သွပ်မိုး အုတ်ကာ အဝါရောင် ဆေးခြယ်ထားသည့် တထပ်ဆောင် ရုံးခန်းတခုအတွင်း ထိုင်နေကြသည့် လူတစုထံမှ တဝါးဝါး တဟားဟားနှင့် ရယ်မောသံများ ထွက်ပေါ်လာသည်။
“တိုက်ပွဲကြားမှာ ပြေးလွှားရင်းနဲ့ ဟင်းချက်ရင်းတန်းလန်းနဲ့ ထပြေးရတဲ့အခါ ဆရာမ တယောက်ဆို ဝက်သား ဟင်းအိုး ရွက်ထားရင်းပြေးတော့ မှောက်ကျတာ။ အဲဒါကို ပြန်ကောက်ထည့်တယ်” ဟု ၅၉ နှစ်အရွယ် ဦးမင်းအောင်ဇေ က အတိတ်အကြောင်းများကို ပြန်ပြောပြရင်း အားပါးတရ ရယ်မောလိုက်သည်။
ဦးမင်းအောင်ဇေသည် တောင်ပကျေးရွာ မွန်အမျိုးသား အလယ်တန်းကျောင်းသို့ အလည်ရောက်ခိုက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ဝင်္ကပါ မွန်စာသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က အတိတ်ခြေရာများကို ပြန်ကောက် ပြောပြရင်း တဝါးဝါး တဟားဟားနှင့် ပွဲကျနေကြခြင်း ဖြစ်သည်။
ထိုအချိန်က ယင်းဒေသတွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် တပ်မတော်အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး (Ceasefire) လက်မှတ်မထိုးခင် အချိန်ကာလဖြစ်ရာ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
ထို့ကြောင့် ပြေးရင်းလွှားရင်း ရောက်သည့်နေရာတွင် ချက်စားနိုင်ရန် ကျောင်းသားတိုင်း၏ လွယ်အိတ်ထဲတွင် ဆန် တထုပ်စီ အမြဲထည့်ခိုင်းထားရသည်ဟုလည်း ထိုစဉ်က ဦးမင်းအောင်ဇေနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သော အသက် ၅၀ အရွယ် ဆရာမကြီး ဒေါ်ခိုင်ခိုင်ထင်(မိဂေတမး)ကလည်း သူ့ အတွေ့အကြုံများကို ပြန်လည်ပြောပြသည်။
“တခါတလေ ည ၁၀ နာရီလောက်ကြီးလည်း ထပြေးရတယ်။ တောထဲမှာ ထမင်းစားတဲ့အခါ စလောင်းဖုံးထဲထည့်ပြီး ၆ ယောက်တအုပ်စု စားကြတယ်။ ဟင်းရည်ထည့်လိုက်ရင် စောင်းသွားတဲ့ဘက်ကသူက ပိုစားရတာပေါ့” ဟု သူက ပြောပြီး ရယ်နေသည်။
ယခုအချိန်မှာတော့ ထိုဖြစ်ရပ်များက ရယ်စရာပြက်လုံး တခုလို ဖြစ်နေသော်လည်း ထိုစဉ်ကတော့ တကယ့်ကို စိုးရိမ် ထိတ်လန့်စရာ အနေထားဖြစ်ခဲ့ရပြီး မျိုးဆက်သစ် ကလေးများ အတွက်တော့ ပုံပြင်လို ဖြစ်နေပြီဟု ဦးမင်းအောင်ဇေ က ပြောသည်။
“အဲဒီမှာ ခဏခဏ ပြေးနေရတယ်လေ။ ရောက်တဲ့နေရာမှာ ကလေးတွေနဲ့ ထမင်းချက်စားပြီးတော့ တခါ စစ်ပြေးတဲ့နေ ရာမှာပဲ စာသင်ပေါ့။ တောင်တွေကြားမှာ။ ဂူတွေကြားမှာ စာသင်ခဲ့ရတယ်” ဟု သူက ပြောပြသည်။
ထိုစဉ်က ၄ တန်းမှ ၈ တန်းထိ ကျောင်းသူ/သားဦးရေ ၇၀ ကျော်ကို ဆရာ၊ ဆရာမ ၁၂ ယောက်ခန့်က ထိန်းကျောင်း ပညာသင်ပေးခဲ့ကြပြီး အဆိုပါ ဆရာ/မများအနက် ယခုအချိန်ထိ မွန်အမျိုးသား ပညာရေးကဏ္ဍတွင် တဖက်တလမ်းမှ ပါဝင်ပတ်သက်နေသူ ၄/၅ ဦးသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။
