မြန်မာ၊ လာအိုနဲ့ ထိုင်း ၃ နိုင်ငံ ဆုံရာ ရွှေတြိဂံနယ်မြေမှာ လာအိုဘက်ခြမ်းက တရုတ်ပိုင် Kings Romans ကက်စီနိုကို သွားချင်နေတာ ကြာပါပြီ။ ကက်စီနို ကစားချင်လို့ မဟုတ်ပါ။ အဲဒီ ကက်စီနိုမှာ မြန်မာအလုပ်သမား ၄ သောင်းလောက် ရှိပြီး သူတို့ အားလုံးဟာ ထိုင်းနိုင်ငံလို တရားဝင် အလုပ်သမား ဗီဇာနဲ့ နေထိုင်လုပ်ကိုင်နိုင်တဲ့စနစ်အောက်မှာ မဟုတ်ဘဲ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေအဖြစ် လုပ်ကိုင်နေကြရတယ်ဆိုတာ ကြားနေတာကြာပြီမို့ သူတို့ရဲ့ ဘဝအခြေအနေတွေကို ကိုယ်တိုင်မျက်မြင် သိရှိနားလည်ချင်လို့ပါ။
မေလအတွင်းတုန်းကလည်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီအလုပ်သမားတွေကို ကာကွယ်စောင့် ရှောက်ပေးနိုင်ရေး လာအိုနိုင်ငံနဲ့ လုပ်သားစေလွှတ်မှုဆိုင်ရာ MoU ရေးထိုးဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပေမယ့် အခုထက်ထိ ဘာမှ သတင်းထပ်မထွက်လာတာကြောင့်လည်း တပိုင်းပါပါတယ်။
ဒါနဲ့ ဒီတခေါက် ချင်းမိုင်ရောက်တုန်း အဲဒီကက်စီနိုရှိရာ ထိုင်းနိုင်ငံတဖက်ကမ်း ချင်းစန်မြို့ဆီ ခြေဦးလှည့်ဖြစ်ခဲ့ပါတယ်။

အမေရိကန် ဆန်ရှင်အောက်က ကက်စီနို
မဲခေါင်မြစ်ကြီးဘေးက ချင်းစန်မြို့ ရောက်ပြီဆိုရင် မြစ်ကမ်းနားက တဘက်ကမ်း မြောက်ဘက် လာအိုကို မျှော်ကြည့်ရင် အထက်မြင့် အဆောက်အဦးတွေ ထိုးထွက်နေတာ လှမ်းမြင်နိုင်ပါတယ်။ ဟိုးယခင် ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူထုတ်လုပ်ဖြန့်ချိရေးနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ရာ တောတောင်တွေကြားက ရွှေတြိဂံဒေသဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီလို့ မျက်နှာအသွင်အပြင်အားဖြင့် ယေဘုယျကောက်ချက်ချသွားနိုင်ပါတယ်။
ဒီလိုကောက်ချက်ချသွားနိုင်အောင်လည်း ဒီကက်စီနိုကို စတင်တည်ဆောက်ခဲ့သူ တရုတ်စီးပွားရေးသမား ကျောက်ဝေဆိုသူက လာအိုအစိုးရနဲ့ ပေါင်းပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ဆင်းရဲတွင်းထဲ နစ်နေတဲ့ ဒီဒေသကို ကက်စီနိုနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ပေးပြီး တိုးရစ်တွေ လာလည်အောင် လုပ်ပေးမယ်၊ ဒေသကို “ဖွံ့ဖြိုးရေး” လုပ်မယ်လို့ ကျောက်ဝေက ဆိုခဲ့ပြီး လာအိုအစိုးရကလည်း ပံ့ပိုးကူညီခဲ့ပါတယ်။
ချင်းမိုင်တက္ကသိုလ်က သုတေသီ ပင်ကဲယိုး လုံဂရမ်ဆရီ Pinkaew Laungaramsri ရဲ့ ၂၀၁၅ ခုနှစ်က ဖြန့်ချိခဲ့တဲ့ သုတေသနစာတမ်းအရ မိုင် ၃၀ ပတ်လည်ရှိ မြေနေရာကို ၇၅ နှစ် (တခြားစာတမ်းတွေကတော့ ၉၉ နှစ်) နဲ့ ငှားပေးပါတယ်။ အပြန်အလှန်အနေနဲ့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်။ ၂၀၂၀ ခုနှစ်မှာ ကြယ်ငါးပွင့်ဟော်တယ်တလုံး၊ ဖျော်ဖြေရေးစင်တာတခု၊ ကက်စီနိုတရုံ၊ ဘဏ်၊ ဂေါက်ကွင်း၊ ကျောင်း၊ ဆေးရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်နဲ့ ဝန်ဆောင်မှုစင်တာတွေအပြီးဆောက်ပြီး ဒေသတွင်း ကုန်သွယ်ရေး ဗဟိုချက် ဖြစ်လာမယ်လို့ ဆိုတယ်။
