ယခုနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အကြား တိုက်ပွဲဖြစ်ပွားမှု နည်းသည်။ နေရပ်စွန့်ခွာနေရသည်မှာ ၈ နှစ်ကျော်ပြီဖြစ်သော စစ်ဘေးရှောင် ကချင်ဒေသခံများ အိမ်ပြန်နိုင်ရေးအတွက် နှစ်ဖက်အပစ်ရပ် သဘောတူညီမှုရရန် နှစ်ဖက်စလုံးက ကြိုးစားနေချိန်လည်း ဖြစ်သည်။
“ကျမတို့ကတော့ ပြန်လို့ရပြီဆို ပြန်ချင်တာ။ မနက်ဖန်ဆို မနက်ဖန်။ ဒီနေ့ဆို ဒီနေ့။ တကယ်လို့ စစ်မဖြစ်တော့ဘူး ငြိမ်းချမ်းရေးရပြီ။ ကောင်းကောင်းမွန်မွန် လက်မှတ်ထိုး သဘောတူစာချုပ်တွေ လုပ်ပီဆိုရင် ကျမတို့တော့ ပြန်မှာပဲ။ ကျမတို့ ခက်ခဲတာတော့ ခက်ခဲတယ်။ ဒါပေမယ့် ကိုယ့်ရွာ ကိုယ့်ရဲ့ အိမ်ခြံကို ပြန်လို့ရပြီဆိုရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျမတို့ လုံခြုံမှုရှိရင် ကျမတို့ ပြန်မှာပဲ” ဟု ဝိုင်းမော်မြို့အရှေ့ဖက် အန်ဝမ်ကောင်ရွာမှာ ဒေါ်ဂျာထုက ဆိုသည်။
သူမ ဇာတိရွာသည် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) ထိန်းချုပ်ရာ ဒေသအတွင်းတွင် ရှိနေသည်။ NDA-K ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရာရှိဟောင်းများဖြစ်သော ဇခုန် တိန့်ယိန်း၊ (Layawk Zelum and Ying Zelum) လေးယွက် ဇီလမ်နှင့် ယိန်း ဇီလမ်တို့က ၁၉၈၉ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့သည် နောက်ပိုင်းတွင် ကချင်နယ်ခြားစောင့်တပ် အဖြစ် ရပ်တည်သည်။
ဝိုင်းမော်မှ ဆဒုံးသို့ နှစ်နာရီခရီးသာ ကားဖြင့်မောင်းရသော်လည်း ရွာသားများမှာ ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်နေရသည်။ ထိုလမ်းသည် တရုတ်နယ်စပ်သို့ပေါက်ပြီး အဓိက ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ကာ ဝိုင်းမော်မှ တရုတ်တစ်ရှုးငှက်ပျောများ တင်ပို့ပြီး တရုတ်ဖက်မှ ကုန်မျိုးစုံကို ပြန်လည်တင်သွင်းသည်။

KIA နှင့် တပ်မတော် ကျောထောက်နောက်ခံပြု တပ်များအကြား တိုက်ပွဲများဖြစ်ပွားချိန် ၂၀၁၂ ခုနှစ်ဇွန်လက ဒေါ်ဂျာထု စစ်ပြေးရှောင်စဉ် ယာယီသာပြေးရလိမ့်မည်ဟု သူထင်ခဲ့သည်။
စစ်ပြေးရှောင်အဖြစ် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနား နှစ်ခြင်းခရစ်ယာန် အသင်းတော် IDP စခန်းသို့ ရောက်ရှိ နေထိုင်နေသည်မှာ ၈ နှစ်ကြာရှိပြီဖြစ်သည်။ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူများ (IDP) များ၏ မိုင်းနား IDP စခန်းကို ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) က ထောက်ပံ့ထားသည်။ ပြန်ခွင့်မရသေးသည့်အတွက် ယခုအချိန်တွင် သူမ လယ်ယာနှင့် ဥယျာဉ်ခြံများ တောဖုံးနေလောက်ပြီဟု သူမက ဆိုသည်။
