ဆောင်းပါး

အစိုးရ သတ်မှတ်နှုန်း နောက်ကွယ်က ဆန်စပါး ဈေးကွက်

Want create site? Find Free WordPress Themes and plugins.

တောင်သူ လယ်သမားများ၏ အကျိုးစီးပွား ကာကွယ်ပေးရေး အတွက်ဟု ဆိုကာ အစိုးရက အောက်တိုဘာ ၁၅ ရက် က ၂၀၁၉ ခုနှစ် မိုးစပါး နှင့် ၂၀၂၀ နွေစပါး ရာသီ အတွက် အခြေခံ ရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန်ပေးခဲ့သည်။

ထို ရည်ညွှန်း ဈေးနှုန်းကို ကြို၍ ထုတ်ပြန်ရမည် ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် နောက်ကျနေခြင်း ဖြစ် သည် ဟု တာဝန်ရှိသူ တချို့ကတော့ ပြောသည်။

ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေး အထက်တွင် ဖြစ်ပေါ်နေသော စပါးအမျိုးအစားများအတွက် ပေါက်ဈေး အတိုင်း သာ ဝယ်ယူရန်နှင့် အခြေခံဈေးအောက် ရောက်ရှိပါက အစိုးရက ထုတ်ပြန်သည့် အခြေခံဈေးနှုန်း ဖြစ်သည့် အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိသော ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ဝယ်ယူပေးရမည် ဖြစ် သည်။

အခြေခံ စပါးဈေးနှုန်း သတ်မှတ်ခြင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ အစိုးရနှင့် ပူးပေါင်းပြီး သတ်မှတ်ရန် ကြိုးပမ်း ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

ထိုသို့ ဈေးနှုန်း သတ်မှတ်ထားသော်လည်း ပြီးခဲ့သည့်နှစ်များတွင် အစိုးရက ဝယ်ယူပေးခြင်း မရှိခဲ့သလို ဈေးလျှော့သည့် အတွက် မည်ကဲ့သို့သော လုပ်ဆောင်မှုများ ရှိမည်ကို သေချာစွာ သတ်မှတ် ဖော်ပြထားခြင်းလည်း မရှိပေ။

ပဲခူးတိုင်း ဒေသကြီး လယ်သမား ဦးဝင်းဦးက“သူတို့ သတ်မှတ်တဲ့ ဈေးက တကယ်တမ်းကျတော့ ကုန်ကျစရိတ်နဲ့က တူတူလောက်ပဲ။ သူတို့သတ်မှတ်မှ မဟုတ်ဘူး။ မသတ်မှတ်ခင်ကလည်း ဒီလောက်ပဲ ရနေတယ်။ စပါး အစိုဓာတ်က ၁၄ လို့ ပြောထားတယ်။ လက်ရှိ စပါးက စိုထိုင်းစ ၂၀ ပတ်လည်မှာရှိတယ်။ အဲဒီ စိုထိုင်းစကို အခြောက်ခံလိုက်ရင် တင်း ၁၀၀ မှာ ၁၂ တင်းလောက်က ပြန်လျော့တယ်”ဟု ပြောသည်။

ယင်းအချက်ကြောင့်လည်း အစိုးရ သတ်မှတ် ဈေးနှုန်းသည် လယ်သမားများ အတွက် အမှန်တကယ် အကျိုးရှိလား ဆိုသည်မှာ စဉ်းစားစရာ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

“သတ်မှတ်တဲ့ အရည်အသွေးရဖို့က အခြောက်ခံမယ့် စရိတ်လည်းရှိတယ်။ စပါးဈေးတက်ဖို့က အဓိကတော့ ဝယ်လက် ပါ။ ဝယ်လက် ပျောက်နေရင် စပါးဈေးက ကျနေမှာပဲ။ နိုင်ငံတော်က ချေးငွေ ထုတ်ပေးပြီးတော့ ဝယ်လည်း အခုချိန် အစို ဓာတ်နဲ့ ဘယ်သူကမှ အရှုံးခံပြီးတော့ မဝယ်လောက်ဘူး”ဟုလည်း ဦးဝင်းဦးက ပြောဆိုသည်။

စပါးများကို သယ်ယူနေသော လယ်သမား တချို့/ဧရာဝတီ

သို့ဖြစ်၍ လက်ရှိအချိန်တွင် အစိုးရက စပါးဈေးနှုန်း သတ်မှတ်သည် ဖြစ်စေ၊ မသတ်မှတ်သည် ဖြစ်စေ လယ်သမားများ အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု နည်းကြောင်း သိရသည်။

ပြည်တွင်း ပြည်ပ ဝယ်လက်များ ရှိလာလျှင် စပါးဈေး ပြန်တက်လာနိုင်မည် ဖြစ်သောကြောင့် ရောင်းဝယ်ရေး လမ်းကြောင်း ကိုသာ အစိုးရက ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဦးဝင်းဦးက ထောက်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ် အတွင်းကလည်း ပဲခူးတိုင်းဒေသကြီး သာယာဝတီနယ်က လယ်သမား ၁ ထောင်ခန့်က စပါးတင်း ၁၀၀ လျှင် ကျပ် ၇ သိန်းပေးရေး အတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ပဲခူးတိုင်း သာယာဝတီနယ် ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဝင်းသိန်းက“ပို့ကုန်ဆိုတဲ့ လူတန်းစားတွေက ဈေးကွက်မူဝါဒကို သူတို့က ချုပ်ကိုင်ထားတယ်။ ဈေးကွက်မူဝါဒ ပြောင်းလိုက်ရင် စပါးဈေးက ကျပ် ၇ သိန်းဈေး မကလည်း ဖြစ်သွားနိုင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချိန်က ၁၉၉၇ ခုနှစ်က စီးပွားရေး မပိတ်ဆို့ခင်မှာ ရွှေဈေးနဲ့ စပါးဈေး ညီခဲ့တယ်”ဟု ပြောသည်။