၂၀၀၈ ခုနှစ်မှာ စဆောက်လို့ ၁၀ နှစ်အကြာမှာတော့ အမေရိကန်အစိုးရက ကျောက်ဝေအပါအဝင် လူ ၄ ဦးကို “အန္တရာယ်များတဲ့ တရားမဝင် လုပ်ငန်းတွေ” လုပ်ကိုင်နေတယ်ဆိုပြီး ဆန်ရှင်စာရင်းသွင်းလိုက်ပါတယ်။ ကျောက်ဝေရယ်၊ သူ့ဇနီးရယ်၊ ဩစတြေးလျသားတဦးနဲ့ ထိုင်းနိုင်ငံသားတဦးတို့ကိုပါ။ ဟောင်ကောင်အခြေစိုက် Kings Romans International (HK) Co. Ltd ကုမ္ပဏီဟာ အရှေ့တောင်အာရှတလွှားကို “ချဲ့ထွင်”လာပြီး ၂၀၁၄ ခုနှစ်က စလို့ ထိုင်း၊ လာအိုနဲ့ တရုတ် အာဏာပိုင်တွေ ဖမ်းရတဲ့ မူးယစ်ဆေးဝါးတွေကို နောက်ကြောင်းလိုက်တဲ့အခါ ဒီကက်စီနိုနဲ့ ပတ်သက်နေတာကို တွေ့တယ်လို့ အမေရိကန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကက်စီနိုမတိုင်ခင် ကျောက်ဝေဟာ မြန်မာပြည် အရှေ့ခြမ်းက မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကက်စီနို ဖွင့်ခဲ့ပါသေးတယ်။ အဲဒီကက်စီနိုကို တရုတ်နိုင်ငံက ယူနန်ပြည်နယ် အာဏာပိုင်တွေက ဖိအားပေး ပိတ်ခိုင်းခဲ့ပါတယ်။ မိုင်းလားလိုပဲ အခု လာအိုက ကက်စီနိုနယ်မြေမှာလည်း တောရိုင်းတိရိစာ္ဆန် ရောင်းဝယ်ရေးကို ကျောက်ဝေဟာ ကနဦးပိုင်းက ဗြောင်လုပ်ခဲ့ပေမယ့် အမေရိကန် ဆန်ရှင်နဲ့ ကမ္ဘာ့မီဒီယာတွေ အာရုံစိုက်လာအပြီးမှာတော့ လာအိုအစိုးရက ဖိအားပေးတာကြောင့် ကွယ်ပျောက်ကုန်တယ်။ ကျနော် ရောက်သွားတဲ့အချိန် တောရိုင်းတိရိစာ္ဆန် ရောင်းဝယ်မှုကို မမြင်ခဲ့ရတော့ပါဘူး။
တရုတ်ကိုလိုနီနယ်မြေ
ကက်စီနိုနယ်မြေထဲ ခြေချမိတာနဲ့ ဒီနေရာဟာ တရုတ်ကိုလိုနီနယ်မြေလို့ပဲ ကျနော်ခံစားလိုက်မိတယ်။ အချိန်နာရီကလည်း တရုတ်၊ သုံးစွဲငွေကလည်း တရုတ်ယွမ်၊ ကားနံပတ်တွေကလည်း တရုတ်၊ ဆိုင်းဘုတ်တွေမှာ ရေးထားတာလည်း တရုတ်ဘာသာ။ အရာရာဟာ တရုတ်ကြီးစိုးမှုကို ထင်ဟပ်နေပါတယ်။
ထော်လော်ကန့်လန့်ဖြစ်နေတာက လာအို ကွန်မြူနစ် အစိုးရရဲ့ အတည်ပြုချက် ရခဲ့တဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး “ဖွံ့ဖြိုးရေး” စီမံကိန်းအတွက် နယ်မြေခံ ရွာသားတွေကို တရုတ်အရင်းရှင်တွေက လျော်ကြေးပေး နှင်ထုတ်ခဲ့ကြခြင်းပါပဲ။ ပင်ကဲယိုးရဲ့ စာတမ်းအရ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အတွင်း ဒေသခံ ရွာသားတွေဟာ သူတို့ပိုင်တဲ့ အိမ်၊ ခြံ၊ လယ်ယာနဲ့ စိုက်ပျိုးထားတဲ့ သီးနှံပင်တွေအတွက် တန်ယာတန်ကြေး ရဖို့ လုံးပန်းခဲ့ကြရတယ်။ တရုတ်ကုမ္ပဏီက ပျမ်းမျှအားဖြင့် အိမ်တလုံးအတွက် လျော်ကြေး တအိမ်ထောင်ကို သိန်း ၃၀ နဲ့ ၃၇ သိန်းခွဲ (အမေရိကန် ဒေါ်လာ ၂၀၀၀ နဲ့ ၂၅၀၀ ) ကြား ပေးပြီး အိမ်၊ ခြံ၊ လယ်မြေနဲ့ သီးပင်တွေပိုင်သူတွေအတွက် သိန်း ၃၉၀ နဲ့ သိန်း ၅၁၀ (အမေရိကန်ဒေါ်လာ ၂၆၀၀၀ နဲ့ ၃၄၀၀၀) ကြား လျော်ကြေးပေးကြောင်း သိရပါတယ်။
