၂၀၁၉ ခုနှစ်ကို ရင်မောစရာ ဖြတ်သန်းခဲ့ရသည်။ နှစ်ဆန်း ၄ ရက် လွတ်လပ်ရေးနေ့ မနက်ဝေလီဝေလင်း နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ ယူသွားသည့် သတင်းဖြင့် နှစ်အကူးကို စဖွင့်ခဲ့သည်။ တနှစ်ပတ်လုံး သွေးထွက် ပိုမိုများလာသည့် ရခိုင်စစ်ပွဲတွင် အရပ်သား သေဆုံး ထိခိုက်မှု မြင့်တက်လာခဲ့ပြီး NLD ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း AA အဖမ်းခံဘဝတွင် သေဆုံးရခြင်း သတင်းဖြင့် နှစ်တနှစ် ကုန်ခဲ့ရပြီ။ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွပ်စွဲချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး ICC က ဆက်လက် အချက်အလက် ရှာဖွေရန် ခွင့်ပြုခဲ့ပြီး နောက်တရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ၌လည်း ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ အချီအချ ရင်ဆိုင်ခဲ့ရသည်။ ICJ တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံကိုယ်စား သူ့ရှေ့နေများနှင့်အတူ ချေပခြင်းအား လူပေါင်းများစွာ စောင့်ကြည့်ခဲ့ကြသည်။ အလားတူ နေပြည်တော်ရှိ ဗစ်တိုးရီးယား ကလေးမုဒိန်းမှုကို ရဲတပ်ဖွဲ့ကိုင်တွယ်မှု ညံ့ဖျင်းခြင်း၊ ဧရာဝတီ ဖျာပုံမြို့နယ် ကမ်းလွန်ငါးဖမ်းလုပ်ငန်း ကျားဖောင်တွေပေါ်မှ လူကုန်ကူးမှုနှင့် လူမဆန်မှုများကလည်း မပြီးသေးသော ဇာတ်လမ်းများပင်။
မြန်မာ့ဒီမိုကရေစီ တည်ဆောက်ရေးတွင် အရေးကြီးသော အထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် ၂၀၂၀ ခုနှစ်သို့ ဦးတည်နေသည့် ၂၀၁၉ ခုနှစ် အနိမ့်အမြင့် အတက်အကျ သတင်းလှိုင်းလုံးများကြား ထင်ရှားသူများကို ဧရာဝတီ သတင်းအဖွဲ့က ရွေးထုတ်ဖော်ပြအပ်ပါသည်။
အောင်လအန်ဆန်း
MMA နှစ်ထပ်ကွမ်း ချန်ပီယံ
၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ တဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တောင်ပေါ်မြေပြန့်မခွဲ တောရောမြို့ပါ နိုင်ငံရေး သဘောကွဲလွဲသူတွေတောင် တညီတညွတ်တည်း ထောက်ခံအားအပေးဆုံး ပုဂ္ဂိုလ်ကို ညွှန်ပြပါဆိုရင် ကိုယ်ခံပညာ ဘက်စုံသုံး MMA နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းအပြင် တခြားသူ မရှိပါဘူး။
အာရှတလွှား တိုက်ခိုက်ရေး အားကစားပွဲတွေ စီစဉ်ကျင်းပနေတဲ့ စင်္ကာပူနိုင်ငံအခြေစိုက် ဝမ်းချန်ပီယံရှစ်အဖွဲ့ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းဟာ ၂၀၁၉ ခုနှစ်အတွင်း အောင်မြင်ခြင်းမှတ်တိုင် ၃ ခု အခိုင်အမာ စိုက်ထူနိုင်ခဲ့ပါတယ်။
ပထမအောင်မြင်မှုက ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံက ပွဲမှာ ကိုယ်ခံပညာဘက်စုံသုံး MMA လောကရဲ့ ထိပ်တန်းဖိုက်တာတဦးဖြစ်တဲ့ ကန် ဟာဆီဂါဝါကို အောင်လအန်ဆန်းက အိမ်ရှင်ပရိတ်သတ်များ ရှေ့မှောက် ၂ ချီတည်းနဲ့ အလဲထိုး အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ၃ ကြိမ်မြောက် ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒုတိယအောင်မြင်မှုက အမေရိကန်နိုင်ငံအခြေစိုက် Fighter Only မဂ္ဂဇင်းက ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ပေးအပ်ချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်ရဲ့ နိုင်ငံတကာ အကောင်းဆုံး တိုက်ခိုက်ရေး အားကစားသမားဆုကို မြန်မာပြည် ကိုယ်စားပြုဖိုက်တာအနေနဲ့ ဆွတ်ခူးရရှိခဲ့ခြင်းပါ။
တတိယမြောက် အောင်မြင်မှုကတော့ သူ့ရဲ့လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို လုယူဖို့ စိန်ခေါ်ခဲ့တဲ့ ဝမ်းချန်ပီယံရှစ် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာကို အလဲထိုးအနိုင်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်သည့်ပွဲစဉ်မှာ အောင်လအန်ဆန်းက သူ့ထက် ဝိတ်တန်းတဆင့် ပိုမြင့်တဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာကို ၂ ချီတည်းနဲ့ အလဲထိုး အနိုင်ယူပြခဲ့တာကြောင့် ကမ္ဘာတလွှား MMA အားကစားလောကမှာ အောင်လအန်ဆန်းရဲ့ အရှိန်အဝါနဲ့ ဂုဏ်သတင်းက ပိုကြီးမားလာပါတယ်။
ဝမ်းချန်ပီယံရှစ်ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခုကို သိမ်းပိုက်ထားပြီး စိန်ခေါ်သူ ဖိုက်တာများကို တယောက်ပြီးတယောက် ဖြိုလှဲကာ ချန်ပီယံဘွဲ့များကို အကြိမ်ကြိမ် ကာကွယ်နေတဲ့ အောင်လအန်ဆန်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ အားကစား အဘက်ဘက်က အောက်တန်းနောက်တန်းကျနေခဲ့ပြီး အရှုံးသမားများ ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံသားတိုင်းရဲ့ အသည်းကျော် ဖြစ်လာခဲ့တာ ရိုးရှင်း ကြည်နူးဖွယ် ဇာတ်လမ်းပါပဲ။
အမေရိကန်နိုင်ငံသား ခံယူထားပေမယ့် မြန်မာနိုင်ငံသားတိုင်လိုလိုက ချစ်ခင်ကြတဲ့ ကချင်တိုင်းရင်းသား ဖိုက်တာကြီးကို သူ့မွေးရပ်မြေ ကချင်ပြည်နယ်ကလည်း ကြေးရုပ်တုတောင် စိုက်ထူပြီး ဂုဏ်ပြုခဲ့ကြပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်တွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို ရပ်တံ့ပေးဖို့ ဂမ်ဘီယာနိုင်ငံက သဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကို ကြားဖြတ်အစီအမံ ထုတ်ပြန်ပေးဖို့ မလျှောက်ထားခင်အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်တွင်းက တခြားအလုပ်တွေနဲ့ ရှုပ်နေခဲ့ပြီးသားပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ စွမ်းဆောင်ရည် အားနည်းတာတွေ၊ နိုင်ငံ့စီးပွား ခေါင်းမမော့နိုင်သေးတာတွေ၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဖြစ်နေရတာတွေက အထင်အရှားပါ။
ဒါပေမယ့် တရားရုံးမှာ လာရောက် ချေပဖို့ မြန်မာပြည်ကို ဆင့်ခေါ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ သဟိဂ်မြို့ကို ခရီးထွက်ပြီး “နိုင်ငံတော် အကျိုးစီးပွား ကာကွယ်”ဖို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့တာကြောင့် ပြည်တွင်းပြည်ပက လူအတော်များများ တအံ့တဩဖြစ်ပြီး စိတ်လည်း ဝင်စားကြပါတယ်။ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ဥပဒေမဲ့ မတရားလုပ်ရပ်တွေကို ကျူးလွန်ဖွယ် သင်္ကာမကင်းခံရတဲ့ မြန်မာ့တပ်မတော်ဆီက အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ကို ရယူပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သဟိဂ်တရားရုံး Great Hall of Justice ရင်ပြင်မှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေနဲ့ လျှောက်ထားပါတယ်။
စွပ်စွဲချက်တွေဟာ တကယ်ဖြစ်ပွားတာတွေနဲ့မတူ ပုံကြီးချဲ့တာဖြစ်ပြီး “လူမျိုးသုဉ်းသတ်ဖြတ်မှု”အဆင့် မရှိကြောင်း ကာကွယ်ပြောဆိုပါတယ်။ စစ်ရာဇဝတ်မှုတွေ ရှိခဲ့ရင်လည်း ပြည်တွင်း တရားခုံရုံးတွေမှာ ကြားနာစစ်ဆေးနိုင်ကြောင်း ပြောပါတယ်။ “ပြည်တွင်း တာဝန်ခံနိုင်မှု ပျောက်ကွယ်မှသာလျှင် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးကို အသုံးချသင့်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေ တင်ပြလျှောက်လဲချက်ကို နိုင်ငံတကာမီဒီယာတွေက သိပ်အကောင်းမပြောပါ။ ဒီအစား တပ်မတော်ရဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးသူ အချောင်သမားအဖြစ် ပုံဖော်ကြပါတယ်။
ပြည်တွင်းမှာတော့ လူအများ စိတ်ဝင်စားမှု ကြီးမြင့်ခဲ့ပါတယ်။ မြန်မာ့အရေးဆောင်ရွက်သူတွေကြား သဘောကွဲလွဲမှုတွေ ရှိသော်ငြား မြန်မာနိုင်ငံသား အများအပြားထဲ အခု အမှုဟာ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အသင်းဝင်နိုင်ငံတွေက ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေး ဖိအားပေးမှုလို့ ထင်မြင်ယူဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ရပ်တည်ကြပါစို့” ရည်ရွယ်ချက်နဲ့ လူထုစုဝေး ထောက်ခံပွဲတွေ မြို့ကြီး အတော်များများမှာ ကျင်းပခဲ့ကြတယ်။ ရှေ့နှစ် ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့ပါတီ ၂၀၁၅ တုန်းကလို အခိုင်အမာ ပြန်နိုင်ရအောင် ဒီအမှုက ဝင်ကူသွားမယ့် ပုံပေါက်တယ်လို့တောင် ဆိုနိုင်ပါတယ်။
ပြည်သူလူထုထံ အမှုအကြောင်း ပြန်လည်တင်ပြရာမှာတော့ ချီးကျူးတာရော ကဲ့ရဲ့တာတွေ သိပ်ထည့်မတွေးဘဲ သူ့လျှောက်လဲချက်ဟာ ပြောစမှတ်ပြုလောက်စရာ မဟုတ်ကြောင်း ရိုးရိုးပဲ ပြောပါတယ်။ ခက်ခဲတဲ့အချိန်တွေ ဆက်ရှိနိုင်ကြောင်းလည်း ဆိုတယ်။
