ဟိန္ဒူကွတ်ရှ် ဟိမဝန္တာတောင်တန်း၏ တောင်ထိပ်များနှင့် တောင်ကြားများသည် ယနေ့အချိန်၌ ကမာ္ဘပေါ်တွင် ရောက်ရှိရန် အခက်ခဲဆုံးနှင့် အဝေးလံဆုံး ဒေသအချို့ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ သီးခြားအဖြစ်ဆုံး တောင်ကြားချိုင့်ဝှမ်းများသည်ပင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၏ ဒဏ်ကို ခံစားခဲ့ကြရသည်ဟု ကျယ်ပြန့်သော ဒေသနှင့် ပတ်သက်၍ ဘက်စုံခြုံငုံ သုံးသပ်ထားသော အစီရင်ခံစာသစ်တစောင်ကို ရေးသားခဲ့ကြသူများက ပြောသည်။ အပြောင်းအလဲများက ပြည်သူ သန်း၂၄၀ ၏ ဘဝများကို ရှုပ်ထွေးစေခဲ့ပြီး ဖြစ်သည်ဟု စာရေးသူများက ဆိုသည်။ ထို့ပြင် သက်ရောက်မှုများက အနာဂတ်တွင် ပိုမိုကြီးမား ကျယ်ပြန့်လာဖွယ်ရာလည်း ရှိနေသည်။
အနောက်ဘက်ရှိ အာဖဂန်နစ္စတန်မှသည် အရှေ့ဘက်မှ မြန်မာနိုင်ငံအထိ ဖြန့်ကျက် သွယ်တန်းထားသည့် တောင်တန်းဒေသတလျှောက်တွင် လေထုအပူချိန်က ၂၀ ရာစု အစပိုင်းမှစတင်၍ ၂ ဒီဂရီ ဖာရင်ဟိုက်နီးပါး မြင့်တက်လာခဲ့သည်။ အေးသော အပူချိန်များက ကမာ္ဘ၏ ကျန်သည့်နေရာများတွင် ပိုမိုလျှင်မြန်စွာ ပူနွေးလာခဲ့သည်။ အကျိုးဆက်အနေဖြင့် ရေခဲမြစ်များ အရည်ပျော်လာနေသည်။ ဝင်ရိုးစွန်းများမှ ရေခဲမှတ်အောက်တွင် အမြဲရှိနေသော မြေလွှာများ ရေတိုက်စားခံလာနေရသည်။ ရာသီဥတုပုံစံများက ပိုမို၍ မတည်မငြိမ်ဖြစ်လာကြသည်။ လူသန်းပေါင်းများစွာအတွက် ယခင်က အားကိုးအားထားပြုနိုင်ခဲ့သော ရေအရင်းအမြစ်များ ပျက်စီးလာသည်။ သဘာဝဘေးအန္တရယ်များ ပိုမိုဖြစ်ပွားအောင် လှုံ့ဆော်လာသည်။
“တောင်တွေနဲ့ ဆိုင်ပါတယ်။ အခုအချိန်က သူတို့ကို ကျနော်တို့ စတင်ပြီး အရေးစိုက်ရမယ့် အချိန်ဖြစ်ပါတယ်” ဟု နီပေါနိုင်ငံ ခတ္တမန္ဒူ ရှိ International Centre for Integrated Mountain Development (ICIMOD )မှ သိပ္ပံပညာရှင်အကြီး အကဲ Phillipus Wester က ပြောသည်။ သူက သိပ္ပံပညာရှင်နှင့် လေ့လာဆန်းစစ်သူ ၂၀၀ ကျော် အတူတကွပါဝင်ခဲ့ကြသော အဆိုပါ အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သူများထဲမှ တဦးဖြစ်ပါသည်။
အနာဂတ်တွင် ပူနွေးလာမည့် အန္တရာယ်ကို ထိန်းချုပ်ဟန့်တားရန် ကမာ္ဘက ချက်ချင်းအလေးပေးခဲ့ခြင်းမရှိလျှင် ဒေသတွင်း နိုင်ငံများမှ လိုက်နာကျင့်သုံး အားထုတ်မှုများ မရှိခဲ့လျှင် အနာဂတ်ရာသီဥတုပြောင်းလဲမှုက ဒေသကို စိန်ခေါ်မှုများဖြစ်လာမည့် အကျပ်အတည်းများအတွင်းသို့ ရောက်စေလိမ့်မည်ဟု လေ့လာချက်က သတိပေးထားသည်။
ပူနွေးသော တောင်ထိပ်များနှင့် ပြောင်းလဲနေသော ဆီးနှင်းများ