ဈေးဖြတ်တာနဲ့ ဈေးညှိနှိုင်းမှုတွေကို လာအို နယ်မြေခံ အုပ်ချုပ်ရေးမှူးတွေက တရုတ်ကုမ္ဖဏီကိုယ်စား လုပ်ပေးခဲ့ကြပါတယ်။ အစိုးရ၊ တရုတ်ကုမ္ပဏီနဲ့ ရွာသားတွေကြား ညှိနှိုင်းရာမှာ ရွာသူကြီးတွေဟာ အခရာ အကျဆုံးလို့ ဆိုပါတယ်။ ဒီအတွက် တရုတ်ကုမ္ပဏီက ရွာသူကြီးတွေကို နေ့စားခ ပေးပါတယ်။
ဒီ”ဖွံ့ဖြိုးရေး” စီမံကိန်းကို ဆောက်လုပ်ရာမှာ အလုပ်သမား ၉၀ ရာခိုင်နှုန်းဟာ လာအိုအလုပ်သမားတွေ ဖြစ်စေရမယ်ဆိုတဲ့ လာအိုအစိုးရနဲ့ တရုတ်ကုမ္ပဏီကြား မူရင်းသဘောတူညီချက်ကတော့ ပျောက်ကွယ်သွားပါတယ်။ လေ့လာသူတချို့ကတော့ လာအိုအုပ်ချုပ်ရေးပိုင်း မျက်စေ့နဲ့ ပါးစပ်တွေ ပိတ်ထားရအောင် တရုတ်ကုမ္ပဏီက ငွေနဲ့ဆို့ထားလိုက်ကြမယ်လို့ သံသယရှိကြပါတယ်။ အဆိုပါ သဘောတူညီချက်အစား ကက်စီနိုပိုင်မြေပေါ်မှာ အလုပ်သမားရေးရာ စီမံခန့်ခွဲမှုကို တရုတ်ကုမ္ပဏီရဲ့ လက်ကို လုံးဝ လွှဲပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာနိုင်ငံက အလုပ်သမားတွေကို တရုတ်ကုမ္ပဏီက အလုံးအရင်းနဲ့ စတင် ငှားရမ်းပါတော့တယ်။

ဩစတြေးလျနိုင်ငံ မက်ကွာရီတက္ကသိုလ်က သုတေသီ ခရစ်လိုင်တဲလ်တန် Chris Lyttleton ရဲ့ ၂၀၁၁ ခုနှစ်မှာ ဖြန့်ချိတဲ့ သုတေသနစာတမ်းအရ ရင်းနှီးမြှုပ်နှံသူတွေဟာ လာအိုအစိုးရဆီမှာ မှတ်ပုံတင်စရာ မလိုဘဲ အလုပ်သမား ငှားရမ်းမှု စီမံပိုင်ခွင့်ကို အင်မတန် လွတ်လပ်စွာ ရနေတာကြောင့် လက်တွေ့မှာ အလုပ်သမားဦးရေ ဘယ်လောက်ရှိနေသလဲဆိုတာ တရားဝင်ကိန်းဂဏန်း ရဖို့ မလွယ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် မြန်မာနဲ့ လာအို ၂ နိုင်ငံအစိုးရကြား အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး နားလည်မှူ စာချွန်လွှာ လက်မှတ်ထိုးရေး မတိုးတက်တာများလားလို့ မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။
တရားမဝင် နယ်ခြားကို ဖြတ်ကျော်ခြင်း
ချင်းစန် ထိုင်းလဝက ဂိတ်မှာ တရုတ်တိုးရစ်တွေ ဆူဆူညံညံနဲ့ တန်းစီနေကြပါတယ်။ ကျနော် ရီအန်ထရီ Re-entry ဗီဇာ သွားတောင်းတော့ ဗီဇာကြီးမပါဘဲ ၁၄ ရက်ဗီဇာနဲ့ပဲမို့ မပေးပါဘူး။ ဒီက အထွက်တုံးထုပြီး ထွက်သွားလို့ ပြန်ဝင်လာရင် ၁၄ ရက်ဗီဇာ မပေးပါဘူး။ ဟိုဘက်ကမ်း မဖြတ်ရဘဲ နောက်ပြန်လှည့်ရင် မျှော်လင့်ထားသမျှ သဲထဲရေသွန် အချိန်ကုန် ငွေကုန် လူပန်းဖြစ်တော့မှာမို့ အသည်းအသန် ညှိကြည့်ပါတယ်။

နောက်ဆုံး ထိုင်းလဝက ကျနော့်ပတ်စ်ပို့ကို သူတို့ဆီ ထားခဲ့ပြီး နယ်ခြားဖြတ် လျှောက်လွှာဖြည့်၊ နယ်ခြားဖြတ်ခ ပေး၊ ဟိုဘက်ကမ်းကို ကူးဖို့ နဲ့ ပြန်လာဖို့ လှေစင်းလုံး ငှား၊ ဟိုဘက်ကမ်းမှာ လာအိုအဝင် ဗီဇာမပါလည်း ဈေးဝယ် လည်ပတ်လို့ ရတဲ့ လာအိုဈေး ရှိတယ်၊ အဲဒီမှာ တနာရီလောက် နေလို့ ရကြောင်း ပြောပါတယ်။
