ဦးစောခိုင်တယောက် ပူပြင်းသော နေရောင်အောက်တွင် “ဒို့အရေး ဒို့အရေး”အော်ဟစ်ရင်း ဧရာဝတီတိုင်း၊ လေးမျက်နှာ မြို့လည် လမ်းမပေါ်တွင် ထော့နင်း ထော့နင်းဖြင့် လမ်းလျှောက်နေ သည်။
သူ၏ ဘယ်ခြေထောက် တဖက်က မွေးရာပါ သိမ်နေသည့် အတွက် လမ်းလျှောက်လျှင် အများ သူငါလို ဖြောင့်တန်းစွာ မလျှောက်နိုင်ဘဲ ထော့နင်းထော့နင်း ဖြစ်နေ သည်။
သို့သော် သူနဲ့ဘဝတူ ရေလုပ်သားများနှင့်အတူ နေပူအောက် ကွန်ကရစ်လမ်းပေါ်၌ ကြိုးစား လျှောက်ရင်း သူတို့ နေအိမ် အနီးရှိ အင်းအတွင်း ငါးရှာဖွေ စားသောက်ခွင့်ရရေး လေးမျက်နှာ မြို့နယ်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများကို စက်တင်ဘာ ၂၀ ရက်နေ့က ဆန္ဒဖော်ထုတ် တောင်းဆို ခဲ့ခြင်း ဖြစ်သည်။
“မနှစ်ကလည်း ကျနော်တို့ ရေလုပ်သားငယ်တွေ ငါးရှာဖွေ စားသောက်ခွင့်မရခဲ့လို့ တော်တော် လေး ဒုက္ခရောက် ကြတယ်။ ဒီနှစ်မှ ငါးရှာခွင့် မရရင်တော့ ကျနော်တို့မိသားစု ပိုပြီး ဒုက္ခရောက် တော့မှာ”ဟု လေးမျက်နှာမြို့နယ်၊ ကျွန်းတဲစုကျေးရွာမှ ရေလုပ်သားငယ် ၁ ဦးဖြစ်သူ ဦးစောခိုင် က ဧရာဝတီကို ပြောပြသည်။
မသန်စွမ်း ၁ ဦးဖြစ်သူ ဦးစောခိုင်တို့ မိသားစုက လေးမျက်နှာမြို့နယ်ရှိ ကျွန်းတဲစု ကျေးရွာတွင် နေထိုင်သည်။ သူ့တွင် သားသမီး ၃ ယောက်ရှိပြီး အကြီး ၂ ယောက်မှာ အိမ်ထောင်ကျ၍ လက်လွတ်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ အငယ်ဆုံး သား မှာ ပိုလီယိုရောဂါကြောင့် အိပ်ရာထဲ လဲနေသည်။
သူတို့မိသားစု ဝမ်းဝရေး အတွက် အဓိက အလုပ်အကိုင်ကတော့ ကျွန်းတဲစုရွာကို ပတ်လည် ဝိုင်းကာရံထားသည့် မြေနုမြစ်ကျိုးအင်းထဲတွင် ငါးရှာဖွေခြင်း ဖြစ်သည်။
ကိုလိုနီခေတ်ကလည်း အောက်ခြေ ရေလုပ်သားများ အင်းသားကြီးတွေရဲ့ လက်ဝါးကြီးအုပ် သည့် ဒဏ်ခံခဲ့ရသလို၊ လွတ်လပ်ရေး ရပြီးတော့လည်း အဖိနှိပ်ခံ နင်းပြားဘဝ၊ တော်လှန်ရေး ကောင်စီခေတ်မှာတော့ အင်းသမဝါယမ အသင်း အဖွဲ့တွေ ဖွဲ့စည်းပေးတော့ အသက်ရှု ချောင် သယောင်ရှိခဲ့သည်၊ သို့သော် နဝတ၊ နအဖ အစိုးရခေတ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ သမ္မတ ဦးသိန်းစိန်ခေတ်တွေမှာလည်း ဦးစောခိုင်တို့လို ပညာနည်း၊ ငွေကြေး ဆင်းရဲသည့် အောက်ခြေ ရေလုပ်သားငယ်တွေ ဘဝက အဖိနှိပ်ခံ နင်းပြားဘ၀ ဒုံရင်း ဒုံရင်းသာ ရှိခဲ့သည်။
ဧရာဝတီ တိုင်းဒေသကြီးတွင် ဘုံစားအင်း၊ လေလံအင်းနှင့် ကြေးတိုင်အင်း စသဖြင့် အင်း စုစုပေါင်း ၁၇၇၁ အင်းရှိပြီး အင်းလုပ်ငန်းမှာ ဧရာဝတီတိုင်း အစိုးရအဖွဲ့၏ အခွန်ငွေ အများဆုံး ရရှိသည့် လုပ်ငန်း ၁ ခုဖြစ်သည်။
အဆိုပါ အင်းများကို လေလံဆွဲ လုပ်ကိုင်ခွင့်က ဆင်းရဲသား ရေလုပ်သားတို့နှင့် မဆိုင်ဘဲ ငွေကြေး ချမ်းသာသူ အင်းသား ကြီး (အင်းသူကြီး) တို့နှင့်သာ သက်ဆိုင်သည့်အလား အင်းသားကြီးများ ကသာ အင်းများကို လေလံဆွဲ ဝယ်ယူကာ အောက်ခြေ ရေလုပ်သားများကို အဆင့်ဆင့် ရောင်း စားကြသည်။
အင်းရောင်းစားရာတွင် အင်းသားကြီးတချို့က လေလံဆွဲပြီး အင်း၏ အကောင်းဆုံး နေရာများ ကို ရယူကာ ကိုယ်တိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ပြီး အင်း၏ ကျန်အစိတ်အပိုင်းများကို ဆင်းရဲသား ရေလုပ်သားများကို အဆင့်ဆင့် ရောင်းစား ကြသူများ ရှိသည်။
တချို့ကတော့ ရေလုပ်ငန်းလည်းမလုပ်၊ ငါးလည်း မဖမ်းဘဲ ငွေသုံး၍ အင်းကို လေလံဆွဲပြီး အင်း ၁ ခုလုံးကို အပိုင်းပိုင်း ဖြတ်၊ နေရာသတ်မှတ်၍ ရောင်းစားကြသော လေလံပွဲဖြင့် စီးပွားရှာသည့် နာမည်ခံ အင်းသားကြီး များလည်း ရှိသည်။
