ဆီအုန်းစိုက်ခင်းများနှင့် သစ်တောပြုန်းတီးခြင်း၊ သဘာဝတောရိုင်း တိရိစာ္ဆန်များဆုံးရှုံးရခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် တိုင်းရင်းသားများ၊ ဒေသခံပြည်သူများနှင့် အဆင်မပြေဖြစ်ရခြင်းများ အပါအဝင် ၎င်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အများ၏ အာရုံစိုက်မှုအောက်သို့ အင်ဒိုနီးရှားနှင့် မလေးရှားတို့ ရောက်ရှိခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံက သစ်တောမြေများကို ဆီအုန်း စိုက်ခင်းများအတွက် ချထားပေးခြင်းအားဖြင့် သူတို့၏ ဖွံ့ဖြိုးရေး ပုံစံအတိုင်း လိုက်လာခြင်းနှင့် အတူ အခြားသော အရှေ့တောင်အာရှနိုင်ငံများကလည်း ဆီအုန်းနိုင်ငံကြီး ၂ ခုနှင့် အတူ အလျှင်အမြန် ပူးပေါင်းလာကြသည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင် ဆီအုန်း စိုက်ပျိုးရေးအတွက် လုပ်ပိုင်ခွင့် ချထားပေးခဲ့သော မြေ၏ ၆၀ ရာခိုင်နှုန်းနီးပါးတွင် သစ်တောများ သို့မဟုတ် ရာဘာမဟုတ်သည့် သီးနှံစိုက်ခင်းများ ပါဝင်နေ ကြောင်း Scientific Reports တွင် မကြာသေးမီက ထုတ်ပြန်ခဲ့သော လေ့လာမှုတခုက တွေ့ ရှိခဲ့သည်။
“လုပ်ကိုင်ခွင့်ချထားပေးခဲ့တဲ့ ဧရိယာတွေထဲက အများစုက အမျိုးသားဥယျာဉ်အဖြစ် အဆိုပြုထားတဲ့နေရာတွေ ဖြစ်ပါတယ်” ဟု လေ့လာမှုကို ဦးဆောင်ရေးသားခဲ့သူ ဖြစ်သည့် Keiko Nomura ကပြောသည်။ သူက Edinburgh တက္ကသိုလ်မှ ပါရဂူတန်း ကျောင်းသူတယောက်လည်း ဖြစ်သည်။ “သဘာဝပတ်ဝန်းကျင် သို့မဟုတ် လူမှုရေး သက်ရောက်မှုတွေ ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လုပ်ကိုင်ခွင့်တွေ ချထားပေးခဲ့ပါတယ်”
လေ့လာမှုက မြန်မာနိုင်ငံ တောင်ပိုင်း ပြည်နယ်များကို အဓိက ဦးတည်ခဲ့သည်။ လက်ရှိတွင် စိုက်ခင်းအများစုက မြန်မာနိုင်ငံ တောင်ပိုင်းတွင် ရှိနေသောကြောင့် ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် စစ်အစိုးရက ၂၀၃၀ မတိုင်မီ ဟက်တာ ၂၈၀၀၀၀ (၆၉၂၀၀၀ ဧက) စိုက်ပျိုးရန် ဦးတည်ချက် ချမှတ်ခဲ့သည်။ စုစုပေါင်း ပမာဏ၏ ၄ ပုံ ၁ ပုံ နီးပါး သို့မဟုတ် ဟက်တာ ၆၃၀၀၀ ခန့် (၁၅၆၀၀၀ ဧက) က ကာကွယ် ထိန်းသိမ်းရမည့် သစ်တောများနှင့် ထပ်နေခဲ့သည်။ ထိုအချိန်မှ စ၍ အစိုးရက (အမေရိကန်နိုင်ငံတွင် အသေးဆုံး ပြည်နယ်ဖြစ်သည့်) Rhode Island ထက် ပိုကျယ်သော ဧရိယာဖြစ်သော မြေ ၄၀၁၈၁၄ ဟက်တာ (ဧက ၁ သန်းနီးပါး) ကို ကုမ္ပဏီ ၄၄ ခုသို့ ချထားပေးခဲ့သည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ၂၀၅၀ ခုနှစ် ရောက်သည့် အချိန်တွင် မြန်မာနိုင်ငံက ယခုအချိန်၌ ကမာ္ဘ အကြီးဆုံး ဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော အင်ဒိုနီးရှားထက် ပို၍ ဆီအုန်းစိုက်ပျိုးရေးအတွက် သင့်တော်လာမည်ဟု မျှော်လင့်ရသည်။
