၂၀၁၄ ခုနှစ်က နေရိန်ဒြာမိုဒီ Narendra Modi ပထမဆုံး ရွေးချယ်တင်မြှောက်ခံရသည့် အချိန်တွင် သူက ကာလကြာရှည်စွာ စွမ်းဆောင်ရည်ကျဆင်းနေခဲ့သော အိန္ဒိယ စီးပွားရေးကို အသွင်ပြောင်းလဲပေးမည်ဟု ယူဆခဲ့ကြသည်။ ဂူဂျာရတ် Gujarat နယ်သား ခေါင်းဆောင်က သူ့မိခင်ပြည်နယ်၏ အောင်မြင်မှုများ (အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖောဖောသီသီ ဖော်ထုတ်ပေးခြင်း)ကို တနိုင်ငံလုံးသို့ ဖြန့်ကျက်မည်ဟု သူက ကတိပြုခဲ့သည်။
သို့သော်လည်း ၅ နှစ်ကြာခဲ့ပြီးနောက် အလွန်စိတ်ဝမ်းကွဲစရာ ရွေးကောက်ပွဲတခု၏ နောက်ပိုင်းတွင် (အိန္ဒိယ အမျိုးသား စာရင်းရုံး၏ စစ်တမ်းတခုအရ) အိန္ဒိယနိုင်ငံသည် ဆင်းရဲ နွမ်းပါးမှုမြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ကျေးလက်ဒေသတွင် ဖြစ်သည်။ ဆယ်စုနှစ် ၄ ခုကျော်ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် စားသုံးသူတို့၏ သုံးစွဲမှု မကြုံစဖူး ကျဆင်းခြင်းနှင့်လည်း ရင်ဆိုင်နေခဲ့ရသည်။
၂၀၁၇-၁၈ စစ်တမ်းက အားနည်းသည့် မူဝါဒ အကောင်အထည်ဖော်မှု ၂ ခုဖြစ်သည့် ကပျက်ကချော် GTS ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအခွန်နှင့် ငွေစက္ကူများ ပယ်ဖျက်ခြင်း တို့က အိန္ဒိယမြို့ငယ် အများစု၏ စီးပွားရေးကို ဖျက်ဆီးခဲ့သည်။
စွမ်းဆောင်ရည် နည်းပါးသည့် စီးပွားရေးကြောင့် ဝန်ကြီးချုပ်နှင့် သူ၏ BJP လုပ်ဖော်ကိုင်ဖက်များက မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအတွက် ဗျူဟာများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်လှုပ် ရှားမှုက ကျူးကျော်ရန်လိုသော ဟိန္ဒူ ကြီးစိုးရေးဝါဒနှင့် လူနည်းစု ဆန့်ကျင်ရေး ပလက်ဖောင်းပေါ်မှ စစ်ပွဲတခု ဖြစ်ခဲ့သည်။ သူတို့က ပါကစ္စတန်နှင့် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု အယူအဆကိုလည်း ဖြန့်ချိခဲ့ကြသည်။
ရွေးကောက်ပွဲ ကာလအတွင်း ဖေဖော်ဝါရီလတွင် နယ်စပ်ကိုဖြတ်ကျော်၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ရွေးကောက်ပွဲပြီးသည့်နောက် သြဂုတ်လအတွင်းတွင် အိန္ဒိယအစိုးရက မွတ်ဆလင်လူများစုပြည်နယ်ဖြစ်သော ဂျမူး Jammu နှင့် ကက်ရှ်မီးယား Kashmir ကို ရက်စက်စွာ ပိတ်ဆို့ရန် အမိန့်ထုတ်ခဲ့သည်။ တရုတ်နိုင်ငံက ဇင်ကျန်း Xinjiang ပြည်နယ်တွင် ဝီဂါ Uighurs မွတ်ဆလင်များကို လုပ်သလို အနောက်ဘက်ကမ်းနှင့် ဂါဇာတွင် အစ္စရေးက ပြုလုပ်သလိုမျိုးနှင့် အလားတူပင် ဖြစ်သည်။
