ဘန်ကောက်က ပသူနန်းဈေး၊ အင်ဒရာ စကွဲ ရှော့ပင်းမောလ် ရှေ့ အိန္ဒိယနိုင်ငံသား ထောင်စုနှစ်လူငယ် (၂၁ ရာစုတွင် မွေးဖွား သို့မဟုတ် အရွယ်ရောက်ခဲ့ကြသူ) သူငယ်ချင်းများဖြစ်သည့် ရူးပတ်ရှ် Rupesh၊ အရှစ်ရှ် Ashish နှင့် ဆာရဘ် Sourabh တို့က အပေါက်ဝတွင် ရပ်ရင်း နောက်တနေရာကို သွားရန် စီစဉ်နေကြသည်။ သူတို့ထဲတွင် ၂ ယောက်က ဆော့ဖ်ဝဲလ် အင်ဂျင်နီယာများဖြစ်ကြ၍ ကျန်တယောက်က စွန့်ဦးတီထွင် လုပ်ငန်းရှင် ဖြစ်သည်။ ၂ ယောက်က မွမ်ဘိုင်း Mumbai တွင်နေပြီး ၁ ယောက်က ဟိုက်ဒြာဘတ် Hyderabad တွင် နေသည်။
တန်ဖိုးနည်း လေကြောင်းလိုင်းတခုဖြစ်သည့် အဲအေးရှား AirAsia ဖြင့် ထိုင်းနိုင်ငံ၏ မြို့တော်သို့ ရောက်ရှိလာခဲ့ပြီးနောက် နိုင်ငံအတွင်းတွင် ကျယ်ပြန့်သော ၈ ရက်ကြာ ခရီးစဉ်တခုကို သွားလာနေခဲ့ကြသည်။ သူတို့က စွန့်စားခြင်းကို သဘောကျသော၊ နည်းပညာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သော ခရီးသွားများဖြစ်ကြသည်။ ဒေသတွင်း ဘတ်စ်ကားများ၊ ရထားများနှင့် အငှားကားများကို အသုံးပြုကြသလို ဟိုတယ်များတွင် စာရင်းသွင်းရန်အတွက်လည်း Klook အပလီကေးရှင်းကို အသုံးပြုကြသည်။
သို့သော်လည်း သားသတ်လွတ် အစားအစာများ ရှာဖွေရာတွင်မူ ကမောက်ကမဖြစ်ကြရသည်။ ထိုင်းနိုင်ငံတွင်းမှ (အိန္ဒိယ) စားသောက်ဆိုင်များက သူတို့နိုင်ငံမှာထက် ပိုမို၍ ဈေးကြီးကြောင်း တွေ့ကြရသည်။ မည်သို့ပင်ဖြစ်စေ သူတို့က ဈေးဝယ်ရန် သူတို့ ပိုက်ဆံများကို သုံးစွဲရခြင်းကို သဘောကျကြသည်။
၃ ယောက်ထဲတွင် အရပ်အပုဆုံး ဖြစ်သည့် ဆာရဘ်က Ceritalah အဖွဲ့ကို ရှင်းပြသည်။
“ဒါက အိန္ဒိယနိုင်ငံ အပြင်ဘက်ကို ကျနော်တို့ရဲ့ ပထမဆုံးခရီးပဲ။ လေယာဉ်ခကလည်း တော်တော်လေး သက်သာပါတယ်။ ကျနော်တို့ ဖတ်တရာ Pattaya၊ ဖိဖိ Phi Phi ကျွန်း၊ ဖူးခတ် Phuket နဲ့ ဘန်ကောက်ကို သွားခဲ့ကြပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ဘန်ကောက်ကို (ကျန်တဲ့ဟာတွေလောက်) သဘောမကျဘူး။ ဘန်ကောက်က ပိုပြီး စိတ်လှုပ်ရှားစရာ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ထင်ထားခဲ့တာ။ ဖတ်တရာကတော့ ညဘက်လည်စရာတွေကြောင့် ပျော်စရာကောင်းပါတယ်။ ဖူးခတ်မှာတော့ ကျနော်တို့ ရေငုတ်ရင်း အချိန်ဖြုန်းတယ်။ရေကူးတယ်။ ကမ်းခြေမှာ အနားယူတယ်။ ”