အရွယ်ရောက်ပြီး ဆီအုန်းပင်များရှိသည့် စိုက်ခင်းများက တနင်္သာရီတိုင်းတွင် ဟက်တာ ၇၅၀၀၀ ခန့် (၁၈၅၀၀၀ ဧက) ရှိ ကြောင်း သုတေသီများ တွေ့ရှိခဲ့ရသည်။ ရုပ်ပုံများကို လေ့လာဆန်းစစ်မှုအရ လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် မြေများအတွင်း ရာဘာစိုက်ခင်းများ ရှိနေသလို (လေ့လာမှုတွင် သစ်တောများနှင့် ကွမ်းသီးပင်နှင့် သီဟိုဠ်ပင်ကဲ့သို့ အခြားသီးနှံပင်များ ပါ ပါဝင်သည့်) အခြားအပင်များ၊ ချုံတောများ၊ မြေလွတ်များနှင့် မြစ်ချောင်း အင်းအိုင်များ အဖြစ် သတ်မှတ်ထားသည့် မြေများလည်း ပါဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ခရိုင်အားလုံးတွင် ဆီအုန်းပင်များက လုပ်ကိုင်ခွင့်ပေးထားသည့် ဧရိယာ၏ ၁၅ ရာခိုင်နှုန်းတွင်သာ ဖုံးလွှမ်းထားပြီး ခွင့်ပြုထားသည့် မြေနေရာ၏ ၆၀ ရာခိုင်နှုန်းကို အခြားအပင်များက ရယူထားသည်။
“(လုပ်ကိုင်ခွင့် ရထားတဲ့) ကုမ္ပဏီတွေက ကျန်နေတဲ့ သစ်တောတွေကို တရားဝင် ရှင်းလင်းနိုင်တယ်။ အကောင်းပကတိအတိုင်း ကျန်နေနိုင်ခြေရှိတဲ့ သစ်တောတွေထဲက တချို့နေရာတွေနဲ့ ဇီဝမျိုးကွဲ တည်ရှိမှု မြင့်မားတဲ့ ဧရိယာတွေ၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးမှာ တန်ဖိုးရှိတဲ့ သစ်တောတွေ အပါအဝင်ဖြစ်ပါတယ်” ဟု Keiko Nomura ကပြော သည်။ “အထူးသဖြင့် တနင်္သာရီ အမျိုးသားဥယျာဉ်မှာ ဆီအုန်းနဲ့ ရာဘာ စိုက်ပျိုးထားတဲ့မြေ ဟက်တာ ၁၀၀၀ (၂၅၀၀ ဧက)လောက် ရှိနေပါတယ်။ ကျန်နေတဲ့ ဆီအုန်းစိုက်ပျိုးခွင့်ရထားတဲ့ ဧရိယာတွေရဲ့ သင့်တော်မှု အတိုင်းအတာကို တွက်ဆ ကြည့်ဖို့ အရေးကြီးပါတယ်။”
ကာကွယ်ထိန်းသိမ်းရေး ဧရိယာတခု အဖြစ် ယခုအချိန်အထိ အပြည့်အဝ မသတ်မှတ်ရသေးသော တနင်္သာရီတိုင်းသည် ကာဗွန်စုပ်ယူ ထိန်းသိမ်းပေးနိုင်မှု ကြွယ်ဝသောနေရာဖြစ်သည်။ အဆိုပြုထားသည့် ဥယျာဉ်အတွင်းမှ လုပ်ပိုင်ခွင့်ရထား သော နေရာများကို ခုတ်ထွင်ရှင်းလင်းခြင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် သန်း ၁၅၀ နီးပါး သို့မဟုတ် ဂရမ် ထရီလီယံပေါင်းများစွာကို ပြန့်နှံ့ခွင့်ပေးလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။