နိုင်ငံတကာမှာ သူတော်စင်လို ဝိုင်းချီးမွမ်းခံခဲ့ရာက စစ်ရာဇဝတ်မှုတွေအတွက် ရုံးတင်ခံရသူအဖြစ် ဈာန်လျောပြီးဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာ့နိုင်ငံရေးဟာ သူ့ဘဝပါပဲ။ ဘယ်လိုဖြစ်ဖြစ် သူ့တိုင်းပြည် အနာဂတ် ကျဆုံးမှုနဲ့ အောင်မြင်မှု မှန်သမျှနဲ့အတူ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလို သူ့ကို ယှဉ်တွဲဖော်ပြခံရမှာ မြေကြီးလက်ခတ် မလွဲပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
၂၀၁၉ ခုနှစ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် အလှုပ်အယိမ်း များတဲ့နှစ်ပါပဲ။ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်တွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ရှိတယ်လို့ နိုင်ငံတကာမှာ လှုပ်ရှားနေကြသူတွေက သဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး ICC မှာ အမှုဖွင့်ဖို့ လုပ်ရာမှာ အဓိက ထိပ်ဆုံးပစ်မှတ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။
သဟိဂ်က နောက်တရားရုံး ICJ မှာ ဂမ်ဘီယာရဲ့ စွဲချက်ကို ခုခံဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့ကိုယ်စား နယ်သာလန်ဆီ သွားတဲ့အခါ ရခိုင်ပြည်မြောက်ပိုင်းမှာ သူ့တပ်ဖွဲ့တွေ ရက်စက်ထားသမျှကို သူ့အပေါ် အပြစ်ပုံချလိုက်မလားလို့ ဗိုလ်ချုပ်မှူးကြီး စိုးရိမ်နိုင်ကောင်းပါတယ်။ ဒါပေမယ့် သူစိုးရိမ်သလို မဖြစ်ခဲ့တာ လူတွေမြင်ခဲ့ရပြီးပါပြီ။
ဒီအကြောင်းတွေရဲ့ အကျိုးဆက်ပဲလား၊ ပြည်တွင်းနိုင်ငံရေးစင်မြင့်မှာ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲ ခြေလှမ်းတွေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှမ်းလာခဲ့တယ်။ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့ အမြဲတိုက်တွန်း ပြောဆိုလာခဲ့သူ ဗိုလ်ချုပ်မှူးကြီးဟာ ဒီနှစ်ထဲမှာ ဗလီကျောင်း၊ ချာ့ချ်ကျောင်း၊ ဟိန္ဒူဘုရားကျောင်းတွေဆီ လိုက်သွားနေခဲ့တယ်။ ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်ဆန့်ကျင်ရေး တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကို ထောက်ခံဆန္ဒပြပွဲတွေ အသံတိတ်သွားတယ်။ ဂူတာပြင်ရွာက လက်လွန်ခြေလွန်မှုကို စစ်တရားရုံးတင် ကြားနာစစ်ဆေးဖို့ တက်သုတ်ရိုက်လာတယ်။
သူ့ရဲ့ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်တွေကတော့ ရခိုင်မြောက်ပိုင်းမှာ ဒီနှစ်ဆန်းက စလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တိုက်ပွဲတွေ ရင်ဆိုင်ဖြစ်လာခဲ့ပြီး တပ်မတော်သားတွေ ထိခိုက် ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။ ရှမ်းမြောက်ပိုင်းမှာ အပစ်ရပ်ဖို့ကလည်း မလွယ်သေးပါဘူး။
ဒေသတွင်း ပထဝီနိုင်ငံရေးမှာ စစ်အင်အား ချိန်ခွင်ညှာညှိတဲ့ သဘောနဲ့ တပ်မတော် (ရေ) ကို ဒီနှစ်ထဲမှာ တိုးချဲ့တယ်။ ရဟတ်ယာဉ်တင် ဘက်စုံထောက်ပို့ သင်္ဘောသစ်တစင်းကို တောင်ကိုရီးယားက မှာပြီး ကီလိုအမျိုးအစား ရေငုပ်သင်္ဘောကို အိန္ဒိယကနေ ဝယ်ယူခဲ့ပါတယ်။ ဝေဟင်မှ တိုက်ခိုက်ခြင်းကို ပြန်လည်တုန့်ပြန်နိုင်ခြင်း၊ ရေပေါ်တွင် တိုက်ခိုက်နိုင်ခြင်းနဲ့ ရေအောက်တွင် တိုက်ခိုက်နိုင်ခြင်းတို့ ယခုအခါ မြန်မာ ရေတပ်မှာ ၃ ချက်စလုံး ရှိလာပြီလို့ စစ်ဘက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။
တပ်ချုပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတဖြစ်ချင်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကလည်း တပ်တွင်းတပ်ပြင်မှာ ပေါ်ထွက်လာနေတယ်။ ဒီလို ပြောဆိုချက်တွေကို တပ်မတော်က လုံးလုံး ပယ်မချထားပါဘူး။ တကယ်လို့ ဒါမှန်တယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ ပိုနီးလေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံရေး ခြေလှမ်းတွေက ပိုစိတ်ဝင်စားစရာ ကောင်းလေ ဖြစ်မှာမလွဲပါ။
ဒေါ်ဝေသစ်လွင်
Bella အလှကုန် လုပ်ငန်းရှင်
ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ သမီးဖြစ်ပေမယ့် အောင်မြင်ပြီးသား မိဘလုပ်ငန်းများကို ဆက်ခံတဲ့ လုပ်ငန်းရှင်အဖြစ် မရပ်တည်ဘဲ ဒေါ်ဝေသစ်လွင်ဟာ သူ့ကိုယ်ပိုင်လုပ်ငန်းတခုကို အချိန်တိုအတွင်း ဈေးကွက်နေရာတခုရအောင် လုပ်ဆောင်ခဲ့တဲ့ ငယ်ရွယ်သူ အမျိုးသမီးလုပ်ငန်းရှင်တဦးပါ။
၂၀၁၇ ခုနှစ်မှာ သူကိုယ်တိုင်ဦးဆောင်တဲ့ Bella အမည်ရှိ အမျိုးသမီးသုံး အလှကုန်ထုတ်ကုန်တွေကို သူ ကိုယ်တိုင် စတင်မိတ်ဆက်လာခဲ့ပါတယ်။
သူမရဲ့ ထုတ်ကုန်တွေဟာ လူတိုင်း လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်း နဲ့ အရည်အသွေးကောင်းမွန်တာကြောင့် မြန်မာ့ အလှကုန်ထုတ်ကုန်ဈေးကွက်မှာ အချိန်တိုတို ၆ လအတွင်းမှာ လူကြိုက်များတဲ့ အမှတ်တံဆိပ်တခုအဖြစ် ရပ်တည်နိုင်ခဲ့တာကြောင့် လေးစားအားကျရတဲ့ အမျိုးသမီးလူငယ် လုပ်ငန်းရှင်တဦး ဖြစ်လာပါတယ်။
နိုင်ငံခြားသတင်းဌာနတခုရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်မှာ Bella ထုတ်ကုန်တွေဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နဲ့ မြန်မာ့အလှကုန်ဈေးကွက်ရဲ့ ၆၅ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားပါတယ်။
အမျိုးသမီးတိုင်း လှစေဖို့ Bella ထုတ်ကုန်တွေရဲ့ ရောင်းဈေးဟာ အလှကုန်ပစ္စည်းတခုကို ကျပ် ၂၀၀၀ ကျော်က ကျပ် ၅၀၀၀ ကျော်သာ ရှိနေတာပါ။ လက်ရှိအချိန် အမျိုးသား၊ အမျိုးသမီး သုံး မျက်နှာသစ်ဆေး၊ မိတ်ကပ်၊ skin care ခရင်မ်များ၊ နှုတ်ခမ်းနီများ အပါအဝင် အလှကုန်ပစ္စည်း အမျိုးပေါင်း ၂၀ ကျော် ထုတ်လုပ် ရောင်းချလျက် ရှိပါတယ်။
အသက် ၃၀ အရွယ်မှာ အောင်မြင် ထင်ရှားလာတဲ့ အမျိုးသမီး လုပ်ငန်းရှင်ဖြစ်လာနိုင်ဖို့ ရေခံမြေခံကောင်းတွေ ဒေါ်ဝေသစ်လွင်မှာ ပြည့်စုံခဲ့ပါတယ်။
သူဟာ အသက် ၁၈ အရွယ်ကတည်းက မိဘရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ABC ၂၄ နာရီ စတိုးဆိုင်လုပ်ငန်း၊ အီလက်ထရွန်နစ်ပစ္စည်းများ နှင့် ဆောက်လုပ်ရေးသုံးပစ္စည်များ တင်သွင်းရောင်းချတဲ့ TMW စီးပွားရေးလုပ်ငန်းစု စီမံခန့်ခွဲမှု တာဝန်ရှိသူ တယောက်အနေနဲ့ နှစ်အတန်ကြာ အတွေ့အကြုံ ယူခဲ့ပါတယ်။
Hass Shool of Business, University of Berkeley, California တက္ကသိုလ်တွေမှာ Business Administration နဲ့ Bachelor’s Degree ရရှိထားပြီး ရန်ကုန်တက္ကသိုလ်မှာလည်း Business Law ဘာသာရပ် တက်ရောက်သင်ကြားခဲ့ပါတယ်။
ဦးဇော်ရဲနောင်
ရွှေတောင်ညိုကြီး သြဂဲနစ်မွေးမြူရေးလုပ်ငန်း တည်ထောင်သူ
မြန်မာနိုင်ငံရဲ့ ပထမဆုံး သြဂဲနစ် မွေးမြူရေးလုပ်ငန်းဖြစ်တဲ့ ရွှေတောင်ညိုကြီးကုမ္ပဏီ လုပ်ငန်းတည်ထောင်သူ ဦးဇော်ရဲနောင်က ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးမှု ဦးတည်ချက်များ (SDG) ဆိုင်ရာ စီးပွားရေး ရှေ့ဆောင် လူငယ် ၁၀ ဦးမှာ တဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာလည်း သဘာ၀ကြက်မွေးမြူရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
သူ့လုပ်ငန်းကို ကျေးလက်နေ ပြည်သူများရဲ့ ဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင် ဖန်တီးပေးခြင်း၊ နေ့စဉ် ဝင်ငွေ ရရှိစေခြင်း၊ သဘာ၀ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ကောင်းမွန်သော စီးပွားရေးပုံစံ တီထွင် ဖန်တီးပေးခြင်းတို့ကို ရည်ရွယ်ပြီး ထူထောင်ထားပါတယ်။
ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ရှိတဲ့ လယ်သမားတွေ၊ မွေးမြူရေးသမားတွေနဲ့ ပူးပေါင်းပြီး သူတို့ကို နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက် ရှာဖွေပေး ပါတယ်။ လွှတ်ကြောင်း ကြက်ဥ (Free Range Egg)၊ လှောင်အိမ်မဲ့ ကြက်ဥ (Cage Free)၊ ကြက်ချေးနဲ့ စိုက်ပျိုးတဲ့ သဘာ၀ ကြက်သွန်ဖြူတွေ ထုတ်လုပ် နေပါတယ်။
ဒီလုပ်ငန်းကို ဦးဇော်ရဲနောင်အနေနဲ့ ၂၀၁၇ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ကနေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့လုပ်ငန်းက ထုတ်တဲ့ ကြက်ဥတွေကို Citymart များနဲ့ ရန်ကုန်မြို့ရှိ ဆိုင်များတွင် ဖြန့်ဖြူး ရောင်းချ နေပြီဖြစ်တယ်။
ဦးဇော်ရဲနောင်ဟာ အင်္ဂလန်နိုင်ငံက ကွန်ပျူတာသိပ္ပံဘွဲ့ ရခဲ့တဲ့ IT Engineer ဖြစ်ပြီး ၂၀၀၈ နာဂစ် မုန်တိုင်းဖြစ်ပွားချိန်မှာ မြန်မာနိုင်ငံသို့ ပြန်လာပါတယ်။ ၂၀၀၉ ခုနှစ်က စတင်ပြီး ဂျာနယ်လစ်တဦး အဖြစ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလအထိ လုပ်ကိုင်ခဲ့ပါတယ်။
အဲဒီမှ တဆင့် ကမော္ဘဇဘဏ်မှာ ဒီဂျစ်တယ်ဆက်သွယ်ရေးဌာနမှာ ဌာနကြီးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် တွင် ရွှေတောင်ညိုကြီးကုမ္ပဏီကို မိတ်ဆွေ ကိုမာန်သူရှိန်နှင့်အတူ ထူထောင်ခဲ့ပါတယ်။
