“ကျနော်အသက်ရှင်နေလည်း ဘာမှ မထူးတော့ဘူး။ သတိရတိုင်း စိတ်ထဲမှာ တအားခံစား နေရတယ်” ဟု အသက် ၃၇ နှစ်အရွယ် ကိုဇော်ဘောက် က ပြောသည်။ သူ၏ မျက်နှာတွင်တော့ ဆို့နင့်နေပုံက အထင်းသား။
အဖြစ်အပျက်က ၂ လကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကိုဇော်ဘောက် အတွက်တော့ နာကျင်နေတုန်းပင်။ ပူဆွေးသောကကြောင့်လေလား မသိ လန်းဆန်းမှုကင်းနေသည့် သူမျက်နှာမှာလည်း ရှိရင်း အသက် အရွယ်ထက်ပင် ရင့်ရော်နေသည်။
သူသည် ပန်းရံနှင့် လက်သမား အလုပ်လုပ်သူဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ဇနီး ဒေါ်ထွယ်ဂျာ၊ အသက် ၁၄ နှစ်အရွယ် နန်းမွန်းပန်၊ အသက် ၁၂ နှစ်အရွယ် ဇော်ဘုန်းအောင်၊ ၈ နှစ်အရွယ် ဇော်ခွန်လတ် တို့နှင့် အတူ ကွတ်ခိုင်မြို့ အထွက် တိုးဂိတ်နားက မော်ဟိတ် ကျေးရွာတွင် အေးအတူ ပူအမျှဖြတ်သန်းခဲ့ကြသည်။
ကိုဇော်ဘောက်သည် မိသားစုအရေးအမြဲရှေ့တန်းတင်စဉ်းစားတတ်သူ ဖြစ်ပြီး လက်ရှိ နေထိုင်နေသည့် တဲအိမ်သာသာ အိမ်ကလေးကနေ ခိုင်မာသည့် တိုက်အိမ်လေးတလုံး တည်ဆောက်ပြီး လုံလုံခြုံခြုံနေလိုသည့် စိတ်ကူးအိမ်မက် ရှိသည်။
သူ၏ အိမ်မက်ကိုအကောင်အထည်ဖော်ရန် စုဆောင်းထားသည့် ပိုက်ဆံနှင့် တဲအိမ်ဟောင်းလေး ဘေးတွင်ပင် တထပ်တိုက်အိမ်လေး တလုံး ဆောက်လုပ်နေသည်မှာ ၈၀ ရာခိုင်နှုန်းပင် ပြီးနေပြီဖြစ်သဖြင့် သူ့၏ ရည်ရွယ်ချက်မှာ ပြည့်လုဆဲဆဲရောက်ရှိနေပြီဖြစ်သည်။
ထိုတိုက်အိမ်လေး အပြီးသပ်နိုင်ရန် ဆောက်လုပ်နေသည့် အချိန် သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာဘဲ ရွာပြင်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သံများ စတင် ကြားခဲ့ရသည်။ ထိုနေ့သည် သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင် ကျမည့်နေ့ ဆိုသည်ကိုတော့ သူတို့ တွေးထားခဲ့ခြင်းမရှိပေ။
ထိုပစ်ခတ်မှုများမှာ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ် မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲဖြစ်သည်။
ထိုနေ့ မနက် ၈ နာရီကျော်တွင် စတင်ကြားလာရသော ပစ်ခတ်သံ ပေါက်ကွဲသံများကြောင့် တဘက်ခြံတွင် နေထိုင်သည့် ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၈ နှစ်အရွယ် မေရီထုဆန်က ၄ လသားအရွယ် ခွန်ဆန် ကိုကျောပိုးပြီး အသက် ၁၆ နှစ်အရွယ် ရွယ်ဘူနှင့်အတူ ကိုဇော်ဘောက်တို့ အိမ်ကို ခိုလှုံရန်ပြေးလာကြသည်။