ထိုင်းလဝကကို ကူနေသူတချို့ကလည်း ဗီဇာမဲ့ တိုးရစ်တွေအတွက် ဖွင့်ထားတဲ့ လာအိုဈေးကနေ ကက်စီနိုဆီ လမ်းလျှောက်ဝင်သွားလို့ ရတဲ့အကြောင်း ပြောတာမို့ အရဲစွန့်ပြီး အထောက်အထားမဲ့ နယ်ခြားဖြတ်ပြီး ကက်စီနိုဆီ ဝင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ နယ်ခြားမြစ် မဲခေါင်ကို ကူးဖို့ ကူးတို့ သင်္ဘောအမျိုးမျိုး ရှိတဲ့အထဲ လာအိုလဝက ထိုင်တဲ့ ဝင်ပေါက်ဆီ ကက်စီနိုပိုင် စပိဘုတ်က ဗီဇာနဲ့ ဝင်လာသူတွေကို တင်ပါတယ်။ ကက်စီနို တံဆိပ်ပါ ဝတ်စုံကို အကျအန ဝတ်ထားတဲ့ မြန်မာအလုပ်သမားတွေ အဲဒီသင်္ဘောပေါ်မှာ အလုပ်လုပ်တာကို တွေ့ရပါတယ်။ ကျနော်က ဗီဇာမဲ့မို့ ထိုင်းနိုင်ငံသားတွေ အငှားလိုက်တဲ့ အမြန်စီး စက်တပ်သဗ္ဗာန်နဲ့ ဖြတ်ကူးခဲ့တယ်။
မြန်မာအလုပ်သမားတွေကတော့ တာချီလိတ်ကနေ မဲခေါင်မြစ်ကမ်းနားက ဝမ်ပုံဆိပ်ကမ်းကနေ လာအိုဘက်ကို ဖြတ်ကူးပြီး ကက်စီနိုဆီ လာကြတယ်။ မြန်မာ လဝကကို ကျပ် ၁ သောင်း၊ လှေစီးခ ၅ ထောင်၊ လာအို လဝကကို ကျပ် ၁ သောင်း ပေါင်း ၂ သောင်းခွဲဆို နယ်စပ်ဖြတ်လို့ ရကြောင်း မြန်မာ အလုပ်သမားတွေအဆို သိရတယ်။
ချင်းစန်ရဲ့ မြစ်တဘက်ကမ်း ကူးတို့ဆိပ်ပေါ် တက်လျင်တက်ချင်း စောင့်ကြိုနေတာက CCCC ဆိုတဲ့ စာတန်းပါပဲ။ သဘောက ဒီသင်္ဘောဆိပ်ကို China Communications Construction Company က ဆောက်တယ်ပေါ့။ ကျနော့်အတွေးထဲ တိုင်းအစိုးရက ငွေမပေးဘဲ မြေပေးပြီး ဆောက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းက စောင့်ဝင်လာတယ်။ ရန်ကုန်မြို့သစ်ကို ဒီ China Communications Construction Company ကပဲ ဆောက်ဖို့ လျာထားချက် ရှိတယ် မဟုတ်လား။ ပိုက်ဆံမရှိတဲ့ကလာအိုအစိုးရလို ပိုက်ဆံမရှိတဲ့ မြန်မာအစိုးရက ပိုက်ဆံရှိတဲ့ တရုတ်စီးပွားရေးသမားတွေ လက်ထဲ “ဖွံ့ဖြိုးရေး”စီမံကိန်းတွေ ထိုးအပ်တဲ့ ပုံစံချင်း တူတူပဲလား။

ဆိပ်ကမ်းက တက်လိုက်တာနဲ့ လာအိုဈေး တွေ့မယ်။ လာအိုဈေးလို့ ဆိုပေမယ့် လာအိုက ထွက်တဲ့ပစ္စည်းက နည်းနည်း၊ ထိုင်းနဲ့ မြန်မာက ထွက်တဲ့ ပစ္စည်းတွေ တင်ရောင်းကြတာ များပါတယ်။ ကျောက်စိမ်းထည်တွေ ခင်းထားတဲ့ ဆိုင်မှာ သနပ်ခါးလူးထားသူ အရောင်းသမလေး ၃ ယောက် တွေ့လို့ မြန်မာလို “မင်္ဂလာပါ” လို့ နှုတ်ဆက်ပြီး စကားပြောလိုက်တယ်။ တယောက်က နေပြည်တော်က၊ တယောက်က ပဲခူးက၊ တယောက်က တောင်ကြီးက။ ၃ ယောက်လုံး ရောက်နေတာ ၂ နှစ်ခွဲလောက် ရှိကြပြီ။
သူတို့ကို အဆင်ပြေကြလား မေးတော့ အဆင်ပြေကြောင်း ပြန်ပြောကြတယ်။ ကျနော်က ကက်စီနိုဘက် လမ်းလျှောက်သွားလို့ ရလားလို့ မေးတော့ တက္ကစီငှားလို့ ရကြောင်း ပြောတယ်။ တက္ကစီတွေက တရုတ်တွေ မောင်းကြပြီး ကားနံပတ်တွေကလည်း တရုတ်နံပတ်တွေပါ။ ကျနော်ကတော့ လမ်းပေါ်က မြန်မာတွေနဲ့ စကားပြောချင်တာတကြောင်း၊ ယွမ်ငွေပေးဖို့ မပါလာတာတကြောင်းမို့ လာအိုဈေးကနေ ကက်စီနိုရှိရာ ကြယ်ငါးပွင့် မိုးပျံဟိုတယ်ဘက်ကို လမ်းလျှောက်ဝင်ခဲ့တယ်။
