ဆောင်းပါး

ICJ အမှုတွင် ပြည်တွင်းနိုင်ငံရေးအပေါ် ဦးစားပေးလေ့လာခြင်း

ယခု သဟိဂ်၌ မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သူ၏ တိုင်းပြည်အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်များကို ကာကွယ်နေသည့်အချိန်တွင် သူရောက်ရှိလာခြင်းက နိုင်ငံတကာစင်မြင့်တွင် ရိုဟင်ဂျာတို့၏ ဒုက္ခကို မီးမောင်းထိုးပြမည့် အဖြစ်အပျက် တသီတတန်းထဲမှ နောက်ဆုံးပေါ်လာသော တခုတွင် ပါဝင်ပါလိမ့်မည်။

သို့သော်လည်း နိုင်ငံတကာ၏ အာရုံစိုက်မှုက ယခုကိစ္စတွင် သူ၏ စွမ်းဆောင်မှုနှင့် ပုံရိပ်တို့ကို အလေးပေးကြလိမ့်မည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် သဟိဂ်သို့ ရောက်လာသည့် ကိစ္စကဲ့သို့ပင် ၂၀၂၀ ခုနှစ်သို့ ဦးတည်နေသည့် အချိန်၌ နိုင်ငံ အတွင်းတွင် ဖြစ်ပေါ်နေသည့် ကျယ်ပြန့်သော ပြည်တွင်းနိုင်ငံရေးအရွေ့များကိုလည်း သတိပြု စောင့်ကြည့်သွားရန် အရေးကြီးပါသည်။

ရာစုနှစ် ၄ ပုံ ၁ ပုံ ခန့်ကာလအတွင်းတွင် အရှေ့တောင်အာရှ နိုင်ငံ၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ သမိုင်းဝင် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးသက်တမ်း အချိန်အများစုတွင် ရိုဟင်ဂျာ ပြဿနာက အကျပ်အတည်း ဖြစ်စေခဲ့သည်။ မြန်မာ့တပ်မတော်၏ ၂၀၁၇ ခုနှစ်က ဖြိုခွဲတိုက်ခိုက်မှု နောက်ပိုင်းတွင် ရိုဟင်ဂျာ မွတ်ဆလင် ၇၀၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြခြင်းနှင့်အတူ ပေါ်ထွက်လာသော လူမျိုးဖြုတ် သန့်စင်မှုနှင့် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်များကို မြန်မာအစိုးရ ရင်ဆိုင်ခဲ့ရသည်။

အဆိုပါ စွပ်စွဲချက်များကို မြန်မာအစိုးရက ငြင်းဆန်ခဲ့ပြီး လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွများကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ အဆိုပါ ပြဿနာက အာဖရိက အနောက်ပိုင်းမှ မွတ်ဆလင်လူများစု နိုင်ငံတခု ဖြစ်ပြီး အဖွဲ့ဝင် ၅၇ ဦးပါဝင်သော အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်လည်းဖြစ်သော ဂမ်ဘီယာက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုသည့်အချိန်၌ မီးမောင်းအောက်သို့ ထပ်မံရောက်ရှိလာခဲ့သည်။