ရေချိုငါးလုပ်ငန်း ဥပဒေအရ အင်းလုပ်ကိုင်ခွင့် ရရှိသူမှာ အင်းကို တဆင့်လွဲပြောင်း ရောင်းချ ခြင်း မပြုရဟု တားမြစ်ထား သော်လည်း ဥပဒေက စာအုပ်ထဲတွင် သာရှိပြီး မြေပြင်တွင် အမှန်တကယ် အသက်ဝင်ခြင်း မရှိကြောင်း၊ ငါးလုပ်ငန်းဌာနက လည်း အင်းသားကြီးများကို ကြပ်မတ်နိုင်ခြင်း မရှိကြောင်း ရေလုပ်သားငယ်များက ပြောဆိုကြ သည်။
ထို့ကြောင့် အင်းသားကြီးများ အင်းကို တဆင့် ရောင်းစားသည့်ကိစ္စက ဥပဒေနှင့်မညီ သော်လည်း ဧရာဝတီတိုင်း မှာတော့ မထူးဆန်းသော ကိစ္စရပ် ဖြစ်နေသည်။
အင်းသားကြီးများက အင်းကို ပိုင်းဖြတ်၍ ငါးရနိုင်သည့် အခြေအနေပေါ် မူတည်ကာ ဈေးကို အမျိုးမျိုး သတ်မှတ်ပြီး ငွေကြေး အတန်အသင့် တတ်နိုင်သူ ရေလုပ်သားများကို ပြန်ရောင်းကြ သည်။
ငွေမရှိသည့် ကူလီကပ်ပါး ရေလုပ်သား များကတော့ အင်းသားကြီးတို့ မလိုချင်သည့် အင်းနေရာ အစွန်အဖျားများတွင် လှေတစီးလျှင် တစ်လငါးဖမ်းခွင့် ၁၀၀၀၀ ကျပ်၊ ၁၅၀၀၀ ကျပ် စသဖြင့် အင်းသားကြီးကို အခွန်ပေး၍ ငါးဖမ်းကြရသည်။
“အင်းသားကြီး ၁ ယောက်က လေလံအင်း ၁ အင်းကို ၁၀ သိန်းနဲ့ အစိုးရဆီက ရတယ်ဆိုပါစို့။ သူဝယ်မယ့်အင်းကို လိုက်မလုအောင် ပန်းကြေး ပေးတာနဲ့ဆိုရင် အင်းတန်ဖိုးက ကျပ်သိန်း ၈၀၊ ၉၀ ဖြစ်သွားတယ်။ ဒါပေမယ့် အင်းကို အပိုင်းပိုင်း ဖြတ်ပြီး ပြန်ရောင်းစားရင် သူသုံးထားတဲ့ငွေရဲ့ ၂ ဆ၊ တချို့ဆို ၃ ဆလောက် ပြန်ရတယ်။ အင်းသားကြီး တွေက ဒီလိုနည်းလမ်းတွေနဲ့ အင်းတွေ ကို ငွေသုံးပြီး နှစ်ပေါင်းများစွာ အစဉ်အဆက် လုပ်ကိုင်ခဲ့ကြတာ ဖြစ်တယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး၊ ရေလုပ်သားများသမဂ္ဂ ဥက္ကဋ္ဌ ဦးထွန်းလင်းက ရှင်းပြသည်။
ပန်းကြေးဟူသည်က လေလံလောကတွင် အသုံးပြုသည့် စကားဖြစ်သည်။ လေလံအင်း ၁ အင်းကို ရယူလုပ်ကိုင် လိုသူ အင်းသားကြီးက တခြားသော အင်းသားကြီးများ လေလံပွဲအတွင်း ဝင်မလာရန်၊ လေလံ ဝင်မဆွဲရန်အတွက် ပန်းကြေး အဖြစ် ကျပ် ၁ သိန်း၊ ၃ သိန်း၊ ၅ သိန်းစသည့် ငွေကြေးကို ပေးကြသည်။
အင်းတန်ဖိုးမြင့်လေ ပန်းကြေး ပေးရသည့် ပမာဏလည်း မြင့်မားလေဖြစ်သည်။ ပန်းကြေး ယူထားသည့် အင်းသား ကြီးများ က လေလံ ဝင်မဆွဲသည့် အတွက် အင်းလုပ်ကိုင်လိုသူ အင်းသားကြီး အနေဖြင့် ယှဉ်ပြိုင်သူမရှိဘဲ ကြမ်းခင်း ဈေး (အစိုးရမှ သတ်မှတ်သည့် အနိမ့်ဆုံး ဈေး) ဖြင့် တဦးတည်း လေလံအောင်ခွင့်ရသည်။
“ကျနော်တို့ မနှစ်က ၂၀၁၇ – ၁၈ အင်းရာသီမှာ အင်းလုပ်ကိုင်ခွင့်ရဖို့အတွက် အင်းတန်ဖိုး ၅၅ သိန်းအပြင်ကို တခြား သော အင်းသားကြီးတွေကို ပန်းကြေး ၁ သိန်း၊ ၂ သိန်း၊ ၃ သိန်း စသဖြင့် ပေးရတော့ စုစုပေါင်း သိန်း ၁၂၀ လောက် ကုန်ကျခဲ့ တယ်။ အဲဒီ ငွေကြေဖို့ အင်းကို အဆင့်ဆင့် ပြန်ပြီးရောင်းတယ်။ အဲဒီလို ရောင်းမှပဲ ကိုယ်ထုတ်ထားတဲ့ ငွေပြန်ရမှာလေ”ဟု လေးမျက်နှာ မြို့နယ်မှ အမည်မဖော်လိုသည့် အင်းသားကြီးတဦးက ပြောပြသည်။
ယခုလို တန်ဖိုးနည်း အင်းငယ် ၁ အင်းကိုပင် ကျပ်သိန်း ဆယ်ဂဏန်း၊ ရာဂဏန်း အရင်းပြု၍ လေလံဝင်ဆွဲရသည့် အင်း လောကကို တနေ့လုပ်မှ တနေ့စားရသည့် ရေလုပ်သားတို့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဟူသည်က မိုးနှင့်မြေပမာ အလှမ်း ဝေးလွန်းလှသည်။
အင်းဘေးတွင် အိမ်ဆောက်နေထိုင်သော ဦးစောခိုင်တို့လို ဧရာဝတီတိုင်းရှိ ဆင်းရဲသား ရေလုပ် သားများက လေလံ အောင်သည့် အင်းသားကြီးများ သတ်မှတ်သော ဈေးနှုန်းကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အခွန် ပေးဆောင်၍ ငါးဖမ်းကာ အသက်မွေးကြရသည်။

