စစ်ကိုင်းတိုင်းဒေသကြီးရဲ့မြို့တော် မုံရွာမြို့မှ တဆင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသို့ ကူးပြီး မုံရွာ-အလောင်းတော် ကဿဖ ကားလမ်းအတိုင်း မိုင် ၂၀ ခန့် ဆက် မောင်းမည်ဆိုပါက ဝါးစိမ်းတောင် ကြိုးပြင် ကာကွယ်တောကို ရောက်ရှိမည် ဖြစ်သည်။
ထို ကာကွယ်တော ပတ်ဝန်းကျင်တွင် ကျေးရွာပေါင်း ၂၀ ကျော် ရှိပြီး ထင်ရှားသော သာသနိက အဆောက်အဦများ ဖြစ်သည့် နဂါးရုံဘုရား၊ ဘုရားနှစ်ဆူ၊ ရှေးဟောင်းသိမ်တော်ကြီး၊ ဗောဓိတိုက်ကျေုာင်း၊ ပိဋကတ် သုံးပုံတိုက် ကျောင်း၊ သိမ်ကျောင်းတိုက်တို့မှာ ထင်ရှားသည်။
ဝါးစိမ်းတောင်ဒေသတွင် အိုးဘို၊ သပြေအေး၊ တရော်ကျင်း၊ ကျောက်ပြုတ်၊ မိုးကောင်း၊ လင်ပုန်းရှိ၊ ကျွန်းတော၊ ရှမ်းရွာ၊ ပသီးကုန်း၊ ကံသာ၊ လက်ဘကဘ၊ ကန်စု၊ ညောင်ငုတ်တို၊ စည်လှောင်၊ ချင်းတောင်၊ ဘန့်ဘွေး၊ လက်ပန် စသည့် ကျေးရွာများ ရှိပြီး ဒေသခံအများစုမှာ ပန်း၊ ပြောင်း၊ ပဲစင်းငုံ၊ နှမ်း၊ ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးကြပြီး တောင်သူလုပ်ငန်း ဖြင့် အသက်မွေးကြသည်။
ထိုသို့ ရေခံမြေခံကောင်းသော ဝါးစိမ်းတောင် ဒေသအတွက် စိုးရိမ်စရာ ကိစ္စ တခု ယမန်နှစ်က စတင် ဖြစ်ပေါ်လာသည်။
ထိုကိစ္စမှာ မြန်မာယန်စီကုမ္ပဏီ (Myanmar Yang Tse Copper Ltd)က ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တု စမ်းသပ် တူးဖော်ရေး လုပ်ပိုင်ခွင့်ရရှိရန်အတွက် ကြိုးစားလာခြင်းကြောင့် ဒေသခံများအဖို့ စိုးရိမ်မှုများ ရှိခဲ့ကြသည်။
“ကျနော်တို့နိုင်ငံမှာက စီမံကိန်း တခုကို စမ်းသပ်ကာလ ပြီးတာနဲ့ စီမံကိန်း နယ်မြေ သတ်မှတ်ပြီး တခါတည်း အကောင်အထည် ဖော်တာက များတယ်၊ အဲဒီတော့ ကျနော်တို့ ဒေသခံတွေက တူးတဲ့အဆင့်ထိ လှမ်းတွေးလိုက်ကြတာ၊ လက်ရှိ လက်ပံတောင်းမှာ ဒေသခံတွေအတွက် ဆိုးကျိုးတွေ၊ ပြဿနာတွေ၊ မပြေလည်တာတွေကိုတောင် မရှင်းနိုင်သေးဘဲနဲ့ နောက်ထပ် စီမံကိန်းတခုကို ထပ်ခွင့်ပြုတယ် ဆိုတာက ကျနော်တို့ဒေသခံတွေ အတွက် စိန်ခေါ်မှုတရပ် ဖြစ်နေတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ ဒေသခံတွေက လုံး၀ လက်မခံနိုင်တာပါ”ဟု ဝါးစိမ်းတောင် ဒေသ လေ့လာ စောင့်ကြည့်ရေး ကော်မတီဝင် ကိုလှမင်းနိုင်က ပြောသည်။
မြန်မာယန်စီ ကုမ္ပဏီသည် တရုတ်နိုင်ငံ အစိုးရ အသိအမှတ်ပြု ကုမ္ပဏီ တခု ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ စတင်ကာ တရားဝင် မှတ်ပုံတင်ထားသည့် တရုတ်နိုင်ငံသားများပိုင် ကုမ္ပဏီ တခုဖြစ် သည်။ ထိုကုမ္ပဏီသည် လက်ပံတောင်း တောင် ဒေသရှိ စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် သတ္တု တူးဖော်ရေးလုပ်ငန်းများ လက်ရှိ လုပ်ကိုင်နေ သည့် ကုမ္ပဏီ တခုဖြစ်ပြီး ဝါးစိမ်းတောင် ဘက်သို့လည်း စီးပွားရေးချဲ့ထွင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
