ဆောင်းပါး

လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ

Want create site? Find Free WordPress Themes and plugins.

“ကျမကို နင့်မှာ ရည်းစားရှိလား၊ ယောင်္ကျားရှိလား မရှိရင် ငါတို့ အပြင်မှာ တွေ့ကြရအောင်။ ငါ့ကိုကြိုက်လား ဆိုတာမျိုးတွေ အဲဒီ တရုတ်ဝန်ထမ်းက လာလာပြောတယ်။ ဘာသာပြန်ပေးတဲ့ app တခုကနေလည်း စာတွေ အမြဲပို့တယ်။ ဒါတွေကို တိုင်တော့ app က ဘာသာပြန်တာ မှားနေတာ ဆိုတဲ့ အကြောင်းပြချက်မျိုး နဲ့ ငြင်းတယ်” ဟု မခင်ပြည့်ပြည့်ဖြိုးက ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ် ရှိ ဆိုကီအိတ်စက်ရုံတွင် HR ဌာန Assitant HR ရာထူးဖြင့် အလုပ် လုပ်ခဲ့သူ မခင်ပြည့်ပြည့်ဖြိုးကို ထိုစက်ရုံမှ Production Manager ရာထူး ဖြင့် အလုပ်လုပ်နေသည့် နိုင်ငံခြားသားဝန်ထမ်း က လုပ်ငန်းခွင်အတွင်း အလုပ်ချိန်တွင်းနှင့် အလုပ်ချိန်ပြင်ပတွင် မကြာခဏ ထိုသို့ နှောက်ယှက်နေခြင်း ဖြစ်သည်ဟု သိရသည်။

မခင်ပြည့်ပြည့်ဖြိုးက “အဲဒီကနေလည်း အသံဖိုင်တွေပို့တယ်။ CCTV လည်း ရှိနေတာမဟုတ်တော့ တခုခုဆို ကျမ သိက္ခာကျရမှာလေ။ စက်ရုံက လူကြီးတွေကို တိုင်တော့တိုင်ခဲ့တယ်။ ဒါပေမယ့် ကျမမှာ ကိုယ်တိုင် ကြုံရပေမယ့် မျက်မြင်၊ ပစ္စည်းသက်သေ မရှိခဲ့ဘူး။ အဲဒီလူကလည်း ဒါက ဘာသာပြန်တာ မှားတာဆိုပြီး ငြင်းတယ်။” ဟု ပြောသည်။

မခင်ပြည့်ပြည့်ဖြိုးကဲ့သို့ပင် လှိုင်သာယာ စက်မှုဇုန် နယ်မြေရှိ “ဆောင်းဦးရွှေနေ” အထည်ချုပ်မှ အမျိုးသမီး ၁ ဦးလည်း စက်ရုံ ဝန်ထမ်း ဖြစ်သူ သီရိလင်္ကာနိုင်ငံသား၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ကျူးလွန်ခံခဲ့ရသည်။

ထိုသို့ အလုပ်သမားများ လိင်ပိုင်း ရုပ်ပိုင်း စော်ကားခံရသည့် အခြေအနေများသည် ယခု ဖြစ်ရပ် ၂ ခု သာ ရှိနေသည် မဟုတ်ပါ။ ယခင်ကတည်းက အလားတူ ဖြစ်ရပ်များစွာ ရှိကောင်း ရှိနေနိုင်ပါသည်။

ရန်ကုန်မြို့ အခြေစိုက် ဥပဒေ ရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ထံသို့လည်း စက်ရုံ ၁ ရုံမှ Supervisor မှ ပါးရိုက်သဖြင့် လာရောက် တိုင်ကြားဖူးသည့် အလုပ်သမ တဦး ရှိခဲ့ကြောင်း၊ လုပ်ငန်းခွင်အတွင်း ထိပါး နှောက်ယှက်မှုများ အတွက် တရားစွဲဆိုရန်၊ ဥပဒေပိုင်း ဆိုင်ရာများနှင့် ပတ်သက်ပြီး အကြံဉာဏ်တောင်းခံသည့် အလုပ်သမားများလည်း ရှိကြောင်း သိရသည်။

