မန္တလေးတိုင်းရှိ မဟာဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံး သံဃာ့တက္ကသိုလ်များအနက် တခုဖြစ်သည်။ ဗုဒ္ဓဘာသာ သံဃကျင့်ဝတ်ကို လိုက်နာခြင်းကြောင့် ကျော်ကြားသော ထိုဘုန်းတော်ကြီး ကျောင်းတွင် ဗုဒ္ဓစာပေ လေ့လာ သီတင်းသုံးနေသော ဘုန်းတော်ကြီး ၁၅၀၀ ကျော်၏ ငြိမ်းချမ်းသော သံဃာဘဝကို လေ့လာရန် စိတ်ထက်သန်သော ခရီးသွား ထောင်ပေါင်းများစွာ နှစ်စဉ် လာရောက်ကြသည်။
လာရောက်လည်ပတ်သော ခရီးသည်များအတွက် ထိုဘုန်းတော်ကြီးကျောင်း၏ အဓိက ဆွဲဆောင်မှုမှာ ဖိနပ်မစီးဘဲ ဦးခေါင်းငုံ့ထားသည် သံဃာတော် ရာပေါင်းများစွာတို့သည် အလှူရှင်များလှူဒါန်းသည့် ဆွမ်းကို တိတ်ဆိတ်စွာ ဆွမ်းခံနေသည့် မြင့်ကွင်းဖြစ်သည်။ ထိုဘာသာရေး ဓလေ့ထုံးစံကို မြင်ရသူတိုင်း တည်ငြိမ်မှုကို ဖြစ်စေပြီး နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားစရာ အတွေ့အကြုံကို ဖြစ်စေသည်။ မဟာဂန္ဓာရုံသည် တင်းကျပ်သော ဘာသာရေး စည်းမျဉ်းများကြောင့် ကျော်ကြားသော ဘုန်းတော်ကြီးကျောင်းလည်း ဖြစ်သည်။
သို့သော် ထိုဘုန်းတော်ကြီးကျောင်း၏ တည်ငြိမ်အေးချမ်းမှုမှာ ယခုနှစ် ဇန်နဝါရီလ အစောပိုင်း နံနက်ခင်းတခုတွင် ဓာတ်ပုံရိုက်ရန် နေရာကောင်းလုရင်း ကျယ်လောင်စွာ အငြင်းပွားသည့် တရုတ်ခရီးသည် များကြောင့် တစစီ ပျက်စီးသွားခဲ့သည်။ ထိုအငြင်းပွားမှုကြောင့် ဘုန်းတော်ကြီး ကျောင်းအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်စေပြီး ဧည့်လမ်းညွှန်များက ခရီးသွားများကို ကျောင်းဝင်းအပြင်သို့ ခေါ်ဆောင် သွားခဲ့ရသည်။
ထိုတရုတ်ခရီးသည်များ၏ အပြုအမူကြောင့် ထိုဘုန်းတော်ကြီးကျောင်း နံရံတွင် ဧည့်သည်များအနေဖြင့် ဆွမ်းစားဆောင် ကဲ့သို့ တားမြစ်ထားသော နေရာများသို့မဝင်ရန်၊ အရက်မသောက်ရန်နှင့် ကျောင်းဝင်းအတွင်း အငြင်းမပွားရန် စသည့် ညွှန်ကြားချက်များကို တရုတ်ဘာသာဖြင့် ရေးသားထားခဲ့ရသည်။
“ခရီးသွားအများစုက ငြိမ်းချမ်းတဲ့ ဘုန်းတော်ကြီးကျောင်း ဘဝကို လေ့လာရာမှာ ဘယ်လိုပြုမူသင့်တယ်ဆိုတဲ့ စည်းကမ်း တွေကို လိုက်နာကြတယ်။ ဒါပေမယ့် တရုတ်တွေက မလိုက်နာဘူး” ဟု မန္တလေး ဧည့်လမ်းညွှန်များ အသင်း အမှုဆောင် ကော်မတီဝင် ဦးငြိမ်းကျော်ကျော်ဝင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
သူနှင့် ဆက်ဆံရသော တရုတ်ခရီးသွား အများစုသည် စည်းကမ်းများကို လိုက်နာခဲကြောင်း တရုတ်ခရီးသည်များကို ဝန်ဆောင်မှု ပေးနေသည့် ထိုဧည့်လမ်းညွှန်ကပြောသည်။
“ဘာသာရေးဆိုင်ရာ နေရာတွေကို သွားရောက်လည်ပတ်တဲ့အခါ ဘောင်းဘီတိုတွေ မဝတ်ဖို့ အမျိုးသမီးတွေကို ကျနော်တို့က ပြောပေမယ့် သူတို့က လျစ်လျှူရှုထား ကြတယ်” ဟု သူက ပြောသည်။
မြန်မာ လူ့အဖွဲ့အစည်းသည် အထူးသဖြင့် အမျိုးသမီးများ၏ စကတ်အရှည် အတိုင်းအတာကဲ့သို့သော ဝတ်စားဆင်ယင်မှု စည်းကမ်းများကို အများအားဖြင့် လိုက်နာနေကြဆဲ ဖြစ်သည်။ သာသနိက အဆောက်အအုံများတွင် ဒူးများ၊ ပုခုံးများကို ဖုံးကာ ထားသင့်ပြီး ဖိနပ်ချွတ်ရသည်မှာလည်း ထုံးတမ်းစဉ်လာ ဖြစ်သည်။
“စိတ်ပျက်စရာ ကောင်းတယ်” ဟု သူကြုံတွေ့ရသည့် တရုတ်ခရီးသွားများ၏ ရိုင်းစိုင်းမှုကို ရည်ညွှန်းပြီး ဦးငြိမ်းကျော်ကျော်ဝင်းက ပြောသည်။
အရှေ့ဖက်သို့မျက်နှာမူခြင်း