ထိုကုမ္ပဏီသည် ကြေးနီနှင့် ဆက်စပ်သတ္တု ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး လုပ်ငန်းကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ် ဝန်းကျင်ဒေသရှိ ဧက ၁၁၃၉၇၃ ဒသမ ၁ ဧက လျာထား လုပ်ဆောင်နိုင်ရန် ပြည်ထောင်စု အစိုးရ အဆင့်သို့ ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းက ခွင့်ပြုချက် တောင်းခံခဲ့ရာ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မြေစာရင်းပုံစံကူးယူခွင့်နှင့် သဘောထားမှတ်ချက်ကို ပြန်လည် တောင်းခံခဲ့ခြင်းဖြစ်သည်။
ထိုသို့ တောင်းခံခဲ့ပြီး မကြာမီ ဇွန်လ ၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၌ ယင်းမာပင်မြို့နယ် တိုင်းဒေ သကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်မေရီက စီမံကိန်း အခြေအနေ ကို မေးခွန်း မေးမြန်းခဲ့ရာ ဒေသခံ ပြည်သူ လူထု လက်ခံမှ ဆောင်ရွက်သွားမည် ဖြစ်သလို လွှတ်တော် ကိုလည်း အသိပေးသွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့က ဖြေကြားခဲ့သည်။
သို့သော် တိုင်းအစိုးရအဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့က ပြုလုပ်သည့် ကက်ဘိနက် အစည်းအဝေးတွင် မြန်မာယန်စီ က လျှောက်ထားခဲ့သည့်မြေဧရိယာ ဧက ၁ သိန်းကျော် အနက် စိုက်ပျိုးမြေ၊ လမ်း၊ ဆည်မြောင်း တာတမံမြေ၊ မြစ်ချောင်း နှင့် ရေအောက်မြေ၊ မြို့မြေ၊ ရွာမြေ၊ သာသနာ/သုဿန်မြေ၊ စက်ရုံများ၏ ဧရိယာ ၈၄၈၄၆ ဧက ပါဝင် နေသဖြင့် အဆိုပါ ဧရိယာများကို ချန်လြှပ်ပီး ကျန်ရှိသည့် မြေဧက ၂၈၁၃၆ ကို လုပ်ကိုင်ခွင့် ပေးရန်၊ သတ္တုတူးဖော်ရေးကို ကန့်ကွက်ရန် မရှိကြောင်း သဘောထား မှတ်ချက်ကို အစိုးရထံ ပြန်လည်ပေးပို့ခဲ့ရာ အပြောနှင့် အလုပ် မညီဟုဆိုကာ ဒေသခံများက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြသည်။
“အခု ခွင့်ပြုပေးလိုက်တဲ့ ဧက၂သောင်း ကျော်မှာ ကျနော်တို့ ယင်းမာပင်နယ်က ဧကပေါင်း ၁၆၀၀ ကျော်တယ်၊ ဆား လင်းကြီး ကတော့ ၂၀၀ ကျော်ပဲ ပါတယ်၊ ကနီနယ်က ၁၁၀၀ ကျော်ပါတယ်၊ ကျနော်တို့ ယင်းမာပင်နယ်က အများဆုံးပဲ၊ အဲဒီအထဲမှာ ဘာကိုမြင်သလဲ ဆိုတော့ လက်ပံတောင်းမှာ နှစ်ခု လုပ်ခဲ့တာမှ ဧက ၇ထောင်ကျော်ပဲ ရှိတာတောင်မှ ပြဿနာတွေ ဖြစ်နေရတာဆိုတော့ ကျနော်တို့နယ်က ဧက ၁၆၀၀ ကျော်ဆိုတော့ ကျနော်တို့ဒေသ ဘာဖြစ်သွားမလဲ၊ ကျနော်တို့တင် မကပါဘူး။ ဒီကိစ္စက တနိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့ ကိစ္စတခုပါလို့ ပြောချင်တယ်”ဟု ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာ ဒေသခံ ဦးသောင်းတင်က ပြောသည်။
