မြစ်များသည် လူသားများ အခြေချရာ လမ်းကြောင်းပြ မြေပုံများဖြစ်သည်။ မြစ်ကိုအခြေတည်၍ အလေ့အထ၊ ဓလေ့၊ ရိုးရာ၊ ယဉ်ကျေးမှုများ သန္ဓေတည်လာခဲ့သည်။ ရွာများ၊ မြို့ပြများ တည်ထောင်လာခဲ့ကြသည်။ မြစ်သည် လူမျိုး၏ စရိုက်လက္ခဏာ၊ နိုင်ငံတော်၏ အမှတ်သရုပ် ဖြစ်လာခဲ့ကြသည်။ မြစ်သည် အစားအစာကိုပေးသည်၊ ရေကိုပေးသည်၊ နေရာကိုပေးသည်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ပျော်ရွှင်မှုကိုလည်း ပေးသည်။ လူများသည် မြစ်အပေါ် မှီခိုရသည်။
အဆိုပါ အမှီသဟဲ ပြုမှုနှင့်အတူ လူမှုဓလေ့များ ဖြစ်တည်လာခဲ့ကြသည်။ အဆိုပါ လူ့ယဉ်ကျေးမှုသည် မြစ်၊ ချောင်း၊ ရေ၊ မြေ၊ တော၊ တောင်ကို ချစ်ခင်နှစ်လိုသည့် စိတ်နှင့်အတူ ပြန်လည်စောင့်ရှောက်သည်။ ဤနည်းဖြင့် ခံနိုင်ရည်ရှိသော ရှင်သန်မှုပုံစံကို ပေးစွမ်းသည်။
မြန်မာပြည်တွင် မြောက်ဖျားစွန်း ရေခဲတောင်အရပ်မှ တောင်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသအထိ ဒေါင်လိုက် အထက်မှ အောက်သို့ စီးဆင်းနေသော ဧရာဝတီမြစ်ကြီး ရှိသည်။ ၃၄ သန်း (၆၆ ရာခိုင်နှုန်း) သော မြန်မာပြည်သူများသည် မြစ်ဧရာ၏ မြစ်ဝှမ်းများ တလျှောက်တွင် မှီတင်းနေထိုင် အသက်မွေးကြသည်။ မြစ်၏တနေရာရာ (သို့မဟုတ်) နေရာ အတော်များများတွင် မြစ်ကြောင်း ဂေဟစနစ်ကို ပျက်စီးစေသည့် လုပ်ဆောင်ချက်များသည် မြစ်တခုလုံးအပေါ် သက်ရောက် ပျက်စီးစေနိုင်သည်။ ထို့အတူ မှီတင်းနေထိုင်သူများ၏ စားဝတ်နေရေးလည်း အခက်ကြုံလာပါမည်။ မြစ်ကို စောင့်ရှောက်ခြင်းသည် ထိုသူများ၏ ဘဝများကို စောင့်ရှောက်ခြင်းပင် ဖြစ်တော့သည်။
မြစ်၏ သယံဇာတသည် လူတို့၏ စားဝတ်နေရေး ဖူလုံမှုသာမက၊ အခြားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးသည်။ သို့သော် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများသည် မြစ်၏ဂေဟစနစ်ကို ထိခိုက် ပျက်စီးစေသည်။
ဧရာဝတီမြစ်ကြောင်းနှင့် မြစ်ဝှမ်းဒေသများတွင် ကြီးမားသော တာတမံများဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ထည့်သွင်းမစဉ်းစားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်း၊ စက်ရုံအလုပ်ရုံများမှ ရေဆိုးများစွန့်ထုတ်ခြင်း၊ မြစ်သဲ၊ ကျောက် အလွန်အကျွံ ထုတ်ယူခြင်း စသည့် ပြဿနာများရှိသည်။
တမံများကြောင့် မြစ်အောက်ပိုင်း အနည် ပို့ချမှုကို အဟန့်အတားဖြစ်နိုင်ကာ နုန်းတင်မြေနု စိုက်ပျိုးမြေများနည်းလာသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်းများကြောင့် ရေထိန်းပေးသည့် သစ်တောနေရာများပြုန်းလာသည်။ စွန့်ပစ်ရေဆိုးများကြောင့် မြစ်ရေညစ်ညမ်းလာသည်။ ထို့အတူ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူခြင်းဖြင့်လည်း ကမ်းပါးပြိုမှုများ၊ မြစ်လမ်းကြောင်းပြောင်းမှုများ၊ သားငါး ရှာပါးလာမှုများ ဖြစ်လာသည်။ ၂၀၁၈ ခုနှစ် WWF ၏ ဧရာဝတီမြစ်နှင့် မြန်မာ့စီးပွားရေး အစီရင်ခံစာအရ ဧရာဝတီ မြစ်အောက်ပိုင်းတွင် မြစ်ကမ်းပါးပြိုမှုနှုန်းသည် အခြားနေရာဒေသများထက် ရာခိုင်နှုန်းများနေသည်။ ချင်းတွင်းမြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်ဒေသသည်လည်း ထိုနည်းတူ ရင်ဆိုင်နေရသည်။