ကက်စီနိုထဲတခေါက်
လမ်းလျှောက်ဝင်လာခဲ့တဲ့ မြစ်ဘေး တရုတ်-လာအို ချစ်ကြည်ရေး ကားလမ်းတလျှောက် ဆောက်လက်စတိုက်တွေ၊ ဖွင့်လှစ်စ စားသောက်ဆိုင်နဲ့ ကာရာအိုကေ၊ လာအို-တရုတ် ချစ်ကြည်ရေး ဘုန်းကြီးကျောင်းတွေ တွေ့ရတယ်။ လမ်းဆုံတခု ရောက်တော့ ဆောက်လက်စ ၁၂ ထပ် အဆောက်အဦးဘက် ချိုးကွေ့ဝင်ခဲ့တယ်။ ဆောက်လက်စ အဆောက်အဦးရှေ့ ဖြတ်လျှောက်လာရင်း မြန်မာတချို့ တန်းစီထိုင်နေကြပြီး တရုတ်တယောက်က စကားရပ်ပြောနေတယ်။ ဆိုက်ထဲကို ဝင်ဖို့ အစိမ်းသက်သက်ဖြစ်နေတာမို့ မဝင်တော့ဘဲ လမ်းတဖက်မှာ ယာယီအမိုးတွေထိုး ဖွင့်ထားတဲ့ ဈေးကလေးထဲ ချိုးကွေ့ဝင်လိုက်တယ်။

ဈေးထဲမှာ လူစုံတယ်။ လာအိုတွေက ဈေးရောင်းနေကြပြီး တရုတ်နဲ့ မြန်မာတွေက ဈေးလာဝယ်တာတွေ့ရတယ်။ ဈေးသည်တဦးကို စကားစမြည် ပြောကြည့်တော့ ဈေးထဲက အသီးအရွက်နဲ့ သားငါးတွေက ထိုင်းဘက်က တင်သွင်းလာပြီး ဒီဈေးမှာ ပြန်ရောင်းတာ သိရတယ်။
ဈေးကထက်တာနဲ့ ကက်စီနိုရှေ့ လမ်းမဆီ ရောက်ပြီ။ ကက်စီနိုနဲ့ နီးလာလေ မြို့က ကတ္တရာခင်းထားတဲ့ ကားလမ်း၊ မီးပျက်နေတဲ့ မီးပွိုင့်တွေ၊ ကားလမ်းနဘေး သစ်ပင် အစီအရီ စိုက်ထားတဲ့ လူသွားလမ်း ပလက်ဖောင်းတွေနဲ့ စတိုင်ပိုကျလာတယ်။ ခြင်္သေ့ရုပ်ကြီး၊ ရောမနဲ့ ဂရိခေတ်က ပန်းပုရုပ်ထုကြီးတွေ အစီအရီနဲ့ ခမ်းနားတဲ့ ကက်စီနိုရုံမှာတော့ ကားလေးငါးစီး ရပ်ထားတယ်။ ဝင်ပေါက်တံခါးအတိုင်း ဝင်သွားတော့ လုံခြုံရေးတွေက ပါလာတဲ့ အိပ်ကို စစ်ဆေးပြီး ဝင်ခွင့်ပေးတယ်။
လုံခြုံရေးကို ကျော်ပြီးပြီးချင်း တွေ့ရတာကတော့ လှေကားကျယ်ကြီးတခုဖြစ်ပြီး ဝဲယာ ၂ ဘက်ကို ဖြာထွက်သွားတဲ့ ဒုတိယဆင့်မှာ မြန်မာမိသားစုတစု အမှတ်တရ ဓာတ်ပုံရိုက်နေတာ တွေ့ရပါတယ်။ လှေကားထစ်တွေကို မတက်တော့ဘဲ ကစားဝိုင်းတွေ ရှိရာ ဘယ်ဘက်က ခန်းမကျယ်ကြီးထဲ ကွေ့ဝင်လိုက်တယ်။ ကစားဝိုင်းတွေမှာ လူ ကျိုးတို့ကျဲတဲသာ မြင်တော့ ထိုင်းဘက်မှာ စုပြုံတိုးနေတဲ့ တရုတ်တွေ ဘယ်သွားဆော့ကြသလဲလို့ စဉ်းစားမိတယ်။

ချင်းမိုင်တက္ကသိုလ်က သုတေသနစာတမ်းရဲ့အဆို ဒီကက်စီနိုဆီလာကြတဲ့ တရုတ်တွေဟာ ယူနန်ပြည်နယ်ထဲက အလုပ်အကိုင်ရှားပါးတဲ့ နယ်တွေက အလုပ်အကိုင် ရှာဖွေသူတွေနဲ့ တရုတ်-မြန်မာနယ်ခြားတလျှောက်က တရုတ်တွေ ဖြစ်ကြပါတယ်။ ကက်စီနိုနဲ့ ဆက်စပ်အလုပ်တွေသာမက အထူးစီးပွားရေးဇုန်အတွင်း အလုပ်အကိုင်မှန်သမျှ လုပ်ဖို့ ဝင်လာသူတွေက ကက်စီနိုမှာ ဆော့မယ့်သူတွေထက် များတယ်လို့ သိရပါတယ်။