အမှန်တကယ် စိုက်ပျိုးထားသည့် အတိုင်းအတာနှင့် မစိုက်ပျိုးရသေးသော ဧရိယာများကို အတိအကျ တွက်ချက် စစ်ဆေးရေးအတွက် ပုံရိပ်များရယူရန် သုတေသီများက Google Earth ကို အသုံးပြု၍ လပေါင်းများစွာ စုဆောင်းခဲ့ကြသည်။ ထို့နောက် ဆီအုန်း စိုက်ပျိုးသည့် ဧရိယာနှင့် အခြားမြေများကို တွက်ချက်ရန် Sentinel-1 နှင့် Sentinel-2 ဂြိုဟ်တုများမှ ရရှိသည့် ၂၀၁၈ နှင့် ၂၀၁၉ အတွက် အချက်အလက်များမှတဆင့် ထောင်နှင့်ချီသော ကိုးကားချက်များကို အသုံးပြုခဲ့ကြ သည်။ နောက်ပိုင်းတွင် သူတို့က ရှင်းလင်းစွာ ပေါင်းစပ်ထားသည့် ပုံများကို ဖန်တီးရာတွင် တိကျသေချာမှုကို မြင့်မားစေရန် ဆော့ဖ်ဝဲ နှင့် algorithm များ အသုံးပြု၍ ပုံရိပ်များကို သန့်စင်ခဲ့ကြသည်။
အဆိုပါ အချက်အလက်များနှင့်အတူ လုပ်ကိုင်ခွင့်ချထားပေးသည့် နေရာများနှင့် တနင်္သာရီတိုင်းအတွင်းမှ နယ်နိမိတ်များကို သုတေသီများက စုံစမ်းစစ်ဆေးကြည့်သည့် အချိန်တွင် အမှန်တကယ် ဆီအုန်းစိုက်ပျိုးသည့် စိုက်ခင်းများနှင့် ကုမ္ပဏီများက အစိုးရထံ သတင်းပို့ခဲ့သည့် အချက်များကြားမှ ကွာခြားမှုများကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးခွင့်ရ ဒေသများအတွင်းမှ စိုက်ပျိုးခြင်း မရှိသည့် ဧရိယာများက အမြဲတမ်း ရှင်းရှင်းလင်းလင်း ရှိမနေခဲ့ပါ။

လုပ်ကိုင်ခွင့်များနှင့် စိုက်ပျိုးထားခြင်း မရှိသည့် ဧရိယာများ
လယ်သမားများက ဆီအုန်းကို မြန်မာနိုင်ငံတွင် ၁၉၂၀ နှစ်များအတွင်း စတင် မိတ်ဆက်ခဲ့သည်။ သို့သော်လည်း စိုက်ပျိုးခြင်းက ဆယ်စုနှစ်များစွာအတွင်း မြင့်တက်လာခဲ့ခြင်း မရှိပါ။ တနင်္သာရီတိုင်း၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်များတွင် စတင်၍ ဖွံ့ဖြိုးလာသည်မှာ ၁၉၇၀ နှစ်များသို့ ရောက်မှ ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် ဆီအုန်းလုပ်ငန်းက အစိုးရ၏ အဓိက အာရုံ စိုက်မှုတခု ဖြစ်လာခဲ့သည်။ ထိုစဉ်က စစ်အစိုးရက ကုမ္ပဏီများကို လက်ရွေးစင် ရွေးချယ်၍ စိုက်ပျိုးရန် တာဝန်ပေးခဲ့သည်။ သူတို့၏ စိတ်ကူးမှာ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် ဖြစ်သလို နိုင်ငံခြားကို တင်ပို့ရန်လည်း မျှော်လင့်ထားသည်။
ထိုအချိန်မှစ၍ စိုက်ပျိုးရန် အထူးသင့်တော်သည်ဟု ယူဆရသည့်နေရာ ဖြစ်သော မြန်မာနိုင်ငံတောင်ဖက် အစွန်ဆုံးဒေသ ဖြစ်သည့် တနင်္သာရီတိုင်းအတွင်းမှ ခရိုင်အများအပြားတွင် အကြီးစားစိုက်ခင်း စီမံကိန်းများကို မြင်တွေ့လာခဲ့ရသည်။