အဆိုပါအခြေအနေများတွင် မြစ်အတွင်းနှင့် မြစ်ဝှမ်းတလျှောက် မှီတင်းနေထိုင်သူများအပေါ် မည်သို့သော အကျိုးဆက်များ သက်ရောက်နေပါသလဲ၊ ဒုက္ခများမှ ရုန်းထနိုင်စွမ်းအား ရှိပါရဲ့လား စသည့် အမေးများ ရှိလာခဲ့သည်။ ဂေဟစနစ်နှင့် လူမှုဓလေ့ (တနည်း) ယဉ်ကျေးမှု ကွင်းဆက်အရ မြစ်အပေါ်မှီခိုရသည့် လူမှုဘဝပုံစံတွင် အခြေတည် ရှင်သန်လာခဲ့ကြသည့် ရိုးရာ၊ ဓလေ့၊ ကိုးကွယ်ယုံကြည်မှုများ ရှိနေမည်မှာ အသေအချာပင်။ ထိုအရာများသည် ထိုသူတို့ ရှင်သန်ကျင်လည်နေကြသည့် လူမှုဘဝထဲတွင် ပါဝင်စီးမျော နေကြလိမ့်မည်။
မြစ်၏ဂေဟစနစ်ကို လေ့လာသည့်အခါ အဆိုပါလူမှုဝန်းကျင်ကို ထည့်သွင်းလေ့လာပါမှ ပြည့်စုံမည်ဟု ယူဆသည်။ ထိုမှတဆင့် ရေအကြောင်း၊ မြစ်အကြောင်း၊ လူ့အဖွဲ့အစည်းများ အကြောင်း၊ တီထွင်ဖန်တီးမှုများအကြောင်း၊ ရုန်းထနိုင်စွမ်းအားများအကြောင်းကို သင်ယူ လေ့လာနိုင်မည်ဖြစ်သည်။
ယခုလေ့လာမှုသည် ဧရာဝတီ မြစ်ကြောင်းတလျှောက် သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွား၊ ရေနှင့် လူမှုဓလေ့ လေ့လာမှု၏ အစိတ်အပိုင်းတခု ဖြစ်သည်။ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဧရာဝတီမြစ်လယ်ရှိ တက်သစ်ကျွန်းတဝိုက်ရှိ မြစ်သဲကျောက် အလွန်အကျွံထုတ်ယူမှုပြဿနာနှင့် ကျွန်းသူ၊ ကျွန်းသားများ၏ လူမှုဘဝ၊ ရေနှင့်ပတ်သတ်သည့် ဓလေ့၊ ကိုးကွယ်ယုံကြည်မှုများကို လေ့လာမှတ်တမ်းတင်ခဲ့ပါသည်။
လေ့လာမှုကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅၊ ၂၆ နှင့် မတ်လ ၂၃၊ ၂၄ အတွင်း ပြုလုပ်ခဲ့ပါသည်။
တက်သစ်ကျွန်းတခွင်
တက်သစ်ကျွန်းသည် ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်နှင့် ပန်းတောင်းမြို့နယ် နယ်နိမိတ်နှစ်ခုအောက်တွင် ရှိသည်။ အနည်းဆုံး နှစ်ပေါင်း ၂၀၀ ခန့်ရှိပြီဟု ခန့်မှန်းကြသည်။ ကျွန်းအရှည်မှာ ၃ မိုင်ခန့် ရှိပြီး အကျယ်မှာ ၆ ဖာလုံခန့် (၁ မိုင် မပြည့်) ရှိသည်။ အိမ်ခြေ ၄၂၂ လုံး ရှိပြီး လူဦးရေ ၁၈၀၀ မှ ၂၀၀၀ ခန့် နေထိုင်ကြသည်။ ရပ်ကွက် ၅ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ အောက်ဆွဲ၊ ဘန့်ဘွေကုန်း၊ အနောက်ကုန်း၊ သာယာကုန်း၊ ထိပ်ပိုင်း ရပ်ကွက်များဖြစ်သည်။ မြေစာရင်းရုံး အချက်အလက်အရ စိုက်ပျိုးမြေ ဧက ၁၀၀၀ ခန့် ရှိသည်။ ရပ်ရွာမှ ဧက ၅၀၀ ခန့်ရှိသည့်ဟု ခန့်မှန်းကြသည်။ ၁၉၉၄ ခုနှစ်တွင် ကျွန်းထိပ်ပိုင်း ပြိုကျ၍ ကိုင်းမြေ ဧက ၁၀၀ ကျော် ကမ်းပြိုသည့်အထဲ ပါသွားသည်။
အဓိက အသက်မွေးလုပ်ငန်းမှာ ကိုင်းလုပ်ငန်းဖြစ်ပြီး ခရမ်းချဉ်၊ ချဉ်ပေါင်၊ ခရမ်းသီး၊ ဘူးသီး၊ ပြောင်းဖူး သခွားမွှေး၊ ကြက်ဟင်းခါးသီး စိုက်ကြသည်။ ကျွန်း၏ အဓိကထွက်ကုန်များ ဖြစ်သည်။ မြေဆီမြေနှစ်ကောင်း၍ သဘာဝအတိုင်း စိုက်ကြသည်။ ရေလုပ်ငန်း (တံငါ) လုပ်သူ ၂၀၀ ခန့်ရှိသည်။ ကျန်သူများမှာ လက်လုပ်လက်စားများဖြစ်သည်။ ရာသီဥတုကြောင့် သီးနှံ မကောင်း၊ ကျွန်းရှိ စိုက်ပျိုးမြေ ပြိုမှုအခြေအနေများကြောင့် အခြားနေရာများသို့ ရွှေ့ပြောင်းနေထိုင်သူ၊ ရွှေ့ပြောင်း အလုပ်လုပ်ကြသူ များလာသည်။
ရွာတွင် ကျယ်ပြန့်သော စားကျက်မြေရှိသည်။ သက်ရင့် ပိတောက်ပင်၊ မရမ်းပင်၊ လက်ပံပင်၊ ဇီးပင်များ ရှိသည်။ ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် ရှေးဟောင်း ကြေးသွန်းဘုရားကြီးရှိသည်။ နှစ်စဉ် ပြာသိုလတွင် ရေလုပ်သားများမှ ဦးရှင်ကြီး နတ်တင်ပွဲ ပြုလုပ်သည်။ တပေါင်းလပြည့် (မတ်လ ၂၃၊ ၂၄) တွင် ကျွန်းပိုင်ဘိုးဘိုးကြီး နတ်ပွဲရှိသည်။
ရှေးယခင်က နှစ်စဉ်ကျင်းပသော်လည်း၊ ယခုအခါ ၃ နှစ်တကြိမ်ကျင်းပသည်။ တန်ဆောင်မုန်းလကုန် နှင့် သီတင်းကျွတ်လတွင် ကမ်းပြိုမှုကို ကာကွယ်ရန် သောင်ပေါ်တွင် ကိုင်းရိုးထိုးကြသည်။
ကျွန်းပိုင်ဘိုးဘိုးကြီးနတ်