မိုင်းနား စစ်ဘေးရှောင်စခန်းတွင် ၂၀၁၂ ခုနှစ် ဇွန်လကတည်းက စစ်ရှောင်လာသူ ၂၈၃၃ ဦးရှိပြီး ဗန်းမော်၊ မိုးမောက်၊ တနိုင်း၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာ ၃၉ ရွာမှ ပြေးလာကြသူများ ဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သည် ၁၉၆၁ ခုနှစ်မှစတင်ပြီး တော်လှန်ရေးစစ်ပွဲဆင်နွဲနေသည်မှာ နှစ် ၆၀ နီးပါးရှိလာပြီး ၁၉၉၄ ခုနှစ်က ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးကို တစိတ်တပိုင်းအောင်မြင်မှုဟု သတ်မှတ်နိုင်သည်။
၂၀၁၁ ခုနှစ် ဇွန်လတွင် တပ်မတော်နှင့် KIA တို့အကြား ထိုအပစ်အခတ်ရပ်စဲရေး ပျက်ပျယ်သွားပြီးချိန်မှ စတင်ပြီး လူပေါင်း ၁၂၀၀၀၀ နီးပါးမှာ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ IDP စခန်းပေါင်း ၁၇၀ တွင် ခိုလှုံနေကြရသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်းဖြစ်သည့် KIA က ၎င်း၏ မဟာမိတ်များဖြစ်သည့် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်စစ်တပ် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရန် ကြိုးပမ်းနေသည်။ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံတွင် ညှိနှိုင်းမှုရှိခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့စီအကြား သဘောတူညီမှုရရေးနှင့် IDP များနေရပ်ပြန်နိုင်ရေးကို အဓိက ဆွေးနွေးခဲ့ကြသည်။
သို့သော် မြောက်ပိုင်းမဟာမိတ်နှင့် နောက်ထပ် ဆွေးနွေးပွဲများက ရွှေ့ဆိုင်းနေသည်။ အောက်တိုဘာလလယ်က KIA ၏ နိုင်ငံရေးလက်တံဖြစ်သော KIO ဥက္ကဌ အင်ဘန်လနှင့် အစိုးရ၏ ငြိမ်းချမ်းရေးညှိနှိုင်းသူများ ထိုင်းနိုင်ငံ ချင်းမိုင်တွင်တွေ့ဆုံခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

စစ်ဘေးရှောင်များ အဆင်ပြေချောမွေ့စွာ နေရပ်ပြန်ရေးကို ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခေါင်းဆောင်များနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၇ ခုနှစ် နှစ်လယ်က တွေ့ဆုံချိန်တွင် စတင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
KBC ဦးဆောင်သော ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) သည်လည်း ယခုနှစ်အစောပိုင်းကတည်းက စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်းများကို အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သည်။ သို့သော် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အနည်းအကျဉ်းသာ လုပ်ဆောင်နိုင်ခဲ့သည်။