တရုတ်နိုင်ငံမှ ပိုမိုကြွယ်၀ ချမ်းသာလာသော လူလတ်တန်းစားများသည် ခရီးသွားသည့် ပိုးဝင်လာချိန်တွင် မသင့်လျှော်သော အပြုအမူများဖြစ်သည့် လေယာဉ်မယ် တဦးကို ရေနွေးပူနှင့် လောင်းခြင်းမှသည် လေဆိပ် ခန်းမဆောင်အတွင်း အတွင်းခံများ လှန်းခြင်းအထိ ပြုလုပ်လာကြသည်ဟု မကြာသေးမီနှစ်များအတွင်းက နိုင်ငံတကာ သတင်းခေါင်းစဉ်များတွင် ပါဝင်လာသည်။
မြောက်ပိုင်းရှိ နှင်းဖုံးနေသော တောင်တန်းကြီးများ၊ အလယ်ပိုင်း မြေပြန့်ဒေသမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံ၊ တောင်ပိုင်းမှ သဲသောင်ဖြူများ တို့နှင့် မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် တံခါးဖွင့်ချိန်မှ စတင်ပြီး နိုင်ငံတကာ ခရီးသည်များ၏ မြေပုံတွင် ပါဝင်လာသည်။
သို့သော် မြန်မာနိုင်ငံသည် လွန်ခဲ့သော မယဉ်ကျေးသည့် တရုတ် ခရီးသည်များနှင့် လွန်ခဲ့သော နှစ်ကအထိ နဖူးတွေ့ဒူးတွေ့ မတွေ့ခဲ့သေးပေ။ အစိုးရသည် တုံ့ဆိုင်းနေသော စီးပွားရေးကို ပြန်လည် အသက်သွင်းရန် အားထုတ်မှုအဖြစ် လွန်ခဲ့သောနှစ်က စတင်ပြီး အရှေ့ဖက်သို့ မျက်နှာမူသော မူဝါဒကို ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍများစွာတွင် ချမှတ်ခဲ့သည်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ အကျပ်အတည်းကြောင့် နိုင်ငံတကာတွင် နိုင်ငံပုံရိပ် ထိခိုက်ပြီးနောက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍသည် အထိနာလျှက်ရှိသည်။ မြန်မာစစ်တပ်သည် ရိုဟင်ဂျာများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု နိုင်ငံတကာအသိုင်းအဝန်းက စွပ်စွဲပြီး အစိုးရကလည်း ထိုကိစ္စကို ထုတ်ဖော်ပြောဆိုခြင်း မရှိဟု ဝေဖန်သည်။ ထို့ကြောင့် အနောက်နိုင်ငံ ခရီးသွား အများအပြားသည် မြန်မာနိုင်ငံကို ထိုအချိန်မှစတင် သပိတ်မှောက်ကြသည်။ ရိုဟင်ဂျာ အကျပ်အတည်း စတင်ချိန်မှ ယခုနှစ်သြဂုတ်လအထိ အနောက် နိုင်ငံများမှ ခရီးသည် အရေအတွက်မှာ ၄၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။
အာရှမှ ခရီးသည်အရေအတွက် တိုးတက်စေရန် အားထုတ်မှုအနေဖြင့် မြန်မာနိုင်ငံသည် လွန်ခဲ့သော အောက်တိုဘာလမှ ၂၀၂၀ စက်တင်ဘာလအထိ ဟောင်ကောင်နှင့် မက္ကာအိုမှ ခရီးသည်များကို ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ပေးပြီး တရုတ် ပြည်မကြီမှ ခရီးသည်များကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့သည်။ ထိုအချိန်က စတင်ပြီး တရုတ်ပြည်မကြီးမှ မြန်မာနိုင်ငံသို့ ခရီးသည် အရေအတွက် သိသိသာသာ တိုးတက်လာခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း တရုတ်ပြည်မကြီးမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူ အရေအတွက်မှာ ၄၅၇၀၆၉ ဦးရှိပြီး ယခင်နှစ် အလားတူကာလကထက် နှစ်ဆကျော် ရှိကြောင်း၊ မြန်မာနိုင်ငံသို့ အများဆုံး လာရောက် လည်ပတ်သူများမှာ တရုတ်နိုင်ငံမှဖြစ်ပြီး ဒုတိယအများဆုံး လာရောက် လည်ပတ်သော နိုင်ငံမှာ ခရီးသည် ၁၇၆၁၅၀ လာရောက်လည်ပတ်သော ထိုင်းနိုင်ငံဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန (MOHT) ၏ အဆိုအရသိရသည်။
လေးစားမှုကင်းမဲ့
မြန်မာနိုင်ငံ၏ ခရီးသွားဒေသများသို့ လွန်ခဲ့သောနှစ်က တရုတ်ခရီးသွားများ စုပြုံ ဝင်ရောက်လာသော အခါ မြန်မာပြည်သူ အများအပြားတို့က ၎င်းတို့သည် အနောက်တိုင်း ခရီးသည်များ ရှောင်ကျဉ်နေသောကြောင့် သေလုမျောပါး ဖြစ်နေသော မြန်မာ ခရီးသွားလုပ်ငန်းကို ကယ်တင်သူများအဖြစ် ကြိုဆိုခဲ့ကြသည်။