တက်သစ်ကျွန်းသည် ဧရာဝတီမြစ်ထဲတွင် တည်ရှိသည်။ ကျွန်း၏ တည်နေရာ၊ လူမှုဘဝနှင့် ကျွန်းသားများ၏ အသက်မွေးဝမ်းကြောင်းအပေါ် အခြေတည်၍ ဓလေ့၊ ရိုးရာ၊ ကိုးကွယ်ယုံကြည်မှုများ ရှိလာခဲ့သည်။ ကျွန်းပေါ်တွင် ဘိုးဘိုးကြီး နတ်နန်းရှိသည်။ ၃၇ မင်းနတ်များထဲတွင် မပါဝင်သည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ စိမ့်စမ်း၊ တောတောင်၊ ရပ်ရွာအလိုက် အပိုင်စားရသည့်၊ နယ်ကို စောင့်ရှောက်သည့် ဒေသနတ်များရှိသည်။
တက်သစ်ကျွန်းမှာ မကွေးတိုင်း ကံမလမ်းခွဲမှ ပဲခူးတိုင်း ဥသျှစ်ပင် တဖက် ကံ့နီ ချင်းမောင်နှမအပိုင် နယ်စပ်အထိ အပိုင်စားရသည့် သူရဲစီးအဘိုး၊ အဘွားစောင့်ရှောက်သည့် နယ်မြေထဲတွင် ရှိသည်။ တက်သစ်ကျွန်းကို ဘိုးဘိုးကြီးအား နယ်စားပြန်ပေးသည့်သဘော ဖြစ်သည်။ ကျွန်းဖြစ်လာပြီးနောက် ကျွန်းကို ရွာတည်သည့်အခါ ကျွန်းပိုင်အနေနှင့် ကိုးကွယ်ကြသည်။
ဘိုးဘိုးကြီး၏ နောက်ကြောင်းရာဇဝင်ကိုတော့ ဒေသခံများ သေချာစွာမသိကြ။
“ကျွန်းမှာနေလို့ ကျွန်းပိုင်လို့ခေါ်တာ၊ တကယ်တော့ ရွာတော်ရှင်ပဲ။ ရွာတော့်ရှင် (ရွာတော်ရှင်) ဘိုးဘိုးကြီး၊ ရွာလယ်ဘိုးဘိုးကြီး ခေါ်တယ်၊ အင်းပိုင်၊ ကျင်းပိုင်၊ တောပိုင်၊ တောင်ပိုင်တွေက ဘိုးတော်တွေပဲ ဖြစ်တယ်” ဟု နတ်ပွဲ ကနားစီးက ရှင်းပြသည်။
ဒေသခံများအနေနှင့် ”ကျွန်းကို စောင့်ရှောက်တယ်၊ မတယ်၊ ကျွန်းပိုင်ကြီး” ဟူ၍ ကျွန်းကိုစောင့်ရှောက်သည့် ပုဂ္ဂိုလ်အနေဖြင့် ကိုးကွယ်ယုံကြည်ကြသည်။ ပုံတော်ထု၊ နတ်ကွန်းဆောက်ပြီး ကိုးကွယ်ထားသည်။
ရွာ၏နတ်နန်းတွင် ကျွန်းပိုင်ဘိုးဘိုးကြီးအပြင် ရွာသားများ၏ မိမိတို့ရိုးရာအလိုက် ကိုးကွယ်ကြသည့် နတ်တွေကိုလည်း တပါတည်း ပူဇော်ထားကြသည်။ ရှေးယခင်ကတည်းက အစဉ်အလာအနေနှင့် ဝါဝင်၊ ဝါထွက်သည့်အခါ အုန်း၊ ငှက်ပျောပွဲ၊ ကောက်ညှင်းပေါင်း၊ ဖရောင်းတိုင်၊ အမွှေးတိုင်နှင့် နတ်နန်းတွင် ကန်တော့ကြသည်။ အိမ်တွင် ရိုးရာနတ်တင်သည့်အခါတိုင်း ပင့်ဖိတ်ပြီး ပူဇော်သည်။ မင်္ဂလာဆောင်၊ အလှူအတန်းနှင့် စီးပွားရေးလုပ်ငန်းအသစ် စတင်သည့်အခါတွင်လည်း နတ်နန်းတွင် ပွဲကန်တော့သည်။
ဘိုးဘိုးကြီးအား ပူဇော်သည့် နတ်ပွဲကျင်းပလာသည်မှာတော့ အနှစ် ၂၀ ကျော်၊ ၃၀ နီးပါးရှိပြီ။ ၃ နှစ်တစ်ကြိမ် နတ်ပွဲလုပ်သည်။
အိမ်တွင်ရိုးရာနတ်တင်သည့်အခါ ကျွန်းပိုင်ဘိုးဘိုးကြီးကိုပါ ပွဲပေးသည်။ ပုံကားချပ်ထားပြီး ပူဇော်တာမျိုးမဟုတ်၊ စိတ်နှင့်ပင့်ဖိတ် ပူဇော်သည်။ အုန်း၊ ငှက်ပျော၊ နှင်းဆီ၊ သပြေပန်း၊ လက်ဖက်၊ ကွမ်းယာ၊ အမွှေးတိုင်နှင့် ပူဇော်သည်။ ညဦးကတည်းက ကန်တော့ပွဲပြင်၊ ခုံအလွတ်တခုချထားပြီး ပင့်ဖိတ်ထားသည်။
ပူဇော်သည့်အခါ “စီးပွားရေး လာဘ်လာဘများ ဖွင့်ပေးပါ၊ အတားအဆီး အနှောက်အယှက်များ ဖယ်ရှားပေးပါ၊ မိသားစုကို စောင့်ရှောက်ပေးပါ” ဟု နှုတ်ဖြင့် ပြောသည်။ “အဒေါ်တွေ သင်ပေးတဲ့တိုင်းပေါ့၊ မှတ်မိသလောက်” ဟု ဒေသခံ အမျိုးသမီးတဦးက ပြောပြသည်။
ဒေသခံ အဖွားတဦးကလည်း “ဘေးအပေါင်း၊ ရန်အပေါင်း ဖယ်ရှားပါ၊ ပိုးမွှားတိရစာ္ဆန် ဖယ်ရှားပေးပါ၊ အဆိပ်ရှိ သတ္တဝါတွေ ဖယ်ရှားပေးပါ၊ ဆုလာဘ် ပွင့်လန်းအောင်လည်း ပေးသနားပါ၊ လုပ်ငန်း ကိုင်ခန်း စီးပွားရေး အဆင်ပြေအောင်၊ လှူနိုင်တန်းနိုင်အောင် စောင်မပါ” ဟု အဓိဌာန်ပြုကာ ဆုတောင်းသည်ဟု ဆိုသည်။
“ဘိုးဘိုးကြီးက မတယ်၊ လုပ်ငန်းကိုင်ငန်းအဆင်ပြေတယ်၊ ကိုင်းလုပ်တာ အဆင်ပြေတယ်” ဟု ၎င်းက ဆိုသည်။