ထို့ကြောင့် ယင်းမာပင်မြို့နယ်ရှိ ဝါးစိမ်းတောင် ဒေသတွင် စီမံကိန်းကြောင့် စိုက်ပျိုးမြေနှင့် ရေအရင်းအမြစ်များ ပျက်စီး ယိုယွင်းလာမည်ကို ဒေသခံများက စိုးရိမ်နေကြသလို လက်ပံတောင်း စီမံကိန်း ထက်ပင် ကြီးမားသည့် ဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် ဟု ဆိုကာ ဒေသခံများက ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က ဆန္ဒထုတ် ဖော်မှုများ ပြုလုပ်ခဲ့သည်။
ဆန္ဒထုတ်ဖော်ရာတွင် ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်များရှိ ကျေးရွာ ၂၀ ကျော်မှ ဒေသခံအင်အား ၁ ထောင်ကျော်က မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးရုံးရှေ့မှ နာရီစင်အထိ လမ်းလျှောက်ချီတက် ဆန္ဒ ထုတ်ဖော်ခဲ့ကြ သည်။
“သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေက လက်ပံတောင်းမှာ မျက်မြင်ဆိုတော့ ကျနော်တို့ ဒေသခံတွေ အဲဒီလို ဆိုးကျိုးတွေ ဘယ်လောက်အထိ ရိုက်ခတ် လာနိုင်သလဲဆိုတဲ့ စိုးရိမ်မှုတွေ အများကြီးရှိတယ်၊ ဒါကြောင့်လည်း အခုလို ဆန္ဒ ထုတ်ဖော်ရတာပါ၊ ကျနော်တို့က တရုတ်ကုမ္ပဏီမို့ ကန့်ကွက်တာမျိုး မဟုတ်ပါဘူး၊ ဘယ်သူပဲ လာလုပ်လုပ် အခုလို ကန့်ကွက်သွားမှာပါပဲ”ဟု ကိုလှမင်းနိုင်က ဆက်လက်ပြောသည်။
ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည့် နေ့တွင်းချင်းမှာပင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က မြန်မာယန်စီ ကုမ္ပဏီ ကို လုပ်ကိုင်ခွင့်ပေးရန် ကန့်ကွက်ချက် မရှိသည့် သဘောထားမှတ်ချက်ကို ပြန်လည် ပယ်ဖျက်လိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က “ပြည်သူလူထုရဲ့ ဆန္ဒကို ရှေးရှုပြီးတော့ ကြေးနီရှာဖို့ ကန့်ကွက် ရန်မရှိဆိုတာကို ပြန်ပယ် ဖျက်လိုက်တာ၊ ဒီဆုံးဖြတ်ချက်ကို ပြည်ထောင်စုကို ပြန်ပို့မှာပါ” ဟု စက်တင်ဘာ ၃၀ ရက်နေ့က ဧရာဝတီသို့ ပြောကြားထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထို သဘောထားမှတ်ချက်ပေးပို့မှုကို ပယ်ဖျက်ခဲ့ခြင်းမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှု သမိုင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒကို အလျင်အမြန် အသိအမှတ်ပြု လိုက်လျောပေးသည့် သမိုင်းဝင် တုန့်ပြန်မှုအဖြစ် မှတ်တမ်းတင်ရမည်ဟု အရပ်ဘက် လူမှု အဖွဲ့အစည်းများ က သုံးသပ်ပြောပြသည်။
