တိရိစာ္ဆန်များ သေဆုံးနေကြသည်။ ငါးတကောင်၊ ငှက်တကောင်၊ နို့တိုက် သတ္တဝါတကောင် သို့မဟုတ် တွားသွား သတ္တဝါ တကောင် ဖြစ်နေနိုင်သည်။ အမြဲတမ်း အလားတူပင် ဖြစ်သည်။ ရင်ခွဲစစ်ဆေးမှုတခုပြုလုပ်ကြည့်လျှင် ၎င်းတို့၏ ဝမ်းဗိုက်ထဲ ပလပ်စတစ်များကို မလွဲမသွေ တွေ့ကြရပါလိမ့်မည်။
မနက်ခင်းတိုင်းတွင် ကျနော် အိပ်ရာမှ ထလာသည်။ ရေချိုးခန်းတွင်းသို့ ဝင်သည်။ စင်များပေါ် စစ်ဆေးကြည့်သည်။ သွားတိုက်ဆေး၊ ဆံပင်ပျော့ဆေး၊ လက်ဆေးဆပ်ပြာ၊ ခရင်မ်များနှင့် မျက်လုံးသန့်ဆေးရည် အစရှိသဖြင့် ရောင်စုံ ပလပ်စတစ်ဗူး အမျိုးမျိုးက တသီတတန်း ရှိနေသည်။ ကျနော်က အမြဲလိုလို ခရီးသွားနေရသည့် အတွက် ဈေးချိုသော တခါသုံး ခေါင်းလျှော်ရည် အထုပ်ကလေးများလည်း ကျနော့်တွင် အတွဲလိုက် ရှိ၏။
ယခုအချိန်တွင် (ကျနော် သုံးစွဲမိနေပုံရသော အဆုံးမရှိသည့် ပလပ်စတစ်ပမာဏ ကြောင့်) ကျနော်က ပြစ်မှုကျူးလွန်သူတယောက်လို၊ အဆိုပါ တိရိစာ္ဆန်များကို သတ်ဖြတ်သူတယောက်လို ခံစားရပါသည်။
တောင်လိုပုံနေသည့် ဖျက်ဆီးမရသော အမှိုက်များ၏ အတိုင်းအတာအရ မျှော်လင့်ချက် ကင်းမဲ့ခြင်းကို အရှုံးပေးလက်ခံလိုက်ရန် လွယ်ကူပါသည်။ သို့သော် တစက္ကန့်မျှ ခေတ္တရပ်တန့်၍ အချို့သောရှုထောင့်များကို ကြည့်လိုက်ပါ။
အလွယ်ပြောရလျှင် ပလပ်စတစ်သည် ဓာတုဗေဒနည်းဖြင့်ဖြစ်စေ သို့မဟုတ် သဘာဝပစ္စည်းများကို တုပ၍ ဖြစ်စေ ပြုလုပ်ထားသော လူလုပ်ဒြပ်ပေါင်း ဖြစ်သည်။ များသောအားဖြင့် ရေနံဓာတု ပစ္စည်းများမှ ထုတ်လုပ်သည်။ တခါသုံး ပလပ်စတစ်များနှင့် ပတ်သက်၍ ကျနော်တို့က သုံးသည်ထက် များစွာ ပို ပြောနေကြပါသည်။
Society of the Plastics Industry ၏ အဆိုအရ ပလပ်စတစ် ထုတ်လုပ်ခြင်းနှင့် စွန့်ပစ်ခြင်း အများစုကို အုပ်စု ၆ ခုသို့ ချုံ့ ပစ်လိုက်နိုင်ပါသည်။
ပထမဆုံးမှာ (နာမည်အလွန်ပျက်သည့်) ပလပ်စတစ် ပုလင်းများဖြစ်သည်။ ၎င်းတို့ကို ပုံမှန်အားဖြင့် ၎င်းတို့ကို မာကျောသော်လည်း ပြောင်းလွယ်ပြင်လွယ်ရှိသော ပစ္စည်းဖြစ်သည့် Polyethylene Terephthalate (PET) မှ ထုတ်လုပ်သည်။ ဝတ်ဆင်၍ ရသော အထည်ဖြစ်သည့် Polyester များသည် PET ပုံစံ တမျိုးဖြစ်သည်။
ဒုတိယတခု ဖြစ်သည့် သိပ်သည်းဆမြင့်သော Polyethylene (HPDE) ကို ပုံသေတည်ဆောက်မှုတခု လိုအပ်သော ကြံ့ခိုင်သည့် ပစ္စည်းများ ထုတ်လုပ်ရန် အသုံးပြုသည်။ ဥပမာအားဖြင့် မော်တော်ကား အစိတ်အပိုင်းများ၊ အောက်ခံခုံများ၊ ပရိ ဘောဂများ၊ ချေးချွတ်ဆေးများ၊ အစွန်းချွတ်ဆေးများနှင့် နို့များထည့်သွင်းထုပ်ပိုးသည့် နေရာများတွင် ဖြစ်သည်။
တတိယမြောက်ဖြစ်သည့် Polyvinyl Chloride (PVC) က ပုံသွင်း၍ လွယ်ကူ၍ ကြာရှည်ခံသည်။ PVC ၏ မီးလောင်ခံနိုင်ခြင်းနှင့် ဖိအားကို ခံနိုင်သည့် အစွမ်းသတ္တိက ၎င်းကို ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလွန်သင့်တော်သော ပစ္စည်း တခု ဖြစ်စေခဲ့သည်။ ပိုက်သွယ်တန်းခြင်း၊ ကြမ်းခင်းခြင်းနှင့် ကေဘယ်လ်ကြိုးများ သွယ်တန်းခြင်းတွင် အသုံးပြုသည်။
စတုထ္တအနေဖြင့် သိပ်သည်းဆနိမ့်သော Polyethylene (LDPE) သည် ပုံမှန်အားဖြင့် ပါးလွှာ၍ ပြောင်းလွယ်ပြင်လွယ်ရှိသော ပလပ်စတစ်ပစ္စည်းတခု ဖြစ်ပြီး ပလပ်စတစ် အိတ်များအတွက် အသုံးပြုသည်။ ကျွတ်ကျွတ်အိတ် အများစု မှာ LDPE များဖြစ်ကြသည်။
ပဉ္စမမြောက်ဖြစ်သည့် Polypropylene (PP) သည် အလွန်ပြောင်းလွယ်ပြင်လွယ်ရှိ၍ ရာဘာနှင့်တူသော ပလပ်စတစ်ဖြစ် ပြီး ၎င်းကို ပြွန်များနှင့် ဆေးပစ္စည်းများတွင် အသုံးပြုသည်။ အပူဒဏ်ခံနိုင်ခြင်း၊ ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် ထွင်းဖောက် မြင်နိုင်မှုတွင် သာလွန်ထူးကဲသည်။
ဆဌမမြောက်မှာ အပူတွင် အရည်ပျော်သည့် ပလပ်စတစ်တမျိုးဖြစ်သည့် polystyrene (PS) ဖြစ်သည်။ ၎င်းက ဓာတုဗေဒဆိုင်ရာ အမြဲတမ်းပြောင်းလဲမှု မရှိဘဲ အရည် ပျော်နိုင်ပြီး ပြန်လည် ပုံသွင်းနိုင်သည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။ ဖော့ဘူး ဖော့ခွက်များ ထုတ်လုပ်ရာတွင် အများဆုံး အသုံးပြုလေ့ရှိသည်။
အဆိုပါ ပလပ်စတစ် အုပ်စုအားလုံးကို ကျနော်တို့က ပြန်လည်သုံးစွဲခြင်း သို့မဟုတ် တခြားမည်သည့်နည်းဖြင့်မဆို လုပ်ဆောင်နိုင်ခြင်းများ အသေအချာ ရှိပါသလား။
ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ သို့သော်မသေချာပါ။ ထိုနေရာက အခြေအနေများကို ရှုပ်ထွေးစေသည့် နေရာဖြစ်သည်။
ဥပမာပြရလျှင် ထို ၆ မျိုးထဲတွင် မလေးရှားနိုင်ငံ၌ ၃ မျိုး(PET၊ HPDE နှင့် PP) ကိုသာ ပြန်လည် အသုံးချနိုင်သည်။ အင်ဒိုနီးရှားတွင် PET၊ HPDE နှင့် (အနည်းငယ်မျှသော) LDPE ကိုသာ ပြန်လည် အသုံးချနိုင်သည်။
သို့သော်လည်း ကျနော်နှင့် အရှေ့တောင်အာရှသား အများစု၏ အိမ်များတွင် အဆိုပါ အုပ်စု ၆ မျိုးလုံး ရှိနေပါသည်။
လက်တွေ့တွင်လည်း ပလပ်စတစ်နှင့် လုံးလုံးလျားလျား ကင်းဝေးအောင် ကျနော်တို့ လုပ်နိုင်မည်လားဆိုသည်မှာ အလွန်ကြီးမားသော မေးခွန်းတခု ဖြစ်သည်။
ရေနံဓာတုလုပ်ငန်း၏ အဓိကထုတ်ကုန်တခု ဖြစ်သော ပလပ်စတစ်လုပ်ငန်းကဏ္ဍက ကြီးမားပါသည်။ ၂၀၁၈ ခုနှစ်တွင် ထိပ်တန်း ရေနံဓာတု ကုမ္ပဏီ ၅၀ ၏ စုစုပေါင်းဝင်ငွေက အမေရိကန်ဒေါ်လာ ၉၂၆.၈ ဘီလီယံရှိခဲ့သည်။ ရေနံချက်လုပ်ငန်း၏ ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ ထက် များစွာကျော်လွန်နေခဲ့သည်။
ထို့ပြင် ရေနံဓာတုလုပ်ငန်းက နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း တိုးတက်နေသည်ဟု ခန့်မှန်းရသည်။
အရှေ့အာရှတွင် LG၊ Toray၊ Formosa Plastics၊ SINOPEC၊ Mitsubishi၊ PetroChina နှင့် LOTTE တို့ကဲ့သို့ ဧရာမ ကုမ္ပဏီကြီးများ ရှိသည်။ ထိပ်တန်း ကုမ္ပဏီ ၅၀ ၏ ဝင်ငွေတွင် အရှေ့တောင်အာရှမှ ၃ ပုံ ၁ ပုံ ပါဝင်နေခြင်းက ဒေသတွင်းတွင် အခိုင်အမာ တိုးတက်မှုကို ဖော်ပြနေသည်။ ထိုပလပ်စတစ် အားလုံးက တောင်ပုံရာပုံ ဖြစ်နေမည်မှာ အသေအချာပင်။
Bantar Gebang က အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှတွင် အကြီးဆုံးသော အမှိုက်စွန့်ပစ်သည့် နေရာဖြစ်သည်။ နေ့စဉ်နေ့တိုင်း ဂျကာတာမြို့ပြဒေသမှ တန်ချိန် ၆၅၀၀ မှ ၇၀၀၀ အတွင်းရှိသော အမှိုက်များက ထိုဧရိယာအတွင်းသို့ ဝင်လာနေသည်။
ပလပ်စတစ်က အမှိုက်များထဲတွင် အချိုးအစား ကြီးမားစွာ ပါဝင်နေသည်။ သို့သော်လည်း နာကျင်ရသည့် အမှန်တရားမှာ ကျနော်တို့အနေဖြင့် ပလပ်စတစ်ထုတ်လုပ်ခြင်းကို ရပ်တန့်ရန် မစွမ်းဆောင်နိုင်သလို ကျနော်တို့၏ နေ့စဉ်ဘဝများတွင် ပလပ်စတစ်မပါဘဲ အလွယ်တကူ အလုပ်ဖြစ်နိုင်ချေရှိသော အခြားနည်းလမ်းများလည်း ရှိမနေပါ။
ကျနော့် အယူအဆမှာမူ ပလပ်စတစ်က များစွာ အရေးကြီးသော ကိစ္စမဟုတ်ပါ။ တကယ့်စိန်ခေါ်မှု အစစ်အမှန်မှာ အလုပ်ဖြစ်သော၊ ကုန်ကျစရိတ် အနည်းဆုံးနှင့် ထိရောက်မှုရှိသော စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး စနစ်တခုကို ဖော်ထုတ်ရေးနှင့် ထိန်း သိမ်းထားနိုင်ရေး ဖြစ်သည်။
ဥပမာပြရလျှင် သမုဒ္ဒရာအတွင်းသို့ နှစ်စဉ် ပလပ်စတစ်တန်ချိန် ၁.၃သန်း စွန့်ပစ်နေသည်ဟု ခန့်မှန်းရသည့် အင်ဒိုနီးရှားနိုင်ငံသည် အခြေခံအဆောက်အဦး မလုံလောက်ခြင်းနှင့် အုပ်ချုပ်သူတို့၏ ထိန်းချုပ်တားဆီးမှု အားနည်းခြင်းများကြောင့် ထိခိုက်နစ်နာနေရသည်။
အမှိုက်များစုပုံထားရန် နေရာများပေးခြင်းက ပလပ်စတစ်၏ ကြီးစွာသော ကြာရှည်ခံနိုင်စွမ်းကြောင့် ကောင်းမွန်သော ရေရှည် အဖြေတခု မဖြစ်နိုင်ပါ။ ရလဒ်တခုအနေဖြင့် Bantar Gebang ကဲ့သို့သောနေရာများမှာ ပြည့်လျှံလုနီးပါး ရှိနေပြီ ဖြစ်သည်။
စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က အလားအလာရှိသော နမူနာများ ဖြစ်ကြသည်။ ထိုနိုင်ငံများတွင် စွန့်ပစ်အမှိုက်များကို မီးရှို့၍ လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ စွမ်းအင်ပေးခြင်း သို့မဟုတ် ပြန်လည် အသုံးချခြင်းများ ပြုလုပ်နေကြသည်။
ထိုနိုင်ငံများတွင် တူညီသော အကြောင်းရင်း ၃ ခုလည်း ရှိသည်။ ပထမ တခုမှာ သူတို့က အလွယ်တကူ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများ ထုတ်လုပ်ရေး ထုတ်လုပ်သူများကို တာဝန်ယူခိုင်းသည်။
ဒုတိယ အနေဖြင့် သူတို့တွင် စည်းကမ်းလိုက်နာမှုကို မြှင့်တင်သော ခိုင်မာသည့်ယဉ်ကျေးမှုတခုနှင့် သက်ဆိုင်ရာ တဦးတယောက်ချင်းစီ ပြန်လည်အသုံးချမှု ရှိသည်။
အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ် စနစ်ပြ ဗီဒီယို
နောက်ဆုံး အချက်မှာ ထို ၃ နိုင်ငံလုံးက စွန့်ပစ်ပစ္စည်းနှင့် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို စနစ်တကျပြုလုပ်ရေး အတွက် ကောင်းမွန်သော စက်မှုဆိုင်ရာ စွမ်းဆောင်နိုင်ရည်ရှိနေသည်။
သို့သော်လည်း စွန့်ပစ်မှု စီမံခန့်ခွဲရေးပေါ်တွင်သာ ကျနော်တို့ မှီခိုသင့်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ဖြစ်နိုင်သလောက် နေရာတိုင်းတွင် ကျနော်တို့ ပလပ်စတစ် အသုံးပြုမှုကို လျှော့နိုင်သမျှ လျှော့ချသွားသင့်ပါသည်။
နိုင်ငံများအနေဖြင့် ပိတ်ပင်ခြင်း သို့မဟုတ် ကုန်သွယ်ခွန် စည်းကြပ်ခြင်းကဲ့သို့ အားထုတ်မှုများဖြင့် တခါသုံး ပလပ်စတစ်ကို လျှော့ချနိုင်ပါသည်။ ကြိုးစားကြည့် နိုင်ပါသည်။ ဥပမာပြရလျှင် အင်ဒိုနီးရှားနိုင်ငံမှ ခရီးသွားလုပ်ငန်း အချက်အချာ ထိပ်တန်းနေရာ ဖြစ်သော ဘာလီက ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှစ၍ အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။
စူပါမားကက်များနှင့် စားသောက်ဆိုင်များကဲ့သို့ လက်လီအရောင်းနေရာများက ငှက်ပျောရွက်ကဲ့သို့သော ရိုးရာပုံစံ ထုပ်ပိုးမှုများကို ကျင့်သုံးနိုင်ပါသည်။
သို့သော်လည်း နောက်ဆုံးတွင် ကျနော်တို့ ပြည်သူများက ကျနော်တို့၏ ကိုယ်ပိုင် အမူအကျင့်များကိုလည်း ပြောင်းလဲရင်း အပြောင်းအလဲကို တောင်းဆိုရန် လိုအပ်ပါသည်။
ပြည်သူများက အစိုးရကို ဖွဲ့စည်းပေးသည်။ သတင်း အချက်အလက်ပေးသည်။ ဈေးကွက်များကို ပုံဖော်သလို ဝယ်လိုအားကိုလည်း သက်ရောက်စေသည်။ သင်တို့နှင့် ကျနော်ကိုယ်တိုင်လည်း ထိုထဲတွင် ပါဝင်နေပါသည်။
သန်းနှင့် ချီ၍ မရှိလျှင်ပင် ထောင်ပေါင်းများစွာသော တိရိစာ္ဆန်တို့ သေဆုံးရခြင်းအတွက် တာဝန်ရှိမှုကိုလည်း ကျနော်တို့ လက်ခံရမည် ဖြစ်သည်။
ဝမ်းနည်းဖွယ်ရာ ဖြစ်သော်လည်း ပလပ်စတစ်ကြောင့် သေဆုံးရသည့် ပုံရိပ်များက လှုံ့ဆော်ပေးခဲ့သည့် ရင်ထဲကလာသော တုန့်ပြန်မှုများက အရေးယူဆောင်ရွက်ရေး ခိုင်မာအားကောင်းသော တွန်းအားတခု ဖြစ်သင့်ပါသည်။
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပလပ်စတစ်က ဆက်၍ ရှိနေမည် ဖြစ်သည်။
သို့သော် ကျနော်တို့က အကျွင်းအကျန်အမှိုက်များကို ထိရောက်သော အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေး စနစ်တခုမှတဆင့် တာဝန်သိသိ၊ အသိပညာရှိရှိ စွန့်ပစ်၍ ရနိုင်သော အကြောင်းရင်းလည်း ရှိနေပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး
မာယာကာရင် သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်သူ ရုပ်ရှင်မင်းသမီး