နတ်ပွဲကျင်းပသည့်နေ့ မနက် ၆ နာရီလောက်တွင် ရွာရှိ အကြိုလှည်းအဖွဲ့က ကမ်းစပ်တွင် အတန်းလိုက် စောင့်နေကြသည်။ နတ်ကနားစီးနှင့် ဆိုင်းအဖွဲ့၏ ပစ္စည်းများတင်ပြီးသည့်အခါ လှည်းတန်းရှည်ကြီးမှာ ရွာကို စည်တော်ယွန်းပြီး ဝင်သည်။ ပွဲလုပ်သည့်အခါ ရှေးအစဉ်အလာအတိုင်း ရွာမှ သူ့အပိုင်းနှင့် သူတာဝန်ခွဲဝေယူကြသည်။ သာယာကုန်းရွာနှင့် ထိပ်ပိုင်းရွာမှ အယူ (အကြို) ကို တာဝန်ယူသည်။ ပြန်အပို့အတွက် အောက်ဆွဲရွာနှင့် ဘန့်ဘွေးကုန်းရွာ၊ နတ်နန်းနှင့်နီးသည့် ကျွန်းအလယ်ပိုင်းရှိ အနောက်ကုန်းရွာမှ ပွဲကျင်းပသည့် ကာလအတွင်း လိုအပ်သည်များကို ကူသည်။ နတ်ပွဲဖြစ်မြောက်ရန် တအိမ်ကို ၃၀၀၀ ကျပ်နှုန်း ငွေစုရာ ၁၂ သိန်းရသည်ဟု ပြောသည်။
ယခင်က အိမ်တွေမှာ သပ်သပ်နတ်ပွဲပေးတာရှိကြောင်း၊ ယခုအချိန်တွင် တကျွန်းလုံး၏ အလှူ နတ်ပွဲ အဖြစ် လုပ်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောပြသည်။ နတ်ပွဲကို တညနှင့် တရက် ကသည်။
နတ်ပွဲ ပထမရက်၊ ညပိုင်း ၈ နာရီခွဲခန့်တွင် ဘုရားပင့်၊ နတ်ပင့်ပြီး နတ်ညီလာခံကို စတင်သည်။
“တက်သစ်ကျွန်းကျေးရွာသူ၊ ကျေးရွာသား ၇ ရက်သားသမီးတို့သည် ယနေ့ ရွာဦး၊ ရွာ့တည်၊ ရွာနယ်နိမိတ် စံမြန်းတော်မူသော ကျွန်းနယ်ရှင် ရွာမိ၊ ရွာဖ၊ ရပ်မိ၊ ရပ်ဖကြီးကို ယနေ့ ကျေးဇူးပြုမယ့်နေ့ ရောက်ပါပြီ။ နယ်စည်းသခင် ကျေးဇူးရှင် ကိုးမြို့ရှင်မောင်နှမကို ဦးထိပ်ထားလို့ ဤနေရာ ဤဒေသမှာ ရှိကြကုန်သော ၃၇ မင်းနတ်ဒေဝါ ၁၁၇ ပါးသော နတ်ဒေဝါ အပေါင်းအား ဦးထိပ်ထားလို့ ကျွန်းနေ ဒကာ၊ ဒကာမအပေါင်းတို့၏ ချွေးနည်းစာ ပကာ၊ သကနဲ့ တနှစ်တာ အေးချမ်းဖို့အရေး ယနေ့ ဗုဒ္ဓရှင်တော် မြတ်စွာဘုရားအား ဦးစွာ စတင်၍ကန်တော့ကြပါမည်”ဟုဆိုကာ နတ်ပွဲကို စတင်လေသည်။
နတ်တွေကို ပင့်ဖိတ်သည့်အခါ ဧရာဝတီ မြစ်စောင့်နတ် ယက္ခညီနောင် ၃ ပါးကိုလည်း ပင့်ဖိတ်သည်။
“ဧရာဝတီမြစ်ဘေးတွင် နေထိုင်ပါသောကြောင့် ပြုံးမင်း၊ ပျော်မင်း၊ ကာယံမင်း ဆိုတဲ့ ဧရာဝတီကို စောင့်ရှောက်တဲ့ ယက္ခညီနောင် ၃ ပါးပါမကျန် ပင့်ဖိတ်ကြောင်း၊ ဧရာဝတီမြစ်ဆို သူတို့အပိုင်စားရတယ်၊ သူတို့စောင့်ရှောက်တယ်၊ တံငါလုပ်ရင်းသေတော့ နတ်ဖြစ်တာ၊ နတ်စိမ်းပေါ့။ ဒါ့ကြောင့် ရေလုပ်တဲ့ လုပ်သားတွေ၊ ကျောက်လုပ်တဲ့ မော်တော်သမားတွေက သူတို့ကို တင်ရ၊ မြှောက်ရတယ်” ဟု ကနားစီးက ရှင်းပြသည်။
မြစ်သဲ၊ ကျောက်စုပ်ထုတ်လို့ ကမ်းပါးပြိုတယ်
နေ့စဉ် လူမှုဘဝတွင် မြစ်သဲ၊ ကျောက် အလွန်အကျွံထုတ်ယူမှု ပြဿနာကို တက်သစ်ကျွန်းသူ၊ ကျွန်းသားများ ရင်ဆိုင်နေရသည်။ လက်ရှိတွင် ကျွန်းရှိ စိုက်ပျိုးမြေနေရာများ ပြိုကျနေပြီး တံငါလုပ်ငန်းများလည်း ရပ်ထားနားထားရသည်။
မြစ်သဲ၊ ကျောက် ထုတ်ယူမှုသည် စည်းမျဉ်း၊ စည်းကမ်းကြပ်မတ်မှု အလျော့ရဲဆုံးနှင့် အများသူငါ ဂရုမထားမိကြသည့် ဈေးအသက်သာဆုံး၊ ပေါပေါများများ အရနိုင်ဆုံးသော ရေအောက်အရင်းအမြစ် ဖြစ်သည်။ ထို့အပြင် မြို့ပြ ကွန်ကရစ်အဆောက်အဦများ၊ လမ်းများ ဆောက်လုပ်သည့်အခါ သဲ အချိုးအဆပါဝင်မှုမှာ ၈၀ ရာခိုင်နှုန်းရှိသည်ဟု ပညာရပ်ဆိုင်ရာများက ဆိုသည်။
လက်ရှိ မြန်မာပြည်တွင် အဆောက်အဦ၊ လမ်း၊ တံတား၊ တမံ တည်ဆောက်မှုများအတွက် မြစ်သဲ၊ ကျောက် လိုအပ်ချက် မြင့်တက်လာနိုင်ချေရှိသည်ဟု WWF (၂၀၁၈) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လုပ်ငန်းသဘော သဘာဝအရ လက်တွေ့တွင် သတ်မှတ်ပမာဏအတိုင်း ထုတ်ယူမှု ရှိ၊ မရှိကို သိရှိရန် ခက်ခဲသည်။ ထို့အတူ ကြပ်မတ်မှုအပိုင်းတွင်လည်း လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အားနည်းချက်များ ရှိသည်။