ထိုအချိန်တွင် စီးပွားရေးက နက်နက်ရှိုင်းရှိုင်းပင် အခက်အခဲတွေ့နေသည်။ ကုန်ထုတ်လုပ်ရေးက အကြီးအကျယ် ကျဆင်းနေသည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်လာရသည့် ကြီးမားသော အခွင့်အလမ်းများ (၎င်းတို့ အများစုကို ဗီယက်နမ်နှင့် အခြားသော အရှေ့တောင် အာရှနိုင်ငံများက အလျှင်အမြန် ကောက်ယူသွားခဲ့ကြပြီ) ရှိနေသည့်တိုင် “အိန္ဒိယတွင်လုပ်သည်” ဆိုသည့် ကြွေးကြော်သံ ဆောင်ပုဒ်က အလွယ်တကူပင် မေ့လျော့ထားခံခဲ့ရသည်။
အမှန်တကယ်တွင် RCEP (ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု) ကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်က အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့အဆင့်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်းကို ဖော်ပြနေသည်။ အိန္ဒိယ၏ အိမ်တွင်းပုန်း ရပ်တည်မှုကို ခိုင်မာစေခဲ့သည်။
တချိန်က စည်ပင်ဖွံ့ဖြိုးခဲ့သော မော်တော်ကားထုတ်လုပ်ရေး ကဏ္ဍ (ကုန်ထုတ်လုပ်ငန်း ထွက်ကုန်၏ ၄၀ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး စုစုပေါင်း GDP ၏ ၇ ရာခိုင်နှုန်းဖြစ်ခဲ့သည်) က ပြောင်းပြန်လန်ပြီး စိုးရိမ်စရာကောင်းလောက်အောင် ယခင်နှစ်ကထက် ၂၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ မော်တော်ဆိုင်ကယ် အရောင်းမှာလည်း ယခုနှစ် ဧပြီမှ စက်တင်ဘာလ အတွင်းတွင် ၁၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
မည်သို့ပင် ဖြစ်စေ မိုဒီက သူ၏ ရည်မှန်းချက်များကို အမွှမ်းတင်ရန် ဆုံးဖြတ်ထားသည်။ စီးပွားရေးက ၂၀၂၄ ရောက်သည့်အချိန်တွင် အမေရိကန်ဒေါ်လာ ၅ ထရီလီယံသို့ ရောက်ရှိလိမ့်မည်ဟု ပြောသည်။ လက်ရှိအဆင့်ဖြစ်သော အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ၏ ၂ ဆနီးပါး ဖြစ်သည်။ အဆိုပါ ဦးတည်ချက်များသို့ ရောက်ရှိရန် အိန္ဒိယနိုင်ငံ အနေဖြင့် GDP တိုးတက်မှုက တနှစ်လျှင် အနည်းဆုံး ၉ ရာခိုင်နှုန်း လိုအပ်လိမ့်မည် ဖြစ်သည်။ ချေးငွေ ယုံကြည်စိတ်ချရမှု အဆင့်အတန်း သတ်မှတ်ပေးသည့် အေဂျင်စီတခု ဖြစ်သော Moody က ၂၀၁၉ ခုနှစ်အတွက် အိန္ဒိယ၏ တိုးတက်မှုနှုန်းကို ၅.၆ ရာခိုင်နှုန်းသို့ မကြာသေးမီက လျှော့ချသတ်မှတ်လိုက်ခြင်းအရ ဆိုလျှင် ဖြစ်နိုင်ဖွယ် မရှိသော ရည်မှန်းချက်ပင်။
ဟုတ်ပါသည်။ အိန္ဒိယမြောက်ပိုင်းနေရာ အများစုနှင့် အထူးသဖြင့် မြို့တော်တွင် ထူထပ်စွာ ဖုံးလွှမ်းခဲ့သည့် အဆိပ်သင့် မြူခိုးများက အစိုးရအဖွဲ့၏ အဝေးမှုန်ခြင်း သို့မဟုတ် ရေရှည်ကို မမြင်တတ်ခြင်းအတွက် အကြောင်းပြချက်ကောင်းတခု ဖြစ် နိုင်ပါသည်။