နေရပ်ပြန်ပြီးနောက် လုံခြုံမှုရှိရေးကို စစ်ရှောင်များ တောင်းဆို
ရွာတွင် သူမတို့ဘ၀ အေးအေးချမ်းချမ်း ဖြတ်သန်းချင်ကြောင်း ဝိုင်းမော်တောင်ပိုင်း ဂန်ဒေါင်ယန် ကျေးရွာမှ ဒေါ်ဇေညွယ်က ဆိုသည်။ သို့သော် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ၎င်းတို့ စိုးရိမ်နေသည်ဟု ဆိုသည်။
သူမက မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသူ ဖြစ်သည်။ “ကျမတို့ ပထမဆုံး စစ်ပြေးလာတဲ့အခါ ကျောပိုးအိတ် တလုံးနဲ့ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာတာ။ ဒီမှာ ၄-၅-၈ နှစ် နေပြီးမှ နည်းနည်းရှာလိုက် စုလိုက်နေပြီးမှ နည်းနည်းပြည့်စုံလာတဲ့အခါ ပြန်သွားပြီး သိပ်မကြာခင် တခါ ပြန်ပြေးရမယ်ဆိုရင် ဒါတွေ အကုန်လုံး ဆုံးရှုံးရတော့မှာ။ နှစ်ကျော့ပြန် စစ်ပြေးဘဝဆို ဘာမှတောင် ရှိတော့မှာ မဟုတ်ဘူး”ဟု ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။
သူမ၏ရွာနှင့် အခြားစစ်ဘေးရှောင်အများအပြား၏ ရွာများသည် KIA ဌာနချုပ်တည်ရှိရာ ဝိုင်းမော်တောင်ပိုင်းရှိ လိုင်ဇာအနီးတွင် ရှိသည်။ အပစ်အခတ်ရပ်စဲရေး စာချုပ်တခုခု သဘောမတူမီ တိုက်ပွဲများ ပြန်စလာမည်ကို သူမတို့အစိုးရိမ်ဆုံးဟု ဆိုသည်။

“ကျမတို့ စခန်း တာဝန်ခံက အစည်းဝေးခေါ်ပြီးမှ ပြောပြတယ်။ ပြန်ချင်တဲ့ လူတွေ ပြန်လို့ရတယ်တဲ့။ ပြန်ချင်တဲ့လူတွေ ပြန်လို့ရတယ်ဆိုတဲ့ ခေါင်းစဉ်ကို ကျမတို့က မကြိုက်ဘူး။ ကျမတို့ စစ်ရှောင်တွေ ပြည်သူတွေ ကြိုက်တာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး အာမခံချက်ရှိတဲ့ ငြိမး်ချမ်းရေးရပြီဟေ့ ဆိုတဲ့အသံကို ကျမတို့ ရပြီဆိုရင် ကျမတို့က အကုန်လုံး ပြန်မယ်။ … နှစ်တွေ ကြာလာပြီးမှ ခဏ ခဏလည်း သူတို့ (အစိုးရနဲ့ KIA) က တွေ့ဆုံပြီးမှ အစည်းဝေး ထိုင်တယ် ပြောတယ်။ တခေါက်မှလည်း အာမခံချက်ရှိတဲ့အဖြေက မထွက်လာသေးဘူး။ ဆိုတဲ့အခါကျတော့ ဗမာ စကားပုံလို ဆောက်ဖြစ်မှ ကျောင်းတကာပေါ့ သူတို့ကိုယ်တိုင်မှ လက်တွေ့ပြတဲ့အခါကျမှ ကျမတို့ စစ်ရှောင်တွေက ယုံကြည်တော့မှာပေါ့” ဟု သူမက ဆိုသည်။
ထို့အတူ မိုင်းနားစစ်ရှောင်စခန်းမှ ဒေါ်ဂျာထုကလည်း “အခုတော့ ဘာမှ မျှော်လင့်ချက် မရှိသလို ဘာမှ မပြောတတ်တော့ဘူး။ တွေးလည်း မတွေးတတ်တော့ဘူး။ ကိုယ့်မိသားစု ရှေ့ရေးအတွက် စဉ်းစားရင် ဘာမှ မျှော်လင့်ချက်မရှိဘူး” ဟု ညစ်ညူးစွာ ဆိုသည်။
အဆင်ပြေခဲ့သော နေ့ရက်များ
၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူများမှာ စပါးစိုက်တောင်သူများနှင့် ဥယျာဉ်ခြံစိုက်ပျိုးသူများ ဖြစ်သည်။
စစ်ပြေးနေရပြီး IDP စခန်းများရှိ အခန်းကျဉ်းကလေးတွင် ကြီးပြင်းရသည့် ကလေးများသည် ကျယ်ပြန့်ငြိမ်သက်သည့် ကျေးရွာအငွေ့အသက် အတွေ့အကြုံကို မခံစားကြရဘဲ ကလေးများ၏ ကျေးလက်ဘဝ အတွေ့အကြုံများ ဆုံးရှုံးရသည်ဟု ကလေးသုံးဦးမိခင် ဒေါ်ဇေညွယ်က ဆိုသည်။
သူမရွာတွင် လိမ္မော်သီး၊ စပါးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး အသက်မွေးခဲ့သဖြင့် ကလေးများကို ကျောင်းထားနိုင်သည့် ဝင်ငွေရှိခဲ့သည်။ မိဘများသည် ကလေးများပညာရေးအတွက် ငွေကြေး မတတ်နိုင်တော့သောကြောင့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ဆယ်ကျော်သက်အများအပြား ကျောင်းထွက်နေကြသည် ဟု သူကပြောသည်။

ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် ကျောင်းမှ နှုတ်ထွက်သည့် ဆယ်ကျော်သက်များအတွက် ပေးစရာ အလုပ်လည်းမရှိကြောင်း ဒေါ်ဇေညွယ်က ရှင်းပြသည်။
၎င်းတို့ရွာများတွင် ရှိမည်ဆိုပါက လူငယ်များကို လယ်ယာနှင့် ဥယျာဉ်ခြံများတွင် အလုပ်ပေးနိုင်မည် ဖြစ်သည်။ “ကလေးတွေမှာလည်း အပြစ်မရှိဘူး။ မိဘတွေမှာလည်း အပြစ်မရှိဘူး။ အခု သူတို့မှာ ကျောင်းထွက်ပြီး ဘာမှ လုပ်စရာမှ မရှိတာ။ သူတို့ကို ကျမတို့က ကျောင်းထွက်ပြီးတော့လည်း အလုပ်ပြဖို့ လုပ်ငန်းလည်း မရှိဘူး” ဟု သူက ဆိုသည်။
ကြုံလာမည့် ခက်ခဲမှုများ
နေရပ်ပြန်ရန် တမ်းတနေကြသော်လည်း ပြန်နိုင်သူများအတွက် မရေရာမှုများ စောင့်ဆိုင်းနေသည်။
ရှေ့ပြေးစီမံကိန်းတခုအောက်တွင် ဝိုင်းမော်မြို့နယ် နမ့်ဆမ်ယန်ရွာသို့ စစ်ဘေးရှောင်အချို့ ပြန်ကြသည်ဟု သိရသည်။
“ကျမတို့က ပြန်ဖို့ အစီအစဉ်မရှိသေးဘူး” ဟု မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် ခိုလှုံနေသော နမ်ဆမ်ယန်မှ ဒေါ် ခေါင်နော်ပြောသည်။
ဂျန်မိုင်ကောင်း KBC စစ်ဘေးရှောင်စခန်းတွင် လူဦးရေ တထောင်ကျော် ခိုလှုံနေပြီး ၎င်းတို့သည် ၂၀၁၁ ခုနှစ် ဇူလိုင်လကတည်းက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် နှင့် ဆွမ်ပရာဘွမ် မြို့နယ်များရှိ ကျေးရွာ ၁၇ ရွာမှ စစ်ပြေးလာခဲ့သူများ ဖြစ်ကြသည်။
“အရင်က လူတွေနေရပ်ပြန်နေကြတာ သတင်းကောင်းဖြစ်ပုံရပေမယ့် ပြန်တဲ့သူတွေ အရမ်းဒုက္ခရောက်တယ်ဆိုတာ ကျမတို့ စုံစမ်းသိရှိရတယ်။ ပြီးတော့ အဲမှာနေတဲ့လူနဲ့ ကျမတို့ ဆုံတဲ့အခါ ကျမတို့ပြန်တာ မှားသွားတယ် လို့ ပြောကြတယ်။ မပြန်ခင်က သူတို့ကို အစိုးရက အိမ်တွေလည်း ဆောက်ပေးမယ်။ အထောက်အပံ့ ခြောက်လ စာပေးမယ်ဆိုတော့ သူတို့ဝမ်းသာကြတယ်။ စစ်ရှောင်စခန်းမှာနေရတာက အရမ်းဒုက္ခဆင်းရဲ များတဲ့အခါကျတော့ သူတို့လည်း ပြန်ချင်ဇောနဲ့ နည်းနည်းမစဉ်းစားဘဲ ပြန်သွားတော့ အရမ်းဒုက္ခရောက်တာ တွေ့ရတယ်” ဟု သူ ပြောသည်။
လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်မှု ရပ်စဲပြီး နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကို တက်တက်ကြွကြွ ကူညီလုပ်ဆောင်ရမည်ဟု မေတ္တာ ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းမှ ဒါရိုက်တာ ဂွမ်ရှာအောင်က ဆိုသည်။ တပ်မတော်နှင့် KIA အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် ၎င်းက တိုက်တွန်းသည်။
“ခု ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်ကြားထဲမှာ အနိမ့်ဆုံး အပစ်ခတ် ရပ်စဲနိုင်တဲ့အနေအထား ရောက်အောင် လုပ်ဖို့ အရေးကြီးဆုံးလို့ မြင်တယ်။ ကာလကြာလာတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီလည်း လျော့လာတဲ့ အနေအထားမျိုးမှာ ကျနော်တို့ဟာ ဒီ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အရေးကို ပိုပြီးတော့ ကြည့်ရှုဖို့ လိုလာတယ်။ အစိုးရဘက်ကလည်း လိုအပ်တဲ့ ပံ့ပိုးမှုတွေကို တိုးပြီး လုပ်လာသင့်တယ်။ အထူးသဖြင့် အခြေခံ ဝန်ဆောင်မှုပေါ့နော်။ ပညာရေး၊ ကျန်းမာရေး ကိစ္စ တွေကို အခုထက် ပိုပြီးတော့မှ ထိထိမိမိ လုပ်ပေးဖို့ လိုတယ်” ဟု ဂွမ်ရှာအောင်က ဆိုသည်။
နေရပ်ပြန်နိုင်ရေး ထိုသို့သော အခက်အခဲများရှိသော်လည်း ၂၀၁၈ ခုနှစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ ဥပဒေက ရိုးရာအစဉ်အလာ မြေပိုင်ဆိုင်မှုဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်နေသည့် IDP များအား ပြန်သွားရန် တွန်းအားပေးနေသည်ဟု သူက ရှင်းပြသည်။
ဝိုင်းမော်တွင် ငှက်ပျောစိုက်ခင်းများကြောင့် မြေယာအငြင်းပွားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ ၎င်းတို့၏ မြေများကို ၎င်းတို့မသိဘဲ စိုက်ပျိုးရေးစီမံကိန်းများအတွက် သိမ်းယူမည်ကို နေရပ်စွန့်ခွာရသည့် ရွာသားများ စိုးရိမ်နေကြသည်။
စစ်ရှောင်စခန်းတွင်းက ဘ၀
အိပ်ခန်းတွဲများဖြင့် ပြွတ်သိပ်ဆောက်ထားသော စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များ အလုပ်လက်မဲ့ ဖြစ်ကြသည်က များသည်။
IDP စခန်းဝင်းအတွင်း အလုပ်လက်မဲ့ဖြစ်နေသော စိတ်ညစ်ညူးနေသည့် နေရပ်စွန့်ခွာနေရသူ အများအပြားကို ဧရာဝတီ သတင်းဌာန၏ ခရီးတိုအတွင်း တွေ့ခဲ့ရသည်။ ၎င်းတို့အနက်အချို့သာ စခန်းပြင်ပတွင် ဝင်ငွေရသည့် အလုပ်အကိုင် ရရှိကြသည်။ ထိုအလုပ်များတွင် သန့်ရှင်းရေးလုပ်သား၊ ငှက်ပျော သို့မဟုတ် အခြားစိုက်ခင်းများတွင် ခြံအလုပ်သမားများအဖြစ် လုပ်ကိုင်ခြင်း စသည့် ကျွမ်းကျင်မှုမလိုသော အလုပ်များ ပါဝင်သည်။