ဝန်ထမ်းဘဝက လုပ်ငန်းရှင်အဖြစ် ရောက်ရှိလာချိန် ငွေအရင်းအနှီး အခက်အခဲများ ကြုံတွေ့ခဲ့ရတာမို့ ကျေးလက် ပြည်သူတွေနဲ့ တွဲပြီး “အားလုံးပါဝင်ခွင့်ရှိသော စီးပွားရေးဂေဟစနစ်” (All Inclusive Business Ecosystem) ကို တီထွင် စမ်းသပ် အသုံးပြုခဲ့ရာက အောင်မြင်ခဲ့တာ ကုလသမဂ္ဂက ဆုချီးမြှင့်ခံရထိပါပဲ။
ဒီစနစ်က ကမာ္ဘကြီးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် အဖြေတခု ဖြစ်တယ်လို့ ကုလသမဂ္ဂက လက်ခံ ယုံကြည်တဲ့အတွက် ကိုဇော်ရဲနောင်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကို ဖိတ်ကြားပြီး UN SDG Pioneer 2019 Advancing Local Livelihoods ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
တချိန်တည်းမှာ နယူးယောက်မြို့တော်မှာလည်း ဦးဇော်ရဲနောင်ရဲ့ ဓါတ်ပုံနဲ့ မြန်မာနိုင်ငံရဲ့ အမည်ကို မက်ဟက်တန်တိုင်းစကွဲယားက LED Screen များမှာ ဂုဏ်ပြုဖော်ပြခြင်းလည်း ခံခဲ့ရပါတယ်။
အခုချိန်မှာတော့ ကုလသမဂ္ဂနှင့် လက်တွဲကာ ရွှေတောင်ညိုကြီးမှ တီထွင်ခဲ့သည့် “အားလုံးပါဝင်ခွင့်ရှိသော စီးပွားရေးဂေဟစနစ်” (All Inclusive Business Ecosystem) ကို ကမာ္ဘ့နိုင်ငံ အသီးသီးသို့ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိတဲ့အပြင် မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းကလည်း ကျေးလက်ပြည်သူများ ဘဝ အမှန်တကယ်တိုးတက်လာစေခဲ့သောကြောင့် ရွှေတောင်ညိုကြီးကုမ္ပဏီ ကို MYEA Inclusive Business Award 2019: Innovation Award ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဦးမင်းကျော်ဇင်
Nature Myanmar တည်ထောင်သူ
ယခင်က ကွမ်းပင်တွေက ထွက်လာတဲ့ ကွမ်းဖက်တွေကို အမှိုက်တွေလို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ အဲဒီလို အမှိုက်သဖွယ်ဖြစ်နေတဲ့ ကွမ်းဖက်တွေကို သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးနေတဲ့ ပလတ်စတစ် လူသုံးကုန်ပစ္စည်းတွေနေရာမှာ အစားထိုးအသုံးပြုနိုင်မယ့် တခါသုံးပစ္စည်းတွေကို စွန့်ဦးတီထွင်လုပ်ငန်းရှင် ဦးမင်းကျော်ဇင်က ထုတ်လုပ်ခဲ့ပါတယ်။
ဦးမင်းကျော်ဇင်က ပလတ်စတစ်တခါသုံး ပစ္စည်းတွေနေရာမှာ ကွမ်းဖက်နဲ့ ထုတ်ထားတဲ့ ထမင်းစားပန်းကန်တွေ၊ ပန်းကန်လုံးတွေ၊ ဇွန်းနဲ့ ခရင်းတွေ အပြင် (Takeaway Box) ဖော့ဘူးအစားထိုး ဘူးတွေ၊ အချဉ်ထည့်တဲ့ ခွက်တွေ ထုတ်လုပ်လျက်ရှိပါတယ်။ သူရဲ့ တခါသုံး ကွမ်းဖက်ပစ္စည်းတွေက ယခုဆိုရင် လူကြိုက်များပြီး ပြည်တွင်းစားသောက်ဆိုင်တွေ၊ စားသုံးသူတွေ တင်မကဘဲ ပြည်ပနိုင်ငံတွေကပါ အော်ဒါမှာယူခြင်းများ ရှိနေပါပြီ။
ဈေးကွက်ထဲက တခါသုံး ပလတ်စတစ်ပစ္စည်းတွေနဲ့ အပြိုင်ဖြစ်လာနေတဲ့ ကွမ်းဖက် တခါသုံးပစ္စည်းတွေကို ကိုမင်းကျော်ဇင်အနေနဲ့ အလွယ်တကူ ထုတ်လုပ်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။
သူ ဒီပစ္စည်းတွေ စတင်ထုတ်လုပ်ခဲ့တဲ့ တနင်္သာရီတိုင်းမှာ ကုန်ကြမ်းဖြစ်တဲ့ ကွမ်းဖက်တွေကို အလွယ်တကူ ရရှိပေမယ့် လျှပ်စစ်မီးလုံလောက်စွာ မရှိတာကြောင့် အပူချိန် မမှန်ပဲ ပစ္စည်းများပျက်စီးခြင်း၊ ကုန်ကြမ်းပစ္စည်းများ စိုထိုင်းစ မမှန်တာကြောင့် ပျက်စီးခြင်း အပြင် ဈေးကွက်ဝင်ထုတ်ကုန်အဖြစ် မရောက်မီ စမ်းသပ်ကာလ ကြာလာတာနဲ့အမျှ တယူနစ် ကျပ် ၄၀၀ လောက်ရှိနေတဲ့ လျှပ်စစ်မီတာခနဲ့ ဘဏ္ဍာရေးစိန်ခေါ်မှုတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရပါတယ်။
စိန်ခေါ်မှုတွေ ကျော်ဖြတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လက စတင်ခဲ့တဲ့ သူရဲ့လုပ်ငန်းက ၂၀၁၉ ဇန်နဝါရီလမှာ ဈေးကွက် တင်ရာမှာ လူမှုကွန်ရက်နဲ့ မီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြခံခဲ့ရပြီးနောက် ရန်ကုန်မြို့မှာပါ စက်ရုံအသေးစားလေး တခု ဖွင့်လှစ်ပြီး ပစ္စည်းတွေကို တိုးထုတ်လုပ်ခဲ့ရပါတယ်။
World Ocean Day 2019 ဇွန်လ ၅ ရက်နေ့မှာတော့ ကမ္ဘာ့ဘဏ်က အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း ၁၅ နိုင်ငံက သဘာဝပတ်ဝန်းကျင် အကျိုးပြု လုပ်ငန်းတွေ လုပ်နေတဲ့ လုပ်ငန်းရှင် ၁၅ ဦး ရွေးချယ်ရာမှာ မြန်မာနိုင်ငံက Nature Myanamr ရဲ့ တည်ထောင်သူ ဦးမင်းကျော်ဇင် ရွေးချယ်ခံခဲ့ရပါတယ်။
ပြည်တွင်းမှာလည်း သူဟာ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်း (MYEA) ရဲ့ Social Entrepreneur Award ဆု ရရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စွန့်ဦး တီထွင်ပြိုင်ပွဲမှာတော့ Waste to Value ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မှာ International Trade Center နဲ့ TCMA တို့က ကြီးမှူးကျင်းပတဲ့ ၈ ကြိမ်မြောက် နိုင်ငံတာကာ သံရုံးများရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံအလိုက် ထုတ်ကုန်/ထွက်ကုန်များကို ပြသတဲ့ ဆောင်းရာသီပြပွဲ 8th Annual Embassy Showcase: Winternational (2019) မှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြု သူရဲ့ ကွမ်းဖတ်နဲ့ ထုတ်လုပ်ထားတဲ့ သဘာဝထုတ်ကုန်တွေကို သွားရောက်ပြသဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။
သက်ထားသူဇာ
ကြက်တောင်ရိုက် အားကစားမယ်
မြန်မာနိုင်ငံမှာ အားကစားလို့ ဆိုလိုက်ရင်ဖြင့် ဘောလုံးပွဲလို့သာ အများစုက သိထားကြတဲ့အချိန်မှာ ကြက်တောင်ရိုက် အားကစားကို လူသိများစေခဲ့ပြီး တနှစ်အတွင်း ရွှေတံဆိပ် ၇ ခုရယူနိုင်ကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ သူက သက်ထားသူဇာပါ။
နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ ကြက်တောင်အားကစားပြိုင်ပွဲတွေမှာ သက်ထားသူဇာအနေနဲ့ 2018 Egypt International ပွဲမှာ ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆုရယူလိုက်နိုင်တာက ကြက်တောင် အားကစားကို ပြန်လည်သက်ဝင်စေခဲ့ပါတယ်။
သက်ထားသူဇာက Egypt International 2018၊ Uganda International 2019၊ Kenya International 2019၊ Mauritius International 2019၊ Benin International 2019၊ Cote d’Ivoire International 2019၊ Egypt International 2019 ပွဲတွေမှာ ချန်ပီယံရွှေတံဆိပ်ဆုတွေ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သက်ထားသူဇာက ကမာ္ဘ့ကြက်တောင်အဖွဲ့ချုပ် (BWF) က သတ်မှတ်ထားတဲ့ ၂၀၁၈ ခုနစ် မတ်လ မှာ ကမာ္ဘအဆင့်သတ်မှတ်ချက် World ranking ၁၆၀ ကနေ ၂၀၁၉ ခုနစ် ဒီဇင်ဘာမှာ အဆင့် ၆၁ အထိ ခုန်တက်နိုင်ခဲ့သူပါ။
သူ ဒီလို ကမာ္ဘ့အဆင့် သတ်မှတ်ချက် တက်လာဖို့အတွက် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်မှာ တပတ်ကို ၅ ရက် တနေ့ကို မနက် ၉ နာရီခွဲကနေ ၁၂ နာရီအထိ ညနေပိုင်းမှာ ၅ နာရီကနေ ၇ နာရီအထိ ကြက်တောင်ရိုက် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။
ဒါ့အပြင် ဒိန်းမတ်နိုင်ငံ၌ Asia Olympic Project Training ကို ၂ လကြာ လေ့ကျင့်နေရင်း ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်နေသလို ပြိုင်ပွဲမရှိတဲ့ ကြားကာလရက်တချို့မှာလည်း မလေးရှားမှာ သွားရောက် လေ့ကျင့်တာမျိုး ရှိတယ်။
ဝါသနာအရင်းခံကာ ပင်ကိုယ်စွမ်းရည် ပါရမီနဲ့ ပြည့်စုံတယ်လို့ ဆိုရမယ့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ တယောက် သွားရောက်ယှဉ်ပြိုင်တဲ့ ပြည်ပပွဲစဉ်တွေမှာ အပိုသုံးငွေမရှိဘဲ ခြိုးခြံချွေတာကာ သွားလာနေထိုင်ခဲ့ရတယ်လို့ သိရတယ်။
သက်ထားသူဇာအနေနဲ့က အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ဖို့ အနည်းဆုံး ကမာ္ဘ့အဆင့် (World Ranking) ၁၀၀ အတွင်း ရောက်ဖို့ လိုတာမို့ လိုအပ်တဲ့အတွက် ဖိတ်ခေါ်ပြိုင်ပွဲတွေ အပါအဝင် နိုင်ငံတကာ စီးရီးပြိုင်ပွဲပေါင်း ၁၄ ပွဲကို ၁ နှစ်အတွင်း ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်။
သက်ထားသူဇာအနေနဲ့က ဒီလိုပြိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ဝင်ရိုက်နေရတာကြောင့် ရံဖန်ရံခါ ပွဲပန်းကာ အနာတရ ရတာတွေရှိတဲ့အတွက် တချို့ပွဲတွေမှာ အနိုင်မရခဲ့တာတွေလည်း ရှိပါတယ်။ သက်ထားသူဇာက ဖိတ်ခေါ်ပြိုင်ပွဲတွေ၊ နိုင်ငံတကာ Series ပြိုင်ပွဲတွေနဲ့ Future Series အပါအဝင် ပြိုင်ပွဲပေါင်း ၉၃ ပွဲကစားထားရာ ၇၀ ပွဲ အနိုင်ရပြီး ပွဲ ၂၃ ရှုံးထားပါတယ်။
အသက် ၂၀ သာရှိသေးတဲ့ သက်ထားသူဇာရဲ့ အဓိက ရည်မှန်းချက်က ၂၀၂၀ ခုနစ် ဂျပန်နိုင်ငံ၊ တိုကျိုမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာ ကွာလီဖိုင်းဝင်ပြီး round ရိုက်လို့ရအောင် နိုင်ငံတကာပြိုင်ပွဲများစွာကို တောက်လျှောက် ယှဉ်ပြိုင်ကာ အမှတ်ရယူနေတာပါ။
