ဆောင်းပါး

တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက်

Want create site? Find Free WordPress Themes and plugins.

နေမွန်းတည့်ချိန် ရောက်ပြီ ဖြစ်သော်လည်း ဈေးကွဲမသွားသေးဘဲ မန္တလေးကျောက်ဝိုင်းအတွင်း ရောင်းသူ ဝယ်သူများနှင့် ပြည့်နှက် စည်ကားနေသည်။

ထိုသူများထဲတွင် တရုတ်ကျောက်ကုန်သည် များစွာလည်း အပါအဝင် ဖြစ်သည်။ ၂၀၁၆ ခုနှစ် ရှေ့ပိုင်း နှစ်များက မွန်းလွဲပိုင်းရောက်ပြီဆိုသည်နှင့် ကျောက်ဝိုင်းသည် တဖြည်းဖြည်း တိတ်ဆိတ်ခြောက်ကပ် သွားသော်လည်း ယခုမူ WeChat အသုံးပြုသူများကြောင့် ညနေအထိ ပွဲစား၊ ဝယ်ရောင်းများနှင့် ကြိတ်ကြိတ်တိုးနေဆဲ ဖြစ်သည်။

၂ ပေခန့်ကျယ်သည့် စားပွဲရှည်ပေါ်တွင် အစီအရီ တင်ထားသော ကျောက်စိမ်း လက်ကောက်၊ လက်စွပ်တို့ကို ဖုန်း ကင်မရာမှတဆင့် တခုချင်း အသေအချာ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်၊ တရုတ်ဘာသာစကားဖြင့် ဖုန်းပြောလိုက်၊ စိတ်ကြိုက် မဖြစ်လျှင် အနီးတွင် ရပ်စောင့်နေသော မြန်မာကျောက်ပွဲစားကို ခေါင်းတခါခါဖြင့် စကားပြောလိုက် လုပ်နေ သော တရုတ်ကျောက်ကုန်သည်များကို မန္တလေးကျောက်ဝိုင်းအတွင်း လက်ညှိုးထိုးမလွဲတွေ့ရမှာ ဖြစ်သည်။

“ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတဲ့ဈေးကို မပြောရသေးဘူး။ ဟိုဘက်(တရုတ်ပြည်ရှိကုန်သည်)ကိုပြတော့ ကျောက်က သိပ်မလှလို့ မကြိုက်ဘူးဆိုပြီး ငြင်းလို့ပြန်သိမ်းလာတာ” ဟု ကျောက်ဝိုင်းအတွင်းမှ တရုတ်ကျောက်ပွဲစား ၏ We Chat အကောင့်မှ တဆင့် ကျောက်ရောင်းရန် ပြခဲ့သော်လည်း အရောင်း အဝယ် မဖြစ်ခဲ့သော ကျောက်ပွဲစား ကိုနေမျိုးက ဧရာဝတီကို ပြောသည်။

ကိုနေမျိုးကဲ့သို့ပင် မန္တလေးရှိ ကျောက်ဝိုင်းတွင် တရုတ်နိုင်ငံ၏ ဆိုရှယ် မီဒီယာ တခု ဖြ စ်သော “WeChat” Application ကို အသုံးပြုကာ ကျောက်စိမ်း အရောင်းအဝယ်လုပ် နေသူများစွာ ရှိ သည်။

We Chat ဆိုသည်က မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ သုံးနေသည့် သည့် ဖေ့ဘုတ်စ် Messenger ကဲ့သို့ပင် အကောင့်ဖွင့်ထားပါက အင်တာနက်ကို အသုံးပြုကာ မည်သူမဆို မိတ်ဆွေမိသားစုများနှင့် အပြန် အလှန် စကားပြောနိုင်၊ ဗီဒီယိုဖုန်း ခေါ်ဆိုနိုင်သော ဆိုရှယ်မီဒီယာ Application တမျိုးဖြစ်သည်။

Facebook အသုံးပြုခွင့် ပိတ်ထားသော တရုတ်နိုင်ငံအတွင်း ဖေ့ဘုတ်ကဲ့သို့ တွင်ကျယ်သည့် Application ဖြစ်ကာ လက်ရှိ အသုံးပြုသူဦးရေ ၁ ဘီလျှံကျော်ရှိသည့် တရုတ် ဆိုရှယ်မီဒီယာတခု ဖြစ်၏။

