မြို့ကြီးပြကြီးတွေက အဆင့်မြင့်မြင့် ဟိုတယ်ကြီးတွေမှာ လုံခြုံရေးအပြည့်အစုံ အစားအသောက် အလျှံပယ် နေရာထိုင်ခင်း ခမ်းခမ်းနားနားနဲ့ ကျင်းပလေ့ရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်သွားခြင်းက ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်သားတွေ အတွက်တော့ မကောင်းတဲ့ လက္ခဏာပါ။
တောတောင်အထပ်ထပ်ကြားက ရွာငယ်လေးတွေဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေချိန်မှာ တိုက်ပွဲတွေ ပြန်အားကောင်းလာတာကြောင့် အမြှောက်တွေ၊ ဗုံးဆံတွေကြား ရွာပျက်လု ဆဲဆဲ အခြေအနေတွေ ကြုံနေရပါတယ်။
ကျောက်မဲမြို့နယ်ထဲက ခွန်ကော်၊ တော့ဖယ်၊ အုမ်အွီး ကျေးရွာက အရပ်သား ၃၀၀ ကျော်ဟာ နိုဝင်ဘာ ၁၁ ရက်ကတည်းက ရွာတွေထဲကနေ ထွက်ပြေးလာခဲ့တာ အခုဆိုရင် နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာအုပ်စုထဲမှာ ခိုလှုံနေကြပါတယ်။
ပြေးလာကြသူ ၃၀၀ ကျော်လုံးဟာ သူတို့ နေရပ်ရင်းရွာအခြေအနေ ဘယ်လို ဖြစ်နေပြီဆိုတာ တောင် သူတို့မသိကြပါဘူး။
သူတို့သိတာက တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကြား ဆွေးနွေးပွဲတွေ မပြေလည်လို့ ရွာနားမှာ တိုက်ခိုက်ကြရင်း ရွာထဲကို အမြှောက်ဆံတွေ ကျတာနဲ့ အသက်ရှင်ဖို့ တောလမ်းမှာ နာရီပေါင်းများစွာ လမ်းလျှောက်ပြီး ထွက်ပြေးခဲ့ကြ ရတယ်ဆိုတာပါပဲ။
အုမ်အွီးကျေးရွာ ဥက္ကဋ္ဌ ဦးအာယုက “ကျနော်တို့ မပြေးလို့ မရတော့ဘူး။ ရွာထဲကို လက်နက်ကြီးက တအားကျလာပြီ။ ဘာမှကို မသယ်ပဲ ပြေးလာတာ။ တချို့ အိပ်ယာတောင် မသိမ်းယူလာ နိုင်ဘူး” လို့ ပြောပါတယ်။
အုမ်အွီးရွာက ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးမင်းအောင် ကတော့ ရွာသားတွေ အားလုံး ထွက်ပြေး ကြတုန်းမှာ ၆ ဦးကတော့ မပြေးနိုင်ဘဲ၊ တိုက်ပွဲတွေကြား ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။
ဦးမင်းအောင်က “သူတို့ အခြေအနေဘယ်လိုရှိလဲ ကျနော်တို့လည်း မသိဘူး။ ကျန်ခဲ့တဲ့ ၆ ဦးမှာ ဖုန်းလည်း မရှိဘူး။ တယောက်က မျက်စိမမြင်ဘူး။ နှစ်ယောက်က လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ။ နောက် ၃ ဦးက သူတို့ကို စောင့်ရှောက်ဖို့ ကျန်နေခဲ့တဲ့ သူတို့ ဆွေမျိုးသားချင်းတွေ” လို့ ဆိုပါတယ်။
အသက်ဘေးကြုံလို့ တရွာလုံး ထွက်ပြေးရခါနီးမှာ မသန်စွမ်းတဲ့ ၃ ဦးကို မထားခဲ့ချင်ပေမယ့် မပြေးနိုင်တာတကြောင်း၊ ကာယကံရှင်တွေကိုယ်တိုင်က မပြေးဘဲ ကျန်နေရစ်ဖို့ ဆုံးဖြတ်တာက တကြောင်းကြောင့် ထားခဲ့ရတယ်လို့ သိရပါတယ်။