လက်ရှိတွင်လည်း အစိုးရသတ်မှတ်သည့် စပါးဈေးသည် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှင့် မကွာကြောင်း၊ ယင်း အခြေအနေသည် အဆင်မပြေသောကြောင့် လယ်သမားများက တောင်ဆိုနေကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယခု အခြေအနေအတိုင်း ဆိုပါက လာမည့်နှစ်တွင် စပါးစိုက်ပျိုးရေး လုပ်ကိုင်မည့်သူများ အခက်အခဲ ရှိနိုင်သဖြင့် အစိုးရ အနေနှင့် ဈေးနှုန်းမူဝါဒ ကောင်းရန် လုပ်ဆောင်ပေးသင့်သည်ဟုလည်း ဆိုသည်။

“နောက်ပြီး အစိုးရ သတ်မှတ်ပေးတဲ့ ဈေးကိုရော ကုန်သည်က ဝယ်မှာလား။ ဝယ်တော့ရော အဲဒီ လယ်သမား တကယ် အကျိုးရှိမှာလား ဆိုတာ ကြည့်ဖို့လိုတယ်”ဟု ဦးဝင်းသိန်းက ပြောသည်။

အခြေခံ စပါးဈေး သတ်မှတ်ရာတွင် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး အတွက်ဆိုပြီး ကုန်သည်ကြီးများ က ဦးဆောင်၍ ပြုလုပ်ခြင်း ဖြစ်၍ ယင်းအဖွဲ့များတွင် အမှန်တကယ် လယ်သမားများ ပါဝင် လုပ်ဆောင်ခွင့် ရသလား ဆိုသည်ကို ကြည့်၍ပင် သိနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်တွင်း၌ လက်ကျန် စပါးရှိနေ၍ အစိုးရက ဝယ်ပေးမည်ဆိုလျှင် ဝယ်သူနှင့် ရောင်းသူညီမျှပြီး ကောင်းမွန်သည့် ဈေးကွက် အရွေ့တခု ဖြစ်နိုင်သော်လည်း လက်ရှိတွင် ရောင်းလိုအားသာ များနေသဖြင့် ဈေးကွက် ပျောက်နေသည် ဟု လယ်သမားများထံမှ သိရသည်။

ရန်ကုန်တိုင်းရှိ ဆန်စပါး ကုန်သည်ကြီး ဦးရှမ်းက“ဘာလို့ပြောရလဲ ဆိုတော့ စပါးဈေးကို ၅ သိန်း သတ်မှတ်ပေးပေ မယ့် အပြင်မှာ အရောင်းအဝယ်က သွက်သွက်လက်လက်လေး မဖြစ်ဘူးဆိုရင် အစိုးရသတ်မှတ်တဲ့ ဈေးနှုန်းအောက် ကို ရောက်သွားရော”ဟု ပြောပြသည်။

ယခုနှစ်တွင် ပြည်ပသို့ စပါးထွက်သည့် ပမာဏ နည်းနေခြင်း၊ ပြည်တွင်း၌ လက်ကျန်စပါး ရှိနေခြင်း၊ အသစ်များ ပေါ် ချိန်နှင့် တိုက်နေခြင်းတို့ကြောင့် စပါးဈေးကွက်သည် စိုးရိမ်စရာ ရှိနေသည်ဟု ကုန်သည်လုပ်သက် နှစ် ၃၀ ဝန်းကျင်ရှိ ၎င်းက ပြောသည်။

“ဈေး စသတ်မှတ်တဲ့ ၂၀၁၇ ခုနှစ်ကတော့ စပါးဈေး ကျပေမယ့် အစိုးရက ဝယ်မယ်၊ ပြုမယ် ဆိုပြီး ပုဂ္ဂလိကကို ငှား ထား တဲ့ ဂိုဒေါင်တွေ ပြန်သိမ်းတာတို့ လုပ်လိုက်တယ်။ ဒါပေမယ့် အသံကြောင့် ဈေးက ပြန်တက်ပြီး အပြင်ဈေးက ၅ သိန်းရဲ့ အပေါ်မှာ ဖြစ်သွားတော့ အစိုးရက ဝယ်ပေးလိုက်ရတဲ့ အဆင့် မရောက်လိုက်ရဘူး”ဟုလည်း ဦးရှမ်းက ပြောပြ သည်။

သို့သော် လက်ရှိအချိန်သည် ယခင်ကဲ့သို့ ဝယ်မည်ဟု ပြောဆိုထားသော်လည်း မဝယ်ဘဲနေ၍ မရသည့် အခြေအနေရှိ ကြောင်း ဈေးကွက်တွင်းရှိ ကုန်သည်များ ပြောဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) ဒုဝန်ကြီး ဦးဆောင်သည့် လယ်ယာ ထွက်ကုန်၊ ထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့ အစည်းအဝေးတွင် စပါးဈေးကျနိုင်သော ဒေသများကို လျာထားရာတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဝယ်ယူပေးရမည် ဖြစ်ပြီး ယင်းအနက်မှ ပဲခူးတိုင်း ဒေသကြီးက ဝယ်ယူပေးရန် တောင်းဆိုထားကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံ တရုံ/ ဧရာဝတီ

စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက“အခြေခံ စပါးဈေးကျရင် ဝယ်ယူဖို့ ကျနော်တို့ ကျပ် ၁၅ ဘီလီယံ လျာထားပါ တယ်။ ကျနော်တို့မှာ အဆင်သင့်ပဲ။ ပဲခူးတိုင်းက စပါးဝယ်ယူဖို့ ကျပ် ၈ ဘီလီယံကို ခွဲပေးဖို့ ကျနော်တို့ကို ပြောထားပါ တယ်။ ဒါနဲ့ပတ်သက်ပြီး စည်းမျည်းစည်းကမ်းချပြီး သူတို့လိုတဲ့ ငွေကို ဘယ်လို ပြန်ဆပ်ရမယ်ဆိုတာ လုပ်ပါ့မယ်။ ဒါပြီး ပဲခူးတိုင်း အစီအစဉ်နဲ့ ဝယ်ယူဖို့ လုပ်မယ်”ဟု ပြောသည်။

ဧရာဝတီတိုင်း အနေနှင့် စီးပွား/ကူးသန်းသို့ စပါးဝယ်ယူပေးရန် ဆက်သွယ်လာခြင်း မရှိသေးသော်လည်း ကျပ် ၅ ဘီလီယံ ကို သုံး၍ ဝယ်ယူပေးရန် လျာထားကြောင်းလည်း ၎င်းက ဆိုသည်။

ဈေးကွက် ရှာဖွေရေးအနေနှင့် ယခုနှစ်တွင် စပါးလက်ကျန် များနိုင်သည်ဟု စီးပွား/ကူးသန်းက သုံးသပ်ထားကြောင်း၊ ပထမအဆင့်အနေနှင့် စပါးအတိုင်း ပြည်ပသို့ တင်ပို့ရန် ပထမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးထားကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်ကလည်း ပြောဆိုသည်။

“တင်ပို့မယ့် သူတွေကတော့ ပြည်ပ တင်ပို့ချင်ရင် စီး/ကူးကို လာရောက် လျှောက်ထားရမယ်။ စပါး ၂ သိန်းကနေ ၅ သိန်း အထိ တင်ပို့ဖို့ ဆောင်ရွက်နေတယ်။ တရုတ်ပြည်ဘက်ကလည်း တရားဝင် ဝယ်ချင်လို့ စာရောက်ထားပါတယ်။ အရည်အသွေး သတ်မှတ်ချက်နဲ့ ပတ်သက်တာလည်း သူတို့ဘက်က လက်မှတ်ထိုးဖို့ ပို့ထားတာရှိတယ်။ ဒါကြောင့် လက်မှတ် ထိုးဖို့အတွက် ဆည်မြောင်းနှင့် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနဘက်က လုပ်နေတယ်။ တင်ပို့တဲ့အခါမှာ ကာလနဲ့ ပမာဏ သတ်မှတ်ပြီး ဆောင်ရွက်မှ ရမယ်”ဟုလည်း ၎င်းက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဆောင်ရွက်နေပြီး စီးပွား/ကူးသန်း အနေဖြင့် ပေါင်းစပ်ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လယ်ယာစိုက်ပျိုးရေး အတွက် လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေကို မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှတဆင့် ထုတ် ချေးလျက်ရှိရာ ယခုအစိုးရ လက်ထက်တွင် တောင်သူတဦးချင်း မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်သို့ အပေါင်အဖြစ် ပေးအပ်၍ တောင်သူ တဦးချင်းက ကိုယ်တိုင် အာမခံသည့် စနစ်ဖြင့် ၁ ဧကလျှင် ကျပ် ၁ သိန်းနှုန်းနှင့် ထုတ်ပေးလျက် ရှိသည်။

သို့သော်လက်ရှိတွင် စိုက်ပျိုးစရိတ် အနေနှင့် လယ် ၁ ဧကလျှင် ပျမ်းမျှ ကျပ် ၃ သိန်း ခန့် ကုန်ကျစရိတ် ရှိကြောင်း လယ်သမားများက ပြောပြကြသည်။

ပဲခူးတိုင်း ဒေသကြီးတွင် စပါးမျိုးစုစုပေါင်း ၃၈ မျိုး၊ စိုက်ဧက ၂၆ သိန်း၊ စပါး အထွက်နှုန်း တင်းရေ သိန်းပေါင်း ၁၈၂၀ နှင့် ကြိတ်ခွဲနိုင်သော စပါးစက် ၂၀၁၉ စက် ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ကုန်သည်စက်မှု အသင်းချုပ်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု၊လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးကိုကိုကြီးက “ကျနော်တို့ တိုင်း အတွက် ဝမ်းစာစပါးက သိန်းပေါင်း ၈၅၆ တင်းလောက်ရှိတယ်။ ထွက်တာက စပါးတင်းသိန်းပေါင်း ၁၈၂၀ ဖြစ် တယ်။ ဒီတော့ ပိုလျှံတဲ့ စပါးက တင်းရေ သိန်းပေါင်း ၉၆၄ တင်းရှိတယ်။ အဲဒီကမှ ဆန်စက်တွေက ပုံမှန် ကြိတ်ခွဲနေ တာက သိန်းပေါင်း ၄၈၂ တင်း ဖြစ်တယ်။ ဒီကမှ ကုန်သည်တွေ ဝယ်ယူသိုလှောင်နိုင်တာက သိန်းပေါင်း ၂၈၉ တင်း ဖြစ်တယ်။ ဒါကြောင့် အစိုးရ တကယ်ဝယ်ရမယ့် စပါးက သိန်းပေါင်း ၁၉၃ တင်းဖြစ်တယ်”ဟု ရှင်းပြသည်။