သို့သော်လည်း ယခုအချိန်တွင် အဆိုပါ လုပ်ပိုင်ခွင့်ရနေရာများပေါ်တွင် စိုက်ခင်းများ အကောင်အထည်ဖော်ရေးက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ၏ အကန့်အသတ်နှင့် ကြုံတွေ့နေရသည်။ မြေပိုင်ဆိုင်မှုတွင် အငြင်းပွားရခြင်းများရှိနေသလို လက်နက်ကိုင်အဖွဲ့များကြားမှ တိုက်ပွဲများအပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စများ၏ ရလဒ်တခုအနေဖြင့် အချို့နေရာများသို့ မသွားရောက်နိုင်ခြင်းများက ဆက်လက်၍ ရှိနေသည်။
ထို့ပြင် လုပ်ပိုင်ခွင့်ရသည့် အချို့ နေရာများက ဆီအုန်းစိုက်ပျိုးရေးအတွက် မသင့်တော်သည့် နေရာများလည်း ဖြစ်နေနိုင်သည်။ ပါဝင်လုပ်ကိုင်နေသည့် အချို့ ကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးရေးအတွက် လိုအပ်သည့် အသိပညာနှင့် အရင်းအမြစ်များ ရှိချင်မှ ရှိကြမည်ဟု လေ့လာမှုက ဆိုသည်။
ဆီအုန်းပင် အားလုံး၏ ၃၀ ရာခိုင်နှုန်းနီးပါးက လုပ်ကိုင်ခွင့်ရသည့် ဧရိယာများ၏ အပြင်ဘက်တွင် ရှိ နေသည်ကိုလည်း လေ့လာမှုက တွေ့ရှိခဲ့ရသည်။ နယ်နိမိတ်သတ်မှတ်ခြင်းများ မရေရာမှု သို့မဟုတ် ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်ဖွယ်ရှိပါသည်။ ၎င်းထဲတွင် တနင်္သာရီ အမျိုးသား ဥယျာဉ်အတွင်းဘက်မှ ဟက်တာ ၁၀၀၀ သို့မဟုတ် လုပ်ကိုင်ခွင့်ရ ဧရိယာများနှင့် ထပ်နေသည့် အမျိုးသားဥယျာဉ် ၂ ခုပေါင်း ဧရိယာ၏ ၄ ရာခိုင်နှုန်းခန့် ပါဝင်နေပါသည်။
သို့သော် အချိန်ကြာမြင့်လာသည်နှင့် အမျှ ဆီအုန်းစိုက်ပျိုးသည့် မြေဧရိယာက အတော်အသင့် တိုးတက်လာခဲ့ပြီး အင်ဒို နီးရှား၊ မလေးရှားတို့နှင့် တူညီမှုက ပိုမိုထင်ရှားလာသည်။ အင်ဒိုနီးရှားတွင် ဆီအုန်းစိုက်ပျိုးခွင့်ရသည့်မြေများက ကြီးမား သော သစ်တောမြေများနှင့် ထပ်နေခဲ့ကြောင်း Keiko Nomura နှင့် သူ့အဖွဲ့၏ သုတေသနက အခိုင်အမာပြောသည်။ အရှေ့တောင်အာရှမှ ဆီအုန်းစိုက်ခင်းများ၏ တဝက်နီးပါးက လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက်အထိ သစ်တောများဖြစ်ခဲ့သည့် နေရာများဖြစ်ခဲ့ကြောင်းလည်း သူတို့က ဖော်ထုတ်ခဲ့သည်။
ဈေးနှုန်းသက်သာခြင်းနှင့် ဇီဝလောင်စာအဖြစ် အသုံးပြုမှု ပိုများလာခြင်းတို့ကြောင့် ကမာ္ဘတလွှားတွင် ဆီအုန်းကို လူကြိုက်ပိုများလာသည်နှင့် အမျှ ရာသီဥတု၊ သစ်တောများနှင့် ဒေသခံအသိုင်းအဝိုင်းများအပေါ် ၎င်း၏ သက်ရောက်မှုက အရှိန် ပိုမြင့်တက်လာလိမ့်မည်ဟု သိပ္ပံပညာရှင်များက စိုးရိမ်နေကြသည်။ လက်ရှိအချိန်တွင် ပကတိအတိုင်း ရှိနေသေးသည့် မြန်မာနိုင်ငံ၏ သစ်တောများက ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အင်ဒိုနီးရှားနှင့် မလေးရှားတွင် တွေ့ခဲ့ရသည့် ဒုက္ခများနှင့် အလားတူ ရင်ဆိုင်နေရသည်ဟု သူတို့က သတိပေးခဲ့သည်။