လူငယ် ၃ ယောက်သည် လွန်ခဲ့သော ဆယ်စုနှစ် တခုခန့်က ခရီးသွားလုပ်ငန်းကဏ္ဍကို တရုတ်နိုင်ငံမှ မြောက်များစွာသော ဧည့်သည်များဖြင့် လှုပ်ခါပစ်ခဲ့သည့်အတိုင်း အရှေ့တောင်အာရှ၏ ခရီးသွားလုပ်ငန်းကဏ္ဍကို အသွင်ပြောင်းပစ်မည့် အရိပ်အယောင်များ ပြသနေသည့် လှိုင်းလုံးကြီးတခု၏ တစိတ်တပိုင်းလည်း ဖြစ်ပါသည်။

အတိုချုပ်ပြောရသော် (ယခုအခါ) အိန္ဒိယ နိုင်ငံသားများလည်း ခရီးသွားနေကြသည်။
လက်ရှိ အချိန်တွင် အရေအတွက်က တရုတ်နိုင်ငံသားများလောက် တရားလွန် များပြားခြင်း မရှိသော်လည်း တိုးတက်မှုနှုန်းက ခိုင်မာပြီး ရေရှည် အလားအလာက ကြီးမားသည်။
၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ အိန္ဒိယနိုင်ငံသား ၁.၆ သန်းခန့် လာရောက်ခဲ့ချိန်တွင် တရုတ်နိုင်ငံမှ ၁၀.၅ သန်း လာရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံက (တရုတ်၊ မလေးရှား၊ ကိုရီးယား၊ လာအိုနှင့် ဂျပန်နိုင်ငံတို့၏ နောက်တွင်) ထိုင်းနိုင်ငံ၏ ဆဌမမြောက် အကြီးဆုံး ခရီးသွားဈေးကွက်တခု ဖြစ်သော်လည်း ၂၀၁၉ ခုနှစ်တွင် ၎င်း၏ ခရီးသည် အရေအတွက် ၁.၈ သန်း လာရောက်မည်ဟု ခန့်မှန်းရခြင်းက အိန္ဒိယ နိုင်ငံကို ထိုင်းနိုင်ငံအတွက် တတိယမြောက် အရေးအကြီးဆုံး ဧည့်သည် အရင်းအမြစ် ဖြစ်အောင်ပြုလုပ်ပေးနေသည်။ ၂၀၃၀ ရောက်သည့်အချိန်တွင် အဆိုပါ ပမာဏက ၁၀ သန်း အထိ တိုးလာလိမ့်မည်ဟု မျှော်လင့်ရသည်။
ထိုလမ်းကြောင်းကို မည်သည့် အရာက မောင်းနှင်နေပါသနည်း။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးလာခြင်းကြောင့် တစိတ်တပိုင်း ဖြစ်ပါသည်။ ပျမ်းမျှဝင်ငွေက ၂၀၁၁-၁၂ တွင် တနှစ်လျှင် ရူပီး ၆၃၆၄၂ ရှိခဲ့ရာမှ ၂၀၁၈-၁၉ တွင် ၂ဆနီးပါး တက်သွားပြီး ရူပီး ၁၂၅၀၀၀ ဖြစ်လာသည်။
လက်ရှိ အချိန်တွင် အိန္ဒိယ ကမာ္ဘလှည့် ခရီးသည် ၂၅ သန်းကျော်က နှစ်တိုင်း နိုင်ငံရပ်ခြားသို့ ခရီးသွားနေကြသည်။ အဆိုပါ ပမာဏက နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအတွင်း တိုးတက်လာနေသည်ဟု ခန့်မှန်းရကြောင်း ကုလ သမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO)၏ အဆိုအရ သိရသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ် ခရီးသည် အရေအတွက် လျော့ကျဖွယ်ရာရှိသည့် အကြောင်းကို စဉ်းစားမည်ဆိုလျှင် ၎င်းတို့သည် ဥပေက္ခာပြုထားရန် မဖြစ်နိုင်သော ကိန်းဂဏန်း အချက် အလက်များဖြစ်ကြပါသည်။