ဆက်လက်၍ ဦးကိုကိုကြီးက “အစိုးရက ဝယ်ပြီဆိုရင် ဝယ်တဲ့စပါးတွေကို သိုလှောင်ဖို့ နေရာရှာရမယ်။ တကယ်တမ်း ကျတော့ သိုလှောင်ဖို့ နေရာမရှိဘူး။ ဒီလိုအခက်အခဲတော့ ရှိတယ်။ အခုက ဆေးမြီးတိုနဲ့ ကုတာပဲရှိတယ်။ ဒါက အမြဲတမ်း ဖြစ်နေမှာပဲ။ ဆန္ဒပြလိုက်ရင်း ဆင်းဝယ်လိုက်ရင်း ဒါမျိုးတော့ မဖြစ်သင့်ဘူး။ ဒါကြောင့် ဒုဝန်ကြီး ဆန်စပါး ဝယ်ယူရေး ကြီးကြပ်မှု အစည်းအဝေးမှာ ကျနော် တင်ပြခဲ့တာတွေ ရှိတယ်”ဟု ရှင်းပြသည်။

လက်ရှိ ပဲခူးတိုင်းဒေသကြီးတွင် စပါး တင်း ၁၀၀ လျှင် ကျပ် ၅ သိန်းဈေးနှင့် ဈေးနှုန်း ပေါက်နေသော်လည်း ဆန်ဝယ် မည့် ဝယ်လက် မရှိသောကြောင့် စပါးအဝယ်လည်း ရပ်နေကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတွင် ပိုလျှံမည့် စပါးကို အစိုးရက ဝယ်ပေးမည် ဆိုလျှင်လည်း ဘတ်ဂျက် လောက်ငမှု မရှိ ကြောင်း တွေ့ရသည်။

ဦးကိုကိုကြီးက “အစိုးရက ပြည်နယ်နဲ့တိုင်း အကုန်လုံးကို ထုတ်ပေးနိုင်တာ ကျပ် ၁၅ ဘီလီယံပဲရှိတယ်။ ဒါက စီးပွား/ ကူးသန်းမှာ ရှိတဲ့ ဘတ်ဂျက်ပေါ့။ အဲဒီတော့ ကျနော်တို့ တိုင်း တတိုင်းတည်းတင်ပဲ ဝယ်မယ်ဆိုရင် ကျပ် သိန်းပေါင်း ၇၉ ဘီလီယံ လောက် ရှိတယ်ဆိုတော့ ရှင်းရှင်းပြောရင် ဒါက ဆင့်ပါးစပ်ကို နှမ်းပက်သလောက်ပဲ ရှိတယ်”ဟု ထောက် ပြ ပြောဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးဆောင်သည့် လယ်ယာ ထွက်ကုန်၊ ထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့က မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ပူးပေါင်းပြီး ဆန်ဝယ်ယူရန် စီစဉ်နေပြီ ဖြစ်ကြောင်း ပြောသည်။

“ဒီအဖွဲ့က ဦးဆောင်ပြီးလုပ်ရမှာ ကျနော်တို့ကတော့ အမြန်ဆုံးဝယ်ဖို့ လုပ်နေပြီ။ စပါးရာသီ အမီဆိုပြီး ကျနော်တို့ ကြိုးစား ပါတယ်။ ဒါပေမယ့် ဝယ်ယူရေးပိုင်းမှာလည်း ခိုင်ခိုင်မာမာဖြစ်အောင် ပြည်နယ်တိုင်း အဆင့်တွေမှာ လယ်ယာ ထုတ်ကုန် အဖွဲ့တွေ ဖွဲ့ဖို့ ဆွေးနွေးနေတယ်။ ဒါတွေက တာဝန်ယူပြီး ဝယ်ရမှာ အဲဒီတော့ Process လေးတော့ နည်းနည်း ရှိတယ်။ တအားကြီးတော့ မကြာလောက်ပါဘူး”ဟု ၎င်းက ဆိုသည်။

စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သောကြောင့် စပါးဈေး သတ်မှတ်ထားသော်လည်း ရောင်းသူ၊ ဝယ်သူ သဘောတူလျှင် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် ရှိကြောင်း ဦးမျိုးတင့်ထွန်းက ပြောသည်။

ဆက်လက်၍ ၎င်းက“တခုရှိတာက ကျနော်တို့ သတ်မှတ်ပေးတဲ့ စပါးဈေး ဆိုတာကတော့ သူ့မှာ သတ်မှတ်ထားတဲ့ အစိုဓာတ် ဘယ်လောက် ပေါင်ဘယ်လောက် သတ်မှတ်ချက်ရှိတယ်။ ဒီအရည်အသွေးကို တခုခု ချို့ယွင်းတာတို့ ကွာခြားတာတို့ ဆိုရင်တော့ ရောင်းသူ ဝယ်သူ ဈေးကွက်မှာ သဘောတူတဲ့ ဈေးနဲ့ ရောင်းလို့ ရတယ်။ တချို့ နေရာ မှာတော့ ကွာဟမှုလေးတွေ ရှိနိုင်တာပေါ့”ဟုလည်း ရှင်းပြသည်။

လက်ရှိတွင် ဒုဝန်ကြီးဦးဆောင်သည့် အဖွဲ့မှ စပါးဝယ်ယူရေးနှင့် ပတ်သက်ပြီး တိုင်းနှင့် ပြည်နယ်များတွင် လယ်ယာ ထွက်ကုန်၊ ထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့များ ဖွဲ့စည်းပြီး စပါးဝယ်ယူရေးအတွက် ညိုနှိုင်းရေး အစည်းအဝေးများ ပြုလုပ် ရန် စီစဉ်နေကြောင်း စီးပွား/ကူးသန်းမှ သိရသည်။