“ကျန်တဲ့သူတွေမှာကလည်း ကလေးငယ်တွေနဲ့ အဘိုးအဘွားတွေရှိတယ်လေ။ အဲဒီတော့ ပိုးသူပိုး၊ ဆွဲသူဆွဲနဲ့ ပြေးလာကြတာပါ” လို့လည်း ဦးမင်းအောင်က ပြောပါတယ်။
စစ်ပွဲက ဘယ်သူ့ကိုမှ ညှာတာလေ့မရှိ
နှစ်ဖက်တပ်တွေ ပစ်နေခတ်နေတုန်းကာလမှာ တရွာလုံးနီးပါး စွန့်ခွာသွားတဲ့ ရွာမှာ ကျန်နေခဲ့တဲ့ ၆ ဦးရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်နေပြီလဲဆိုတာကို အုမ်အွီး ရွာသူရွာသားတွေ ဘယ်သူမှ မသိကြပါဘူး။
ကံဆိုးရင်တော့ တိုက်ပွဲကြား ထိခိုက်ဒဏ်ရာ ရနိုင်သလို၊ ရွာပျက်ကြီးထဲ ကျန်နေရစ်တဲ့ ၆ ဦးကို မယုံသင်္ကာမှုနဲ့ စစ်ဆေးတာမျိုးလည်း ခံရနိုင်ပါတယ်။ ကံကောင်းရင်တော့ တိုက်ပွဲတွေ ရပ်စဲလို့ အိမ်ပြန်ကြတဲ့အခါ အုမ်အွီးရွာသားတွေနဲ့ ပြန်ဆုံကြရမှာ ဖြစ်ပါတယ်။
အုမ်အွီး၊ ခွန်ကော်နဲ့ တော့ဖယ်က ရွာလုံးကျွတ် ပြေးလိုက်ကြတာ မလှမ်းမကမ်းရွာ ခုံငင်းမှာ ခိုလှုံ ကြပါတယ်။
ခုံငင်းရွာက ဝိုင်းဝန်းကူညီပြီး ချက်ပြုတ်ကျွေးမွေးထားလို့ ခဏတာ ခိုလှုံရာ ရကြပေမယ့် ခုံငင်းရွာ ထဲမှာလည်း TNLA စစ်သားတွေ ရှိနေတာကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တဲ့ နေရာပါ။
စစ်ဘေးရှောင်တွေ ခန့်မှန်းတဲ့ အတိုင်းပဲ နှစ်ရက်လောက်နေတော့ ခုံငင်းဘက်ကိုလည်း တိုက်ပွဲတွေ ကူးစက်လာတာကြောင့် နိုဝင်ဘာ ၁၆ ရက်မှာ ထပ်ပြေးကြရပြန်ပါတယ်။
ဘေးလွတ်ရာကို ရောက်ဖို့အတွက် ယောက်ျားသားတွေက ရှေ့က တောရှင်း၊ အမျိုးသမီး၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက နောက်ကလိုက်၊ လမ်းမှာလည်း ကြာကြာမနားရဲဘဲ ခြေလျင်နဲ့ ၉ နာရီကြာ ခရီးနှင်ပြီးမှ နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာကို ရောက်လာကြတာပါ။
ပြေးလာသူတွေထဲက တဦးဖြစ်တဲ့ ဦးအောင်သန်းက “လမ်းကလည်း မသိ။ တောရှင်းရင်း တိုးတာလေ၊ နေ့လယ် ၂ နာရီကျော်ကတည်းက ထွက်တာ ညမိုးချုပ်လို့ ၁၁ နာရီကျော်မှ ပန်နင်းကို ရောက်တာ” လို့ ပြောပါတယ်။
ရွာတွေ တရွာနဲ့ တရွာ ဆက်ထားတဲ့ လမ်းမကြီးတွေက နှစ်ဖက်တပ်တွေ ရှိနေတာကြောင့် ခြုံတွေ ကြားထဲ ခေါင်းငုံ့ရင်း တလမ်းလုံး ပြေးလာကြရတာလို့လည်း ပြောပါတယ်။
ပန်နင်းကျေးရွာ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရောက်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရာထိုင်ခင်း စီစဉ်ပေးပြီး စားသောက်ရေး ကိစ္စတွေပြေလည်အောင်လည်း တအာင်း အရပ်ဘက်အဖွဲ့တွေဆီကနေ လှမ်းအလှူခံပေးပါတယ်။