၁၉၉၃ တွင် သူသည် လိုအပ်ချက်အရ ဝင်္ကပါကျောင်း၌ ကျောင်းဆရာ ဝင်လုပ်ဖြစ်ရင်းက ကလေးများကို သနား သဖြင့် မထွက်ဖြစ်တော့ဘဲ နှစ်အတော်ကြာသွားခဲ့ရာမှ ယခုဆိုလျှင် မွန်အမျိုးသားပညာရေးကဏ္ဍ၌ ပါဝင်ပတ် သက်နေသည်မှာ နှစ်ပေါင်း ၃၀ ကျော်လာလေပြီဟု ဦးမင်းအောင်ဇေက ပြောပြသည်။
“အဲဒီခေတ်တုန်းက တကယ့်ကို ဝရုန်းသုန်းကားပါပဲ။ တော်တော်ကို ဆိုးပါတယ်။ ဒါပေမယ့် ကျနော်တို့ မလုပ်ရင်လည်း ဘယ်သူမှ လုပ်မယ့်သူ မရှိဘူးလေ။ အခြေအနေအရ ဘယ်သူမှ မသွားကြဘူး” ဟု သူက ဆိုသည်။
လက်ရှိတွင် သူသည် ကျောင်းဆရာအလုပ်က အနားယူထားပြီး ဖြစ်သော်လည်း မွန်အမျိုးသား ပညာရေးကော်မတီ (MNEC) ဌာနခွဲ၌ သုတေသနမန်နေဂျာ တာဝန်ဖြင့် မွန်မိခင်ဘာသာစကားအခြေပြု သင်ရိုးညွှန်းတမ်းနှင့် ပြည်နယ် အစိုးရ၏ ဒေသန္တရ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မုဒုံမြို့နယ် ကလော့သော့ကျေးရွာ ဇာတိသူ ဒေါ်ခိုင်ခိုင်ထင်သည်လည်း ဆရာမ စလုပ်စဉ်က အသက် ၁၉ နှစ် သာ ရှိသေးပြီး မိဘများ သဘောမတူသည့်ကြားက ထိုလမ်းကို ရွေးချယ်ခဲ့သည်။ ထိုစဉ်က ကျောင်းဆရာမ လစာ အဖြစ် တလလျှင် ၁၀၀၀ ကျပ်သာ ရရှိခဲ့သည်။
ဝင်္ကပါကျောင်းတွင် ၁၈ နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် ကြားထဲတွင် ၁၀ နှစ်လောက် နားကာ ကိုယ်ပိုင် စီး ပွားရေးလေးတခု လုပ်ခဲသော်လည်း တောင်ပကျေးရွာတွင် မွန်အမျိုးသား အလယ်တန်းကျောင်း ဖွင့်သည့်အခါ ကျေး ရွာဆရာတော်က ခေါ်သဖြင့် အလယ်တန်းပြ ဆရာမအဖြစ် ပြန်ဝင်လုပ်နေသည်မှာ ၃ နှစ်ရှိပြီဟု သူက ဆိုသည်။
မိခင်ဘာသာစကား အခြေပြု မွန်အမျိုးသားကျောင်း
မွန်စာပေနှင့် မွန်သမိုင်း မပပျောက်စေရေးအတွက် မိခင်ဘာသာစကား အခြေပြု သင်ကြားပေးနေသည့် မွန်အမျိုး သားကျောင်းများသည် နိုင်ငံရေး အချို့အကွေ့များကြား ကြံ့ကြံ့ခံရပ်တည်လာခဲ့သည်မှာ ၁၉၇၂ မှ စတင်ကာ ယခုဆို လျှင် နှစ်ပေါင်း ၄၀ ကျော်လာပြီ ဖြစ်သည်။
ယခုအခါ အထက်တန်းကျောင်း ၃ ကျောင်း အပါအဝင် မွန်အမျိုးသားကျောင်းပေါင်း ၁၃၃ ကျောင်းရှိပြီး အများစုသည် မွန်ပြည်နယ်၌ရှိကာ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း ရှိကြောင်း၊ ကျောင်းသားပေါင်း ၁၂၀၀၀ ခန့်ရှိပြီး ဆရာ/မ ဦးရေ ၆၈၆ ဦးဖြင့် လည်ပတ်လျက်ရှိသည်။