မြစ်သဲ၊ ကျောက် လိုအပ်ချက် မြင့်တက်လာမှုများကြောင့် မြစ်အောက်ပိုင်း မြစ်ကမ်းပါးပြိုခြင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ ရေနစ်မြုပ်ခြင်းတို့ ဖြစ်လာမည်ဖြစ်ကြောင်း WWF ၏ အစီရင်ခံစာတွင် သတိပေးထားပြီးဖြစ်သည်။
လုပ်ထုံးလုပ်နည်းအရ မြစ်သဲ၊ ကျောက် လုပ်ကွက် လျှောက်သည့်အခါ လုပ်ငန်းရှင်က မြေစာရင်းမြေပုံနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်လွှာတင်ရသည်။ ခရိုင်ရုံးက လိုင်စင်ချမပေးခင်တွင် ခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၏ သဘောထားမှတ်ချက်ကို တောင်းသည်။ ၎င်းက ကမ်းပြိုမှုရှိ၊ မရှိ၊ သင်္ဘောရေလမ်းကြောင်း လွတ်၊ မလွတ်ကို သဘောထားမှတ်ချက်ပေးရသည်။
ကမ်းပြိုမှုရှိ၊ မရှိကို မြေသားခိုင်မာမှု၊ ကျောက်သားနံရံရှိ၊ မရှိနှင့် သတ်မှတ်သည်။ မထိခိုက်ကြောင်း သဘောထားမှတ်ချက်ပြုပြီးပါက သဲ၊ ကျောက်လုပ်ကွက်၏ သက်ဆိုင်ရာ မြို့နယ်ကိုလွှဲပေးပြီး အမှုတွဲ တည်ဆောက်ရသည်။ အမှုတွဲဆိုသည်မှာ လုပ်ငန်းလျှောက်ထားမှု ဖြစ်စဉ်ကို ဆိုလိုသည်။
ငါးဦးစီး၊ သဘာဝပတ်ဝန်းကျင်၊ လမ်း၊ စည်ပင် ဌာနများနှင့် ရပ်ရွာ၏ သဘောထား မှတ်ချက်ကို တောင်းရသည် (ရပ်ရွာ၏ သဘောထားမှတ်ချက်ကို တောင်းသည် ဆိုသည်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် သက်ဆိုင်ရာ ရုံးများတွင် ၁၅ ရက်ခန့် ကန့်ကွက်လွှာ ခေါ်ခြင်းဖြစ်သည်)။
ရပ်ရွာကန့်ကွက်မှု မရှိပါက အမှုတွဲဆက်လက်တည်ဆောက်ပြီး ပြည့်စုံပြီဆိုပါက မြို့နယ် အုပ်ချုပ်ရေးမှ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ပြန်တင်ပေးရသည်။ ခရိုင်ရုံးမှတဆင့် တိုင်းရုံးကို တင်ပြကာ၊ နောက်ဆုံးတွင် ဝန်ကြီး လက်မှတ်ဖြင့် ခွင့်ပြုချက်ပေးသည်။
၂၀၁၉ ခုနှစ် အချက်အလက်အရ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ် (ပြည်ခရိုင်) တွင် လုပ်ကွက်ချထားပေးမှု ၃၈ ကွက်ရှိပြီး ခွင့်မပြုထားသည့် ကျန်လုပ်ကွက်မှာ ၃၂ ကွက်ရှိသည်။ ပြည်မြို့နယ်တွင် ခွင့်ပြု ၃ ကွက်၊ ခွင့်မပြု ၁ ကွက်၊ ရွှေတောင်မြို့့နယ်တွင် ခွင့်ပြု ၁၇ ကွက်၊ ခွင့်မပြု ၈ ကွက်၊ ပန်းတောင်းမြို့နယ်တွင် ခွင့်ပြု ၁၈ ကွက် ခွင့်မပြု ၂၃ ကွက်ရှိသည်။ တနှစ်တခါ လုပ်ကွက် လိုင်စင်ချထားပေးသည်။
အဓိက ပြဿနာမှာ အလွန်အကျွံ ထုတ်ယူမှု ဖြစ်သည်။ လုပ်ငန်းရှင်များလိုက်နာရန် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းရှိသော်လည်း လက်တွေ့ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို သိရှိရန် ခက်ခဲသည်။ ၁၀ ပေ ပတ်လည်၊ အနက် ၁ ပေကို မြစ်သဲ၊ ကျောက် တကျင်း သတ်မှတ်သည်။ သဲ၊ ကျောက် စုပ်ယူနိုင်သည့် သတ်မှတ် ကွင်းအကျယ်မှာ အရှည်ဆုံး အလျား ပေ ၂၀၀၀ (တချို့မှာ ပေ ၁၀၀၀) မှ အနံ ၅၀၀၊ အနက် ၂ ပေ သတ်မှတ်သည်။ နေ့စဉ် မြစ်သဲ၊ ကျောက် ထုတ်ယူမှု၏ ပမာဏကို ဤသို့ တွက်ကြည့်နိုင်သည်။
(အလျားပေ ၁၀၀၀x အနံပေ ၅၀၀x အနက် ၂ ပေ) = ကုဗပေ ၁ သန်း
ထို ကုဗပေ ၁ သန်းကို ၁၀၀ ကုဗပေ တကျင်းဖြင့် တွက်ကြည့်ပါက သတ်မှတ်ကွင်း တကွင်းတွင် ကျင်း တသောင်း (၁၀၀၀၀) အထိ စုပ်ထုတ်ခွင့်ပြုထားသည်။ အဆိုပါ တွက်ချက်မှုမှာ လက်တွေ့ စုပ်ထုတ်နေသည့် (သတ်မှတ်စည်းကမ်း ကျော်လွန်သည့်) ကျင်းအနက်အတိုင်း တွက်ချက်ထားခြင်း မဟုတ်ပါ။
