ဝမ်းချန်ပီယံရှစ်၏ ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ဘရန်ဒန် ဗီရာ၏ စိန်ခေါ်မှုကို အောင်လအန်ဆန်း လက်ခံခဲ့ချိန်တွင် မြန်မာနိုင်ငံမှ အောင်လ၏ သန်းနှင့်ချီသော ပရိတ်သတ်များအားလုံး ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြသည်။
၎င်းထက် ဝိတ်တန်းမြင့်သော ဟဲဗီးဝိတ် ချန်ပီယံနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရမည့် အောင်လအတွက် စိတ်ပူကြသည့် ပရိတ်သတ်များ ရှိသလို ဘရန်ဒန်ဗီရာလို ဟဲဗီးဝိတ်ချန်ပီယံကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ လိုက်ဟဲဗီးဝိတ် ချန်ပီယံဘွဲ့နှင့် ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြစေလိုသည့် ပရိတ်သတ်များလည်း ရှိခဲ့သည်။
လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ ပရိတ်သတ်များ မျှော်လင့် စောင့်စားခဲ့ကြသည့် အောင်လအန်ဆန်းနှင့် ဘရန်ဒန်ဗီရာတို့၏ လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ခါးပတ်လုပွဲက ပရိတ်သတ်များ ရှေ့မှောက်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
ဒီပွဲစဉ်က ဝမ်းချန်ပီယံရှစ်၏ သမိုင်းတလျှောက် အခမ်းအနားဆုံးနှင့် အကြီးကျယ်ဆုံးပွဲ ဖြစ်ကြောင်း အာရှတလွှား တိုက်ခိုက်ရေး အားကစားပွဲများ စီစဉ်ကျင်းပနေသည့် ဝမ်းချန်ပီယံရှစ် အဖွဲ့က ညွန်းဆိုထားသည်။
ထိုသို့ ပြောမည်ဆိုလျှင်လည်း ပြောလောက်စရာ ဖြစ်သည်။ ဗီရာနှင့် အောင်လတို့ ထိုးသတ်မည်ဟု တွေးကြည့် ရုံမျှနှင့် ရင်ခုန်ဖွယ်ရာ၊ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်။ အားပါပြီး ပြင်းထန်သော ပါဝါလက်သီးချက်၊ ခြေကန်ချက်များ၊ ဒူးတိုက်ချက်များဖြင့် ပြိုင်ဘက်တွေကို လှဲဖြိုလေ့ရှိသည့် ဘရန်ဒန် ဗီရာက လက်ရှိ ဝမ်းချန်ပီယံရှစ်၏ အမြင့်ဆုံး ဟဲဗီးဝိတ်တန်းတွင် ရှုံးပွဲ မရှိသည့် ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံဖြစ်သလို အာရှတွင်လည်း ထိပ်တန်း အဆင့်ရှိသည့် တိုက်ခိုက်ရေး သမားတဦး ဖြစ်သည်။
မြန်မာတို့၏ အချစ်တော် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား အောင်လအန်ဆန်းကလည်း ၂၀၁၇ ဇူလိုင်လတွင်
ချန်ပီယံ ဘစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံခါးပတ် သိမ်းပိုက်ခဲ့ချိန်မှစ၍ ၆ ပွဲ ဆက်တိုက် အနိုင် ရရှိထားသူဖြစ်ပြီး ဝမ်းချန်ပီယံရှစ် သမိုင်းကြောင်း တလျှောက် မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံခါးပတ် ၂ ခုကို ပထမဆုံး သိမ်းပိုက်ခဲ့သည့် နှစ်ထပ်ကွမ်း ချန်ပီယံဖြစ်သည်။