မွန်အမျိုးသား ပညာရေးနှင့် ပတ်သက်၍ လိုအပ်သည့် ပညာရေး ပေါ်လစီများ ချမှတ်ရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ဆက်သွယ်နိုင်ရန် ရည်မှန်းချက်ဖြင့် မွန်အမျိုးသား ပညာရေးကော်မတီ (MNEC)ကို ၁၉၉၂ တွင် ဖွဲ့စည်းပေးခဲ့ကာ မွန်အမျိုးသား ကျောင်းများအား စီမံခန့်ခွဲလျက်ရှိကြောင်း သိရသည်။
၁၉၉၅ တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် တပ်မတော်အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး(Ceasefire) လက် မှတ်ရေးထိုးပြီး နောက်ပိုင်း၌ မွန်အမျိုးသား ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ပိုမို လမ်းပွင့်လာခဲ့ကြောင်း ဦးမင်းအောင်ဇေက ပြောပြသည်။
“အရင်က အစိုးရ သိထားတာက ဒီကျောင်းတွေက သူပုန်ကျောင်းတွေပေါ့။ တကယ်က သူပုန်ကျောင်း မဟုတ်ပါဘူး။ ရပ်ရွာအခြေပြု ကျောင်းတွေ။ ဒါပေမယ့် NMSP နဲ့ ပတ်သက်တော့ ထောက်ပံ့မှုရှိတယ်။ ဒီလောက်ပါပဲ။ ပိုင်ဆိုင်မှုအနေ နဲ့ဆိုရင် ဒါ ရပ်ရွာရဲ့ ပိုင်ဆိုင်မှုပါ။ ဒီကျောင်းတွေက NMSP ဆောက်ပေးထားတာ မဟုတ်ပါဘူး။ ခုတော့လည်း သူတို့ နားလည်သွားပါပြီ” ဟု သူက ရှင်းပြသည်။

မွန်အမျိုးသားကျောင်း၏ ပညာရေးစနစ်
မွန်အမျိုးသား ပညာရေး ကော်မတီ(MNEC)က အကောင်အထည်ဖော်နေသည့် မွန်အမျိုးသားကျောင်းများ၏ ပညာရေးစနစ်မှာ မူလတန်းအဆင့်၌ မိခင် ဘာသာစကား အခြေပြု ဘာသာစကား အစုံသင်သည့် ပညာရေးနစ်ဖြစ်ပြီး မိခင်ဘာသာစကား၊ နိုင်ငံသုံးစကားနှင့် နိုင်ငံတကာသုံး ဘာသာစကား ဖြစ်သည့် မွန်၊ ဗမာ၊ အင်္ဂလိပ် ၃ မျိုးစလုံးကို မသင်မနေရ ပြဋ္ဌာန်းထားသည်။
အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်တွင် အစိုးရသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးနေပြီး မွန်၊ ဗမာ ဘာသာ စကားနှစ်မျိုးဖြင့် ကလေးများ နားလည်အောင် ရှင်းပြပေးရသည်ဟု ဆရာ၊ ဆရာမများက ပြောသည်။
အစိုးရကျောင်းနှင့် မတူညီသည်မှာ မွန်အမျိုးသားကျောင်းများတွင် ကလေးနားလည်သည့်၊ ကျွမ်းကျင်သည့် ဘာသာ စကားဖြင့် ပညာသင်ကြားခွင့်ရခြင်း ဖြစ်သည်ဟု MNEC သုတေသန မန်နေဂျာ ဦးမင်းအောင်ဇေက ရှင်းပြသည်။
ထို့ပြင် အစိုးရ ပညာရေးစနစ်ဖြင့်လည်း တံတားထိုးထားသည့် စနစ်ဖြစ်ရာ ကလေးများ အနေဖြင့် အစိုးရကျောင်းဘက် သို့ ကူးပြောင်းနိုင်သလို အစိုးရကျောင်းမှ ကလေးများလည်း မွန်အမျိုးသားကျောင်းသို့ ကူးလာ၍ ရကြောင်း၊ အစိုးရ ကျောင်းနှင့် ဘာသာစကား မူဝါဒ မတူသော်လည်း အတန်းဖွဲ့စည်းပုံ၊ ကျောင်းဖွဲ့စည်းပုံချင်း တူညီသည်ဟု ဆိုသည်။
အခက်အခဲများကြားက မီးအိမ်ရှင်များ