အခွန်မပေးဘဲ ငါးခိုးဖမ်းသူများဆိုလျှင် အင်းသားကြီးများက ငါးခိုးမှုဖြင့် ရဲခေါ်ပြီး ဖမ်းခိုင်း သည်။ ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ ဧပြီလမှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ် ဦးသိန်းအောင်အစိုးရလက်ထက်တွင် ရေလုပ်သားငယ် များနှင့် အင်းအနီး လယ်ယာစိုက်ပျိုး ကြသည့် လယ်သမားများ ငါးခိုးမှုဖြင့် ဖမ်းဆီးထောင်ချခံရသည့် အဖြစ်အပျက်များစွာ ပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ငါးမှ မဖမ်းလျှင် တခြား လုပ်စရာမရှိသော ဆင်းရဲသား ရေလုပ်သားများ အဖို့ အင်းသားကြီးကို အခွန်ပေးဆောင် ၍ ငါးဖမ်းခြင်းဟူသော ဘေးကင်းသောလမ်းကိုသာ ရွေးချယ်ကြသည်။
ထိုသို့ တရားမျှတမှုမရှိသည့် အခြေအနေ များကို ကျုံပျော်၊ ပန်းတနော်နှင့် ကျောင်းကုန်း မြို့နယ် မှ ရေလုပ်သားငယ်များက ၂၀၁၂ ခုနှစ်မှစတင်ကာ ဆန့်ကျင်လုပ်ဆောင်မှုများ ဖြစ်ပေါ်လာသည်။
အင်းသားကြီးတို့ နှစ်ပေါင်းများ လုပ်ကိုင်ခဲ့သည့်အင်းများကို ကြမ်းခင်းဈေးဖြင့် ဒေသခံ ရေလုပ်သားများထံ ချထားပေးရန် အစိုးရတာဝန်ရှိသူများထံ တင်ပြကာ ဆန္ဒဖော်ထုတ် တောင်းဆိုသော်လည်း ဝန်ကြီးချုပ်ဦးသိန်းအောင်ဦးဆောင်သည့် ဧရာဝတီတိုင်းအစိုးရက ငါးလုပ်ငန်းဥပဒေအရ ဆောင်ရွက်သည်ဟုဆိုကာ အင်းသားကြီးများကိုသာ ဆက်လက် လုပ်ကိုင် ခွင့်ပေးခဲ့သည်။
ထို့ကြောင့် ၂၀၁၂ စက်တင်ဘာတွင် ကျုံပျော်မြို့နယ် ရှားခဲကြီးရှားခဲလေးအင်းကို လုပ်ကိုင်ခွင့်ရ သည့် အင်းသားကြီး အဖွဲ့နှင့် ဒေသခံ ရေလုပ်သားများကြား အပြန်အလှန် တိုက်ခိုက်သည့် အဓိကရုဏ်းများဖြစ်ပွားရာ အင်းသားကြီး အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ရေလုပ်သား ခေါင်းဆောင် ကိုဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီး သေဆုံးခဲ့သလို ရဲတပ်ဖွဲ့က သေနတ်နှင့် ပစ်ခတ် သဖြင့် ဒေသခံရေလုပ်သား ၄ ဦး သေနတ်ဒဏ်ရာရခဲ့ပြီး ဦးကြည်သိန်းနှင့် ကိုကျော်ဆန်းငွေတို့မှာ သေနတ်မှန် သေဆုံးခဲ့သည်။
ရဲတပ်ဖွဲ့နှင့် အင်းသားကြီးအဖွဲ့တို့က ရှားခဲရွာမှ ဒေသခံအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ပုဒ်မ ၄ ခုဖြင့် တရားစွဲဆို ခဲ့ပြီး ပုသိမ်ခရိုင်တရားရုံးက အမျိုးသား ၄ ဦးကို ထောင်ဒဏ် ၄ နှစ်ခွဲစီ၊ အမျိုးသမီး ၃ ဦးကို ထောင်ဒဏ် ၁ နှစ် ၆လစီ ချမှတ်ခဲ့သည်။ အလားတူပဋိပက္ခများ ပန်းတနော်မြို့နယ်၊ ခနွဲကပို ကျေးရွာနှင့် ကျောင်းကုန်းမြို့နယ်ရှိ ကညွတ်အိုင်အင်း တို့တွင်လည်း ဖြစ်ပွားခဲ့သည်။
အင်းပြသနာများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီးနောက် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးတင်စိုးအစား ဦးစန်းမောင်ကို ပြောင်းလဲ တာဝန်ပေးအပ်ရသည် အထိ ရေလုပ်သား ပြသနာများက ဧရာဝတီတိုင်း အစိုးရ အဖွဲ့အပေါ် ရိုက်ခတ်မှုများ ရှိခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရခဲ့ပြီး ဧရာဝတီတိုင်း အစိုးရဖွဲ့စည်း ချိန်တွင် ယခင်ရှိခဲ့သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ သစ်တော၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီးဌာန ၂ ခုတို့ကို ပေါင်းစည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဌာနအဖြစ် ပြောင်းလဲခဲ့ပြီး အဆိုပါဌာနဝန်ကြီးအဖြစ် ဦးဘဟိန်းကို တာဝန်ပေးအပ်ခဲ့သည်။
စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်သူ ဦးဘဟိန်း ဝန်ကြီးတာဝန် ထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ် အင်းရာသီ မတိုင်မီတွင် ဧရာဝတီတိုင်းအတွင်းရှိ ရေလုပ်သားများနှင့် အင်းလုပ်ငန်းကြောင့် လယ်ယာစိုက်ပျိုးရေး အခက်တွေ့ကြသည့် လယ်သမား များက ဝန်ကြီး ဦးဘဟိန်းထံသို့ လာရောက်တွေ့ဆုံကာ တန်းဖိုးနည်းအင်းများကို ရေလုပ်သား အစုအဖွဲ့များထံ ချထားပေး ရန် တောင်းခံခဲ့ကြသည်။
ဆင်းရဲသား ရေလုပ်သားငယ်တို့၏ တင်ပြချက်ကို နားထောင်ပြီးသည့်နောက် ၂၀၁၆ – ၁၇ အင်းရာသီတွင် ဦးဘဟိန်း က ဧရာဝတီတိုင်းရှိ ၁၇၇၁ အင်း အနက် ကျပ်သိန်း ၄၀ နှင့် ၄၀ အောက် တန်ဖိုးရှိသည့် လေလံအင်းပေါင်း ၃၀၀ ကျော်ကို လေလံပစ်ခြင်း မပြုလုပ်ဘဲ ကြမ်းခင်း ဈေး (အစိုးရမှ သတ်မှတ်သည့် အနိမ့်ဆုံးဈေး) ဖြင့် ဒေသခံ ရေလုပ်သား အစုအဖွဲ့များကို ချထားပေးရန် ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် အင်းလုပ်ငန်းကြောင့် လယ်ယာစိုက်ပျိုးမှု အခက်တွေ့စေသည့် အင်းများကို ဒေသခံ အစုအဖွဲ့များအား လုပ်ကိုင်ခွင့် ချထားပေးရန်၊ တရားဥပဒေ စိုးမိုးရေး ထိခိုက်စေသည့် အင်းများကို ကြေးတိုင် ဖျက်သိမ်းရန် အစီအမံ ရေးဆွဲပြီး ဝန်ကြီး ဦးဘဟိန်းက ဧရာဝတီတိုင်း အစိုးရ ကက်ဘိနက် (ဝန်ကြီးစုံညီ) အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
အရေအတွက်အားဖြင့် ဧရာဝတီတိုင်းရှိ အင်းအားလုံး၏ ၈၀ ရာခိုင်နှုန်းကို ငွေကြေးတတ်နိုင် သော အင်းသားကြီးများ လုပ်ကိုင်ကြရန်နှင့် ၂၀ ရာခိုင်နှုန်းသော တန်ဖိုးနည်းအင်းများကို ရေလုပ်သား အစုအဖွဲ့များအား ချထားပေးရန် ဝန်ကြီး ဦးဘဟိန်းက စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် မန်းဂျော်နီ ဦးဆောင်သည့် ကက်ဘိနက် အစည်းအဝေးတွင် ဦးဘဟိန်း၏ တင်ပြမှု အား သဘော တူညီသည့် အတွက် ဒေသခံရေလုပ်သား အစုအဖွဲ့များကို ၂၀၁၆ – ၁၇ အင်းရာသီမှ စတင်၍ တန်ဖိုးနည်းအင်းများ ချထားပေးမည့် အစီအစဉ် အသက်ဝင်လာခဲ့သည်။
ဧရာဝတီတိုင်းတွင် အစိုးရ အဆက်ဆက်က ဒေသခံ ရေလုပ်သားများ အင်းလုပ်ခွင့် ရရှိရန် စီမံပေးခဲ့မှု မရှိခဲ့သည့် အတွက် ဤအပြောင်းအလဲက ဧရာဝတီတိုင်း၏ အင်းလုပ်ငန်း သမိုင်း တလျှောက် ရေလုပ်သားငယ်များ အလုပ် အကိုင် အခွင့်အလမ်း ရရှိရေး အတွက် တိုင်းအစိုးရမှ ဖန်တီးပေးသည့် ပထမဆုံး အပြောင်းအလဲ ၁ ခု ဖြစ်ခဲ့သည်။
ဝန်ကြီးဦးဘဟိန်း၏ ဆောင်ရွက်ချက်ကြောင့် သူတို့ တသက်လုံး မဝံ့မရဲ မျှော်လင့်ခဲ့ကြသည့် အင်းလုပ်ကိုင်ခွင့် ရရှိမည် ဖြစ်၍ ဧရာဝတီတိုင်းရှိ ဆင်းရဲသား ရေလုပ်သားများ ပျော်ရွှင်ခဲ့ကြ သည်။ သို့သော် အင်းသားကြီး များက လည်း ၎င်းတို့ လုပ်ကိုင်ခွင့် ရထားသည့် အင်းများ လက်လွတ် ဆုံးရှုံးခြင်း မရှိစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းမှုများ ၂၀၁၆ နှင့် ၂၀၁၇ အင်းရာသီများတွင် ပေါ်ပေါက်ခဲ့သည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ အနေဖြင့် တန်ဖိုးနည်းအင်းများကို ဒေသခံ ရေလုပ်သား အစုအဖွဲ့များ ထံ ချထားပေးရာတွင် အင်းမှာ ကျပ်သိန်း ၄၀ နှင့် ၄၀ အောက် တန်ဖိုးရှိသောအင်း ဖြစ်ရမည်ဖြစ် ပြီး အင်းကို ရယူ လုပ်ကိုင်လိုသည့် ဒေသခံ ရေလုပ်သား အစုအဖွဲ့ ၁ ဖွဲ့ထက် ပိုပါက ညှိနှိုင်း ဆောင်ရွက်ရန်၊ ညှိနှိုင်း၍ မရပါက အင်းကို လေလံပစ်ရန် ဟူသည့် စည်းကမ်းချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။

“တန်ဖိုးနည်းအင်းတွေကို ဒေသခံ အစုအဖွဲ့တွေကို ချပေးမယ့်အချိန်မှာပဲ အင်းသားကြီးတွေက သူတို့ အလုပ်သမား တချို့တွေကို ဦးဆောင်ခိုင်းပြီး စင်ပြိုင် ရေလုပ်သားအဖွဲ့ ထောင်တယ်။ ပြီးရင် အင်းကိုအပြိုင် လိုက်တောင်းတယ်။ အဲဒီတော့ ရေလုပ်သား ၂ ဖွဲ့ဆိုပြီး ဌာနဆိုင်ရာက လည်း ညှိခိုင်းတယ်။