ကက်စီနိုရုံထဲမှာတော့ တရုတ်၊ မြန်မာနဲ့ လာအို အလုပ်သမား ၂၀၀၀ လောက်ကို အလုပ်ပေးထားကြောင်းနဲ့ အလုပ်သမား ၃ ပုံ ၂ ပုံဟာ မြန်မာတွေလို့ သုတေသနစာတမ်းတွေအရ သိရပါတယ်။ မြန်မာအလုပ်သမားတွေဟာ ဌာနစုံမှာ လုပ်ရတယ်။ ကစားဝိုင်းမှာ ဖဲဝေသူ၊ ဖဲဝိုင်းအကူကအစ သန့်ရှင်းရေးနဲ့ မီးဖိုချောင်ထိ အလုပ်ရတယ်။ ဖဲဝေသူက လစာ ၆ သိန်းခွဲလောက် ရပြီး ဖွဲဝိုင်းအကူက လစာ ၃ သိန်းခွဲကနေ ၄ သိန်းလောက်ထိ ရတယ်လို့ သိရတယ်။ လစာအနည်းဆုံးက သန့်ရှင်းရေး အလုပ်သမားတွေဖြစ်ပြီး အမျိုးသမီးတွေများတယ်။ သူတို့အားလုံးဟာ ကက်စီနိုဝန်ထမ်းဝတ်စုံကို အကျအန ဝတ်ထားပြီး တရုတ်စကားလည်း ကျွမ်းကျင်ကြတယ်။
ကက်စီနိုဖဲကစားနည်းနဲ့ တစိမ်းပြင်ပြင် ဖြစ်နေတဲ့ ကျနော်က ဘယ်လိုကစားရမလဲလို့ မြန်မာလို မေးတော့ ဖဲဝေသူက ကစားပုံ ကစားနည်းရှင်းပြပေးတယ်။ ဖဲဝိုင်းအကူက ကျနော် ကစားမယ် ထင်ပြီး သံပုရာရေ တခွက် သွားယူ ပေးတယ်။ ကျနော်က ဘေးမှာ ကစားသူတွေ ကစားတာ ကြည့်နေလိုက်တယ်။ ၂ ပွဲလောက် ရှုံးသွားတော့ ဘေးကလူက မြန်မာစကားနဲ့ “အခုထိ တခါမှ မလျော်သေးဘူး” လို့ ပြောပြီး ထထွက်သွားတယ်။ လာအိုအမျိုးသမီး တယောက် ဝင်လာထိုင်ပြီး ဆက်ကစားတယ်။ ၂ ပွဲ ဆက်တိုက်နိုင်တော့ ကျနော်က ထိုင်းလို အရမ်းကံကောင်းတယ်လို့ ပြောတော့ သူက “ငါ ဒီတမနက်လုံး အများကြီး ရှုံးထားပြီးပြီ” တဲ့။
မြန်မာရွာဆီသို့
ကက်စီနိုကထွက် ရှေးဟောင်း တရုတ်ဗိသုကာ လက်ရာနဲ့ ဆောက်ထားတဲ့ အိမ်တန်းရှည်ကြီးက တရုတ်ဆိုင်မှာ မနက်စာ စားပြီး ဦးတည်ရာမဲ့ လျှောက်လာခဲ့တယ်။ ထိုင်းဘက်ခြမ်းက လာကြိုမယ့် စက်လှေကို အမိဖမ်းဖို့ အချိန်ကလည်း သိပ်မကျန်တော့ဘူး။ လမ်းလျှောက်နေရင်း ဆောက်လက်စ တိုက်တလုံး ဘေး ထိုင်နားနေတဲ့ မြန်မာ အလုပ်သမားတွေကို သင်္ဘောဆိပ်ဆင်းဖို့ ဆိုင်ကယ်တက္ကဆီများ ရနိုင်မလားလို့ ဝင်မေးကြည့်တော့ မြန်မာ ရွာထဲမှာ ရနိုင်ကြောင်း ပြောလို့ ဝမ်းသာသွားတယ်။

ဟုတ်တယ်လေ။ ဒီနေရာဟာ ကက်စီနိုပြီးရင် ကျနော်သွားချင်နေတဲ့နေရာ။ မြန်မာအလုပ်သမား ၄ သောင်း နေထိုင်နေတဲ့ နေရာ။ ကျနော့်ခြေလှမ်းတွေ ပိုသွက်လာခဲ့တယ်။ မီတာ ၂၀၀ လောက် လျှောက်လိုက်တာနဲ့ လမ်းအဆုံးမှာ ကားလမ်းတခုနဲ့ သွားဆုံတယ်။ ကားလမ်းတဘက်မှာ နောက်ထပ် ဆောက်လက်စ အဆောက်အဦတခု တွေ့ရတယ်။ အဲဒီနံဘေး မြေကွက်လပ်ကြီးမှာတော့ မီးခြစ်ဆံဗူးတွေ တန်းစီပြီး ချထားသလို သုံးထပ်သားပြားတွေ၊ ရရာသစ်သားပြားတွေနဲ့ လက်ဖြစ် ဆောက်ထားတဲ့ အိမ်မမည်တဲ့ အိမ်လေးတွေကို မြင်လိုက်တယ်။ ဟုတ်တယ်၊ ဒါ မြန်မာရွာပဲ။
ရွာဘက်ခြမ်း မကူးမီ ကားလမ်းဒီဘက်မှာ ဆင်ရုပ် ၂ ရုပ်နဲ့ မုဒ်ဦးတခုအောက်မှာ မြန်မာတွေ ဝိုင်းထိုင်နေသူက ဝိုင်းထိုင်၊ ဆင်ရုပ်နံဘေး ထိုင်နေသူက ထိုင်နဲ့မို့ သွားစပ်စုလိုက်တယ်။ ဝိုင်းထိုင်နေသူတွေက ဖဲရိုက်နေကြတာပါ။ ဆင်ရုပ်နံဘေးထိုင်စောင့်နေသူတွေကတော့ အလုပ်လာခေါ်မှာ စောင့်နေသူ ပျံကျအလုပ်သမားတွေပါ။ ကျနော်က ဆိုင်ကယ်တစီး ရပ်ထားတော့ သင်္ဘောဆိပ်ဆင်းဖို့ အငှားလိုက်မလား မေးတဲ့အခါ ကျနော့်ဆီ ဝိုင်းအုံလာကြပါတယ်။