ကိုဇော်ဘောက်ကတော့ လက်နက်ကြီး အချို့ အိမ်အနီးဝန်းကျင်တွင် ထပ်၍ကျမှန် ပေါက်ကွဲ လာသဖြင့် မိသားစုအားလုံး အိမ်ထဲခိုလှုံနေကြရန် သတိပေးခဲ့ပြီး တူးထားသည့် ကတုတ်ကျင်း ထဲတွင် မိသားစုတွေ သက်တောင့် သက်သာ ခင်း၍ပုန်းနိုင်ရန် လွှစာမှုန့်များ သွားကျုံးသည်။
ထိုအချိန်မှာပင် လက်နက်ကြီး ကျည်တလုံးက ၎င်း၏ အိမ်အတွင်း ကျမှန်ပေါက်ကွဲခဲ့သည်။ ကိုဇော်ဘောက် ပြင်ဆင်မှု နောက်ကျခဲ့လေပြီ။ မိသားစုဝင်များကို လွန်ခဲ့သည့် မိနစ်ပိုင်းကသာ ကတုတ်ကျင်းထဲသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့လျှင် ယခုကဲ့သို့ အခြေအနေမျိုး မကြုံလောက်ပေ။
သူ၏အိမ်ဟောင်းလေးမှာ လက်နက်ကြီး ကျည်သင့်ပြီး ပျက်စီးသွားလေပြီ။ ထို့အတူ ပုန်းခိုနေကြသည့် မိသားစုဝင်များ မှာလည်း သွေးအိုင်ထဲတွင် ပြိုပြိုလဲလဲ ဖြစ်ကုန်သည်။ တချို့ကတော့ ငြိမ်သက်သွားပြီး တချို့ကတော့ ညီးညူနေကြသည်။
“ကျနော့် အမျိုးသမီးရယ်၊ သားရယ်၊ သမီးရယ် ဆုံးရှူံးသွားတာပေါ့။ ကျနော့် တဝမ်းကွဲ ညီမ ၂ ယောက် ပါသွားတယ်။ ကျနော့် တူမလေး တယောက် ပါသွားတယ်။ ၄ ယောက်က တခါတည်း ပွဲချင်းပြီးဆုံးသွားတယ်။ ကျနော့် အမျိုးသမီးက ဆေးရုံရောက်မှ ဆုံးသွားတယ်” ဟု ကိုဇော်ဘောက် က မြင်ကွင်းကို ပြန်ရှင်းပြသည်။
ပွဲချင်းပြီး ဆုံးသွားသည့် အထဲတွင် ကိုဇော်ဘောက်၏ ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၈ နှစ်အရွယ် မေရီထုဆန်နှင့် ကျောတွင်ပိုးထားသော ၄ လသားအရွယ် ခွန်ဆန် လည်းပါဝင်သွားပြီး အသက် ၁၆ နှစ်အရွယ် ရွယ်ဘူကတော့ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ညာဘက် လက်မောင်း ပြုတ်ထွက်လုနီးနီး ဖြစ်သွားခဲ့ရသည်။
လက်မောင်းတခုလုံး ကျောက်ပတ်တီး စည်းထားသည့် ရွယ်ဘူ က “ကျမအဲဒီမြင်ကွင်းကို ပြန်မပြောပြချင်ဘူး” ဟု ပြောသည်။ ထိုမြင်ကွင်းသည် သူမအတွက် စိတ်ခြောက်ခြားစေသည်။ မြင်ကွင်းကို ပြန်ပြောပြရန်ပင် ဆို့နင့်နေလျှက်ရှိသည်။
ထိုနေ့က ရွယ်ဘူမှာ မနက်ပိုင်း ကျောင်းက ပြန်လာပြီး ထမင်းစားနေချိန်ဖြစ်သည်။ လက်နက်ကြီး ပေါက်ကွဲသံများကြောင့် စိုးရိမ်စိတ်ဖြင့် အမဖြစ်သူ မေရီထုဆန် အား အကိုဖြစ်သူ ကိုဇော်ဘောက် အိမ်တွင် သွားရောက် ခိုလှူံကြရန်တိုက်တွန်းသည်။
မေရီထုဆန်က ကနဦးငြင်းဆန်းနေသော်လည်း ၄ လသားအရွယ် ခွန်ဆန် အရေးတွေးကာ ညီမဖြစ်သူ၏ တိုက်တွန်းချက်ကို လက်ခံလိုက်ပြီး ကိုဇော်ဘောက်အိမ်သို့ သားကို ချီပိုးကာ သွားရောက်ပုန်းခိုခဲ့ကြရင်း အဖြစ်ဆိုးနှင့် ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။
