂ္ဂ (EU) ၏ ကုန်သွယ်မှု အထူးအခွင့်အရေးများ ရုပ်သိမ်းနိုင်သည့် အလားအလာ ရှိနေခြင်းနှင့် စွမ်းအင်ဈေးနှုန်းများ အတက် အကျ အပြောင်းအလဲ မြန်ဆန်ခြင်းတို့က မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများ အဖြစ် ဆက်လက်ရှိနေပြီး ငွေကြေး ဖောင်းပွမှု ၆ ဒသမ ၆ ရာခိုင်နှုန်းတွင် တည်ငြိမ်မှု ရှိမည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် စီးပွားရေး တိုးတက်မှုနှုန်းသည် အထည်ချုပ်ကဲ့သို့ ကုန်ထုတ်လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည် အရှိန်ရလာပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကြောင့် လက်လီနှင့်လက်ကား ရောင်းဝယ်ရေး လုပ်ငန်းများ ပြန်လည် ကောင်းမွန်လာခြင်း၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့၏ ပံ့ပိုးပေးမှုများကြောင့်လည်း စီးပွားရေး ကောင်း မွန် လာနေပြီး ၂၀၂၀-၂၀၂၁ ခုနှစ် တို့တွင် စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဖြစ် ကြောင်း အစီရင်ခံစာက ဆိုသည်။
ထိုသို့ အစီရင်ခံစာများတွင် ကိန်းဂဏန်များ အရ မြန်မာနိုင်ငံသည် စီးပွားရေး ကောင်းမွန်နေသည်ဟု သုံးသပ်ထားကြ သော်လည်း လက်တွေ့ လုပ်ကိုင်နေရသော စီးပွားရေး နယ်ပယ်ထဲမှ လုပ်ငန်းရှင်များကမူ ကုန်ဈေးနှုန်းများ မြင့်တက် ခြင်း၊ ဘဏ်ချေးငွေ အတိုးနှုန်းမြင့်ခြင်းများကြောင့် ညည်းတွားလျက် ရှိကြသည်ကို တွေ့မြင်ရသည်။
ရန်ကုန်မြို့ရှိ လက်လီဆန်ဆိုင်ပိုင်ရှင် တဦးက“နှစ်နဲ့ပြောရင် လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကနဲ့ ဈေးက တော်တော် တော့ ကွာခြား သွားပြီ။ ကိုယ်သုံးနေကျ ပစ္စည်းတခု၊ စားစရာ ကုန်ပစ္စည်းတခု ဈေးတက်လာလည်း သိပ်တော့ ပြောင်း မစားဘူး။ အဲဒီဈေးကိုပဲ ပေးပြီး စားလာကြတယ်”ဟု ပြောပြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကိန်းဂဏန်းများ အရ ကြည့်မည်ဆိုလျှင် ကောင်းမွန်သည့် အခြေအနေတွင် ရှိ နေသော်လည်း လက်ရှိတွင် သဘာဝဘေး အန္တရာယ်များနှင့် ပြည်တွင်းစစ်များ၊ ဒေါ်လာဈေး မြင့်တက်မှုများအပြင် ကမ္ဘာ့ စီးပွားရေး အခြေနေများကြောင့်လည်း စီးပွားရေး လုပ်ငန်းရှင်များ အကြပ်အတည်း ရှိနေကြောင်း လုပ်ငန်းရှင်တ ချို့ က ပြောဆိုကြသည်။
မြန်မာနိုင်ငံ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ (ရှမ်းပြည်နယ်) ဦးဝင်းအောင်ခန့် က “မူဆယ် ကုန်သွယ်ရေးဇုန်က မြန်မာမှာ အကြီးဆုံးပဲ။ ၇၀ ရာခိုင်နှုန်း ကုန်သွယ်ရေးလုပ်နေတာ၊ ဒါအကုန်လုံး ရက် ၂၀ လောက် လုံးဝရပ်သွားတာ ဖြစ်တဲ့အတွက် ကျနော်တို့ ရန်ကုန်-မန္တလေးမှာရော မူဆယ်မှာရော တရုတ်ဘက်က ကုန် ပစ္စည်းတွေ လည်း ပြတ်တောက်ခဲ့တယ်။ ကျန်တဲ့ နယ်စပ်လမ်းတွေ ရှိပါတယ်။ လွယ်ဂျယ်- ဗန်းမော်၊ ကန်ပိုက်တီး- မြစ်ကြီးနားရှိ တယ်။ ဒါပေမယ့် လမ်း မကောင်းဘူး။ ဒီဘက်က