မန္တလေးကျောက်ဝိုင်းဟု အလွယ်ခေါ်ကြသည် မန္တလေးမြို့၏ ပင်မကျောက်စိမ်းဈေးကွက် “မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း” ကို ၂၀၀၀ ခုနှစ် နှစ်ဆန်းက စတင်ဖွင့်လှစ်ခဲ့ တာ ယနေ့ဆို နှစ် ၂၀ နီးပါး သက် တမ်း ရောက် ရှိတော့မည်။

ဆယ်စုနှစ် ၂ခုနီးပါး သက်တမ်း ဖြတ်သန်းလာပြီးဖြစ်သည့် မန္တလေးကျောက်ဝိုင်းတွင် We Chat ကိုသုံးပြီး အရောင်း အဝယ်လုပ်သည့် ဓလေ့က ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည် ဟုမန္တလေးကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီ အတွင်းရေးမှုး ဦးမျိုးမြင့်နိုင်က ဧရာဝတီကို ပြောသည်။

“We Chat ကို ကျောက်သမားတွေ အရင်ကမကြိုက်တာ နားမလည်လို့ မကြိုက်ကြတာ။ အခုတော့ ခေတ်ရေစီး ကြောင်းအလိုက် ဖုန်းတလုံးနဲ့ ဘာမဆို ဝယ်လို့ရတဲ့ခေတ် ရောက်သွားပြီ” ဟု ဦးမျိုးမြင့်နိုင်က ပြောသည်။

ကျောက်ဝိုင်းအတွင်း နေ့စဉ်ဝင်ထွက် အရောင်းအဝယ်လုပ်နေသူ ပြည်တွင်းပြည်ပ ကျောက်ကုန်သည် ၂ သိန်းဝန်း ကျင် ရှိသည့်အနက် ပြည်ပကုန်သည်အရေအတွက်မှာ ၁ ထောင်ကျော်ခန့်ဖြစ်ကြောင်း မန္တလေးကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီထံမှ သိရသည်။

၂၀၁၄ ခုနှစ်အလွန်ကာလများမှ စတင်ကာ တရုတ်ဝယ်လိုအား ကျဆင်းလာသလို တရုတ်ဝယ်လက်သာ အဓိကဖြစ် သော မန္တလေးကျောက်စိမ်း ဈေးကွက်လည်း ဈေးကွက် ပျက်လာသလို အရောင်းအဝယ်များ အေးစက်ခဲ့ပြီး ကျောက် တန်ဖိုးများလည်း မူလထက် ၄၀ ရာခိုင်နှုန်းခန့် တဖြေးဖြေး ကျဆင်းခဲ့သည့် အခြေအနေ သို့ရောက်ရှိခဲ့သည်။

“လက်ရှိတရုတ်သမ္မတ ရှီကျင့်ဖျင့် တက်လာကတည်းက မြန်မာ့ကျောက်စိမ်းဈေးကွက်က မကောင်းတော့တာ” ဟု “သူ့စေတနာထိုက်”ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးအောင်ဝင်းက ဧရာဝတီကို ပြော သည်။

၂၀၁၃ ခုနှစ် မတ်လမှ တရုတ်နိုင်ငံသမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော မစ္စတာရှီကျင့်ဖျင့်သည် ၎င်း တက်လာပြီး မကြာခင် အစိုးရအဖွဲ့အတွင်း အဂတိတိုက်ဖျက်မှုအစီအမံကို အကောင်အထည်ဖော်ခဲ့သည်။

တရုတ်လူမျိုးများ၏ ယုံကြည်မှုရိုးရာအရ ကျောက်စိမ်းသည် ကံကောင်းစေသောရတနာ တပါးအဖြစ် ခံယူထားသလို တံစိုးလက်ဆောင်များ ပေးရာတွင် ငွေကြေးအစား တန်ဖိုးကြီးသည့် ကျောက်စိမ်း အဆင်တန်ဆာ များကိုသာ အဓိက ပေးကြသည့် အတွက်ဖြစ်သည်။