ဆေးရုံက ပြန်ဆင်းလာပြီဖြစ်သည့် ရွယ်ဘူ က “သေတဲ့လူအကုန်လုံးတွေ့လိုက်ရတယ်။ တခါမှ မကြုံတွေ့ဖူးဘူး။ တွေ့လည်း မတွေ့ဘူးတော့ ကြောက်တယ်” ဟု ရှင်းပြသည်။ ရှင်းပြရင်း မျက်ရည်ကျမလာအောင် အားယူထိန်းရင်း တဘက်သို့ မျက်နှာလွှဲလိုက်သည်။
သေဆုံးသွားသည့် မေရီထုဆန်မှာ ကိုယ်ဝန်ရှိစဉ်ကတည်းက ခင်ပွန်းသည်က ပြန်မလာတော့ဘဲ ခွန်ဆန်ကို မွေးဖွားခဲ့ရပြီး မိခင်အိမ်တွင် နေထိုင်ခဲ့ရသူဖြစ်သည်။ ကလေးတဖက်နှင့် အလုပ် မလုပ်နိုင်ရှာသည့် မေရီထုဆန်ကို မိခင်ဖြစ်သူ ဒေါ်ဂွန်ရွယ်နှင့် အကိုဖြစ်သူ နောင်ပြန်တို့က တရုတ်နိုင်ငံတွင် အလုပ်လုပ်၍ ထောက်ပံ့ပေးခဲ့ကြသည်။
လူငါးဦး သေဆုံးခဲ့သည့် အဆိုပါဖြစ်စဉ်မှာ အင်တာနက်ပေါ်မှာတဆင့် ပြန့်နှံ့ခဲ့ပြီးနောက် တရုတ်ပြည်က တည်းခိုခန်းတခုတွင် သန့်ရှင်းရေး အလုပ်လုပ်နေသည့် ဒေါ်ဂွန်ရွယ်နှင့် နောင်ပြန်တို့တွေ့ရှိသွားပြီး ရင်ထုမနာဖြစ်ခဲ့ကြရသည်။
ဒေါ်ရွယ်ဂွန် က “သူများ WeChat မှာ တင်ပေးလို့တွေ့လိုက်တာ။ ဗွီဒီယိုဖိုင်ပေါ့ ကိုယ့်သား သမီးတွေဆိုတော့ မှတ်မိတာပေါ့။ တခါမှလည်း မကြုံဖူးဘူးဒါမျိုး ဒီတခေါက်မှ ဘယ်လိုဖြစ်သွားလဲ မသိဘူး” ဟု ဆို့နစ်စွာပြောရင်း ငိုချလိုက်သည်။
အကိုဖြစ်သူ နောင်ပြန် ကလည်းငိုသည်။ စီးကျလာသည့် မျက်ရည်များကို အင်းင်္ကျီစဖြင့် သုတ်ရင်း “အမေကလည်း မရှိဘူး။ ကျနော်လည်း မရှိတုန်းမှာ အခုလိုဖြစ်သွားတဲ့ အတွက် ဘာမှ လုပ်မပေးနိုင်လိုက်ဘူး။ စိတ်ထဲ အရမ်းခံစားရတယ်။ ဘယ်လိုပြောပြရမှန်း မသိဘူး” ဟု တုန်ရီနေသည့် အသံဖြင့် ပြောသည်။
တအိမ်လုံး ဝိုင်းချစ်နေကြသည့် တူကလေး ခွန်ဆန်နှင့် ညီမဖြစ်သူ ဆုံးသွားသည့် အပေါ် ဒေါ်ဂွန်ရွယ်၊ နောင်ပြန်နှင့် ရွယ်ဘူတို့ ယခုအချိန်အထိ ဆို့နင့်နေကြတုန်းပင်ဖြစ်သည်။ ထိုအကြောင်းကိုမေးလျှင် ပြန်ပြောပြဖို့ပင် ရင်နင့်နေကြရှာသည်။
ငယ်စဉ်ကတည်းက စာမသင်ခဲ့ရသည့် နောင်ပြန်သည် ခင်ပွန်းသည် ဘယ်ရောက်နေမှန်း မသိသော ညီမဖြစ်သူနှင့် တူလေးအတွက် တရုတ်နိုင်ငံတွင် ကြုံရာ ကျပန်း အလုပ်များကို လုပ်ကိုင်၍ ထောက်ပံ့ပေးနေသူဖြစ်သည်။
အခင်းဖြစ်ပွားမှုကို အင်တာနက်တွင် တွေ့တွေ့ချင်း နောက်ပြန်ရော မိခင်ဖြစ်သူပါ အလုပ်မှ ခွင့်ယူ၍ မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြသည်။ သို့သော်လည်း ကွတ်ခိုင်နှင့် မူဆယ် အကြား နမ့်ဖက်ကာ တွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ လမ်းပိတ်ခံ ထားရသဖြင့် အသုဘကိုပင်မမီလိုက်ကြသဖြင့် တာဝန်မကျေသကဲ့သို့ ခံစားနေကြရသည်။