သို့သော် ထိုမျှော်လင့်ချက်သည် ရေရှည်မခံခဲ့ပေ။
တရုတ်ပြည်မကြီးမှ ခရီးသည် အရေအတွက် ရုတ်တရက် တိုးတက်လာသောအခါ ၎င်းတို့သည် ခရီးသွားလုပ်ငန်း နေရာများတွင် ညံ့ဖျင်းစွာပြုမူတတ်ကြောင်း ကျော်ကြားလာသည်။ တရုတ်ခရီးသည်များ အကြား ရေပန်းအစားဆုံး ဖြစ်သော မန္တလေးနှင့် ပုဂံတို့သည် အခံစားရဆုံး နေရာများ ဖြစ်လာသည်။
အထူးသဖြင့် ဘာသာရေးနှင့် သက်ဆိုင်သော နေရာများတွင် တရုတ်ခရီးသွားများ စည်းကမ်းချိုးဖောက်သည့် အကြိမ် အရေအတွက် မြင့်မားခြင်းကြောင့် စိတ်ပျက်ရသည်ဟု ဒေသခံ အများအပြားက ပြောသည်။ အများဆုံး ချိုးဖောက်မှု များတွင် တားမြစ်ထားသော နေရာများတွင် ဓာတ်ပုံရိုက်ခြင်း၊ ဧည်သည်များ မသွားရောက်ရန် ကန့်သတ်ထားသော နေရာများသို့ ကျူးကျော်ခြင်းနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် ဖိနပ်မချွတ်ခြင်းတို့ ဖြစ်ကြောင်းသိရသည်။
အမှိုက်ချခြင်း၊ မသင့်တော်သော အဝတ်အစားများကို ဝတ်ဆင်ခြင်း၊ စားသောက်ဆိုင်များမှ ဘေဆင်များတွင် ခြေထောက် ဆေးခြင်း၊ စကား ကျယ်လောင်စွာ ပြောဆိုခြင်းနှင့် တံတွေးထွေးခြင်း စသည့် အပြုအမူများကိုလည်း ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများက ထောက်ပြကြသည်။
တရုတ် ခရီးသွားများသည် အမွေအနှစ်နေရာများတွင် အမှိုက်များချပြီး ရေသန့်ဘူးများကို စွန့်ပစ်ကြကြောင်း UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သည့် ပုဂံရှေးဟောင်းမြို့တော်မှ ပြည်သူများက ပြောသည်။ ဘူဖေးကောင်တာများမှ အစားအသောက် များကို အလွန်များပြားစွာ ယူဆောင်ပြီးနောက် မစားဘဲ၊ စားပွဲတွင် ချန်ထားခဲ့ခြင်းနှင့် အမှတ်တရ ပစ္စည်းဆိုင်မှ ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ကြောင့် တရုတ်ခရီးသည်များနှင့် မကြာခဏ စကားများရကြောင်း ဒေသခံ စားသောက်ဆိုင် ဝန်ထမ်းများကလည်း ပြောသည်။
“နေ့စဉ် ဒီလိုပြဿနာတွေကို ဖြေရှင်းနေရတာ စိတ်ပျက်ဖို့ကောင်းတယ်။ သူတို့တွေက အောက်တန်းကျတယ်” ဟု ပုဂံမှ ယမင်းရွှေစင် ရှေးဟောင်း ပစ္စည်းဆိုင်ပိုင်ရှင် ဒေါ်ကြည်သာခင်က ပြောသည်။
“သူတို့က ဘုရားတွေနားမှာ ရေသန့်ဘူးခွံတွေ ပစ်သွားတယ်။ မပစ်နဲ့လို့ပြောတော့ သူတို့က ကျမကို ရယ်မောပြီး ကျမနဲ့ မဆိုင်ဘူးလို့ ပြောတယ်” ဟု သူက ဆိုသည်။
တရုတ်ခရီးသွားများနှင့် ပတ်သက်ပြီး ဒေသခံများ မနှစ်မြို့သည့် အခြားအချက်မှာ မြေပြင်တွင် ခင်းကျင်းပြသည့် ပစ္စည်းများကို ခြေထောက်ဖြင့် ညွှန်ပြသည့် အလေ့အထဖြစ်သည်။ ခြေထောက်သည် ခန္ဓာကိုယ်တွင် အောက်ဆုံးအပိုင်း ဖြစ်သောကြောင့် မသန့်ရှင်းဟု သတ်မှတ်သော မြန်မာ့ယဉ်ကျေးမှုတွင် ခြေထောက်ဖြင့် ထိခြင်း၊ ညွှန်ပြခြင်းကို ရိုင်းစိုင်းသည်ဟု သတ်မှတ်သည်။
“သူတို့တွေက ပစ္စည်းကို ခြေထောက်နဲ့ ညွှန်ပြပြီးတော့ ဈေးမေးတယ်” ဟု မန္တလေးမှ ရေပန်းစားသော ခရီးသွားလုပ်ငန်း နေရာဖြစ်သည့် ဦးပိန်တံတားအနီးတွင် တီရှပ်နှင့် ဒေသထွက်ကုန်များ ရောင်းသော ဒေါ်ဝင်းဝင်းက ပြောသည်။
“သူတို့က ဘာလို့ ယဉ်ယဉ်ကျေးကျေး မပြုမူတတ်ကြတာလဲ” ဟု သူက ပြောသည်။