ရေရှည်မယ်ဆိုရင်တော့ အဲဒီဘက်ကသွားရမှာ ကုန်သွယ်မှုကတော့ အရမ်း မချောမွေ့နိုင်ဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက စတင်သည့် ရှမ်းမြောက် တိုက်ပွဲများကြောင့် မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမ ကြီး ပိတ်ခြင်းနှင့် တံတားများ ကျိုးခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး တရုတ်-မြန်မာ ကုန်သွယ်မှု ရက်ပေါင်း ၂၀ ကျော်အထိ ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများ ဖြစ်ပွားပြီး ၁၀ ရက်တွင်း မူဆယ် နယ်စပ် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှု ပမာဏ ၁ ရက်လျှင် အမေရိကန် ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးမှု ရှိကြောင်း အစိုးရက ထုတ်ဖော်ပြောဆိုထားသည်။
ယခုအချိန်၌ မူဆယ် ကုန်သွယ်ရေးဇုန်သည် ပုံမှန်ပြန်လည် လည်ပတ်နေသော်လည်း တရုတ်နိုင်ငံ၏ မူဝါဒများကြောင့် ကုန် ပစ္စည်းများ တင်ပို့ရာတွင် ယခင်ကဲ့သို့ တင်ပို့မှုမများသည့်အပြင် တိုက်ပွဲများမှာလည်း မကြာခဏ ဖြစ်ပွားလျက် ရှိသောကြောင့် ကုန်ကားများ သတိနှင့် သွားလာရသည့် အခြေအနေတွင် ရှိနေသေးသည်။
သွင်းကုန်အဓိက အားထားရာ ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြဝတီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွင်လည်း ဂျိုင်းမြစ်ရေကြီး ရေလျံ မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ကုန်သွယ်ရေး နှောင့်နှေးကြန့်ကြာမှုများ၊ ရပ်တန့်မှုများ ဖြစ်ပေါ်ခဲ့သည်။
မူဆယ်နယ်စပ်သို့ ကုန်စည် သယ်ယူပို့ဆောင်သော ကုန်ကားများ လုံခြုံရေး အခြေနေများကြောင့် သွားလာမှု ယခင် ထက် နည်းပါးခြင်းကြောင့်လည်း ကုန်စည် သယ်ယူပို့ ဆောင်ရေးစရိတ်များ ယခင်ထက် အနည်းငယ်မြင့်တက်လျက် ရှိကြောင်း သိရသည်။
ထို့ပြင် ငွေလဲလှယ်နှုန်း မြင့်တက်မှုများကြောင့်လည်း သွင်းကုန်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့်အတူ စားသုံးသူ ဆတိုး ကိန်း မြင့်တက်နေသည့် အခြေအနေများ၊ လောင်စာဆီ ဈေးနှုန်းမြင့်ခြင်းကြောင့်လည်း သယ်ယူ ပို့ဆောင်စရိတ် မြင့် ခြင်း အစရှိသည်တို့ အပြင် အသုံးစရိတ် တွန်းအားပေးမှုများကြောင့်လည်း ငွေဖောင်းပွမှုနှုန်း မြင့်တက်နေသည်ဟု ဆိုနိုင်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက လွှတ်တော်တွင် ဖြေကြားသွားသည်။
စားသုံးသူ ဆတိုးကိန်းဆိုသည်မှာ မြန်မာနိုင်ငံ ကုန်ဈေးနှုန်း အပြောင်းအလဲ အညွှန်းကိန်း (Consumer Price Index -CPI) ကို ဆိုလိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှု အခြေအနေမှာ ၂၀၁၂ ကို အခြေခံနှစ် အဖြစ် ထား၍ တွက်လျှင် ၂၀၁၆ – ၂၀၁၇ တွင် ပျမ်းမျှ ငွေဖောင်းပွမှုနှုန်း ၆ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ဖောင်းပွမှုနှုန်းသည် ၇ ရာခိုင်နှုန်း၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေဖောင်းပွမှုနှုန်း ၄ ဒသမ ၀၃ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ဖောင်းပွမှုနှုန်း ၅ ဒသမ ၄၂ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အတွင်း ၂၀၁၉ ဇွန်လတွင် ပျမ်းမျှ ငွေဖောင်းပွမှုနှုန်း ၈ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ငွေဖောင်းပွမှု နှုန်း ၉ ဒသမ ၅၁ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၈ -၂၀၁၉ တတိယ သုံးလပတ်တွင် ငွေဖောင်းပွမှုနှုန်း တိုးမြင့် လာရသည့် အဓိက အကြောင်းရင်းသည် အခြေခံ စားကုန်များ ဈေးနှုန်း မြင့်မားခြင်း စားသုံးသူဈေး ဆနှုန်းကိန်းများ မြင့်မားလာခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဦးစိုးသိန်းက ရှင်းလင်း ဖြေကြားခဲ့သည်။
လက်ရှိ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း ပြန်လည် မြင့်တက်နေချိန်တွင် စက်တင်ဘာလ ၁၄ ရက်၌ ကမ္ဘာ့ရေနံ တင်ပို့နေသည့် နိုင်ငံတခု ဖြစ်သော ဆော်ဒီအာရေဗျ နိုင်ငံ၏ ရေနံချက်စက်ရုံနှင့် ရေနံလုပ်ကွက်များကို မောင်းသူမဲ့ ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားခြင်းကြောင့်လည်း ကမ္ဘာ့ရေနံစိမ်း ၁ စည်ဈေးနှုန်းသည် ယခင်ထက် အမေရိကန် ဒေါ်လာ ၅၉ ဒေါ်လာကျော် အထိ ဈေးတက်လာခဲ့ပြီး ယခင်ကထက် ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာလျက် ရှိကြောင်း သိရသည်။
ထု့ိကြောင့် စက်တင်ဘာလ ၁၆ ရက် ကမ္ဘာ့စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးလည်း မြင့်တက် သွားပြီး စက်သုံးဆီကို အသုံးပြုနေရသည့် ကုန်တင်ယာဉ်များအနေနှင့်လည်း သယ်ယူပို့ဆောင်စရိတ် တက် မည် ဆိုပါက ကုန်ဈေးနှုန်းလည်း လိုက်လံ တက်ပေဦးမည် ဖြစ်သည်။
ရန်ကုန် မြောက်ဒဂုံမြို့နယ်က အငှားယာဉ်မောင်း ဦးမင်းမင်းက“ကျနော်တို့လည်း အခု ဆီဈေးက တက်တော့ တက္ကစီ မောင်းရတာ မကိုက်ဘူး။ လမ်းတွေက ပိတ်တော့ ဆီဈေးတက်တာနဲ့ဆို မကိုက်ဘူး။ ဒါကြောင့် အရမ်းဝေးတဲ့ အင်းစိန် တို့ ရွှေပြည်သာတို့ ငှားရင်မလိုက်တော့ဘူး။ အခု ဆီဈေးက တဖြည်းဖြည်းတက်လာပြီ။ ကျနော်တို့ နိုင်ငံရဲ့ ကုန်ဈေး နှုန်း က စီးပွားရေးမကောင်းတဲ့ အချိန် ကုန်ဈေးနှုန်းပဲ တက်နေတာ”ဟု ပြောသည်။
ထိုသို့ အထွေထွေ ကုန်ဈေးနှုန်းများ ဆက်တက်နေဦးမည် ဆိုပါက ပညာ သင်ကြားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အစရှိသည့် လူမှုဘဝ ထိခိုက်မှုများ ရှိလာနိုင်မည် ဖြစ်ပြီး ရာဇဝတ်မှုများ ထူပြောလာမည်ကိုလည်း စိုးရိမ်ရကြောင်း ပြောဆို သုံးသပ်မှုများလည်း ရှိနေကြပါသည်။
ယင်း အခြေအနေများကြောင့် အစိုးရ အနေဖြင့် ကုန်ဈေးနှုန်း ထိန်းချုပ်နိုင်ရေး အတွက် ဦးစားပေး အစီအစဉ် အဖြစ် အဖြေရှာရန် လိုအပ်နေပြီ ဖြစ်ကြောင်း တိုက်တွန်း ပြောကြားလိုက်ရပါသည်။ ။