တချို့က ယွမ်တရာ ပေးလို့ တောင်းတော့ ကျနော်က ဈေးများတယ်၊ ဘတ်ငွေ တရာပဲ ပေးနိုင်မယ်လို့ ပြန်ပြောလိုက်တယ်။ သူတို့က ဒီမှာ ဘတ်မသုံးဘူး၊ ယွမ်ပဲ သုံးတယ်တဲ့။ စကားအချီအချ ဖြစ်နေတုန်း တယောက်က ရှေ့ထွက်လာပြီး ဆိုင်ကယ်သော့ကို ထုတ်ပြတယ်။ “ဒါ ကျနော့်ဆိုင်ကယ်ပဲ၊ ကျနော်နဲ့ပဲ ညှိ” ဆိုပြီး ပြောလာတယ်။ ကျနော်က သင်္ဘောဆိပ် မဆင်းခင် မြန်မာရွာထဲ သွားပြီး မြန်မာအလုပ်သမားတွေ ဘယ်လိုနေကြသလဲ ကြည့်ချင်သေးတယ်လို့ ပြောတော့ ဆိုင်ကယ်သမားက “ကျနော့် နာမည် မျိုးကြီး၊ မန္တလေးကပါ။ ကျနော် ဒီမှာ လာလုပ်စားတာ ၁၀ နှစ် ရှိပြီ။ ဒီမှာ ဘယ်နေရာ ဘာရှိတယ်ဆိုတာ အကုန်သိတယ်။ အကို သိချင်တာသာ မေး။ ရွာထဲကိုလည်း လိုက်ပြမယ်။ ကျနော့်အိမ်လည်း ခေါ်ပြမယ်”တဲ့။

ဒီလိုနဲ့ မြန်မာရွာထဲကို ကိုမျိုးကြီး ဆိုင်ကယ်နောက်က ကျနော်ပါသွားတယ်။ ဒုက္ခသည်ရွာတခုနဲ့ ထူးမခြားနားတဲ့ ရပ်ကွက်ကြီးထဲ ကျနော်ရောက်သွားတယ်။ ဘေးဘီဝဲယာမှာ ညှိုးညှိုးနွမ်းနွမ်းနဲ့ ဝပ်နေတဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ တာယာလဲ ကျွပ်ဖာဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ကုန်စုံဆိုင်လေးတွေကို ဖြတ်ပြီး ချိုင့်ခွက်တွေ ထူတဲ့ မြေသားလမ်းမကျယ်ကနေ ဆိုင်ကယ်တစီးစာပဲ မောင်းလို့ရတဲ့ လမ်းလေးထဲ ဆိုင်ကယ်ကွေ့ဝင်သွားတယ်။ ချောင်ကျိုချောင်ကြားထဲ ကပ်ကပ်သပ်သပ် ဝင်လာရာက တနေရာအရောက် ဆိုင်ကယ်ထိုးရပ်ပြီး ဒါ ကျနော့်အိမ်လို့ ကိုမျိုးကြီးက ပြောတယ်။
သူ အိမ်ရှေ့မှာ အိမ်နံပတ်တွေ့လို့ ဒါ လာအိုအစိုးရက လုပ်ပေးထားတာလားလို့ မေးတော့ ဟုတ်တယ်တဲ့။ ၁၅ ပေပတ်လည် မီးခြစ်ဆံဘူး အိမ်ခန်းကျဉ်းလေးထဲ မီးဖိုချောင်ပစ္စည်းတွေ၊ တယ်လီဖုန်းတလုံး တင်ထားတဲ့ စားပွဲ၊ အကျီအဝတ်အစားတွေ လွှားထားတဲ့ တန်းစသဖြင့် စုံစီနဖာတွေနဲ့ ပြည့်သိပ်နေတယ်။ ဒါပေမယ့် ဒီအိမ်လေးတွေကို ရေ မီး အိမ်သာ လာအိုအစိုးရက ဖန်တီးပေးထားတယ်။ “ခင်ဗျား ဒီမှာ အဆင်ပြေလား”လို့ ကျနော်က မေးတော့ သူ အခု လုပ်နေတဲ့ ပန်းရံအလုပ်နဲ့ မန္တလေးမှာ တလ ၁၀ သိန်း မရှာနိုင်ကြောင်းက အစချီပြီး လင်မယား ၂ ယောက် ဒီမှာ အလုပ်လုပ် ငွေစုပြီး ပြည်ကြီးတံခွန်မှ ဆွေမျိုးတွေနဲ့ ထားခဲ့တဲ့ ကလေးက ၆ တန်း တက်နေတာပါ ရင်ဖွင့်ပါတယ်။
“အခု ယွမ်ဈေးကျလို့ သိပ်ငွေမစုမိတော့ဘူး”လို့ ကိုမျိုးကြီးက ဆိုတော့ ငွေလှဲနှုန်းလည်း ခိုင်၊ အလုပ်သမား အခွင့်အရေးလည်း အာမခံတဲ့ ထိုင်းဘက်ကို တရားဝင် အလုပ်သမားအဖြစ် ဘာလို့ သွားမလုပ်လဲလို့ ကျနော်က ပြန်မေးလိုက်တယ်။ သူက ရယ်ပြီး ထိုင်းမှမဟုတ် အလုပ်ကောင်းတဲ့ ဝနဲ့ မိုင်းလားနယ်တွေမှာတောင် သွားမလုပ်ဘဲ ဒီမှာလာလုပ်ရတာ လမ်းပေါ်မှာ ဖဲရိုက်လို့ ရတဲ့အထိ “လွတ်လပ်”လို့လို့ ဖြေတယ်။ ကျနော်က အခု မြန်မာအစိုးရက လာအိုကို အလုပ်သမား အခွင့်အရေးကာကွယ်ဖို့ ညှိနှိုင်းနေတယ်လို့ သူ့ကိုပြောတော့ “ဒါကြောင့်မို့ လာအို ရဲတွေ လတ်တလော မြန်မာတွေကို ဖမ်းပြီး ငွေမညှစ်တော့တာ ဖြစ်မယ်”လို့ ကိုမျိုးကြီးက ပြန်ပြောတယ်။ “ပတ်စ်ပို့ လုပ်ဆိုလည်း လုပ်ရတော့မှာပဲ။ ဒါကြောင့် ထင်တယ်။ ကျနော်တို့ အကုန်လုံးကို မောင်းထုတ်မယ်လို့ ကြားနေတယ်”လို့လည်း ဆိုတယ်။
ကိုမျိုးကြီး အမျိုးသမီးက တရုတ်တွေနေတဲ့ အိမ်တခုမှာ အိမ်အကူ သွားလုပ်နေရတာမို့ အိမ်မှာ မရှိပါဘူး။ “အရင်တခေါက် လုပ်တဲ့ တရုတ်အိမ်က ကွန်ပြူတာတို့၊ ဖုန်းတို့ အတုလုပ်တာဗျ။ လာအိုရဲက ဝင်ဖမ်းပြီးနောက်တော့ အခု တခြားအိမ်တအိမ် ရွှေ့လုပ်နေရတယ်”လို့ ကိုမျိုးကြီးက ပြောတော့ လာအိုအစိုးရအတွက် ကျောက်ဝေ ဆောက်ပေးတဲ့ အထူးစီးပွားရေးဇုန်ဆိုတာ ဒါပါလားလို့ ပြေးမြင်ယောင်ကြည့်မိတယ်။

စကားပြောလို့ ဝတော့ ကိုမျိုးကြီးက အကို့ကို ဘုန်းကြီးကျောင်း ခေါ်သွားမယ်တဲ့။ ဘုန်းကြီးကျောင်းရောက်သွားတော့ ပူပြင်း ခြောက်သွေ့တဲ့ ကန္တာရကြီးထဲ အိုအေစစ်လေးတခုကို တွေ့လိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။ ပေ ၄၀ ဝန်းကျင် အုတ်တိုက်လေးထဲမှာ ကလေး ၇၁ ယောက်ကို ဆရာမ ၄ ယောက်က ထိန်းကျောင်း စာသင်ပြပေးနေတာ တွေ့ရလို့ပါ။ ကိုမျိုးကြီးက ကျောင်းအုပ်ဆရာမနဲ့ မိတ်ဆက်ပေးတယ်။ ဆရာမက ဒီ ပရဟိတ ဘကကျောင်းရဲ့ လစာဟာ အပြင်မှာ ထွက် အလုပ်လုပ်ရင် ရတာထက် နည်းတာကြောင့် ဘယ်သူမှ သိပ်မလုပ်ချင်ကြဘူးလို့ ပြောပြတယ်။
ကျနော်လည်း ထိုင်းဘက်ကမ်း ပြန်ဖို့ သဗ္ဗာန် အမိဖမ်းရဦးမှာမို့ ဆရာမကို နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့တယ်။ ကူးတို့ဆိပ်နားက လာအိုဈေးမှာ သဗ္ဗာန်စောင့်ရင်း ဒီက အလုပ်သမားတွေ ဖျားနာ ထိခိုက် ဒဏ်ရာရရင် ဘယ်လိုလုပ်ကြသလဲလို့ ကျနော် မေးကြည့်တယ်။ ကိုမျိုးကြီးက “ကိုယ်ဖြစ်ကိုယ်ခံပဲ။ အသေးအမွှား ဖျားနာတာလောက်တော့ ရွာထဲက ပရဟိတသမားတွေနဲ့ ပြီးတယ်။ အလုပ်မှာ ထိခိုက်ဒဏ်ရာ ရပြီဆိုရင်တော့ ကိုယ်ဖြစ်ကိုယ်ခံပဲ”လို့ ပြောပြီး သူ့ ခြေသလုံးပေါ်က ဒဏ်ရာကို လှန်ပြရင်း “အလုပ်ထဲမှာ ကျောက်ဖြတ်လွှနဲ့ ငြိသွားတာလေ၊ တာချီလိတ်ကို ပြန်ပြီး ဆေးရုံတက်တာ ပေါင်း ၁၁ ရက် ကြာတယ်”လို့ ပြောတယ်။
ကိုမျိုးကြီးကို ဆိုင်ကယ်ခထေုတ်ပေးတော့ သူက ငြင်းတယ်။ ဖဲဝိုင်းက ထလာပြီး ဆိုင်ကယ်နဲ့ လိုက်ပို့မယ် ပြောကတည်းက မယူဖို့ ဆုံးဖြတ်ခဲ့တာတဲ့။ “ဆရာ့လို ကျနော်တို့ကို ဘယ်သူမှ လာမကြည့်ဘူး။ ကျနော့်အကြောင်းတွေ ပြောပြချင်နေတာ ကြာပြီ”လို့ ကိုမျိုးကြီးက ပြောတယ်။ သဗ္ဗာန်ရောက်လာတော့ ကူးတို့ဆိပ်အောက်ထိ လိုက်ပို့ရင်း ဆရာ့ကို လွမ်းပြီး ကျန်နေခဲ့မှာဆိုပြီး တိုင်တတိုင်ကို ဖက်ကျန်နေခဲ့လေရဲ့။