ညှိနှိုင်းလို့ အဆင်မပြေရင် အင်းကို လေလံ ပစ်ရမယ်၊ လေလံပစ်ရင် အင်းသားကြီးကပဲ ငွေနဲ့ ပေါက်ပြီး လေလံရမှာ ဆိုတော့ ရေလုပ်သားအဖွဲ့ အစစ်အမှန် တွေက အင်းသားကြီး အဖွဲ့တွေကို ချော့ပေါင်းပြီး အင်း လုပ်နေရတာတွေ ဖြစ်နေတယ်”ဟု ထိုဒေသတဝိုက် အခြေစိုက်ရေးနေသူ မြစ်မခ သတင်းအေဂျင်စီ အကြီးတန်းသတင်းထောက် ကိုမျိုးမင်းထွန်းက ဒေသတွင်း အခြေအနေကို ရှင်းပြသည်။
ဆင်းရဲသား ရေလုပ်သားများကတော့ အင်းသားကြီးကို အခွန်ပေး၍ ငါးဖမ်းရသည့်ဘဝမှ ကိုယ်တိုင် လွတ်လပ်စွာ ငါးဖမ်းခွင့်ရသဖြင့် ကျေနပ်ပျော်ရွှင်ကြသော်လည်း မပျော်ရွှင်နိုင်ကြ သူများကတော့ ဝန်ကြီး ဦးဘဟိန်း၏ ဆုံးဖြတ်ချက် ကြောင့် အင်းလုပ်ကိုင်ခွင့်များ ဆုံးရှုံးခဲ့သည့် အင်းသားကြီးများဖြစ်သည်။
ဦးဘဟိန်း၏ဆောင်ရွက်မှုကြောင့် ၎င်းတို့ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့်အင်းများ လက်လွှတ် ဆုံးရှုံး ခဲ့ရသဖြင့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ရုံးစိုက်ရာ ပုသိမ်မြို့၌ ၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် အင်းသားကြီးများ စုပေါင်းကာ ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အင်းကိစ္စနှင့်ပတ်သက်၍ ဆင်းရဲသား ရေလုပ်သားငယ်များနှင့် အင်းလုပ်ငန်းကြောင့် လယ်ယာ စိုက်ပျိုးရေး ထိခိုက်သည့် လယ်သမားများသာ ဆန္ဒဖော်ထုတ်လေ့ရှိသည့် ဧရာဝတီတိုင်းတွင် လုပ်ငန်းရှင် အင်းသားကြီးများ ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်မှုကို လူအများမြင်တွေ့ ခဲ့ရသည်။
ဆန္ဒပြပွဲတွင် ယခင်အစိုးရမှ စည်းကမ်းနှင့် ညီညွတ်၍ ရောင်းချပေးခဲ့သည့် ကြေးတိုင်အင်းများကို ဖျက်သိမ်းသော ဝန်ကြီး ဦးဘဟိန်းအား အရေးယူပေးရန်၊ တရားမဝင် အစုအဖွဲ့များကို အင်းများ တိုက်ရိုက် ရောင်းချပေးသည့်အတွက် ဝန်ကြီး တာဝန်မှ ရုပ်သိမ်းပေးရန်၊ ဝန်ကြီး၏ ညွှန်ကြားမှု များကို လုပ်ပေးသည့် တိုင်းငါးလုပ်ငန်း ဦးစီးမှူးနှင့် ဝန်ထမ်းများအား အရေးယူပေးရန်၊ ဥပဒေမဲ့ လုပ်ဆောင်နေသော ဝန်ကြီး ဦးဘဟိန်းနှင့် အလိုတူ အလိုပါ လုပ်ဆောင်နေသော လွှတ်တော် ကိုယ်စားလှယ်များအားလည်း အရေးယူပေးရန် စသဖြင့် အင်းသားကြီးများက တောင်းဆိုဆန္ဒပြ ခဲ့ကြသည်။
လုပ်ငန်းရှင် အင်းသားကြီးတို့၏ ဆန္ဒဖော်ထုတ်ခြင်း ခံရသည့် ဝန်ကြီး ဦးဘဟိန်းကို သတင်းမီဒီယာများက သွားရောက် တွေ့ဆုံ၍ အင်တာဗျူးချိန်တွင် ဝန်ကြီး ဦးဘဟိန်း၏ အဖြေစကားက အံ့သြဖွယ်ရာဖြစ်သည်။
“ကျနော်သည် မဟုတ်တမ်းတရား လုပ်မယ်ဆိုရင် ရေလုပ်သားလေးတွေ မျက်နှာကြည့်ပါ့မလား။ သူတို့ (အင်းသားကြီး တွေ) မျက်နှာကြည့်မှာပေါ့။ သူတို့မျက်နှာကြည့်ရင် ဒီနှစ် အင်းရာသီမှာ သိန်းရာဂဏန်း၊ ထောင်ဂဏန်း ကျုပ်အိပ်ထဲကို ထည့်နိုင်နေပြီ။ အဲဒီလို မဟုတ်ဘဲ ရေလုပ်သား လေးတွေ မျက်နှာကြည့်ပြီး လုပ်ပေးတဲ့အခါကျတော့ ရေလုပ်ငန်းအပေါ်မှာ ကျနော်က မတော် မတရား အကျင့်ပျက်ခြစားမှု မရှိဘူးဆိုတာ သူတို့က အကောင်းဆုံး သက်သေပြတာပါပဲ။ အဲဒီအတွက် သူတို့တွေကို ကျေးဇူးတင်ကြောင်း ပြောပေးပါ”ဟု ဝန်ကြီး ဦးဘဟိန်းက ၂၀၁၇ ခုနှစ် မေလတွင် ဧရာဝတီကို ပြောဆိုခဲ့ သည်။
အင်းသားကြီးများ၏ ဆန္ဒဖော်ထုတ်ခြင်း ခံရသော်လည်း ဝန်ကြီး ဦးဘဟိန်းက မူလအစီ အစဉ်အတိုင်း ဆက်လက် အကောင်အထည် ဖော်ခဲ့သည့်အတွက် ၂၀၁၆ – ၁၇ အင်းလုပ်ငန်း ရာသီတွင် ဧရာဝတီတိုင်း အတွင်းရှိ ရေလုပ်သား အဖွဲ့ပေါင်း ၂၀၄ ဖွဲ့ရှိသည်။