မြန်မာ့ကြက်တောင်လောကမှာ အိုလံပစ်ဝင်တဲ့ ကြက်တောင်အားကစားသမား တဦးတယောက်မျှ မပေါ်သေး တဲ့အတွက် သက်ထားသူဇာက မြန်မာ့ကြက်တောင်လောကအတွက် မျှော်လင့်ချက်တခုလည်း ဖြစ်တယ်။
သက်ထားသူဇာဟာ ထိုင်းနိုင်ငံ၊ ရနောင်းမှာ အသက် ၇ နှစ်အရွယ်က စတင်ကာ ကြက်တောင် စတင်ကစားခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေခဲ့တဲ့ ၁၁ နှစ်တာ ကာလတလျှောက်မှာ ထိုင်းဘုရင်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆု ၆ ဆုကို ရရှိခဲ့သူလည်း ဖြစ်တယ်။
ဒါ့အပြင် သူရဲ့မိဘနှစ်ပါးလုံးက ကြက်တောင်ကစားသမားဟောင်းတွေ ဖြစ်ကြပြီး ဖခင်ဖြစ်သူက ၁၉၉၅ ခုနစ် အရှေ့ တောင်အာရှဆီးဂိမ်းမှာ တတိယဆုရရှိထားတဲ့ လက်ရွေးစင်ဟောင်းတဦးဖြစ်တဲ့အပြင် သက်ထားသူဇာကို သင်ပေးခဲ့တဲ့ လက်ဦးဆရာလည်း ဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဖြစ်သူ သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာခလမ်ဆမ်ဆွန်က ကချင်ပြည်နယ်တွင်း စစ်ဘေးရှောင်အရေး၊ န်ိုင်ငံရေး မပြေလည်မှုတွေကြောင့် လူထုတွေ ကြုံတွေ့နေရတဲ့ အရေးနဲ့ ပတ်သတ်ရင် ကချင်လူထုဘက်က မားမားမတ်မတ် ရပ်တည်ပေးနေသူအဖြစ် အသိအမှတ်ပြုခံရတဲ့ ဘာသာရေးခေါင်းဆောင် တဦးဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို သြဂုတ်လအတွင်းက တပ်မတော်ကို နိုင်ငံတကာမျက်နှာစာမှာ သိက္ခာညှိုးနွမ်းအောင် ပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုနိုင်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် တရားရုံးမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သန်းထိုက်က တိုင်ကြားခဲ့ပါတယ်။
တိုင်ကြားခံရတဲ့ အကြောင်းကတော့ ဇူလိုင် ၁၈ ရက် အမေရိကန် အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရန့်ကို ဘာသာရေး ဖိနှိပ်ခံရတဲ့နိုင်ငံတွေက ဘာသာရေး ခေါင်းဆောင်တွေနဲ့ အတူ တွေ့ဆုံရာမှာ ဒေါက်တာခလမ်ဆမ်ဆွန်က မြန်မာနိုင်ငံမှာ တပ်မတော်က ဘာသာရေးအရ ဖိနှိပ်မှုတွေ လုပ်တာရှိပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့် မရဘူးလို့ ပြောတဲ့အပြင် ဒီမိုကရေစီ၊ ဖက်ဒရယ်လမ်းကြောင်း အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေက တပ်မတော်ကို တိုက်ခိုက်နေရကြောင်းနဲ့ အမေရိကန် အစိုးရဘက်ကနေ လူနည်းစု တိုင်းရင်းသားခေါင်းဆောင်တွေကို အကူအညီပေးပါလို့လည်း တောင်းဆိုခဲ့လို့ပါ။
ဒီ့အပြင် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်အချို့ကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လိုက်တဲ့ အပေါ်လည်း ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောဆိုခဲ့တာပါ။
ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားစွဲဆိုဖို့ ကြံစည်ခဲ့ပေမယ့် တပ်မတော်ဘက်က ပြန်တောင်းပန် ရင် အမှုကျေအေးပေးမယ်လို့ နှုတ်နဲ့ ကမ်းလှမ်းခဲ့တာလည်း ရှိပါတယ်။ ရက်သတ္တပတ်အကြာမှာတော့ ညှိနှိုင်းမှု တစုံတရာ မရှိပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နှုတ်မိန့် နဲ့ ဆိုပြီး တရားစွဲဆိုဖို့ ကြိုးစားနေတာကို ရုတ်သိမ်းသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်လည်း အမှုရုပ်သိမ်းပြီးပြီးချင်း မန္တလေးမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်လက်နက်ကိုင်အဖွဲ့ KIA အပေါ်လည်း ဝေဖန်ရဲသူပါ။ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး KIA အနေနဲ့ အစိုးရနဲ့ အကြိုပမာဏ အပစ်ရပ်ရေး သဘောတူညီချက် ရေးဖို့ ပြောဆိုသလို နိုင်ငံရေးမှာ KIA ဟာ ကရင်၊ မွန်လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ တိုင်းရင်းသားမဟာမိတ် UNFC က ထွက်ပြီး ဝလက်နက်ကိုင် UWSA ဦးဆောင်တဲ့ FPNCC ထဲ ဝင်လိုက်တဲ့အခါ စစ်ဘက်ကသာ ကြီးစိုးပြီး အရပ်ဘက်အဖွဲ့အစည်းတွေ လွတ်လပ်ခွင့် မရှိတဲ့ UWSA ဘက် ယိမ်းမသွားဘဲ ဖယ်ဒရယ်နဲ့ ဒီမိုကရေစီရေး လမ်းကြောင်းကိုသာ လိုက်ဖို့ ပြောဆိုခဲ့ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်က ကချင်လူထုတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ တရုတ်ရဲ့ စီမံကိန်းကြီး တခုဖြစ်တဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ရင်လည်း လူထုဘက်က ရပ်တည်ပြောဆိုတာတွေကြောင့် တရုတ်အစိုးရဘက်က ခေါ်ယူတွေ့ဆုံပြီး လက်ခံဖို့ တွန်းအားပေးတာတွေ ရှိပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်က ဘာသာရေးခေါင်းဆောင်တဦးအဖြစ် တာဝန်ယူထားချိန်မှသာ ပြည်တွင်း နိုင်ငံရေးအခြေအနေ၊ ကချင်တွေရဲ့ နိုင်ငံရေးထဲမှာ ပါဝင်လာသူ တဦး မဟုတ်ပါဘူး။
၁၉၈၈ ခုနှစ် တနိုင်ငံလုံး အုံကြွပြီး ဒီမိုကရေစီ တောင်းဆိုတဲ့ အရေးအခင်းဖြစ်ပွားစဉ်ကလည်း မြစ်ကြီးနားမြို့က ဆန္ဒပြပွဲအချို့မှာ ဦးဆောင်သူ ကချင်လူငယ်တဦးအဖြစ် လှုပ်ရှားခဲ့သူ တဦးပါ။
ရန်ကုန်မြို့မှာ အရေးအခင်းတွေ ဖြစ်လို့ ကျောင်းတွေ ပိတ်လိုက်ချိန် Myanmar Institute of Theology က ကျောင်းသားတဦးဖြစ်တဲ့ သူက မြစ်ကြီးနားကို ရောက်ချိန်မှာ ကချင်လူငယ်တွေ စုပြီး ကချင်ဘာသာစကားနဲ့ မဆလအစိုးရက လွတ်လပ်ရေးပေးဖို့ အရပ်သားတွေကို နှိပ်စက်သတ်ဖြတ် တာတွေကို ရပ်တန်းက ရပ်ဖို့ ကြွေးကြော်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သူပါ။
ဘာသာရေးဆရာဖြစ်လာချိန် KBC ရဲ့ ဦးဆောင်သူ အခန်းကဏ္ဍမှာ ပါဝင်လာချိန်မှာလည်း ၄ နှစ်တကြိမ် အများဆန္ဒနဲ့ အတွင်းရေးမှူး ရာထူးကို ၂ ကြိမ်၊ ၈ နှစ်ဆက်တိုက် ရွေးကောက် တင်မြှောက် ခံရသူ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် KBC သင်းလုံးကျွတ် ညီလာခံမှာ အခြား ဘာသာရေး ခေါင်းဆောင်တဦးကို KBC ဥက္ကဌ အဖြစ် ခန့်ဖို့ KBC ရွေးချယ်ရေးကော်မတီက တင်ပြလာရာမှာ အသင်းသူအသင်းသားများက ဝိုင်းကန့်ကွက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို တင်မြှောက်လိုကြောင်း ဝိုင်းဝန်းထောက်ခံကြတာကြောင့် KBC ဥက္ကဌ ဖြစ်လာတာပါ။
လက်ရှိမှာ ဒေါက်တာခလမ်ဆမ်ဆွန် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ KBC က မြန်မာနိုင်ငံတွင်း ဇုံနယ်အသင်းတော် ၁၅ ဖွဲ့၊ အသင်းတော်ပေါင်း ၄၂၉၊ အသင်းသူအသင်းသားပေါင်း ၄ သိန်း ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။
ဦးရဲမြတ်သူ
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်
ပြီးခဲ့တဲ့ အောက်တိုဘာက စတင်ပြီး ယူနီကုဒ်ဖောင့်ကို ပြည်ထောင်စုဖောင့်အဖြစ် အစိုးရက သတ်မှတ်ပြီး ပြောင်းလိုက်တဲ့အခါ လူအများ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ ဇော်ဂျီဖောင့်ကို တီထွင်ခဲ့တဲ့ ဦးရဲမြတ်သူဟာ သတင်းမီဒီယာတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီလို ဖောင့်အပြောင်းအလဲကို သူက ကြိုဆိုပေမယ့် ၂၀၀၄ ခုနှစ်က စပြီး ခေတ်ကာလလိုအပ်ချက်အရ အကျိုးအမြတ်မယူဘဲ သူနဲ့ သူ့မိတ်ဆွေတွေ တီထွင်ထားခဲ့တဲ့ ဇော်ဂျီဖောင့်ကို မကောင်းပြောလာတာကို သူက ကာကွယ်ပါတယ်။
ကွန်ပြူတာ ဆော့ဖ်ဝဲ ပရိုဂရမ် နည်းပညာရှင်တယောက်ဖြစ်တဲ့ ဦးရဲမြတ်သူက ၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်မှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ ကော်မတီဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ခြင်းခံရသူတဦးလည်း ဖြစ်ပါတယ်။
မန်းစည်ပင်ကော်မတီမှာ လမ်းတံတားဌာနကို တာဝန်ယူရတဲ့ ကော်မတီ ဝင်တယောက်ဖြစ်သလို မြို့အတွက် နည်းပညာပိုင်းနဲ့ သက်ဆိုင်တဲ့တာဝန်များ၊ Smart City Chief Officer အဖြစ် တာဝန်ယူထားပါတယ်။
၂၀၁၉ ခုနှစ်အတွင်း မန္တလေးစည်ပင် နယ်နိမိတ်ဧရိယာမှာ အမည်ထပ်နေတဲ့ လမ်းတွေကို အမည်ပြန်လည်သတ်မှတ်ခြင်း၊ Zip Code တွေ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ပါတယ်။ ဒါအပြင် မန္တလေးမြို့ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ဖို့ အဆင့်မြင့်နည်းပညာသုံး မီးပွိုင့်တွေ၊ Radio-frequency identification (RFID) စနစ်သုံး အီလက်ထရောနစ် လမ်းတံတား အသုံးပြုခ ကောက်ခံတဲ့ စနစ်တွေ၊ GPS စနစ်တပ်ဆင်ထားတဲ့ အမှိုက်သိမ်းကားတွေ စတဲ့ နည်းပညာအခြေခံတဲ့ မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဦးရဲမြတ်သူက စတင်ထိတွေ့စေခဲ့ပါတယ်။
နည်းပညာနဲ့ မယဉ်ပါးသေးတဲ့ ဝန်ထမ်းအချို့ကြား နည်းပညာနဲ့အပြောင်းအလဲကို စတင်ခဲ့တဲ့အတွက် စိန်ခေါ်မှုုနဲ့ မျက်နှာချင်းဆိုင်ခဲ့ရတယ်လို့ ဧရာဝတီနဲ့ သီးသန့်အင်တာဗျူးမှာ သူက ဆိုခဲ့ပါတယ်။