ထို့ပြင် အိန္ဒိယ ခရီးသွားများက ဒေသတခုလုံးကို မြို့ကြီးများနှင့် ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းများရှိသော နေရာ တခုတည်း အဖြစ် သဘောထားလေ့ရှိကြသည်။ အရှေ့တောင် အာရှကို ကုန်ကျစရိတ် သင့်တင့်သော၊ လှိုက်လှဲဖော်ရွေ ၍ လုံခြုံစိတ်ချရပြီး ကွဲပြားစုံလင်သော ယဉ်ကျေးမှုများရှိသည့် နေရာတခုအဖြစ် သတ်မှတ်ကြသည်။
မလေးရှားနိုင်ငံမှ Suria KLCC တွင် Ceritalah အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် လူငယ်ဖခင်တယောက်ဖြစ်သော ဆန်တော့ရှ် Santosh က “ကွာလာလမ်ပူက ကျနော့်ရဲ့ ခရီးစဉ်မှာ ပထမဆုံး ရပ်နားတဲ့ နေရာပါ။ ကျနော် ဒီမှာ တပတ်နေမယ်။ ပြီးရင် အိန္ဒိယကို မပြန်ခင် စင်ကာပူနဲ့ ဘာလီကို သွားမယ် ” ဟု ပြောပြသည်။
ဆက်သွယ်ရေးကောင်းမွန်မှုနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များက အရေးပါသည်။ ထိုင်းနိုင်ငံသို့ အိန္ဒိယ ခရီးသွား အလွန်တိုးတက်လာခြင်းမှာ ဘန်ကောက်နှင့် အိန္ဒိယ နိုင်ငံမှ ဂျိုင်ပူရ် Jaipur၊ ကိုချီ Kochi နှင့် ဗာရာဏသီ ကဲ့သို့သော ဒုတိယနှင့် တတိယအဆင့်မြို့ကြီးများကြားတွင် လမ်းကြောင်းသစ် အများအပြား ပေါ်ပေါက်လာခြင်း၏ တွန်းအားကြောင့် ဖြစ်သည်။

အိန္ဒိယနိုင်ငံမှ စရိတ်နည်းလေကြောင်းလိုင်း ဖြစ်သည့် အင်ဒီဂိုး IndiGo က အရှေ့တောင်အာရှ ဒေသတွင်းသို့ တိုးချဲ့ လာနေသည်။ အောက်တိုဘာလမှစတင်၍ ကိုလ်ကတ္တား Kolkata မှ ဟနွိုင်း Hanoi နှင့် ဟိုချီမင်းစီးတီး Ho Chi Minh City မြို့များသို့ ဆက်သွယ် ပျံသန်းပေးနေသည်။ ထိုသို့ပြုလုပ်ခြင်းက ဗီယက်နမ်နိုင်ငံကို ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် မြန်မာတို့ပြီးလျှင် ဒေသအတွင်း မှ စတုတ္ထမြောက် ခရီးစဉ်နေရာတခု ဖြစ်စေခဲ့သည်။
သို့သော်လည်း ယခုနှစ်အတွင်းတွင် ဂရူဒါ အင်ဒိုနီးရှား Garuda Indonesia လေကြောင်းလိုင်း၏ ဒမ်ပါဆာ-မွမ်ဘိုင်း Denpasar-Mumbai ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း အိန္ဒိယနှင့် အင်ဒိုနီးရှားကြားတွင် တိုက်ရိုက်လေကြောင်းခရီးစဉ် မရှိတော့ပါ။ ထိုသို့ ဖြစ်သွားခြင်းက အိန္ဒိယတိုက်ငယ်မှ လက်ထပ်ပြီးစ လူငယ် ဇနီးမောင်နှံများကြားတွင် အလွန်လူကြိုက်များသည့် နေရာတခုဖြစ်သည့် ဘာလီသို့ အိန္ဒိယနိုင်ငံမှ နေ၍ သွားရောက်ရေးကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။