ရေလုပ်သားမိသားစု ၈၃၀၀ ကျော် အင်း လုပ်ကိုင်ခွင့် ရခဲ့ပြီး ၂၀၁၇ – ၁၈ အင်းရာသီတွင် ရေလုပ်သား မိသားစုပေါင်း ၁ သောင်းကျော် တန်ဖိုးနည်းအင်းများကို လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ ရုံးစာရင်းများအရ သိရသည်။
ထိုသို့ ရေလုပ်သားငယ်များ အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးခြင်း၏ အကျိုးဆက်အဖြစ် ဝန်ကြီး ဦးဘဟိန်း၏ ညွှန်ကြားမှုအပေါ် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းတချို့က လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ဖီဆန်မှုများ ပေါ်ပေါက် ခဲ့သလို ဝန်ကြီး ဦးဘဟိန်းအား အရေးယူပေးရန် အင်းသားကြီးတချို့က သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ထံသို့ တိုင်ကြားမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဦးဘဟိန်း ပြန်လည်ဖြေရှင်းခဲ့ရသည်။
တဖက်တွင်လည်း ဝန်ကြီးချုပ် မန်းဂျော်နီ ဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့ ကက်ဘိနက် အစည်း အဝေးတွင် ဝန်ကြီး ဦးဘဟိန်း၏ အင်းကိစ္စနှင့် ပတ်သက်၍ လုပ်ကိုင် ဆောင်ရွက်ချက် များမှာ ဥပဒေနှင့် ညီ၊ မညီ လေ့လာဆန်းစစ်မှုများ ရှိခဲ့ပြီး ပြည်ထောင်စု ဥပဒေချုပ်ရုံးအထိ ပေးပို့၍ ဝန်ကြီးတဦး၏ လုပ်ပိုင်ခွင့်အရ လုပ်ကိုင်ခြင်း ဟုတ်၊ မဟုတ် ချိန်ထိုး ဆန်းစစ်မှု များ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ၂၀၁၇ ခုနှစ်အတွင်း အင်းတန်ဖိုးများကို ခေတ်ကာလ ပေါက်ဈေးနှင့် ကိုက်ညီစေရေး ခေါင်းစဉ်ဖြင့် အင်းများ တည်ရှိသော မြို့နယ်များတွင် မြို့နယ်အုပ်ချုပ်ရေးဌာန၊ ငါးလုပ်ငန်းဌာန နှင့် ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် များ ပါဝင်သည့် မြို့နယ် အင်းတင်ဒါ စိစစ်ရေး ကော်မတီများက အင်းဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ခဲ့ရာ ရေလုပ် သား အစုအဖွဲ့များ လုပ်ကိုင်ခွင့် ရခဲ့သည့် ကျပ်သိန်း ၄၀ နှင့် ၄၀ အောက် အင်းဈေးနှုန်းများမှာ ကျပ်သိန်း ၄၀ အထက် သို့ ရောက်ရှိ သွားခဲ့သည်။
အင်းတန်ဖိုးများ ဆွဲမြှင့်ခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအတွက် အခွန်ဘဏ္ဍာများ ပိုမိုရရှိခဲ့သော်လည်း ဒေသခံ ရေလုပ်သား အစုအဖွဲ့များ လုပ်ကိုင်ရန် အခွင့်အရေး ရှိသည့် အင်းများမှာ မဖြစ်မနေ လေလံပစ်ရသည့် ကျပ်သိန်း ၄၀ အထက် အင်းအဖြစ်သို့ ရောက်ရှိသွား ခဲ့သဖြင့် အင်းသားကြီးများက လေလံဆွဲဝယ်ယူခြင်း၊ အင်းသားကြီးတို့ ဖွဲ့စည်းထား သည့် ရေလုပ်သားအဖွဲ့များနှင့် ပူးပေါင်း၍ အင်းလုပ်ကိုင်ရခြင်းများ ဖြစ်ပွားခဲ့သည်။
“ပြီးခဲ့တဲ့နှစ်က ၇ သိန်း တန်ဖိုးရှိတဲ့ အင်းကို ၄၁ သိန်းဆိုပြီး ဈေးဆွဲမြှင့်တာမျိုးတွေ ရှိတယ်။ ဒါတွေက သိန်း ၄၀ အောက် အင်းတွေကို လေလံခုံပေါ် မရောက် ရောက်အောင် ဆွဲတင်သလို ဖြစ်နေတာ တွေ့ရတယ်။ အဲဒီလိုမျိုး ကျပ်သိန်း ၄၀ အထက်ကို ဈေးတွေ ဆွဲမြှင့်တာက အင်းကိစ္စ မှာ ရေလုပ်သား အစုအဖွဲ့တွေကို ထည့်စဉ်းစားစရာ မလိုအောင် လုပ်လိုက် တာလို့ မြင်တယ်။ တနည်းအားဖြင့် ဝန်ကြီး ဦးဘဟိန်း လုပ်ထားတဲ့ အစီအမံကို တဖက်လှည့်နဲ့ ပျက်အောင် လုပ်လိုက်တာ လို့ပဲ မြင်တယ်”ဟု မြန်မာပို့စ်ဂျာနယ်၏ အကြီးတန်းသတင်းထောက် ဦးစိုးမြင့်စိုးက သူ့အမြင်ကို ပြောပြသည်။