ဦးဝင်းမြင့်က လူမှုကွန်ရက်က တဆင့် စစ်ဘေးရှောင်တွေ အတွက် စားရေးသောက်ရေး လိုအပ်ကြောင်း အလှူခံပေမယ့် များများစားစား လာလှူကြတာ မရှိပါဘူး။
ပန်နင်းရွာထဲက ဒေသခံတွေကပဲ တအိမ်ကို နည်းနည်းစီ ရိက္ခာတွေ စုပြီး ချက်ပြုတ်ကျွေးမွေး ကြသလို လာလှူတဲ့ တအာင်း အရပ်ဘက်အဖွဲ့တချို့ဆိုရင်လည်း တပ်မတော်က တားဆီးတာကြောင့် လာလှူဖို့ အခက်အခဲ ကြုံခဲ့ရတာတွေလည်း ရှိပါတယ်။
ပန်နင်းကျေးရွာ အနီးတဝိုက်မှာလည်း တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့ အပြင် စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀ စလုံးကို တရွာတည်းက အလုံးစုံ တာဝန်ယူဖို့ မဖြစ်နိုင် တာကြောင့် ပန်နင်းကျေးရွာအုပ်စုထဲက ကျောက်တော၊ ခေးကွဲ ရွာတွေမှာ ခွန်ကော်နဲ့ တော့ဖယ် က စစ်ဘေးရှောင်တွေကို တရွာစီ နေရာချပေး ထားတယ်လို့ ဦးဝင်းမြင့်က ဆိုပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ပန်နင်းကျေးရွာအုပ်စုထဲ ရောက်လာ ပေမယ့်လည်း စိတ်ဒုံးဒုံးချ ခိုလှုံနိုင်တဲ့ အခြေအနေ မဟုတ်သေးပါဘူး။
ပန်နင်းကျေးရွာအုပ်စု အနီးတဝိုက်မှာလည်း အခြေအနေတွေက ရှုပ်ထွေးနေတာပါ။
တပ်မတော် ရဟတ်ယာဉ်တွေကလည်း နိုဝင်ဘာ ၁၆ ရက်ကနေ ၂၄ ရက်ထိ နေ့တိုင်း ပျံပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ နမ့်ဆန်မြို့နယ်ထဲက ရွာတွေဆီကို ဗုံးသွားသွားကျဲနေတာလို့ ပန်နင်း ဒေသခံတွေက ပြောပါတယ်။
TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ဝေတဲ့ စာစောင်မှာတော့ နိုဝင်ဘာ ၁၁ ရက်ကနေ ၂၆ ရက်အတွင်း ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်အတွင်းက စစ်ရေးတင်းမာနေတဲ့ နေရာတွေကို တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ၄၀၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တပ်မတော်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေက TNLA တပ်စခန်းတွေအနီးကို ကျတာ နည်းပြီး အရပ်သားတွေ နေထိုင်တဲ့ ရွာတွေကို ကျတာ ပိုများတယ်လို့လည်း ရေးသားထား ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ တိုက်ပွဲဖြစ်နေစဉ် အတွင်း နှစ်ဖက်လုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာတွေအနီး ကျတဲ့ ကျည်တွေက ဘယ်သူ့ကျည်တွေဆိုတာ ပြောဖို့ ခက်တယ်လို့ဆိုပါတယ်။
တိုက်ပွဲဖြစ်နေစဉ် နိုဝင်ဘာ ၁၅ ရက်အတွင်းမှာဆိုရင် ကြက်သေရွာ (ကိုင်တိုင်ရွာ) အနီးမှာ လက်ပစ်ဗုံး ၃၃လုံး၊ မိုင်း ၁၄ လုံး အပြင် စစ်သုံးပစ္စည်းတွေ ရှိတဲ့ TNLA စခန်းတခုကို သိမ်းမိခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“တိုက်ပွဲကတော့ ကိုင်တိုင် (ကြက်သေ) ရွာ ပတ်ဝန်းကျင်မှာ အများဆုံး ဖြစ်ပွားခဲ့တာပါ။ သူတို့အနေနဲ့ သူတို့ လက်နက်တွေ ဖော်ထုတ်ဖမ်းဆီးရမိတဲ့အတွက် စွပ်စွဲတာလည်း ဖြစ်နိုင် ပါတယ်” လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တိုက်ပွဲကာလအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ အရေအတွက်ကိုတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဖြေဆိုခြင်း မရှိပါဘူး။
နိုဝင်ဘာ ၂၂ ရက်မှာလည်း တပ်မတော်ဘက်က နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာထဲမှာ TNLA တပ်ဖွဲ့တွေ သိမ်းဆည်းထားတဲ့ လက်နက်ခဲယမ်းနဲ့ စစ်ယူနီဖောင်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ လေးသောင်းကျော်ကို သိမ်းမိထားပါတယ်။
စစ်ရေးတင်းမာပြီး ပစ်ခတ်ကြတဲ့ နှစ်ဖက်တပ်ဖွဲ့တွေဟာ တဖက်နဲ့ တဖက် ရန်သူကို ပစ်ခတ် တိုက်ခိုက်ကြတာဆိုတဲ့ အကြောင်းပြချက်တွေ အသီးသီး ပြောဆိုနေကြပေမယ့် တကယ်တမ်း တိုက်ပွဲဖြစ်တဲ့ နေရာတွေဟာ အရပ်သားတွေ နေထိုင်တဲ့ ရပ်ရွာတွေနဲ့ နီးနီးနားနားတွေမှာ ဖြစ်ပွား ကြတာပါ။
ပန်နင်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးဝင်းမြင့်က “နေ့တိုင်း ကျနော်တို့ ရွာပေါ်ကနေ ဖြတ်ပျံပြီး ဟိုးဘက်က တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ ဗုံးကျဲနေတာ။ ကျနော်တို့တောင် ဘယ်နေ့ ငါတို့ကို လာထိမလဲပဲ ပူနေရတယ်” လို့ ပြောပါတယ်။
ဦးဝင်းမြင့် ပြောတဲ့ နေရာတွေက ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ် ကြားက တောင်ကုန်းတွေပေါ်မှာရှိတဲ့ အာပြောင်၊ ကြက်သေနဲ့ နားလွေးရွာတွေပါ။
အဲ့ဒီ့ရွာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်၊ လက်နက်ကြီးကျည်တွေ ကျလို့ အရပ်သား ၈၀၀ ကျော်ဟာ ထွက်ပြေးပြီး နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာ၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာ တွေမှာ ခိုလှုံနေကြရတာပါ။
ဒုက္ခဖြစ်နေကြတဲ့ တောင်ပေါ်ရွာအချင်းချင်း ပြေးလာသူကို မပြေးရသေးသူတွေက ကယ်ထား ကြရတဲ့ အခြေအနေပါ။
ရွာတွေအားလုံးထဲမှာမှ လမ်းပန်းဆက်သွယ်ရေး အခက်ဆုံးနဲ့ အဝေးဆုံး ရွာကတော့ ဦးဝင်းမြင့်တို့ရဲ့ ပန်နင်းကျေးရွာအုပ်စုပါ။
ပန်နင်းမှာလည်း သူ့ဒုက္ခနဲ့ သူ။ ထိတ်လန့်နေတဲ့ ရွာသားတွေက တဖက် စစ်ဘေးရှောင်ဒုက္ခသည် တွေက တဖက်။ ရွာထဲမှာ အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ပါ TNLA စစ်သားတွေကလည်း ရှိနေကြပါတယ်။