သို့သော် အပြီးတိုင် ဖျက်သိမ်းမှုမျိုး မဟုတ်သေးသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်။
ယင်းမာပင်မြို့နယ်၊ အိုးဘိုကျေးရွာမှ ဒေါ်ဗျားတုတ်ကလည်း “ကျမတို့ရွာက ဝါးစိမ်းတောင်ကြီးကို ယန်စီကုမ္ပဏီက ဖြိုဖို့လုပ် နေတာကို လုံးဝလက်မခံနိုင်ပါဘူး၊ ကျမတို့ရဲ့ သားတွေ၊ သမီးတွေ အနာဂတ်လည်းဖြစ်၊ ဘိုးဘွား အမွေအနှစ် တွေလည်း ဖြစ်တာကြောင့် ဝါးစိမ်းတောင်ကြီးကို မပေးနိုင်တာပါ၊ တရုတ်တွေရဲ့ ယုတ်မာမှုကို လက်ပံတောင်း တောင် မှာတုန်းက တခါတွေ့ပြီးပြီ၊ တကယ်လို့ သူတို့က ဒါကို ဇွတ်လုပ်လာကြမယ်ဆိုရင် သေသေ ရှင်ရှင် အကြိတ်အနယ် တိုက်သွားမှာပဲ”ဟု ပြောသည်။
ပြည်သူ့ဆန္ဒကို လျစ်လျှူ ရှု့ကာ ထိုစီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် ကြိုးစားမည်ဆိုပါက ပြသနာ ကြီးထွားလာ နိုင် ကြောင်း၊ ဒေသခံများ အနေဖြင့် သဘောထားပြောင်းလဲမည် မဟုတ်ဘဲ အပြင်းအထန် ဆက်လက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောကြသည်။
သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက “ကျနော်တို့ ဘက်ကတော့ ဒီကိစ္စကို ဘာမှ ပြောဖို့တော့ မရှိပါဘူး အဆုံးအဖြတ်ကို ပေးရမှာက အစိုးရပါ။ ဒါကြောင့် ကက်ဘိနက် တင်ပြီးမှ အဆုံးအဖြတ်ကို သိရမှာပါ” ဟု ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။
ဆက်လက်ပြီး ၎င်းက “သတ္ထုတူးဖော် ထုတ်လုပ်ခြင်း ဆိုတာကလည်း လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် ခွင့်ပြုမိန့် အဆင့်ဆင့်ကို တောင်းခံရတာ ဖြစ်တယ်၊ ပထမအဆင့် အနေနဲ့ ဓာတ်သတ္တု ရှာဖွေခြင်း လုပ်ရတယ်၊ ဓာတ်သတ္တု ရှာဖွေခြင်းဆိုတာ သတ္တုနဲ့သတ္တုသိုက် များကို လိုက်လံရှာဖွေခြင်း လုပ်ငန်းဖြစ်တယ်၊ အဲဒါပြီးတော့ ဓာတ်သတ္တု စမ်းသပ်တိုင်းတာခြင်း အဆင့်ကို ဆောင်ရွက်ရတယ်။
အဲဒီအဆင့်မှာပဲ ဓာတ်သတ္တု တခု သိုက်တခုရဲ့ အရွယ်အစား၊ ပုံသဏ္ဌာန်၊ တည်နေရာ၊ အရည်အသွေးနဲ့ ပမာဏကို သိအောင် လုပ်ရတယ်၊ အဲဒါပြီးမှ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းအဆင့် ဆက်သွားရတာ ဖြစ်တယ်၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာတယ် ဆိုတာက ဓာတ်သတ္တုကို စီးပွားဖြစ် ထုတ်လုပ်ဖို့ အဆင်ပြေ၊ မပြေဆိုတာကို လေ့လာပြီးမှ တူးဖော်ခြင်း အဆင့်ကို ရောက်ပါတယ်”ဟု ရှင်းပြသည်။