ဦးရဲမြတ်သူဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်းက စပြီး နည်းပညာလောကထဲကို ဝင်ရောက်ခဲ့သလို Alpha Computer လုပ်ငန်းကို စတင်ခဲ့တဲ့အတွက် မန္တလေးမြို့မှာ Alpha ရဲမြတ်သူလို့ လူသိများသူတယောက်ပါ။
သူ့ဆောင်ရွက်ချက်တွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလက ဂျာမန်အဖွဲ့အစည်း Friedrich Nauman Foundation က ဦးရဲမြတ်သူကို ဒီဂျစ်တယ်ခေတ်မှာ လွတ်လပ်မှုအတွက် ကြိုးပမ်းခဲ့ကြသူများအတွက် ရည်ရွယ်ပေးအပ်တဲ့ “Digital Courage Award” (ဒီဂျစ်တယ်နည်းပညာ သူရဲကောင်းဆု) ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်
AA စစ်ဦးစီးချုပ်
ရခိုင်ပြည်နယ်တွင်းက နယ်ခြားစောင့်စခန်း ၄ ခုကို မနက်စောစော ဝေလီဝေလင်းမှာ ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သောင်းချီယူသွားတဲ့ သတင်းကြောင့် ၂၀၁၉ ခုနှစ်ရဲ့ နှစ်ဦးပိုင်း လွတ်လပ်ရေးနေ့ မနက်ခင်းက လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ရပါတယ်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေကို ၂၀၁၉ ခုနှစ် လွတ်လပ်ရေးနေ့က စစ်ဆင်ရေးနဲ့ စစ်ရှိန်မြှင့်တင်ပြီးတဲ့နောက် ရက္ခိုင့်တပ်မတော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင်း အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာကို ပြိုလဲအောင် လုပ်ပြီး မိမိတို့ အုပ်ချုပ်ရေးစနစ်ကို အစားထိုးဖို့ ကြိုးစားလာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ တနှစ်လုံး တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ AA တပ်ဖွဲ့ ကို ဦးဆောင်နေသူက ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပါ။
သူက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်ကို တိုက်ခိုက်မယ့် စစ်ဆင်ရေး နည်းဗျူဟာ တရပ်လုံးကို အဓိက ရေးဆွဲသူ တဦးဖြစ်ပြီး မြေပြင်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း မြေပြင်က တပ်မှူးတွေနဲ့ ချိတ်ဆက်ပြီး စစ်ပွဲတွေကို ဦးဆောင်ညွှန်ကြားနေသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ရည်မှန်းချက်က ရခိုင်ပြည်နယ်တွင်းက တပ်မတော်၊ တပ်ဖွဲ့ဝင်တွေကို တိုက်ထုတ်ပြီး ဥပဒေအရ ကွန်ဖက်ဒရေးရှင်းအဆင့် ရရှိဖို့ ဆိုပြီးလည်း ပြောဆိုထားပါတယ်။
၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်မှာ လက်နက် အလက် ၂၀ ၊ ကျည်အတောင့် ၅၀၊ လူငယ် ၂၆ ဦးတည်းနဲ့စခဲ့တဲ့ သူ့ရဲ့ စစ်တပ်ဟာ အခုဆိုရင် စစ်သားအင်အား တသောင်းဝန်းကျင်ထိ ရှိနေပါပြီ။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တော်လှန်ရေး သက်တမ်း ၁၀ နှစ်အတွင်းမှာ လက်နက်အင်အား၊ လူအင်အား အသင့်အတင့်ကောင်းတဲ့ စစ်တပ် တခုကို ထူထောင်ပြီး တပ်တွင်း စစ်သားတွေရဲ့ စားဝတ်နေရေး၊ တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်း တပ်ဆင်မှုတွေမှာလည်း ဖူလုံဖို့ကိုလည်း ဦးဆောင်နေသူဖြစ်တဲ့အပြင် ပြည်တွင်းမှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေ ဖြစ်တဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့နဲ့လည်း ညီနောင်အဖြစ်လည်း အသိအမှတ်ပြုမှု ထောက်ပံ့မှုတွေကို ရရှိလာသူပါ။
ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပြီး သြဂုတ်လမှာတော့ AA၊ တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့က ပြင်ဦးလွင်၊ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ နောင်ချိုမြို့၊ ဂုတ်ထိပ် တံတားနဲ့ ရဲကင်းတွေကို ဝင်စီးပြီး တိုက်ခိုက်မှုတွေကြောင့် တပ်မတော်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ ဝင် တွေအပြင် အရပ်သားတွေပါ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နဲ့ AA ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ နှစ်ဖက်တပ်ဖွဲ့တွေကြား အသေအပျောက်များခဲ့သလို အရပ်သားတွေကြားမှာလည်း ထိခိုက်သေဆုံးတာတွေအပြင် မသင်္ကာမှုနဲ့ ဖမ်းဆီးခံရတာ စစ်ဆေးခံရတာ ၁၀၀ ကျော် ရှိပါတယ်။ ချင်းလွှတ်တော်အမတ် ဦးဝှေ့တင်းအပါအဝင် ပြန်ပေးစွဲမှုတွေလည်း စလုပ်လာတယ်။
ရခိုင်ပြည်နယ်ထဲက တရုတ်စီးပွားရေး အကျိုးစီးပွားတွေကို မတိုက်ခိုက်ပေမယ့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်းမှာ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းအတွက် ဆောက်လုပ်ရေး ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရေယာဉ်တစီး ပစ်ခတ် ဖျက်ဆီးခံခဲ့ရပြီး ကုလားတန်စီမံကိန်းနဲ့ အလုပ်လာလုပ်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။
လာမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာလည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ၎င်းတို့ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားတဲ့ နေရာက စီမံကိန်းတွေ စီးပွားရေး လုပ်ငန်းတွေက AAကို အခွန်ပေးဆောင်ရမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ အခွန်မပေးဆောင်တဲ့ စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖျက်သိမ်းပစ်မယ်လို့လည်း ပြောတာကြောင့် ရခိုင်ပြည်နယ်တွင်းက စီးပွားရေးသမားတွေကြား ထိတ်လန့်နေကြပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ပခုံးထမ်း လေယာဉ်ပစ်ဒုံးကျည်တွေအပြင် အဆင့်မြင့်လေယာဉ်ပစ်လက်နက်တွေကို ဦးစားပေးအဆင့်အနေနဲ့ စုဆောင်း နေတာကြောင့် လာမယ့် ၂၀၂၀ ခုနှစ် တိုက်ပွဲတွေမှာ AAရဲ့ တိုက်ခိုက်မှုစွမ်းရည်ကို ဆက်လက်စောင့်စားပါလို့ ဧရာဝတီနဲ့ အမေးအဖြေမှာ ပြောဆိုထားတဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲလုပ်ရင် သူတို့နဲ့ညှိပါလို့ ပြောဆိုလိုက်တာကြောင့် ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲတွေ ဖြစ်မှဖြစ်ပါ့မလားလို့ စိုးရိမ်မှုတွေ ဖြစ်လာနေရပါပြီ။
ဒေါက်တာ ဇော်မြင့်မောင်
မန္တလေးတိုင်း ဝန်ကြီးချုပ်
အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) အစိုးရရဲ့ ဝန်ကြီးချုပ်များထဲ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ နာမည်အရဆုံးနဲ့ အားအကိုးရဆုံး ဖြစ်သလို ပါတီမှာလည်း ဒုတိယ ဥက္ကဌ ၂ အနေနဲ့ ဩဇာကြီးပါတယ်။ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ ဥက္ကဌ ၁ ဦးဝင်းမြင့်တို့ အစိုးရ ခေါင်းဆောင်များ ဖြစ်နေချိန် ပါတီမှာ ပြန် ဦးဆောင်မှု ပေးနိုင်သူတဦးပါ။
ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးမြို့ ဇာတိဖြစ်ပြီး ဇနီးနဲ့ ကလေး ၃ ဦး စလုံးကလည်း ဆရာဝန်များ ဖြစ်ကြပါတယ်။ သူ့မန္တလေးက ရန်ကုန်ထက် ပို ချီးကျူးရပါတယ်။။ သူ့မှာ အားကိုးရတဲ့ မြို့တော်ဝန်နဲ့ အစိုးရအဖွဲ့လည်း ရှိပါတယ်။။ မန္တလေးသူ မန္တလေးသား မဲဆန္ဒရှင်များကလည်း သူ့ရဲ့ ခပ်ပြတ်ပြတ် မာရည်ကျောရည် ဆက်ဆံမှုကို မကြိုက်ရင်သာရှိမယ်၊ သူရဲ့ စီမံကွပ်ကဲမှုနဲ့ ဝန်ဆောင်မှုတွေကြောင့် ဗြောင်ထုတ် မဝေဖန်ကြပါ။
သူဟာ သူ့အာဏာရပါတီကို ပြန်လည် ဝေဖန်ရာမှာလည်း အားနာတတ်သူ မဟုတ်ပါ။ အာဏာရ ပါတီက ခန့်အပ် တာဝန်ပေးထားတဲ့ အစိုးရ အဖွဲ့ ဝင် ဝန်ကြီးများ အောက်ခြေ လွတ်သွားကြပြီး ပြည်သူကို မေ့ကာ ပါတီကို ဂရုမစိုက်တော့ကြောင်း သတိပေးတတ်ပါတယ်။
ဒါပေမယ့် မီဒီယာတွေအပေါ် သဘောထား မကောင်းလှပါဘူး။ အခြေခံဥပဒေမှာ မဏ္ဍိုင် ၃ ရပ်ပဲရှိတယ်၊ စတုတ္ထမဏ္ဍိုင် မရှိဘူးလို့တောင် ဆိုခဲ့ပါတယ်။ သူ့ဓာတ်ပုံတွေ သုံးပြီး လူမှုကွန်ရက်မှာ ဝေဖန်လို့ဆိုပြီး သူ့ကိုယ်စား မန္တလေးတိုင်း NLD ပြန်ကြားရေး အရာရှိတဦးက ပို့စ်တင်ခဲ့သူ အကောင့် ပိုင်ရှင် ၂ ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ စက်တင်ဘာ ၁၆ ရက်နေ့က အမှုဖွင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံမယ်လို့ ဦးဝင်းမြင့်နဲ့အတူ တစ်ပြေးနေတဲ့ ဒေါက်တာဇော်မြင့်မောင်ကို ၂၀၁၉ ခုနှစ်က မျက်နှာသာ မပေးခဲ့ပါဘူး။ သွေးကင်ဆာ ရောဂါရှိကြောင်း ဖော်ထုတ်တွေ့ ရှိရပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကို အောက်တိုဘာလကတည်းက သွားရောက်ပြီး ဆေးကုသခံရပါတယ်။
သူဟာ သွေးလဲသွင်းခဲ့ရပါတယ်။ အချိန်ယူ အနားယူရမှာမို့ အစိုးရနဲ့ ပါတီတာဝန်များကို အပြည့်အဝ ပြန်လည် ထမ်းဆောင်ဖို့ သိပ်မသေချာတော့ပါဘူး။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် NLD ပါတီ စုဖွဲ့ ပြင်ဆင်မှုကလည်း တအားလျော့သွားစေပါတယ်။
ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေဟာ NLD က အခြား အသက်ရလာနေတဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်တွေကို သတိပေးခေါင်းလောင်းသံပါပဲ။
ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ အဲဒီနောက်တော့ အကျဉ်းစံဘဝနဲ့ ၁၉ နှစ်လောက် နေခဲ့ရပါတယ်။၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ မိခင်ပါတီ NLD ပါတီမှတ်ပုံတင်တဲ့အခါ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမရပူရ မဲဆန္ဒနယ်က အနိုင်ရပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
တပ်မတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်
တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲ သိသာတဲ့တခုကတော့ မီဒီယာနဲ့ ထိတွေ့ ဆက်ဆံလာတာပါပဲ။ ပြောင်းလဲလာတဲ့ သတင်းခေတ်ကြီးထဲ လူထုကို အရင်လို တဖက်သက် ဝါဒဖြန့်နေရုံနဲ့ မရတော့ဘဲ သတင်းထောက်တွေကို ဆက်သွယ်ရတော့မယ် ဆိုတာ တပ်မတော်ခေါင်းဆောင်တွေ သဘောပေါက်လာပုံရပါတယ်။
၂၀၁၈ ခုနှစ်တ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို အသစ် ပြင်ဆင် ဖွဲ့ စည်းလိုက်ပြီး ဥက္ကဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယ ဥက္ကဌ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည် သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ ဖြစ်လာပါတယ်။
သူတို့ ၃ ဦးအနက် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပိုထူးခြားတယ်လို့ နေပြည်တော်အခြေစိုက် သတင်းထောက်တွေက မှတ်ချက်ပေးပါတယ်။ ကျန်ဗိုလ်ချုပ်တွေက ဆက်သွယ်ရခက်ခဲချိန် သူက ဖုန်းခေါ်ဆိုမေးမြန်းချက် အများစုကို ပြန်လည်ဖြေကြားတဲ့အပြင် သူ့ဘက်က စပြီး သတင်းထောက်တွေဆီ ဖုန်းခေါ်ပြီး သတင်းတွေ ပေးတတ်ပါတယ်။
“မီဒီယာခေတ်မှာ မီဒီယာကို အသုံးမချနိုင်ခြင်းသည် ညံ့တယ်လို့ ယူဆတယ်။ ကျနော်တို့က မီဒီယာကို အသုံးချသလို မီဒီယာကလည်း ကျနော်တို့ကို အသုံးချမှာပဲ။ ဒါကိုတော့ ခံနိုင်ရည် ရှိဖို့ လိုတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီကို မှတ်ချက်ပေးပါတယ်။
တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ သူပါဝင်ဖြေကြားချက်တွေကို လူမှုကွန်ရက်ပေါ်မှာ စကြ နောက်ကြ ဆဲဆိုကြပေမယ့် သိပ်ဂရု စိုက်ပုံ မပေါ်ပါဘူး။ ဒီအစား စကားမှားလို့ အထက်အရာရှိတွေက မကြိုက်ဘဲ အလုပ်ပြုတ်နိုင်တာကို ရည်ညွှန်းပြီး ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြုလုပ်ခဲ့တဲ့ ဌာနဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတွေနဲ့ မီဒီယာများကြား ပြုလုပ်တဲ့ သတင်း သိပိုင်ခွင့် ဥပဒေ ပြဌာန်းဖို့ တွေ့ ဆုံညှိနှိုင်းပွဲတခုမှာ “မီဒီယာတွေကို ကျေးဇူးတင်ပါတယ်။ ဘုရား၊ တရား ပိုလုပ်ဖြစ်ပါတယ်”လို့ အရွှမ်းဖောက်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ တပတ်စဉ်တည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာနကို ရောက်ရှိလာပြီး မီဒီယာတွေ၊ သတင်းမီဒီယာကောင်စီတို့နဲ့ စတင်ထိတွေ့ ဆက်ဆံခဲ့ရပါတယ်။
မြန်မာ မီဒီယာတွေအပေါ် သူ့အမြင်က ပြည်တွင်းရေး အရှုပ်များ၊ ဂိုဏ်းဂဏ္ဏ ကွဲပြားမှုများ၊ အချင်းချင်း မတည့်မှုများ အပေါ်တွင်သာ အာရုံစိုက်ကြပြီး ပြင်ပက မြန်မာကို သွေးခွဲမှုများ၊ လွှမ်းမိုးမှုများ၊ လှုံ့ဆော်မှုများကို ဖော်ပြရေးသားမှု အလွန် ရှားတယ်လို့ မြင်ပါတယ်။
“ဒီလိုကိစ္စမျိုးမှာ အားလုံး တာဝန်ရှိတယ်။ တာဝန်ရှိသူတွေကလည်း မီဒီယာတွေ သိအောင် ပြောရမယ်။ အချက်အလက် ရှာပေးရမှာ ဖြစ်သလို မီဒီယာတွေကလည်း ရှာဖွေ ဖော်ထုတ် ရေးသားသင့်တယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။
ခိုင်သုခ
AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
တနှစ်ကျော်ထိ ရှိလာပြီဖြစ်တဲ့ ရခိုင်စစ်ပွဲနဲ့အတူ သတင်းမီဒီယာတွေရဲ့ သတင်းပေးပို့ချက်တိုင်းလိုလိုမှာ မပါမဖြစ် တွေ့နေရသူကတော့ ရက္ခိုင့်တပ်မတော် AA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခပါပဲ။
ခိုင်သုခဟာ သူဖြေချင်ရင် ဖုန်းခေါ်တာ ကိုင်ပြီး မြေပြင်တိုက်ပွဲ အခြေအနေသာမက သမိုင်းနောက်ခံ အကြောင်းအရာတွေနဲ့ပါ ထည့်ပြီး ပြန်လည် ဖြေကြားတတ်တယ်။ မဖြေချင်ရင် ဖုန်းလုံးဝ မကိုင်ပါဘူး။ ဥပမာ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း AA အထိန်းသိမ်းခံ ဘဝနဲ့ တပ်မတော် လက်နက်ကြီး ကျကွဲတာကြောင့် သေဆုံးသွားတယ်လို့ ထုတ်ပြန်ပေမယ့် အသေးစိတ် မေးဖို့ ဆက်သွယ်ရာမှာ ဖုန်းမကိုင်ပါ။
“အခုအချိန်အထိ ကျနော် အာဏာရှင် ဆန့်ကျင်ရေးနဲ့ ရခိုင်ပြည် လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ULA /AA ကပေးအပ်တဲ့ တာဝန်တွေကို အားကြိုးမာန်တက် ထမ်းဆောင်ပြီးတော့ ခရီးဆက်နေပါတယ်” လို့ ပြောတဲ့ ခိုင်သုခဟာ AA မှာ ဝါအရင့်ဆုံးလို့ ဆိုနိုင်ပါတယ်။
သူ့အသက် ၂၀ ကျော်မှာ ကရင်ပြည် ကေအင်ယူနယ်မြေထဲ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရခိုင့်တပ်မတော်(ယာယီ)မှာ သူ့ နိုင်ငံရေး လက်ဦးဆရာ ခိုင်ရာဇာ၊ ခိုင်စောထွန်း ၊ ခိုင်ဖြူအောင်တို့နဲ့ လက်တွဲပြီး ဝင်ပါပါတယ်။
၁၉၉၁ ခုနှစ်မှာ ထိုင်းနယ်စပ်ကနေ မြန်မာပြည်တောင်ပိုင်း၊ ပြီးတော့ ပင်လယ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကတဆင့် ရခိုင်ပြည်နယ် ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံမကောင်းတော့ ၁၉၉၁ မှာ တကြိမ်၊ ၁၉၉၂ မှာ တကြိမ် ဘင်္ဂလားဒေ့ရှ်မှာ အဖမ်းခံရပြီး ထောင်ကျပါတယ်။ ပထမအကြိမ်မှာ ၂ လနဲ့ ၁၀ ရက်ပဲ ကျပေမယ့် ဒုတိယအကြိမ် စစ်ကြောင်းနဲ့အတူ နယ်ခြားကို ဖြတ်တာမို့ လက်နက်မှုနဲ့ ထောင် ၅ နှစ်ကျခံရတယ်။ ထောင်ကလွတ်လာတော့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) နဲ့ လက်တွဲပါတယ်။
သူ့ဆရာ ခိုင်ရာဇာကတော့ သူလွတ်လာတဲ့ နောက်တနှစ် ၁၉၉၈ ခုနှစ်မှာ သူ့လို ရခိုင်ပြည် ခြေချဖို့ ထပ်ကြိုးစားရာမှာ အန်ဒမန်ပင်လယ်ထဲက ကျွန်းတကျွန်းပေါ်မှာ အိန္ဒိယ စစ်ထောက်လှမ်းရေးတွေရဲ့ လှည့်ဖျား သတ်ဖြတ်ခြင်း ခံရပါတယ်။
ခိုင်သုခဟာ ၂၀၁၂ ခုနှစ် ဧပြီလမှာ အစိုးရနဲ့ ALP တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပဏမ အပစ်အခတ် ရပ်စဲရေးအတွက် ပါတီကိုယ်စား ဦးဆောင်လက်မှတ်ရေးထိုးခဲ့တဲ့အထိ ALP ခေါင်းဆောင်မှုပိုင်းက ပါဝင်လာခဲ့တယ်။ ၂၀၁၄ မှာ ပါတီထိပ်ပိုင်းခေါင်းဆောင် အချင်းချင်း သဘောကွဲကြရာက ALP နဲ့ လမ်းခွဲပြီး ရခိုင်လူငယ် တဦးဖြစ်တဲ့ ထွန်းမြတ်နိုင်နဲ့ ပေါင်းကာ AA ရဲ့ နိုင်ငံရေး တောင်ပံ ဖြစ်တဲ့ ရက္ခိုင့် အမျိုးသား အဖွဲ့ချုပ် (ULA) ကို ပူးပေါင်းထူထောင်ပါတယ်။
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြား မျဉ်းတွေပေါ်က ခိုင်သုခရဲ့ အတွေ့အကြုံတွေဟာ ရခိုင်ပြည်မှာ AA ပြန်အခြေချဖို့ သင်ခဏ်းစာတွေဖြစ်ခဲ့သလို ၁၉၈၉ ကတည်းက ရခိုင့်နိုင်ငံရေးကို လုပ်လာတဲ့သူမို့ ရခိုင်စစ်ပွဲသတင်းတွေ လိုက်ကြတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဆန့်ကျင်ဘက် မြန်မာ့တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအပြိုင် မှတ်ချက်တွေ၊ သုံးသပ်ချက်တွေပါးပါးနပ်နပ် ဖြေဆိုနိုင်သူပါ။
ဦးမျိုးအောင်၊ ဦးမင်းခန့်နှင့် Dawei Watch
ဂျာနယ်လစ်များနှင့် သတင်းအေဂျင်စီ
Dawei Watch သတင်းအေဂျင်စီက ၂၀၁၃ ခုနှစ်မှာ အယ်ဒီတာချုပ် ဦးမျိုးအောင်နဲ့ သူငယ်ချင်း ၆ ယောက်တို့ ငွေကျပ် ၁၅ သိန်းစီ စိုက်ထုတ်ကာ တနင်္သာရီဂျာနယ်ကို စတင်ထုတ်ဝေခဲ့ရာက စပါတယ်။ Dawei Watch သတင်းအေဂျင်စီ အနေနဲ့လည်း ပြည်တွင်းက နေ့စဉ်ထုတ်သတင်းစာတွေ၊ ဂျာနယ်တွေကို စာမူခရယူပြီး မြန်မာပြည်တောင်ဘက်စွန်းက သတင်းတွေကို ပေးပို့နေခဲ့ပါတယ်။
ယနေ့အချိန် လူမှုကွန်ယက်စာမျက်နှာတွေမှာ သတင်းဖတ်ရှုမှုတိုးပြီး ပုံနှိပ်သတင်းစာ၊ ဂျာနယ်တွေ တစောင်ပြီး တစောင် ထိုးရပ်နေပေမယ့် Dawei Watch ရဲ့ တနင်္သာရီဂျာနယ်က ဒေသခံတွေရဲ့ အားပေးမှုနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေဆဲပါ။
ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရဟောင်းလက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို စတင်လမ်းဖွင့်မှုနဲ့အတူ အစိုးရဌာနဆိုင်ရာတွေနဲ့ သတင်းမီဒီယာဂဏ္ဍတို့ ပွတ်တိုက်မှု တချို့ရှိခဲ့ပေမယ့် တရားစွဲဆိုခံရတဲ့ အဆင့်ထိတော့ Dawei Watch သတင်းအေဂျင်စီ မခံခဲ့ရပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာပြီး နောက်ပိုင်းမှ ၂ ကြိမ်တိုင်တိုင် တရားစွဲဆိုခံရပါတော့တယ်။