အသက် ၄၇ နှစ်အရွယ် ကလေး ခြောက်ယောက်မိခင် ဒေါ်ဆောင်နမ် သည် ဝိုင်းမော်မြို့နယ် တပဒေါင်းကျေးရွာမှဖြစ်သည်။ ယခုအခါတွင် မြစ်ကြီးနားရှိ ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ပြီး၊ တနေ့လျှင် နှစ်ထောင်ကျပ်ဖြင့် မြစ်ကြီးနားတွင် ပန်းရံ အလုပ် လုပ်သည်။
“ပန်းရံက မြစ်ကြီးနားမြို့ပေါ်မှာ လုပ်ရတာ။ ၂ ထောင်ကျပ်ရတယ်။ မိသားစု စားလို့မလောက်ဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ ဒီနှစ်မှပဲ ပန်းရံ အလုပ် စထွက်လုပ်ရတာ။ အလုပ်ကလည်း အမြဲမရှိဘူး” ဟု သူမက ဆိုသည်။
သူမ၏ကျေးရွာသို့ တရက်ခရီးဖြင့်ရောက်နိုင်သော်လည်း မပြန်ရဲသေးပေ။ “ပြန်နေဖို့ကျတော့ မလွတ်လပ်သေးဘူး။ မလွတ်လပ်ဘူးဆိုတာက ခဏခဏ တပ်မတော် စစ်ကြောင်းတွေ အဲ့လိုပဲ ပတ်နေတာ။ ကျမတို့ ခလေး ခလောက်နဲ့ဆို အဆင်မပြေဘူး” ဟု သူက ဆိုသည်။
၂၀၁၆ ခုနှစ်မှစတင်ပြီး စခန်းတွင်နေထိုင်သူများကို ဆန်၊ ဆီ၊ ဆား ဝယ်ရန် ငွေကြေးထောက်ပံ့သည်။ ယခင်ကထိုအခြေခံပစ္စည်းများကို ကမာ္ဘ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ဝေပေးခဲ့သည်။ ယခု ငွေကြေးထောက်ပံ့သည့်အစီအစဉ်အရ သက်ကြီးရွယ်အို စစ်ဘေးရှောင်များနှင့် မိဘမဲ့ စသည်တို့ကို တလ ၁၅၀၀၀ ကျပ် ထောက်ပံ့ပြီး လင်စုံမယားစုံရှိသော မိသားစုများသည် တလလျှင် ၁၁၀၀၀ ကျပ် အထောက်အပံ့ရသည်။
ထိုငွေပမာဏသည် IDP များ အသက်ဆက်နိုင်ရုံအတွက်သာ ဖြစ်ပြီး အလုပ်လက်မဲ့များအတွက် ပိုခက်ခဲရသည်ဟု ဒေါ်ဇေညွယ်က ဆိုသည်။
စခန်းအတွင်း အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် တရုတ်ပြည်သို့ လူကုန်ကူးခြင်း တို့သည်လည်း အရေးပေါ်ဖြေရှင်းရမည့် ပြဿနာများဖြစ်သည်ဟု ဂွမ်ရှာအောင်က ထောက်ပြပြောဆိုသည်။
အလုပ်လက်မဲ့ဖြစ်ရခြင်းသည် အခက်ခဲဆုံးစိန်ခေါ်မှုဖြစ်ကြောင်း စစ်ဘေးရှောင်အများအပြားက ဧရာဝတီသို့ ပြောဆိုသည်။
(Nyein Nyein ၏ Once Bitten, Twice Shy: Myanmar’s Kachin IDPs Demand Ceasefire Before Returning Home ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်-
အသက်ရှင်စဉ် ငြိမ်းချမ်းရေးရတာ မြင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးသော့ချက် တပ်မတော်လက်တွင်ရှိ
ခရီးလမ်းကိစ္စက ငြိမ်းချမ်းရေးစကားဝိုင်းကို လှန်မှောက်နိုင်သလား