ထိုရှုထောင့်မှ ကြည့်ခြင်းအားဖြင့်  ICJ အမှုနှင့် ပတ်သက်၍ သူ့တိုင်းပြည်ကို ကာကွယ်ရန် ယခုအပတ်တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်း (ကြီးမားသော အာရုံစူးစိုက်မှုများကို ဆွဲဆောင်နိုင်ခဲ့သည့် ရွေးချယ်ချက်တခု) က ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာ သတင်းခေါင်းစဉ်များသို့ ရောက်စေခဲ့သော အဖြစ်အပျက် တသီတတန်းထဲမှ နောက်ဆုံးဖြစ်သည့် တခုတွင် ပါဝင်လာခြင်းသာ ဖြစ်ပါလိမ့်မည်။ နယ်သာလန်န်ိုင်ငံသို့ ဒီဇင်လာလ ၉ ရက်နေ့တွင် ရောက်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်နေသော ကနဦးကြားနာမှုများတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် တက်ရောက်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာပုံရိပ်နှင့် ကြားနာစစ်ဆေးမှုတွင် သူ၏ စွမ်းဆောင်ရည်အပေါ် အာရုံစိုက်ကြမည်မှာ အံ့အားသင့်စရာမဟုတ်ပါ။ အရေးကြီးသည်မှာ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဟု ဖော်ပြခဲ့သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးမှုတခု အပါအဝင် ထွက်ပေါ်ခဲ့ပြီးဖြစ်သည့် သက်သေအထောက်အထား၏ အတိုင်းအတာအရ ဒေါ်အောင်ဆန်းစုကြည်ရောက်လာခြင်းက မြန်မာန်ိုင်ငံ၏ အမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ရာတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတို့၏ စိတ်ကို ပြောင်းလဲနိုင်ဖွယ်ရာ မရှိပါ။ လက်တွေ့တွင် သူ၏ ပုံရိပ်ကို ထပ်မံထိခိုက်ဖွယ်ရာ ရှိပါသည်။

သို့သော်လည်း မြန်မာန်ိုင်ငံမှ စစ်တပ်ကို ဆန့်ကျင် အာခံခဲ့ခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် ၁၉၉၁ ခုနှစ်တွင် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ယခုအခါတွင် ရက်စက်မှုများ ကျူးလွန်ခဲ့ပြီးဖြစ်သော အစိုးရကို ကာကွယ်ရန် ဥရောပသို့ ပြန်သွားခြင်းက ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်းတွင် သူ၏ နိုင်ငံတကာပုံရိပ်က မည်မျှပြောင်းလဲခဲ့သည်ကို ရှင်းရှင်းလင်းလင်း သရုပ်ဖော်ပြခြင်း ဖြစ်ပါလိမ့်မည်။

ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာ၏ မပြောင်းမလဲ နားလည်သဘော ပေါက်ထားမှုများအပေါ် မကျေနပ်မှုကို ဒေါ်အောင်ဆန်းစုကြည်က ကြာမြင့်စွာ မျိုသိပ်ထားခဲ့သည်ဆိုသည့် သူ၏ အကြံပေးအချို့၏ ယခင်က ပြောဆိုထားမှုများ အရဆိုလျှင် ယခုကဲ့သို့ လူသိရှင်ကြားပါဝင်လာခြင်းကြောင့် ထိုကိစ္စနှင့် ပတ်သက်၍လည်း စေ့စေ့စပ်စပ် စူးစမ်းခံရပါလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အာရုံစိုက်ကြခြင်းက နားလည်နိုင်စရာ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကျယ်ပြန့်သော ပြည်တွင်းန်ိုင်ငံရေး အရွေ့ကို နားလည်သဘောပေါက်ထားရန် အရေးကြီးပါသည်။ အတိအကျပြောရလျှင် အနည်းဆုံး ၃ ခုကိုဖြစ်သည်။ ပထမနှင့် အထင်ရှားဆုံး အရွေ့မှာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ နားလည်သဘောပေါက်ထားမှုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အပေါ်တွင် အာရုံစိုက်သည့်တိုင် ရိုဟင်ဂျာပြဿ နာက လူများစု ဗမာနှင့် တိုင်းရင်းသားလူနည်းစုများကြားမှ ကွဲပြားမှုနှင့် အယူအဆ သဘောတရားခြားနားမှု၊ တိုင်းပြည်က နိုင်ငံသားအဖြစ် မစဉ်းစားဘဲ သူတို့၏ အမည်ကိုပင် ခေါ်ဝေါ်ခြင်း မခံရသည့် ရိုဟင်ဂျာကဲ့သို့ အုပ်စုများနှင့် ပတ်သက်လျှင် ရှိနေဆဲဖြစ်သည့် မျက်စိမှိတ် ဘက်လိုက်မှုများနှင့် လူဦးရေ၏ အစိတ်အပိုင်းများတွင် ဆက်လက်ကြုံတွေ့နေရသည့် ခွဲခြားဆက်ဆံမှုများ  အပါအဝင် နိုင်ငံအတွင်းမှ လူများစု-လူနည်းစု ဆက်ဆံရေးနှင့် ပတ်သက်သော ကျယ်ပြန့်သည့် အရွေ့၏ အစိတ်အပိုင်း ဖြစ်သည်။ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအပေါ်တွင် နိုင်ငံတကာ၏ ပြင်းထန်သော တုန့်ပြန်မှုများ ရှိခဲ့ချိန်တွင်  မြန်မာန်ိုင်ငံအတွင်းတွင်မူ ဤသို့စစ်ဆေးခြင်းက လက်တွေ့ အမှန်တရားကို အပြင်လူများနားမလည်ကြပဲ တိုင်း ပြည်အပေါ် မမျှတစွာအပြစ်တင်နေသည်ဆိုသည့် အချို့လူများကြားမှ အယူအဆကို နောက်ထပ်ဒေါသဖြစ်အောင် ဆွပေးသလိုသာ ဖြစ်ခဲ့သည်။