ဟိန္ဒူကွတ်ရှ် ဟိမဝန္တာတောင်တန်းတွင် ကမာ္ဘ၏ အထူးခြားဆုံးတောင်များ ရာနှင့်ချီ၍ ပါဝင်နေပြီး ဝင်ရိုးစွန်းဒေသများက လွဲ၍ ကျန်သည့် ကမာ္ဘ့မည်သည့်နေရာထက်မဆို ပိုမိုများပြားသည့် ရေခဲထု ၃၀၀၀၀ စတုရန်းမိုင်ကို ပိုင်ဆိုင်ထားသလို တောင်ထိပ်များနှင့် တောင်ကြားများတွင် လူ သန်း၂၄၀ ကျော် ရှင်သန်နေထိုင်ကြသည်။ တောင်တန်းများက အောက်ဖက်ပိုင်းမြေနိမ့်ဒေသများမှ ဘီလီယံနှင့် ချီသောသူများအတွက် ရေပေးနေသည့် အိန္ဒု၊ ဂင်္ဂါနှင့် ဗြဟ္မပုတ္တရ ကဲ့သို့သော မြစ်များ၏ မူလ စတင်ရာအရပ်လည်း ဖြစ်သည်။
တောင်မြင့်များမှာ ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုများကို ခံစားနေခဲ့ကြရပြီး ဖြစ်သည်။ ကမာ္ဘ၏ အခြားသောနေရာ အများအပြားထက်ပို၍ ပြင်းထန်စွာ ခံစားနေရသော်လည်း မည်သည့်အတွက်ကြောင့် ဆိုသည်မှာ အပြည့်အဝ သဲကွဲခြင်း မရှိသေးပါ။
“တကယ်လို့ ရာစုနှစ်ကုန်တဲ့ အထိ ကမာ္ဘ့အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီ ဆဲလ်စီးယပ် (သို့မဟုတ် ၂.၇ ဒီဂရီဖာရင်ဟိုက်) မှာထိန်းထားနိုင်မယ်ဆိုရင်တောင် အဲဒါက တကယ်လို့ဖြစ်လာခဲ့ရင် ခင်ဗျားတို့ အံ့ဖွယ်တပါးလို့ ခေါ်လို့ ရပါတယ်။ တောင်မြင့် တွေကတော့ ပိုလို့တောင် ပူနွေးလာဖွယ်ရာ ရှိပါတယ်” ဟု အစီရင်ခံစာမှ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာအခန်းကို ဦးဆောင်ရေးသားခဲ့သူ တဦးဖြစ်သည့် Arun Shrestha ကပြောသည်။ သူက ICIMOD မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တဦး ဖြစ်ပါသည်။ ရာစုနှစ် အလယ်ပိုင်းရောက်ချိန်တွင် အဆိုပါ ကိန်းဂဏန်းက အနည်းဆုံး ၃ ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်တက်လာလိမ့်မည်ဟု သူကပြောသည်။ “တော်တော်လေးကို သိသာထူးခြားတဲ့ ပူနွေးမှုပါ”
ဒေသ၏ အချို့အစိတ်အပိုင်းများ (အမြင့်ဆုံး တိဘက်ကုန်းမြင့်ဒေသနှင့် ဒုတိယ အမြင့်ဆုံး ကာရာကိုရမ် Karakoram တောင်တန်း အပါအဝင် တောင်တန်း၏ အနောက်မြောက်စွန်းမှ နေရာအများစု)က ပို၍ပင် ထိရှလွယ်ခဲ့သည်။ ပြီးခဲ့သည့် ဆောင်းဦးတွင် IPCC က အကြံပြုခဲ့သည့် ပူနွေးမှုရည်မှန်းချက် က ၁.၅ စင်တီဂရိတ်(၂.၇ ဖာရင်ဟိုက်) ဖြစ်သော်လည်း အဆိုပါ မူလသဘာဝအတိုင်း ရှိနေသေးသည့် တောင်ထိပ်များတွင် ၃.၆ ဖာရင်ဟိုက်ကျော်အထိ မြင့်တက်ခဲ့ကြောင်း မြင်တွေ့ရနိုင်ပါသည်။
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို တားဆီးထိန်းချုပ်ရန် ကမာ္ဘ၏ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့လျှင် ကိန်းဂဏန်းများက တဖြည်းဖြည်းနှင့် ပို၍ပင် မြင့်မားသွားနိုင်ပါသည်။ အကယ်၍ ကျနော်တို့က လက်ရှိ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပုံစံအတိုင်းသာ ဆက်၍သွားနေခဲ့လျှင် မြင့်မားသောတောင်များပေါ်တွင် အပူချိန်က ရာစုနှစ်ကုန် ရောက်သည့်အချိန် ၅.၄ ဖာရင်ဟိုက်ကျော်အထိ မြင့်မားသွားနိုင်ပါသည်။ အကယ်၍ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုက တဖြည်းဖြည်း ပိုမြင့်သွားခဲ့လျှင် ကိန်းဂဏန်းက ၁၀ ဒီဂရီ ဖာရင်ဟိုက်ကျော်သို့ မြင့်တက်သွားနိုင်သည်။
ထိုသို့ ဖြစ်ခဲ့ပါက မတ်စောက်သော တောင်စောင်းများပေါ်တွင် ပန်းသီး သို့မဟုတ် ကောက်ပဲသီးနှံများ စိုက်ပျိုးသည့် လယ်သမားများအတွက် သူတို့၏ သီးနှံများအတွက် အေးမြသော ညများနှင့် လိုအပ်သော ရာသီဥတုကို ရှာဖွေရန် သူတို့၏ သစ်သီးခြံများကို ပိုမိုမြင့်မားသော တောင်စောင်းများပေါ်သို့ ရွှေ့ပြောင်းကြရမည် ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။ အခြားသူများအတွက်မူ ဆီးနှင်း ကျဆင်းခြင်းနှင့် မိုးရွာသည့် ပုံစံပြောင်းလဲခြင်းတို့ကြောင့် ယခင်က မှီခိုအားထားနိုင်ခဲ့သော ချောင်းများ၊ စမ်းချောင်းများ ခြောက်ခမ်းသွားနိုင်ခြင်း သို့မဟုတ် ဖျက်အားပြင်းသည့် ရေလွှမ်းမိုးမှု၏ ခြိမ်းခြောက်ခြင်းတို့ကို ရင်ဆိုင်ကြရလိမ့်မည် ဖြစ်သည်။
ရာသီဥတု ပူနွေးလာခဲ့သည်နှင့် အမျှ ဆီးနှင့် ကျဆင်းခြင်းနှင့် မိုးရွာသည့် ပုံစံများကလည်း ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ ဒေသ၏ အရှေ့ခြမ်းတလျှောက်ရှိ မြင့်မားသောတောင်များတွင် ဆီးနှင်းကျဆင်းမှု အများစုက တောင်များဆီသို့ အင်အားကောင် သော မုတ်သုန်လေ ဝင်ရောက်လာသည့် နွေရာသီကာလအတွင်းတွင် ကျဆင်းခြင်းဖြစ်သည်။ သို့သော် မုတ်သုန်လေ အားနည်းခဲ့သော ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လယ်သမား အများအပြားအတွက် သီးနှံများစိုက်ပျိုးရန် အရေးပါသော ရေကိုပေးသည့် နွေဦးရာသီတလျှောက်တွင် တဖြည်းဖြည်းချင်း အရည်ပျော်သော ရေခဲမြစ်များကို ထောက်ပံ့ပေးသည့် ဆီးနှင်းများ တောင်ကုန်းများပေါ်တွင် နည်းပါးသွားခဲ့သည်။ မုတ်သုန်လေက အနာဂတ်တွင် ထပ်မံအားနည်းသွားမည်ဟု ခန့်မှန်းထားရာ လယ်သမားများ အားကိုးအားထားပြုရသည့် ရေအရင်းအမြစ်အတွက် နောက်ထပ်အရေးပါသော အတားအဆီးတခုပင်။
“ရာသီဥတုပြောင်းလဲခြင်းနဲ့အတူ မိုးလေဝသ အဖြစ်အပျက်တွေကလည်း ပိုပြီး အပြောင်းအလဲများလာလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ထားရပါမယ် ” ဟု Norway’s Center for International Climate Research မှ သုတေသီတဦး ဖြစ်သည့် Nina Bergan Holmelin က ပြောသည်။ သူက ဒေသတွင်းမှ လယ်သမားများနှင့် အသိုင်းအဝိုင်းများကို လေ့လာနေသူ ဖြစ်သည်။ “လုပ်စရာရှိတာ အချိန်မီလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ခြောက်သွေ့မှု၊ ရေလွှမ်းမိုးမှုတွေနဲ့ မိုးသည်းထန်မှုတွေကို ဖြေရှင်းရတာတွေက တခြားဘယ်အရာတွေထက်မဆို အမြဲတမ်းပိုပြီး စိန်ခေါ်မှုတွေ များပါတယ် ”
အရည်ပျော်ရေခဲမြစ်များ (ရေအပြောင်းအလဲနှင့် ကပ်ဘေးအန္တရာယ်ဒြပ်ပေါင်း)
တချိန်တည်းမှာပင် ဒေသတလွှားမှ ရေခဲမြစ်များ(အထူးသဖြင့် တိဘက်ကုန်းမြင့်ဒေသနှင့် အလယ်ဟိမဝန္တာတောင်တန်း၊ ကမာ္ဘပေါ်တွင် အထင်ရှားဆုံးတောင်များရှိရာ ခွန်ဘူ Khumbu ကဲ့သို့ တောင်တန်း၏ အရှေ့ဘက်တွင် သွယ်တန်းနေသော နေရာများ) က ၂၀၀၀ ခုနှစ်က စတင်၍ ၂၀ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းကြားတွင် ပျောက်ကွယ်သွားကြသည်ဟု အစီရင်ခံစာက ဆိုသည်။
“မပြောင်းမလဲ ဆက်ဖြစ်နေတဲ့ အခြေအနေအတိုင်းဆိုရင် ရေခဲမြစ် ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းက ရာစုနှစ်ကုန်တဲ့ အချိန်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်” ဟု အစီရင်ခံစာမှ ဒေသ၏ ရေခဲများ မည်သို့ ပြောင်းလဲနေသည်ကို ဖော်ပြသည့် အခန်းကို ဦးဆောင်ရေးသားခဲ့သူတဦး ဖြစ်သော Joseph Shea က ပြောသည်။ သူက ကနေဒါနိုင်ငံ Northern British Columbia တက္ကသိုလ်မှ နှင်းနှင့် ရေခဲ လေ့လာရေးဆိုင်ရာ ပညာရှင်တဦး ဖြစ်သည်။
အရည်ပျော် ရေခဲမြစ်များနှင့် ဆီးနှင်းများက မြစ်များသို့ စီးဝင်ပြီး သူတို့၏ စီးဆင်းမှုကို ရှင်သန်စေသည်။ ၎င်း၏ ရေပမာဏ ၄၀ ရာခိုင်နှုန်းခန့်ကို ရေခဲမြစ် အရည်ပျော်ခြင်းမှ ရရှိသည့် အိန္ဒုမြစ်အတွက် ကာလတိုတခုအတွင်းတွင် မြင့်မားသည့် တောင်များပေါ်မှ ရေများ အမှန်တကယ်ပိုမို၍ စီးဆင်းခဲ့သည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
သို့သော်လည်း ရေခဲမြစ်များ သေးငယ်လာသည်နှင့် အမျှ အိန္ဒုကဲ့သို့သော မြစ်များအတွက် ရေထောက်ပံ့မှုက တဖြည်းဖြည်း နည်းပါးသွားဖွယ်ရာ ရှိသည်ဟု Vancouver ရှိ British Columbia တက္ကသိုလ်မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် တဦးဖြစ် သည့် Michele Koppes ကပြောသည်။ သူက ယခုအစီရင်ခံစာရေးသားရာတွင် ပါဝင်ခဲ့သူ တဦးမဟုတ်ပါ။
“ရေခဲမြစ်တွေနဲ့ ဆီးနှင်းထုတွေက ရေတွေအများကြီး သိုလှောင်ထားတဲ့ ဘဏ်ကြီးတွေလိုပါပဲ” ဟု သူကပြောသည်။ ထိုရေက ရေခဲမြစ်များနှင့် ဆီးနှင်းထု အရည်ပျော်သည်နှင့်အမျှ ရာသီတိုင်းတွင် ဆယ်စုနှစ်များစွာ သို့မဟုတ် နှစ်ပေါင်း ရာနှင့်ချီ၍ ရေကို တဖြည်းဖြည်းချင်း ထုတ်ပေးသည်။ သို့သော်လည်း ရာသီဥတု ပြောင်းလဲခြင်းက ၎င်းကို ပုံမှန်ဖြစ်နေကျထက် ပို၍ လျှင်မြန်စွာ အရည်ပျော်ရန် ဖိအားပေးနေသည်။ ထို့ကြောင့် “အဲဒါက သူတို့ရဲ့ သိုလှောင်ကန်ကြီးတွေ အဆုံးသတ်ချိန်နီးလာတာပါပဲ” ဟု Michele Koppesက ဆိုသည်။ ထိုရေပေါ်တွင် မှီခိုအားထားနေရသည့် အသိုင်းအဝိုင်းများနှင့် ဂေဟစနစ်များ ထိခိုက် အားနည်းသွားစေ၏။
ရေခဲမြစ်များ အပြောင်းအလဲဖြစ်ခြင်းက နောက်ထပ်သက်ရောက်မှုလည်း ရှိသည်ဟု ခတ္တမန္ဒူရှိ Tribhuvan တက္ကသိုလ်မှ နှင်းနှင့်ရေခဲလေ့လာရေးဆိုင်ရာ ပညာရှင်တဦးဖြစ်သည့် Sudeep Thakuri က ပြောသည်။ သူက အစီရင်ခံစာ ရေးသားရာတွင် ပါဝင်ခဲ့သူတဦးတော့ မဟုတ်ပါ။ ပိုမိုအရည်ပျော်လာခြင်းက ရေခဲမြစ်များ၏ ထိပ်တွင် သို့မဟုတ် ၎င်းတို့၏ အဆုံးသတ် အနိမ့်ပိုင်းတွင် ရေကန်များ ပိုများလာသည် ဆိုသော အဓိပ္ပါယ်ဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ စတင်၍ သူနှင့် လုပ်ဖော်ကိုင်ဖက်များက နီပေါ ဟိမဝန္တာတလွှား ရေခဲမြစ်ကန် အရေအတွက် ၂ ဆထက် ပို၍ တိုးလာသည်ကို တွေ့ရှိခဲ့ရသည်။
သို့သော်လည်း အဆိုပါကန်များက တခါတရံ အလျှင်အမြန်ကြီးထွားလာပြီး ၎င်းတို့ ထိန်းနိုင်သည်ထက် များစွာပိုသော ရေကို ထိန်းသိမ်းထားကြရသည်။ ထိုရေက ထိန်းသိမ်းထားနိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားသည့်အခါ ဖျက်ဆီးအားပြင်းထန်သော ရေလွှမ်းမိုးမှုများ ဖြစ်စေတတ်သည်။
တောင်စောင်းများကလည်း မတ်စောက်နေသည့်အလျှောက် အေးခဲနေသော မြေဆီလွှာများ အရည်ပျော်ကျသည့်အခါ ကျောက်တောင်များ ပြိုကျခြင်း၊ မြေပြိုခြင်းနှင့် နှင်းခဲထုပြိုကျခြင်းတို့က ပို၍ ဖြစ်လေ့ဖြစ်ထရှိလာသည်။
၁၉၈၀ နှစ်များက စတင်၍ ရာသီဥတုပြောင်းလဲသည့် အခြေအနေများက ဒေသတွင်းတွင် ဘေးအန္တရယ်တွေ့နိုင်သည့် အခြေအနေများ ပိုမိုမြင့်တက်သွားစေခဲ့သည်ဟု အစီရင်ခံစာက ပြောသည်။ အနာဂတ်တွင် ပိုမို များပြားလာလိမ့်မည် ဖြစ်သည်။
အရေးယူ ဆောင်ရွက်ရမည့် အချိန်
ကိစ္စရပ်အများအပြားတွင် သိပ္ပံပညာက သန်းနှင့်ချီသော တောင်ပေါ်နေပြည်သူတို့၏ အတွေ့အကြုံများ နောက်သို့ အမီလိုက်နေကြရဆဲဖြစ်သည်။
၂၀၀၇ ခုနှစ်က IPCC ၏ သုံးသပ်ချက် အစီရင်ခံစာတစောင်တွင် ရာသီဥတုက မည်သို့ပြောင်းလဲခဲ့ပြီးဖြစ်သည်၊ အရေးပါ၍ ထင်ရှားကျယ်ပြန့်သော ဒေသတွင် မည်သို့ဆက်လက်၍ သက်ရောက်လိမ့်မည် ဆိုခြင်းနှင့် ပတ်သက်၍ အတိအကျ ပြောနိုင်သော သိပ္ပံနည်းကျ အသိပညာ ရှားပါးကြောင်း မီးမောင်းထိုးပြခဲ့သည်။