ဆန်ကုန်သည် ဦးရှမ်းက “ဆန်လောက စပါးလောကက သူတွေ ဈေးကွက်ကို ကြည့်ရင် မြင်နိုင်ပါတယ်။ စပါး လက် ကျန် များတယ်။ ဆန်အကြမ်းတင်မကဘူး။ ပေါ်ဆန်းတောင် ကျလာတာကိုး အဟောင်းက မကုန်တဲ့အပြင် အသစ်က ထပ်ထွက်လာပြီ။ အသစ်ဆိုတာ အဟောင်းဈေးရဲ့ အောက်မှာပဲရှိတယ်။ အဲဒီလိုဆိုတော့ ဈေးကျမှ လယ်သမားတွေ ကလည်း ဆန္ဒပြ။ အခုကတော့ ကျပ် ၅ သိန်း သတ်မှတ်ပြီပေါ့။ ဒါပေမယ့် ဒီနှစ် အနေအထားက တကယ် ဝယ်ပေးမှာ လား ဆိုတဲ့ အပေါ်မူတည်တယ်”ဟု ပြောဆိုသည်။

နှစ်စဉ်နှစ်တိုင်း စပါးပေါ်ချိန်ရောက်လျှင် ပဲခူးတိုင်း အရှေ့ခြမ်းမှ ဦးဆုံးပေါ်လေ့ရှိပြီး လက်ရှိတွင် တချို့နယ်များတွင် စပါး၊ ဆန်သစ် မပေါ်သေးကြောင်း သိရသည်။

ပြည်ပ ပို့မည့် ဆန်များ သင်္ဘောတင်နေစဉ် / ဧရာဝတီ

ရွှေပြည်စံ ဆန်ဆိုင် ပိုင်ရှင် ဦးဝင်းက “စပါးဈေးနိမ့်ရင် ဆန်ဈေးလည်း နိမ့်တာပဲ ဦးတို့လို လက်လီသမားကတော့ ကြိုဆိုတယ်။ ဘာလို့လဲဆိုတော့ အရင်းနည်းတယ်။ ရူံးရင်တောင် အရူံးပမာဏ နည်းတာပေါ့နော်”ဟု ပြောသည်။

ယခင်နှစ်က ပေါ်ဆန်း (ဆန်ချော) စပါး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းနှင့် ဧည့်မထ (ဆန်ကြမ်း) ၄ သိန်းကျော်နှင့် စပြီး နောက်ပိုင်းတွင် ကျပ် ၅ သိန်းကျော်သွားကြောင်း၊ အစိုးရက စပါးဈေး သတ်မှတ်လိုက်သော်လည်း ဈေးနှုန်း တက် လာခြင်း မရှိဘဲ ဧရာဝတီတိုင်းဘက်တွင် ကျပ် ၅ သိန်းအောက် ဈေးကျနေကြောင်း လယ်သမားများထံမှ သိရသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “မြေပြင်အခြေအနေမှာတော့ စပါးဈေးက ကျပ် ၅ သိန်းနဲ့ တောင်သူတွေ ဆီက ဝယ်ပေးဖို့ဆိုတာ မရှိသေးပါဘူး။ သူတို့သတ်မှတ်တဲ့ ဈေးနဲ့က မြို့အရောက်ပို့ရမယ်။ အစို ဓာတ် သတ်မှတ်ချက် ဒါတွေက အခုလောလောဆယ်မှာ ကျနော်တို့အတွက် အခက်အခဲရှိတယ်။ တကယ်လို့ သူတို့ ဈေး နဲ့ ဆန်စက် အရောက် အခြောက်ပို့တာတောင်မှ ဝယ်ပေးတဲ့သူ အင်မတန်နည်းပါတယ်။ ဝယ်မပေးနိုင်တဲ့ အခြေ အနေက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အဲဒီတော့ အစိုးရအနေနဲ့ ကြော်ငြာနေရုံနဲ့ မရပါဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်းက တရုတ်က တိုက်ရိုက် မြန်မာနိုင်ငံတွင်းသို့ စပါးများ ဆင်းဝယ်ခြင်းကြောင့် ဆန်စက် လုပ်ငန်း ရှင် များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် မွေးမြူရေးသမားများက တိရစ္ဆာန် အစားအစာဖြစ်သော ဆန်ကွဲ၊ ဖွဲများ ဈေးတက် ခြင်းနှင့် ဆန်စက်များ အလုပ်လက်မဲ့ ဖြစ်ခြင်း စသည့် အချက်များကြောင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ တားဆီးပေး ရန် တင်ပြခဲ့သည်။

ယင်းအခြေအနေ တခုကြောင့်လည်း စပါးဈေးကွက်သည် လောလောဆယ် ဝယ်လက်ပျေက်နေခြင်း ဖြစ်ကြောင်း ဦးသိန်းအောင်က ဆိုသည်။

ဆက်လက်၍ ၎င်းက“အဲဒီရဲ့ အမွေက ဒီနှစ်မှာ စပါးဟောင်းက တင်းရေ ၄ သန်းကနေ ၅ သန်းလောက် ကျန်တယ်။ စပါးသစ် တွေကလည်း ထွက်လာပြီ ထားစရာကလည်း မရှိတော့ဘူး။ ဝယ်စရာပိုက်ဆံလည်း အသေးစား ကုန်သည် တွေမှာ မရှိဘူး။ ထားစရာဂိုဒေါင်မရှိဘူး။ အဲဒီတော့ ပေါ်လာတဲ့ စပါးကလည်း အလုံးနဲ့အရင်းနဲ့ ပေါ်တာဆိုတော့ အဲဒီ ပေါ်မှာ ပိုက်ဆံမရှိ၊ ဈေးကွက်မရှိ ရောင်းလိုအားများတဲ့အပေါ်မှာ ဝယ်သူရဲ့ ထုံးတန်းစဉ်လာ အရ ဈေးနှိမ်တာလည်း ပါ တယ်။ ဒါကြောင့် ဈေးကွက်ပျက်နေတယ်”ဟု ထောက်ပြသည်။