ထိုသို့ အဓိက ဝယ်လက်နိုင်ငံ၏ မူဝါဒအပြောင်းအလဲကြောင့် မြန်မာကျောက်စိမ်းကုန်သည်များ ဈေးကောင်း မရ၊ ကျောက်မရောင်းရသဖြင့် လက်ထဲငွေအောင်း၊ အိမ်ပေါင် တိုက်ပေါင်စသည့် ကိစ္စများလည်း အလျှိုလျှိုဖြစ်ခဲ့ကြ သည်ဟု မန္တလေးကျောက်စိမ်းဈေးကွက်ရှိ ကုန်သည်များက ၂၀၁၄ ခုနှစ်နောက်ပိုင်း ဖြတ်သန်းခဲ့ရသော အတွေ့အကြုံတို့ကို ပြန်ပြောင်းပြောပြကြသည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် တရုတ်ကုန်သည်များ၏ WeChat Application မှတဆင့် ကျောက်အရောင်း အဝယ် လုပ်သည့်စနစ် မန္တလေးကျောက်ဝိုင်းတွင် ခေတ်စားလာခဲ့ရာ အနိမ်ပိုင်းကျောက်များ We Chat ဖြင့် အရောင်းအဝယ် လုပ်ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

လက်ရှိအခြေအနေအရ We Chat ကိုအသုံးပြုကာ ကျောက်အရောင်းအဝယ် လုပ်နေသူအရေအတွက်သည် ကျောက်သမားများ၏ ၅၀ ရာခိုင်နှုန်း အထက်သို့ ရောက်လာပြီဖြစ်ကြောင်း ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီမှ သိရသည်။

“We Chat ကြောင့် ဈေးကွက်သွက်လာတာ။ ဘာပဲပြောပြော ခါးပိုင်း(တန်ဖိုးနိမ့်ကျောက်) ကျောက်သမား အများစု ကတော့ သူ(We Chat)ကြောင့်မို့ အသက်ရှုချောင်လာကြတာ” ဟု We Chat App အသုံးပြုကာ အရောင်းအဝယ် လုပ်သူ တဦးလည်း ဖြစ်သူ သူ့စေတနာထိုက် ကျောက်မျက်ကုမ္ပဏီမှ ဦးအောင်ဝင်းက ပြောသည်။

ပြီးခဲ့သောစက်တင်ဘာနှင့် ယခုလဆန်းပိုင်းက We Chat Application က ၎င်းတို့နည်းပညာနှင့် လုံခြုံရေးပိုင်း ဆိုင်ရာ အဆင့်မြှင့်ရန် ယင်းစနစ်အား ၃ ရက်ခန့် ရပ်နားခဲ့ရာ ကျောက်ဝိုင်းအတွင်း အရောင်းအဝယ် ၅၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း ခဲ့သည်ဟု ကျောက်သမားများက ပြောပြသည်။

ထိုမျှ အထိ We Chat App က မန္တလေးကျောက်ဝိုင်း အတွင်း အရေးပါတွင်ကျယ်လျက် ရှိသည်။

သို့သော် We Chat ဖြင့် အရောင်းအဝယ် ပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးကိစ္စ အ၀၀နှင့် ပတ်သက်၍မူ မန္တလေးကျောက်ဝိုင်းတွင် အထိုင်လုပ်ကာ We Chat ဖြင့် ကျောက်အရောင်းအဝယ်လုပ်ကြသော တရုတ် ကုန်သည် အပါအဝင် တဖက် တရုတ်နိုင်ငံမှပင် အထိုင်ချကာ App မှ တဆင့် ကျောက်ဝယ်ယူရန် ပြုလုပ်ကြသော တရုတ်ကုန်သည် တို့အား လက်ခံထားသော မြန်မာဆိုင်ရှင်များက တာဝန်အပြည့်အဝယူရမည်ဟု ကျောက်ဝိုင်း အကျိုးတော် ဆောင် ကော်မတီက စည်းကမ်းချက်ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ရခြင်းမှာလည်း We Chat ဖြင့် အရောင်းအဝယ် စခဲ့သောကာလများက တဖက် တရုတ်ကုန်သည် သည် အရောင်းအဝယ်မလုပ်လိုသည့်အခါ၊ ပွဲဖျက်လိုသည့်အခါ အွန်လိုင်းမှ ကျောက်ကြည့်နေရင်း အင်တာနက် လိုင်းပြတ်တောက်သည့် ပုံစံဖန်တီးကာ ပွဲဖျက်သဖြင့် မကြာခဏ အရောင်း အဝယ် ဖျက်ခံရသည့်အတွက် ထိုသို့ စည်းကမ်းချက် ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်နိုင်က ရှင်းပြသည်။