၁၉၇၀ခုနှစ် ကာလအတွင်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသများအတွင်း စစ်ပြေးရှောင်ရင်း စာသင်ခဲ့ရသည့် ရွေ့လျားစာသင်ကျောင်းများမှ တဆင့် စတင်ခဲ့သည့် မွန်အမျိုးသားကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မွန် ဆရာ၊ ဆရာမတို့သည် လစာဟူသည် ဝေးစွ။
ရပ်ရွာက စုပေါင်းပေးသည့် တနှစ်လျှင် စပါး တင်း ၅၀၊ ၁၀၀ လောက်ဖြင့် အိပ်စိုက်ကာ တိုက်ပွဲများအကြား ပြေးရင်း လွှားရင်း မွန်ကလေးငယ်များကို ပညာမျှဝေပေးခဲ့ကြသည်။
လက်ရှိတွင် MNEC က ဆရာ၊ ဆရာမ တယောက်လျှင် တလစာ ငွေကျပ် ၉၆၀၀၀ ပေးထားပြီး ရပ်ရွာက ၃၀၀၀၀ ကျပ် ထပ်ဆောင်းပေးခြင်း၊ နေစရာ၊ စားစရာ ထောက်ပံ့ပေးခြင်းတို့ကြောင့် အနည်းငယ် အသက်ရှူချောင်လာပြီဟု ဆိုနိုင်သော်လည်း ပြည့်စုံလုံလောက်သည့် အခြေအနေတော့ မဟုတ်သေးပေ။
မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ ဇာတိသူ မူလတန်းပြ ဆရာမ နွန်ဒယ်ဒေဝီ တယောက် မွန်ကျောင်းဆရာမ အလုပ်ကို စတင်ရွေးချယ်စဉ်က အများတကာ၏ အထင်သေးမှုကို ခံရရုံသာမက အစိုးရ ဌာနဆိုင်ရာတွင် ဝင်လုပ်သူ သူငယ်ချင်း တချို့ကြား မျက်နှာငယ်ခဲ့ရသည်။
“စဝင်တုန်းက ဒီလိုမျိုး အခြေအနေ မဟုတ်ဘူး။ စာသင်ရတာ အသိအမှတ်ပြုမှု နည်းတယ်။ ကိုယ်ဒီကျောင်းမှာ လုပ်တော့ ဘွဲ့ရဖြစ်ပြီး ဘာလို့ ဒီကျောင်းမှာ လာသင်ရလဲ။ ဒီထက်ကောင်းတဲ့ အလုပ်ကို လုပ်ပါလားဆိုပြီး ပြောလာ တဲ့သူတွေ ရှိတယ်” ဟု သူကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြသည်။
သူသည် နိုင်လှုံကျေးရွာ၊ သာ့သနာနယ်မြေရှိ သစ်သားဆောင် ဇရပ်ကျောင်လေးပေါ် ဖွင့်ထားသည့် မူလတန်း လွန် ကျောင်းကလေး၌ တာဝန်ထမ်းဆောင်နေပြီး မုဒုံမြို့နယ် ကျောင်းဆရာအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ဆောင် ရွက် နေသည်။
မွန်အမျိုးသားကျောင်းများသည် မိမိတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းရာရောက်သလို မိခင် ဘာသာစကားဖြင့် သင်ကြားရသည့် ကလေးများအတွက်လည်း သင်လွယ်တတ်လွယ်သည်ဟု သူက ခံယူထားသည်။
“ကိုယ့်ခံယူချက်နဲ့ ကိုယ်ဆိုတော့ သူများ ဘာပြောပြောလေ ဝါသနာပါတဲ့ အလုပ်ဆိုတော့ ပျော်နေတာပဲ” ဟု အနား တွင် လာထိုင်နေသည့် ကလေးငယ်လေးကို ပြုံးပြီးကြည့်ရင်းက ပြောသည်။
ယခုနောက်ပိုင်း၌ အစိုးရကျောင်းမှ ဆရာ/မများနှင့် သင်တန်း အတူတူတက်ခွင့်ရသည့်အခါ ၎င်းတို့ ဆွေးနွေး ပြောဆို နိုင်သလို၊ အရည်အချင်းရှိသလို မွန်ကျောင်း ဆရာ/မများလည်း ဝင်ရောက်ဆွေးနွေးနိုင်ကြောင်း၊ အရည်အချင်း ရှိ ကြောင်း သိသွားကာ ၎င်းတို့အပေါ် နားလည်သွားပြီး အခေါ်အပြော ဆက်ဆံမှုများ တိုးတက်လာသည်ဟု ဆိုသည်။