ထို့ပြင် ဦးသိန်းအောင်က“မနှစ်က တင်ပို့မှုကို ပိတ်ပစ်ပါလို့ တောင်းဆိုတဲ့ သူတွေ အဖွဲ့အစည်းတွေကို အခု တာဝန် ယူခိုင်းရမယ်။ သူတို့မှာ တာဝန်ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနှစ်မှာ တောင်သူတွေ အရူံးပေါ်ပြီးတော့ စိုက်ပျိုး ထုတ်လုပ်သူတွေ ဈေးကွက်ပျောက်တာ သူတို့ရဲ့ ပယောဂ မကင်းဘူး။ တကယ်ဒုက္ခလည်းရောက်ရော အဲဒီပိတ်တဲ့ သူတွေက တာဝန်လုံးဝမယူဘဲနဲ့ ကိုယ်နဲ့မဆိုင်သလို နေတာက ဒီတိုင်းပြည်မှာ လည်သူစား ထင်ရာလုပ်ခဲ့တဲ့ ဓလေ့ ထုံးတမ်းကြီး မပျောက်သေးလို့”ဟု ပြောဆိုသည်။

ယခင်နှစ် တရုတ် စပါးဆင်းဝယ်ချိန်တွင် ဧရာဝတီတိုင်း ဒေသကြီးအထိ စပါးတင်း ၁၀၀ လျှင် ကျပ် ၆ သိန်း ၅ သောင်း အထိ ပေးဝယ်ခြင်းဖြစ်သောကြောင့် စပါးဈေးများ ကောင်းခဲ့သည်။

ယခုနှစ်တွင် ဈေးကွက် ပျောက်နေသောကြောင့် အစိုးရသတ်မှတ်သည့် ဈေးလည်း ယနေ့အထိ ဖြစ်မလာဘဲ စပါး တင်း ၁၀၀ လျှင် ကျပ် ၄ သိန်း ၅ သောင်းဈေးနှင့်သာ ဈေးကွက်အတွင်း အရောင်းအဝယ်ရှိနေကြောင်း လယ်သမားများ ထံမှ သိရသည်။

လယ်သမားများ အနေနှင့် ယခုနှစ်တွင် ဝယ်လက်များ ပျောက်နေသည့်အပြင် စပါးပိုးကျခြင်းနှင့် မိုးဦးစောခဲ့သဖြင့် လည်း ယခု မိုးစပါးပေါ်ချိန်တွင် ယခင်နှစ် စပါး ၁ ဧက ပျမ်းမျှ တင်း ၈၀ ထွက်လျှင် ယခုနှစ်တွင် တင်း ၂၀ မှ ၃၀ အထိ အထွက်နှုန်း လျော့ကျခဲ့သည်။

ထို့ပြင် ယခုနှစ်အတွင်း ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့်လည်း သွင်းအားစု ပစ္စည်းများဖြစ်သော လယ်ယာသုံး စက် ပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ ဒီဇယ်ဈေးများ မြင့်တက်လာခဲ့သဖြင့် ယခုနှစ်သည် လယ်သမားများ အတွက် မြွှေပူရာ ကင်းမှောက်သည့် အဖြစ်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။

စပါးဈေးနှုန်း သတ်မှတ်ခြင်းသည် အမှန်တကယ်ဆိုပါက တနိုင်ငံလုံးမှ လယ်သမားများ အသိအမှတ်ပြု ကိုယ်စားပြု သော လယ်သမား ခေါင်းဆောင်များကို ဖိတ်ပြီး ဆွေးနွေရမည် ဖြစ်သော်လည်း လက်ရှိဈေးသတ်မှတ်မှုသည် အမည်ခံ လယ်သမားများနှင့်သာ ပြီးသွားကြောင်း ဧရာဝတီတိုင်း လယ်သမား ဦးသိန်းအောင်က ပြောဆိုသည်။

“ဥပဒေအရ ဖွဲ့စည်းပုံအရ တောင်သူလယ်သမား ဘယ်နှရာခိုင်နှုန်း ပါရမယ်ဆိုလည်း တောင်သူလယ်သမားအများစု ကိုယ်စားပြုတဲ့သူ မဟုတ်ဘဲ အခြားအမည်ခံသူတွေပဲ ဆွဲထည့်ပြီးတော့ ကြော်ငြာလိုက်တယ်။ ဒါတောင် လက်တွေ့ မှာ အဲဒီကြော်ငြာတဲ့ဈေးကို ဝယ်ပေးနိုင်တာ မတွေ့ဘူး”ဟု ၎င်းက ပြောသည်။

ဆန်စပါးအသင်းမှ လူများနှင့် တွေ့၍ စုံစမ်းကြည့်သော်လည်း လက်ရှိတွင် အစိုးရက စပါးဈေး ကြော်ငြာပေးသည်သာ ရှိကြောင်း ဝယ်ပေးမည့် ငွေကြေးကို ပေးထားခြင်း မရှိသဖြင့် လောလောဆယ် ဝယ်ယူရန် အစီစဉ် မရှိသေးကြောင်း၊ အစိုးရ သတ်မှတ်သည့် ဈေးနှင့် မဝယ်နိုင်လျှင် မဝယ်ပါနှင့်ဟု ပြောဆိုထားကြောင်း သိရသည်ဟု ဦးသိန်းအောင်က ဆိုသည်။

“အဓိကတော့ ဝယ်ပေးဖို့ပဲ။ ကြော်ငြာရုံနဲ့ မပြီးဘူး။ ကြော်ငြာရုံပဲဆို ကျနော်တို့လည်း ကြော်ငြာလို့ရတာပဲ”ဟု ဦးသိန်းအောင်က ပြောသည်။

ထို့ကြောင့် ဝယ်မည့်သူရှိလျှင် တောင်သူက အတင်းချရောင်းရမည့် ပုံစံဖြစ်နေကြောင်းလည်း ဈေးကွက်တွင်း ပြောဆို နေကြသည်။

