အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင် ပတ်လည်ကြား ပလောင် ထဘီနှင့် နွမ်းရော်နေသည့် အဝါရောင် အနွေးထည် ကို ဝတ်ဆင်ထားသော ပိန်ပါးပါး ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီး တဦးသည် ဝါးခြမ်းပြားများဖြင့် ပြုလုပ်ထားသည့် ခြံစည်း ရိုး တန်းများကို ဆုပ်ကိုင်ကာ ခြံဝန်း အတွင်းဘက်သို့ တွေတွေကြီး ငေးကြည့်နေသည်။
ထိုအမျိုးသမီး၏ ကျောပေါ်တွင် လသားအရွယ် ကလေးငယ်တဦးကို လွယ်ထားသလို အောက်တွင်လည်း ၂ နှစ်၊ ၃ နှစ် ခန့်အရွယ် ကလေးငယ် ၂ ဦးလည်း တွေ့ရသည်။ နောက်ကျောဘက်က ရွာလမ်းမပေါ်တွင် အထုပ်အပိုးများ ကိုယ်စီ ထမ်းပိုးကာ သွားနေသည့်သူများကိုပင် သတိမူမိဟန် မရပေ။
အမျိုးသမီး စိုက်ကြည့်နေသည့်ဘက်တွင် ၁၀ ပေ၊ ၁၅ ပေခန့် လယ်စောင့်တဲသာသာရှိ ဝါးထရံကာ၊ သွပ်မိုး အိမ်လေး တလုံးရှိသည်။
ထိုအိမ်ကလေးသည် ကွတ်ခိုင်မြို့နှင့် ၈ မိုင်ခန့် ဝေးသော လွယ်ပယ် စုစည်းကျေးရွာတွင် ရှိပြီး သြဂုတ်လ ၂၃ ရက်နေ့ည ၈ နာရီခန့်က ကျမှန် ပေါက်ကွဲခဲ့သော လက်နက်ကြီး ကျည်စများ၏ ထုတ်ချင်းဖောက် ခံထားရကာ တအိမ်လုံး ဆန်ခါပေါက် ဖြစ်နေပါသည်။
အိမ်ကလေး၏ တံခါးဝတွင် အနီရောင် ကျောင်းလွယ်အိတ် ၂ လုံးမြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ထိုလွယ်အိတ် ၂ လုံး ဘေးတွင် ပထမတန်းနှင့် တတိယတန်း ကျောင်းစာအုပ်များလည်း ပြန့်ကျဲလျက် ရှိသည်။
ပထမတန်း မြန်မာစာအုပ်လေးမှာ လက်နက်ကြီးစ ထိမှန်ပြီး အလယ်ဗဟိုတည့်တည့်မှ ထုတ်ချင်းဖောက် ထိမှန်ခံထား ရ သလို တတိယတန်း ကျောင်းစာအုပ်များမှာလည်း တအုပ်မှ ရစရာ မကျန်အောင် စုတ်ပြဲနေသည့် မြင်ကွင်းသည် ကာယကံ ရှင် ကျောင်းသားအတွက်တော့ စိတ်မကောင်းစရာပင်။
မြင်ကွင်းကို ကလေးငယ် သုံးယောက်နှင့် ခြံစည်းရိုးတန်း ကိုင်၍ တွေတွေကြီး ငေးကြည့်နေသူသည် ပလောင် တိုင်းရင်းသူ မအီဘူး ဖြစ်သည်။
ထိုအိမ်ကလေးသည် မအီဘူးတို့အိမ် ဖြစ်ပြီး မဖိတ်ခေါ်ဘဲ ရောက်လာသော လက်နက်ကြီးကျည်ကြောင့် ယခုဆိုလျှင် သူတို့သည် သောကများဖြင့် ပူလောင်နေပေမည်။
လက်နက်ကြီး ကျမှန် ပေါက်ကွဲမှုကြောင့် ပလောင် တိုင်းရင်းသား အများစု နေထိုင်သည့် လွယ်ပယ် တရွာလုံး ဘေးလွတ် ရာသို့ သွားရောက် ပုန်းရှောင်ရန် အထုပ်အပိုးများ ဆွဲ၍ ပြင်ဆင်နေကြခြင်း ဖြစ်သည်။