WeChat ကိုအသုံးပြုကာ ကျောက်အရောင်းအဝယ် ပြုလုပ်ခြင်း၌ အဓိက အားနည်းချက်နှစ်ခု ရှိနေသေးသည်။

ပထမအချက်မှာ တိုက်ရိုက်ဝယ်သူနှင့် ထိတွေ့ခြင်း မဟုတ်ဘဲ ဆိုရှယ်မီဒီယာတခုကို ကြားခံအသုံးပြု၍ မိမိ ကုန်ပစ္စည်း (ကျောက်)အား ပြသကာ ဈေးပေး ရောင်းချရခြင်း ဖြစ်၍ ယင်းဆိုရှယ်မီဒီယာကို အသုံးပြုနေသူတိုင်း ယင်းကုန်ပစ္စည်း တန်ဖိုးကို အလိုအလျောက် သိရှိကြပြီး ဝယ်သူတဦးနှင့် အလုပ်မဖြစ်ပါက အခြားဝယ်သူများက ဈေးနှိမ်မှုကို ခံရခြင်း ဖြစ်သည်။

ကျောက်မျက်လုပ်ငန်းကို နှစ် ၂၀ ကျော်လုပ်ကိုင်လာသူ သဇင်ပန်း ကျောက်မျက်အရောင်းဆိုင်ပိုင်ရှင် ဒေါ်ခင်လေးမြင့်က “အန်တီက We Chat နဲ့ တခါမှကျောက်မရောင်းဖူးဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကျောက်ကို ဟိုအော်ဒီအော်နဲ့ မတန်တဆ ဈေးဆစ်တဲ့ဒဏ်မခံချင်လို့” ဟု ဧရာဝတီကို ပြောသည်။

ထိုကြောင့် မြန်မာကျောက်သမား အများစုသည် We Chat ပေါ်တွင် သိန်းထောင် သောင်းချီ တန်သော ကျောက်များ ထက် များသောအားဖြင့် ကျပ်သိန်းရာဂဏန်း၊ ဆယ်ဂဏန်းတန်ကျောက်များကိုသာ အရောင်းအဝယ် ပြုလုပ်လေ့ရှိ သည်ဟု သိရသည်။

ဒုတိယအချက်မှာ ပိုအရေးကြီးပါသည်။ We Chat သည် ဆိုရှယ်မီဒီယာ တခုအဖြစ်သာမက WeChat Pay ဝန်ဆောင်မှုအဖြစ် ပြည်တွင်းပြည်ပအွန်လိုင်း ငွေပေးချေမှု ဝန်ဆောင်မှုကိုပါ ရရှိနိုင်သော Application တခုဖြစ်ရာ ကျောက်အရောင်းအဝယ်လုပ်သော တရုတ်ကုန်သည်နှင့် မြန်မာကျောက်ပွဲစားတို့အကြား အများစုသည် ပြည်တွင်း ဘဏ်များမှ ငွေကြေးလွှဲပြောင်းခြင်း စီးဆင်းမှုထက် အွန်လိုင်းငွေပေးချေမှုကို အသုံးပြုကြသဖြင့် မြန်မာနိုင်ငံအတွက် ရသ့င်ရထိုက်သော အခွန်အခများ ဆုံးရှုံးနေခြင်းဖြစ်သည်။

ပြည်ထောင်စု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ကျောက်မျက် ရတနာရောင်းချခွင့်နှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင် ၃မျိုး ခွင့်ပြုပေး ထားရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက် ရတနာ အချောထည်နှင့် ရုပ်တုရုပ်ထွင်းများ ပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်းအချောများ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်တို့ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရ ရောင်းဝယ်ရေးလုပ်ငန်း (မန္တလေး တိုင်း)မှ ဒုတိယအထွေထွေ မန်နေဂျာ ဦးမောင်မောင်ရှိန်က ဆိုသည်။