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေအရ ကောက်ပဲသီးနှံ ဈေးနှုန်းများသည် ထုတ်လုပ်မှု ကုန်ကျ စရိတ်နှင့် မကိုက်ပါက အစိုးရက ဝယ်ယူပေးရမည်ဟု ပါရှိပြီး ယင်းအတွက် ၂၀၁၉ ခုနှစ်တွင် စီးပွား/ကူးသန်း အနေနှင့် ကျပ် ၁၅ ဘီလီယံကို လျာထားကြောင်း သြဂုတ်လ ၂၇ ရက်က ပြည်သူ့လွတ်တော် အစည်းဝေးတွင် ဒုဝန်ကြီး ဦးအောင်ထူး က ပြောကြားခဲ့သည်။

ဒုဝန်ကြီးက အခြေခံ စပါးဈေးနှုန်း သတ်မှတ်မှုသည် ထိလွယ် ရှလွယ်သည့် ကိစ္စတခု ဖြစ်သောကြောင့် လက်တွေ့ကျ သည့် ဈေးနှုန်းကို သတ်မှတ်ပေးပြီး လာမည့် ၂၀၂၀ ပြည့်နှစ်သည်လည်း ရွေးကောက်ပွဲနှစ်ဖြစ်၍ ဈေးနှုန်း သတ်မှတ် ရာတွင် သတိပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။

“သတ်မှတ်ဈေးထက် ကျော်ရင် ကောင်းတယ်။ ဒါပေမယ့် သတ်မှတ်ဈေးထက် ကျသွားမယ်ဆိုရင် နိုင်ငံရေး အကျိုး ဆက် တွေ ရှိလာနိုင်တယ်”ဟု ဒုဝန်ကြီးက စပါးဈေးနှုန်း သတ်မှတ်ရေး ဆွေးနွေးပွဲ တခုတွင်လည်း ပြောဆိုထားသည်။

တောင်သူလယ်သမားများ ဘက်ကလည်း မိမိတို့ လိုချင်သည့် နှုန်းထားကိုသာ သိပြီး စပါးအရည်အသွေး ကောင်းရန် မကြိုးစားလျှင် သတ်မှတ်နှုန်းထား အတိုင်းပေးရန် မဖြစ်နိုင်ကြောင်းကို သတိပြုသင့်သည်ဟု ဒုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ၇၀ ရာခိုင်နှုန်းသည် တောင်သူ လယ်သမားများ ဖြစ်ပြီး လာမည့် ၂၀၂၀ နိုဝင်ဘာလတွင် ရွေးကောက် ပွဲ လည်း ကျင်းပရန် ရှိသောကြောင့် အခြေခံ စပါးဈေးနှင့် ပတ်သက်၍ အစိုးရအနေနှင့် သတိထား ကိုင်တွယ်သင့် ကြောင်း ပညာရှင်များကလည်း ထောက်ပြထားသည်။

မုတ်သုံ ကျေးလက် ဖွံ့ဖြိုးရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက “အများစုကလည်း လယ်ယာ စိုက်ပျိုးရေးနဲ့ အသက်မွေးကြတော့ စပါးဈေးက ကျေးလက်စီးပွားရေးနဲ့ ပတ်သက်တယ်။ စိုက်ပျိုးရေး လုပ်ငန်းကို အခြေခံ တဲ့ လုပ်သားတွေက ဒီကဏ္ဍပေါ်မှာ မှီခိုနေရတော့ စပါးရောင်းဝယ်မှုကို ပိုင်ပိုင်နိုင်နိုင် လုပ်ဖို့တော့လိုတယ်။ ဒါက အစိုး ရ ရဲ့ ပုံရိပ်ပေါ်မှာ သွားပြီးတော့ အများကြီး သက်ရောက်မှုတွေ ရှိတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး တည်ငြိမ်မှု၊ နိုင်ငံရေး တည်ငြိမ်မှု ဆိုတာလည်း စပါးဈေးနှုန်းနဲ့ စပါး ရောင်းဝယ်ရေး စီမံခန့်ခွဲမှု ကိစ္စပေါ်မှာ အများကြီး မူတည်တယ်”ဟု ပြောဆိုသည်။

စပါးဈေးကွက် ပြဿနာ အရင်းအမြစ်သည် ယခင်နှစ်က စပါးအဟောင်း လက်ကျန်များ ဂိုဒေါင်အတွင်း ပုံနေခြင်း ကြောင့် ယခုနှစ် ပေါက်ဈေးကို ဆွဲတင်ရန် ခက်ခဲနေခြင်းကြောင့်ဟုလည်း ဆိုသည်။

အဓိကအားဖြင့် မြန်မာနိုင်ငံ၏ စပါးရောင်းဝယ်ရေး၏ ၈၀ ရာခိုင်နှုန်းခန့်သည် တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ သွားခြင်းကြောင့် ယင်းလမ်းကြောင်း ကောင်းမွန်ရန်လည်း လိုအပ်မည်ဟု ဒေါက်တာ သောင်းထွန်းက ပြောသည်။

“ဒီလမ်းကြောင်း ကောင်းဖို့ဆိုရင် ဒီဒေသရဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု သဘောတူညီချက်တွေ ရဖို့ လို တယ်။ ဒါလည်း အစိုးရလုပ်ရမယ့် လုပ်ငန်းစဉ် တခုထဲမှာ ပါတယ်။ ဒါကောင်းရင် စပါးဈေး ပြန်ကောင်းလာနိုင်တယ်။ အဓိကတော့ အစိုးရရဲ့ ဈေးကွက် ရှာဖွေပေးနိုင်မှုပေါ်မှာ မူတည်တယ်”ဟု ၎င်းက ဆိုသည်။

