နိုဝင်ဘာလ နောက်ဆုံးပတ် ဆောင်းနံနက်ခင်းတွင် အအေးဓာတ်နှင့်အတူ ဖြာထွက်လာသော နေရောင်ခြည် အောက် တဂျုန်းဂျုန်း မြည်နေသည့် စက်မောင်းနှင်သံအကြား စေးကပ်ကပ် ရွှံ့တုံးများကို ပေါက်တူးဖြင့် တူးသူက တူး၊ ဖြိုချသူက ဖြိုချ၊ သယ်သူက သယ်၊ စက်ထဲထည့်သူက ထည့်ဖြင့် ကိုယ်စီ အလုပ်များနေကြသည်။
ခန့်မှန်းခြေ လူ အယောက် ၂၀ ကျော်ရှိမည့် လူ တစုနှင့် မလှမ်းမကမ်း ကွင်းပြင်တွင်တော့ အုတ်ခဲပုံသဏ္ဍာန် မိုသွင်းထားသည့် အရွယ်အစားတူ ရွှံ့တုံးများကို ညီညီညာညာ ဖြန့်ခင်းလှမ်းထားပြီး ကွင်းအဆုံး အနားသတ်၌ တဲအိမ်လေးများ စီတန်း ဆောက်ထားသည်ကို တွေ့ရသည်။
ထိုလုပ်ငန်းခွင်နှင့် ကပ်လျက် တနေရာတွင် ရော်ဘာထင်းချောင်း ၂ ခုနှင့် စိုက်ထူထားသော ဗီနိုင်းဆိုင်းဘုတ်က ရေးမြို့နယ်၊ ဝယ်ဘော်ကျေးရွာရှိ ရေချိုအုတ်လုပ်ငန်းခွင် ၁ ခုဖြစ်ကြောင်း ညွှန်ပြနေသည်။
“ဒီအုတ်ဖိုမှာ လာလုပ်ကိုင်စားတာ ၅ နှစ်ရှိပြီ။ မြေကြီးသယ်တဲ့အခါသယ် အုတ်ရိုက်တဲ့အခါ ရိုက်ပေါ့။ ကြုံရာလုပ်ရတာ။ ပုံမှန်တော့ မရှိဘူး” ဟု လုပ်ငန်းခွင် ခတ္တနားစဉ် အလုပ်သမ တဦးဖြစ်သူ ဒေါ်လုလုမော်က ပြောပြသည်။
ဒေါ်လုလုမော်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အရှေ့ဖျားကျေးရွာ ဇာတိ ဖြစ်ကာ နာဂစ်ဖြစ် ပြီး နောက်ပိုင်း ထိုနေရာတွင် စီးပွားရေး အဆင်မပြေတော့သဖြင့် နေရပ်ဇာတိကို စွန့်ခွာကာ ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ယခု အုတ်လုပ်ငန်းသို့ မိသားစုလိုက် ရောက်နေသည်မှာ ၄ နှစ်ရှိပြီ ဖြစ်သည်ဟု သိရသည်။
နာဂစ်ဟူသည့် အသံကို ကြားသည်နှင့် ထိုစဉ်က အဖြစ်အပျက်များက မနေ့တနေ့ကလိုပင် သူ့မှတ်ဉာဏ်ထဲ အစီအရီ ပြန်မြန်ယောင်လာသည်ဟုလည်း ဒေါ်လုလုမော်က ဆိုပါသည်။
“မိုးလေတွေကျတော့ သူ့ဆွဲငါ့ဆွဲနဲ့ ကလေးတွေကို ဘေးလွတ်ရာသွားပို့ပြီး ပြန်လည်းလာရော အိမ်ပြိုသွားတော့ သူတို့ (အဖေ၊ အမေ)ပါ ပါသွားတာ ရေတွေ တက်လာတော့။ အလောင်းတောင် ပြန်မရဘူး” ဟု သူက ပြောပြသည်။
ဒေါ်လုလုမော် မိသားစုကဲ့သို့ပင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အတားအဆီးမရှိ ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီးကို မြန်မာနိုင်ငံသားအားလုံး မေ့နိုင်ကြမည် မထင်ပါ။
မြန်မာနိုင်ငံ၏ သမိုင်းတလျှောက်တွင် အဆိုးရွားဆုံးသော သဘာဝဘေးဟု ဆိုနိုင်သည့် အဆိုပါ နာဂစ်မုန်တိုင်းကြောင့် ထိုစဉ်က အစိုးရ၏ တရားဝင် ထုတ်ပြန်မှုအရ လူပေါင်း ၁၃၀၀၀၀ ကျော် အသက်ဆုံးပါးခဲ့ရပြီး လူနေအိမ်၊ စေတီပုထိုး၊ သာသနိက အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
အကျိုးဆက်အားဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ နာဂစ်ဒဏ်ခံရသော မြို့ရွာများမှ လယ်သမား၊ ရေလုပ်သား၊ တံငါ သည် မိသားစု အများစုတို့သည် စားဝတ်နေရေး အဆင်ပြေရေးအတွက် ပြည်တွင်းရှိ ဒေသများစွာသို့ ရွေ့လျားရင်း ရွှေ့ပြောင်းအလုပ်သမားများ အဖြစ် ရှင်သန်ရပ်တည်နေကြရတော့သည်။
၁၁ နှစ်တာ ကာလသို့ ရောက်လာပြီဖြစ်သော်လည်း ထိုစဉ်က တွေ့ကြုံခံစားခဲ့ရသည့် စိတ်ဒဏ်ရာများ ကျန်ရှိနေဆဲ၊ မုန်တိုင်းဖြတ်သန်းရာ ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သည့် တချို့သော မြို့ရွာများတွင် ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုများ အားနည်းနေဆဲပင် ဖြစ်ကြောင်းကို လက်ရှိအခြေအနေများက မီးမောင်းထိုးပြနေသည်။
“နာဂစ်ဖြစ်ပြီးတော့ လူတွေ ဒုက္ခရောက်ပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်တာပေါ့။ နေစရာမရှိ။ အသက်မရှင်တဲ့ သူတွေလည်း မရှင်ဘူး။ ဖြစ်ပြီးကာစက ကြုံရာလုပ်စားသေးတယ်။ အဆင်မပြေတော့မှ မွန်ပြည်နယ်ကို ရောက်လာ တာ။ အခုတော့ ရှိတဲ့လယ်လေး အဲဒီအတိုင်း ပစ်ထားခဲ့ရတာပေါ့” ဟု ဒေါ်လုလုမော်က ပြောပြသည်။
မွန်ပြည်နယ်သို့ ဒေါ်လုလုမော်၏ အမျိုးသားဖြစ်သူ တဦးတည်း အရင်အရောက်ရှိလာခြင်းဖြစ်ပြီး ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ဝရှိ ရေလုပ်ငန်းတွင် ၂ နှစ်ခန့် ဝင်လုပ်ခဲ့သည်။
ထို့နောက် အုတ်လုပ်ငန်းနှင့် အဆက်အသွယ်ရပြီး ဝင်ရောက်လုပ်ကိုင်ရာမှ မိသားစုလိုက် ပြောင်းရွှေ့ခဲ့ကြောင်း၊ ပင်လယ်ပြင်ထဲတွင် လုပ်ကိုင်စားသောက်ရသည်မှာ အန္တရာယ်များသည့်အတွက် ယခုလို ကုန်းပေါ်၌ မိသားစုနှင့် တစုတစည်း နေထိုင်လုပ်ကိုင်စားသောက်နိုင်သည့် အုတ်ဖိုတွင် ဆက်လုပ်ဖြစ်နေအုံးမည်ဟု သူက ဆိုသည်။
သူတို့ မိသားစုကဲ့သို့ပင် မိဘမေတ္တာ ရေချိုအုတ်လုပ်ငန်းခွင်တွင် ဝင်ရောက် လုပ်ကိုင်နေကြသူ အများစုမှာ ဧရာဝတီတိုင်းမှ လာရောက်သူများဖြစ်ကြောင်း သိရသည်။
ယခု လုပ်ငန်းခွင်တွင် ဆိုဒ် ၃ ခု ခွဲထားပြီး တဆိုဒ်လျှင် အလုပ်သမား ၃၀ သုံးထားရာ စုစုပေါင်း အလုပ်သမား ဦးရေ ၉၀ အနက် ရေးမြို့နယ်ဝန်းကျင် ကင်မွန်းရွာမှ လာရောက်လုပ်ကိုင်သည့် အလုပ်သမား ၇ ဦးမှအပ ကျန်သူအားလုံး ဧရာဝတီတိုင်းမှ ဖြစ်ကြောင်း မိဘမေတ္တာ ရေချိုအုတ်လုပ်ငန်းတွင် ဦးစီးလုပ်ကိုင်နေသည့် မချိုချိုသန်းက ပြောသည်။