ရိုဟင်ဂျာ ပြဿနာက မြန်မာနိုင်ငံတွင် မည်သို့ဖြစ်ပေါ်ခဲ့သည်ကို သမိုင်းဆိုင်ရာနှင့် ခေတ်ပြိုင်အမြင်တခုဖြင့် သတိမမူမိခဲ့ကြသူများအတွက် ယခုကိစ္စက အံ့သြစရာ ဖြစ်ကောင်းဖြစ်နိုင်သည့်တိုင်အောင် သဟိဂ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်းနှင့် ပတ်သက်၍ အလားတူ အရွေ့များကို မြင်တွေ့ရရန် ကျနော်တို့ မျှော်လင့်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်းနှင့် တပြိုင်နက်တည်းလိုလိုတွင် ဆန္ဒပြပွဲများပြုလုပ်ရန် လော်ဘီလုပ်သူများက စီစဉ်ထားပြီးဖြစ်သည့် အပေါ်တွင် သတင်းခေါင်းစဉ်များက အလေးပေးကြနိုင်ပါသည်။

ပြီးခဲ့သည့် အပတ်အတွင်းက ကျနော်တို့ တွေ့ခဲ့ရပြီး ဖြစ်သည်တို့နှင့် အလားတူပင် ဖြစ်သည်။ ထိုဆန္ဒပြပွဲများက ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ မြန်မာအစိုးရအပေါ် ကျယ်ပြန့်သည့် ထောက်ခံမှု၏ ပုံရိပ်တခုကို အားကောင်းစေရန် အထောက်အကူပေးလိမ့်မည်ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေးအတွက်လည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ အခမ်းအနားများက ရိုဟင်ဂျာများကိုယ်တိုင် အပါအဝင် တိုင်းပြည်နှင့် ပတ်သက်၍ မကျေနပ်မှုများ ကာလရှည်ကြာစွာရှိခဲ့သော တိုင်းရင်းသားလူနည်းစုများ၏ အသံများကို ကျယ်လောင်စွာ မကြားရနိုင်ဘဲ တိုင်းပြည်၏ နိုင်ငံရေး အခြေအနေအရ မည်သို့ဖြစ်နေစေ စိတ်ထဲတွင်ထားရန်က အရေးကြီးသော ပိုမိုရှုပ်ထွေးသည့် ပကတိတရားကို ဖုံးကွယ်ခြင်းလည်း ဖြစ်ပါလိမ့်မည်။