သတင်းဆိုးများက ဤနေရာတွင် မဆုံးသေးပါ။ ငွေရေးကြေးရေး ကဏ္ဍမှာလည်း ကမာ္ဘပျက်စစ်ပွဲနှင့် ရင်ဆိုင်နေရသည်။ အရှုပ်တော်ပုံအမျိုးမျိုး၊ စည်းကမ်းဖောက်ဖျက်မှုများနှင့် (Punjab & Maharashtra Cooperative ဘဏ်နှင့် ဘဏ်ကဲ့သို့ ငွေကြေးဝန်ဆောင်မှုပေးသည့် Dewan Housing Finance Corp အပါအဝင်) လုပ်ငန်းများ ပိတ်သိမ်းသွားကြမှုများက ဘဏ္ဍာရေး ကဏ္ဍကို ဆိုးဆိုးရွားရွား လှုပ်ခါနေသည်။
အမှန်တကယ်တွင်လည်း စည်းကမ်းတကျ ထိန်းချုပ်ထားနိုင်ခြင်း အားနည်းသည့် ဘဏ်မဟုတ်သည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများက တရုတ်နိုင်ငံမှ အခြေအနေကဲ့သို့ မဟုတ်ဘဲ စီးပွားရေးအတွက် အဓိက ခြိမ်းခြောက်မှုတရပ် အနေဖြင့် ယခုအခါ မြင်နေကြသည်။ ထို့အပြင် လက်ရှိအချိန်၌ အစိုးရဘဏ္ဍာတိုက်များ၏ မရေမရာ အခြေအနေအရ လုပ်ငန်းများ မပြိုလဲစေရန် ကျောထောက် နောက်ခံပေးနိုင်မည့် အခွင့်အလမ်းများကလည်း သုညနီးပါးဖြစ်နေသည်။
မှန်ပါသည်။ အိန္ဒိယတွင် ကံကောင်းထောက်မစွာဖြင့် Microsoft ၏ Satya Nadella နှင့် MasterCard ၏ Ajaypal Singh Banga တို့မှသည် Google ၏ Sundar Pichai တို့အထိ အတွေ့အကြုံများ၍ ထူးချွန်ထက်မြက်သော ကမာ္ဘ့အဆင့် အမှုဆောင်အရာရှိချုပ် အချို့ ရှိနေပါသည်။ သေချာပါသည်။ သူတို့က အဓိကကျသည့် အကြွေး သို့မဟုတ် ငွေကြေး အကျပ်အတည်းတခုဖြစ်လာခဲ့လျှင် ကူညီပေးရန် အသင့်ရှိကြပါလိမ့်မည်။
သို့သော်လည်း ဟိန္ဒူကြီးစိုးရေးဝါဒ လွှမ်းမိုးမှုက ပြင်ပမှ အတွေးအခေါ်များအတွက် အတားအဆီးတခု ဖြစ်စေမည့် အသွင်ရှိပါသည်။ Reserve Bank of India (အိန္ဒိယ ဗဟိုဘဏ်) ဥက္ကဌဟောင်း Raghuram Rajan နှင့် နိုဘယ်လ်ဆုရ စီးပွားရေး ပညာရှင် Amartya Sen တို့ကို နေရာမပေး ချန်လှပ်ထားခဲ့ခြင်းက သက်သေဖြစ်သည်။
လူတိုင်း ဒုက္ခရောက်နေခြင်းလည်း မဟုတ်ပါ။
အချို့က ချွင်းချက်မရှိ ကောင်းမွန်စွာ လုပ်နိုင်ခဲ့ကြသည်။ အိန္ဒိယန်ိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် Mukesh Ambani (ဂူဂျာရတ်ပြည်နယ်သား ဖြစ်ပုံရသည်) ပိုင်ဆိုင်သည့် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီ Reliance Jio က ၎င်း၏ အခမဲ့ ဒေတာနှင့် အသံခေါ်ဆိုမှု package များဖြင့် ပြိုင်ဘက်များကို ဆက်လက်ချေမှုန်းနေခဲ့သည်။ ၎င်း၏ ပြိုင်ဘက် ဖြစ်သော Vodafone Idea ၏ ဗြိတိသျှမိတ်ဖက်က သူတို့၏ အစုရှယ်ယာ ၄၅ ရာခိုင်နှုန်းကို သုည အထိ မကြာသေးမီက လျှော့ချခဲ့သည်။