အဆိုပါ ချန်ပီယံ ၂ ဦး၏ ရေကုန်ရေခမ်း ထိုးသတ်မည့်ပွဲစဉ်က မြန်မာပြည် သာမက၊ အာရှတလွှားမှ တိုက်ခိုက်ရေး အားကစားကို ခုံမင်ကြသည့် ပရိတ်သတ်များ၏ စိတ်အာရုံကို ဖမ်းစားထားပြီ ဖြစ်သည်။
အောင်လ၏ လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံခါးပတ်ကို လုယူရန် စိန်ခေါ်ခဲ့သူ ဘရန်ဒန် ဗီရာကို အမေရိကန်နိိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ နော့ဖော့မြို့တွင် ၁၉၇၇ ခုနှစ်၊ အောက်တိုဘာလက မွေးဖွားခဲ့သည်။ ဖခင်မှာ ဖိလစ်ပိုင်လူမျိုး ဖြစ်ပြီး မိခင်မှာ အီတလီနိုင်ငံသူ ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဗီရာမှာ အောင်လကဲ့သို့ပင် ဖိလစ်ပိုင် နိုင်ငံ၏ တိုက်ခိုက်ရေးအားကစား လောကတွင် နာမည် ကျော်ကြား ထင်ရှားသူ ဖြစ်သည်။
အမေရိကန် လေတပ်သားဟောင်း တဦး ဖြစ်သူ ဗီရာမှာ ငယ်စဉ်ကတည်းကပင် တိုက်ခိုက်ရေး အားကစားကို ခုံမင်စွာ လေ့ကျင့့်သင်ကြားခဲ့သူဖြစ်ပြီး တက္ကသိုလ် တက်ရောက်ချိန်နှင့် လေတပ်၌ စစ်မှုထမ်းချိန်များတွင်လည်း နပမ်းပညာရပ်များကို စဉ်ဆက်မပြတ် သင်ကြား လေ့ကျင့်ခဲ့သူဖြစ်သည်။
လက်တွင် ဒဏ်ရာရခဲ့သည့်အတွက် လေတပ်မှ ထွက်ပြီးနောက် MMA လောက၏ နာမည်ကြီး နည်းပြတဦး ဖြစ်သူ လွိုက်အိုက်ဗရင်ထံတွင် MMA ပညာရပ်များ လေ့ကျင့် သင်ကြားခဲ့သည်။ ထို့နောက် ဗီရာမှာ ၂၀၀၂ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ ကိုယ်ခံပညာ ဘက်စုံသုံး တိုက်ခိုက်ရေး အားကစား အဖွဲ့ဖြစ်သည့် WEC တွင် ဝင်ရောက် ထိိုးသတ်ကာ MMA ဖိုက်တာဘဝကို စတင်ခဲ့သည်။
အသက် ၂၅ နှစ်အရွယ်တွင် တိုက်ခိုက်ရေး အားကစား လောကကို ဝင်ရောက်ခဲ့သူ ဗီရာ၏ MMA ခရီးအစက တရှိန်ထိုး အောင်မြင်ခဲ့သည်။ စတင်ထိုးသတ်သည့် ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ၃ နှစ်တာအတွင်း ၄ ပွဲ ထိုးသတ်ရာ ၄ ပွဲစလုံး အနိုင်ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် WEC ၏ ဟဲဗီးဝိတ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ထို့နောက် ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလတွင် ကမာ္ဘကျော် တိုက်ခိုက်ရေး အားကစားပွဲများ စီစဉ်ကျင်းပနေသည့် UFC တွင် ဝင်ရောက် ထိုးသတ်ခဲ့ပြီး ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။ ဖိုက်တာဘ၀ အစမှာပင် ၈ ပွဲဆက်တိုက် အနိုင်ယူ ပြခဲ့သဖြင့် ဗီရာကို UFC တွင် ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာနိုင်သည့် ဖိုက်တာအဖြစ် ထင်ကြေးပေး ခံခဲ့ရသည်။
သို့သော် UFC ပြိုင်ပွဲ ၅ ပွဲမြောက် ထိုးသတ်ချိန်မှ စတင်၍ ဗီရာတယောက် ရှုံးပွဲ စတင်ကြုံတွေ့ခဲ့ပြီး ၂၀၀၅ ခုနှစ်မှ