“အဲဒီကနေပဲ အစုလိုက် လာကြတယ်။ လွန်ခဲ့တဲ့နှစ်က အလုပ်သမားတွေ သူတို့ရွာပြန်တော့ အဆက်အသွယ် ဖြစ်ပြီး လာကြတာ။ နောက်ရက်တောင် ၁၉ ယောက်တောင် ထပ်လာကြအုံးမှာ။ တချို့ကလည်း ရောက်ပြီးသားလူကို ဖုန်းနဲ့ အဆင်ပြေလား အချင်းချင်း လှမ်းမေးကြတယ်။ ပြီးတော့ လာကြတယ်ပေါ့” ဟု သူက ရှင်းပြသည်။
အုတ်တလုံးဖြစ်လာရန် မြေဝါ၊ မြေပြာ၊ မြေမဲ သုံးမျိုးကို ရောစပ်ပြီး စက်ထဲထည့်ကာ သမအောင်မွှေ၊ မိုသွင်း၊ လှမ်း ကွင်းတွင် ၂ ရက်၊ ၃ ရက် နေလှမ်း၊ လှမ်းပြီးသား အုတ်များကို ၃ ရက်တိတိ နေ့မီး၊ ညမီးမပြတ် ဖိုမီးထိုးပြီးနောက် တရက်ကျော် နှပ်ထားပြီးမှသာ အုတ်တလုံး ဖြစ်လာကြောင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မချိုချိုသန်းက ပြောပြသည်။
၃ ဧကခန့် ကျယ်ဝန်းသည့် လုပ်ငန်းခွင် ဆိုဒ် ၃ ခုမှ တနေ့လျှင် လှည်းအစီးပေါင်း ၃၅၀ ခန့် ထွက်ပြီး တလှည်းလျှင် အုတ်အလုံး ၆၀ ခန့်ပါကြောင်း၊ တနှစ်ပတ်လုံးတွင် အလုပ်လုပ်ရသည့်လက ၄ လခန့်သာ ရှိသဖြင့် တနှစ်အတွင်း အုတ်အလုံးရေ ၁၀ သိန်းအထက် ရရှိရန် ကြိုးစားရကြောင်း သူက ပြောသည်။
“ဗမာလို တော်သလင်းလပြည့်ကျော်ဆို ရေနည်းနည်းခမ်းတာနဲ့ လှမ်းကွင်းပြောင်းတလင်းခါအောင် ရှင်းပြီးခြောက်မှ စလုပ်တယ်။ အဲဒီကတည်းက ဒီလူငှားတွေနဲ့ လှမ်းကွင်း သန့်ရှင်းရေးလုပ်တယ်။ မြေကြီးတွေ တင်တယ်။ စက်တွေ ထိုင်တယ်။ တန်ဆောင်မုန်းလပြည့်ကျော်မှ အုတ်စထုတ်လို့ရတယ်။ တကယ်တမ်းလုပ်ရတာ ၄ လလောက်ပဲ။ တအား လုလုပ်ရတာ” ဟု သူက ဆိုသည်။
ရရှိလာသည့် အုတ်များကို ထားဝယ်၊ ရေး၊ သံဖြူဇရပ် စသည်ဖြင့် အမှာရှိသည့် နေရာများသို့ လိုက်ပို့ပေးပြီး ဖောက် သည်ဈေးဆိုလျှင် တလုံး ၆၀ ကျပ်ပေးပြီး နယ်ပို့ပါက ၁၂၀/၁၃၀ ကျပ်ထိ ရရှိကြောင်း၊ တနှစ်လျှင် ကျပ် သိန်း ၇၀၀ ခန့် ရရှိသည့်အနက် လူငှားစရိတ်၊ စက်ယန္တရား၊ ပို့ဆောင်ခ စသည်ဖြင့် ဖယ်လိုက်လျှင် ထက်ဝက်လောက် ကျန်ကြောင်း သိရသည်။
“ဒီအုတ်ကျတော့ အဆီအနှစ်နဲ့ လုပ်တယ်ဆိုတော့ ကျစ်လစ်သိပ်သည်းမှု ရှိတယ်။ မီးအားကောင်းတယ် မီးပြင်းတယ် ဆို အသံက ပုလင်းကွဲသံပေါက်တယ်။ ဆေးရောင်မသုံးဘူး။ ရေငန်အုတ်တွေကျတော့ ဆေးရောင်သုံးတယ်။ နီအောင်ပေါ့။ ဒါက သဘာဝစစ်စစ်၊ သဘာဝမြေကြီးနဲ့ ဘာမှ ရောစပ်မှုမရှိဘူး” ဟု အုတ်အရည်အသွေးနှင့် ပတ်သက်၍ မချိုချိုသန်း က အာမခံပြောဆိုသည်။
ရေငန်မရောက်သည့်နေရာ ရေချိုအုတ်ဖြစ်သည့်အတွက် ဆားပွင့်မလိုက်၊ ရေငန်အငွေ့မှုတ်ခြင်း မခံရကြောင်း၊ ရေ ချိုမြေ စစ်စစ်မို့ အရည်အသွေးပိုင်း အရ မာကျောမှုရှိပြီး သဘာဝဘေးဒဏ် ခံနိုင်ကြောင်း စသည်ဖြင့် ရေချိုအုတ်နှင့် ရေငန်အုတ် ကွာခြားပုံများကိုလည်း သူက နှိုင်းယှဉ်ပြသည်။
တနှစ်ပတ်လုံး ၄ လခန့်သာ အုတ်လုပ်ငန်း လည်ပတ်ရသည့်အတွက် တခြားသောအချိန် အထူးသဖြင့် မိုးတွင်းကာလ တွင် သူပိုင် ခြံမြေထဲ၌ တဲတန်းလေးထိုးကာ အလုပ်သမားများအား နေစရာပေးထားကြောင်း၊ တချို့ ရွာပြန်ပြီး ကောက်စိုက်ကြသော်လည်း အဆင်မပြေသဖြင့် အချိန်တန်လျှင် အုတ်လုပ်ငန်းသို့ပဲ ပြန်လာလုပ်ကြသည်ဟု သူက ဆိုသည်။
အလုပ်သမား တဦးလျှင် လုံးစား ပုတ်ပြတ်အဖြစ် အုတ်တလုံးလျှင် ၁၀ ကျပ် ပေးထားရာ ပျမ်းမျှအားဖြင့် တဦးလျှင် တနေ့ကို ၆၀၀၀ မှ ၈၀၀၀ ကျပ်ထိ ရရှိကြောင်း၊ မိုးတွင်းကာလတွင် ဝမ်းရေးအတွက် အနီးဝန်းကျင် မြို့ရွာများတွင် သစ်လိုက်ခုတ်၊ ရာသီပင်စိုက်ဖြင့် ကျပန်း(ဘောက်) လုပ်စားကာ ဖြေရှင်းကြရကြောင်း သိရသည်။
“တနေ့ကို ပုံမှန်တော့ မရှိဘူး။ လုပ်ရင်လုပ်သလို ရတယ်။ ဟိုမှာ(ဧရာဝတီတိုင်း) အလုပ်ရှားတော့ ဒီကိုရောက်လာ တာ။ ဒီမှာ လုပ်ရတာ အဆင်ပြေပါတယ်” ဟု အလုပ်သမား ဦးထွန်းနိုင်က ပြောပြသည်။
ဦးထွန်းနိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့၊ တမောဝကျေးရွာဇာတိမှ ဖြစ်ပြီး ယခုအုတ်ဖိုတွင် လာရောက် လုပ်ကိုင်နေသည်မှာ ၅ နီးပါး ရှိပြီဖြစ်ကြောင်း၊ ဇာတိမြေတွင် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြောင်း သိရသည်။
“မိသားစု တယောက် အရင်ရောက်ရင်းကနေ ဒီကိုလာလည်ရင်းနဲ့ မိသားစုလိုက် ပြောင်းရွှေ့လာတာ။ ပင်လယ်ထဲ မှာတော့ မိသားစုနဲ့ဝေးတယ်။ လေးငါးခြောက်လ လုပ်ရတယ်။ ဒီမှာကျ မိသားစု တစည်းတလုံးတည်းဆိုပြီးတော့ ဒီ အုတ်ဖိုမှာပဲ လုပ်လိုက်တာ” ဟုလည်း သူက ရှင်းပြသည်။
တခါတလေ ပင်ပန်းလွန်း၍ အလုပ်လုပ်ချင်စိတ် မရှိသည်အထိ ဖြစ်မိသော်လည်း မိသားစုကို ပြန်ငဲ့ကြည့်ရင်း မထွက် နိုင်သေးကြောင်း၊ မိသားစုလိုက်ချည်း အုပ်စုလိုက် ပြောင်းရွှေ့ဖို့ဆိုသည်မှာလည်း အခက်အခဲရှိကြောင်း၊ ကလေးများ ပညာသင် စုံလင်သည်အထိတော့ လုပ်ဖြစ်အုံးနေမည် ဖြစ်ကြောင်း သူက ဆိုသည်။
လက်ထဲတွင် စုမိဆောင်းမိ မရှိသော်လည်း သားသမီး ၃ ဦးကို ပညာသင်ပေးနိုင်ခြင်းက အမြတ်ဖြစ်သည်ဟု သူက ခံယူထားသည်။
“ကိုယ်တွေလို မဖြစ်အောင် ကလေးတွေကို ပညာတော့ ရအောင် သင်ပေးမယ်။ ဒီမှာ အလုပ်လုပ်တာ ပညာတော့ စုဆောင်းမိတာပေ့ါ” ဟု သူက ဖွင့်ဟပြောဆိုသည်။
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၏ ခန့်မှန်းချက်အရ မွန်ပြည်နယ်တွင် ဧရာဝတီတိုင်း မှ ရွှေ့ပြောင်းအလုပ်သမားများအပြင် ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှလည်း လာရောက်လုပ်ကိုင်သူများရှိပြီး အနည်းဆုံး ၃၊ ၄ သိန်းရှိကြောင်း သိရသည်။
ထိုပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများသည် မွန်ပြည်နယ်ရှိ အုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရော် ဘာ/ကွမ်းသီးခြံလုပ်ငန်းများနှင့် ရေလုပ်ငန်းများတွင် အဓိက လာရောက်လုပ်ကိုင်ကြသည်ဟု ဆိုသည်။
ဌာနေတိုင်းရင်းသား အများစုသည် အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့ ရွှေ့ပြောင်း အလုပ်လုပ်ကြရာ မွန်ပြည်နယ်အတွက် အခြေခံအလုပ်သမား လိုအပ်ချက်ကို ထိုရွှေ့ပြောင်းအလုပ်သမားများက အစားထိုးရာ ရောက်နေ သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
“တချို့ရွာတွေမှာဆို လူရွယ် ယောကျ်ားရော မိန်းမရော အကုန် မရှိသလောက် ဖြစ်နေတယ်။ အဲဒီနေရာအတွက်ကို ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတို့ဘက်က လာပြီး အစားထိုးလာလုပ်ရတဲ့ အနေအထားမျိုး ဖြစ်လာတယ်” ဟု သူက ဆိုသည်။
ထိုကဲ့သို့ မွန်ပြည်နယ်အတွက် အခြေခံအလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာ ရောက်သည်ဆိုသော်လည်း မည်သည့်အရပ်ဒေသမှန်းမသိ ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကြောင့် လူမှုရေးဆိုင်ရာ ပြဿနာများ၊ ဒုစရိုက်လုပ်ငန်းများ၊ လုယက်ခိုးဆိုး တိုက်ခိုက်မှုများ များလာရသည်ဟုလည်း သူက ပြောသည်။
ယခင်က ပြည်တွင်းရွှေ့ပြောင်း အလုပ်သမား အရေအတွက်၊ ကိုယ်ရေးရာဇဝင် အချက်အလက်များကို ရပ်ကျေးအဆင့် ဧည့်စာရင်းပေါ် အခြေခံကာ အုပ်ချုပ်ရေးရုံးမှ ရနိုင်ကြောင်း၊ ယခုနောက်ပိုင်း ဧည့်စာရင်း ပယ်ဖျက်လိုက်သည့်အတွက် လုပ်ငန်းရှင်များဆီက ရနိုင်သော်လည်း မြေပြင်အခြေအနေနှင့် ကွာဟမှုများ ရှိခြင်းကြောင့် အုပ်ချုပ်ရေးပိုင်းမှ စီမံခန့်ခွဲမှု ပြုလုပ်ရာတွင် အခက်အခဲဖြစ်ကြောင်း သူက ရှင်းပြသည်။
“အချက်အလက် ကိန်းဂဏန်းနဲ့ ပတ်သက်တဲ့ စနစ်တကျကောက်ယူမှု၊ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက် ဆက်နွယ်တဲ့ အချက်လက်တွေ ရယူဖို့လိုတယ်။ ဖြစ်လာရင် သူ့သက်ဆိုင်ရာ လုပ်ငန်းခွင်ကို တာဝန်ယူထားတဲ့ လုပ်ငန်းရှင် ကုမ္ဗဏီအဖွဲ့ အစည်းတွေပဲ ဖြစ်ဖြစ် သူတို့အနေနဲ့ ထိန်းသိမ်းကြီးကြပ်ရေးမှာ စနစ်တကျဖြစ်ဖို့ လိုတယ်။ ခိုးဆိုးလုယက်မှုတွေမှာ ပတ်သက်တဲ့သူတွေကိုလည်း အသေအချာ အတိအကျ ရှာဖွေဖော်ထုတ် ဖမ်းဆီး အရေး ယူတာတွေ တိတိကျကျ ဖြစ်စေချင်တယ်” ဟုလည်း သူက အကြံပြုထောက်ပြသည်။
မိဘမေတ္တာ အုတ်လုပ်ငန်း ဦးစီးလုပ်ကိုင်နေသည့် မချိုချိုသန်းကတော့ သူ့လုပ်ငန်းခွင်တွင် လူပေါင်းစုံရှိသည် ဆိုသော်လည်း မှုခင်းဖြစ်ပွားမှု မရှိကြောင်း၊ လူမှုရေးဆိုင်ရာကိစ္စများ၊ နေရင်း ဒေသကတည်းက ဖြစ်လာခဲ့သည့် လူမှုရေး ဖောက်ပြန်မှု ကိစ္စများတော့ ရှိကြောင်း၊ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမား စာရင်းအားလုံးကို ရပ်ကျေးဥက္ကဋ္ဌထံ ပို့ပေးထားကြောင်း ရှင်းပြသည်။
“အလုပ်သမား အချင်းချင်း တည့်ကြပါတယ်။ ညနေပိုင်း အရက်သောက်ချိန်တော့ စကားများကြပေမယ့် မိုးလင်းကျရင် တည့်တယ်။ အလုပ်ရှင်ကလည်း ကောင်းပါတယ်” ဟု ရေးမြို့နယ်၊ ကင်မွန်းရွာမှ လာရောက်လုပ်ကိုင်နေသည့် မစုက လုပ်ငန်းခွင် အခြေအနေကို ပြောပြသည်။
ဒေါ်လုလုမော်အဖို့ ဇာတိမြေကို စွန့်ခွာလာခဲ့သည်မှာ ၅ နှစ်နီးပါးရှိဖြစ်သော်လည်း သူ့လက်ထဲတွင် စုမိဆောင်းမိ သေးခြင်း မရှိသေးပေ၊ ကျန်နေခဲ့သည့် ဆွေမျိုးများနှင့် အဆက်သွယ်ရှိသော်လည်း ၎င်းတို့ထံ ပိုက်ဆံတင်ပို့ ပေးနိုင်ခြင်း မရှိကြောင်း သူက ပြောပြသည်။
တနယ်မပြောင်း သူကောင်းမဖြစ်၍သာ ကိုယ့်ဇာတိမြေကို စွန့်ခွာပြီး တနယ်တကျေးတွင် အလုပ်လာရခြင်းဖြစ်ပြီး တခါတလေတော့ ကိုယ့်မွေးရပ်မြေကို ပြန်ချင်သည်ဟုလည်း သူက ဖွင့်ဟပြောဆိုသည်။
“လောလောဆယ် ဒီမှာက စားဝတ်နေရေးတော့ ဖြေရှင်းလို့ရတာပေါ့။ ဒါပေမယ့် ရရစားစားနဲ့ ကုန်နေတာပဲ။ ဘာမှတော့ မထွန်းကားဘူး။ (ဇာတိ)ပြန်တော့ ပြန်ချင်တာပေါ့။ မပြေမှ မပြေလည်သေးတာ ဘယ်လိုလုပ် ပြန်မလဲ” ဟု သူက ညှိုးငယ်စွာ ရေရွတ်နေပါသည်။ ။
You may also like these stories:
ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများကို နေရပ်ပြန်မဲပေးရန် တိုင်းရင်းသားပါတီများ လိုလားန
အမျိုးသမီးရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးအပြည့်အဝရရန် လုပ်ဆောင်မည်ဟု ဝန်ကြီးပြော