“အလုပ်သမားတွေမှာက ခံရပြီဆိုရင် တိုင်တန်းဖို့ သက်သေခံတွေ တင်ပြရမှု အပိုင်းက အခက်အခဲတွေ အများ ကြီး ရှိတာ တွေ့ရတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးတဲ့ ပေါ်လစီ လိုတယ်။ အလုပ်သမားတွေအပေါ် သေချာတဲ့ ကာကွယ်ပေးမှု တွေ လိုတယ်။ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ရာဇသတ်ကြီး ဥ့ပဒေ တွေ အရ sexual harassment အလုပ်ခံရတဲ့ အလုပ်သမားတွေအပေါ် ကာကွယ်ပေးမှုတွေက အားနည်းတယ်။ ဥပဒေ သီးသန့် ပြဌာန်းပေးဖို့လိုအပ်တယ်”ဟု အဆိုပါအဖွဲ့၏ ဒါရိုက်တာ၊ တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ထောက်ပြ ပြောဆိုသည်။

အလုပ်သမားများသည် မကြာခဏ ဆိုသလို လုပ်ငန်းခွင် အတွင်း အလုပ်သမားအခွင့်အရေး ရရှိရန် နည်းမျိုးစုံဖြင့် တောင်းဆိုနေရပြီး ယခုနောက်ပိုင်းတွင် အမျိုးသမီးများအပေါ် လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု ကိစ္စ၊ လူမှုဖူလုံရေး ကြေး ခေါင်းပုံဖြတ်ခံရသည့် ကိစ္စများပါ ဆန္ဒပြမှုများတွင် ထည့်သွင်း တောင်းဆိုမှုများ ရှိလာသည်။

လုပ်အားခေါင်းပုံဖြတ်ခံရသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်ကြသည့် Natural Garment စက်ရုံလုပ်သားများ/အောင်ကျော်ထက်/ဧရာဝတီ

သို့ဖြစ်ရာ အလုပ်သမားများ လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုများ ကြုံတွေ့ရသဖြင့် တိုင်ကြားလာပါက သီးခြားစစ်ဆေးပေးရန် တရားရုံးများသို့လည်း အသိပေး ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

“ဒီလိုတွေ ကြုံတွေ့နေရရင် ရှေးရိုး အယူအဆ တွေအရ ထုတ်ဖော်ပြောဖို့ အင်မတန် ဝန်လေးကြတယ်။ လုပ်ငန်းခွင်မှာ နှောက်ယှက် ထိပါးလာတဲ့ ကိစ္စရပ်များအပေါ်မှာ ကိုယ်တိုင် စိတ်သတ္တိမွေးပါ။ ကိုယ်တိုင် ထဲထဲဝင်ဝင် တိုင်ကြားပါ။”ဟု ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် က ဧရာဝတီ သို့ ပြောသည်။

“မြန်မာအမျိုးသမီး ဖြစ်လို့ စိတ်ခံစားချက်အပေါ် သွားနေရင် နှောက်ယှက်မှုတွေကို လူအမျိုးမျိုး ပိုပြီးကျုးလွန်လာမယ်။ ဒီကျူးလွန်မှုတွေ လျော့နည်းလာရာကနေ ပပျောက်လာဖို့ တဦးတယောက် တိုင်းဆီမှာ တာဝန်ရှိတယ်။ ပြောရဲတဲ့ တိုင်ကြားရဲတဲ့ စိတ်သတ္တိလိုတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

မကြာသေးမီက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်နယ်မြေအတွင်းက World Jin Myanmar အထည်ချုပ် စက်ရုံရှေ့တွင် အလုပ်သမားများက “ခံဝန်ကတိကို ချိုးဖောက်နေတဲ့ လုပ်ငန်းရှင်ကို အရေးယူ ပေးရေး”၊ “လုပ်ခလစာနဲ့ အချိန်ပိုကြေးတွေ မှန်ကန်အောင် တွက်ပေးရေး”၊ “လူမှုဖူလုံရေးကြေးများ အကျိုး ခံစားခွင့် ရရှိရေး” စသည့် ကိစ္စများကို တောင်းဆိုခဲ့ကြသည်။