ပထမတကြိမ် စီးပွားရေးလုပ်ငန်းရှင်တဦးက Dawei Watch သတင်းအေဂျင်စီရဲ့ ဆောင်းပါးရှင်ကို တရားစွဲတာဖြစ်ပြီး ဒုတိယအကြိမ်က တနသာင်္ရီတိုင်း အစိုးရအဖွဲ့ကို သရော်စာရေးတယ်ဆိုပြီး တိုင်းအစိုးရက Dawei Watch သတင်းအေဂျင်စီကို တရားစွဆိုတာ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ တိုင်းအစိုးရရဲ့ တရားစွဲဆိုမှုကို မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးတို့မှာ အဆင့်ဆင့် ရှုံးနိမ့်ထားပြီး တိုင်းအဆင့် အယူခံတင်ထားတာ စောင့်နေရပါတယ်။
ဒီလိုအချိန်မျိုးမှာ သတင်းထောက် ကိုမင်းခန့်က တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် ထားဝယ်လေယာဉ်ကွင်း ရှင်းလင်းရေးကိစ္စ၊ လျှပ်စစ်စီမံကိန်းတို့မှာ အဂတိလိုက်စားထားတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေနဲ့ အထောက်အထားတွေကိုအယ်ဒီတာတွေဆီ တင်ပြလာပါတယ်။
ဦးမျိုးအောင်က “ကျနော်တို့ သူ ရရှိခဲ့တဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးမှုတွေ ပေါင်းလုပ်ကြပြီးမှ မှန်ကန်မှုရှိတဲ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီကိစ္စကို ဖောင်ထုတ်နိုင်တယ်ဆိုတာ ကျနော်တို့ တစုတဖွဲ့တည်း မဟုတ်ဘူး။ သက်ဆိုင်ရာ လွှတ်တော်ပိုင်းရော၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်အပါအဝင် ပြည်သူအားလုံးရော ပူးပေါင်းပါဝင်မှုကြောင့် ဒီအဂတိအမှုကို ဖော်ထုတ်နိုင်ခဲ့တာပါ။ အဲ့ဒီဖော်ထုတ်ချိန်က ကျနော်တို့မှာလည်း သရော်စာနဲ့ တရားစွဲခံရတဲ့အချိန်ဆိုတော့ ကျနော်တို့ကပဲ အမှန်တရားတခုထက် ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာမျိုး မဖြစ်အောင်လည်း ချင့်ချိန်ခဲ့ရတယ်” လို့ ပြောပါတယ်။
နောက်ဆုံးမှာတော့ NLD အစိုးရလက်ထက် ပထမဦးဆုံး တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ် အဂတိလိုက်စားမှုနဲ့ တရားစွဲခံလိုက်ရပါတော့တယ်။
Dawei Watch သတင်းအေဂျင်စီအနေနဲ့ မိမိတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ သတင်းတွေကို ဦးစားပေးပြီး သတင်းစာအရည်အသွေး ပြည့်ဝတဲ့ တနသာင်္ရီဂျာနယ်ကို ယနေ့အချိန်အထိ ထုတ်ဝေနေဆဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် တဦးဦးရဲ့ အကူအညီ အထောက်အပံ့တွေနဲ့ ရပ်တည်နေတာထက် ဒေသခံ လူထုက ဝယ်ယူဖတ်ရှု အားပေးမှုနဲ့ ကိုယ်ထူကိုယ်ထ ရပ်တည်နေတဲ့ ဂုဏ်ယူ အားကျဖွယ် လွတ်လပ်တဲ့ သတင်းဌာနတခုလို့ လည်း ဆိုနိုင်ပါတယ်။
ဒေါ်ခိုင်ခိုင်လဲ့
အမျိုးသမီး လွှတ်တော်အမတ်
ဒေါ်ခိုင်ခိုင်လဲ့ဆိုတဲ့ အမည်နာမတခုကို ကြားတဲ့အခါ ငယ်ရွယ်ပြီး သွက်လက်ထက်မြက်တဲ့ မဟုတ်မခံစိတ်ရှိတဲ့ အဆိုတွေ မေးခွန်းတွေကို ထိထိမိမိ တင်ပြတတ်တဲ့ မွန်ပြည်နယ်လွှတ်တော်က သထုံအမတ်ကို ပြေးမြင်မိကြမှာပါ။
သူဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ မွန်ပြည်နယ် သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပါတယ်။
လက်ရှိ မွန်ပြည်နယ် လွှတ်တော်မှာ ဥပဒေပြုရေးကော်မတီ၊ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ၂ ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့စဉ်က ကယ်ဆယ်ရေးသမားဘဝနဲ့ ပရဟိဟ လောကထဲ စဝင်ခဲ့ရင်းက အခုဆိုရင် နိုင်ငံသမား ဖြစ်လို့နေပါပြီ။
လွှတ်တော်သက်တမ်း ၄ နှစ်အတွင်းမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် သူကတော့ မမှုခဲ့ဘူးဆိုတာ သူ့လုပ်ရပ်တွေက သက်သေထူနေပါတယ်။
လွှတ်တော်ထဲမှာ ကြိုးပမ်းမှုကြောင့် တကိုယ်ရေ မိခင် Single mom တွေအတွက် အဖေနာမည်မပါဘဲ ကလေးမွေးစာရင်း ရနိုင်နေပြီ၊ ပဋိပက္ခ ဧရိယာထဲမှာ နေခဲ့ရတဲ့ တိုင်းရင်းသားတွေ မှတ်ပုံတင်ပြုလုပ်တဲ့အခါ ဖြေလျှော့မှုတွေ ရှိလာနေပြီ။ ဒါတွေ ဟာ သူ့ဘဝမှာ အောင်မြင်မှုတွေ ဖြစ်တယ်လို့ သူက ထုတ်ဖော် ပြောပြဖူးပါတယ်။
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြုံရပြီဆိုရင်လည်း နေ့ညမရွေး အရောက်သွားကာ ကူညီ ကယ် ဆယ်ရေး လုပ်ငန်းတွေကို ရှေ့တန်းက တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ခဲ့တာကို ပြီးခဲ့တဲ့ သထုံလေဘေးနဲ့ ပေါင် မြို့နယ်အတွင်းက မလတ်တောင်ပြိုကျမှုမှာ တွေ့မြင်နိုင်ပါတယ်။
ကလေးသူငယ်နဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဥပဒေ၊ မူဝါဒ အသိပညာဟောပြောပွဲတွေ၊ သက်ငယ်မုဒိမ်း ပပျောက်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း ရပ်ရွာအထိ ကွင်းဆင်းရုံသာမက အမှုအခင်းတွေ ဖြစ်လာရင် လည်း သူ့ကော်မတီကို တိုင်တိုင်မတိုင်တိုင် သူကတော့ ပါဝင်ကူညီပေးလေ့ရှိပါတယ်။
အောက်ခြေအဆင့်မှာ ပါဝင်ရုံသာမက မြန်မာ့နိုင်ငံရေးမှာ ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍ အသီးသီးမှာ အမျိုးသမီး ခေါင်းဆောင်ပါဝင်လာရေးနဲ့ ပတ်သက်လို့လည်း အရည်အသွေးမြင့်သင်တန်းတွေ၊ စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးမှုတွေကိုလည်း အလျဉ်းသင့်သလို ပါဝင်ဆောင်လျက် ရှိပါတယ်။
သူက အရည်အချင်းပြည့်မီတဲ့ အမျိုးသမီးတွေကို သူတို့နဲ့ ထိုက်တန်တဲ့နေရာ ပေးကိုပေးရမယ်လို့ ခံယူထားပြီး ပြည်ထောင်စုအဆင့်မှာ အမျိုးသမီးဝန်ကြီးများများ ပါဝင်လာဖို့လည်း ဆန္ဒရှိသူပါ။
ပြီးခဲ့တဲ့ ၂၀၁၇ လောက်ကဆိုရင် သူ့မဲဆန္ဒနယ်မြေဖြစ်တဲ့ သထုံမြို့နယ်မှာ အလံတရာ ဆရာတော် ဝင်စားတယ်ဆိုတဲ့ ခွန်တန်(ခေါ်) ဇာတ်လိုက်ရဲ့ ပြဿနာနဲ့ ပတ်သက်လို့လည်း ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တာတွေကြောင့် လူမှုကွန်ရက်ကနေတဆင့် ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေလည်း သူ့အနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒါပေမယ့်လည်း ဒီနေ့ဒီအချိန်ထိတော့ သူဟာ ကြံ့ကြံ့ခံ ရပ်တည်နေဆဲဖြစ်ပြီး စိတ်ဓာတ်ခိုင်မာသူ တဦးဖြစ်တာကို သူ့ စကားတွေကနေတဆင့် ထင်ဟပ်ပြသနေပါတယ်။
“သန်မာတဲ့သူ နောက်မှာ ထောက်ခံပေးမယ့်သူတွေလည်း သူ့ဘာသာ အလိုလို ရပ်လာလိမ့်မယ်။ ပျော့ညံ့တဲ့သူကို ဘယ်သူမှ မထောက်ခံပေးပါဘူး။ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ လူအားလုံး ယုံကြည်ကိုးစားလို့ ခေါင်းဆောင်ဖြစ်လာ တာပါ” လို့ သူ့ခံယူချက်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ဗစ်တိုးရီးယား
လိင်အကြမ်းဖက်ခံရသူ ကလေးငယ်
၂၀၁၉ ခုနှစ်အတွင်း လူအများ စိတ်ပါဝင်စားမှု အရှိဆုံး ရာဇဝတ်မှုက နေပြည်တော်မှာ မေလ ၁၆ ရက်နေ့က Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းတက်နေတဲ့ အသက် ၂ နှစ်အရွယ် သမီးငယ် ဗစ်တိုးရီးယားရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမှု ဖြစ်မယ်။ ဒီအမှုဟာ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကိုယ်တိုင် စောင့်ကြည့်ရတဲ့ အမှုလည်း ဖြစ်ပါတယ်။
ဗစ်တိုးရီးယားအမှုကို ရဲတပ်ဖွဲ့က စတင်ကိုင်တွယ်ကတည်းက လူအများ စိတ်ဝင်စားခဲ့ကြပါတယ်။ ဗစ်တိုးရီးယား တက်ခဲ့တဲ့ မူကြိုကျောင်းဟာ ရဲအရာရှိတဦးရဲ့ ဇနီးက ဦးစီးနေတာဖြစ်ပြီး ဒီအမှုဟာ ကျောင်းနဲ့မဆိုင်ဘဲ ကျောင်းဂုဏ်သိက္ခာ ထိခိုက်အောင် လူမှုကွန်ရက်မှာ ရေးသူတွေကို တရားစွဲမယ်လို့ ကနဦး ခြိမ်းခြောက်မှုတွေကလည်း လူတွေကို ပိုစိတ်ဝင်စားစေခဲ့ပါတယ်။
နာမည်ကြီး အနုပညာရှင်များ အပါအဝင် Facebook အသုံးပြုသူတွေက ပရိုဖိုင်ပုံတွေမှာ Justice for Victoria (ဗစ်တိုးရီးရားအတွက် တရားမျှတမှု) ဆိုပြီး ပြောင်းလဲလာတဲ့အထိ ကလေးငယ်ဘက်က ရပ်တည်လာကြပါတယ်။
ရဲတပ်ဖွဲ့ဟာ မူကြိုကျောင်း ကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေတဲ့ အောင်ကျော်မျိုး(ခ)အောင်ကြီးကို သံသယ တရားခံအဖြစ် ဇူလိုင် ၄ ရက်နေ့တွင် တရားစွဲဆို အပြီး ဇူလိုင် ၆ ရက် မှာတော့ ရန်ကုန်မြို့ CID ရုံးရှေ့ လူထောင်ပေါင်းများစွာ စုရုံးပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို မကျေနပ်ပဲ ဆန္ဒပြခဲ့ပြီး ဆက်တိုက်ဆိုသလို တောင်ကြီး၊ မန္တလေး၊ ပြည်၊ တောင်ငူနဲ့ အခြားမြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြပါတော့တယ်။
ထူးခြားတဲ့ လူထုလှုပ်ရှားမှုတရပ်အသွင် ဖြစ်လာခဲ့တာမို့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်ကို ကိုင်တွယ်နေရသူတွေက တရားမျှတမှုအတွက် ကတိကဝတ်ပေးခဲ့ကြရပါတယ်။ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ တရားသူကြီး ၂ ဦးထိုင်ရုံးထိုင် ကြားနာရတဲ့အထိ အမှုကို အရေးထားခဲ့ကြရပါတယ်။