ထိုကဲ့သို့သော ပြဿနာများကို တားဆီးရန်အတွက် တရုတ်ခရီးသည်များနှင့် ဆက်ဆံရသော ဧည့်လမ်းညွှန်တချို့သည် ဘုရားများ၊ သမိုင်းဝင်နေရာများတွင် ရိုးရာ အစဉ်အလာ စည်းမျဉ်းများကို မချိုးဖောက်ရန် အသံသွင်းထားသည့် သတိပေးချက် များကို အသံချဲ့စက်ဖြင့် ဖွင့်ထားရသည်။ သို့သော် ထိုသတိပေးချက်များကို တရုတ်ခရီးသွားများက ဂရုမစိုက်ကြကြောင်း သူတို့က ပြောပြသည်။
“တခါတခါ အသံသွင်းထားတာက သူတို့အော်သံကို မကျော်နိုင်လို့ ဘာမှ မတတ်နိုင်ဘူး” ဟု မန္တလေးမှ ဧည့်လမ်းညွှန် ဦးငြိမ်းကျော်ကျော်ဝင်းက ပြောသည်။
တရုတ် ခရီးသည်များအတွက် ဧည့်လမ်းညွှန်မလုပ်မီက ဦးငြိမ်းကျော်ကျော်ဝင်းသည် အနောက်တိုင်း ခရီးသွားများအတွက် အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်အဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။
ထိုစဉ်က ဝန်ဆောင်မှု ပေးခဲ့သည့် ခရီးသည်များသည် ယဉ်ကျေးကြောင်း၊ မြန်မာ့ယဉ်ကျေးမှုကို လိုက်နာကျင့်သုံးရန် စိတ်အား ထက်သန်ကြောင်း၊ အစဉ်အလာများကို လေးစားကြောင်း သူက ပြောသည်။
“ဘာသာရေးနဲ့ ဆိုင်တဲ့နေရာတွေမှာ ဘယ်လိုပြုမူရမယ် ဆိုတာကို သူတို့သိကြတယ်။ ကျနော်တောင်မှ သူတို့ကို သတိပေးစရာ မလိုဘူး” ဟု ဦးငြိမ်းကျော်ကျော်ဝင်းက ဆိုသည်။
ဧည့်လမ်းညွှန်များသည် ယဉ်ကျေးမှု မတူညီမှု ပြဿနာကို နေ့စဉ် ရင်ဆိုင်နေရကြောင်း မန္တလေး ဧည့်လမ်းညွှန်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“သူတို့တွေက စားသောက်ဆိုင် လက်ဆေးဘေဆင်တွေမှာ ခြေထောက်တွေ ဆေးကြတယ်။ ဒါက ကျနော်တို့ ယဉ်ကျေးမှုမှာ လုံး၀ လက်မခံနိုင်တာပဲ” ဟုလည်း သူက ဆိုသည်။
တရုတ်ခရီးသွားများ၏ အပြုအမူကို တုန့်ပြန်သောအားဖြင့် အချို့သော စားသောက်ဆိုင်များတွင် စားသုံးသူ ခြေဆေးခြင်းကို တားမြစ်သည့် စာများကို တရုတ်ဘာသာဖြင့် ရေးသားလာကြသည်။
တရုတ်ခရီးသည်များ ပြည်ပတွင် စည်းကမ်းချိုးဖောက်မှုများ မကျူးလွန်စေရန်အတွက် ပြည်ပတွင် ခရီးသွားသောအခါ လူမှုစည်းကမ်းများကို လေးစားရန်လိုကြောင်း တရုတ်ခရီးသည်များကို ပညာပေးရန် ယဉ်ကျေးသော ခရီးသွားလာခြင်း အမည်ရှိ စာမျက်နှာ ၆၄ မျက်နှာပါ သရုပ်ဖော် လမ်းညွှန်စာအုပ်ကို တရုတ်အမျိုးသား ခရီးသွားလုပ်ငန်း အုပ်ချုပ်ရေး အဖွဲ့က ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် တန်းစီစဉ် ကြားဖြတ်ခြင်းမှ အိမ်သာအသုံးပြုခြင်း အထိ အကြောင်းအရာ များစွာနှင့် ပတ်သက်သော အကြံဉာဏ်များကို ဖော်ပြထားသည်။
နိုင်ငံတကာ ဝေဖန်မှုများကို တုန့်ပြန်သောအားဖြင့် တရုတ်အာဏာပိုင်များသည် နိုင်ငံသားများ ပြည်ပတွင် သွားလာသော အခါ လိုက်နာရမည့် လမ်းညွှန်ချက်များ ကိုလည်း ထုတ်ဝေထားသည်။ ထိုလမ်းညွှန်များတွင် “ခရီးသွားများသည် ခရီးသွား လှုပ်ရှားမှုများ ပြုလုပ်ရာတွင် အများပြည်သူဆိုင်ရာ အမိန့်များကို လိုက်နာရမည်ဖြစ်ပြီး လူမှုကျင့်ဝတ်ကို လေးစားရမည်။ ဒေသ ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှု အစဉ်အလာများနှင့် ဘာသာရေး ယုံကြည်မှုများကို လေးစားရမည်၊ ခရီးသွားလုပ်ငန်း ရင်းမြစ်များကို ဂရုစိုက်ရမည်၊ ဂေဟ သဘာ၀ ပတ်ဝန်းကျင်းကို ကာကွယ်ရမည်၊ ယဉ်ကျေးသော ခရီးသွား အပြုအမူ စံနှုန်းများကို လိုက်နာရမည်” ဟု ဖော်ပြထားသည်။
နိုင်ငံသားများအနေဖြင့် ပြည်ပတွင် ကောင်းစွာပြုမူရန် သမ္မတရှီကျင့်ဖျင်ကပင် ဝင်ရောက် တိုက်တွန်းရသည်။
သို့သော် မြန်မာခရီးသွား လုပ်ငန်းတွင် လုပ်ကိုင်နေသူများ၏ အမြင်အရ ထိုအားထုတ်မှုများသည် အောင်မြင်မှုမရှိဟု ဆိုရမည် ဖြစ်သည်။
စက်တင်ဘာလ ဒုတိယပတ်အတွင်းက မန္တလေးတိုင်း အမရပူရ မြို့စွန်ရှိ ကျောက်စိမ်းဘုရားမှ ကျောက်စိမ်းတချို့ကို တရုတ်ပြည်မကြီးမှ ခရီးသည်များက ခိုးယူသောအခါ ဒေသခံပြည်သူများ၏ စိတ်အနှောင့်အယှက် ဖြစ်ခြင်းမှာ ဆူပွက် လာတော့သည်။ ကျောက်စိမ်းတန်ချိန် ၁ သောင်း အသုံးပြုပြီး ဉာဏ်တော် ၇၅ ပေ ၆ လက်မရှိကာ ကမ္ဘာ့ ပထမဆုံး ဖြစ်သော ကျောက်စိမ်းစေတီသည် မြန်မာနိုင်ငံသို့ လာရောက်သော တရုတ်ခရီးသည်များ အကြားတွင် ရေပန်းစားသော နေရာတခုဖြစ်သည်။ နေ့စဉ် တရုတ်ခရီးသွား ၃၀၀၀ မှ ၄၀၀၀ အထိ လာရောက် ဖူးမျှော်သည်ဟု MOHT ၏ အဆိုအရ သိရသည်။
ထိုသတင်းသည် မြန်မာနိုင်ငံ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားပြီး ထိုအပြုအမူများကို တားဆီးရန်အတွက် ပြင်းပြင်းထန်ထန် အရေးယူရန် ဝေဖန်ရေးသားသူများက အစိုးရကို တောင်းဆိုကြသည်။
ထိုဘုရားမှကျောက်များကို တရုတ်ခရီးသည်များက ခိုးယူသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း လည်း ထိုဘုရားမှ ဂေါပက များက ပြောသည်။ နံရံများတွင် တန်ဆာဆင်ထားသော ကျောက်စိမ်းများကို တရုတ် ခရီးသွားများက ဖြုတ်ယူရန် ကြိုးစားသည်ကို ဘုရားဂေါပက အဖွဲ့က နှစ်ကြိမ်မိခဲ့သည်။ ဘုရားဂေါပက အဖွဲ့က နောက်တကြိမ် ထိုသို့ဖြစ်လျှင် အရေးယူမည်ဟု ထိုခရီးသည်များကို ခေါ်ဆောင်လာသော ခရီးသွားလုပ်ငန်း ကုမ္ပဏီနှင့် ဧည့်လမ်းညွှန်များကို သတိပေးခဲ့ရသည်။
ကျောက်စိမ်းဘုရားတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များသည် ဒေသခံများနှင့် တရုတ်ခရီးသွားများ အကြား တင်းမာမှုများကို ဖြစ်စေကြောင်း မန္တလေးဇာတိ စာရေးဆရာ ဆူးငှက်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့က ကျနော်တို့သမိုင်း၊ ယဉ်ကျေးမှုနဲ့ ရှေးဟောင်း ဗိသုကာကို တန်ဖိုးထားတယ်။ ဒါပေမဲ့ တရုတ် ဧည့်သည်တွေက ဒါကို မလေးစားဘူး။ ဒါဟာ သူတို့နဲ့ ကျနော်တို့အကြား အဓိက ကွာဟချက်ပဲ။ ဒါမျိုးတွေ ဆက်ဖြစ်နေရင် မန္တလေးမှာ မတည်မငြိမ် ဖြစ်ကုန်မယ်” ဟု သူက ပြောသည်။
“တကယ်လို့ တရုတ်တွေနဲ့ ဒေသခံတွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ရင် ဖြေရှင်းဖို့မလွယ်ဘူး။ မြဝတီမှာလိုမျိုး ပြဿနာတွေ ကျနော်တို့ ရင်ဆိုင်ရမယ်” ဟု သူက ပြောသည်။
ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ် မြို့တမြို့ဖြစ်သော မြဝတီတွင် လွန်ခဲ့သောအပတ်က ဒေသခံများနှင့် ဒေသခံတဦးပိုင် ဖုန်းဆိုင်ရှေ့တွင် သေးပေါက်သော တရုတ်လူမျိုး ၇ ဦးအကြား ရုန်ရင်းဆန်ခတ် ဖြစ်ခဲ့ကြသည်။ ထို တရုတ်နိုင်ငံသားများ အနက် ၂ ဦး ထွက်ပြေးသောကြောင့် ၅ ဦးကိုသာ ဒေသခံများက တိုင်ကြားနိုင်ခဲ့သည်။
ဒေသခံ နယ်ခြားစောင့်တပ် (BGF) သည် တရုတ်ုလုပ်ငန်း တခုနှင့် ပူးပေါင်းပြီး မြို့တိုးချဲ့ရေး စီမံကိန်းတခုကို လုပ်ဆောင်ချိန်မှ စတင်ပြီး ထိုမြို့သည် လွန်ခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံမှ ရွှေ့ပြောင်းလာသူ အများအပြားကို ကြုံတွေ့နေရသည်။ ဒေသခံများက အစည်းအဝေးတခု ကျင်းပပြီး တရားမဝင် တရုတ်များ ဝင်ရောက်ခြင်းကို တားဆီးရန် အစိုးရကို တောင်းဆိုကာ အစိုးရက အရေးမယူပါက ဆန္ဒပြပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
သုညဒေါ်လာ ခရီးသွားလုပ်ငန်း
ရုံ့ရင်းကြမ်းတမ်းမှု သတင်းများအပြင် တရုတ်ခရီးသည်များသည် သုညဒေါ်လာ ခရီးသွားလာမှု ယဉ်ကျေးမှုကိုလည်း ယူဆောင်လာသည်ဟု ဒေသခံများကပြောသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သက်ဆိုင်ရာအစိုးရ သို့မဟုတ် ဒေသခံ လူမှု အသိုက်အဝန်းကို အကျိုးမပြုသောကြောင့် နိုင်ငံအများအပြားတွင် ထိုအလေ့အထကို ပိတ်ပင်ထားသည်။
ထိုအစီအစဉ်အောက်တွင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော်လည်း ပြည်တွင်း ခရီးသွား လုပ်ငန်းစီစဉ်သူများ၊ စီးပွားရေးများနှင့် မပတ်သက်သော တရုတ်နိုင်ငံသားများ ပိုင်သည့် ခရီးသွားကုမ္ပဏီများထံမှ ခရီးစဉ်များကို တရုတ်ခရီးသည် များက ဝယ်ယူကြသည်။ ထိုခရီးစဉ်များသည် တင်းကျပ်စွာ စီစဉ်ထားသည့် ခရီးစဉ်များဖြစ်ပြီး တရုတ် ခရီးသွား လုပ်ငန်းစီစဉ်သူများနှင့် ဆက်သွယ်ထားသော ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် လက်လီ အရောင်းဆိုင်များ နှင့်သာ ပတ်သက်နေသည်။
ထိုခရီးသွား လုပ်ငန်းများသည် ပြည်တွင်းမှ တရုတ်စကားပြော ဧည့်လမ်းညွှန်များကို ငှားရန်းခြင်းမရှိပေ။ တရုတ် နိုင်ငံသားများ ကသာ ထိုခရီးစဉ်များကို လိုက်လံပြသ ရှင်းလင်းသည်။ ထို့အပြင် ကုန်ပစ္စည်းများ ဝယ်ယူသော အခါတွင်လည်း ၎င်းတို့သည် ပြည်တွင်း ငွေပေးချေရေး ဝန်ဆောင်မှုများကို မသုံးဘဲ တရုတ်နိုင်ငံ အခြေစိုက် ငွေပေးချေရေး ဝန်ဆောင်မှုများဖြစ်သော Alipay သို့မဟုတ် WeChat Pay တို့ကို အသုံးပြုကြသဖြင့် မြန်မာနိုင်ငံအတွက် အခွန်ရလမ်းမရှိပေ။ များသောအားဖြင့် ထိုခရီးသည်များမှာ ၎င်းတို့ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်သော ဆိုင်များတွင်သာ ဝယ်ယူရန် ဖိအားပေးခံရပြီး ထိုဆိုင်များက ထိုခရီးသွား လုပ်ငန်းများကို ကော်မရှင် ခံစားခွင့်ပေးရကြောင်း ခရီးသွား လုပ်ငန်းအသိုင်းအဝန်း သတင်းရင်းမြစ်များက ပြောသည်။
မကြာသေးမီကဆိုလျှင် အစိုးရသည် တိုင်းနှင့်ပြည်နယ် အစိုးရအရာရှိများ ပါဝင်သည့် အထူး ကော်မတီတရပ်ကို ဖွဲ့စည်းပြီး သုညဒေါ်လာ ခရီးစဉ်များကို ကြီးကြပ်ရသည်။ ထိုလုပ်ငန်းတွင် ပါဝင်ပတ်သက်သော ကုမ္ပဏီများသည် ထိုကော်မတီ၏ သတိပေးခြင်းကို ခံကြရသည်။
အလုံးအရင်း ဝင်ရောက်လာသူများအတွက် ကြိုတင်ပြင်ဆင်မှုကင်းမဲ့ခြင်း
တရုတ်ခရီးသည်များ အလုံးအရင်း ဝင်ရောက်လာခြင်း၏ အကျိုးဆက်များကို အဓိကခံစားရသည့် လူမှု အသိုင်းအဝန်း များတွင် နေထိုင်သူများက အရှေ့ဖက်သို့ မျက်နှာမူသောမူဝါဒကို အပြစ်တင်ကြသည်။ ထိုမူဝါဒသည် လုပ်ထုံးလုပ်နည်း များကို ဦးစွာ မချမှတ်ဘဲ အရှေ့အာရှမှ ခရီးသွားများကို ဆွဲဆောင်ရန် ကြိုးစားခြင်းဖြစ်ကြောင်း သူတို့က ပြောသည်။
စနစ်တကျ ကြိုတင်ပြင်ဆင်မှုမရှိဘဲ တရုတ်ခရီးသွားများကို တံခါးဖွင့်ပေးလိုက်ခြင်းသည် အစိုးရ၏ ကြီးမားသော အမှားဖြစ်ကြောင်း မန္တလေး ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ဆိုသည်။
“ဒါက ကျနော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍက မျှောင်လင့်ထားတာနဲ့ လုံး၀ ဆန့်ကျင်နေတယ်။ ကျနော်တို့က ယဉ်ကျေးမှု ခရီးသွား လုပ်ငန်းကိုပဲ မျှော်လင့်ထားတာ” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ လိုအပ်နေသောအရာမှာ အဖျက်သဘော ဆောင်သည့် လူမှု၊ စီးပွားရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများကို အနည်းဆုံး ဖြစ်စေပြီး ဒေသခံပြည်သူများ၏ စီးပွားရေး အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းစေကာ ဒေသခံ လူမှုအသိုင်းအဝန်း၏ အဆင်ပြေမှုကို မြှင့်တင်ပေးမည့် တာဝန်သိသော ခရီးသွားလုပ်ငန်း ဖြစ်ကြောင်း မြန်မာတာဝန်သိသော စီးပွားရေး လုပ်ငန်းများ ဌာန (MCRB) မှ ဦးဝင်းမင်းက ပြောသည်။
မြန်မာခရီးသွားလုပ်ငန်း အရာရှိများသည် ၎င်းတို့အနေဖြင့် အရှေ့တိုင်းမှ ခရီးသည်များအတွက် သက်ဆိုင်ရာနိုင်ငံများမှ အလားတူ အရာရှိများနှင့် ကြိုတင်ညှိနှိုင်းကာ မြန်မာ့ တန်ဖိုးများ၊ ယဉ်ကျေးမှုနှင့် ထိခိုက်လွယ်သော ကိစ္စများ စသည်တို့ အပါအဝင် လုံလောက်သော ပြင်ဆင်မှုများ လုပ်ဆောင်ထားခြင်း ရှိမရှိ စဉ်းစားရန် လိုကြောင်း အထက်တန်း အစီအစဉ် အရာရှိ (ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာနှင့် လုပ်ထုံးလုပ်နည်း) ဦးဝင်းမင်းက ပြောသည်။
“ကျနော်တို့တတွေက သူတို့ဆီက အကျိုးအမြတ်များများ မရရင်တောင်မှ သူတို့အနေနဲ့ ကျနော်တို့ ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုကို လေးစားဖို့လိုတယ်။ တရုတ်ခရီးသည်တွေနဲ့ ပတ်သက်တဲ့ ကျနော့်အတွေ့အကြုံကို အခြေခံပြောရရင်တော့ အစိုးရအနေနဲ့ တရုတ်ခရီးသည်တွေ အသွားအများဆုံး နေရာတွေမှာ ဆေးလိပ်မသောက်ရတို့၊ ဖိနပ်ချွတ်ပါတို့လိုမျိုး တရုတ် ဘာသာ ဆိုင်းဘုတ်တွေ၊ သတိပေးချက်တွေ တပ်ဆင်တာမျိုး လုပ်ဖို့ လိုတယ်ထင်တယ်” ဟု သူက ပြောသည်။
မိသားစုကိုကျွေးမွေးရန်
တချို့ တရုတ်ခရီးသည်များ၏ အပြုအမူများကို မုန်းတီးကြသော်လည်း အသေးစား စီးပွားရေး လုပ်ငန်းအများအပြား အတွက် တရုတ်များက အဓိက ဝင်ငွေပင်ရင်း ဖြစ်လာသောကြောင့် ထိုလုပ်ရပ်ကို သည်းခံရုံမှတပါး အခြား ရွေးစရာမရှိ ဖြစ်နေသည်။
မန္တလေးအနီးရှိ ရှေးဟောင်းမြို့တော်နှင့် ခရီးသွားလုပ်ငန်း အဓိကနေရာတခု ဖြစ်သော အင်းဝတွင် ခရီးသည်များကို အမွေအနှစ် နေရာများသို့ လိုက်လံ ပို့ဆောင်ပေးသည့် မြင်းလှည်း ၁၅၀ ခန့် ရှိခဲ့ဖူးသည်။ သို့သော် ၂၀၁၇ ခုနှစ် ရခိုင် အကျပ်အတည်းအပြီး အနောက်တိုင်းမှ ခရီးသည်များ မလာရောက်သောအခါ ထိုမြင်းလှည်း အရေအတွက်မှာ ၄၀ အထိ ကျဆင်းသွားသည်။ သို့သော် တရုတ်ခရီးသွားများ ရောက်ရှိလာသောကြောင့် ထိုမြင်းလှည်း အရေအတွက်မှာ ၁၂၀ အထိ ပြန်လည် မြင့်တက်လာသည်ဟု အင်း၀ မြင်းလှည်းအသင်းဝင် ဦးမောင်သိန်း၏ အဆိုအရ သိရသည်။
မြင်းလှည်းမောင်းသူများနှင့် ဆက်ဆံစဉ် အထက်စီးဆန်မှု အပါအဝင် ထိုဧည့်သည်များ၏ အထက်စီးဆန်မှုကိုမူ သူက ညည်းညူသည်။
“ကျနော်တို့က သူတို့ရဲ့ အပြုအမူတွေကို မကြိုက်ပေမဲ့ သူတို့က ကျနော်တို့ကို ငွေပေးနေတာ။ ကျနော်တို့ သီးခံရမှာပေါ့” ဟု သူက ပြောသည်။
အနောက်နိုင်ငံများမှ ခရီးသွားအရေအတွက် ကျဆင်းနေသောကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် တရုတ် ခရီးသည်များသည် အဓိကကျနေကြောင်း မန္တလေးတိုင်း ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောသည်။
“ကျနော်တို့က သူတို့ကို ပစ်ပယ်လို့မရဘူး။ လူတွေမှာက ထမင်းကျွေးရမယ့် မိသားစုတွေ ရှိနေတယ်။ ဒါကြောင့် သူတို့ ဘယ်လောက်ဆိုးဆိုး သည်းခံနေရတယ်” ဟု သူက ပြောသည်။
လူမှုကွန်ရက်တွင် အထင်အရှား ဖော်ပြနေသည့် တရုတ်ခရီးသွားများ၏ အပြုအမူသည် ဒေသခံများကို စိတ်ပျက် စေကြောင်း MOHT ကလည်း ဝန်ခံသည်။ သို့သော် ခရီးသည်များအနေဖြင့် မည်သို့ပြုမူရမည်နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်း ထုတ်ပြန်ရန် ခိုင်မာသော အစီအစဉ် ထိုဝန်ကြီးဌာနတွင် မရှိသေးကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦး မြင့်ထွေး၏ အဆိုအရ သိရသည်။
ဒေသခံဝန်ကြီးဌာနများနှင့် အစိုးရများအနေဖြင့် ၎င်းတို့ရင်ဆိုင်ရသော အခြေအနေကို ဥပဒေအရ ကိုင်တွယ်ရန် အပြည့်အ၀ အခွင့်အာဏာ ပေးထားကြောင်း သူက ပြောသည်။
“ကျနော်တို့ ပြည်ထောင်စုအဆင့်မှာက ဒါကိုကိုင်တွယ်ဖို့ အစီအစဉ်မရှိဘူး။ ဒါပေမယ့် တရုတ်ခရီးသွား ကဏ္ဍက အရာရှိတွေနဲ့ တွေ့တိုင်း ကျနော်တို့ လုပ်ထုံးလုပ်နည်းကို လိုက်နာဖို့၊ ကျနော်တို့ ယဉ်ကျေးမှုကို လေးစားဖို့၊ ဒီနိုင်ငံကို လာလည်တဲ့အခါ ကောင်းစွာပြုမူဖို့ သူတို့ကို ပြောဖို့ တိုက်တွန်းနေတယ်” ဟု သူက ပြောသည်။
အစိုးရအနေဖြင့် ခရီးသည်များ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာရန်အတွက် လုပ်ထုံးလုပ်နည်း သတ်မှတ်မည့် တိကျသော စည်းကမ်းများ သတ်မှတ်ပိုင်ခွင့်ရှိသည့် ခရီးသွားလုပ်ငန်းဇုန်များ သတ်မှတ်ရန် ကော်မတီတခု ဖွဲ့စည်းရေးကို ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက တိုက်တွန်းနေသည်။ ထိုသို့သော ကော်မတီသည် မြန်မာ့ယဉ်ကျေးမှုကို လေးစားရန်နှင့် ပတ်ဝန်းကျင်ကို ကာကွယ်ရန် ခရီးသည်များကို ပညာပေးနိုင်မည် ဟုလည်း ၎င်းတို့က ပြောသည်။
“ကျနော်တို့ တံခါးဖွင့်လိုက်တော့ လူတွေက ကျနော်တို့ဆီကို လာမယ်။ ဒါပေမယ့် အကျိုးဆက်တွေကို မခံစားချင်ရင်တော့ စနစ်တကျ စီမံဖို့လိုတယ်” ဟု MCRB မှ ဦးဝင်းမင်းက ပြောသည်။
မြန်မာနိုင်ငံသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်နေပြီး တရုတ်အစိုးရက ၎င်းတို့နိုင်ငံသားများ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အားပေးနေသဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများကို ပိုမို တွေ့လာရမည် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်သင့်ကြောင်း မန္တလေးအခြေစိုက် စာရေးဆရာ ဆူးငှက်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်သည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် လွန်ခဲ့သောလက တွေ့ဆုံပြီး မြန်မာနိုင်ငံသို့ မြန်မာပြည်သို့ တရုတ်ခရီးသွားများ လာရောက်မှု မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍ မြှင့်တင်ရေးကို BRI နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။
“ဒါကြောင့်မို့လို့ ဒီပြဿနာ ကြီးမလာခင် အာဏာပိုင်တွေအနေနဲ့ တရုတ်ခရီးသွားတွေနဲ့ ပတ်သက်တဲ့ လုပ်ထုံး လုပ်နည်းတွေ ချမှတ်ဖို့လိုတယ်။ အားလုံးသိတဲ့အတိုင်း ဘာသာရေးက မြန်မာနိုင်ငံမှာ အရမ်းကို ထိခိုက်လွယ်တဲ့ ကိစ္စဖြစ်နေတယ်” ဟု စာရေးဆရာ ဆူးငှက်က ပြောသည်။
(Nan Lwin ၏ Badly Behaved Chinese Tourists Draw Local Ire in Myanmar ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာတွေ ဆောက်တဲ့ လာအိုက တရုတ်ကက်စီနိုသို့ အလည်တခေါက်
တရုတ်က သတ္တုတူးဖို့ မျက်စိကျနေတဲ့ ဝါးစိမ်းတောင် အနာဂတ် ဘာဖြစ်မလဲ
တရုတ်ဘဏ်ချေးငွေ ၄ မျိုး မန္တလေးတွင် မိတ်ဆက်