စည်းမျဉ်း၊ စည်းကမ်းအရ အနက် ၂ ပေအထိသာ ထုတ်ယူခွင့်ပြုသော်လည်း လက်တွေ့တွင် အနက် ပေ ၄၀ မှ ၅၀ အထိ စုပ်ထုတ်ကြောင်း သဲ၊ ကျောက်စုပ်ထုတ်သည့် သင်္ဘောလုပ်သား တဦးထံမှ သိရသည်။ ကျင်းအရေအတွက်အတိုင်း အခွန်ငွေကို ကောက်ယူသည်။ တကျင်းကို ၂၅၀၀ ကျပ် ဖြစ်သည်။ ထို့အတွက် လုပ်ကွက် များများချပေးလေ၊ ကျင်းအရေအတွက် များလေ၊ အခွန်ငွေပိုရလေ ဆိုသည့်ဆက်စပ်မှုရှိသည်။
၂၀၁၈ ခုနှစ် နိုင်ငံတော် GDP ၏ ၅.၇ ရာခိုင်နှုန်းမှာ ဆောက်လုပ်ရေးကဏ္ဍမှ ဖြစ်သည်ဟု ကမာ္ဘ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြစ်သဲ၊ ကျောက် ထုတ်ယူမှုလုပ်ငန်းသည် နိုင်ငံတော် အခွန်ငွေရှာဖွေပေးသည့် လုပ်ငန်းတခုအဖြစ် လည်ပတ်နေသည်။ သို့သော် ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်လျှက်ရှိသည်ကို တွေ့ရသည်။
ထို့အတွက် မြင်သာသည့် အကျိုးဆက်တခုမှာ ကမ်းပြိုခြင်း ဖြစ်သည်။ လုပ်ငန်း စည်းမျဉ်းစည်းကမ်းအရ လုပ်ကွက်ကို မြစ်ကမ်းပါးမှ မီတာ ၅၀၀ (သို့) ပေ ၁၅၀၀ အကွာတွင် ချထားပေးသည်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြစ်ကြောင်း လုပ်ကွက်ချထားပေးမှု မြေပုံတွင် ဖော်ပြ၊ ရှင်းပြချက်များအရ မြစ်ကမ်းမှ ၂.၅ စင်တီမီတာ အကွာအဝေးခန့်တွင် လုပ်ကွက်နေရာပြထားသည့်အတွက် (၁ စင်တီမီတာကို မီတာ ၂၀၀ ရှိရာ) ကမ်းမှ မီတာ ၅၀၀ နီးပါးခန့် (တနည်း) ပေ ၁၅၀၀ နီးပါးခန့် အကွာအဝေးတွင် ချပေးထားသည်ဟု ရှင်းပြသည်။
သို့သော် တက်သစ်ကျွန်း (ပန်းတောင်းမြို့နယ်) ကမ်းပါးပြိုနေသည့် နေရာတလျောက် လက်တွေ့ ကွင်းဆင်းကြည့်ရာတွင် သဲ၊ ကျောက် စုပ်ထုတ်နေသည့် သင်္ဘောများမှာ ကမ်းနှင့် နီးကပ်စွာ (ပေ ၃၀၀-၄၀၀ ခန့်) အကွာလောက်တွင်သာ ရှိနေသည်။ ထို့အပြင် လုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းအရ မနက် ၆ နာရီမှ ညနေ ၆နာရီအထိသာ ထုတ်ခွင့်ရှိသည်။ သို့သော် ညဖက်တွင် ကမ်းကပ်၍ ခိုးထုတ်မှုများရှိသည်။ မနက်စောစော ၅ နာရီဝန်းကျင်တွင် ညဖက် သဲ၊ ကျောက် စုပ်ထုတ်သည့် သင်္ဘောများကို တက်သစ်ကျွန်းအနီးဝန်းကျင် မြစ်ထဲတွင် အစီအရီတွေ့နိုင်သည်။
လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများအရ နေ့စဉ်ထုတ်ယူသည့် သဲ၊ ကျောက် ကျင်းအရေအတွက် စာရင်း၊ သင်္ဘောများ၊ CB တွဲများ၊ စက်လှေများ ဝင်ထွက်မှုစာရင်းအား သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရပ်/ကျေး မြစ်သဲကျောက် ထုတ်လုပ်မှု ကြီးကြပ်ရေး ကော်မတီသို့ နေ့စဉ် သတင်းပေးပို့ရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင် သတ်မှတ် ပမာဏထက် ကျော်လွန်၍ ထုတ်၊ မထုတ်ကို သေချာစွာ မသိနိုင်ပါ။
တခါတရံ ရှောင်တခင် ကွင်းဆင်းစစ်ဆေးမှုများ၊ ရပ်ရွာ၏တိုင်ကြားမှုများအရ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး အရေးယူမှုများရှိသော်လည်း စောင့်ကြည့်ကြပ်မတ်မှုများအတွက် ပုံမှန်လုပ်ငန်းစဉ် မရှိသည့်အပြင် ဝန်ထမ်းအင်အားလည်း မလုံလောက်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဌာန၏ တာဝန်ရှိသူက ပြောပြသည်။
မြစ်သဲ၊ ကျောက်ထုတ်ယူမှု၏ အဓိကအကျဆုံးပြဿနာမှာ သတ်မှတ်ပမာဏအတိုင်း ထုတ်ယူခြင်းရှိ၊ မရှိကို စစ်ဆေးရန် ခက်ခဲခြင်းဖြစ်သည်။
မြစ်သဲ၊ ကျောက် စုပ်ထုတ်မှုနှင့် တက်သစ်ကျွန်း အခြေအနေ
ကျွန်း၏အမြီးဖက်နှင့် ကျွန်းအရှေ့ကြောတလျှောက်လုံးသည် မြေနုစိုက်ပျိုးမြေနေရာများဖြစ်သည်။ ထိုစိုက်ပျိုးမြေနေရာနှင့် တဆက်စပ်တည်ရှိနေသည့် ရေနေရာ ပိုင်နက်သည် ရွှေတောင်မြို့နယ် အတွင်းရှိနေပြီး ကျွန်းရှိ ကျန် လူနေ ဧရိယာအများစုမှာ ပန်းတောင်းမြို့ အုပ်ချုပ်ရေး နယ်နိမိတ်တွင် ကျရောက်သည်။ ထို့အတွက် အဆိုပါ စိုက်ပျိုးမြေ နေရာနှင့် နီးစပ်၊ ထိစပ်နေသောနေရာရှိ မြစ်သဲကျောက် လုပ်ကွက် ချထားပေးမှုပြုလုပ်သည့် နေရာကို ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲသည်။