ဒုတိယ ပြည်တွင်းအရွေ့မှာ တိုင်းပြည်၏ နိုင်ငံရေး ပြက္ခဒိန်ဖြစ်သည်။ နောက်နှစ်တွင် ကျင်းပရန် မျှော်လင့်ထားသော ရွေးကောက်ပွဲဆီသို့ တိုင်းပြည်က နီးကပ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က သဟိဂ်သို့ ရောက်လာခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် သေချာသည်ဟု မျှော်လင့်ရသော်လည်း အာဏာရပါတီ အနေဖြင့် ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ စိန်ခေါ်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရသည်။ စီးပွားရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုးတက်မှု မရှိခြင်းပါဝင်သလို ရိုဟင်ဂျာပြဿနာကြောင့် တစိတ်တပိုင်းဖြစ်ရသော အရေးပါသည့် အနောက်တိုင်း နိုင်ငံအချို့နှင့် ဆက်ဆံရေး ကျဆင်းမှုကို စီမံခန့် ခွဲနိုင်မှု မရှိခြင်းလည်း ပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ စမ်းသပ်ချက်များမှာလည်း NLD ၏ လူကြိုက်များမှုအပေါ် မျှတသော အကဲဖြတ်ချက် အသေအချာ မဖြစ်နိုင်သည့်အချိန်တွင် NLD က လွှတ်တော်ကိုယ်စားလှယ်နေရာများ ဆုံးရှုံးခဲ့ရခြင်းက လာမည့်ရွေးကောက်ပွဲတွင် ၎င်း၏ အနိုင်ကို သေချာစေလိုလျှင် လုပ်ဆောင်ရန် အချို့ရှိနေသည့် အချက်ကို ဖော်ပြနေသည်။

သဟိဂ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်းက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် ICJ မှ အမှုကို တုန့်ပြန်ခြင်းဟု သဘောသက်ရောက်သည့်တိုင် ရွေးကောက်ပွဲက နီးကပ် လာနေခြင်းကြောင့် လူကြိုက်များစေမည့် အရင်းအမြစ်တခုအဖြစ် တိုင်းပြည်ကို သူ၏ ကာကွယ်ခြင်းအပေါ် ပုံအောထားခြင်းဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများထဲတွင် သူက တိုင်းပြည်၏ ဂုဏ်သိက္ခာကို အပြင်လူများနှင့် ဆန့်ကျင်ရင်ဆိုင်၍ မျိုးချစ်စိတ်ရှိစွာ ကာကွယ်နေသည် ဆိုသည့်အချက်ကို ခိုင်မာအားကောင်းစေမည့် အကျပ်အတည်းကာလတခုအတွင်း ရေတို လူကြိုက်များမှု၊ ထောက်ခံမှုကို တိုးမြှင့်လိုသည့် ခံစားချက်တခု ရှိနေခဲ့လျှင်လည်း အံ့သြစရာမဟုတ်ပါ။

အမှန်တကယ်တွင်လည်း ပြီးခဲ့သည့် လအတွင်းတွင် သူ၏ ရုံးက Facebook မှ တဆင့် ထုတ်ပြန်ခဲ့သည့် ဒါ်အောင်ဆန်းစုကြည် သွားရောက်ခြင်းက ICJ တွင် မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည် ဟုပြောကြားထားသော မူလကြေညာချက်တွင် ထိုသဘောတရား၏ အနှစ်သာရကို အမိဖမ်းထားသည်။ ပြီးခဲ့သည့် အပတ်အတွင်းက ကျနော်တို့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည့် လူထုချီတက်ပွဲအချို့ တွင်လည်း ထိုအချက်ကို ပဲ့တင်ထပ်ခဲ့သည်။

တတိယ အရွေ့မှာ တိုင်းပြည်၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေအနေဖြစ်သည်။ ရိုဟင်ဂျာပြဿနာ သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနေအထားကဲ့သို့သော ကိစ္စများနှင့် ပတ်သက်လာလျှင် ဒေါ်အောင်ဆန်းစုကြည်က မီးမောင်းထိုးခံရလေ့ရှိသည့် အချိန်တွင် အရပ်သားအစိုးရတခုက အုပ်ချုပ်နေသည့်တိုင် တိုင်းပြည်တွင် တပ်မတော်က သိသာထင်ရှားသည့် အာဏာကို ဆက်လက်ထိန်းသိမ်းထားဆဲဆိုသည့် အချက်က မှေးမှိန်နေခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည် တာဝန်ယူခဲ့သည့် အချိန်မှစ၍ အခြေအနေအချို့တို့၌ သူနှင့် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တိုင်းပြည်၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင်များကြားမှ တင်းမာမှုများနှင့် ပတ်သက်၍ ပြောဆိုမှုများ ရှိခဲ့သည်။