ထိုသူများတွင် မအီဘူးတို့ မိသားစုလည်း အပါအဝင် ဖြစ်ပြီး သူတို့မိသားစု ပျော်ရွှင်စွာနေခဲ့သော အိမ်ကလေးကို စွန့်ခွာ သွားရမည်ဖြစ်၍ ခြံစည်းရိုးတန်းကိုင် တွေငေးနေသည်လည်း ဖြစ်နိုင်ပါသည်။
အိမ်ကလေးတွင် မအီဘူးအပါအဝင် ယောက္ခမ၊ ခင်ပွန်း၊ သားသမီး ၄ ဦး စုစုပေါင်း လူ ၇ ဦး အတူ နေထိုင်ကြသည်။ ထို တဲအိမ်ကလေးက လူ ၇ ဦးနေထိုင်ရန်အတွက် ကျဉ်းလွန်းလှသည်။ အိပ်ဖို့ရာအတွက် ကျောတခင်းစာဟုပင် ဆိုရမည် ဖြစ်ပါသည်။
တဲအိမ်လေးကို ၂ ခန်းခွဲထားသည်။ အိမ်ရှေ့ခန်းတွင် ထမင်းဟင်းချက်သည်။ ထိုမီးဖိုဘေးတွင် အဘွားဖြစ်သူနှင့် အကြီးဆုံး သမီးလေးက ပီနံအိတ်များခင်း၍ အိပ်ကြသည်။ အတွင်းခန်းတွင်တော့ မအီဘူး၊ ခင်ပွန်းနှင့် ကလေးငယ် ၃ ဦး အိပ်ကြရသည်။
၁၁ နှစ်အရွယ် အကြီးဆုံး သမီးလေးက တတိယတန်း ကျောင်းတက်နေသည်။ သားအလတ် မောင်လေးက ပထမတန်း ကျောင်းသားဖြစ်သည်။
သူတို့မောင်နှစ်မ ၂ ဦးစလုံး ဖယောင်းတိုင် မီးဖြင့် ထိုအိမ်ထဲတွင်ပင် စာကျက်သည်၊ ထိုအိမ်လေးတွင်ပင် ရှိသည့် နေ့ဖို့ ညစာ ကလေးများဖြင့် မိသားစု ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြသည်ဟု ဆိုသည်။
မြေနိမ့်ရာ လှံစိုက် ဆိုသည့်စကားက မအီဘူးတို့ မိသားစု အတွက်တော့ သွေးထွက်အောင် မှန်နေသလိုပင်။ ပေါက်ကွဲ သွားသော လက်နက်ကြီးစများသည် သူတို့၏ တဲအိမ်ကလေးကို ထုတ်ချင်း ပေါက်သွားသည် အထိ ပျက်စီးဆုံးရှုံး စေခဲ့ ပါသည်။
အိမ်ထဲတွင် နေထိုင်သည့် လူ ၇ ဦးအနက်မှ ယောက္ခမ၊ ခင်ပွန်းနှင့် အသက် ၁၁ နှစ်အရွယ် သမီးကြီးတို့ လက်နက်ကြီး ကျည်စများ ထိမှန် ခံခဲ့ရသည်။ ရွာသူ၊ ရွာသားများ၏ ကူညီမှုဖြင့် ၃ ဦးလုံးကို ဆေးကုသမှု ခံယူနိုင်ရန် ညချင်းတွင်း ကွတ်ခိုင် မြို့ပေါ်က ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြသည်။
မအီဘူးကတော့ ကလေး ၃ ယောက်နှင့် ထိုအိမ်ကလေးထဲတွင် သွေးပျက်စွာ ကျန်ရစ်ခဲ့သည်။ ယောက္ခမ၊ ခင်ပွန်းနှင့် သမီးကြီးကို စိတ်ပူနေသော်လည်း ထိတ်လန့်သွားသည့် ကလေး ၃ ဦး အနားတွင် သူရှိနေရန် လိုအပ်သည်။
“ကျမကလေးတွေက အခုအချိန်ထိ လန့်ပြီး စကားမပြောနိုင်သေးဘူး”ဟု ရှင်းပြသည်။
ညက ဖြစ်ပျက်ခဲ့သော မြင်ကွင်းကို ပြန်ပြောပြရန်ပင် ခက်ခဲနေပုံရသည်။ မျက်နှာ ပေါ်တွင်လည်း စိုးရိမ် ထိတ်လန့်နေ သည့်အရိပ်က အထင်အရှား ပေါ်လွင်နေပါသည်။
တကြိမ်မျှ မကြုံဘူးခဲ့ကြသော ထိုပေါက်ကွဲမှုကြောင့်ပင် တရွာလုံးက ဘေးလွတ်ရာကို သွားရောက်ခိုလှုံကြရန် အထုပ် အပိုးများ ပြင်ဆင်နေကြရသည်။ ရွာလယ်လမ်းမပေါ်နှင့် ဘုန်းကြီးကျောင်းထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများက အထုပ်ကိုယ်စီ ဆွဲထွက်လာနေကြသည်။
မွေးဖွားရန် နေ့စေ့၊ လစေ့ ကိုယ်ဝန်ဆောင်သည်မိခင်တချို့ကိုပါ တွေ့ရသည်။ အမျိုးသားများကမူ ရွာတွင် ကျန်ရှိနေ သည့် ကျွဲ၊ နွား တိရစ္ဆာန်နှင့် တောင်ယာများကို စောင့်ကြည့်ရန် အတွက် ကျန်ခဲ့ကြရမည် ဖြစ်သည်။
ကွတ်ခိုင်မြို့ပေါ်ရှိ လူမှုကူညီရေး အသင်းများက ထိုကျေးရွာသို့ ရောက်လာကြပြီး ရွာသူရွာသားများကို ဘေးလွတ်ရာ မြို့ပေါ် ကယ်ဆယ်ရေး စခန်းများထံ ခေါ်ဆောင်သွားရန် ပြင်ဆင်ကြသည်။
မအီဘူးလည်း ကလေးသုံးယောက်နှင့်အတူ စောင်၊ ခေါင်းအုံးနှင့် အဝတ်အထည်များကို ပီနံအိတ်ထဲ ထိုးထည့်ပြီး ဆန်ခါပေါက်ဖြစ်နေသည့် တဲအိမ်လေးကို ကျောခိုင်း၍ ကွတ်ခိုင်မြို့ပေါ်သို့ လိုက်ပါ လာခဲ့ရသည်။
ကယ်ဆယ်ရေးကားနှင့် လိုက်ပါလာသော်လည်း တောင်ကုန်းပေါ်တွင် အထင်းသားမြင်နေရသော သူတို့ ရွာကလေး အား ကလေးသုံးဦးကို ပွေ့ပိုက်ထားရင်း မြင်ကွင်းက ပျောက်ကွယ်သွားသည် အထိ ငေးကြည့်နေသည်။
မအီဘူးကို အသက်မေးကြည့်တော့ သူ့အသက်ကိုပင် သူမသိဘဲ ဖြစ်နေသည်။ သူ့အမျိုးသားနှင့် အသက် လပိုင်းသာ ကွာသည်ဟု ခင်ပွန်းသည် ပြောစကားကို မှတ်ထားသည့်အတိုင်း ပြန်ပြောသည်။ ခင်ပွန်းသည်မှာ အသက် ၃၄ နှစ် ဖြစ်ကြောင်း ဆေးရုံမှတ်တမ်းအရ သိလိုက်ရသည်။
ထို့အတူ ၎င်း၏ ကလေး ၄ ယောက် အသက်ကိုမေးသည့် အခါတွင်လည်း “အိမ်က စာရွက်ထဲမှာပဲ ရှိတယ်”ဟု ပြော သည်။
ရိုးအလွန်းသော မအီဘူးတို့မိသားစု လက်နက်ကြီး ကျည်ကြောင့် တကွဲတပြား ဖြစ်သွားခဲ့ရသည်။ နေစရာ အရိပ် ကလေး လည်း ပြိုပျက် သွားခဲ့ရသည်။
မအီဘူးတို့ မိသားစုသည် တနေ့လုပ်၊ တနေ့စား အခြေအနေသာဖြစ်၍ ယောက္ခမ၊ ခင်ပွန်းနှင့် သမီးကြီးတို့ ရရှိထား သော ဒဏ်ရာများကို ဆေးကုသရန် နှင့် ပျက်စီးသွားသော တဲအိမ်ကလေးကို ပြန်လည် တည်ဆောက်ရန် အတွက် ခက်ခဲ နေမည်ဟု တွေးမိသည်။
သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် လေ့ကျင့်ရေး စစ်သင်တန်းကျောင်း အပါအဝင် နေရာ ၆ ခုကို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သော ရက္ခိုင်စစ်တပ် (AA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က တပြိုင်တည်း တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုအပြီး တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြား ရှမ်းမြောက် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သော ပြည်ထောင်စု လမ်းမကြီး တလျှောက်တွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ခဲ့ပြီး ထိုပစ်ခတ်မှုများ က လမ်းမကြီး အနီးရှိ ကွတ်ခိုင် မြို့နယ်အတွင်းက လူနေကျေးရွာများထဲအထိ ကျည်ဆန် ကျမှန်မှုများ ဖြစ်ပွားခဲ့သည်။
မအီဘူးတို့ ခြံဝန်းထဲကိုလည်း ထိုတိုက်ပွဲများကြားက လက်နက်ကြီးကျည် ကျမှန်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
သို့သော် ပစ်ခတ်ခဲ့မှုများနှင့် ပတ်သက်ပြီး ကာယကံရှင်များက ဝန်ခံခြင်း မရှိခဲ့ပေ။
ရွာသူရွာသားများကလည်း “သိရင်တောင် ဒုက္ခထပ်ပေးမှာစိုးလို့ မပြောရဲဘူး”ဟု ပြောဆိုကြသည်။
တာဝန်ယူမှုကင်းမဲ့သော ထိုပစ်ခတ်မှုကြောင့် မရှိဆင်းရဲသား မိသားစုဘဝများ ဒုက္ခကြုံကြရသည်။ မအီဘူး တို့လို သာမန်မိသားစုလေး အတွက်လည်း ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်ခဲ့ရသည်။
မအီဘူးကမူ ကွတ်ခိုင်မြို့ စစ်ဘေးရှောင်စခန်းသို့ ပို့ဆောင်ပေးမည့် ကယ်ဆယ်ရေး ကားနှင့် လိုက်ပါလာရင်း ကလေး သုံးယောက်ကို ပွေ့ဖက်ကာ တွေတွေကြီးသာ တွေးနေတော့သည်။
သူ့ အတွေးထဲတွင် ခင်ပွန်း၊ သမီးနှင့် ယောက္ခတို့၏ ဒဏ်ရာ အခြေအနေကို စိတ်ပူနေလား၊ ရွာထဲကို လက်နက်ကြီး ကျည် ထပ်ကျမည်ကို စိုးရိမ်နေလား၊ ပျက်စီးသွားသော အိမ်လေး ပြန်မပြင်နိုင်မည်ကို စိုးရိမ်နေသလား မသိနိုင်ပေ။
သို့မဟုတ် ပျက်စီးသွားသော ကလေး ကျောင်းစာအုပ်လေးများ ပြန်မဝယ်ပေးနိုင်မည်ကို စိုးရိမ်နေသည့် အခြေအနေမှ စ၍ ယခင်ကကဲ့သို့ တဲအိမ်ကလေးထဲတွင် မိသားစု စုံစုံညီညီဖြင့် မနေနိုင်တော့မည့် အရေး စိုးရိမ်မှုများကို တွေးတော နေခြင်းလည်း ဖြစ်နိုင်ပါသည်။
မအီဘူး မည်သည့်အရာ တွေးတောနေသည်ကို အသေအချာ မသိရသော်လည်း သူ၏ မျက်ဝန်းထဲတွင် ပူပင် သောက အရိပ်များ လွှမ်းနေသည်ကိုတော့ တွေ့မြင်နေရပါသည်။
သေချာသည်ကတော့ မအီဘူး အနေဖြင့် သူ၏ တဲအိမ်ကလေးကို အကောင်းအတိုင်း ပြန်လိုချင်နေလိမ့်မည် ဆိုသည် ပင် ဖြစ်ပါသည်။ ။