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို အသိအမှတ်ပြုသည့် မူဝါဒများ နှင့်အတူ အကယ်၍ ဆီအုန်း ဝယ်လိုအားက အေးသွားခဲ့လျှင်ပင် တနင်္သာရီတိုင်းတွင် သစ်တောမြေများ၌ လုပ်ကိုင်ခွင့်များ ချထားပေးခြင်းကို သေချာပေါက် သက်သာစေ လိမ့်မည် မဟုတ်ဟု သုတေသီများက ပြောသည်။ ဒေသတွင်းတွင် ရာဘာက အဓိက သီးနှံအဖြစ် ဆက်လက်ရှိနေပြီး ဆီအုန်းလုပ်ကိုင်ခွင့်ရနေရာများမှ အများအပြားကို ရယူနေကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
ရာဘာက ဒေသတွင် ဦးစားပေးသီးနှံအဖြစ် ဆက်၍ ရှိနေခြင်းမှာ ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်းတွင် ရာဘာဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် များစွာ ဖြစ်နိုင်ဖွယ် ရှိပါသည်။ အကယ်၍ ဆီအုန်းအတွက် ဝယ်လိုအားက ကျဆင်းသွားခဲ့လျှင်ပင် လုပ်ပိုင်ခွင့်ရမြေများတွင် ကုမ္ပဏီများက ရာဘာ စိုက်ပျိုးကောင်း စိုက်ပျိုးနိုင်ခြင်းကလည်း ကြီးမားသော သစ်တောပြုန်းတီးမှုသို့ ဦးတည်သော နောက်ထပ် လမ်းကြောင်းတခု ဖြစ်နေသည်။
၂၀၀၁ နှင့် ၂၀၁၀ အတွင်းမှာပင်လျှင် တနင်္သာရီတိုင်း၌ သစ်တော ၁၆၄၂၀၀ ဟက်တာ(၄၀၅၇၅၀ ဧက) ပျက်စီးခဲ့ရသည်။
ထိန်းသိမ်းစောင့်ရှောက်ရေး အခွင့်အလမ်းများ
မြန်မာနိုင်ငံ၏ သစ်တောများကို ခြိမ်းခြောက်နေသည့် လုပ်ကိုင်ခွင့်များ ပြန်လည်ရုပ်သိမ်းခြင်းတွင် ကြီးမားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ တန်ဖိုးများ ရှိနေသည်ဟု သုတေသီများက ဆိုကြသည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုမျိုးက အနာဂတ် ကာဗွန်ထုတ်လွှတ်မှုကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်သလို တချိန်က အရှေ့တောင်အာရှ တလွှားတွင် ကျယ်ကျယ်ပြန့်ပြန့် ကျက်စားခဲ့သော်လည်း ယခုအချိန်တွင် ထိုင်းနှင့် မြန်မာန်ိုင်ငံတွင်သာ ရှိတော့သည်ဟု ယုံကြည်ရသော အင်ဒိုချိုင်းနားကျားများ အပါအဝင် နိုင်ငံမှ မျိုးတုန်းလုနီးပါးဖြစ်နေသည့် မျိုးစိတ်များကိုလည်း ကာကွယ်မှု ပေးနိုင်ပါသည်။
သဘာဝတောရိုင်း တိရိစာ္ဆန်များအပြင် စိုက်ခင်းမဟုတ်သည့် ဧရိယာများက တခါတရံ ဒေသခံ အသိုင်းအဝိုင်းများ၏ အသက်မွေးမှုအတွက် အရေးပါသည်။ သစ်တောများကို မည်သို့ အသုံးပြုမည်ဆိုခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ မချမှတ်မီတွင် အဆိုပါ အသိုင်းအဝိုင်းများ ပူးပေါင်းပါဝင်ရမည်ဟု Forest Trends မှ မူဝါဒရေးရာ အကြီးတန်းလေ့လာဆန်းစစ်သူ တဦးဖြစ်သည့် Kevin Woods က ပြောသည်။ သူက Manoa ရှိ Hawaii တက္ကသိုလ်မှ ပထဝီနှင့် သဘာဝပတ်ဝန်းကျင် ဌာန ပါမောက္ခလည်း ဖြစ်သည်။
လုပ်ကိုင်ခွင့် ချထားပေးသည့် ဧရိယာများအတွင်းတွင် အခြားအပင်များ ၆၀ ရာခိုင်နှုန်းပါဝင်နေခြင်းက “(အခြား) အပင်များ ဖုံးလွှမ်းမှု ရာခိုင်နှုန်း သိသိသာသာ ရှိနေခြင်းသည် အမှန်တကယ်တွင် ဒေသခံပြည်သူများ စီမံခန့်ခွဲသည့် စိုက်ခင်းများ ဖြစ်နိုင်သလို ရွှေ့ပြောင်းစိုက်ပျိုးသည့် အလေ့အထများ ရှိနေသည်” ဆိုသည့် အဓိပ္ပါယ်ဟု လေ့လာမှုတွင် ပါဝင်ခဲ့သော Kevin Woods က ပြောသည်။ “ဒီ ဆီအုန်း လုပ်ကိုင်ခွင့်တွေကို ပစ်မှတ်ထားတဲ့ ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်မျိုး မဆို ဒေသခံတွေရဲ့ မြေယာအခွင့်အရေးနဲ့ အသုံးပြုမှုတွေနဲ့ ဆီလျှော်သင့်မြတ်အောင် မပြုလုပ်ရင် န်ိုင်ငံတကာရဲ့ အကောင်းဆုံး အလေ့အထတွေနဲ့ မူဝါဒတွေကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ ဒါအပြင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေပါတယ်။ နောက်ဆုံးမှ ရလဒ်က ဆုံးရှုံးမှု ဖြစ်ပါတယ်။”
“နောက်ဆုံးတော့ အဲဒါက တိုင်းပြည်နဲ့ပဲ ဆိုင်ပါတယ်” ဟု Keiko Nomura ကပြောသည်။ “ ဒါပေမယ့် အခုအချိန်က ဒီလို လုပ်ကိုင်ခွင့်မျိုးတွေကို ပြန်လည်စဉ်း စားဖို့ အကောင်းဆုံးအချိန် အကောင်းဆုံးအခွင့်အရေး ဖြစ်ပါတယ်။ အထူးသဖြင့် (လုပ်ပိုင်ခွင့်များချထားပေးခဲ့ပြီး နောက်ပိုင်းတွင်) အစိုးရပြောင်းသွားတဲ့ အချိန်မှာပေါ့” ဟု မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ် တွင် ဒီမိုကရေစီ အစိုးရတခုအဖြစ်သို့ အသွင် ကူးပြောင်းခဲ့သည်ကို ရည်ညွှန်း၍ သူက ထပ်ပြောသည်။
“လက်ရှိနဲ့ အနာဂတ် စီးပွားရေးနဲ့ ဈေးကွက် အခြေအနေတွေအရ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဗျူဟာသစ်တခုကို စဉ်းစားတာက သဘာဝကျပါလိမ့်မယ်”
(သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းဝက်ဆိုက် Mongabay မှ Nanditha Chandraprakash ရေးသားသော Myanmar risks losing forests to oil palm, but there’s time to pivot ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You May Also Like These Stories:
၂၀၃၀ တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ ဖွဲ့စည်းမည် ဟုဆို
တီကျစ် ကျောက်မီးသွေး စက်ရုံ EIA အစီရင်ခံစာ ဘက်လိုက်မှုများ ရှိနေဟု ဆို
ရန်ကုန်မြို့၏ နုံးမြေ အခြေအနေကြောင့် ငလျင်လှုပ်ခတ်မှု ပြင်းထန်စွာ ခံစားခဲ့ရ ဟုဆို