The Adanis အုပ်စုက (သူတို့ကလည်း ဂူဂျာရတ် ပြည်နယ်သားများဖြစ်သည်) သူတို့၏ သတ္တုတူးဖော်ရေးနှင့် အခြေခံအဆောက်အဦး ကော်ပိုရေးရှင်းများမှ နေ၍ ယခုနှစ် အစောပိုင်းတွင် အမြတ်က ၆၁၁ ရာခိုင်နှုန်း အထိ မယုံနိုင်လောက်အောင် တိုးသွား ခြင်းကို ကြုံတွေ့ခဲ့ရသည်။ ယခုအခါ သူတို့က လေဆိပ် အခြေခံအဆောက်အဦး လောကအတွင်းသို့ တိုးချဲ့ဝင်ရောက်လာပြီး Mumbai International Airport Limited တွင် အစုရှယ်ယာ ၂၃ ရာခိုင်နှုန်း ရယူခဲ့သလို တိုင်းပြည်တလွှားတွင်လည်း အဆင့်မြှင့်တင်ရေး ကန်ထရိုက် စာချုပ်အများအပြား ချုပ်နိုင်ခဲ့သည်။
သို့သော် စိတ်ပျက်စရာများထဲတွင် နောက်ထပ်တိုးလာသည်မှာ အိန္ဒိယ ဟင်းလျာမှန်သမျှတွင် အဓိက ပါဝင်ပစ္စည်းဖြစ်သော ကြက်သွန်နီဈေးနှုန်းများ သိသိသာသာ မြင့်တက်သွားခြင်း ဖြစ်သည်။
ရာသီဥတု ပြောင်းလဲခြင်းက မိုးလေဝသကို ခန့်မှန်းရခက်အောင် ဖောက်လွဲဖောက်ပြန် ဖြစ်စေခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသတွင်းမှ စိုက်ပျိုးရေး ပျက်စီးခဲ့ရပြီး အာဏာပိုင်များက အစိုးရ သိုလှောင်ထားသည့် စားနပ်ရိက္ခာများကို ထုတ်ပေးခြင်းနှင့် သွင်းကုန် ပိတ်ပင်မှုများ ပယ်ဖျက်ပေးခြင်းများကို ပြုလုပ်ပေးခဲ့ရသည် အထိဖြစ်စေခဲ့သည်။
ကုန်ဈေးနှုန်းထိန်းချုပ်ခြင်းနှင့် မဟာသျှတ္တရ ပြည်နယ် Maharashtra မှ ဒေါသထွက်နေသော လယ်သမားများ ပေါ်ပေါက်လာစေခဲ့သည်။ တိုက်ဆိုင်စွာပင် ပြီးခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲများတွင် BJP ပါတီ အနေဖြင့် မဟာသျှတ္တရ တွင် ထောက်ခံမှု သိသိသာသာကျဆင်းသွားခဲ့ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်း ကြက်သွန်နီ ဈေးနှုန်းများ တက်လိုက်ကျလိုက် မတည်ငြိမ်ခြင်းက အသစ်အဆန်း မဟုတ်ပါ။ စိုးရိမ်စရာရှိသည်မှာ ထိုကဲ့သို့ ရိုးစင်းသော်လည်း အလွန်အရေးကြီးသည့် ရောင်းလိုအားနှင့် ဝယ်လိုအားပြဿနာမျိုးကို မဖြေရှင်း နိုင်သော BJP ၏ စီမံခန့်ခွဲမှု ဖြစ်သည်။ ထိုကိစ္စများက သူတို့ အစိုးရ၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုအပေါ်တွင် မေးခွန်း များ မလွဲမသွေ ပေါ်ထွက်လာ နေစေခဲ့သည်။
အိန္ဒိယက အရှေ့တောင် အာရှမှ ကျနော်တို့ အားလုံးအတွက် အရေးကြီးပါသည်။ အိန္ဒိယနိုင်ငံ အောင်မြင်တိုးတက်ရေးကို ကျနော်တို့ လိုအပ်ပါသည်။ လိုချင်ပါသည်။ ကံမကောင်းစွာနှင့်ပင် BJP အစိုးရတွင် အာရှ၏ မဟာနိုင်ငံကြီးကို ဦးဆောင်နိုင်မည့် အရည်အသွေးတခု ခိုင်ခိုင်မာမာ ရှိနေရေးက မသေချာနိုင်ပါ။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
You may also like these stories:
ကခုန်ပျော်ပါးနေသော ဘောလီးဝုဒ်၏ နောက်ကွယ်
ကက်ရှ်မီးယား ပြဿနာ သို့မဟုတ် အိန္ဒိယ ဝိညာဉ် ပျောက်ဆုံးခြင်း
ဇာတ်ခွဲခြားမှု၊ ဘာသာစွဲ၊ ပဋိပက္ခများနှင့် အိန္ဒိယ နိုင်ငံရေး