“အစိုးရကျောင်းက ကျူရှင်တို့ ဘာတို့နဲ့ စရိတ်စက များတယ်။ ကျမတို့ မွန်ကျောင်းကျတော့ ဘာမှ မကောက်ဘူး။ ဆင်းရဲသားကလေးတွေ ပိုများတယ်။ ရတဲ့လစာနဲ့မလောက်ဘူး။ အမျိုးချစ်လို့ လုပ်နေတယ်ဆိုပါတော့” ဟုလည်း တောင်ပရွာ မွန်အမျိုးသားအလယ်တန်းကျောင်း ကျောင်းအုပ် မိထောဇိင်က ဆိုသည်။
မွန်အမျိုးသားကျောင်းတွင် ကလေးတဦးလျှင် တနှစ်စာ ကျောင်းလခအဖြစ် ၃၅၀၀၀ ကျပ် သာပေးရပြီး ၉၊ ၁၀ တန်း အဆောင်နေသည့် ကလေးများက တလလျှင် စားစရိတ်အဖြစ် ၃၀၀၀၀ ကျပ် ထပ်ဆောင်းပေးရသည်။
အစိုးရကျောင်းများထက် စရိတ်စက သက်သာသည့် မွန်အမျိုးသားကျောင်းသို့ လာတက်သည့် ကလေးများသည် နွမ်း ပါးချို့တဲ့သည့် မိသားစုတို့မှ အများဆုံးဖြစ်ပြီး တချို့မိဘများကလည်း ရပ်ရွာတွင်ထားပါက အပေါင်းအသင်းများဖြင့် ပျက်စီးမည်ကို စိုးရိမ်ပြီး အဆောင်လာပို့ထားသူများလည်း ရှိကြောင်း သိရသည်။
“ပင်ပန်းပေမယ့် အဆင်ပြေအောင် သင်ပေးရတာပဲ။ ဒီကျောင်းတွေက လစာနည်းတော့ သူများတွေ သိပ်မလုပ်ချင်ကြ ဘူး။ တချို့လည်း ဝင်လိုက်ထွက်လိုက်နဲ့။ ကျမကတော့ ဆက်လုပ်ဖြစ်နေအုံးမှာပါ။ ကိုယ်မှမလုပ်ရင် ကလေးတွေ အခက်အခဲဖြစ်မှာလေ” ဟု သံဖြူဇရပ်မြို့နယ်၊ ဝဲရက်မူလွန်ကျောင်း ကျောင်းအုပ် မိလယီချမ်းမွန်က ဆိုသည်။

မွန်အမျိုးသားကျောင်းများ ရေရှည်ရပ်တည်ရေး အခက်အခဲများရှိနေ
ပြီးခဲ့သည့် တပတ်အတွင်း၌ ဧရာဝတီသတင်းဌာနအနေဖြင့် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေးမြို့နယ်ရှိ မွန် အမျိုးသားကျောင်း အချို့သို့သွားရောက်ပြီး တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်သည့်အခါ မွန်အမျိုးသား ကျောင်းများ ရေရှည် ရပ်တည်ရေးအတွက် လစာကိစ္စသည် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေကြောင်း သိရှိရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ နှစ်စဉ်နှစ်တိုင်း ခေါင်းကိုက်နေရပြီး လတ်တလော အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် အဓိက လည် ပတ်နေရကာ ရေရှည်အတွက် အခက်အခဲရှိကြောင်း၊ ထောက်ပံ့မှုများ ဖြတ်တောက်လိုက်လျှင် ရပ်ရွာလူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို စိုးရိမ်ကြောင်း MNEC မှ တာဝန်ရှိသူများကလည်း ဖွင့်ဟပြောဆိုသည်။