ယင်းလိုင်စင် ၃ ခုအနက် We Chat Pay အရောင်းအဝယ်ဖြင့် အများဆုံးသက်ဆိုင်သော ကျောက်မျက် ရတနာ အချော ထည်နှင့် လက်ဝတ် ရတနာရောင်းဝယ်ခြင်း လိုင်စင်တွင် နိုင်ငံခြားသို့ ရောင်းချမည်ဆိုပါက အခွန်ပြေစာ ဖြတ်ပိုင်း (Cash Memo) တွင် ရောင်းချသည့် ပစ္စည်းအရေအတွက်၊ တန်ဖိုးတို့ကို မှတ်သားကာ သတ်မှတ်အခွန်အခများ ဖြစ် သော အထူးကုန်စည်ခွန်၊ ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်တို့ကို ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပေးဆောင်ရခြင်းဖြစ် သည်။

အဆိုပါ ပြေစာပါရှိမှသာ ဝယ်ယူထားသောကျောက်များအား ပြည်ပသို့ သယ်ဆောင်ခွင့်ရှိမည်လည်း ဖြစ်သည်။

သို့ရာတွင် မြန်မာကျောက်ကုန်သည်များ၏ ခန့်မှန်းချက်အရ We Chat Pay ဖြင့် ပြုလုပ်သော ကျောက် အရောင်းအဝယ်များ၏ ၄၀ ရာခိုင်နှုန်းခန့်သည် Cash Memo ဖြင့် မဖြတ်ဘဲ အရောင်းအဝယ် ပြုလုပ်ကြသလို ကျောက်ဝယ်ယူ သွားသော တရုတ်ကုန်သည်များ ဘက်ကလည်း နိုင်ငံခြားသို့ ကျောက်မျက်အချောထည်များ တင်ပို့လိုပါက မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက ဖွင့်လှစ် ထားသော One Stop Service စနစ်ကို မသုံးကြဘဲ လက်ရှိ မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော တရုတ်အမြန်ချောပို့ ပုဂ္ဂလိက ကုမ္ပဏီများဖြင့်သာ တရုတ်ပြည်သို့ ပို့ဆောင်နေကြသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းက ပြဌာန်းခဲ့သော မြန်မာ့ကျောက်မျက်ရတနာဥပဒေ၏ နည်းဥပဒေအား ဆက်လက် ပြဌာန်း နိုင်ရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပြီးခဲ့သောစက်တင်ဘာလက ပေးပို့ခဲ့ပြီး ဖြစ်သည် ။

အဆိုပါနည်းဥပဒေတွင် ကျောက်စိမ်း အပါအဝင် ကျောက်မျက်အချောထည် ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျောက်မျက်ပြပွဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်အစိုးရများအား လုပ်ပိုင်ခွင့် အချို့ ခွဲဝေပေးထားခြင်း အချက်တို့ ထည့်သွင်းပါရှိ လာသော်လည်း ပြည်ပအွန်လိုင်း ငွေပေးချေမှုဖြင့် ကျောက်မျက် အချော ထည် အရောင်းအဝယ်လုပ်ခြင်း ကဏ္ဍအတွက် သီးခြား ထည့် သွင်း ရေးဆွဲထားခြင်း မရှိဟု မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဧရာဝတီကို ပြောသည်။

မန္တလေးမြို့ခံ ကျောက်ကုန်သည် ကိုဖြိုးက “ဥပဒေ၊ နည်းဥပဒေ ဘယ်လောက်ပြည့်စုံပါတယ် ဆိုဦးတော့ ကိုယ့်နိုင်ငံက ဌာနကရာ၊ ကုန်သည်ပါ လက်တလုံးခြား လုပ်တတ်တဲ့အကျင့်တွေနဲ့က ခုထိ ယဉ်ပါး နေတုန်းပဲလေ” ဟု ပြောသည်။

ပြည်ပနိုင်ငံတခု၏ အွန်လိုင်း ငွေကြေးဝန်ဆောင်မှု တခုကို မိမိနိုင်ငံအတွင်း အသုံးပြုမည် ဆိုပါက ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိရန် လိုအပ်ခြင်း၊ ထိုငွေကြေးဝန်ဆောင်မှုကြောင့် နှစ်ဦးနှစ်ဖက်ညီမျှသော အကျိုးခံစားခွင့်တို့ ရရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်၏ အငြိမ်းစားဒုဥက္ကဌ ဦးသန်းလွင်က သုံးသပ်ရှင်းပြသည်။

