တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို အင်္ဂါနေ့က ကျင်းပခဲ့ပြီး ၎င်းသည် နိုင်ငံတွင် အကြီးကျယ်ဆုံး အခမ်းအနားများအနက် တခုဖြစ်သောကြောင့် ဘေဂျင်း၏ အင်အားကို ပြသလိုက် သကဲ့သို့ ဖြစ်နေသည်။
ထိုကြီးကျယ်သော အခမ်းအနားတွင် ပြသခဲ့သည့် လက်နက်သစ်မျိုးစုံသည် ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေး နှစ် ၁၀၀ ပြည့်မည့် ၂၀၄၉ ခုနှစ်တွင် ထိုင်ဝမ်ကို သိမ်းပိုက်ရေးနှင့် အမေရိကန် ကြားဝင်စွက်ဖက်မှုကို တားဆီးရေး အတွက် တရုတ်နိုင်ငံ၏ စစ်ရေးစီမံကိန်းကို ပြသနေသည်။
ကမ္ဘာတဝှမ်းမှ ကာကွယ်ရေးအရာရှိများ၏ အာရုံကို အထူးဖမ်းစားလိုက်သော အရာမှာ တုန်းဖန် – ၁၇ (Dongfeng-17) သို့မဟုတ် DF-17 ခေါ် တရုတ်နိုင်ငံ၏ တာလတ်ပစ် ဒုံးကျည်သစ်ဖြစ်သည်။
DF-17 ကို သာမန် ဒုံးကျည်ကဲ့သို့ပင် ပစ်ခတ်ရသည်။ သို့သော် ထိပ်ဖူးတွင် တောင်ပံငယ် တခု တပ်ဆင်ထားသောကြောင့် ထိုဒုံးကျည်သည် အသံထက်ပိုမို မြန်ဆန်စွာ ပျံသန်းနိုင်ပြီး ကန်အားပေး ကိရိယာမှ ခွဲထွက်ပြီးနောက်တွင် စက်မဲ့လေယာဉ် ကဲ့သို့ လုပ်ဆောင်နိုင်သည့် သဘော သက်ရောက်နေသည်။
DF-17 သည် ရန်သူရေဒါက ဖမ်းမရနိုင်သည့် အနိမ့်မှ ပျံသန်းနေပြီး ပစ်မှတ်ကို ချဉ်းကပ်နိုင်သည်။ ထို့ကြောင့် အမေရိကန် ဒုံးကျည် ကာကွယ်ရေးစနစ်သည် ထိုဒုံးကျည်ကို ကြားဖြတ်နိုင်ခြေ မရှိသည့် အလားအလားကို ဖြစ်စေသည်။
အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့သည် အလားတူ လက်နက်ကို ထုတ်လုပ်နေကြသည်ဟု ဆိုသည်။ သို့သော် အသံထက်များစွာ ပိုမိုမြန်သောကြောင့် လမ်းကြောင်းပြောင်းရန် လွယ်ကူမည်မဟုတ်ဟု ဆိုကြသည်။ ထိုနှစ်နိုင်ငံတို့သည် ထိုလက်နက်များကို ထုတ်ဖော်ပြသခြင်း မရှိကြသေးပေ။
တုန်းဖုန် (Dongfeng) ဟူသော အမည်မှာ မော်စီတုန်း စကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ မော်စီတုန်းသည် ၁၉၅၇ ခုနှစ်က မိန့်ခွန်းတခုတွင် အရှေ့လေနှင့် အနောက်လေ ဟူသည့် လေစီးကြောင်း နှစ်ခုအကြောင်း ပြောခဲ့ဖူးသည်။ အရှေ့လေ ဖြစ်သော ဆိုရှယ်လစ်ဝါဒသည် နယ်ချဲ့စနစ်ဖြစ်သည့် အနောက်လေကို အနိုင်ရမည်ဟူ မော်စီတုန်းက ကြိုတင် ဟောကိန်းထုတ်ခဲ့သည်။
ဘေဂျင်းတွင်ပြသခဲ့သည့် DF-17 ၏ စွမ်းဆောင်ရည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော် စစ်ရေးပြပွဲတွင် ထိုဒုံးကျည် ၁၆ ခုအထိ ပြသခဲ့သောကြောင့် တရုတ်နိုင်ငံသည် ထိုလက်နက်များကို အလုံးအရင်း ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။