မိသားစုဝင်များကသာ ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး တာဝန်ယူစိတ်ဖြင့် တာဝန် မကင်းသလို ခံစားနေကြသော်လည်း လူ ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည့် ထိုပစ်ခတ်မှု၏ လက်သည်မှာ ဝန်ခံခြင်းမရှိသလို သူ့ထက်ငါသာ လွှဲချပြီး ခေါင်းရှောင်နေကြသည်။
အခင်းဖြစ်ပွားသည့်နေ့က ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုဇော်ဘောက်၏ ဇနီးဖြစ်သူမှာ ကွတ်ခိုင်ဆေးရုံ ရောက်ပြီး မိနစ်ပိုင်းအကြာမှာပင် ဆုံးပါးသွားခဲ့ရခြင်း ဖြစ်သည်။ အခြား ဒဏ်ရာရသူ အမျိုးသား ၂ ဦးနှင့် ရွယ်ဘူတို့မှာ ဒဏ်ရာများ အပြင်းအထန် ရရှိသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
မော်ဟိတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦအောင်ထွန်း က “ဇော်ဘောက်က သူ့အမျိုးသမီးကို သိပ်ချစ်တာ။ ကွတ်ခိုင်ဆေးရုံမှာ အမျိုးသမီး ဆုံးသွားတော့ အလောင်းနားကနေ ပြန်ခေါ်လို့ မရတော့ဘူး။ ပေကပ်နေတာ။ မင်းမှာ သားတယောက် ရှိသေးတယ်။ ဒီလောက်တောင် ပျော့ညံ့ရလား ဆိုပြီး မခံချင်အောင် ပြောပြီးပြန်ခေါ်ထုတ်ရတယ်” ဟု ပြန်ရှင်းပြသည်။
မော်ဟိတ်ရွာတွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုး ယခင်ကလည်း တကြိမ် တခါမျှ မဖြစ်ခဲ့ဖူးသလို ရွာသူ ရွာသားများမှာ လက်နက်အကြောင်း နားလည်သူများ မဟုတ်ကြသဖြင့် ဘယ်သူက ပစ်ခတ်သည့် လက်နက်ဆိုသည်ကိုလည်း အတိအကျ မသိကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။
သို့သော်လည်း ထိုကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်လာမည်ကို ရွာသူရွာသာများက ယခုချိန်ထိ ကြောက်ရွံ့ စိုးရိမ်နေကြဆဲဖြစ်ကြောင်း ပြောသည်။
မော်ဟိတ် ရွာခံ ကလေးမိခင်တဦးဖြစ်သည့် ဒေါ်ဇယ်ညွယ် က “အခုလို မိသားစုတွေ ဖြစ်သွားတာ စိတ်ထဲ မကောင်းဘူး။ ကြောက်တယ်။ တကယ်စေတနာပါတဲ့ ငြိမ်းချမ်းရေးမျိုး ရစေချင်တယ်” ဟု သူ့ဆန္ဒကို ပြောပြသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ထိုရက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြားတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ပစ်ခတ်မှုများကြား ပြည်သူ ၈ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။