ကျွန်းတဝိုက်တွင် သဲကျောက် လုပ်ကွက် ၈ ကွက်ခန့်ရှိသော်လည်း ကျွန်းစိုက်ပျိုးမြေ ကမ်းပါးပြိုမှုနှင့် ငါးဖမ်းဧရိယာနှင့် တိုက်ရိုက် ဆက်စပ်နေပြီး ပြဿနာဖြစ်နေသည့် လုပ်ကွက် ၃ ကွက် (လုပ်ကွက် ၄၀၉ ၊ ၄၂၇၊ ၄၂၈) ရှိသည်။ လုပ်ကွက် ၄၀၉ မှာ ငါးဖမ်းဧရိယာနှင့် ပတ်သက်နေပြီး ကျန်လုပ်ကွက် နှစ်ခုမှာ စိုက်ပျိုးမြေ ကမ်းပြိုမှုနှင့် ပတ်သက်နေသည်။
ဒေသခံများ၏ ပြောကြားချက်အရ ၂ နှစ်အတွင်း ရွှေတောင်ပိုက်နက်ရှိ မြေနုစိုက်ပျိုးမြေနေရာရှိ ဧက ၁၅၀ ခန့်၊ ယခု ၂၀၁၉ ခုနှစ် ၄ လအတွင်း တက်သစ်ကျွန်းပိုင်နက် မြေနုစိုက်ပျိုးမြေနေရာ ပေ ၅၀၀၀ ကျော် ကုန်သွားပြီ ဖြစ်ကြောင်း သိရသည်။
တိုင်ကြားမှုများ ပြုလုပ်သည့်အခါ အုပ်ချုပ်မှု နယ်နိမိတ်အရ ပန်းတောင်းမြို့နယ်နှင့် သက်ဆိုင်နေ ပါသော်လည်း၊ ကမ်းပြိုဒေသနှင့် ဆက်စပ်နေသည့် ရေနယ်နိမိတ်သည် ရွှေတောင်မြို့နယ်၏ လုပ်ပိုင်ခွင့်နှင့် အုပ်ချုပ်မှုအောက်တွင် ရှိနေသည့်အတွက် တိုင်ကြားမှုများ လုပ်ဆောင်ရာတွင် ရှုပ်ထွေးကြန့်ကြာမှုများ ရှိသည်။
အချုပ်ဆိုရသော် သဲ၊ကျောက် လုပ်ကွက်ချထားပေးမှုကို ရွှေတောင်မြို့နယ်က ပြုလုပ်ပြီး အလွန်အကျွံထုတ်ယူမှုများ၏ အကျိုးဆက်ကို ပန်းတောင်မြို့နယ်နေ တက်သစ်ကျွန်းသားများက ရင်ဆိုင်နေရသည့် အခြေအနေဖြစ်သည်။
၂၀၁၂- ၂၀၁၃ ကာလများတွင် လုပ်ကွက် ၁၄-၁၅ ကွက်ခန့်သာ ရှိသည်ဟု ဒေသခံများက ပြောသည်။ တက်သစ်ကျွန်းရှိ လုပ်ကွက် ၄၀၉ မှာ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ရပ်ရွာမှ လွှတ်တော်သို့ အသနားခံစာ တင်ပြ၍ ထိုလုပ်ကွက်များ ရပ်နားဖူးသည်။ သို့သော် ရပ်နားပြီး ခဏအကြာ (၁ နှစ်ဝန်းကျင်) တွင် ပြန်လည်လုပ်ကိုင်လာကြသည်။ သို့သော် တရားဝင် အသိပေး လုပ်ကိုင်မှုမျိုးမဟုတ်ပေ။
၂၀၁၈ ဒီဇင်ဘာလတွင် ဌာနဆိုင်ရာများက ၂၀၁၉ ခုနှစ်အတွက် လုပ်ကွက်ချထားပေးမှုနှင့် စပ်လျဉ်း၍ ရပ်ရွာနှင့် တရားဝင် လာရောက် ဆွေးနွေးသည့်အခါ၊ ရပ်ရွာမှ အဆိုပါ လုပ်ကွက်များ (၄၀၉၊ ၄၂၇၊ ၄၂၈) ကို မပြုလုပ်ရန် ကန့်ကွက်ခဲ့သည်။ သို့သော် ဌာနဆိုင်ရာက အဆိုပါ လုပ်ကွက်များကို ချထားပေးခဲ့ပြီး လုပ်ကွက်များ လည်ပတ်နေပြီဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် အဆိုပါ ကျွန်းအရှေ့ပိုင်း မြေနုကျွန်းစိုက်ပျိုးမြေနေရာ၏ ဆက်စပ်ရေနယ်နိမိတ်ကို ငါးဖမ်းဧရိယာ သက်သက်အတွက်သာ ရှိစေပြီး ကျောက်သဲ လုပ်ကွက်များ ပိတ်ထားခဲ့ဖူးသည်။
လက်ရှိအခြေအနေတွင် မြေနုစိုက်ပျိုးမြေများ ဆက်လက် ပြိုနေခြင်း၊ ငါးဖမ်းနေရာများတွင် သဲကျောက်စုပ် ကျင်းများဖြစ်လာသည့်အတွက် ရေလမ်းကြောင်း ပြောင်းခြင်း၊ စွန့်ပစ် ပစ္စည်း မြေပုံများရှိသည့်အတွက် ငါးဖမ်းလှေများသွားမရခြင်း၊ ပိုက်ချသည့်အခါ ပိုက်ငြိခြင်း၊ ပိုက်ပျက်စီးခြင်း၊ စက်ပစ္စည်းများ၏ အသံကြောင့် ဆူညံသည့်အတွက် ငါးမရခြင်း စသည့် ပြဿနာကြုံနေရသည်။ ညဖက် ကျွန်းအနီး ကမ်းနားကပ်၍ သဲ၊ ကျောက် ခိုးယူစုပ်ထုတ်မှုများကြောင့် ရေတံငါသည်များနှင့် သဲကျောက် သင်္ဘောမျာအကြား အငြင်းပွားမှုများ၊ ခိုက်ရန်ဖြစ်မှုများ မကြာခဏဖြစ်လျှက်ရှိသည်။ ရေလုပ်ငန်းများ ရပ်ထားသည်မှာ ၂ လခန့် ရှိပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ မတ်လ တွင်မေးမြန်းချက်အရ သိရသည်။