ထိုစစ်ရေးပြပွဲတွင် DF-26 ဒုံးကျည်များကိုလည်း ပြသခဲ့သည်။ ထို တာလတ်ပစ် ဒုံးကျည်များသည် ကီလိုမီတာ ၃၀၀၀ မှ ၄၀၀၀ အထိ ပစ်ခတ်နိုင်သည်ဟု ခန့်မှန်းသောကြောင့် ဂူအမ်ရှိ အမေရိကန် စစ်စခန်းများကို ဖျက်ဆီးနိုင်သဖြင့် ဂူအမ် ချေမှုန်းရေးသမား ဟုလည်း ခေါ်ကြသည်။
အန်ဒါဆင် လေတပ်အခြေစိုက် စခန်းအပါအဝင် ဂူအမ်ရှိ အမေရိကန် စစ်စခန်းများသည် ယခင်က ပစိဖိတ် စစ်ဌာနချုပ်ဟု ခေါ်သော အင်ဒိုပိစိဖိတ် စစ်ဌာချုပ်၏ အဓိကအခြေစိုက် ဒေသဖြစ်သည်။
အနာဂတ်တွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို စစ်ရေးအရ သိမ်းပိုက်ရန် ဆုံးဖြတ်ပါက DF-17 နှင့် DF-26 တို့သည် အဓိက အခက်အခဲဖြစ်သည့် အမေရိကန်၏ စစ်ရေးအရ စွက်ဖက်မှုကို တားဆီးရန် အရေးပါသော လက်နက်များဖြစ်သည်။
တရုတ်၏ တားဆီးပိတ်ဆို့ရေး လက်နက်များ ရှိသော်လည်း အမေရိကန်က စစ်ရေးအရ ပါဝင်ပတ်သက်လျှင် ထိုနှစ်နိုင်ငံတို့သည် ပိစိဖိတ် အနောက်ပိုင်း ရေပိုင်နက်များ၊ ကျွန်းများနှင့် ထိုဒေသ၏ ကောင်းကင်ယံတွင် အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားကြမည် ဖြစ်သည်။
ထိုနောက်ဆုံး ကျင်းပသည့် စစ်ရေးပြပွဲတွင် ဂျက်တိုက်လေယာဉ်များ၊ ကြိုတင်သတိပေး စနစ်များ၊ ထိန်းချုပ် လေယာဉ်များနှင့် ၎င်းတို့ကို ထောက်ကူမည့် ဆီဖြည့် လေယာဉ်များကိုလည်း ပြသခဲ့သည်။
တရုတ် ဂျက်တိုက်လေယာဉ် များသည် အမေရိကန် လေယာဉ်များထက် အင်ဂျင်ပိုင်းနှင့် လျှို့ဝှက်ပျံသန်းမှုတွင် နိမ့်ကျသည်ဟု သတ်မှတ်ကြသည်။ သို့သော် တရုတ်နိုင်ငံသည် ၎င်းတို့၏ အရည်အသွေးအရ နိမ့်ကျမှုကို ဖြန့်ကျက်ထားသော ဂျက်တိုက်လေယာဉ် အရေအတွက် မြှင့်တင်ခြင်းဖြင့် ပြန်လည်ကုစားရန် ရည်ရွယ်နေကြောင်း ထင်ရှားလှသည်။
ကြိုတင် သတိပေး ထိန်းချုပ်ရေး လေယာဉ်များကို ဆီဖြည့် လေယာဉ်များဖြင့် ထောက်ကူထားပြီး ဝေဟင်တွင် ဝေဟင်ပစ် ဒုံးကျည်များ သယ်ဆောင်လာသော တိုက်လေယာဉ် အများအပြား စောင့်ဆိုင်းနေပါက အမေရိကန် လေတပ်နှင့် ရေတပ်လေယာဉ်များ လွတ်လပ်စွာ ပျံသန်းနိုင်မည် မဟုတ်တော့ပေ။
မောင်းသူမဲ့ လေယာဉ်များသည်လည်း တရုတ်တပ်များကို ထောက်ကူပေးနိုင်သော စွမ်းရည်ရှိသည်။ အရွယ်အစား အမျိုးမျိုးရှိ မောင်းသူမဲ့ လေယာဉ်များကို သယ်ဆောင်လာသည့် စစ်ထရပ်ကားများကိုလည်း စစ်ရေးပြပွဲတွင် ပြသခဲ့သည်။
အမြင်ကို အဖမ်းစားနိုင်ဆုံးသော မိုဒယ်မှာ ကြီးမားပြီး မျက်လုံးတလုံးသာ ပါသည့် ငလိပ်ကျောက်ပုံ တိုက်ခိုက်ရေး လေယာဉ်ဖြစ်သည်။ ထိုလေယာဉ်သည် Gongji-11 သို့မဟုတ် Attack-11 ဖြစ်သည်ဟု ယုံကြည်ရပြီး Lijian သို့မဟုတ် Sharp Sword ဟုခေါ်သော ယခင်ကပြသခဲ့သည့် မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ်ကို အဆင့်မြှင့်တင် ထားပုံရသည်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တို့အပါအဝင် အချို့နိုင်ငံများသည်လည်း အလားတူ မောင်းသူမဲ့ လေယာဉ်များကို ထုတ်လုပ်ကြသည်။ သို့သော် တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့သည် ဉာဏ်ရည်တု နည်းပညာကို ဦးဆောင်နေသောကြောင့် တရုတ်လုပ် မောင်းသူမဲ့ လေယာဉ်များကို အာရုံစိုက်ကြခြင်း ဖြစ်သည်။
အနာဂတ်တွင် ဉာဏ်ရည်တု တပ်ဆင်ထားသော တိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ်များကို ထိုးစစ်များတွင် အပြင်းအထန် ဖြန့်ကျက်ထားနိုင်ကြပြီး ဌာနချုပ်နှင့် ဆက်သွယ်ရေး ပြတ်တောက်နေသည့် ပြင်းထန်သော ပတ်ဝန်းကျင် များတွင်ပင် ၎င်းတို့ဖာသာ စစ်ဆင်ရေးများ ဆောင်ရွက်လာနိုင်မည် ဖြစ်သည်။
မောင်းသူမဲ့ လေယာဉ်များအပြင် သတင်းအချက်အလက် စစ်ရေးတပ်ဖွဲ့များအတွင်း အထူး ထုတ်လုပ်ထားသည့် ယာဉ်များကိုလည်း စစ်ရေးပြပွဲတွင် ပြသခဲ့ရာ အဆင့်မြင့် ထိုးစစ်ကို ပြသနေသကဲ့သို့ ဖြစ်သည်။
ထို ကိရိယာများ၏ စွမ်းဆောင်ရည်ကို တရုတ်နိုင်ငံက ရှင်းလင်း ပြောကြားခြင်း မရှိသော်လည်း ယာဉ်များတွင် တပ်ဆင်ထားသော ကိရိယာများသည် ဖြန့်ကျက်ရာနေရာများတွင် အင်အားကြီးမားသော အချက်ပြမှုများ ထုတ်လွှင့်ပြီး ရန်သူ၏ ဆက်သွယ်ရေးစနစ်ကို နှောင့်ယှက်နိုင်သည့် စွမ်းရည်ရှိသည်ဟု ယူဆရသည်။
ထိုကဲ့သို့သော တိုက်ခိုက်မှုသည် ကြည်း၊ ရေ၊ လေ တပ်သုံးလက်နက်များကို ဆက်သွယ်ချိတ်ဆက် အသုံးပြု တိုက်ခိုက်ခြင်းကို သုံးသည့် အမေရိကန် စစ်တပ်အပေါ် အသာရစေနိုင်သည်။
တရုတ်နှင့်အမေရိကန်တို့ အနာဂတ်တွင် စစ်ရေးပဋိပက္ခဖြစ်ပါက တရုတ်တွင် လက်နက်သစ်များ ရှိသော်လည်း အမေရိကန်သည် ဆက်လက်အသာစီး ရနေမည်ဖြစ်ပြီး နျူကလီးယားလက်နက် အသုံးပြုခြင်းသည် တရုတ်နိုင်ငံအတွက် နောက်ဆုံး ရွေးချယ်စရာဖြစ်လာနိုင်သည်။