လယ်ယာ လုပ်ငန်းခွင် တခု/ ဧရာဝတီ

ယခုအစိုးရက ဆောင်ရွက်နေသော စပါးဈေးနှင့်ပတ်သက်သည့် အနိမ့်ဆုံးဈေး သတ်မှတ်ခြင်း၊ စပါးအတိုင်း တိုက်ရိုက် ပြည်ပသို့တင်ပို့ရန် လုပ်ဆောင်ခြင်းတို့သည် လတ်တလော လုပ်ငန်းစဉ်များဖြစ်ပြီး ရေရှည် လုပ်ငန်းစဉ်အနေနှင့် တောင်သူ လယ်သမားကို စပါးအပြင် အခြားတွက်ခြေကိုက်မည့် သီးနှံများ စိုက်ပျိုးနိုင်ရန် အတွက် အမယ်စုံ စိုက်ပျိုး ရေးကို လက်တွေ့ဖြစ်လာအောင် ဖော်ဆောင်ပေးရန်လိုအပ်နေသည်ဟု ဒေါက်တာ သောင်းထွန်းက ထောက်ပြသည်။

“စနစ်တကျ စီမံချက် ချဖို့လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာက စပါးစိုက်ပျိုးမှုက များတယ်။ တောက် လျှောက်က ဒါကိုပဲ အားပေးလာတယ်။ တခြားကဏ္ဍတွေရဲ့ ဆီထွက် သီးနှံပဲဖြစ်ဖြစ်၊ ကုန်ထုတ်ပစ္စည်း ထုတ်လုပ်တဲ့ သီးနှံတွေပဲ ဖြစ်ဖြစ် စိုက်ပျိုးမှုတွေက ဈေးကွက် အနေအထားအရရော စိုက်ပျိုးမှုရော စနစ်တကျ လုပ်တာမရှိတော့ စပါးက ပိုလျှံနေတယ်။ နောက်ပြီး အရည်အသွေးကလည်း မတက်လာတဲ့အတွက် နိုင်ငံတကာမှာ ဈေးကွက် ယှဉ်ပြိုင် နိုင်မှုက အားနည်းတယ်”ဟု ဒေါက်တာ သောင်းထွန်းက ပြောဆိုသည်။

ထို့ကြောင့် ရေရှည်အတွက် စိုက်ပျိုးရေးကဏ္ဍကို စီမံချက်များထား လုပ်ဆောင်သင့်ပြီး စပါးစိုက်ပျိုးရေး ကဏ္ဍ တခုပေါ် တွင် ယခုအတိုင်း ဆက်သွားနေမည် ဆိုလျှင် နောက်ပိုင်းတွင် ဈေးကွက်ပျောက်သည့် ပြဿနာများ ဆက်လက် ကြုံတွေ့ နေရမည် ဖြစ်သည်ဟု ဆိုသည်။

ထိုသို့သော အခြေအနေများကြောင့် အစိုးရအနေနှင့် အမယ်စုံ စိုက်ပျိုးရေးကို အားပေးသည့် နည်းစနစ်များ၊ ဗျူဟာ များ ချမှတ်၍ စနစ်တကျ ဖော်ဆောင်ရန် လိုအပ်နေကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

စပါးနှင့် ပတ်သက်လျှင် ဆန်ပြည်ပတင်ပို့မှုကို အားပေးခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်ခြင်း၊ ဥပမာအားဖြင့် ဆန်ကွဲအတိုင်း ပြည်ပ တင်ပို့မည့် အစား တိရစ္ဆာန်အစာစပ် စက်ရုံများ၊ ကြာဆန်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဖွဲမှ ဖွဲနုဆီ ထုတ်လုပ်သည့် လုပ်ငန်းများအပြင် ယင်းလုပ်ငန်းများနှင့် စပ်ဆက်သည့် မွေးမြူရေးလုပ်ငန်းများ အစရှိသည် တို့ကို တိုးမြင့်အောင် ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း ပြုလုပ်သင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လယ်သမား ၆ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး စိုက်ပျိုးစရိတ်၏ ၅၅ ရာခိုင်နှုန်းက လုပ်သားကုန်ကျစရိတ် အဖြစ် ကုန်ကျ၍ လက်ရှိ ခောတ်အခြေနေအရ လယ် ၁ဧက စိုက်ပျိုးစရိတ်မှာ ကျပ် ၃ သိန်းအထိ ရှိသည်။

တနိုင်ငံလုံး၏ စိုက်ဧကမှာ ဧရာဝတီတိုင်း ဒေသကြီးတွင် ၄၅ ရာခိုင်နှုန်း၊ ရန်ကုန်၊ ပဲခူးတိုင်းတွင် ၉ ရာခိုင်နှုန်း စိုက်ပျိုး ပြီး တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် စပါးစိုက်ဧက ၁၂ သန်းရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးရေး ထုတ်ကုန်ဖြစ်သော စပါးဈေးကွက် ပြဿနာကို အစိုးရအနေနှင့် အမြန်ဆုံး ဖြေရှင်း ပေးရန် လိုအပ်နေသည့် အပြင် ယခု သတ်မှတ်ထားသော စပါး အခြေခံ သတ်မှတ် ဈေးနှုန်းသည် လည်း လယ်သမားများ အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိရန် လိုအပ်နေပေသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အစိုးရအနေနှင့် ရေရှည် လုပ်ဆောင်ရမည့် နည်းဗျူဟာများ ရေးဆွဲ ဆောင်ရွက်ရန် လိုအပ်နေကြောင်းလည်း တွေ့ရှိရပါသည်။ ။

You may also like these stories:

ဧရာဝတီတိုင်းတွင် ပေါ်ဆန်းရင်စပါးဈေး ၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ

အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲဈေး မြင့်တက်

ဉာဏ်ကြီးရှင် ကော်ဖီ အာဆီယံ စီးပွားရေးဆု ရ

Did you find apk for android? You can find new Free Android Games and apps.
Loading