ဧရာဝတီက စုံစမ်းမေးမြန်းကြည့်သလောက် ဘွဲ့ရပညာတတ် ဆရာ/မ အများစုသည် စားဝတ်နေရေးအတွက် ထိုင်း၊ ကိုရီးယား၊ ဂျပန် နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခြင်း၊ လစာပိုကောင်းသည့် ပြည်တွင်းရှိ အစိုးရဌာန၊ ပုဂ္ဂလိက ကုမ္ဗဏီများတွင် ဝင်ရောက် အလုပ်လုပ်ကိုင်ခြင်းတို့ ရှိကြောင်း သိရသည်။
ထို့ပြင် မွန်အမျိုးသားကျောင်းများတွင် ဆရာမများကိုသာ တွေ့ရပြီး ကျောင်းဆရာ မရှိသလောက် နည်းပါးသည်ကို သတိထားမိ၍ မေးမြန်းကြည့်ရာ “အမျိုးသားဆရာတွေ နည်းတယ်။ အဓိကက လစာပေါ့။ ပိုက်ဆံက အဓိက မဟုတ် ပေမယ့်လည်း စားဝတ်နေရေးက ရှိသေးတယ်လေ” ဟု ဆရာမ မိထောဇိင်က ပြောပြသည်။
MNEC စာရင်းအရ မွန်အမျိုးသားကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ ၆၈၆ ဦးအနက် ဆရာ ဦးရေ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရှိရသည်။
ဦးမင်းအောင်ဇေကတော့ “ကျနော်တို့ဆီက ကျောင်းဆရာတွေ ရည်းစားလည်း မထားရဲဘူး။ အိမ်ထောင်လည်း မပြုရဲ ဘူး။ လစာမကောင်းတော့။ တချို့ မိဘတွေဆို ပြောမနိုင်တဲ့ သမီးတွေကို မွန် ဆရာနဲ့ ပေးစားမယ်လို့ ခြိမ်းခြောက်လေ့ ရှိတယ်။ အဲဒါဆို ငြိမ်သွားရော” ဟု ဟာသနှောပြီး ပြောပြသည်။
အပေါ်ယံ ကြည့်လျှင် ဟာသ ပြက်လုံးတခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုကဲ့သို့ ဆရာ/မများ မမြဲဘဲ ထွက်သွားကြ မည်ဆိုလျှင် ကလေးများအတွက် အခက်အခဲ ဖြစ်စေသည်ဟု သူက ပြောသည်။
မွန်အမျိုးသားကျောင်းများ ဖွင့်လှစ်ရခြင်း၏ ရည်မှန်းချက်သည် မိခင်ဘာသာစကား အခြေပြုပညာရေးနှင့် အရည် အသွေးရှိသည့် ပညာရေး ဖြစ်စေရန် ကျောင်းဆရာ လုံလောက်စွာ မခန့်နိုင်ပါက ထိုရည်မှန်းချက် ပြည့်ဝရန် အခက် အခဲရှိသည်ဟု MNEC (ဗဟို) တာဝန်ခံ မိဆာဒါးကလည်း ရှင်းပြသည်။
“အခုလည်း လိုသလောက် အပြည့်အဝ မခန့်နိုင်သေးဘူး။ အချို့ ကျောင်းတွေမှာဆို အများကြီး လိုအပ်နေသေးတယ်” ဟု သူက ဖွင့်ဟပြောဆိုသည်။
သို့သော်လည်း အဆိုးချည်းပဲတော့ မဟုတ်ပေ။ လက်ရှိလုပ်ကိုင်နေသည့် ဆရာ၊ ဆရာမ အများစုတွင် အလုပ်ထွက်ရန် စိတ်ကူးမရှိသကဲ့သို့ မွန်ကလေးများ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် တတ်စွမ်းသမျှ ပြုစုပျိုးထောင်ပေးမည့်သူများလည်း ရှိနေပါသေးသည်။
၎င်းတို့ ငယ်ရွယ်စဉ်က မွန်စာပေ သင်ကြားချင်လျှင် နွေရာသီ ကျောင်းပိတ်ရက် မွန်ဘုန်းကြီးကျောင်းများ၌သာ သင် ကြားခွင့်ရခဲ့သဖြင့် ယခုလို မွန်အမျိုးသားကျောင်းများ ရှိလာသည့်အခါ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်ခွင့်ရသလို မျိုး ဆက်သစ် လူငယ်များကိုလည်း ပြုစုပျိုးထောင်ပေးနိုင်သည့် အခွင့်အရေးအဖြစ် ခံယူထားသူများလည်း ရှိသည်။