အဆိုပါ စီမံကိန်းကို Myanman Yang Tse Copper Ltd မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကာ ကုမ္ပဏီမှ စမ်းသပ်တိုင်းတာရေး လုပ်ငန်းဆောင်ရွက်စဉ် ကာလတွင် ဘူမိဗေဒမြေပုံ ရေးဆွဲခြင်း၊ ဘူမိဗေဒဆိုင်ရာ စမ်းသပ်ခြင်းများ(မြေသားနမူနာ၊ ကျောက်နမူနာ၊ အလေးစီး နမူနာများ ရယ ူဓာတ်ခွဲစမ်းသပ်ခြင်း)၊ လွန်တူး ဖော်ခြင်း လုပ်ငန်းများကိုသာ လုပ်ဆောင်ရမည် မူလက သတ်မှတ်ခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအခြေအနေအရ ရှေ့ဆက် လုပ်ငန်းစဉ်ကို မသိရသေးပါ။
Myanman Yang Tse Copper Ltd မှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းလွင်မြင့်က “ကျနော်တို့ကတော့ သဘောထား မှတ်ချက် ပယ်ဖျက်တဲ့ကိစ္စကို အွန်လိုင်းပေါ်မှာပဲ တွေ့လိုက်ရတာပါ၊ အဲဒီအပေါ်မှာတော့ လောလောဆယ် ဘာမှတ်ချက် မှ ပေးစရာ အကြောင်း မရှိပါဘူး၊ ဘာဆက်လုပ်သွားမယ် ဆိုတာကလည်း ဆွေးနွေးဆဲမို့ ဘာအစီအစဉ်မှ မရှိသေး ပါဘူး”ဟု ပြော သည်။
ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးကလည်း “အရင်ကလည်း ဝမ်ပေါင်ရှိတယ်၊ အခု လုပ်မယ့် ယန်စီရှိတယ်၊ သူတို့နဲ့ ဒေသခံတောင်သူတွေနဲ့ အခုထိ ပြဿနာတွေက မပြီးသေးဘူး၊ အတိုင်ပင်ခံ ကိုယ်တိုင် ရေးဆွဲ ခဲ့တဲ့ အစီရင်ခံစာတောင်မှ အခုထိ မပြတ်သေးဘူး၊ ဒါကို အခုလိုမျိုး ထပ်ပြီးတော့ လုပ်မယ်ဆိုရင် အကျိုးဆက်က မကောင်းတဲ့ ရလဒ် ဖြစ်မယ်ဆိုတာ ကျနော် သိနေတယ်”ဟု သုံးသပ်သည်။
“ဒါနဲ့ ပတ်သက်ပြီးတော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ပြည်သူတွေနဲ့အတူ ကျနော် တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးဖို့နဲ့ ဝါးစိမ်းတောင် ဒေသကို စနစ်တကျ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက် ပူးပေါင်း လုပ်နေကြပါတယ်၊ ဒါကြောင့် ဒီကိစ္စနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန တွေ အားလုံးနဲ့ သမ္မတ၊ အတိုင်ပင်ခံအထိ တင်ပြသွားပါမယ်”ဟု ၎င်းက ဆက်ပြောသည်။
ဒေသခံများသည် ဝါးစိမ်းတောင်မှ စီးဆင်းလာသည့် ရေကို အသုံးပြုနေရကြောင်း၊ ထိုရေဖြင့်သာ စိုက်ပျိုးလုပ်ကိုင် နေခြင်း ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း၊ သားသမီးများ၏ ရှေ့ရေးနှင့် ပညာရေးကို ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်း၏ ဖြစ်ရပ်များက ၎င်းတို့အတွက် စိုးရိမ်မှုများကို ကြီးထွားစေကြောင်း၊ မည်သည့် ကုမ္ပဏီကို မဆို စီမံကိန်းလုပ်ကိုင်မည့် အပေါ် လက်သင့်ခံမည် မဟုတ်ကြောင်း ၊ ပြည်ထောင်စု အစိုးရ၏ စီမံကိန်း ဖျက်သိမ်းကြောင်း တရားဝင် ကြေညာချက်ကိုသာ လိုလားကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။
တရော်ကျင်းကျေးရွာမှ တောင်သူဦးမြင့်ဆွေကလည်း “မြန်မာယန်စီက မိုင်းတောင်၊ ဝမ်ပေါင်က လက်ပံတောင်းတောင်မှာ ကြေးနီ ထုတ်နေကြတယ်၊ အဲဒီဘက်က ဆိုးကျိုးတွေကို မြင်တွေ့နေရတယ်၊ နောက်ပြီး ကျနော်တို့က အနီးစပ်ဆုံးတော့ အဲဒီဘက်က ဒေသခံတွေ မပြေလည်တဲ့ ပြဿနာတွေ၊ မြေယာလျော်ကြေး မပြေလည်တဲ့ ပြဿနာတွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်တဲ့ ပြဿနာတွေကို အများကြီး မြင်တွေ့နေရတာ ဆိုတော့ အခု စီမံကိန်းကို လက်ခံလိုက်မယ်ဆိုရင် လက်ပံတောင်းလို အလားတူ ပြဿနာတွေ ဆိုးကျိုးတွေ ခံစားရမယ်ဆိုတာကို သိနေတယ်”ဟု ပြောသည်။
လက်ပံတောင်းဒေသတွင် တရုတ်ကုမ္ပဏီများ ဖြစ်သည့် ဝမ်ပေါင်နှင့် မြန်မာယန်စီ ကုမ္ပဏီများက ကြေးနီသတ္တု တူးဖော် နေခြင်းများကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုနှင့် ညစ်ညမ်းမှု၊ လူမှုဘ၀ ဆုံးရှုံးမှုများကို အများကြီး ခံနေရဆဲ ဖြစ်ပြီး ဝါးစိမ်းတောင် ဒေသအား ထပ်မံ ခွင့်ပြုပေးခဲ့ပါက မြေဆီများ ပျက်စီးဆုံးရှုံးခြင်း၊ ရေသန့်ရှင်းမှု မရှိခြင်း၊ စိုက်ပျိုးရေး သီးနှံများ စိုက်ပျိုး မရနိုင်ခြင်း၊ ဒေသခံများ၏ ဘဝလုံခြုံမှု မရှိခြင်းနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဒေသခံများက ယုံကြည်နေကြသည်။
“ကျနော်တို့ အခုလို ကန့်ကွက်နေတာက မျိုးဆက်သစ်တွေ အတွက်ပါ ထည့်သွင်း စဉ်းစားတာလည်းပါတယ်၊ ဘာလဲဆို တော့ ဒီလိုအချိန်မှာ တူးဖော်မှု လုပ်မယ်ဆိုရင် ကျနော်တို့ နိုင်ငံမှာက ပညာရှင်မရှိဘူး၊ နိုင်ငံခြားက ပညာရှင်တွေကို အားကိုးပြီး လုပ်ရတာ ဆိုတော့ သယံဇာတရဲ့အခြေအနေတွေကို သူတို့ပဲ သိတာ ဖြစ်တဲ့အတွက် မရိုးသားမှုတွေ၊ နိုင်ငံရေး အမြတ်ထုတ်မှုတွေ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုး မရှိတာတွေလည်း ဖြစ်လာနိုင်တယ်၊ ဒီတော့ ကျနော်တို့ နိုင်ငံကနေ အနာဂတ်ကာလမှာ မျိုးဆက်သစ်တွေထဲကနေ ပညာရှင်တွေ ပေါ်ထွန်းလာအောင် လုပ်ဆောင်ပြီးမှ တိုင်းပြည်အတွက် အကျိုးရှိရှိ လုပ်ဆောင်တာမျိုးပဲ လိုချင်တယ်”ဟု ဝါးစိမ်းတောင် ဒေသ လေ့လာ စောင့်ကြည့်ရေး ကော်မတီဝင် ကိုလှမင်းနိုင်က ပြောသည်။
ဆက်လက်ပြီး ၎င်းက “လာမယ့်အချိန်မှာ ဘယ်လို Plan တွေ ချသွားမလဲ ဆိုတာကို စိုးရိမ် နေရတာပေါ့နော်၊ နောက်တခု က ၂၀၂၀ ရွေးကောက်ပွဲ အတွက် လက်ရှိ အစိုးရ အနေနဲ့ လူထုနဲ့ အနီးစပ်ဆုံး ရှိတယ်ဆိုတဲ့ ပြယုဂ် တခု အနေနဲ့များ ရပ်တည်လိုက်သလားလို့များ ထင်မိတယ်၊ နောက်လာမယ့် အစိုးရကျမှ ပြန်ပြီး အသက်ဝင်လာမှာကိုလည်း စိုးရိမ်နေကြ ရတယ်၊ အခုက ပြည်ထောင်စုအဆင့်ကို တင်တဲ့ဟာကိုပဲ ပယ်ဖျက်ပါတယ်လောက်ပဲ ကြေညာချက် ထုတ်ပြန်တာ ဖြစ်နေတဲ့အတွက် စိုးရိမ်စိတ်က ပိုဆိုးတာပေါ့”ဟု ပြောသည်။