၂၀၁၃ ခုနှစ်အထိ နိုင်တလှည့်၊ ရှုံးတလှည့်ဖြင့် MMA လောက၌ ကျင်လည်ခဲ့ရသည်။ UFC တွင် ဗီရာ အနေဖြင့် ၁၅ ပွဲ ထိုးသတ်ခဲ့ရာ ၈ ပွဲသာ အနိုင်ရပြီး ရှုံးပွဲ ၇ ပွဲ ကြုံတွေ့ခဲ့ရသည်။
ထို့နောက် ၂၀၁၄ ခုနှစ်တွင် စင်္ကာပူ နိုင်ငံအခြေစိုက် ဝမ်းချန်ပီယံရှစ်အဖွဲ့နှင့် လက်မှတ်ထိုးကာ အာရှဒေသရှိ တိုက်ခိုက်ရေးအားကစား လောကသို့ ပြောင်းရွှေ့ထိုးသတ် ခဲ့သည်။ ဖခင်ဖြစ်သူက ဖိလစ်ပိုင်လူမျိုး ဖြစ်နေသည့်အတွက် ဝမ်းချန်ပီယံရှစ်တွင် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြုကာ ထိုးသတ် ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ONE; Sprit of Champions ပြိုင်ပွဲ၌ ပြိုင်ဘက် ပေါလ်ချန်းကို အလဲထိုး အနိုင်ယူကာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ဖြစ်လာခဲ့ပြီး ဖိလစ်ပိုင် တိုက်ခိုက်ရေး အားကစားလောက၏ သူရဲကောင်းတဦး အဖြစ် ထင်ရှားလာခဲ့သည်။
ဘရန်ဒန် ဗီရာမှာ လက်ရှိတွင် ဝမ်းချန်ပီယံရှစ်၌ ၄ ပွဲထိုး ၄ ပွဲအနိုင် ရလဒ်ဖြင့် ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို သိမ်းပိုက် ထားသူဖြစ်သည်။
သို့သော် ဝမ်းချန်ပီယံရှစ်၌ ဗီရာထိုးခဲ့သမျှ ပွဲစဉ်များကို ပြန်ကြည့်လျှင် သူ၏ပြိုင်ဘက် ၄ ဦးစလုံးကို ပထမအချီမှာပင် အလဲထိုးဖြင့် ပွဲသိမ်းနိုင်ခဲ့သည်ကို တွေ့ရသည်။
ယင်းအချက်ကိုကြည့်လျှင် ဗီရာကို ဝမ်းချန်ပီယံရှစ် ကြိုးဝိုင်းအတွင်း အခက်တွေ့အောင် ထိုးသတ်နိုင်သူ ဖိုက်တာ မပေါ်ပေါက်သေးသည့် သဘော ဖြစ်နေသည်။ ကြိုးဝိုင်းအတွင်း၌ သူတပြန် ကိုယ်တပြန် အကြိတ်အနယ် ထိုးသတ်လိုသည့် ဗီရာက သူနှင့် ထိုးသတ် တိုက်ခိုက်ရန် ပြိုင်ဘက်ကို ရှာဖွေချိန်တွင် မြန်မာ့ ဂုဏ်ဆောင် ၂ ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းကို စိန်ခေါ်ထိုးသတ်ရန် မျက်စိကျခဲ့သည်။
ထို့ကြောင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ၏ မစ်ဒယ်ဝိတ်တန်း နံပါတ် ၁ ဖိုက်တာ ကန်ဟာဆဲဂါဝါကို အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ ခါးပတ်ကို ကာကွယ်သည့် ပွဲစဉ် အပြီးတွင် ဘရန်ဒန် ဗီရာက စင်ပေါ်တက်လာပြီး အောင်လ၏ လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ ချန်ပီယံခါးပတ်အတွက် ထိုးသတ် လိုကြောင်း စိန်ခေါ်ခဲ့သည်။
အောင်လကလည်း လိုလိုလားလား လက်ခံခဲ့သည့်အတွက် ဝမ်းချန်ပီယံရှစ် သမိုင်းတလျှောက် အကောင်းဆုံး ဖြစ်လာနိုင်သည့် ပွဲစဉ် ဖြစ်တည်လာခဲ့သည်။
အောင်လအန်ဆန်းက ဗီရာနှင့်ယှဉ်လျှင် MMA ပွဲစဉ် ထိုးသတ်မှု ပိုများသည်။ ဗီရာက MMA လောကသို့ ၂၀၀၂ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး ၂၃ ပွဲထိုး ၁၆ ပွဲနိုင်၊ ၇ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားကာ အောင်လအန်ဆန်းက ၂၀၀၅ ခုနှစ်က စတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘဝသက်တမ်းတလျှေက် ၃၅ ပွဲထိုး၊၂၅ ပွဲနိုင်၊ ၁၀ ပွဲရှုံး ရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် Light of a Nation ပြိုင်ပွဲတွင် ကမာ္ဘ့မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရခဲ့ပြီး မြန်မာပြည် ကိုယ်စားပြု ပထမဆုံးသော ကမာ္ဘ့ မစ်ဒယ်ဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။
ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် ၎င်းထိုးသတ်နေသည့် မစ်ဒယ်ဝိတ် ထက် တဆင့်မြင့်သော လိုက်ဟဲဗီးဝိတ် ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ ပထမဆုံးသော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။
၂၀၁၇ ဇန်နဝါရီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ထိုးသတ်သည့် မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်နောက်ပိုင်း အောင်လအန်ဆန်း ထိုးသတ်သည့်ပွဲတိုင်း ရှုံးပွဲမရှိခဲ့ဘဲ
၆ ပွဲထိုးသတ်ရာ ၆ ပွဲစလုံး အနိုင်ရရှိထားသည်။ အဆိုပါ နိုင်ပွဲ ၆ ပွဲတွင် လက်ဘနွန် နိုင်ငံသား ဖိုက်တာ ကရာကီနှင့် ဂျပန်ဖိုက်တာ ဟာဆဲဂါဝါကို ၂ ပွဲဆက်တိုက် အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ ခါးပတ်ကို ကာကွယ်ထိုးသတ် နိုင်ခဲ့သည့် ပွဲစဉ် ၃ ပွဲ ပါဝင်သည်။
အောင်လ အနေဖြင့် မစ်ဒယ်ဝိတ်ခါးပတ်ကို ကာကွယ်ပြီးသည့်နောက် လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို ထပ်မံ ကာကွယ် ထိုးသတ်ရတော့မည်ဖြစ်သည်။ ယခုပွဲစဉ်တွင် အောင်လ အနိုင်ရရှိပါက လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံနှင့်
မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံအဖြစ် ဆက်လက် ရပ်တည်နိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ အဖြစ်
ဆက်လက် တည်ရှိမည်ဖြစ်သည်။
စိန်ခေါ်သူ ဘရန်ဒန်ဗီရာ အနိုင်ရရှိခဲ့ပါက ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံနှင့် လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံအဖြစ် ရပ်တည် နိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက ၎င်းမူလပိုင်ဆိုင်သည့် ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ အဖြစ် ဆက်လက်ရပ်တည် နိုင်မည်ဖြစ်သည်။