နျူကလီးယား စစ်ပွဲအတွက် တရုတ်နိုင်ငံတွင် ဂူအမ်နှင့် ဂျပန်ရှိ အမေရိကန်စစ်စခန်းများ အထိ ပစ်ခတ်နိုင်သည့် တာတိုပစ် ဒုံးကျည်များ ရှိသော်လည်း အမေရိကန် ပြည်ထောင်စု ပြည်မကြီးအထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ယခင်ကမရှိပေ။
အမေရိကန်နှင့် စစ်ဖက် သေနင်္ဂဗျူဟာအရ အကြီးမားဆုံး အားနည်းချက်ကို ကျော်လွှားရန် တရုတ်နိုင်ငံသည် DF-41 ကို ထုတ်လုပ်ခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် အထက်ပါ စစ်ရေးပြပွဲတွင် တရုတ်နိုင်ငံသည် ကီလိုမီတာ ၁၂၀၀၀ မှ ၁၅၀၀၀ အထိ ပစ်ခတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်သစ်များကို ပထမဆုံး ပြသခဲ့သည်။
DF-41 ဒုံးကျည်တစင်းသည် သီးခြားပစ်မှတ်များကို ပစ်ခတ်နိုင်သည့် နျူကလီးယားထိပ်ဖူး (MIRVs) ၁၀ ခုကို သယ်ဆောင်နိုင်သည်။ အမေရိကန် တပ်မတော်၏ ဒုံးကျည် ကာကွယ်ရေးစနစ်သည် DF-41 ၏ စွမ်းရည်ကို အပြည့်အ၀ ကာကွယ်ရန် ခက်ခဲသည်။
DF-41 တွင် နျူကလီးယား ထိပ်ဖူးများကို တပ်ဆင်ထားပါက ၎င်း၏ အဖျက်စွမ်းအားသည် လွန်စွာကြီးမားမည် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ယခင် ဆိုဗီယက်ပြည်ထောင်စုနှင့် လက်နက် ဖျက်သိမ်းရေး သဘောတူ စာချုပ်အရ MIRVs များ ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းထားသောကြောင့် နျူကလီးယား ချိန်ခွင်လျှာ တိမ်းစောင်းသွားသည်။
ရုရှား တနိုင်ငံတည်းကို ကြည့်ခဲ့သောကြောင့် အမေရိကန်စစ်ဖက်သည် ကမ္ဘာ့ တတိယ အင်အားအကြီးမားဆုံး နျူကလီးယား နိုင်ငံဖြစ်သည့် တရုတ်က DF-41 များနှင့် ချိန်ရွယ်ထားသည်နှင့် ရင်ဆိုင်နေရသည်။
အထက်ပါ စစ်ရေးပြပွဲတွင်လည်း ရေငုပ်သင်္ဘောမှ ပစ်ခတ်သည့် ဒုံးကျည် (SLBM) ကြီးမားသော လှိုင်းဟု ခေါ်သည့် Julang-2 ကိုလည်း ပြသထားသည်။
JL-2 ဒုံးကျည်များကို တောင်တရုတ်ပင်လယ် အလယ်ပိုင်း ရေပိုင်နက်တွင် ချထားသည့် ဂျင်အတန်းအစား နျူကလီးယား စွမ်းရည်သုံး ရေငုပ်သင်္ဘောများတွင် တပ်ဆင်ထားသည်။ ထိုရေပိုင်နက်တွင် တရုတ်ရေတပ်က ကျွန်းတုများ တည်ဆောက်ပြီး ဘေးကင်းဇုန်အဖြစ် ထူထောင်ရန် ကြိုးစားနေသည်။
တရုတ်နိုင်ငံသည် ပိုမိုတာဝေးပစ်နိုင်သော JL-3 ဒုံးကျည်ကိုလည်း တည်ဆောက်နေသည်ဟု ယူဆရသည်။ တရုတ်နိုင်ငံသည် JL-3 ဒုံးကျည်များ တင်ဆောင်သည့် နျူကလီးယား စွမ်းအင်သုံး နျူကလီးယား သုံးတန် အတန်းအစား မျိုးဆက်သစ် ရေငုပ်သင်္ဘောများကို ဖြန့်ကျက်ထားပါက အမေရိကန် နျူကလီးယား တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ပိုမို မြင့်မားလာမည် ဖြစ်သည်။
အလွန်မြန်သော ဒုံးကျည်များ၊ တိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ်များနှင့် တိုက်ချင်းပစ် ဒုံးကျည်များဖြင့် အမေရိကန် စစ်အင်အားကို တားဆီးမည့် ဘက်စုံနည်းလမ်းသည် လာမည့် ဆယ်စုနှစ်များတွင် ထိုင်ဝမ်ကို သိမ်းပိုက်ရေး ရည်မှန်းချက်ကို အထောက်အကူ ပြုသည်။
ထိုင်ဝမ်ကို သိမ်းပိုက်ရာတွင် တရုတ်နိုင်ငံသည် ဆိုက်ဘာ တိုက်ခိုက်မှုနှင့် လျှို့ဝှက် တိုက်ခိုက်ရေးသမားများကို ကြိုတင် စေလွှတ် ဖျက်ဆီးပြီး ထိုင်ဝမ်၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်ပင်သာယာရေးတို့ကို ဖရိုဖရဲဖြစ်စေကာ ယာယီ မင်းမဲ့ အခြေအနေ ဖြစ်စေမည် ဖြစ်သည်။
ထို့နောက် တရုတ်ကွန်မြူနစ်ပါတီ လိုလားသော ယာယီအစိုးရ၏ မေတ္တာရပ်ခံချက်အရ တရုတ်နိုင်ငံအရှေ့ပိုင်း စစ်မျက်နှာမှ ကြည်းတပ်၊ ရေတပ်၊ လေတပ်များသည် ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကူးမည်ဖြစ်ပြီး ကျွန်းပေါ် တက်မည် ဖြစ်သည်။
ထိုဖြစ်ရပ်သည် ယူကရိန်း၏ ခရိုင်းမီးယား ကျွန်းဆွယ်နှင့် အရှေ့ပိုင်းဒေသကို ရုရှားက သိမ်းယူသည့် ပုံစံမျိုးနှင့် အလားတူမည် ဖြစ်သည်။
ထိုကဲ့သို့သော စစ်ဆင်ရေးအတွက် စစ်ရေးပြပွဲတွင် ပြသခဲ့သည့် အပေါစား သံချပ်ကာ ယာဉ်များသည် လွန်စွာ သင့်တော်သည်။ အလားတူစွာပင် နှစ်ယောက်စီး လေယာဉ်ငယ်ဖြစ်သော Lie Ying သည်လည်း မြို့ကို ထိန်းချုပ်ရန်အတွက် ကွန်မန်ဒိုများကို အလျှင်အမြန် ချထားရာတွင် အသုံးဝင်မည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ၎င်း၏ စစ်အင်အားကို မလိုအပ်ဘဲ တိုးချဲ့နေခြင်းမဟုတ်ပေ။ တရုတ်အစိုးရသည် ၎င်း၏ စစ်ရေးစွမ်းရည်ကို ခေတ်မီအောင် ပြုလုပ်နေပြီး စစ်စီမံကိန်းကို စိတ်တွင် အမြဲ ထိန်းသိမ်းထားသည်။
လက်နက်တခုချင်းစီနှင့် ပတ်သက်ပြီး ပဟေဠိများ ရှိနေသေးသော်လည်း ၎င်းတို့၏ စွမ်းရည်သည် အချိန်နှင့်အမျှ တိုးတက်နေမည် ဖြစ်သည်။
ကိုးကား ။ ။ Nikkei Asian Review ၏ China’s military parade heralds ‘war plan’ for US and Taiwan
You May Also Like These Stories:
ဘင်္ဂလားပင်လယ်အော်မှ ကီလိုရေငုပ်သင်္ဘော သက်ရောက်မှု
ထိုင်းကြည်းတပ်အတွက် အမေရိကန်လုပ် သံချပ်ကာယာဉ်များရောက်ရှိ
အမေရိကန်-အာဆီယံ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ရာ မြန်မာ ဘာကြောင့်ပါသင့်သနည်း