မြန်မာယန်စီကုမ္ပဏီအနေဖြင့် လက်ရှိ လုပ်ကိုင်နေသည့် ကြေးနီလုပ်ကွက်သည် မိုင်းပိတ်သိမ်းခြင်း အဆင့်သို့ ရောက်ရှိ တော့မည်ဖြစ်ရာ နောက်ထပ် စီမံကိန်းသစ် မရရှိပါက ဒေသခံ ကျွမ်းကျင်လုပ်သား ၂ ထောင်ကျော်အတွက် အလုပ်လက်မဲ့ ပြဿနာများ ရှိလာနိုင်ခြင်းကြောင့် ကြေးနီလုပ်ကွက်သစ် ရရှိရန် လိုအပ်လာမှု အတွက် လုပ်ကွက်သစ် ရရှိရေးအား အခြားသော နည်းလမ်းများဖြင့် ကြိုးစားလာနိုင်ဖွယ်ရှိသည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများက သုံးသပ်ပြောပြသည်။
ထို့ပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အပေါ် အခြေခံ၍ တရုတ်အစိုးရကို ချဉ်းကပ်ကာ ကြေးနီ တူးဖော် ထုတ်လုပ်ခြင်း စီမံကိန်းကို တရုတ်မြန်မာ စီးပွားရေးစြင်္ကန်(CMEC) တွင် ထည့်သွင်းပေးရန် တောင်းဆိုမှုများ ပြုလုပ်လာနိုင်သည်ဟုလည်း သုံးသပ်ပြောဆိုကြသည်။
အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ဆုံးဖြတ်ချက် မပြုမီ လူထု၏ သဘောထားကို အခြေခံပြီး စီမံကိန်းအား နှစ်ရှည် ဆိုင်းငံထားရန် သော်လည်းကောင်း၊ အပြီးပယ်ဖျက်ပေးရန် သော်လည်းကောင်း လုပ်ဆောင်ပေးရန် မျှော်လင့်ထားသလို ဝါးစိမ်းတောင်ဒေသ လူမှုဝန်းကျင်နှင့် သဘာ၀ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းများ ကို စနစ်တကျ ပြင်ဆင် လုပ်ဆောင် သွားနိုင်ရန်အတွက် အဆိုပါဒေသများမှ လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်၍ နိုင်ငံတော်အဆင့်အထိ တင်ပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ဝါးစိမ်းတောင်ဒေသ ဓာတ်သတ္တု စမ်းသပ် တူးဖော်ရေး စီမံကိန်းနှင့် ပတ်သက်၍ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၈ ဖွဲ့က ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ကြေညာချက်ကိုလည်း မကြာမီက ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် စီမံကိန်း ဆောင်ရွက်လာမည် ဆိုပါက စီမံကိန်း ဧရိယာ အတွင်း၌ ကျေးရွာပေါင်း ၁၂၀၊ စာသင် ကျောင်း ၁၆ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁၃၉ ကျောင်း၊ စိုက်ပျိုးမြေ၊ စားကျက်မြေ၊ သာသနာ့နယ်မြေ၊ ကြိုးဝိုင်းကြိုးပြင် သစ်တောမြေများ အပါအဝင် ကျေးရွာနေ ဒေသခံ ၈ သောင်းကျော်တို့၏ လူမှုဘဝများ၊ စီးပွားရေးများပါ ထိခိုက်ပျက်စီးနိုင်သည်ဟု ပါရှိသည်။
You may also like these stories:
ဆန္ဒပြပွဲအပြီး ကြေးနီတိုးချဲ့ စမ်းသပ်ရှာဖွေခွင့် စစ်ကိုင်းတိုင်းအစိုးရ ရပ်ဆိုင်း
ဖားကန့် သတ္တု တူးဖော်ရေး လုပ်ကွက်များ မိုးတွင်း ရပ်နားမည်
ပူတာအို သတ္တုတူးဖော်ရေး အဆိုပြုချက် ပယ်ချရန် ကချင်အစိုးရ ဆုံးဖြတ်