အိန္ဒိယ ကမာ္ဘလှည့် ခရီးသည်များက စီမံထိန်းသိမ်းရန် မလွယ်ကူဟု စွပ်စွဲမှုများ ရှိသော်လည်း သူတို့က ဒေသတွင်း စီးပွားရေးလုပ်ငန်းများတွင် တရုတ်ခရီးသွားများထက် များစွာ ပိုမို၍ ငွေကြေးသုံးစွဲကြသည်။

တရုတ် ကမာ္ဘလှည့်ခရီးသည် အများစုက အစအဆုံး ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည့် ခရီးစဉ်များကို ပိုသဘောကျ ကြသည်။ ရလဒ်အနေဖြင့် သုံးစွဲသည့် ငွေကြေးအများစု တရုတ်ပြည်မကြီးပိုင် ခရီးသွားလုပ်ငန်းများက ထိန်းချုပ်ထား သည့် စီးပွားရေးလုပ်ငန်းများဆီသို့ တိုက်ရိုက်ရောက်ရှိသွားကြသည်။ ထို့ကြောင့် အိမ်ရှင်နိုင်ငံများတွင် ဝင်ငွေ လုံးဝ မရသလောက် နီးပါးဖြစ်သည့် ဇီးရိုးဒေါ်လာ ခရီးသွားလုပ်ငန်းကို အဆင်ပြေချောမွေ့စေသည်။
ယှဉ်ကြည့်မည်ဆိုလျှင် (ဘန်ကောက်တွင် အိန္ဒိယနိုင်ငံသား လူငယ် ၃ ယောက်ကို မြင်တွေ့ရသည့် အတိုင်းဆိုပါက) အိန္ဒိယ ကမာ္ဘလှည့်ခရီးသည်များက ပို၍ အမှီအခိုကင်းသည့် အသွင်ဖြစ်သည်။ သူတို့၏ ခရီးစဉ်အတွက် ကိုယ်တိုင် ကြိုတင်စာရင်းသွင်းကြသည်။ TripAdvisor နှင့် Agoda ကဲ့သို့သော အပလီကေးရှင်းများကို အသုံးပြုကြသည်။
သူတို့က ဧည့်လမ်းညွှန်ဦးဆောင်မှုမှ လွတ်မြောက်ရန်နှင့် ဒေသခံများနှင့် ထိတွေ့ ဆက်ဆံရန် ပို၍ ဆန္ဒရှိ သည့် အသွင်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အစားအသောက်အတွက် တယောက်လျှင် ဘတ် ၁၀၀၀ ခန့် သုံးစွဲကြောင်း လူ ငယ် ၃ ဦးကပြောသည်။ တခါတရံ ဘားတွင် ရှင်းရသည့် ပိုက်ဆံက ဘတ် ၈၀၀ ကျော်သွားတတ်သည်။
မှန်ပါသည် အိန္ဒိယ ကမာ္ဘလှည့် ခရီးသည်များ အမြောက်အများ ဒလဟော ဝင်ရောက်လာခြင်းတွင်လည်း ဆိုင်ရာဆိုင် ရာ စိန်ခေါ်မှုများ ရှိတတ်ပါသည်။
ဇူလိုင်လ အတွင်းက ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့သော အငြင်းပွားဖွယ်ရာ ဗီဒီယို တခု၌ အိန္ဒိယ နိုင်ငံသား မိသားစု တခုကို သူတို့ တည်းခိုနေခဲ့သော ဘာလီဟိုတယ်တခုမှ အုပ်ချုပ်သူများက အိတ်များ ဖွင့်ပြခိုင်းသည်ကို မြင် တွေ့ခဲ့ရသည်။