အောင်လအတွက် ဗီရာနှင့်ပွဲစဉ်က သူ၏ကစားသမားဘ၀ သက်တမ်းတလျှောက် ဟဲဗီးဝိတ် ဖိုက်တာတဦးနှင့် ပထမဦးဆုံး အကြိမ် ချန်ပီယံ ခါးပတ်လုပွဲ ယှဉ်ပြိုင်ရခြင်း ဖြစ်သလို သူနှင့်ယှဉ်ပြိုင်မည့် ဗီရာက သူ နှစ်ပေါင်း များစွာ အားပေးခဲ့သည့် ဖိုက်တာ တဦး ဖြစ်နေခဲ့သည်။ ယခုတော့ သူအားပေးသည့်ဖိုက်တာနှင့် ဂျပန်မြေပေါ်တွင် ယှဉ်ပြိုင်ထိုးသတ်ရတော့မည် ဖြစ်သည်။
အောင်လအနေဖြင့် ဗီရာနှင့်ထိုးသတ်ရန်အတွက် ၎င်း၏ခန္ဓာကိုယ်အလေးချိန်ကို ၂၀၅ ပေါင်မှ မြှင့်တင်ခဲ့ရသလို ဗီရာ အနေဖြင့်လည်း အောင်လနှင့် ထိုးသတ်ရန်အတွက် ၎င်း၏ ခန္ဓာကိုယ်အလေးချိန်ကို ဟဲဗီးဝိတ်တန်း အလေးချိန် ဖြစ်သည့် ၂၄၅ ပေါင်မှ ၂၂၄ ပေါင်အထိ လျော့ချခဲ့သည်။
ဘရန်ဒန် ဗီရာက ပြိုင်ဘက်ကို ချုပ်ကိုင်သည့် ဘရာဇီး ဂျူဂျစ်ဆုပညာတွင် ခါးပတ်နက်အဆင့်ရှိပြီး ကစ်ဘောက်ဆင် နှင့် နပမ်းပညာတို့တွင်လည်း ကျွမ်းကျင်သည်။ လျင်မြန်သည့် ပါဝါလက်သီးချက်၊ ခြေကန်ချက်နှင့် ဒူးတိုက်ချက် တို့ဖြင့် ပြိုင်ဘက်ကို ဖြိုလှဲတတ်သည်။
ထို့ကြောင့် ဗီရာနှင့် ထိုးသတ်ရန်အတွက် အောင်လ အနေဖြင့် အချိန် ၆ လခန့် ကြိုတင်ပြင်ဆင်ခဲ့ပြီး ဗီရာလို အရပ်မြင့်ပြီး လျင်မြန်သည့် ဟဲဗီးဝိတ် ဖိုက်တာများနှင့် လေ့ကျင့်ခဲ့ရသည်။
“သူက ကျနော့်ထက် ပိုအရပ်မြင့်တယ်။ ခြေတံလည်း ရှည်တယ်။ ပြီးတော့ သူက ဟဲဗီးဝိတ် ချန်ပီယံမို့လို့ ဟဲဗီးဝိတ် ပါဝါရှိတယ်။ မြန်တယ်သွက်တယ်။ ဒါကြောင့် သူ့ထက်ပိုကြီးပြီး ပိုမြန်တဲ့ အားကစားသမားတွေနဲ့ ကျနော် လေ့ကျင့်တယ်။ သူ့ရဲ့ကန်ချက်တွေနဲ့ ဆင်တဲ့တိုက်ကွက်တွေကို ဘယ်လိုခုခံရမယ်ဆိုတာ ကျနော်တို့ လေ့ကျင့်ပါတယ်”ဟု အောင်လအန်ဆန်းက မြန်မာပြည်မှ အွန်လိုင်းမီဒီယာတခုနှင့် အင်တာဗျူးခဲ့စဉ်က ပြောဆိုသည်။
အရပ်အမောင်းအားဖြင့် စိန်ခေါ်သူ ဘရန်ဒန် ဗီရာက အရပ် ၆ ပေ ၂ လက်မ (၁၈၇ ဒဿမ ၉၆ စင်တီမီတာ) ရှိပြီး မြန်မာတို့၏ အချစ်တော် ချန်ပီယံ အောင်လအန်ဆန်းက ၆ ပေ ၁ လက်မ (၁၈၅ ဒဿမ ၄၂ စင်တီမီတာ) ရှိသည်။
အောင်လအနေဖြင့် သူ့ထက် အရပ်အမောင်းကောင်းသည့် ဗီရာကို ပူးထိုးမလား၊ ခွာထိုးမလား၊ ဂျူဂျစ်ဆုနည်းဖြင့် ချုပ်ကိုင်မလား၊ ဘယ်လိုနည်းစနစ်တွေနဲ့ ထိုးသတ်သွားမလဲ ဆိုသည်က စိတ်ဝင်စားဖို့ကောင်းသည်။
ခွာထိုးလျှင်တော့ ဗီရာ၏ လက်သီးချက်၊ ခြေကန်ချက်များက အောင်လကို ဒုက္ခပေးနိုင်သည်။ ဂျူဂျစ်ဆုနည်းဖြင့် ချုပ်ဖို့ကလည်း ဗီရာကိုယ်တိုင်က ဂျူဂျစ်ဆုပညာ ကျွမ်းကျင်နေသူ တဦး ဖြစ်သည့်အတွက် မလွယ်ကူသည့် အခြေအနေ ဖြစ်သည်။
“ဒီပွဲမှာ ခွာပြီးတော့ ကစားလို့ မရဘူး။ ပူးကပ်ပြီးတော့ ကစားမှာပါ။ ပြီးတော့ ချုပ်ကွက်လည်း မသုံးပါဘူး။ ဒီပွဲယှဉ်ပြိုင်ဖို့ နည်းဗျူဟာတွေ ကောင်းကောင်း ရေးဆွဲထားပါတယ်”ဟု အောင်လအင်ဆန်းက မြန်မာပြည်မှ အွန်လိုင်းမီဒီယာနှင့် အင်တာဗျူးတွင် ပြောဆိုသည်။