ပြဿနာ၏ အရင်းအမြစ်ကို ဆန်းစစ်သည့်အခါ ကျောက်လုပ်ကွက်များ ချထားရာတွင် ဒေသခံများ၏ သဘောဆန္ဒကို ထည့်သွင်း မစဉ်းစားခြင်း၊ ကျောက်လုပ်ကွက်နေရာ ချထားပေးမှု များလာခြင်း၊ ရေပြင်နယ်နိမိတ်တခု အတွင်းတွင် လုပ်ငန်းသဘောသဘာဝခြင်းမတူသည့် တံငါလုပ်ငန်းနှင့် သဲ၊ ကျောက်လုပ်ကွက်ကို အတူတကွ နေရာချထားပေးခြင်း၊ အုပ်ချုပ်ရေးပိုင်းအနေဖြင့် မြစ်ကြောင်း ဂေဟစနစ် ထိခိုက်ပျက်စီးမှုကို ထည့်သွင်းစဉ်းစားမှု အားနည်းခြင်း၊ သက်ဆိုင် ဌာနဆိုင်ရာများညှိနှိုင်း ပူးပေါင်းလုပ်ဆောင်မှု အားနည်းခြင်းနှင့် လုပ်ငန်းဆိုင်ရာ ကြပ်မတ်စောင့်ကြည့်မှု အားနည်းခြင်းတို့ ဖြစ်သည်။
ကိုင်း၊ တံငါ၊ ကျွန်းနှင့် ကျွန်းသားများ
ဧရာဝတီမြစ်၊ တက်သစ်ကျွန်းနှင့် ကျွန်းသူ၊ ကျွန်းသားများ၏ ဘဝကျင်လည်ပုံမှာ မြစ်က ကျွန်းကို ဖြစ်စေသည်။ ကျွန်းသည် လူများအတွက် မှီခိုစရာ နေရာကိုပေးသည်။ ထို့အတူ အစားအစာအတွက် မြေဆီမြေနှစ်ကိုပါ တပါတည်း ပေးသည်။ မြစ်ရေကို အားပြုရသည်။ ကျွန်းကို မှီခို အားထားလာကြသည်။
တပြိုင်နက်တည်းပင် ကိုးကွယ်ယုံကြည်မှုများ၊ ရိုးရာဓလေ့များ ဖြစ်တည်လာခဲ့ကြသည်။ ကိုင်း၊ တံငါ၊ ကျွန်း၊ ကျွန်းသားများနှင့် မြစ်သည် တပေါင်းတစည်းတည်း ကွန်ရက်သဖွယ် ဆက်နွယ် တည်ရှိနေကြသည်။
ကျွန်းဆက်ရှိဦးမလား
မြေနုကျွန်းနေရာများပြိုကျမှု၊ သားငါးရှားပါးလာမှုနှင့် ရေလုပ်သားများအတွက် လုပ်သာကိုင်သာ အနေအထားမရှိမှု စသည့် အခြေအနေများတွင် ကျွန်းသားများ၏ ဘဝလုံခြုံမှုလည်း ပျောက်ဆုံးလာသည်။ ထို့အတွက် အခြားဒေသများသို့ ရွှေ့ပြောင်းအခြေချမှုနှင့် ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်သူ လူငယ်၊ လူလတ် အရေအတွက် များလာသည်။ မိရိုးဖလာ အသက်မွေးလုပ်ငန်းများနှင့် နောက်လူတို့အကြား ကွင်းဆက်ပျက်လာသည်။
ရေရှည်တွင် လူမှုစီပွားအခြေအနေ၊ လူမှုဝန်းကျင်အနေအထား ပြောင်းလဲလာမည်။ ကောင်းမွန်လာမည့်အခြေအနေထက် လက်ရှိအခြေအနေများအရ ဆိုးယုတ်ဖို့သာ ရှိတော့သည်။
သဘာဝပတ်ဝန်းကျင်အကြောင်း ပြောကြသည့်အခါ (တနည်း) ဂေဟစနစ်အကြောင်း ပြောကြသည့်အခါ လူများ၊ လူ့ယဉ်ကျေးမှုမျာကို သပ်သပ်စီ ဖယ်ထုတ်၍ မရပါ။ ထို့အတူ လူမှုစီးပွားမြှင့်တင်ခြင်း ဆိုသည့် ဦးတည်ချက်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို နောက်ချန်ထား၍ မဖြစ်ပါ။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများသည် တပေါင်းတစည်းတည်း တည်ရှိ၊ ဖြစ်တည်နေကြသည်။ ထိုအရာနှစ်ခုကို ကွန်ရက်ချိတ်ဆက်စဉ်းစားသည့် နည်းနာဖြင့်သာ မြစ်ကို စောင့်ရှာက်နိုင်သကဲ့သို့၊ လူမှုဘဝများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။
မြစ်သဲ၊ ကျောက်လုပ်ကွက်များကို တစ်နှစ်တစ်ခါ လိုင်စင်ပြန်လည်ချထားပေးသည်။ နှစ်စဉ် ဒီဇင်ဘာလတွင်ဖြစ်သည်။
တက်သစ်ကျွန်းစိုက်ပျိုးမြေနှင့်ဆက်စပ်တည်ရှိသည့် မြစ်သဲ၊ ကျောက် လုပ်ကွက်အမှတ် ၄၀၉၊ ၄၂၇၊ ၄၂၈ များကို ဆက်လက် လုပ်ခွင့်မပြုရန်မှာ ဒေသခံများ၏ပြင်းထန်သော ဆန္ဒဖြစ်သည်။
(ခင်စန္ဒာညွန့်သည် ယဉ်ကျေးမှု၊ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို သုတေသနပြုပြီး စာတမ်း၊ ဆောင်းပါများ ရေးသားနေသူဖြစ်ပါသည်။)
You may also like these stories:
ငေါ့ချမ်းခမြစ်ရေ နောက်ကျိရခြင်းနှင့် ဌာနေများ၏ အနာဂတ်
“သယံဇာတနဲ့ ပတ်သက်ရင် ဌာနေတိုင်းရင်းသားတွေ အတွက် စဉ်းစားပေးပါ”