ထို အထည်ချုပ် စက်ရုံ တွင် အလုပ်သမားအခွင့်အရေး တောင်းဆိုသူ အများစုမှာ အမျိုးသမီးများသာ ဖြစ်ပြီး အသက် ၁၈ နှစ်ခန့်မှ ၄၅ ၊ ၅၀ နှစ်ခန့် အထိ အရွယ်စုံ ပါဝင်ပြီး သူတို့၏ လူမှုဖူလုံရေးကြေးများကို လုပ်ငန်း ရှင်ဖြစ်သူ၏ အလွဲသုံးစား ပြုလုပ်မှုကို ခံခဲ့ရသဖြင့် ဆန္ဒပြ တောင်းဆိုရသည် အထိ ဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ကျမတို့ အလုပ်ရှင်က အရမ်းကို လွန်တယ်။ လူမှုဖူလုံရေးကြေးတွေ လစာထဲက ဖြတ်ထားပြီး အစိုးရကို မသွင်းဘူး။ ခွင့်ယူတော့ ရက်မှန်ကြေးတွေဖြတ်တယ်။ ခွင့်မယူဘဲ ဥပဒေ အရ ရရှိ ရမယ့် လုပ်သက်ခွင့်လည်း မပေးဘူး။ ကျမ အခု ကိုယ်ဝန် ၇ လ ထဲ ရောက်နေပြီ။ လူမှုဖူလုံရေးကြေးတွေ မှန်မှန်သွင်းပေမယ့် အခုလို ဖြစ်လာတော့ စိတ်ပူနေရပြီ။ ဒါတွေကို အစိုးရဘက်က အရေးယူပေးစေချင်တယ်” ဟု မဖြိုးပပ က ပြောပြသည်။

မဖြိုးပပ သည် ထိုစက်ရုံတွင် လုပ်သက် ၁ နှစ်ကျော် ရှိပြီ ဖြစ်သည့် စက်ချုပ် ဝန်ထမ်း ၁ ဦး ဖြစ်သည်။ သူ၏ အခြေခံလစာမှာ ၁၅၅၀၀၀ ကျပ်ဖြစ်ပြီး ရက်မှန်ကြေး၊ အချိန်ပိုဆင်းရပါက အချိန်ပိုကြေး စသည်ဖြင့် ရရှိရာ ၁ လလျှင် သူ၏ လစာမှာ၂ သိန်းကျပ်ခန့် ရရှိသည်။ သို့သော် ခွင့်ယူခြင်း၊ အချိန်ပို မဆင်းရသည့် လများတွင် အခြေခံလစာ တခုတည်းသာ သူ့ဝင်ငွေ ဖြစ်သည်ဟု သိရသည်။

သူ အလုပ် စဝင်ခဲ့သည့် အချိန်မှ ယနေ့အထိ လူမှုဖူလုံရေးကြေးဟုဆိုကာ လုပ်ငန်းရှင်က သူ၏ လစာထဲမှ ၂ % ကို လစဉ် နှုတ်ယူထားသည်။ သို့သော် ယခုလမှသာ ထိုငွေများ လူမှုဖူလုံရေးရုံးသို့ မသွင်းကြောင်း မဖြိုးပပ အပါအဝင် အခြားအလုပ်သမားများ သိရသည်။

ထို့အပြင် လူမှုဖူလုံရေးကြေးသာ သွင်းရသော်လည်း အဆိုပါ ထည့်ဝင်မှုများ အတွက် ပြန်လည် ရရှိမည့် အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ အလုပ်သမား အများစုမှာ ဂဃဏန မသိရှိကြောင်း၊ လုပ်သက ၅ နှစ်အောက် ဝန်ထမ်းများတွင် လူမှုဖူလုံရေးကတ်လည်း မရကြကြောင်း သူက ပြောပြသည်။