နိုဝင်ဘာ ၂၆ ရက်၊ နေ့လည်ပိုင်းမှာ ပန်နင်းကျေးရွာအုပ်စုထဲကို ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ အခြေစိုက် တပ်မတော်က လက်နက်ကြီးကျည် ၃ ချက်လှမ်းပစ်ပါတယ်။
မိုင်းငေါ့မြို့နယ်က ဒေသခံတွေကတော့ ဒီလို ပစ်ခတ်သံတွေ ကြားနေရတာ ရိုးအီနေပြီလို့တောင် ပြောကြပါတယ်။
မိုင်းငေါ့မြို့ထဲက ထမင်းဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ ဒေါ်နန်းခမ်းက “ဒီအသံတွေကို ကလေးတောင် မကြောက်တော့ဘူး။ သူတို့က တောင်ပေါ်ကို လှမ်းပစ်တာလေ။ ဒီတလလုံး နေ့တိုင်းနီးပါး ကြားနေရတာ” လို့ ပြောပါတယ်။
ဒေါ်နန်းခမ်းကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောရင်း သူ့ထမင်းဆိုင်က လုပ်လက်စ အလုပ်တွေကို ဆက်လုပ် နေပြန်ပါတယ်။
မိုင်းငေါ့မြို့ပတ်ပတ်လည်ဟာ တပ်မတော်၊ တပ်စခန်းတွေ ရှိတာကြောင့် ဘေးပတ်ပတ်လည်က ရှိတဲ့ တောင်ပေါ်ရွာတွေထက် စာရင် လုံလုံခြုံခြုံရှိတဲ့ နေရာလို့ ဒေသခံတွေက ဆိုပါတယ်။
တပ်မတော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံး ကျသွားတဲ့ ပန်နင်းကျေးရွာအုပ်စု၊ ပန်ပေါ်ရွာက ဒေသခံတွေကတော့ ကမာ္ဘပျက်သလိုပါပဲ။
ကလေးငယ်တွေကို ဆွဲ၊ အသက်အရွယ်ကြီးသူတွေကို ခေါ်နဲ့ အဝတ်အစား နှစ်စုံစီလောက်ကို ဆာလာအိတ်တွေထဲ ထိုးထည့်ပြီး ဆိုင်ကယ်တွေနဲ့ ကျောက်မဲမြို့ကို ဆင်းပြေး ကြပါတယ်။
ရွာလုံးကျွတ်ပြေးဖို့ ဆိုင်ကယ် အလုံအလောက် မရှိတာကြောင့် ဆိုင်ကယ်တစီးကို ၃ ဦး၊ ၄ ဦး တင်ထားပြီး အဝတ်ထုပ် ဆာလာအိတ်တွေကိုလည်း ရှေ့မှာ ကြိုးတွေနဲ့ တင်းကျပ်နေအောင် စည်းနှောင်ထားကြတာ တွေ့ရပါတယ်။
ပြေးလာသူတွေထဲမှာ အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦးကို ဆိုင်ကယ်ပေါ် တင်လာတဲ့ဂူငင်းက ရွာမှာ အခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် ပြေးလာတာလို့ ပြောပါတယ်။
ဂူငင်းဟာ အသက် ၁၅ နှစ်ဝန်းကျင်ရှိတဲ့ ပန်ပေါ်ရွာသားတဦးပါ။
သူက “တိုက်ပွဲဖြစ်တော့မယ်။ လက်နက်ကြီးကျည်က ကျနော်တို့ ရွာထဲကို ကျတာ။ ပလောင် စစ်သားတွေလည်း ရွာထဲမှာ အများကြီးပဲ။ သူတို့က တအိမ် တယောက်တော့ ကျန်ရမယ်ပြောလို့ အိမ်မှာ ကျနော့်အဖေကျန်နေခဲ့တယ်။ ကျနော်က ညီမလေး တွေကို ကျောက်မဲ သွားပို့မှာ” လို့ ပြောပါတယ်။
ဆက်ပြီး ဂူငင်းက မိုင်းငေါ့လမ်းအတိုင်း တောင်ပေါ်ရွာတွေကို သွားတဲ့ လမ်းမှာ ညနေ ၄ နာရီကနေ မနက် ၈ နာရီအကြား TNLA က မိုင်းတွေ ထောင်ထားတာကြောင့် ရွာဘက်သွားတဲ့ လမ်းတွေ ကလည်း မလုံခြုံဘူးလို့ ပြောပါတယ်။