ရေလုပ်သားငယ် အစုအဖွဲ့များကို အင်းလုပ်ခွင့်ပေးသည့် ဆောင်ရွက်ချက်ကြောင့် နိုင်ငံတော် အကြီးအကဲများထံ တိုင်ကြားခံရမှုများ၊ ဝန်ကြီးချုပ် မန်းဂျော်နီ ဦးဆောင်သည့် ကက်ဘိနက် အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေး ပြောဆိုမှုများ ၂၀၁၇ နှစ်လယ်ပိုင်းတွင် ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဝန်ကြီး ဦးဘဟိန်းမှာ ကျန်းမာရေး မကောင်းသဖြင့် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဝန်ကြီးချုပ် မန်းဂျော်နီနှင့် ဝန်ကြီး ဦးဘဟိန်းတို့ကို ၎င်း၏ သဘောဆန္ဒအလျှောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်။
သမ္မတ ဦးထင်ကျော်၏ အမိန့်ပြန်တမ်းနှင့်အတူ ဦးဘဟိန်း၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ရာထူးတာဝန်မှာလည်း ၂၁ လဖြင့် အဆုံးသတ် သွားခဲ့သည်။ ဦးဘဟိန်းကို ဝန်ကြီးရာထူးမှ နှုတ်ထွက်ပေးရန် ဆန္ဒပြခဲ့သော အင်းသားကြီးတို့၏ တောင်းဆိုချက် ပြည့်ဝသွားသည်ဟု ဆိုရမည်ဖြစ်သည်။
ဦးဘဟိန်း ရာထူးမှ နှုတ်ထွက် သွားခဲ့ပြီးနောက် အဆိုပါ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် စိုက်ပျိုးရေး ဌာန ညွန်ကြားရေးမှူး ဟောင်း ဦးတင်အောင်ဝင်းကို ခန့်အပ်ရန် ဝန်ကြီးချုပ် အသစ် ဖြစ်လာသည့် ဦးလှမိုးအောင်က ဧရာဝတီတိုင်း လွှတ်တော် တွင် အမည်စာရင်း တင်သွင်းခဲ့သည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင်၏ အဆိုပြုချက်ကို ဧရာဝတီတိုင်း လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် ဦးတင်အောင်ဝင်းမှာ ဧရာဝတီတိုင်း၏ အလုပ်အရှုပ်ဆုံးဌာန ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီး ဖြစ်လာခဲ့သည်။
ဝန်ကြီး ဦးတင်အောင်ဝင်း လက်ထက်တွင် ၂၀၁၈ ခုနှစ်က လေလံအောင်ခဲ့သည့် အင်းသားကြီး များက ၎င်းတို့ လုပ်ကိုင်ခွင့် ရသည့်အင်းများကို ကြေးတိုင် ချထားပေးရန် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနများတွင် လျှောက်ထား ခဲ့ကြသည်။
ကြေးတိုင်ဟူသည်က အင်းအတွင်း ငါးမျိုးစိတ် စိုက်ထည့်ခြင်း၊ အင်းပြုပြင်ခြင်းလုပ်ငန်းများကို ၂ နှစ်၊ ၃ နှစ်စသဖြင့် တောက်လျှောက်လုပ်ကိုင်ရင်း ငါးဖမ်းရသည့်အင်းဖြစ်သည်။
အင်းသားကြီးတို့၏ ကြေးတိုင် လျှောက်ထားမှုများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ငါးလုပ်ငန်း ဌာနတို့ ဦးဆောင်သော ကြေးတိုင်စိစစ်ရေး ကော်မတီက စိစစ်ပြီးနောက် ဧရာဝတီတိုင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ကြေးတိုင်ချပေးသင့်ကြောင်း ထောက်ခံ တင်ပြခဲ့သည့် အတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့က သြဂုတ်လ အတွင်း ကျင်းပသည့် ကက်ဘိနက် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အင်းသားကြီးများကို ၃ နှစ် ကြေးတိုင် လုပ်ကိုင်ခွင့်များ ချထား ပေးခဲ့သည်။
“ကြေးတိုင်စိစစ်ရေး ကော်မတီက တရားဝင် ဥပဒေအရ အဆင့်ဆင့် စိစစ်ပြီး တင်ပြတာလည်း မှန်တယ်။ အင်းသားကြီး တွေက ဒီအင်းတွေကို ရေသယံဇာတ၊ ငါးသယံဇာတ ထိန်းသိမ်းပြီးတော့ လုပ်ကိုင်ပါ့မယ် ဆိုတဲ့ ခံဝန်ချက် တွေလည်း ရှိတဲ့အတွက် မပေးလို့ မရဘူး။ ဥပဒေနဲ့ညီနေလို့ ကျနော်တို့က ခွင့်ပြုလိုက်တာပါ”ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်အောင်ဝင်းက ရှင်းပြသည်။
အင်းသားကြီးများ အနေဖြင့် အင်းကို တဆင့်ပြန်ရောင်းခြင်း၊ တရားမဝင် ငါးဖမ်းနည်းများ ဖြစ်သည့် အဆိပ်ချခြင်း၊ ဘတ္ထရီ ရှော့ခ်တိုက် ငါးဖမ်းခြင်းများ လုပ်ဆောင်ပါက ဒေသခံများမှ တိုင်ကြားကြရန်နှင့် ကြေးတိုင်ပယ်ဖျက်ကာ ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီး ဦးတင်အောင်ဝင်းက ဆက်ပြောသည်။