ပထမပိုင်းတွင် ၎င်းတို့က ဒေသတွင်းမှ ရေခဲမြစ်များက ၂၀၃၅ ခုနှစ်တွင် လုံးဝပျောက်ကွယ်သွားလိမ့်မည်ဟု တင်ပြခဲ့ကြသည်။ ဒေသ၏ ခုခံမှုကို သိသော နှင်းနှင့်ရေခဲလေ့လာရေးဆိုင်ရာ ပညာရှင်များက အခြေအနေသည် များစွာပို၍ ရှုပ်ထွေးကြောင်း သိခဲ့ကြသည်။ သို့သော်လည်း “သေချာတာကတော့ ဘာဖြစ်လိမ့်မယ်ဆိုတာကို ပြောနိုင်ဖို့ အတွက် ကျနော်တို့မှာ ခိုင်မာတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန လုံလုံလောက်လောက် မရှိပါဘူး” ဟု Arun Shrestha က ပြောသည်။ “ဟုတ်ပါတယ် အဲဒါတွေ (ရေခဲမြစ်များ) ကျုံ့လာနေတယ်ဆိုတာ ကျနော်တို့ သိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်များသလဲ ဆိုတာကို ကျနော်တို့ မသိပါဘူး။”
ထို့ကြောင့် စိန်ခေါ်မှုက ရှိနေပြီးဖြစ်သည်။ ကမာ္ဘတလွှားမှ သိပ္ပံပညာရှင်များက ရှုပ်ထွေးသော ပြဿနာကို တူးဖော်နေကြသည်။ ဒေသတွင်းမှ ရေခဲမြစ်အများအပြားက အလွန်ဝေးလံသောတောင်ကြားများ သို့မဟုတ် သွားရောက်ရန်ခက်ခဲသော တောင်များပေါ်တွင် ရှိနေကြသည်။ ရှုပ်ထွေးသော ဧရိယာများက သိပ္ပံပညာရှင်များကို ဂြိုဟ်တုဓာတ်ပုံများမှတဆင့် ၎င်းတို့ မည်သို့ ပြောင်းလဲနေသည်ကို ဖော်ထုတ်ရန် အထူးသဖြင့် ခက်ခဲစေသည်။ ကျယ်ပြန့်သောတောင်တန်းတလျှောက်မှ ကောင်းမွန်သော၊ ယုံကြည်အားထားနိုင်သော အချက်အလက်များ ရရှိနိုင်ရန် သိပ္ပံပညာရှင်များ ခက်ခက်ခဲခဲ ကြိုးစားနေကြရသည်။
ယခုအခါတွင် ရှင်းလင်းသော ရုပ်ပုံတခု ပေါ်ထွက်လာသည်။ ၎င်းက ဖော်ပြနေသည်မှာ လာမည့်နှစ်များအတွင်းတွင် ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင်ရတော့မည့် ဒေသတခု ဖြစ်သည်ဟု Phillipus Wester က ပြောသည်။ သန်းနှင့်ချီသော အခြေချနေထိုင်သူများနှင့် အောက်ပိုင်းမှ အိမ်နီးချင်းများအတွက် အရေးပါသည့် အရင်းအမြစ်များရှိနေသော ထိုဒေသသည် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရရှိရန် ထိုက်တန်ပါသည်ဟု သူကဆိုသည်။
“အခုဆိုရင် အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ကျနော်တို့ လုံလုံလောက်လောက် သိနေပါပြီ” Phillipus Wester က ပြောသည်။“ကျနော်တို့မှာ အချက်အလက်တွေ မရှိဘူး။ သုတေသနတွေ ပိုလုပ်ဖို့ လိုတယ်ဆိုတဲ့ ဆင်ခြေတခုနောက်မှာ ကျနော်တို့ ပုန်းကွယ်နေလို့ မရတော့ပါဘူး။ အခု ကျနော်တို့မှာ စာမျက်နှာ ၆၅၀ ရှိတဲ့ သုံးသပ်ချက်တခု ရှိနေပြီ။ အဲဒါကို သေချာ ကျနစွာ ကြည့်ဖို့ လူ ၂၁၀ အတူတကွ စုစည်းခဲ့ပါတယ်။ အဲဒါက ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်ဖို့ အတွက် ကျနော်တို့ လုံလုံလောက်လောက် သိနေပါပြီ”
(National Geographic တွင် Alejandra Borunda ရေးသားထားသော Climate change is roasting the Himalaya region, threatening millions ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆီအုန်းစိုက်ခင်းများက မြန်မာ့သစ်တောများကို ခြိမ်းခြောက်နေသည်
၂၀၃၀ တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ ဖွဲ့စည်းမည် ဟုဆို