ရွာအခြေအနေကိုလည်း ပြောရင်း နေမစောင်းခင် ကျောက်မဲမြို့ကို ရောက်ဖို့ အလျင်လို နေတာကြောင့် ဆိုင်ကယ်ကို ခပ်မြန်မြန်ပဲ မောင်းထွက်သွားပါတော့တယ်။
ပန်ပေါ်ရွာသားတွေ ထွက်ပြေးနေချိန်မှာ ပန်နင်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးဝင်းမြင့် မှာလည်း သူ့ရွာထဲ လက်နက်ကြီးကျည်တွေများ ကျလာမလားဆိုပြီး တွေးပူနေပါတော့တယ်။
ရွာထဲက အရပ်သားတွေမှာလည်း နားတစွင့်စွင့်နဲ့ သတိထား နေကြပါတယ်။
ပန်နင်းကျေးရွာအနီးမှာသာ တိုက်ပွဲတွေ ထပ်ဖြစ်ရင် ရွာသားတွေရော၊ စစ်ဘေးရှောင်ဒုက္ခတွေပါ ပြေးစရာမြေအတွက် ခက်ခဲမှာ အမှန်ပါပဲ။
ဦးဝင်းမြင့်က “ဘယ်အချိန် လက်နက်ကြီးလာကျမလဲ အချိန်ပြည့်တွေးနေရတယ်။ အိပ်ရင်း တရေးနိုးရင်တောင် စဉ်းစားတယ်။ အသံတွေကလည်း ကြားနေရတယ်။ စိုးရိမ်တယ်။ ကျနော်တို့က လူသားတွေပါ၊ ကျနော်တို့ကို ချမ်းသာပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
ပြောရင်းနဲ့ ဦးဝင်းမြင့် အသံတွေ တိမ်ဝင်လာပြီး မျက်ရည်တွေ ကျလာပါတော့တယ်။
စစ်ရေးမတည်မငြိမ်တဲ့ ကာလမှာ သူ့ရွာသားတွေက တဖက်၊ ဒုက္ခရောက်နေလို့ လာခိုလှုံ နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေက တဖက်နဲ့ သူအရမ်းမွန်းကျပ်နေတယ်လို့လည်း ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး မြန်မြန်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေရမယ့် ဘဝကိုလည်း လိုချင်တယ်လို့ ဦးဝင်းမြင့်က ဆိုပါတယ်။
ဆက်ပြီး ဦးဝင်းမြင့်က “သူတို့က အထဲမှာတော့ ဆွေးနွေးနေတာပဲ။ မြေပြင်မှာက တိုက်ပွဲတွေ ဖြစ်နေတာ ဘယ်လိုမှ နီးစပ်မှု မရှိပါဘူး။ တိုက်ပွဲတွေ ရပ်ဆိုင်းပေးဖို့ ကျနော်က တောင်းဆိုချင်တယ်။ ကျနော်တို့ လူထုက မြေစာပင်ဆိုလည်း မမှားပါဘူး။ နှစ်ဖက်ကြားမှာ ဘယ်သူပဲ လာလာ ကျနော်တို့က အဖေခေါ်ရမယ့် လူတွေပါ” လို့လည်း ပြောပါတယ်။
တိုက်ပွဲတွေကြား မငြိမ်မသက်ဖြစ်နေချိန်မှာ ဘယ်တပ်ဖွဲ့ပဲ ရွာထဲ ရှိရှိ၊ ရပ်ရွာတာဝန်ရှိသူတွေက ရွာထဲ ရောက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို နေရာထိုင်ခင်း စီစဉ်ပေးရသလို၊ စားရေးသောက်ရေးကိုလည်း တာဝန်ယူပေးရတာ ဓလေ့ပါပဲ။
အရပ်သားတွေအတွက်ကတော့ ပဋိပက္ခဖြစ်နေချိန်မှာ ဘယ်ဘက်က စစ်သားပဲ ဖြစ်ဖြစ် စစ်သားတွေနဲ့ အတူရှိနေရတာဟာ သူတို့ရဲ့ အသက်အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပဲ ခံစား နေကြရပုံပါပဲ။
နှုတ်က ဖွင့်မပြောကြပေမယ့် သူတို့ မျက်နှာအမူအယာတွေက စိုးရိမ်မှု၊ ထိတ်လန့်မှုတွေ ကြားမှာ နေနေရကြောင်းကို ဖော်ပြနေပါတယ်။
တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေကတော့ မြေပြင်မှာသာမက ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားမှာလည်း သဘောထား မတိုက်ဆိုင်ကြတဲ့ အခြေအနေပါ။
ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုဖို့ ဆွေးနွေးနေကြတယ် ဆိုပေမယ့်လည်း TNLA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာနေတဲ့ နေရာမှန်သမျှ ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်ကို တပ်မတော်က အသိအမှတ်မပြုဘဲ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံ ဒေသတွေထဲမှာပဲ နေဖို့ ပြောဆိုတာတွေကြောင့် ဆွေးနွေးမှုတွေဟာလည်း မပြေလည် ပါဘူး။
အချိန်မရွေး ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တာကြောင့် နှစ်ဖက်တပ်တွေကြား နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်နေရသူတွေရော၊ အရပ်သားတွေကပါ တိုက်ပွဲတွေကို အပြီးသတ် ရပ်တန့် စေချင် တယ်လို့ ပြောပါတယ်။
နှစ်ဖက်တပ်တွေ မပြေလည်လို့ တိုက်ကြတဲ့ အရေးမှာ ဒုက္ခကို တည့်တည့်ရင်ဆိုင် နေကြတဲ့ အထဲမှာ အသက်အငယ်ဆုံး ၄ လသား ကနေ အသက် ၈၀ ကျော်အထိ အဖိုးအဘွားတွေလည်း ပါ ပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်အေးကြွယ် ဆိုရင် တိုက်ပွဲတွေကြား ကနေ သူ့ရဲ့ ၄ လသား ကလေးငယ်ကို ရင်ခွင်မှာ ပိုက်ပြီး ပြေးလာရတာပါ။
ပန်နင်းကို ရောက်ကာစတုန်းကလည်း စောင်မရှိ၊ အနွေးထည် အလုံအလောက် မရှိတဲ့ အချမ်းဒဏ်ကို ခါးစည်းခံရ၊ နေရာထိုင်ခင်း ရပြန်တော့လည်း စစ်ဘေးရှောင်ဒုက္ခသည် ဖြစ်တာကြောင့် အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ စုစုပေါင်း လူဦးရေ ၅၀ လောက် စုနေတဲ့ နေရာမှာ နေနေရတာပါ။
အအေးပိုကဲ လာတော့မယ် ဒီဇင်ဘာလထဲမှာ စောင်မရှိ အနွေးထည် မလုံမလောက်နဲ့ တောတွေ တောင်တွေ ကြားထဲ ကြောက်လန့်တကြားတိုးပြီး လက်နက်ကြီးသံတွေ အမြှောက်ဆံတွေကြား ဘယ်သူကမှ ထွက်မပြေးချင် ကြတော့ပါဘူး။
ပြေးလာရတဲ့ အကြောင်းတွေရော၊ မပြေးချင်တော့တဲ့ အကြောင်းတွေရော ပြောရင်း ဒေါ်အေးကြွယ်က “နှစ်ဖက်တပ်တွေ ပြေလည်ပါစေ” လို့လည်း ဆုတောင်းနေပါတော့တယ်။
You may also like these stories:
လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ညှင်းပမ်းမှုကို လက်ခံသလား
၃ ဦး သေဆုံးခဲ့သည့် မြောက်ဦးပေါက်ကွဲမှု ဖြစ်စဉ် ဘယ်သူ့မှာ တာဝန်ရှိသလဲ
မိသားစု အသိုက်အမြုံလေး ဖျက်ဆီးခံလိုက်ရတဲ့နေ့