လတ်တလော ကာလတွင် ဧရာဝတီတိုင်း အစိုးရမှ ချထားပေးသည့် ကြေးတိုင် လုပ်ကိုင်ခွင့် ၃ နှစ် ရရှိခဲ့သဖြင့် အင်းသားကြီးများက အင်းအတွင်း မည်သူမျှ ငါးမဖမ်းရန် လိုက်လံ ကြေညာခဲ့သည့် အတွက် ဦးစောခိုင်တို့လို အင်းဘေးနေ၊ အင်းရေသောက်နေသူ ရေလုပ်သားငယ်များ အင်းဘေး တွင်နေပြီး ငါးမဖမ်းရသည့် အလုပ်လက်မဲ့ဘ၀ ရောက်နေကြသည်။
“အင်းတွေကို အမြဲတမ်း လေလံပေးမယ်ဆိုရင် ပြင်ဆင်မယ့်လူ မရှိဘူး။ ကြေးတိုင်ပေးလိုက်မှ သာလျှင် ပြင်ဆင် စရိတ် ၃၀ ရာခိုင်နှုန်းကို လုပ်ကိုင်သူက ဘဏ်မှာ အပေါင်ငွေ ပေးသွင်းရတယ်။ သူ့အနေနဲ့ ငါးမျိုးစိုက်ထည့်တာ၊ ပြင်ဆင်တာ လုပ်ပြီးမှ အဲဒီငွေကို ပြန်ထုတ်ပေးပါတယ်။ အင်းတွေကို အဲဒီလို ပြင်မှသာလျှင် အင်းတိမ်ကောမှုတွေ မရှိဘူး။ ငါးသယံ ဇာတတွေ ပိုမိုထုတ် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြေးတိုင် ပေးအပ်ခြင်း ဖြစ်ပါ တယ်”ဟု လေးမျက်နှာ မြို့နယ်၊ ငါးလုပ်ငန်းဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့အောင်က ပြောဆိုသည်။
လေးမျက်နှာ မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ကမူ အောက်ခြေ မြို့နယ်အ ဆင့် ကြေးတိုင်စိစစ်ရေး ကော်မတီ အနေဖြင့် ကြေးတိုင် မချပေးသင့် သော အင်းများကို ကြေးတိုင် ချပေးမှုများ ရှိနေကြောင်း ဝေဖန် ပြောဆိုသည်။
“ကျနော်တို့ လေးမျက်နှာမြို့နယ်က ကင်ပွန်းချောင်း အင်းဆိုရင် ကြေးတိုင် အင်္ဂါရပ်တွေနဲ့ မညီညွတ်ဘဲ ကြေးတိုင် ချပေးလိုက်တာ ဖြစ်တယ်။ ကြေးတိုင် ချပေးရမယ့်အင်းက ငါးမျိုး ချန်နိုင်ရမယ်။ ငါးမျိုး ထည့်နိုင်ရမယ်။ ဒီအင်းတွေက နွေကျရင် ရေတွေခမ်းတယ်။ ငါးမျိုးချန်လို့ မရဘူး။ နောက်ပြီး အင်းတွေက ပြုပြင်နိုင်ရမယ်။ ဒီအင်းတွေက နွေရာသီ မြေကြီးပေါ်လာရင် ဒေသခံတွေက ကိုင်းသီးနှံ စိုက်ကြတဲ့အတွက် အင်းပြုပြင်လို့ မရဘူး။ ဒီလို ကြေးတိုင်အင်္ဂါရပ်နဲ့ မညီတာကို ကြေးတိုင်ချပေးတာ ဖြစ်တယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောဆိုသည်။
မြို့နယ်အဆင့် ကြေးတိုင်စိစစ်ရေး ကော်မတီများမှ လိမ်လည် တင်ပြချက်များကို ဧရာဝတီတိုင်း အစိုးရက လက်ခံ ယုံကြည်ကာ အင်းသားကြီးများကို ကြေးတိုင် ချပေးလိုက်သည်ဟု ဆိုပြီး ကျုံပျော်နှင့် လေးမျက်နှာ မြို့နယ်မှ ရေလုပ်သား များက မကျေနပ်သည့် အတွက် ဧရာဝတီတိုင်း စိုက်ပျိုးရေးနှင့် မွေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်သော ငါးလုပ်ငန်းဌာနများကို စက်တင်ဘာလ ၉ ရက်နေ့က ပုသိမ်မြို့ပေါ်တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြ သည်။
ဝန်ကြီး ဦးဘဟိန်း တာဝန်ယူစဉ်က အင်းသားကြီးများ၏ ဆန္ဒဖော်ထုတ်ခြင်းကို ခံခဲ့ရပြီး ဝန်ကြီးဦးတင်အောင်ဝင်း တာဝန်ယူချိန်တွင် ရေလုပ်သားငယ် အစုအဖွဲ့များ၏ ဆန္ဒဖော်ထုတ်မှုကို ခံရခြင်းဖြစ်သည်။
“ကျနော်တို့ တိုက်တွန်းချင်တာကတော့ အစိုးရအနေနဲ့ ဆင်းရဲသား ရေလုပ်သားငယ်တွေ ရှာဖွေ စားသောက်ဖို့ အတွက် ထည့်စဉ်းစား ပေးပါ။ အောက်ခြေဌာန ဆိုင်ရာတွေက စာတွေနဲ့ လိမ်လည် တင်ပြနေတာတွေကိုချည်းပဲ မယုံပါနဲ့။ မြေပြင် ကို တကယ်ဆင်းကြည့်ပါ။ ဆင်းရဲသား ရေလုပ် သားငယ်တွေ ဝမ်းစာရှာဖွေ စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးပါလို့ တောင်းဆိုပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ရေလုပ်သားများသမဂ္ဂ ဥက္ကဋ္ဌ ဦးထွန်းလင်းက ပြောဆိုသည်။
မည်သို့ပင် ဆိုစေကာမူ ဆင်းရဲသား ရေလုပ်သားငယ်များ ၏ ဝမ်းစာ၊ စားဝတ်နေရေးအတွင် အင်းများတွင် လုပ်ကိုင်ခွင့် ရရှိရေး ဆက်လက် တိုက်ပွဲဝင်ရဦးမည် ဖြစ်သည်။