ဗီရာအနေဖြင့်လည်း ဂျူဂျစ်ဆု ကျွမ်းကျင်နေသည့် အောင်လကို ချုပ်ကိုင်မည့်နည်းလမ်း အသုံးပြုနိုင်ချေ နည်းပါးနေပြီး လူချင်းခွာ ကစားကာ သူအားသာသည့် ပါဝါလက်သီး၊ ခြေကန်ချက်၊ ဒူးတိုက်ချက်များဖြင့် အောင်လကို ဖြိုလှဲဖို့ ကြိုးစားလာမည် ဟု ယူဆရသည်။
အောင်လနှင့် ဗီရာတို့ လက်သီးချင်း ယှဉ်ထိုးမည်ဆိုလျှင်တော့ ပွဲက အချိန်တိုင်း၊ စက္ကန့်တိုင်းမှာ အသည်းတယားယားနှင့် ကြည့်နေရမည့် သဘောရှိသည်။ နှစ်ဦးစလုံးက လက်သီး၊ ဒူး၊ ခြေကန်ချက်များ ကောင်းကြသည့်အတွက် အလစ်အငိုက် ချက်ကောင်းထိသွားသူက ယိုင်လဲပြိုဆင်း သွားနိုင်သည်။ MMA မှာက တချက်မှားသည်နှင့် ပြိုင်ဘက်က အခွင့်အရေးကို အမိအရ အသုံးချပြီး ပွဲသိမ်းလိုက်မည် ဖြစ်သည်။
အောင်လအတွက် အားသာချက် တခုကတော့ အသက် ၄၂ နှစ် အရွယ်ရှိနေသည့် ဘရန်ဒန် ဗီရာ၏ သက်လုံပိုင်း အခြေအနေ ဖြစ်သည်။ UFC တွင် ဗီရာရှုံးနိမ့်ခဲ့သည့် ပွဲစဉ် ၇ ပွဲတွင် ၃ ချီမြောက်၌ ရှုံးနိမ့်ခဲ့သည့်ပွဲစဉ် ၄ ပွဲရှိပြီး၊ ၄ ချီမြောက်တွင် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ် ၁ ပွဲရှိခဲ့သည်။
ဗီရာအနေဖြင့် ပွဲချိန်ကြာလာသည်နှင့်အမျှ အသက်အရွယ်အရ သက်လုံကျ ခဲ့လျှင်တော့ ပွဲချိန် ၄ ချီနှင့် ၅ ချီမြောက်တို့တွင် အောင်လအန်ဆန်းက အလဲထိုးဖြင့် အနိုင်ယူ သွားနိုင်သည့် အနေအထား ရှိသည်။
ဗီရာ သက်လုံမကျခဲ့လျှင်တော့ ဒီပွဲစဉ်တွင် နှစ်ဘက် အလဲထိုးနိုင်မည့် အခြေအနေ နည်းပါးနေပြီး
၅ ချီ ပြည့်သည်အထိ ပွဲချိန်ပြည့် ထိုးသတ်ရင်း အမှတ်ပေးစနစ်ဖြင့် ဒိုင်များ၏ အဆုံးအဖြတ်ကို ခံယူရနိုင်သည့် အနေအထား ရှိနေသည်။
“အောင်လအန်ဆန်းက တကယ်သန်မာတဲ့ သတ္တိကောင်းတဲ့လူ။ သူက ကြောက်ဖို့ကောင်းတဲ့ ဖိုက်တာ တဦးလည်း ဖြစ်တယ်။ သူနဲ့ထိုးဖို့ ကျနော် အရမ်း စိတ်လှုပ်ရှားရပါတယ်။ အရမ်းကြည့်ကောင်းတဲ့ ပွဲကြီးပွဲကောင်း တပွဲ ဖြစ်လာမှာပါ”ဟု စိန်ခေါ်သူ ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ဘရန်ဒန် ဗီရာက ဝမ်းချန်ပီယံရှစ်နှင့် အင်တာဗျူးတွင် ပြောဆိုသည်။
လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံခါးပတ်အတွက် ရေကုန်ရေခမ်း ထိုးသတ်ကြမည့် အောင်လအန်ဆန်းနှင့် ဘရန်ဒန် ဗီရာတို့ ပွဲစဉ် ပါဝင်သော ONE ; 100 CENTURY ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌
ကျင်းပသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြည်တွင်းအခပေး ရုပ်သံလိုင်းဖြစ်သည့် စကိုင်းနက်ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ONE; 100 CENTURY ပွဲစဉ် အပိုင်း ၁ ကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် စတင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ အပိုင်း ၁ အစီအစဉ်တွင် မြန်မာနိုင်ငံမှ ဖိုက်တာ ဖိုးသော်နှင့် ကိုရီးယားဖိုက်တာ ယွန်ချန်မင်းတို့ ထိုးသတ်မည် ဖြစ်ကြောင်း သိရသည်။
ONE; 100 CENTURY ပွဲစဉ် အပိုင်း ၂ ကို နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် စတင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်၏ နောက်ဆုံးပွဲ (ခေါင်ပွဲ) အဖြစ် လိုက်ဟဲဗီးဝိတ် ချန်ပီယံလုပွဲ အဖြစ် လက်ရှိ ချန်ပီယံ အောင်လအန်ဆန်းနှင့် စိန်ခေါ်သူ ဘရန်ဒန် ဗီရာတို့ ထိုးသတ်ကြမည် ဖြစ်သည်။
အောင်လအနေဖြင့် ဂျပန်ဖိုက်တာ ဟာဆဲဂါဝါကို ၂ ကြိမ်၊ လက်ဘနွန်ဖိုက်တာ ကရာကီကို ၁ ကြိမ် အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမာ္ဘ့ချန်ပီယံ ရွှေခါးပတ်နှင့် ထိုက်တန်ကြောင်း သက်သေပြထားခဲ့သလို အောက်တိုဘာ ၁၃ ရက်နေ့ ပွဲစဉ်တွင်လည်း ဘရန်ဒန် ဗီရာကို အနိုင်ယူကာ လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ရွှေခါးပတ်နှင့် ထိုက်တန်ကြောင်း ထပ်မံ သက်သေပြသရန် လိုအပ်နေပြီဖြစ်သည်။
အောင်လ အနိုင်ရခဲ့လျှင် ဟဲဗီးဝိတ် ချန်ပီယံကို အနိုင်ယူကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်သည့် မှတ်တမ်းသစ် ရေးထိုးနိုင်မည် ဖြစ်သလို တိုက်ခိုက်ရေး အားကစားလောကတွင်လည်း ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံကို အနိုင်ယူပြခဲ့သည့် ၎င်း၏နာမည်နှင့် အရှိန်အဝါ ပိုမိုကြီးထွားလာမည့် အနေအထား ရှိသည်။
ဘရန်ဒန် ဗီရာအနေဖြင့် အောင်လကို အနိုင်ရခဲ့ပါက ၎င်း၏ MMA ကစားသမား ဘဝ၌ ပထမဆုံးအကြိမ် အဖြစ် ဟဲဗီးဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမာ္ဘ့ချန်ပီယံ ခါးပတ်ပိုင်ဆိုင်သည့် ၂ ထပ်ကွမ်း ချန်ပီယံအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့လျှင်တော့ ဝမ်းချန်ပီယံရှစ်၌ သူပထမဆုံး ရှုံးနိမ့်ခဲ့သူက အောင်လအန်ဆန်းဟူသည့်
မြန်မာပြည်သားတစ်ဦး ဖြစ်လာမည်ဖြစ်သည်။
အောင်လအန်ဆန်းနှင့် ဘရန်ဒန် ဗီရာတို့ မည်သူ နိုင်သည်ဖြစ်စေ ONE ; 100 CENTURY ပြိုင်ပွဲ၌ ထိုးသတ်မည့် ၎င်းတို့ ၂ ဦး၏ ပွဲစဉ်က အာရှတလွှားမှ ပရိတ်သတ်များကို ရင်ခုန်စိတ်လှုပ်ရှားမှုနှင့် ဖျော်ဖြေမှု အပြည့်အ၀ ပေးစွမ်း နိုင်မည့် ပွဲကောင်းတပွဲ ဖြစ်လာဖို့ ရှိနေသည်။
You May Also Like These Stories:
ဂျပန်တွေ ကျေးဇူးတင် အမှတ်ရနေတဲ့ ဦးကျော်ဒင်
Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားသမားများ
အရှေ့တောင်အာရှ နိုင်ငံတွေမှာပဲ တွေ့ရှိနိုင်တဲ့ အားကစားများ