အဆိုပါ အရွေ့များက ICJ အမှုတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ကာကွယ်ရခြင်း၏ သံသယရှိရန် မလိုသော အကြောင်းရင်းများ ဖြစ်ပါလိမ့်မည်။  သဟိဂ်သို့ ခရီးစဉ် မတိုင်မီတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ် အတွင်း ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုများနှင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ၊ ထိပ်တန်းပုဂ္ဂိုလ်များထံမှ ထောက်ခံမှုအဆင့် (တပ်မတော်ဘက်မှ သူနှင့်အတူ လိုက်ပါရန်ရှိ/မရှိ အထိ) အပါအဝင် ဤအခြေအနေနှင့် ပတ်သက်၍ တပ်မတော်၏ တုန့် ပြန်မှုအပေါ် စေ့စေ့စပ်စပ် စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်ကို ကာကွယ်မှုက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် တပ်မတော်နှင့် သူ၏ ကြားတွင်ရှိခဲ့သော တင်းမာမှုအချို့ကို ဖြေရှင်းရန် အထောက်အကူ ပေးနိုင်လိမ့်မည့် အသွင်ရှိနေသော်လည်း အဓိက ကျသည့် မေးခွန်းမှာ နောက်တနှစ်တွင် ကျင်းပမည့် ရွေး ကောက်ပွဲသို့ ဦးတည်နေသော အချိန်၌  ပြင်းထန်သော သဘောထားကွဲလွဲမှုကို ဆက်ဖြစ်စေမည့် မြောက်များစွာသော အကြောင်းကိစ္စများအရဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ယခု လုပ်ဆောင်ချက်က အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ ကျယ်ပြန့်သည့် အခြေအနေအပေါ်တွင် မည်သို့သက်ရောက်မည်နည်း ဟူ၍ပင် ဖြစ်ပါလိမ့်မည်။

ယခု ဒေါ်အောင်ဆန်းစုကြည် ICJ  ၌ ရောက်ရှိနေသည့် အတောအတွင်းတွင် အများစုက သူ၏ နိုင်ငံတကာ ပုံရိပ်နှင့် ပုဂ္ဂိုလ်ရေးစွမ်းဆောင်ချက် အပေါ် အာရုံစိုက်နေကြမည် ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးမှ သိမ်မွေ့သောကွဲပြားမှုများနှင့် ပတ်သက်၍ ကျနော်တို့ အနည်းငယ်မျှသာ ကြားရနိုင်ပါသည်။ သို့သော်လည်း အဆိုပါ နိုင်ငံရေး အရွေ့များက နောက်လာမည့် ရက်အနည်းငယ်အတွင်းတွင် ပေါ်ပေါက်လာမည့် အခြေအနေများကို အရောင်ချယ်ပေးမည်သာမက ဒေါ်အောင်ဆန်းစုကြည် သဟိဂ်သို့ ရောက်လာပြီး ကာလများစွာကြာမြင့်ပြီးနောက် ၂၀၂၀ ခုနှစ်သို့ ရောက်သည့်အချိန်အထိလည်း ဆက်လက်၍ သက်ရောက်နေမည် ဖြစ်ခြင်းကြောင့် ဆက်လက်၍ သတိထားစောင့်ကြည့်သွားရန် အရေးကြီးပါသည်။

(The Diplomat အွန်လိုင်းသတင်းဌာနမှ Prashanth Parameswaran ၏ Suu Kyi’s Hague Appearance: Minding Myanmar’s Domestic Political Dynamics in the ICJ Genocide Case ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအနှံ့ ထောက်ခံပွဲများပြုလုပ်

ပြည်ပ ဖိအားကို ပြည်တွင်း ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ခြင်းဖြင့် တုံ့ပြန်ပါ

ကိုဖီအာနန် ကော်မရှင် ဖွဲ့မှ အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်က မှားပါတယ်

Loading