“ကျမ ကလေးမွေးချိန် အလုပ်က ခွင့်ယူရန် လစာတွေ အဖြတ်ခံရမှာလား။ မီးဖွားခွင့် ၃ လပြည့်ချိန် ကျမ အလုပ် ပြန်မဝင်ဖြစ်တာမျိုး ရှိလာရင် အလုပ်ရှင်က ကျမကို ရဲ တိုင်မှာလား။ ကျမ သိပ် မသဲကွဲဘူး။ အဲဒါကို အခုကတည်းက စိုးရိမ်နေတာ။ တခြား အလုပ်သမားတွေလည်း မသိကြဘူး။ ကျမတို့ ဘယ်သူ့ကို မေးရမှန်းလည်း မသိဘူး” ဟု သူက ပြောသည်။

လူမှုဖူလုံရေးကြေးခေါင်းပုံဖြတ်ခံရသော World Jin Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား မဖြိုးပပ/မျိုးမင်းစိုး/ဧရာဝတီ

အသက် ၃၅ နှစ်ဝန်းကျင်ရှိ မဖြိုးပပတွင် အခြေခံပညာကျောင်း ၂ တန်းနှင့် ၈ တန်း တက်နေသည့် ကလေး ၂ ဦးလည်း ရှိသည်။ အိမ်ထောင်ဘက်၏ ဝင်ငွေတခုတည်းဖြင့် ရပ်တည် မရသော အခါ သူကိုယ်တိုင်ပါ လုပ်ငန်းခွင် ဝင်ကာ ငွေရှာနေရခြင်း ဖြစ်သည်ဟု သိရသည်။

ပြင်ပ လုပ်ငန်းခွင်ဝင်နေသည့် သူသည် အိမ်မှုကိစ္စများတွင်လည်း အနားမရပါ။ “မနက်ဆိုရင် အစောထတယ်။ ထမင်း၊ ဟင်းချက်ပြုတ်၊ ကလေးတွေကို ကျောင်းပို့တယ်။ အလုပ်ကို ဆိုင်ကယ်ဖြစ်ဖြစ် လိုင်းကားဖြစ်ဖြစ် စီးပြီး လာလိုက်တယ်။ ညနေဘက်ကျတော့ ကလေးက ကျောင်းအရင်ဆင်းတာကြောင့် အိမ်နီးနားချင်း အဘွားကို ကြိုခိုင်းထားရတယ်။ ကိုယ်ဝန်ကလည်း အခုထိ မအပ်ရသေးပါဘူး။ နီးမှ အပ်မယ်။ အလုပ်လည်း ခွင့်မယူရဲဘူး ပိုက်ဆံ အဖြတ်ခံရမှာစိုးလို့ ဗိုက်နာလာမှ မွေးဖို့ ဆေးခန်း ထပြေးမယ်” ဟု ပြောသည်။

မဖြိုးပပလိုပင် အိမ်မှုကိစ္စ လုပ်ကိုင်ရသလို စားဝတ်နေရေး အတွက် လုပ်ငန်းခွင် ဝင်နေရသည့် Career Women Life ထဲတွင် ရောက်ရှိနေသည့် အမျိုးသမီးများစွာ လုပ်ငန်းခွင်မျိုးစုံတွင် ရှိနေပါသည်။

ထို World Jin Myanmar အထည်ချုပ်မှ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ဖြစ်သူ မနှင်းနွယ်ဦးကလည်း အလုပ်သမားများ၏ လုပ်သက်ခွင့်ကိစ္စ၊ လူမှုဖူလုံရေး ကိစ္စများနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်ကို မကြာခဏ တိုက်တွန်း ပြောဆိုသော်လည်း လက်မခံခဲ့ကြောင်း ပြောပြသည်။

“ဒီကိစ္စတွေကို သူဌေးရုံးခန်းမှာ တက်ပြောတော့ မောင်းထုတ်တယ်။ သူဌေးရဲ့ အကြံပေးဆိုတာတွေကလည်း လိုက်နာတာ မရှိဘူး။ အမတို့ ဗိုက်ကြီးသည် ဆေးခန်းသွားပြတော့မှ လူမှုဖူလုံရေးကြေး ၈ လစာတောင် မထည့် ထားမှန်း သိရတာ။ ဆေးခန်းက အဲဒီလို မထည့်ထားလို့ ခွင့်ပေးလို့ မရဘူး ဆိုပြီး ဖြစ်လာတယ်။ စက်ရုံသူဌေးက မီးဖွားခွင့်တွေအတွက် ထောက်ခံချက် လုပ်ပေးပါ ဆိုရင်လည်း မလုပ်ပေးဘူး။ ပြောလည်း လက်သင့်မခံဘူး။ လုပ်သက် ၃ နှစ်အောက် အလုပ်သမားတွေဆီမှာ လူမှုဖူလုံရေးကတ်တွေလည်း မရှိဘူး”ဟု မနှင်းနွယ်ဦးက ရှင်းပြသည်။

သူသည် ကိုယ်ဝန် ၉ လခန့်ရှိပြီ ဖြစ်ပြီး မီးဖွားရန် ရက်ပိုင်းသာ လိုတော့သည့် အမျိုးသမီး ဖြစ်သည်။ ဧရာဝတီမှ သွားရောက် တွေ့ဆုံခဲ့သည့် နိုဝင်ဘာ လလယ်ပိုင်းအထိ သူ၏ မီးဖွားခွင့် ယူရန် အခြေအနေမှာ မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။

လူမှုဖူလုံရေးကြေးသည် လုပ်ငန်းရှင်နှင့် အလုပ်သမား ၂ ရာခိုင်နှုန်းဆီ အချိုးကျ ထည့်ဝင်ရပြီး ထိုသို့ ထည့်ဝင်မှုအတွက် အလုပ်သမားအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် အခွင့်အရေးများ ရရှိပါသည်။

ထို ထည့်ဝင်မှုအတွက် လူမှုဖူလုံရေး ကတ်တခုကို အစိုးရမှ ထုတ်ပေးပြီး ထိုကတ် အပါအဝင် လုပ်ငန်းရှင်၏ ထောက်ခံချက်ဖြင့် အလုပ်သမားဆေးရုံကြီး၊ သက်ဆိုင်ရာ မြို့နယ်အလိုက် လူမှုဖူလုံရေး ဆေးခန်းများ၊ care well center များတွင် ဆေးကုသခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်သည်။

ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ဝင်၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူလည်းဖြစ်သူ မအေးစန္ဒာဝင်း က “ဥပဒေကို သူတို့ (အစိုးရ)ကသာ အလုပ်သမားတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက်ကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ်ဆိုရင် ဒီလို ပြဿနာမျိုးက ဖြစ်လာစရာမလိုဘူး” ဟု သုံးသပ်သည်။

ထို့ပြင် ၎င်းက “အလုပ်ရှင်တွေ အနေနဲ့ကလည်း မြန်မာပြည်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လေးစား လိုက်နာဖို့ လိုအပ်သလို အလုပ်သမား ဥပဒေတွေကို စည်းကြပ်နေတဲ့ အလုပ်သမားဝန်ကြီးဌာနက လူတွေ ကလည်း သေသေချာချာ စိစစ်ကိုင်တွယ်နိုင်မှသာလျှင် လက်ရှိ တောင်းဆိုနေတဲ့ အလုပ်သမားအရေး ကိစ္စ တွေက လျော့သွားမယ် ထင်တယ်။ အဲဒီလို မဟုတ်ဘဲ လတ်တလော ဖြစ်လာတဲ့ ပြဿနာတွေ အပေါ်မှာပဲ အခြေခံပြီးတော့ ပြီးပြီးရော ဖြေရှင်းပေးနေမယ့် အပေါ်ယံမျိုးဆိုရင် အလုပ်သမားတွေရဲ့ဘဝက ဒီထက်ပိုပြီး ဆိုးရွားဖို့ပဲ ရှိတယ်” ဟု သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ကမူ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများ ဖြစ်ပွားသည့် ကဏ္ဍသည် စက်မှုဇုန် ကဏ္ဍ တခုတည်း မဟုတ်ဘဲ တိုင်ကြားလာသည့် ဖြစ်ရပ်များအရ နယ်ပယ်ကဏ္ဍအများအပြားတွင် ရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။

ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ထိုသို့သော အလုပ်ရှင် အလုပ်သမားများ၏ အငြင်းပွားမှုကို ဖြေရှင်းပေးရန် အဓိက ကျသည့် ပုဂ္ဂိုလ်မှာ သက်ဆိုင်ရာ အလုပ်ဌာနမှ ခန့်အပ်ထားသည့် HR Manager နှင့် အလုပ်ရှင်သည် နိုင်ငံခြား သား ဖြစ်ပါက ထိုသူ၏ ဘာသာစကားကို မှန်ကန်စွာ ပြောပြနိုင်မည့် စကားပြန် ဖြစ်ကြောင်း ပြောသည်။

“HR မန်နေဂျာသည် အလုပ်ရှင်က ခန့်လို့ အလုပ်ရှင်ရဲ့ လိုလားချက်တွေကိုပဲ ပေးနေမယ်ဆိုရင် လုံးဝ မဖြစ်နိုင်ဘူး။ အလုပ်သမားတွေကို စီးပွားဖက်လို့မြင်တဲ့ မျှတတဲ့ ဆုံးဖြတ်ချက်၊ အပေးအယူမျိုး သာ ဆိုရင် ဒီလို အငြင်းပွားမှုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အလုပ်သမားတွေအနေနဲ့လည်း ဆန္ဒမထုတ်ဖော်ဘဲ ဥပဒေပိုင်းကနေ လုပ်နိုင်တာတွေရှိတယ်။ ဆန္ဒထုတ်ဖော်မှ ရပိုင်ခွင့် ရမယ်လို့ ထင်နေတဲ့ အလုပ်သမားတွေ ရှိနေတာကတော့ ကျမတို့ အတွက် စိန်ခေါ်မှုလို့ပဲ ပြောချင်တယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဧရာဝတီသို့ ပြောသည်။

အလုပ်ရှင်အလုပ်သမား ပြသနာများသည် ယခင်ကတည်းက ရှိနေခဲ့သော်လည်း အရပ်သား အစိုးရ တက်လာသည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ လမ်းပေါ်ထွက် ဆန္ဒပြခြင်း၊ တောင်းဆိုခြင်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

အလုပ်သမားများသည် ကာလ ကြာရှည်စွာ ဖိနှိပ်ခံခဲ့ရသည့် အလုပ်သမား ရပိုင်ခွင့် အခွင့်အရေးများ၊ လုပ်ခလစာ နှုန်းထား နည်းပါးသဖြင့် ခေါင်းပုံဖြတ်ခံရမှုများ စသည့် အခြေအနေများအပေါ် လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင် အလုပ်သမားရေးရာနှင့် ပတ်သက်ပြီး အများဆုံး ဖြေရှင်းရသည့် ပြဿနာများတွင် အနည်းဆုံးလုပ်ခလစာ မရရှိခြင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် အလုပ်ရှင်မှ ဥပဒေများကို ချိုးဖောက်သည်ဟုဆိုကာ တိုင်ကြားခြင်းများ ဖြစ်ကြောင်း အလုပ်သမား၊ လူမှုဖူလုံရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

“ကျနော်တို့ ဆီကို အလုပ်သမားတွေလာပြီးတိုင်ရင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ၊ အလုပ်ရှင်က ခွဲခြားဆက်ဆံတာတွေ ရှိတယ်။ လုပ်ခလစာကလည်း အစိုးရ သတ်မှတ်တဲ့အတိုင်း မရတဲ့ ကိစ္စမျိုး လာပြီး ပြောပြကြတယ်။ ကျနော်တို့တွေက အလုပ်ရှင်တွေကို ညှိနှိုင်းဖို့ ဆက်သွယ်ပေမယ့်လည်း သူတို့က မလာတာ၊ အကြောင်းပြချက်ပေးတာတွေနဲ့ ပြီးသွားတယ်” ဟု မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ်မှ အထက်မြန်မာပြည် စည်းရုံးရေးမှူး ကိုမင်းသက်ထွေးက ဧရာဝတီသို့ ပြောသည်။

ဥပဒေရေးရာ ကျွမ်းကျင်သူများကလည်း အစိုးရ၏ အလုပ်ရှင် အလုပ်သမား ပြဿနာများနှင့် ဥပဒေပိုင်းကို အရေးယူ ဆောင်ရွက် လုပ်ဆောင်ရာတွင် လွန်စွာ အားနည်းနေကြောင်း ထောက်ပြမှုများ ရှိနေသည်။

အစိုးရသည် အလုပ်ရှင် အလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေများ အပေါ် ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း၊ အဓိက အနေဖြင့် law enforcement အပိုင်းကို သေချာစွာ လုပ်ဆောင်သင့်ကြောင်း၊ တိုင်ကြားမှုများအပေါ် သေချာစွာ စစ်ဆေးကာ အလုပ်ရှင်များအပေါ် သေချာသည့် အရေးယူမှုများ၊ အလုပ်သမား များအပေါ် ပြန်လည် ကြည့်ရှုပေးရမည့် အပိုင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုကြသည်။

တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီ က “တချို့ ဥပဒေပိုင်းဆိုင်ရာတွေမှာ ဥပဒေကို ပြင်ဆင်ရုံနဲ့ မရဘူး။ အကောင်အထည် ဖော်ရမှာ။ စစ်ဆေးတဲ့၊ အရေးယူတဲ့ ယန္တရားကို အကောင်အထည် ဖော်ရမှာ ဖြစ်တယ်” ဟု သုံးသပ်သည်။

စက်ရုံ ၁ ရုံတွင် အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိကြောင်း သိရှိရသည် နှင့် တပြိုင်နက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့ အနေဖြင့် စက်ရုံအား သေချာစွာ ကွင်းဆင်း စစ်ဆေးခြင်း၊ ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်း၊ ချိုးဖောက်မှု ပြုလုပ်သည်ကို တွေ့ရှိရပါက ချက်ချင်း အရေးယူခြင်းများ လုပ်ဆောင်သင့်ကြောင်းက ၎င်းက ထောက်ပြသည်။

World Jin Myanmar အထည်ချုပ် စက်ရုံ အလုပ်သမ ၁ ဦးကလည်း “ကိုယ်ဝန်ရှိနေလို့ ဆိုပြီးတော့လည်း နားနေလို့ မရဘူးလေ။သူတို့ တောင်းတဲ့ လစ်မစ် ပြည့်တဲ့အထိ တခြားသူနဲ့ တန်းတူ ချုပ်ပေးရတာပဲ။ ပင်ပန်းပေမယ့်လည်း အလုပ်က လုပ်မှ ရမှာ။ အလုပ်သမားအခွင့် အရေး မရတာတွေရှိတယ်။ သူဌေးကို သွား ပြောရင် အော်ထုတ်ခံရတယ်။ ညဘက် အချိန်ပိုဆင်းလို့ နားတဲ့အချိန်ရောက်ရင်တောင် အလုပ်သမား လူနည်းနည်းလေးရှိတဲ့ နေရာကိုတောင် သူဌေးက မီးမဖွင့်ပေးထားဘူး။ ကျမတို့မှာ စက်ရုံထဲမှာ မီးမှောင်မှောင်နဲ့ ခြင်တွေ အကိုက်ခံရပြီး အိပ်ရတာပဲ။”  ဟု ပြောပြသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ MCE Rainbow ဆပ်ပြာစက်ရုတွင် လက်ထောက် မန်နေဂျာ အမျိုးသမီးကို ထုတ်ပယ်ပေးရန် တောင်းဆိုမှု  ဖြစ်ပွားခဲ့သေးသည်။

ထိုမန်နေဂျာ အမျိုးသမီးသည် အလုပ်သမားများအပေါ် မောက်မာ ရိုင်းစိုင်း စွာ ဆက်ဆံပြောဆိုပြီး အလုပ် သမားများကို ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့် စသည့် ခွင့်ရက်များ ယူသည့် အခါ လူမှုရေးအရ နစ်နာမှုများ အထိပါ ပြောဆိုဆက်ဆံသည့်အတွက် လုပ်ငန်းခွင် အဆင်မပြေမှုများကြောင့် တောင်းဆိုရခြင်း ဖြစ်သည်ဟု လုပ်သက် ၁ဝ နှစ်ရှိသည့် စက်ရုံအလုပ်သမား သမဂ္ဂမှ အမှုဆောင် မအေးသန်းက ပြောသည်။

အလုပ်သမများသည် ၎င်းတို့ လုပ်ကိုင်နေသည့် လုပ်ငန်းခွင်များအတွင်း လုပ်ငန်းခွင် အဆင်မပြေမှုများ၊ ခွဲခြားဆက်ဆံခံရမှုများ၊ လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာများကို စော်ကား ထိပါးမှုများ တွေ့ကြုံရသော်လည်း တရားဥပဒေ နည်းလမ်းအတိုင်း တရားစွဲဆို တိုင်ကြားခြင်း ထက် လမ်းပေါ်ထွက်ကာ ဆန္ဒပြခြင်း၊ အလုပ်သမား ရေးရာ ဦးစီးဌာနများသို့သာ အသိပေး တိုင်စာ ပို့ခြင်း ပြုလုပ်လေ့ရှိကြသည်။

ထိုသို့ လုပ်ငန်းခွင် အတွင်း လိင်ပိုင်း၊ စိတ်ပိုင်း စသည့် စော်ကားခံရမှုများ အတွက် လည်းကောင်း၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု အတွက်လည်းကောင်း တိုင်ကြားမှုများ ပြုလုပ်နိုင်သော်လည်း ထိုသို့ တိုင်ကြားသူမှာ မရှိသလောက် နည်းပါးနေသည်ဟု သိရသည်။

တရားရုံးသို့ တိုင်ကြား တရားစွဲဆိုခွင့် ရရှိလျှင်သော်မှ တရားရုံးသို့ သွားလာရမည့် စရိတ်၊ ရုံးတွင် ထွက်ဆိုရမည့် အချိန် စသည့် အခက်အခဲများ ရှိနေကြောင်း တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီ က ထောက်ပြသည်။

“စက်ရုံ ၁ ရုံမှာ အလုပ်သမားတွေ အနေနဲ့ ဥပဒေပါ အခွင့်အရေးတွေ အပြည့်အဝ မရဘူးဆိုရင် ဝန်ကြီးဌာန လက်အောက်က သက်ဆိုင်ရာဌာနတွေက စက်ရုံကို သေချာ ကွင်းဆင်း စစ်ဆေးသင့်တယ်။ ရှောင်တခင် ဝင်ရောက် စစ်ဆေးတာမျိုး လုပ်သင့်တယ်။  ချိုးဖောက်တာ တွေရင် အလုပ်သမားကိုယ်စား ချက်ချင်း အရေးယူ သင့်တယ်”ဟု တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက သုံးသပ်သည်။

လက်ရှိတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များထံသို့ ရောက်ရှိ လာသည့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများအပေါ် ဖြေရှင်းပေးခဲ့ရသည့် အမှုများမှာ ၂၀၁၉ ခုနှစ် ဇွန်လမှ အောက်တိုဘာလကုန် အထိ ၃၇၀ မှု ကျော်အထိ ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များ အရ သိရသည်။

ထိုအချက်အလက်များအရ ဖြေရှင်းပေးရသည့် အများဆုံးနေရာမှာ လှိုင်သာယာမြို့နယ်မှ အလုပ်ရှင် အလုပ်သမား ပြဿနာများ ဖြစ်နေသည်ကို တွေ့ရသည်။

ဆက်စပ်ဖတ်ရှုရန်

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် အမှုအရေအတွက် တိုးလာ ဟုဆို

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အရှိန်အဟုန်မြှင်ရန် လိုအပ်နေသေး

သက်ငယ်မုဒိမ်းမှုများကို ဓလေ့ထုံးတမ်းများဖြင့် မကျေအေးသင့်ပါ

Did you find apk for android? You can find new Free Android Games and apps.
Loading