သူတို့က အခန်းများအတွင်းမှ အလှဆင်ပစ္စည်းများနှင့် အသုံးအဆောင်များကို ခိုးယူသွားခဲ့ကြပြီး လူမိသွားသည့်အခါ ယူခဲ့သမျှ အားလုံးအတွက် ငွေပေးမည်ဟု ပမာမခန့် ကမ်းလှမ်းခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။

ဘာလီရှိ ပြည်တွင်းဟိုတယ်တခုမှ လုပ်ငန်း မန်နေဂျာတယောက်ဖြစ်သည့် အားဒီ Ardi က အိန္ဒိယ ကမာ္ဘလှည့် ခရီးသည်များ နှင့် ဆက်ဆံရာတွင် အကြီးမားဆုံး စိန်ခေါ်မှုများမှာ အစားအစာနှင့် ဈေးဆစ်သည့် ကိစ္စများကို ဖြေရှင်းရသည့် နေရာတွင် ဖြစ်သည်ဟု ဆိုသည်။
“အများစုက သူတို့လျှာနဲ့ အပြောင်းအလဲဖြစ်မယ့် အစားအစာကို တည်ခင်းပေးဖို့ မျှော်လင့်ကြတယ်။ အစားအသောက်၊ အားကစားနဲ့ အနှိပ်အတွက် အမြဲတမ်းလျှော့ဈေးပေးဖို့ တောင်းဆိုကြတယ်။ အဲဒါတွေ ကျနော်တို့ဆီမှာ မရရင်တောင် မှပေါ့”
သို့သော်လည်း ယဉ်ကျေးမှုဆိုင်ရာကိစ္စများကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု အားဒီက မှတ်ချက်ချသည်။
အိန္ဒိယ မြို့ကြီးများနှင့် အရှေ့တောင်အာရှ၏ ခရီးသွား အချက်အခြာနေရာများကြားတွင် တိုက်ရိုက် လေယာဉ် ခရီးစဉ် အရေအတွက် တိုးမြှင့်ခြင်းအပြင် နောက်ထပ် အထောက်အကူဖြစ်စေမည့်အရာမှာ ဗီဇာကင်းလွတ်ခွင့် ပိုမိုရရှိရေး ဖြစ်သည်။
ထိုင်းနိုင်ငံက ဆိုက်ရောက်ဗီဇာကြေးကို လျှော့ပေးခဲ့သည့် အချိန်တွင် အင်ဒိုနီးရှားကလည်း လုပ်ခဲ့ပြီးဖြစ်သည်။ အခြား အရှေ့တောင်အာရှ နိုင်ငံများက ကိုက်ညီအောင် လုပ်နိုင်ကြမည်မှာ သေချာသည်။ သို့မဟုတ် ၎င်းထက်သာအောင် ပြုလုပ်နိုင်ကြပါမည်လား။
အိန္ဒိယ၏ စီးပွားရေးက အကျဘက်သို့ ရောက်ကောင်းရောက်နေနိုင်သော်လည်း တောင်အာရှ၏ နိုင်ငံကြီးမှ ကမာ္ဘလှည့် ခရီးသည်များက ကျနော်တို့ ဒေသတွင်းတွင် တိုးပွားလာနေသည့် အင်အားစုတခု ဖြစ်လာသည်ကို ဥပေက္ခာပြု၍ မရနိုင်ပါ။
အိန္ဒိယ နိုင်ငံသားများ လာနေကြပါပြီ။ အရှေ့တောင်အာရှက အကောင်းဆုံးပြင်ဆင်ထားရန်သာ ရှိ၏။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
You May Also Like These Stories:
မယဉ်ကျေးသော တရုတ်ခရီးသွားများကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်
ပုဂံ ဒေသ ရေရှည်တည်တံ့ရေး တနိုင်ငံလုံး အတိုင်းအတာဖြင့် အသိပညာပေးရန် လို
ဗီယက်နမ် ပြန်လည်ပေါင်းစည်းရေး အမြန်ရထား စီးခြင်း