မွန်အမျိုးသားကျောင်းတို့၏ အနာဂတ် အလားအလာ
လက်ရှိအနေအထားအရ မွန်အမျိုးသားကျောင်းများသည် ကိုယ်ထူကိုယ်ထ ပုံစံဖြင့် လည်ပတ်နေရပြီး ရေရှည်ရပ် တည်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကျောင်းသားဦးရေပေါ် မူတည်ပြီး School Grant ဟု ခေါ် သည့် ကျောင်းထောက်ပံ့ကြေး ရရှိခဲ့သော်လည်း ယခုနောက်ပိုင်း မရရှိတော့ကြောင်း ဦးမင်းအောင်ဇေက ပြောပြ သည်။
ထို့အတွက် မွန်အမျိုးသားကျောင်းများ ရေရှည်ရပ်တည်ရေးအတွက် MNEC အနေဖြင့် ရပ်ရွာအခြေပြု ရန်ပုံငွေ ရှာဖွေရေး ကော်မတီများ ဖွဲ့စည်းထားပြီး နိုင်ငံရပ်ခြားရှိ မွန်အသိုင်းအဝိုင်းမှ နှစ်စဉ်လွှဲပို့ပေးသည့် အလှူငွေများကို ဘဏ်အကောင့်ဖြင့် စုထားကာ လိုအပ်မှ ထုတ်ယူသုံးသည့်ပုံစံမျိုး ဆောင်ရွက်ထားသည်ဟု သူက ရှင်းပြသည်။
ထို့ပြင် မွန်ဘုန်းကြီးကျောင်းများထံ အကူညီတောင်းရန် ပြင်ဆင်နေပြီး အစိုးရဘက်မှလည်း ထောက်ပံ့ပေးရန် တာဝန် ရှိသည့်အတွက် တောင်းဆိုတင်ပြမှုများ ပြုလုပ်သွားရန် ရှိသည်ဟုလည်း သူက ဆိုသည်။
လက်ရှိတွင် အစိုးရက သူငယ်တန်းမှ ၁၀ တန်းထိ မွန်အမျိုးသား ကျောင်းသူ/သား ၁၀၀၀၀ ကျော်အတွက် အစိုးရ ပြဋ္ဌာန်းစာအုပ်များ အခမဲ့ ပေးဝေမှုသာ ရှိသည်ဟု သူက ပြောပြသည်။
MNEC ၏ စာရင်းအရ ကျောင်းအဆောက်အအုံ ကောင်းသည့် အဆင့်သည် ၅ ရာခိုင်နှုန်းခန့်သာ ရှိပြီး ၄၀ ရာခိုင်နှုန်း ခန့်သည် အနည်းငယ် ပြင်ဆင်ရန်ရှိကြောင်း၊ ၃၅ ရာခိုင်နှုန်းသည် လုံးဝ ဖြိုဖျက်ပစ်ရမည့် အခြေအနေဖြစ်နေပြီး ၁၇ ရာ ခိုင်နှုန်းခန့်သည် ကျောင်းဆောင် မရှိဘဲ ဥပုသ်ဇရပ်များတွင် တည်မှီကာ ဖွင့်ထားရကြောင်း သိရသည်။
ကိုယ့်လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သည့် မွန်အမျိုးသားကျောင်းများအား ဆက်လက်တည်ရှိစေ ချင်ပြီး အစိုးရဘက်မှလည်း ပံ့ပိုးကူညီပေးစေလိုသည်ဟု သံဖြူဇရပ်မြို့နယ်၊ ပင ကျေးရွာမှ ရပ်မိရပ်ဖ ဦးမြင့်ဆွေက ပြောပြသည်။
“ကျောင်းတွေ ရပ်တည်နိုင်ဖို့အတွက် တော်တော်လေး ကြိုးစားရတယ်။ ငွေရေးကြေးရေးက မွန်တွေဆီမှာ ပဲ တောင်းခံနေရတာ။ ကျနော်တို့ လိုချင်တာက အစိုးရအသိအမှတ်ပြုပြီး ကျောင်းဆရာ၊ ဆရာမ လစာတွေ ပေး မယ်ဆို ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်” ဟု သူ့ဆန္ဒကို ထုတ်ဖော်ပြောဆိုသည်။ ။
You may also like these stories:
စစ်ရှောင်စခန်းမှာ ဘဝကို မြှုပ်နှံထားတဲ့ ကျန်းမာရေးဆရာမ
ဝေးလံဒေသများတွင် စာသင်ပေးကြရန် ဆရာများအား အတိုင်ပင်ခံ မေတ္တာရပ်ခံ