မော်ဟိတ်ရွာ ကဲ့သို့ ကိုဇော်ဘောက် အိမ်ကဲ့သို့ အခြားကျေးရွာများနှင့် အိမ်အချို့မှာလည်း လက်နက်ကြီး ကျည်ကျမှန်ပေါက်ကွဲမှုများခံရသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လမ်းကြောင်း ပိတ်ဆို့ခံခဲ့ရသည်။ ခရီးသည်ကားများလည်း အညှာ အတာကင်းမဲ့စွာ ပစ်ခတ်ခြင်း၊ မီးရှိူ့ခြင်း ခံခဲ့ရသည်။
ခံလိုက်ရသည့် ပြည်သူများမှာ မည်သည့် လျှော်ကြေးမှ မရသလို မည်သည့် အဖွဲ့ အစည်း ကမှလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ကြသဖြင့် အပြစ်မဲ့ ပြည်သူလူထုမှာ တိုက်ပွဲများ အကြား အမှန်တရား ပျောက်ဆုံးခဲ့ကြရသည်။ ထိုထက်ဆိုးသည်မှာ နောက်ထပ်ဘယ်နေ့ ကြမ္မာဆိုး ထပ်ကြုံရမလဲ ဆိုသည်ကို ကြောက်လန့်နေကြရသည်။
ရွာသူ၊ ရွာသားများသာ မက ကိုယ်တိုင်မိသားစုဝင်များ ဆုံးရှူံးလိုက်ရသူများသည်ပင် ထိုပစ်ခတ်မှု နှင့် ပတ်သက်၍ ဘယ်အဖွဲ့ကိုမှလည်း နာမည်ကိုပင် မပြောရဲ၊ အပြစ်မတင်ရဲ ဖြစ်နေကြသည်။ ထင်မြင်ချက်နှင့် အပြစ်တင်ချက်များ ပြောလိုက်၍ တဖွဲ့ဖွဲ့က လာရောက် ပစ်ခတ်မည်ကိုလည်း စိုးရိမ်နေရကြရှာသည်။
“တိုက်ပွဲတွေ ဖြစ်လည်း မဖြစ်စေချင်ဘူး။ မြင်လည်း မမြင်ချင်တော့ဘူး။ လိုအပ်တဲ့ ကိုယ့်ရဲ့ ဝမ်းစာကို ငြိမ်းငြိမ်းချမ်းချမ်းပဲ တနေ့စာ တနေ့ရှာစားရတဲ့ဟာကို စိတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ချင်တာပေါ့” ဟု အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း ကပြောသည်။
ကိုဇော်ဘောက်ကတော့ မိသားစုနှင့် အတူနေရန် စိတ်ကူးနှင့် ကိုယ်တိုင်ဆောက်ထားသည့် အိမ်ကလေးကို မြင်လျှင် ခံစားနိုင်မည်မဟုတ်သဖြင့် ထိုအိမ်လေးကို မသွားဖြစ်တော့ဘဲ ကျန်ခဲ့သည့် သားလေးနှင့် အတူ မိဘအိမ်တွင် နေ့ရက်တွေ ကုန်စေခဲ့သည်။
ယခုအချိန်တွင်တော့ ကျန်ရစ်ခဲ့သည့် သားတယောက်နှင့် ရှေ့ခရီဆက်နိုင်ရေး တွေးတောနေပြီး အချိန်တခုကိုရောက်ရင်တော့ သားနှင့် အတူ ထိုအိမ်ကလေးကို ပြန်သွားဖြစ်လိမ့်မည်ဟုဆိုသည်။ သို့သော်လည်း မိသားစုတော့ စုံလျှင်တော့မည်မဟုတ်ပေ။
“ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် ပြောချင်တာကတော့ စစ်ဖြစ်တဲ့နေရာကို မပစ်ဘဲနဲ့ ဘာမှ မဟုတ်တဲ့ အပြစ်မရှိတဲ့ ဘာရန်သူမှ မရှိတဲ့ ရွာထဲကို လက်နက်ကြီးတွေ ဒီလိုပစ်ချတာတော့ မကောင်းဘူးပေါ့။ နောက်နောင် ဘယ်ရွာမှာ ဘယ်သူ့ကို မဆို ကျနော်လို ဝမ်းနည်းအောင် မလုပ်ကြပါနဲ့လို့ ပြောချင်တာပါ” ကိုဇော်ဘောက် က သူ့ရင်ထဲက ဆန္ဒကို ဖွင့်ပြောသည်။