အမှုကို နှစ်ဖက်ရှေ့နေများရဲ့ အပြန်အလှန် မေးခွန်းမေးမြန်းမှုများနဲ့ တရားလိုဖြစ်တဲ့ ရဲဘက်က တင်သွင်းတဲ့ လိုုပြသက်သေများကို စစ်ဆေးနေဆဲ ဒီဇင်ဘာ ၁၈ ရက်နေ့ ၁၃ ကြိမ်မြောက် ရုံးချိန်းမှာ တရားခွင် စစ်ဆေး ပေါ်ပေါက်ချက်တွေအရ စွဲချက်တင်နိုင်တဲ့ သက်သေခံချက် အထောက်အထား တစုံတရာ တွေ့ရခြင်း မရှိဆိုပြီး တရားရုံးက အောင်ကြီးကို တရားရှင်လွှတ်ပေးလိုက်ပါတယ်။
ဒါဟာ တရားလို ရဲတပ်ဖွဲ့က တင်သွင်းတဲ့ သက်သေခံအထောက်အထားတွေ အားမကောင်းလို့ ဆုံးဖြတ်လိုက်တာပါ။ တကယ်တမ်းလည်း အမှုမှာ ရဲတပ်ဖွဲ့ဟာ နစ်နာသူကို ကာကွယ်ပေးပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရမယ့်အစား အမှုကို လမ်းကြောင်းလွဲအောင်၊ အမှန်နဲ့ ပိုဝေးသွားအောင် လုပ်ဆောင်နေတဲ့ ပုံပေါ်နေတယ်လို့ အများက ဝေဖန်နေကြပါတယ်။ ဥပမာ ဗစ်တိုးရီးယားရဲ့ မိန်းမကိုယ်မှာ တွေ့ရှိထားခဲ့တဲ့ သုတ်ပိုးက ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ အထောက်အထား ခိုင်မာစွာ တွေ့ရှိခဲ့ပေမယ့် မှုခင်းရဲတပ်ဖွဲ့ လက်ထဲရောက်တဲ့အခါ ဘာမှမရှိတော့တာ၊ CCTV မှတ်တမ်း မူရင်းတွေ ပြန်လည် မဖော်ထုတ်နိုင်ခဲ့တာတွေက သံသယဖြစ်စရာတွေ ဖြစ်နေခဲ့ရလို့ပါပဲ။
ကိုအောင်ကြီးကို တရားသူကြီးက တရားရှင်လွှတ်ပေးအပြီး နောက်တရက်၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးနဲ့ ရဲမှူးကြီး မင်းဟန်တို့က ကလေးငယ်ရဲ့ အမည်ရင်း၊ မိဘ အမည်နဲ့ နေရပ်လိပ်စာတွေကို ထည့်သွင်းပြောဆိုခဲ့တာအပြင် ရဲတပ်ဖွဲ့ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာ “ရဲဇာနည်”မှာ အဲဒီ အချက်အလက်တွေကို တင်လိုက်တာကြောင့် ဒီအမှုကို စောင့်ကြည့်နေသူတွေ ပိုပြီး ဒေါသူပုန်ထကုန်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို မကျေနပ်ပဲ ရန်ကုန်မြို့မှာ ကလေးမိဘ အများအပြားက ဒီဇင်ဘာလ ၂၃ ရက်မှာ ကန့်ကွက်ရှုတ်ချ လမ်းပေါ်ထွက် ဆန္ဒပြပါတယ်။ ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးလိုက်တာအပေါ် ကျေနပ်မှု မရှိရင် အဆင့် ပိုမြင့်တဲ့ တရားရုံးကို ၂ လအတွင်း ပြင်ဆင်ချက်နဲ့ ပေးပို့နိုင်တာကြောင့် အမှုမှန်ပေါ်ပေါက်ရေး တရားဥပဒေလမ်းကြောင်းအတိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဘာဆက်လုပ်မယ်ဆိုတာ စောင့်ကြည့်နေကြပါပြီ။
ဒေါ်ရွက်နုအောင်
တရားလွတ်တော်ရှေ့နေ
ဗစ်တိုးရီးယားအမှုမှာ တရားလိုဘက်က ရှေ့နေအဖြစ် ဆောင်ရွက်သူ မန္တလေးမြို့က တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် ပါဝင်ဆောင်ရွက်မယ်ဆိုတော့ လူအများက စိတ်ဝင်စားကြပါတယ်။
ဒေါ်ရွက်နုအောင်ဟာ ဒီအမှုမတိုင်ခင်ကတည်းက မြန်မာနောင်း Myanmar Now အယ်ဒီတာကိုဆွေဝင်း အမှုအပါအဝင် မတရားဘူးလို့ သူယုံကြည်တဲ့အမှုတွေကို ငွေကြေးကို ရှေ့တန်းမတင်ဘဲ ပြောင်ပြောင်မြောက်မြောက်နဲ့ ရဲရဲဝင့်ဝင့် ရှေ့နေလိုက်သူ အမျိုးသမီး ရှေ့နေအဖြစ် ဂုဏ်သတင်းမွှေးလာခဲ့သူပါ။
ဒေါ်ရွက်နုအောင်ဟာ အခုအမှုကို တရားလိုဘက်က လိုက်ပါဆောင်ရွက်ရာမှာ အစိုးရ ဥပဒေအရာရှိရဲ့ ကြီးကြပ်မှုအောက်က ဆောင်ရွက်ရပေမယ့် တချို့ တရားခွင် စစ်ဆေးမှုများမှာ ဥပဒေအရာရှိနဲ့ သဘောထား ကွဲလွဲတတ်တာမျိုး ရှိပြီး အမှားအမှန်ကို တရားခွင်အတွင်း ချက်ချင်းထပြီး ထောက်ပြတတ်ပါတယ်။
ဗစ်တိုးရီးယားဘက်က အမှုလိုက်ပါဆောင်ရွက်ဖို့ ကလေးမိဘဘက်က ကြားခံတဦးက ဆက်သွယ်လာတဲ့အခါ လက်ခံခဲ့တဲ့အကြောင်း ဒီလိုပြောပါတယ်။ “ကာယကံရှင် မိသားစုနဲ့ အရင်ဆုံး တွေ့လိုက်တယ်။ တွေ့ပြီးမှ အမှုဖြစ်စဉ် အကြောင်းအရာတွေကို မေးတယ်။ မေးရင်းနဲ့ သူတို့ မိသားစုရဲ့ ကြုံတွေ့နေရတဲ့ အနေအထား၊ လူတွေကိုလည်း အကဲခတ်တယ်။ သူတို့ဟာ ပညာတတ်တွေ၊ ရိုးသားတဲ့ အောက်ခြေဝန်ထမ်း မိသားစုတွေ၊ ကလေးမှာလည်း တကယ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတယ်ဆိုတာ သေသေချာချာ သိသွားတယ်။ ဒါကြောင့် ဒီအမှုကို လက်ခံတယ်”လို့ ဆိုပါတယ်။
ဒေါ်ရွက်နုအောင်ဟာ အမျိုးသမီးရှေ့နေတဦးဖြစ်တာမို့ အမှုတွေ လိုက်ပါဆောင်ရွက်တဲ့အခါ ခြိမ်းခြောက်ခံရတာတွေလည်း ကြုံရပါတယ်။ ဒါပေမယ့် အမှန်တရားပေါ်ပေါက်စေလိုတဲ့ ဆန္ဒကိုသာ ဦးထိပ်ထားတာကြောင့် ချစ်ခြင်း၊ မုန်းခြင်းများကို ခံစားလေ့မရှိဘဲ ယုံကြည်ချက်အတိုင်း ဆက်လျှောက်နေတယ်လို့ ပြောပြပါတယ်။
သက္ကမိုးညို (သို့မဟုတ်) ဒေါက်တာ ဝင်းကိုကိုသိန်း
ဗစ်တိုးရီးယားအရေး တက်ကြွလှုပ်ရှားသူ
သက္ကမိုးညိုလို့ ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ လူသိများတဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းကလည်း ဗစ်တိုးရီးယားအမှုမှာ ထည့်သွင်း အမှတ်ပေးရမယ့်သူပါပဲ။ ဗစ်တိုးရီးယားရဲ့ ဖခင်ကိုယ်စား လူအများ သတိပြုမိလာအောင် သူ့ဖေ့ဘွတ်စာမျက်နှာကတဆင့် ရေးသားဖော်ပြပေးခဲ့တာကြောင့်လည်း ဒီအမှုရဲ့ တရားခွင်နဲ့ ရဲရဲ့ စုံစမ်းစစ်ဆေးမှု နောက်ကွယ်က အကြောင်းတွေကို လူတွေ ပိုသိလာရတယ်လို့ ပြောရင် မမှားပါဘူး။
သက္ကမိုးညို ခေါ် ဒေါက်တာ ဝင်းကိုကိုသိန်းဟာ လက်ရှိမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး အဆင့်ရှိသူတဦးလည်း ဖြစ်ပါတယ်။ သက္ကမိုးညိုဟာ အမှုဖြစ်စဉ် အခြေအနေကို လူမှုကွန်ရက် စာမျက်နှာမှာ အချိန်နဲ့ တပြေးညီ ဖော်ပြတတ်ပါတယ်။ သူ့ရဲ့ ရေးသားဖော်ပြချက်အချို့ကြောင့် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းတယ်လို့ ဆိုပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့မှာ အီလက်ထရောနစ် ပုဒ်မ ၃၄ (ဃ) နဲ့ ပျဉ်းမနားမြိ့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါသေးတယ်။
ဒါပေမယ့် သက္ကမိုးညိုဟာ သူ့ကို ထောက်ခံသူတွေရဲ့ တဖက်တလမ်းက အကူအညီနဲ့ ငွေကျပ် သိန်း ၁၀ဝ အာမခံတင်ပြီး ပြန်လွတ်လာခဲ့ပါတယ်။ ဗစ်တိုးရီးယား အမှုရုံးချိန်းတိုင်းလိုလို တရားခွင်အတွင်း လာရောက်နားထောင်လေ့ရှိပြီး ဗစ်တိုးရီးယား မိသားစုကို အနီးကပ် အကြံပေးတဦးလည်း ဖြစ်ပါတယ်။
ကျော်ဇင်ဝင်း
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူ
လိင်စိတ်ကွဲပြားမှုအပေါ် အခြေခံပြီး လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရလို့ဆိုကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ဖြစ်ရပ်တခု ပြီးခဲ့တဲ့ ဇွန်လပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
Myanmar Imperial University (MIU)မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၆ နှစ် အရွယ် ကျော်ဇင်ဝင်းရဲ့ သေဆုံးမှုဟာ LGBT အသိုင်းအဝိုင်းကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို လူမှုကွန်ရက်စာမျက် နှာ သုံးစွဲသူတွေအကြားမှာလည်း ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။
အနေအေးပြီး ပျော်ပျော်နေတတ်တဲ့သူ့ကို အခုလို ဖြစ်သွားတဲ့အပေါ်မှာလည်း သူနေထိုင်ရာ ရပ်ကွက်အတွင်းက အသိုင်းအဝိုင်းကလည်း အံ့သြခဲ့ကြပါတယ်။
ကျော်ဇင်ဝင်းဟာ သူ မသေဆုံး ခင်အချိန်မှာ သူ့အနေနဲ့ လုပ်ငန်းခွင်အတွင်း လိင်ဝိသေသကွဲပြားမှုကို အဓမ္မ ဖော်ထုတ်ခံရပြီး အုပ်စုဖွဲ့ အနိုင်ကျင့် ပြောဆိုမှုတွေ ခံရကြောင်းကို Screen Shot တွေနဲ့အတူ သူ့ရဲ့ လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။
သူသေဆုံးချိန် တိုက်ဆိုင်မှု တခုကတော့ နှစ်တနှစ်ရဲ့ ဇွန်လဟာဆိုရင် လိင်စိတ်ကွဲပြားသူတွေရဲ့ စွမ်းအင်သတ္တိကို အသိအမှတ်ပြုတဲ့ LGBT Pride Month လို့သတ်မှတ်ထားတာ ဖြစ်ပါတယ်။
သူ့ရဲ့နာရေးမှာ LGBT အသိုင်းအဝိုင်းက လာရောက် ဝန်းရံကြခဲ့သလို ဆုတောင်းပွဲတွေ လုပ်ပြီးတော့လည်း သူသေဆုံး မှုနဲ့ပတ်သက်လို့ တရားမျှတမှုရရှိရေး တောင်းဆိုခဲ့ကြပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးဖို့ဆိုပြီး LGBT အသိုင်းအဝိုင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို တိုင်ကြားခဲ့တာကြောင့် ကော်မရှင်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။
ကျော်ဇင်ဝင်း သေဆုံးမှုဟာ လုပ်ငန်းခွင်အတွင်း နိုင်ထက်စီးနင်း ပြုကျင့်ခံရလို့ မဟုတ်၊ ပင်ကိုယ်အနေအထားကိုယ်က စိတ်အားငယ်တတ်သူဖြစ်တယ်ဆိုတဲ့ MNHRC ရဲ့ ကောက်ချက်ဟာ တရားမျှတမှုကို မျှော်လင့်နေသူတွေအတွက်တော့ အားရကျေနပ်စရာ မဖြစ်ခဲ့ပါဘူး။
ဒါပေမယ့် ဒီလိုမျိုးဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်တွေ ထပ်မဖြစ်နိုင်အောင် လုပ်ငန်းခွင်အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ၊ နိုင်ထက်စီးနင်းပြုမှုကျင့်တွေ မရှိဘဲ လူတယောက်နဲ့တယောက် အပြန်အလှန် လေးစားမှု၊ တန်ဖိုးထားတတ်မှုတွေဟာလည်း အရေးကြီးတယ်ဆိုတာကို သတိပေးရာ ရောက်ခဲ့ပါတယ်။
You may also like these stories:
၂၀၁၈ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