လက်ရှိတွင်လည်း ဘဏ်ဆိုင်ရာစီးပွားရေးအကြံပေးတစ်ဦးဖြစ်သူ ဦးသန်းလွင်က “နိုင်ငံခြားက Online Payment တခုကို ခွင့်ပြုချက်မရှိဘဲ ကိုယ့်ဆီမှာ လက်ခံသုံးစွဲနေတာ ရေရှည်ကျရင် ထိန်းချုပ်ရ ခက်လာလိမ့်မယ်။ အဲဒီအပေါ်မှာ သက်ဆိုင်ရာတာဝန်ရှိသူများက တစုံတရာမရိပ်စားမိရင်တော့ IQ နိမ့်လို့ပဲနေမှာပါ” ဟု ထောက်ပြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပမှ အွန်လိုင်းငွေပေးဆောင်မှု စနစ်တစ်ခုအား ပြည်တွင်း၌ ခွင့်ပြုချက် မရှိ တွင်ကျယ်စွာ အသုံးပြုနေခြင်းအပေါ် တစုံတရာ ကြပ်မတ်ရန် အချိန်တန်ပြီဖြစ်သလို ထိုသို့သော ဝန်ဆောင်မှုများအား ပြည်တွင်းဘဏ်များအား ဆောင်ရွက်ခွင့်ပေးရန် ဖြေလျှော့ပေးသင့်ကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် လက်ရှိအနေအထားအရ ပြည်တွင်းဘဏ်များအနေဖြင့် ထိုသို့သောဝန်ဆောင်မှုမျိုး ဆောင်ရွက်ရန် အကန့်အသတ်နှင့် စိန်ခေါ်မှုများ ရှိနေသေးသလို အဓိကအားဖြင့် နည်းပညာနှင့် အခြေခံ အဆောက်အအုံ မပြည့်စုံခြင်းတို့ ဖြစ်သည်ဟု ၎င်းက သုံးသပ်ပြသည်။

ထို့အတူ တရုတ်နိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အစဉ်အလာအရ နိုင်ငံရေးနှင့်စီးပွားရေးအပေါ် သီးခြားစီ ခွဲထား မှုအားနည်းကြောင်း၊ အကယ်၍ နိုင်ငံရေးအရ စဉ်းစားစရာများ ဖြစ်လာပါက စီးပွားရေးအပေါ် တွင်လည်း မူဝါဒ အပြောင်းအလဲ မကြာခဏ ပြုလုပ်လေ့ရှိသည့် နိုင်ငံဖြစ်သောကြောင့် ထိုအချက်ကိုလည်း ထည့်သွင်း စဉ်းစားကာ မိမိနိုင်ငံအကျိုးစီးပွားအတွက် တင်ကြိုကာကွယ်မှုများ လုပ်ထားရန် လိုအပ်လိမ့်မည်ဟု ဦးသန်းလွင်က ပြောသည်။

ကျောက်စိမ်း၏ အဓိကဝယ်လက်ဖြစ်သော တရုတ်၏ ဝယ်လိုအား ကျသွားသောအချိန်၌ ဈေးကွက်ပျက်ခဲ့ရ သော မြန်မာကျောက်စိမ်းကဏ္ဍသို့ We Chat စနစ်က အခြေခံကျောက်သမား အများစုအတွက် ပြန်လည်အသက်ရှုချောင် စေခဲ့သော်လည်း We Chat Pay ကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများလည်း ဆုံးရှုံးနေ ဆဲဖြစ်သည်။

၃ နှစ်ကာလအတွင်း မန္တလေးကျောက်စိမ်းဈေးကွက်၏ ၅၀ ရာခိုင်နှုန်းကျော် မှီခိုလာရသည့် အထိ WeChat သည် မြန်မာကျောက်မျက်လောကအတွင်း အမြစ်တွယ်လာသလို ထိုအရောင်းအဝယ်မှတဆင့် နိုင်ငံအတွက် ရသင့် ရထိုက် သောအခွန်အခများဝင်လာရန် သက်ဆိုင်ရာတာဝန်ရှိဌာနများက ခိုင်မာသောမူဝါဒများ ချမှတ်ရန် လိုအပ်နေပြီ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading