မျက်နှာပေါ်တွင် ရိုးရာ အစဉ်အလာအတိုင်း ဆေးမင်ကြောင်(ပါးရဲ) ထိုးထားသည့် အမျိုးသမီးများနှင့် ဆုံချင်ပါက ရခိုင်ပြည်နယ် မြောက်ဦး ခရိုင်အတွင်းရှိ ပန်းပေါင်(Pan Paung) ကျေးရွာက မဖြစ်မနေ သွားရောက်ရသည့် ဒေသထဲ ပါဝင်သည်။ ပန်းပေါင်ရွာသည် မြောက်ဦးခရိုင်အတွင်းရှိ ချင်းတိုင်းရင်းသားရွာ ၁၄ ရွာ အနက်မှ တရွာဖြစ်ပြီး ထိုရွာတွင် ရိုးရာဓလေ့အတိုင်း မျက်နှာတွင် ဆေးမင်ကြောင်များထိုးထားသည့် နားပေါက်ကျယ်ကြီးများရှိသော သက်ကြီးအမျိုးသမီးကြီး ၅ ဦးသာ ကျန်ရှိနေသော ရွာဖြစ်သည်။
ပြီးခဲ့သည့်နှစ်အထိ ရွာသူရွာသားများမှာ ဥယျာဉ်ခြံများ၊ တောင်ယာ လယ်နှင့် သီးနှံစိုက်ပျိုးခြင်း၊ တောင်ကုန်းများပေါ်တွင် သစ် ဝါးခုတ်ခြင်းနှင့် နိုင်ငံခြားသားများ အပါအဝင် ခရီးသွားဧည့်သည်များကို ဧည့်ခံခြင်းများဖြင့် ၎င်းတို့၏ နိစ္စဓူ၀ ပုံမှန်လုပ်ငန်းများတွင် ကျင်လည်နေခဲ့ကြသည်။ ပန်းပေါင်နှင့် ရွာနီးစပ်ကျေးရွာများမှာ လေးမြို့မြစ်နှင့် ကပ်လျက် တည်ရှိကြပြီး ရွာတိုင်း၏ ထွက်ကုန်များကို မြောက်ဦးနှင့် အခြားနေရာများသို့ ရေကြောင်းလမ်းမှ တဆင့် ပို့ဆောင် ရောင်းဝယ်ဖောက်ကားကြသည်။ စီးပွားရေးက အဆင်ပြေနေခဲ့သည်ဟု ဒေသခံများက ပြောကြသည်။
သို့သော်လည်း ထိုအရာ အားလုံးက ယခုနှစ်တွင် ပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် ဒေသတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြားမှ တိုက်ခိုက်မှုများ ပြင်းထန်လာခဲ့ပြီးနောက်ပိုင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် AA က ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ၌ စစ်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် နှစ်ဘက်လုံးက ထိုးစစ်များ၊ တန်ပြန်ထိုးစစ်များ ပြုလုပ်လာခဲ့ကြသည်။
ဧပြီလ အတွင်းက မြောက်ဦးမှ ရဲတပ်ရင်းတခုနှင့် လေးမြို့မြစ် အနီးမှ တပ်မတော်စခန်းများ အပါအဝင် နေရာ ၄ ခုကို AA က တိုက်ခိုက်ခဲ့သည့် အချိန်တွင် တိုက်ပွဲများသည် မြောက်ဦးခရိုင်တွင် နေထိုင်ကြသူများအပေါ် တိုက်ရိုက် သက်ရောက်ခဲ့သည်။ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရခြင်းကြောင့် ယခုအခါတွင် ၎င်းတို့ စိုက်ခင်းများသို့ သွားရောက်ရန် စိုးရိမ်နေကြသည့်အတွက် ပုံမှန် စိုက်ပျိုးရေးလုပ်ငန်းများ ကမောက်ကမ ဖြစ်ရသည်။
ဧရာဝတီသတင်းဌာနက မကြာသေးမီက ထိုဒေသသို့ ရောက်ခဲ့ချိန်တွင် အချို့ ကျေးရွာသူ ကျေးရွာသားများမှာ ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်သော်လည်း အများစုက လုံခြုံရေးအတွက် စိုးရိမ်စရာများ ရှိသည့်တိုင် ကျေးရွာများတွင် နေထိုင်နေကြဆဲ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။
စက်တင်ဘာလ၏ နေသာသော မနက်ခင်းတခုတွင် ပါးရဲထိုးမျက်နှာပိုင်ရှင် နားပေါက်ကျယ်ကျယ်တွင် ဝါးနားကွင်းကို ပန်းတပွင့်နှင့် ရောညှပ်ပန်ဆင်ထားသည့် သက်ကြီးပိုင်း အမျိုးသမီးတဦးက ပန်းပေါင်ရွာ အဝင်ဝမှနေ၍ ဧရာဝတီသတင်းထောက်များကို အပြုံးနှင့် ဆီးကြိုနှုတ်ဆက်သည်။ ထိုအမျိုးသမီးကြီးကို ဗမာအမည် ဒေါ်မလှစိန် ဟုရော၊ ချင်းအမည် မဖော်လ် (Phawl) အနေနှင့်ပါ သိကြသည်။
လေးမြို့မြစ်ကမ်းပေါ်မှ ကျေးရွာတွင် ကျမတို့ လှေဆိုက်ကပ်ပြီး များမကြာမီပင် ပန်းပေါင်ကျေးရွာ အတွင်းသို့ လမ်းလျှောက်ဝင်ခဲ့ကြသည်။ ပန်းပေါင်သည် မြောက်ဦး မြို့နှင့် ၇၂ ကီလိုမီတာခန့် ဝေးသည်။ ယခုနှစ်အတွင်းတွင် ကျေးရွာသို့ ရောက်လာသည့် ပထမဆုံး ဧည့်သည်များထဲတွင် ပါသည့်အတွက် ကျမတို့ကို အလွန်လှိုက်လှဲစွာ ကြိုဆိုကြပါသည်။
ဒေါ်မလှစိန်က ကျမတို့ကို သူ့အိမ်သို့ လမ်းပြခေါ်သွားပါသည်။ ကျမတို့ကို လက်ခံရသည့်အတွက် သူပျော်နေသည်။ သူ၏ ကြီးမားသော ဝါးနားကွင်းကို ငွေနားကွင်းနှင့် လဲဝတ်လိုက်သည်။ သူ့အသက် ၇ နှစ် အရွယ်တွင် မျက်နှာပေါ် ၌ ဆေးမင်ကြောင် (ပါးရဲ) ထိုးခဲ့ကြောင်း နှင့် ထိုခေတ်က ပါးရဲ ထိုးရသည့် ဓလေ့ အနည်းငယ်ကိုလည်း ရှင်းပြသည်။ မင်အဖြစ် အသုံးပြုရန် မိန်းကလေး၏ ဖခင်က နွားထီး သို့မဟုတ် ကျွဲ၏ သည်းခြေရည်ကို ရှာဖွေရသည့်အတွက် ပါးရဲထိုးရန် မလွယ်ကူပါ။ ပင့်ကူအိမ်ပုံစံ မျက်နှာဆေးမင်ကြောင်ပြီးဆုံးရန် အတွက် တရက်ခွဲခန့် ကြာပြီး နာကျင်လွန်းလှသည်ဟု ပြန်ပြောင်းပြောပြသည်။ မျက်နှာပါးရဲထိုးခြင်းက ဆေးစက်ကျသည်နှင့် တဘဝတာလုံး စွဲမြဲသွားပြီး ပါးရဲမျက်နှာပိုင်ရှင် သေဆုံးမှသာ ထိုဆေးမင်ကြောင်လည်း တပါတည်း ပျက်သုန်းမည် ဖြစ်သည်။ ထိုဓလေ့သည် ရွာမှ သက်ကြီးပိုင်း အမျိုးသမီးများ ကွယ်လွန်သွားကြသည့် အချိန်တွင် ၎င်းတို့နှင့်အတူ ပျောက်ကွယ်တော့မည့် အန္တရယ် ရှိနေသည်။
သူက အခြားသော ပါးရဲထိုးအမျိုးသမီးကြီး ၄ ဦးနှင့်ပါ ကျမတို့ကို မိတ်ဆက်ပေးသည်။ အသက် ၆၈ နှစ်မှ ၉၀ အတွင်း ရှိကြသည့် အမျိုးသမီးကြီး ၅ ဦးက ပန်းပေါင်တွင် မျက်နှာပေါ်၌ ဆေးမင်ကြောင်ရှိသော ချင်းတိုင်းရင်းသားများ၏ နောက်ဆုံး မျိုးဆက်ထဲတွင် ပါဝင်နေကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့် အထိ မျက်နှာတွင် ဆေးမင်ကြောင်ထိုးခြင်းက ချင်းတိုင်းရင်းသူ မိန်းကလေးငယ်များကြားတွင် ရေပန်းစားခဲ့သည်။ သူတို့က အသက် ၇ နှစ် ခန့်အထိ ငယ်ရွယ်သော အချိန်တွင် စထိုးကြသည်။
“တကယ်လို့ ကျမတို့က ဆေးမင် မထိုးဘူးဆိုရင် မျက်နှာပေါ်မှာ ဆေးမင်မရှိတဲ့ မိန်းကလေးတယောက်ကိုမြင်ရတာ ရှက်ဖို့ ကောင်းတယ်လို့ ယူဆကြတယ်။ ဒါကြောင့် အဲဒါလုပ်ဖို့ ကျမတို့ စိတ်အားထက်သန်ခဲ့ကြတယ်” ဟု အသက် ၇၅ နှစ် အ ရွယ် ဒေါ်မလွေ့က သူ၏ ကလေးဘဝတွင် ခံစားခဲ့ရသော ဖိအားအကြောင်းကို ပြန်ပြောပြသည်။
ပျောက်ကွယ်လုလု ဓလေ့
သို့သော်လည်း ရိုးရာအစဉ်အလာက အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်နေသည်။ ထိုအကြောင်းများထဲမှ တခုမှာ ပါးရဲထိုးကျွမ်းကျင်သူများ အနီးတဝိုက်တွင် မရှိတော့သောကြောင့် ဖြစ်သည်။ ပါးရဲထိုးကျွမ်းကျင်သူ ဆရာမ ကွယ်လွန်သွားခဲ့သည်မှာ နှစ် ၅၀ ရှိပြီဖြစ်သည်။ ရွာတွင် လုပ်ပေးနိုင်သူ တယောက်မှ မကျန်တော့ဟု ဒေါ်မလှစိန်က ရှင်းပြသည်။ နောက်ထပ် အကြောင်းရင်းတခုမှာ ဆေးမင်ထိုးခြင်းက အလွန် နာကျင်ရသော အတွေ့အကြုံ ဖြစ်သဖြင့် မိခင် အများအပြားက ထိုဓလေ့ကို ၎င်းတို့ သမီးများသို့ လက်ဆင့်မကမ်းလိုကြခြင်းကြောင့်ဟု သက်ရှိထင်ရှား အမျိုးသမီးကြီးတို့က ဆိုသည်။
ထိုဒေသတွင် လက်ရှိအချိန်တွင် အသက် ၅၀ အောက် မျက်နှာပါးရဲထိုး အမျိုးသမီးတယောက်ကို မြင်တွေ့ရန် အလွန် ခက်ခဲနေပြီ ဖြစ်သည်။ သူတို့က ရခိုင်နှင့် ဗမာ တိုင်းရင်းသားယဉ်ကျေးမှုများအတိုင်း ပေါင်းစပ် ပြုမှု နေထိုင်ကြပြီး ၎င်းတို့ ချင်းဘာသာစကားပြောချိန်မှသာ ၎င်းတို့ကို ချင်းတိုင်းရင်းသားမှန်း သိနိုင်တော့သည်။
ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် စိန်ခေါ်မှုကြုံနေချိန်တွင် တိုက်ပွဲများက ၎င်းတို့ မိရိုးဖလာ အလုပ်များကို လုပ်ကိုင်ရန် ဟန့်တားနေသည့်အတွက် ချင်းတိုင်းရင်းသားများမှာလည်း အလုပ်လက်မဲ့များ ဖြစ်ကြရပြီး အသက်မွေးဝမ်းကျောင်း ရန် ခက်ခဲနေကြရသည်။
ဧပြီလ အတွင်းတွင် ပန်းပေါင်ကျေးရွာမှ ကျေးရွာသား ၂၆၀ ခန့်သည် ရွာကိုစွန့်ကာ မြစ်ညာဖက်ရှိ ဆင်ကဲရွာတွင် ၃ လကြာ စစ်ဘေးရှောင်ခဲ့ကြသေးသည်။ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း အခြားကျေးရွာများမှ စစ်ရှောင်ဒုက္ခသည်များမှာ တိုက်ပွဲများအတွင်းတွင် ပိတ်မိမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့ နေအိမ်များသို့ ပြန်မသွားနိုင်ကြသေးပါ။ မတ်လ အစောပိုင်းက ဘုရားကြီးကျေးရွာ ၌ တိုက်ပွဲများ အနည်းဆုံး ၄ ကြိမ် ပေါ်ပေါက်ခဲ့သည့် အချိန်တွင် လေးမြို့မြစ် တဘက်ကမ်းရှိ ဘုရားကြီး၊ ခြိတ်ချောင်း နှင့် အခြားကျေးရွာ အနည်းငယ်မှ ဒေသခံများမှာ ရှိုမေ နှင့် စင်းဘောကိုင်ကျေးရွာများရှိ ဒုက္ခသည် စခန်းများ သို့ ထွက်ပြေးခဲ့ကြသည်။ ယခုအချိန်အထိ ၎င်းတို့ စစ်ဘေးရှောင် ခိုလှုံနေကြရဆဲ ဖြစ်သည်။
ဧရာဝတီသတင်းဌာနက မြောက်ဦးမြို့နယ်မှ အဆိုပါ ဒုက္ခသည် စခန်းအချို့နှင့် ကျေးရွာများသို့ သွားရောက်စဉ် ရခိုင်၊ ချင်းနှင့် မြို တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။
“မတ်လက စပြီးတော့ ကျနော်တို့ ရွာသား အားလုံးနီးပါး အိမ်က ထွက်ပြေးကြတယ်။ တိုက်ပွဲတွေနဲ့ ဝေးတဲ့ဆီကို ထွက်ပြေး ခဲ့ကြတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ ကျနော်တို့ ဘယ်သီးနှံမှ မစိုက်နိုင်ခဲ့ဘူး။ ” ဟု ခြိတ်ချောင်းကျေးရွာမှ ဦးမောင် ခိုင်ကျော်က ပြောသည်။
၎င်းတို့အတွက် လိုအပ်သည့် ဝမ်းစာအတွက်စိုက်ပျိုးသီးနှံများ မရှိဘဲ မည်သို့ ဆက်လက်ရှင်သန်ရပ်တည် ရမည်ကို သူက စိုးရိမ်နေသည်။
“ကျနော်တို့ စပါးစိုက်ဖို့ အပြင်ကို မသွားရဲဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စိုက်ပျိုးချိန်ကလည်း ကျော်သွားခဲ့ပြီ” ဟု ခြိတ်ချောင်း ရွာ ခံတဦးဖြစ်သည့် ဦးထွန်းလှအောင်က ပြောသည်။ တိုက်ပွဲများ မဖြစ်ပွားမီ သူက ရှောက်ချိုနှင့် ကျွဲကောသီး အပါအဝင် ရှောက်မျိုးနွယ်များ စိုက်ပျိုးသလို နှမ်း၊ စပါးနှင့် အခြားသီးနှံများလည်း စိုက်ပျိုးသည်။ သို့သော်လည်း သူ့ယာခင်းက တိုက်ပွဲ များကြောင့် ရပ်တန့်နေရသည်။ တိတိကျကျအလုပ်မရှိသည့် နေ့စားအလုပ်သမားများအတွက် ပို၍ပင် ခက်ခဲနေသည်ဟု သူက စာနာစွာ ပြောပြသည်။
“မတ်လအတွင်းက ဘုရားကြီးမှာတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ လက်နက်ကြီးတွေပစ်တော့ ကျနော်တို့ အိမ်တွေနားမှာ လာကျသလို ခံစားရတယ်။ အရမ်းနီးတယ်။ ကျနော်တို့ အိပ်လို့မရဘူး” ဟု သူက ပြန်ပြောပြသည်။
စားဝတ်နေရေးအတွက် ရုန်းကန်ရခြင်းမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ပို၍ ခက်ခဲလာခဲ့သည်ဟု ဦးပိုက်ဆံ ဟု လည်းသိကြသည့် ဦးမောင်ဖြူလှ ကပြောသည်။ သူက ပန်းပေါင် ချင်းတိုင်းရင်းသား ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဖြစ်သည်။
လုံခြုံရေးအတွက် စိုးရိမ်သည့်အတွက် ၎င်း၏ ရွာသားများ ကိုယ်တိုင်လည်း တောင်ယာသို့ သွား၍ အလုပ်မလုပ် ရဲကြသေးကြောင်း ဦးပိုက်ဆံက ပြောသည်။
“ဒီလိုဖြစ်နေတာ လနဲ့ချီနေပြီ။ ရွာတွေနားမှာ လက်နက်ကြီးတွေ ကျနေတာ ပုံမှန် ကျနော်တို့ ကြားနေရတယ်။ အဲဒါက ကျနော်တို့ တောင်ယာတွေမှာ စိုက်ပျိုးရေးလုပ်ဖို့ အခက်အခဲဖြစ်စေပါတယ်။ သစ်ခုတ်ဝါးခုတ်တာနဲ့ စပါးနဲ့ ကျောက်ဖရုံသီးတွေ စိုက်ပျိုးတာလိုမျိုး တောတွေ တောင်တွေထဲမှာ ကျနော်တို့ ပုံမှန်လုပ်နေကျ အလုပ်တွေကို ဆက်လုပ်ဖို့ ကြောက်နေရပါတယ်။” ဟု သူက ထပ်ပြောသည်။
ကျေးရွာများမှ မြို့ (သို့မဟုတ်) မြို့မှ ကျေးရွာများသို့ ကုန်စည်ပို့ဆောင်ရာတွင် လှေတစီးလျှင် ဆန် ၂ အိတ်သာ သယ်ဆောင်နိုင်သည့် အတွက်ကြောင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုအတွက်လည်း သူက စိုးရိမ်နေသည်။
“တကယ်လို့ ကျနော်တို့က လှေပေါ်မှာ ဆန် ၂ အိတ်ထက် ပိုသယ်ရင် အပစ်ခံရမယ်လို့ ကျနော်တို့ ကြားတယ်။ အဲဒါကြောင့် ကျနော်တို့ စိုးရိမ်တယ်” ဟု သူကပြောသည်။
ငြိမ်းချမ်းသည့် အချိန်တွင် ပန်းပေါင်နှင့် ခြိတ်ချောင်း အပါအဝင် ကျေးလက် ချင်းရွာများသို့ မြောက်ဦးမှ သွားရောက်လည်ပတ်လျှင် တရက်ခရီးဖြစ်ပြီး၊ သဘာဝတောတောင်အလှကို ခံစားကာ ပါးရဲထိုး ချင်းအမျိုးသမီးများနှင့် တွေ့ဆုံနိုင်သည်။
“စစ်ပွဲကြောင့် အစားအစာအတွက်နဲ့ ဝင်ငွေ ရရှိရေးက ခက်ခဲလာတယ်” ဟု အသက် ၆၈ နှစ်အရွယ် ဒေါ်မလှစိန်က ပြော သည်။ သူက ရွာသို့ ရောက်လာသော ခရီးသွားဧည့်သည်များကို လ
က်ရက်ပဝါများ ရောင်းချနေခဲ့သူ ဖြစ်သည်။ ၎င်းတို့ ရက်လုပ်သည့် အထည်များကို စိတ်ဝင်စားကြသည့် ပြင်ပဧည့်သည်များက သူတို့အတွက် ရှားရှားပါးပါး ဝင်ငွေရလမ်းတခု ဖြစ်သည်။
သိမ်းထုပ်ထားရတဲ့ ရက္ကန်းစင်တွေ
ယခုနှစ် အစောပိုင်းမှစ၍ အမျိုးသမီးများ ရက္ကန်းမရက်ကြတော့ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ကုန်ကြမ်းလုံလုံ လောက်လောက် မရှိသောကြောင့် ဖြစ်သည်။ ချည်ခင်များဝယ်ယူရန်လည်း သူတို့ မတတ်နိုင်ကြပါ။ ရက္ကန်းရက်နေစဉ် သူတို့ အိမ်များပေါ်သို့ လက်နက်ကြီး ကျရောက်မည်ကိုလည်း စိုးရမ်ကြသည်။ ထို့ကြောင့် သူတို့က ရက္ကန်းစင်များကို ထုပ်ပိုးသိမ်းဆည်းထားကြသည်။
ဒေသခံများအတွက် ရနိုင်ဆဲဖြစ်သော အလုပ်အနည်းငယ်ထဲမှ တခုမှာ ကုန်ပစ္စည်းသယ်ပိုးပေးခြင်း ဖြစ်သည်။ အသက် ၃၂ နှစ် အရွယ် မခိုင်ထွေးရီက သူ့ကျောတွင် ရှောက်ချိုသီးများကိုထည့်ထားသည့် ဝါးခြင်းတောင်းကြီးကို ပိုးကာ ပန်ပေါင်ရွာထဲမှ မြစ်ဆိပ်ကမ်းသို့ ပို့ပေးသည်။ တခြင်းအတွက် ၁၀၀၀ ကျပ်ရသည်။ ထိုအလုပ်က ယခုနှစ် အစောပိုင်းမှစ၍ သူနှင့် ကျေးရွာသား အများစုအတွက် ရနိုင်သည့် တခုတည်းသော အလုပ်ဖြစ်ခဲ့သည်။
“ကျမတို့ ချည်တွေ မဝယ်နိုင်ဘူး။ ချည်က ဈေးကြီးလာတယ်။ ဒါကြောင့် အခု သီးနှံသယ်ပို့ပေးတဲ့အလုပ်ကို လုပ်တယ်။ တိုက်ပွဲတွေ ဖြစ်တဲ့ အချိန်ကတည်းက နိုင်ငံခြားသားတွေ အလာရပ်သွားတယ်။ အရင်နှစ်တွေ တုန်းကဆိုရင် မိုးရာသီမှာတောင်မှ ကျမ တို့မှာ ဧည့်သည်တွေရှိတယ်။ အဲဒါက ကျမတို့အတွက် အထောက်အကူဖြစ်တယ် ” ဟု မခိုင်ထွေးရီက ပြောသည်။
တိုက်ပွဲများက ဒေသတွင်းမှ ကျေးလက်ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေပြီး ပညာသင်ကြားမှုကို အဟန့်အတား ဖြစ်စေသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးကပြောသည်။ ဆရာများက ထိုရွာများတွင် ကြာကြာမနေရဲကြပါ။ နေလျှင်လည်း ၂ ပတ် သို့မဟုတ် ၃ ပတ်ခန့် နေပြီးလျှင် တလနီးပါး ပြန်သွားကြသည်ဟု သိရသည်။
“ကျနော်တို့ အဓိက စိုးရိမ်တာက ကျနော်တို့ ကျေးရွာတွေပေါ်ကို လက်နက်ကြီးကျလာမှာကိုပါ။ တကယ်လို့ တိုက်ပွဲတွေက တောတောင်ကုန်းတွေ ဝိုင်းထားတဲ့ ကျနော်တို့ ရွာတွေနားမှာ ဆက်ဖြစ်နေမယ်ဆိုရင် ကျနော်တို့ပေါ်ကို လက်နက်ကြီးကျလာ မှာ ဧကန်ပဲ။ ပစ်တာက AA လား တပ်မတော်လားဆိုတာ ကျနော်တို့ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တောင်ကုန်းထူ တဲ့ ဧရိယာတွေမှာ နှစ်ဘက်လုံးက တပ်တွေရှိနေနိုင်တယ်” ဟု ဦးပိုက်ဆံက ဆိုသည်။
(Nyein Nyein ၏ Fighting Robs Ethnic Chin in Myanmar’s Rakhine State of Livelihoods ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကျောက်ဖြူ စီမံကိန်းကြီးတွေက အကျိုးကျေးဇူးဆိုတာ ဒေသခံတွေအတွက် ဘာမှ မရှိသေးဘူး
အစိုးရ၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် အသိပေး
ငြိမ်းချမ်းရေးလှေ မှောက်သလို ဖြစ်သွားပြီဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော