အရပ်သား အစိုးရလက်ထက် သွေးထွက် များလာသော ရခိုင် စစ်ပွဲ
ရခိုင်ပြည်နယ် အတွင်း စစ်ရေးပဋိပက္ခ ဆက်လက် မြင့်တက်နေပြီး အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် အတူ ဖမ်းဆီးတရားစွဲ ခံရမှုများလည်း တနေ့ထက်တနေ့ များပြားလာနေသည်။
ယင်းသို့ တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ အပြစ်မဲ့ အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်၍ စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က လွှွတ်တော်တွင် အဆိုတရပ် တင်သွင်းခဲ့သည်။
အဆိုအပေါ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့ကြသော်လည်း ပါတီ အသီးသီးမှ ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည့် အတွက် စက်တင်ဘာလ ၂၃ ရက်နေ့ ကျင်းပသော ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
ပြည်နယ် လွှတ်တော်တွင် အဆို အောင်သော်လည်း အစိုးရအနေဖြင့် လက်ရှိ အချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသကဲ့သို့ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိကြောင်းလည်း ဦးထွန်းသာစိန်က ဧရာဝတီသို့ ပြောသည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးသူဦးရေ ၈၀ နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာနေကြောင်းလည်း ဦးထွန်သာစိန်က လွှတ်တော်တွင်တင်ပြ ဆွေးနွေးခဲ့သည်။
နေ့စဉ်နှင့်အမျှ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံရမှုများ ရှိနေသည့် အတွက် နောက်ထပ်တိုးလာသည့် သေဆုံးသူ၊ ထိခိုက်သူ အရေအတွက် အတိအကျကိုမူ လတ်တလောစာရင်း မပြုစုနိုင်သေးဟု ဆိုသည်။
ပူပူနွေးနွေး ယခုလဆန်းပိုင်း မြောက်ဦးမြို့နယ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အရပ်သား ၃ ဦး သေဆုံး ကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂ ဦး ရှိခဲ့သည်။
ဒီဇင်ဘာလ ၁ ရက်နေ့က မြောက်ဦးမြို့နယ် ရှာရှည်ပြင် ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးငယ် ၃ ဦးနှင့် ကလေးငယ် ၂ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် နလိပ်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ သဖြင့် ရွာသား ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သလို ထိုနေ့ ညနေပိုင်းတွင် မြောက်ဦးမြို့ အလယ်ဈေး ရပ်ကွက် တွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်၍ ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
စစ်၏ ဆိုးကျိုး ဖြစ်သော လူမသိ၊ သူမသိ ဖမ်းဆီးခံရမှု၊ တိုက်ပွဲကြားတွင် ပျောက်ဆုံးသွားမှု စသည့် ဖြစ်ရပ် များကြောင့် ကျန်ရစ်သူ မိသားစုများ အနေဖြင့်လည်း ပူပင်သောကများ ဖြစ်နေကြရသည်။
မီးရှို့ ရုပ်အလောင်းများနှင့် ပျောက်ဆုံးသူ ၅ ဦး၏ ကံကြမ္မာ
ကျောက်တော် မြို့နယ်နှင့် မြောက်ဦး မြို့နယ်ကြား ရန်အောင်ပြင် ကျေးရွာအနီး တပ်မတော်နှင့် AA တို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ကြသည်။
ထိုတိုက်ပွဲ ဖြစ်ပွားသည့်နေ့တွင် ဒေသခံ ကျေးရွာသား ၅ ဦး အိမ်ပြန် မရောက်တော့ဘဲ တိုက်ပွဲ ဖြစ်ပွားရာ နေရာ အနီး တွင် ပျောက်ဆုံးသွားခဲ့သည်။
ပျောက်ဆုံးသွားသူ ကျေးရွာသား ၅ ဦးသည် မြောက်ဦးမြို့နယ် ရန်အောင်ပြင် ကျေးရွာသား ၁ ဦး၊ ကျောက်တော် မြို့နယ် ကျားနင်းကန် ကျေးရွာမှ ၄ ဦးတို့ ဖြစ်ပါသည်။
သူတို့ ၅ ဦးသည် တိုက်ပွဲဖြစ်ပွားရာ ရန်းချောင်း တောင်တန်းအနီး သာကျော်ရွာနှင့် ရန်အောင်ပြင် ကြားတွင် တချိန်တည်း၊ တရက်တည်း ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောပြသည်။
ကျားနင်းကန် ကျေးရွာသား အသက် ၃၀ ကျော်အရွယ် ဦးမောင်ဝင်းစိန်နှင့် အသက် ၂၀ ကျော်အရွယ် ကိုမောင်ရွှေစိုး တို့သည် တိုက်ပွဲမဖြစ်ခင် နာရီပိုင်းအလို ဆိုင်ကယ်ဖြင့် ထင်းဝယ်ရန် သွားရောက်ခဲ့ရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ရမ်းချောင်းဖျားကနေ ထင်းတင်ပြီး စက်လှေဖြင့် ရွာသို့ ပြန်လာကြသော ဦးအေးသိန်းနှင့် ကိုမျိုးမင်းဇော်တို့သည်လည်း သာကျော် ရွာနှင့် ရန်အောင်ပြင်ရွာကြား လမ်းတွင် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဦးအေးသိန်း၏ ဇနီးဖြစ်သူ ဒေါ်အေးမေစိုးက ပြောသည်။
ဒေါ်အေးမေစိုးက “ကျမ ယောကျ်ားတို့က ထင်းတင်ပြီးတော့ စက်လှေနဲ့ လာပါတယ်၊ သူတို့ တိုက်ပွဲဖြစ်တာလည်း မသိဘူး။ လမ်းခုလတ် ရောက်မှ တိုက်ပွဲဖြစ်တာသိတာ။ အဲဒီအနီးက သာကျော်ရွာ ဆိုတာ ရှိတယ်။ အဲဒီရွာက လူတွေက တိုက်ပွဲဖြစ်နေ တယ်။ ဒီမှာ ခဏနေဦး ပြောတယ်တဲ့။ တနာရီလောက်ကြာတော့ တိုက်ပွဲဖြစ်တာပြီးပြီ အိမ်ကလည်း မိသားစုတွေ စိုးရိမ်နေမယ်ဆိုပြီး အဲဒီရွာကနေ သွားကြတယ်လို့ ပြောတယ်။ အဲဒီအတည်းက ကျမယောကျ်ား ပြန်မရောက် လာတာ” ဟု ပြန်ပြောပြသည်။
တခြားသော နောက်က ပါလာသည့် စက်လှေသမားများက ဦးအေးသိန်းတို့၏ ထင်းလှေအား တပ်မတော်သားများ ရှိရာ ချောင်းကမ်း ဘေးတွင် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ကြသည်ဟုလည်း ဒေါ်အေးမေစိုးက ရှင်းပြသည်။
“ကျမ အစ်မတို့လှေလည်း သူတို့နောက်ကလာတော့ ကျမအိမ်ရှင် (ခင်ပွန်း) ရဲ့လှေကို ချည်ထားတာကို လူတွေ တွေ့ခဲ့ ကြတယ်။ ထင်း အပြည့်နဲ့။ ငါ့ညီမ ယောကျ်ား စက်လှေရှိတယ်၊ လူလည်း မရှိဘူးဆိုပြီး ကျမ အစ်မတို့တောင် ပြောနေ ကြသေးတယ်တဲ့။ အဲဒီနေရာမှာ စစ်သားတွေလည်း အများကြီး ရှိတယ်တဲ့။ ကျမ အစ်မတို့လည်း အစစ်ဆေး ခံခဲ့ရ တယ် လို့ ပြောတယ်”ဟု ဒေါ်အေးမေစိုးက ပြောပြသည်။
ဖခင် သေသလား၊ ရှင်သလား မသိဘဲ ပျောက်ဆုံးနေသည့် အတွက် ကျန်ရစ်ခဲ့သော ဆယ်ကျော်သက် အရွယ် သား ယောကျ်ားလေး ၂ ဦး၏ ပညာရေးသည်လည်း လမ်းပျောက်ခဲ့ရကြောင်း ဒေါ်အေးမေစိုးက ပြောသည်။
“ကျမ ယောကျ်ားက အမေအို၊ အဖေအိုတွေနဲ့ သားသမီးတွေကို လုပ်ကျွေးနေရတာပါ။ ကျမသား ၂ ယောက်လည်း အခု ပညာလည်း မသင်နိုင်တော့ဘူး။ လမ်းဆုံးပြီ။ ကျမတို့မိသားစု အားလုံး မျက်စိ ကန်းသွားတာနဲ့ တူသွားပြီ” ဟု ဒေါ် အေးမေစိုးက ပါးပြင်ထက်က စီးကျလာသော မျက်ရည်ကို သုတ်ရင်း ပြောပြသည်။
ထိုနေ့က ပျောက်ဆုံးသွားသည့် ကျားနင်းကန် ကျေးရွာနေ ဦးမောင်ဝင်းစိန်၏ဇနီး ဒေါ်မြင့်ဌေးကလည်း သူ့ယောကျ်ား မပျောက်ဆုံးခင် ပထမတကြိမ် ဖုန်းအဆက်အသွယ်ရကြောင်း၊ ဒုတိယ အကြိမ်တွင် သူ့ယောကျ်ားဖုန်းအား သူစိမ်း လူတယောက်က ကိုင်ကြောင်း ပျောက်ဆုံးသွားသည့် အချိန်က ဖြစ်စဉ်ကို ပြန်ပြောပြသည်။
“ပထမအကြိမ် ဖုန်းဆက်တုန်းက ကျမယောကျ်ားနဲ့ အဆက်အသွယ်ရသေးတယ်။ တိုက်ပွဲဖြစ်နေလို့ သူ သာကျော်ရွာ မှာ ရှိတယ်လို့ ပြောတယ်။ နောက်ထပ် နာရီဝက်အကြာမှာ ဖုန်းဆက်တော့ သူ့အသံ မဟုတ်တော့ဘူး။ သူစိမ်း တယောက် ကိုင်တယ်။ ဘာကိစ္စရှိလဲ၊ ကိစ္စမရှိရင် မဆက်နဲ့ ဆိုပြီး ဖုန်းချသွားတယ်”ဟု ဒေါ်မြင့်ဌေးက ပြောပြသည်။
ထိုနေ့ရက်က ဇနီးဖြစ်သူ ဒေါ်မြင့်ဌေးတယောက် ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုသော်လည်း ဆက်သွယ်၍ မရလိုက်တော့ပေ။ သူ့ခင်ပွန်း ဖုန်းစက် ပိတ်သွားသည်မှာ ယနေ့အချိန်အထိဖြစ်သလို ၂ ဦးလုံး အိမ်ပြန် မရောက်လာတော့ပါ။
ကျားနင်းကန်ရွာသား ၄ ဦး ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်ပြီး ထိုနေ့ ညနေပိုင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူက ကျောက်တော် ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သော်လည်း ပျောက်ဆုံးသွားသည့် နေရာသည် မြောက်ဦးအပိုင် ဖြစ်သည့်အတွက် မြောက်ဦး ရဲစခန်းသို့ လမ်းညွန်ခဲ့ကြောင်း ဒေါ်မြင့်ဌေးက ပြောသည်။
နောက်တနေ့ မြောက်ဦး ရဲစခန်းသို့ သွားရောက် တိုင်တန်းသော်လည်း ပျောက်ဆုံးနေသူများသည် ၎င်းတို့ မြို့နယ်မှ မဟုတ်သည့် အတွက် ကျောက်တော် ရဲစခန်းသို့ သွားရောက်တိုင်တန်းရန် အကြံပြုကြောင်း ပျောက်ဆုံးသူ မိသားစုဝင် များက ပြန်ပြောပြကြသည်။
“ကျမတို့က ဟိုပြေးလိုက်၊ ဒီပြေးလိုက် ခွေးလို ဝက်လိုပဲ၊ ကျောက်တော် စခန်းက မြောက်ဦး စခန်းသွားပါတဲ့၊ မြောက်ဦး စခန်းက တခါ ကျောက်တော်စခန်းနဲ့ ဆိုင်တယ်တဲ့” ဟု ဒေါ်မြင့်ဌေးက ပြောသည်။
ရန်အောင်ပြင်ရွာက ပျောက်ဆုံးသွားသည့် အသက် ၆၀ အရွယ် ဦးလှထွန်းချေကိုမူ တပ်မတော်သားများ လက်ထဲတွင် ဖမ်းချုပ်ပြီး ကြိုးတုပ်ထားသည်ကို တွေ့ရှိရကြောင်း ဇနီးဖြစ်သူ ဒေါ်ဒါစိန်ကလည်း ပြောပြသည်။
ရန်အောင်ပြင်ရွာနေ ဦးလှထွန်းချေသည် ရွာအနီး ငရုတ်စိုက်ခင်းတွင် နွားများ ဝင်ရောက်ဖျက်ဆီးမည်ကို စိုးရိမ်သည့် အတွက် စိုက်ခင်းသို့ သွားရောက်ရာမှ နေအိမ် ပြန်မရောက်လာသည့်အတွက် ၎င်းကိုယ်တိုင် လိုက်သွားခဲ့ရာ ဖမ်းဆီး ချုပ်နှောင် ထားသည်ကို တွေ့မြင်ခဲ့ရကြောင်း ဒေါ်ဒါစိန်က ပြောသည်။
“တိုက်ပွဲဖြစ်တာ ရပ်သွားတော့ ကျမက အမျိုးသားကို စိုးရိမ်ပြီးတော့ သွားကြည့်ပါတယ်။ စိုက်ခင်းနားကို ကျမ သွား ကြည့် လိုက်တဲ့အခါ ကျမယောကျ်ားကို တပ်မတော်လက်ထဲမှာ ဖမ်းချုပ်ထားပါတယ်။ ကြိုးတွေနဲ့ တုပ်ထားပါတယ်။ အဲဒီ အချိန်မှာ ကျမအမျိုးသား လှထွန်းချေက ပုဆိုးကျွတ်ကျတော့မယ်၊ ပုဆိုး တချက် လာဝတ်ပေးပါဆိုလို့ ကျမက ပုဆိုး သွားဝတ် ပေးလိုက်ရသေးတယ်”ဟု ဒေါ်ဒါစိန်က သူကြုံတွေ့ရပုံကို ပြန်ပြောပြသည်။
ထိုသို့ ခင်ပွန်းဖြစ်သူ ဦးလှထွန်းချေအား ပုဆိုးဝတ်ပေးပြီးနောက် ဘာမှ မစိုးရိမ်နှင့် ညနေပိုင်း ပြန်လွှတ်ပေးမည်ဟု ဆိုကာ တပ်မတော်သားများက ဒေါ်ဒါစိန်ကို ပြန်ခိုင်းလိုက်သည်ဟု ဆိုသည်။
“ပုဆိုး ဝတ်ပေးလိုက်ပြီးတဲ့ အချိန်မှာ စစ်သားတယောက်က ဗိုလ်တယောက် ခေါ်တယ်ဆိုပြီး ကျမ အမျိုးသားကို အဲဒီ နေရာက ခေါ်သွားကြပါတယ်။ အဲဒီလိုမျိုး ခေါ်သွားပြီးတာနဲ့ ကျမကို စစ်သားတယောက်က အစ်မ ပြန်သွားလို့ ရပြီလို့ ပြောပါတယ်။ ကျမ ပြန်လို့ရပြီဆိုရင် ကျမ အိမ်ရှင် (ခင်ပွန်း) က မပြန်ရသေးဘူးလား ဆိုပြီး ကျမက မေးလိုက်တယ်။ အစ်မ စိတ်ချစိတ်ချ မစိုးရိမ်နဲ့ အေးဆေးပြန် အေးဆေးပြန်လို့ ပြောလိုက်တာကနေ အခုထိ အိမ်ပြန် မရောက်ဘူး”ဟု ဒေါ်ဒါစိန်က သူ၏ ခင်ပွန်း ပျောက်ဆုံးသွားပုံကို ပြန်ပြောပြသည်။
ရွာသား ၅ ဦး ပျောက်ဆုံးပြီး ၃ ရက်ခန့်ကြာသောအခါ တိုက်ပွဲဖြစ်ပွားရာ ရန်အောင်ပြင် ကျေးရွာအနီးတွင် အလောင်း များကို မီးပုံရှို့ထားသည့် အရိုးစုနှင့်ပြာပုံ တခု တွေ့ရှိရကြောင်း ပျောက်ဆုံး မိသားစုဝင်များက ပြောဆိုကြသည်။
သို့သော်လည်း ထိုးမီးရှို့ခံထားရသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုရန် မဖြစ်နိုင်တော့ကြောင်း၊ အရိုးစု အနည်းငယ် နှင့် မိုးခိုးတငွေ့ငွေ့ ထွက်နေသော ပြာပုံအဖြစ်သာ ကျွင်းကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။
“ရန်အောင်ပြင်ရွာကနေ ကျမတို့ဆီကို ဖုန်းဆက်တယ်။ အလောင်းတွေ မီးရှို့ထားတဲ့ နေရာတခုတော့ တွေ့တယ်။ လာကြည့်ချည် ဆိုတော့ ကျမတို့သွားကြည့်ပါတယ်။ ပြာပုံဖြစ်နေပြီ၊ မည်းတူးနေတဲ့ ဦးခေါင်းခွံတွေ၊ ရင်အုံတွေ၊ အဲဒါတွေပဲ တွေ့တယ်။ ဘယ်သူ ဘယ်ဝါဆိုတာလည်း ခန့်မှန်းလို့ မရတော့ဘူး” ဟု ဒေါ်မြင့်ဌေးက ပြောဆိုသည်။
ရန်အောင်ပြင် ကျေးရွာက ပျောက်ဆုံးသွားသူ ဦးလှထွန်းချေ၏ဇနီး ဒေါ်ဒါစိန်ကလည်း သူ၏ ခင်ပွန်းကို ဖမ်းဆီးထား သည့် နေရာတွင် သူ့အဝတ်အစား၊ ဖိနပ်နှင့် သွေးတိုးကျဆေးဘူး စသည့် အသုံးအဆောင် ပစ္စည်းများကို တွေ့ရှိရသည့် အတွက် ၎င်း၏ ခင်ပွန်း သေဆုံးသွားပြီဟု ယူဆနိုင်ကြောင်း ပြောသည်။
“မီးရှို့ထားတဲ့ အလောင်းတွေကို ဘယ်သူ ဘယ်ဝါဆိုတာ ကျမ မမှတ်မိတော့ပေမယ့် အင်္ကျ ီကလည်း အဲဒီအနားမှာ၊ သူ သောက်တဲ့ သွေးတိုးဆေးဘူး၊ ဆရာခိုဘူး၊ ဆေးဘူးတွေလည်း အဲဒီအနားမှာ၊ ထီးလည်း အဲဒီအနားမှာ။ ဖိနပ် လည်း အဲဒီ အနားမှာ တွေ့တယ်၊ ကျမ အမျိုးသား မီးရှို့တဲ့အထဲမှာ ပါသွားတာ သေချာပြီလို့ ထင်ပါတယ်” ဟု ဒေါ်ဒါစိန် က ပြောပြသည်။
မီးရှို့ အလောင်းများတွေ့ရှိသည့် နေရာနှင့် သူ့ခင်ပွန်းကို ဖမ်းချုပ်ထားသည်ကို တွေ့ရှိသော နေရာနှင့်ဆို တမိနစ်ကျော် ကျော် လမ်းလျှောက် သွားရကြောင်းလည်း ဒေါ်ဒါစိန်က ဆိုသည်။
“ကျမ စဉ်းစားတာက ကျမ အမျိုးသားဟာ ဝါဂျီး (အဘိုးကြီး) ဆိုတော့ မသတ်လောက်ဘူး။ ဖမ်းခေါ်သွားမယ် ဆိုရင် လည်း သူက ဒူးမကောင်းတဲ့ အတွက် လမ်းမလျှောက်နိုင်ဘူး။ ရောဂါသည်တယောက်၊ ဒါပေမယ့် ပြန်မလာတော့ ဆုံးသွားပြီလို့ ယုံကြည်ပေမယ့် သူ့ရဲ့သမီးတွေ၊ မြေးမလေးတွေကတော့ အခုထိ သူလာမယ့်လမ်းကို လှမ်းကြည့်နေ တုန်း ပဲ”ဟု ဒေါ်ဒါစိန် က သားသမီးနှင့်မြေများက အဘိုးဖြစ်သူ ပြန်လာမည့်လမ်းကို စောင့်မျှော် နေကြကြောင်း ပြန် ပြောပြသည်။
ပျောက်ဆုံးနေသည့် ဒေသခံ ၅ ဦး ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆုံး အခြေအနေအား ဧရာဝတီမှ ရန်အောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်ထံ ဒီဇင်ဘာလ ၂ ရက်နေ့က ဆက်သွယ်မေးမြန်ခဲ့ရာ “အဲဒီလူ ၅ ဦးကိစ္စက ဘာမှ မထူးသေးပါဘူး။ သတင်းလည်း ထပ်မကြားတော့ဘူး။ ဖြစ်တဲ့အချိန်ကတော့ ကျနော်လည်း အားလုံး (ရဲနှင့် ထွေအုပ်) ကို သတင်းပို့ပြီး တိုင်ပါတယ်။ သူတို့လည်း အခုထိ လာကြည့်တာမရှိဘူး” ဟု ပြန်ဖြေသည်။
ထိုရွာသား ၅ ဦးပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ကျောက်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က ကာယကံရှင် မိသားစုဝင်များနှင့် တွေ့ဆုံပြီး ဖြစ်စဉ်အပေါ် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် လူ့ အခွင့် အရေး ကော်မရှင်တို့ထံ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရန် မတ်လအတွင်း တိုင်ကြားခဲ့ကြောင်း သိရပါသည်။
တိုင်ကြားမှုနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ်လအတွင်း အကြောင်းပြန်ကြားစာ တစောင် ရောက်ရှိလာကြောင်း သိရသည်။
“ကျနော့်ဆီကို ကာကွယ်ရေး ဝန်ကြီးဌာနက စာနဲ့အကြောင်းပြန်တာက အဲဒီအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်တယ်။ မည်သည့် ရွာသားကိုမျှ သူတို့ဖမ်းတာ မရှိဘူး။ တိုက်ပွဲတုန်းက AA အလောင်း ၅ လောင်းရတာ ရှိတယ်။ သူတို့ (တပ်) ဘက် ကလည်း ၂ ဦးကျဆုံးတာ ရှိတယ်လို့ပါတယ်။ အဲဒီ အလောင်း ၇ လောင်းကို ဂျနီဗာ ကွန်းဗန်းရှင်းနဲ့အညီ အဲဒီ အနားမှာ မီးသဂြိုဟ်ခဲ့တယ်လို့ အဲဒီအကြောင်းပြန်စာမှာ ဖြေထားပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဧရာဝတီ သို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားသော နေရာတွင် ရရှိခဲ့သည့် ရန်သူ့အလောင်း ၅ လောင်းမှာ တိုင်ကြားစာပါ အမည် ဟုတ်၊ မဟုတ်ကို စိစစ်နိုင်ခြင်း မရှိကြောင်း၊ တိုက်ပွဲအတွင်းက သေဆုံး သောင်းကျန်းသူ အလောင်းများကိုသာ မီးသဂြိုဟ်ပေးခြင်း ဖြစ်ကြောင်း ထိုသို့ ကာကွယ်ရေး ဝန်ကြီးဌာနက အကြောင်းကြားလာသည့်အတွက် ပျောက်ဆုံးသွားသူ ရွာသား ၅ ဦး အရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်လုပ်ရမည့် လမ်းစ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း ဦးဦးထွန်းဝင်းက ဆက်လက် ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားစဉ်က ရန်အောင်ပြင်ရွာအနီး ရောက်ရှိခဲ့သော တပ်မတော်သားများသည် တပ်မ ၂၂ က ဖြစ်ပြီး တပ်မှူး တချို့ထံ ခင်ပွန်း ပျောက်ဆုံးခြင်းနှင့် ပတ်သက်၍ စုံစမ်းရှာဖွေပေးရန် ဒေါ်ဒါစိန် တယောက် အကူညီတောင်း တင်ပြခဲ့ သော်လည်း ဦးလှထွန်းချေ တယောက်ကမူ လက်ရှိအချိန်အထိ အိမ်ပြန်ရောက် မလာတော့ပေ။
ကျန်ရစ်သူ မိသားစုဝင်များက သေဆုံးသွားပြီးလား၊ အသက်ရှင်လျက် ရှိနေသေးလား ဆိုသည့် အဖြေတခုကို သိချင် နေ ကြပါသည်။ လက်ရှိ အချိန်အထိတော့ တနေ့နေ့ ပြန်လာမည် ဆိုသည်ကို ယုံကြည်လျက် စောင့်မျှော်နေကြဆဲပင် ဖြစ်သည်။
ရခိုင်စစ်ပွဲသည် နှစ်ချီကြာလာသည်နှင့်အမျှ စစ်ဘေးရှာင် အရေအတွက် ၉၀၀၀၀ ခန့်အထိ ရှိလာပြီ ဖြစ်ကြောင်း၊ စစ်ပွဲ ကာလအတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး၊ မြေမြှုပ်မိုင်းကွဲမှုနှင့် စစ်ကျန် လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှု တို့ကြောင့် ထိခိုက် ဒဏ်ရာရသူ ၅၃ ဦး၊ ပျောက်ဆုံးသူ ၉ ဦး၊ ဖမ်းဆီးခံရသူ ၁၅၆ ဦးရှိကြောင်း ဇူလိုင်လ အတွင်းက ထုတ်ပြန်သော ရခိုင် မျိုးနွယ်စု အစည်းအရုံး (REC) ၏ စာရင်းအရ သိရှိရသည်။
မင်းမဲ့စရိုက် ဆန်ဆန် လုပ်ကြံ သတ်ဖြတ်မှုများ
နှစ်ဘက်တိုက်ပွဲများက နေ့စဉ်ဖြစ်ပွားမှုနှင့်အတူ အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု၊ ဖမ်းဆီးခံရမှုလည်း များသထက် များလာနေပါသည်။
တခြားတဘက်တွင် ကျေးရွာအတွင်း ဓားထိုး လုပ်ကြံသတ်ဖြတ်ခံရမှု၊ သေနတ်ဖြင့် ပစ်သတ်ခံရမှု စသည့် ဖြစ်စဉ်များ လည်း လက်သည်တရားခံ မပေါ်ဘဲ တနေ့ထက်တနေ့ တိုးလာနေသည်။
လုပ်ကြံသတ်ဖြတ်ခံရသူ အများစုသည် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်မှုထမ်း အငြိမ်းစားများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် နိုင်ငံရေး ပါတီ အရပ်သားများ အထိ ဖြစ်သည်။
ဧရာဝတီက စာရင်းပြုစုထားမှုအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ အထိ လုပ်ကြံ သတ်ဖြတ်ခံရ၍ သေဆုံးသူ စုစုပေါင်း ၂၀ ကျော် ရှိနေသည်။
ထို လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်ပြီး ကြောက်စရာ အကောင်းဆုံးက စက်တင်ဘာလ ၁၀ ရက် နေ့ နံနက်ပိုင်းက မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ဒေသခံ ၂ ဦးကို ခေါင်းဖြတ်သတ်ပြီး ဈေးလယ် လမ်းမပေါ် ချထားသည့် ဖြစ်စဉ်ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့တွင် ယခုကဲ့သို့သော လုပ်ကြံ သတ်ဖြတ်ခံရသည့် ဖြစ်စဉ် များက ခပ်စိတ်စိတ် ဖြစ်ပွားနေသည်။
သက်ဆိုင်ရာ အဖွဲ့အစည်းများက လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ လုပ်ကြံ သတ်ဖြတ်သွား သည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းလည်း မရှိသေးပေ။
သို့သော် တပ်မတော်ကမူ လုပ်ကြံ သတ်ဖြတ်သွားသည့် ဖြစ်စဉ်အားလုံးသည် AA တပ်ဖွဲ့ဝင်များ လက်ချက် ဖြစ် ကြောင်း ပြောသည်။
“ဒီဖြစ်စဉ်တွေက အကုန်လုံး AA လုပ်တာလို့ ပြောလို့ရတယ်။ ဘာကြောင့် ဒီလို ပြောနိုင်လဲဆိုတော့ မျက်မြင်သက်သေ တချို့ ရှိတယ်။ ရွာတွေမှာ ကျနော်တို့ အမာခံတွေရှိတယ်။ ဘယ်လိုကြောင့်၊ ဘယ်လိုကြောင့် လာသတ်သွားတာဆိုတဲ့ အကြောင်းအရင်းကို ကျနော်တို့ကို ပြောတယ်။ ပြီးရင် ကျနော်တို့ရတဲ့ တခြားသတင်းတွေအရ အကုန် AA လုပ်တာလို့ ကျနော်တို့ ပြောနိုင်တယ်” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဧရာဝတီသို့ ပြောသည်။
တပ်မတော် စွပ်စွဲချက်အပေါ် AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက လက်မခံပေ။ ပြည်သူနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် အထင်အမြင်လွဲရန် တပ်မတော်က ဗျူဟာ သုံးခြင်းသာ ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
“ဒါကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်ဗျ။ ဗမာစစ်တပ်က ပြည်သူနဲ့ နိုင်ငံတကာကြားမှာ ကျနော်တို့ ရက္ခိုင် စစ်တပ်ကို အထင်အမြင် လွဲလာအောင် နည်းဗျူဟာတွေသုံးပြီး လုပ်လာတာဖြစ်တယ်။ သမိုင်းမှာ ချင်းပျံ တော်လှန်ရေး တုန်းကလည်း သူတို့ ဒီနည်းဗျူဟာတွေကိုသုံးပြီး လုပ်ခဲ့တာ ရှိတယ်”ဟု ဦးခိုင်သုခက ဧရာဝတီသို့ ပြော သည်။
ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် သတ်ဖြတ်ခံရပါက တရားခံ အစစ်ကို ရှာနိုင်ကြောင်း၊ တရားစွဲတင်မှု မပြုလုပ်နိုင် သဖြင့် တရားဥပဒေ စိုးမိုးမှု ပပျောက်နေကာ အကြမ်းဖက် သတ်ဖြတ်မှုများလည်း တစတစ ပိုမိုများပြားလာရခြင်း ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
ထိုသို့သော အခြေအနေတွင် အပြစ်မဲ့ ပြည်သူများ သတ်ဖြတ်ခံရလာပါက တပ်မတော်က AA သတ်ဖြတ်ကြောင်း ပြောဆို သကဲ့သို့ AA ဘက်ကလည်း တပ်မတော်က သတ်ဖြတ်ကြောင်း အပြန်အလှန်စွပ်စွဲမှုများ ရှိနေပြီး မည်သည့် အဖွဲ့အစည်းကမှ မဟုတ်ဘဲ ကြားထဲက ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် သတ်ဖြတ်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။
တဖြည်းဖြည်း ကျယ်ပြန့်လာသော ရခိုင် စစ်ပွဲ
ချင်း တောင်းတန်းက စတင်ခဲ့သော တိုက်ပွဲများသည် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ် အစပ်အထိ ရောက်ရှိလာပြီ ဖြစ်သည်။
တပ်မတော်နှင့် AA တို့သည် စတင်ထိတွေ့ တိုက်ခိုက်ခဲ့စဉ်က လူထုနှင့် အလှမ်းဝေးကွာသည့် တောင်ကုန်း၊ တောင်တန်း များတွင် ဖြစ်ပွားခဲ့ရာမှနေ တဖြည်းဖြည်း အဝေးပြေး ကားလမ်းကြီးများအထိ ရောက်ရှိလာကြသလို ယခုဆိုလျှင် ပင်လယ် ရေပြင်အထိ စစ်ပွဲ ဧရိယာက ကျယ်ပြန့်သထက် ကျယ်ပြန့်လာပါသည်။
ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်များတွင် တပ်မတော်က လက်နက်ကြီး ပစ်ကူမှုများဖြင့် အသုံးပြု တိုက်ခိုက်ခဲ့သလို လေကြောင်းမှလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် ဂျက်ဖိုက်တာများပါ အသုံးပြုခဲ့ကြောင်း သိရသည်။
ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် နေ့ရာ ညပါ အသုံးပြု၍ ပြင်ထန်စွာ ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်း မြို့နယ်ကြားက ဗုဒ္ဓေါရွာ အနောက် ဘက် တိုက်ပွဲ၊ ဧပြီလ ၉ ရက်နေ့ ညတွင် ဖြစ်ပွားခဲ့သော မြောက်ဦး တိုက်ပွဲတို့ ဖြစ်သည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာ လကုန်ကနေ ထိတွေ့ တိုက်ခိုက်ခဲ့ကြသည့် ရခိုင် ပြည်နယ် မြောက်ပိုင်းက စစ်ပွဲ သည် ယခုဆိုလျှင် တနှစ်ကျော်လာပြီ ဖြစ်သည်။ နေ့စဉ်ရက်ဆက် တိုက်ပွဲကြီး တိုက်ပွဲငယ် ဖြစ်ပွားနေသည့် အတွက် တိုက်ပွဲ အရေအတွက်မှာလည်း မရေမတွက်နိုင်အောင် များပြားလာနေသည်။
တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုကို နှစ်ဘက်လုံးက ထုတ်ပြန်ခြင်း မရှိသော်လည်း အရပ်သား အစိုးရ လက်ထက်တွင် အပြင်းအထန်ဆုံး တိုက်ပွဲနှင့် အသေအပျောက် အများဆုံး တိုက်ပွဲတခုဟု ဆိုရပေမည်။
လက်ရှိ အချိန်အထိ ငြိမ်းချမ်းရေး လမ်းစ ပျောက်ဆုံးနေပြီး တပ်မတော်ကမူ ရခိုင်ပြည်နယ်သည် အဖြူရောင်နယ်မြေ တခုဖြစ်သည့် အတွက် အဖြူရောင် နယ်မြေပေါ် AA ကို အခြေချခွင့် မပြုနိုင် ဆိုသည့် အကြောင်းပြချက်ကို ဆုပ်ကိုင် ထားသည်။
AA အနေဖြင့်လည်း ရခိုင်မြေသည် ရခိုင် တိုင်းရင်းသားများပိုင် ဖြစ်သည့်အတွက် မိမိတို့ ပြည်နယ်ကို အပြည့်အဝ ကာကွယ် စောင့်ရှောက်ခွင့် ရရှိသည်အထိ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြော သည်။
နိုင်ငံရေး သုတေသီ စာရေးဆရာ ဦးမောင်မောင်စိုးက နှစ်ဘက်ခံယူထားချက်များသည် အလွန် ကွာဟမှု ဖြစ်နေသည့် အတွက် ပကတိ လက်တွေ့ကျကျ အခြေအနေကို သုံးသတ်ပြီး ဆွေးနွေးပွဲ စကားဝိုင်းတွင် အဖြေရှာမှ အကောင်းဆုံး အခြေအနေကို ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။
ဦးမောင်မောင်စိုး က “အဲဒီနှစ်ဘက် ကွာဟမှုက တော်တော်ကြီးတယ်ဗျ။ ရောက်နေတဲ့ AA တပ်တွေအားလုံး လိုင်ဇာ ပြန်ပို့ ဆိုတာလည်း ဖြစ်နိုင်မှာ မဟုတ်ဘူး။ AA ကလည်း လက်ရှိရခိုင်မှာ နေရာချဖို့ ခက်ခဲနေဦးမယ် ဆိုရင် စစ်ပွဲက ဆက်ဖြစ်နေဦးမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
နှစ်ဘက်လုံးက ငြိမ်းချမ်းရေး လိုချင်ကြောင်း ပြောဆိုထားကြပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း အကျိုး သက်ရောက်မှု မရှိဘဲ ငြိမ်းချမ်းရေး ခရီးမှာ ဦးနင်း ပဲ့ထောင် ဖြစ်နေသည်။
ထိုသို့သော အခြေအနေများ အတွင်း ချင်းတောင်တန်းက မယုယုခင်၏ ခင်ပွန်း ကိုခင်မောင်သည် မြောက်ဦးတွင် ဖမ်းဆီး ခံရပြီး အကြမ်းဖက်မှု ဥပဒေဖြင့် စွဲဆို ခံထားရကာ တရားရင်ဆိုင် နေရသည်။
စစ်တွေမြို့ တရားရုံးတွင် ရုံးချိန်းပေါင်း များစွာ ရင်ဆိုင်ခဲ့ပြီးလည်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေ တရားရုံး၏ အနောက်ဘက် အချုပ်သားများ သွင်းသည့် နေရာတွင် လက္ကာ ရွာသားများ စုရုံး ရောက်ရှိနေကြပါသည်။
အမျိုးသမီးတချို့ကလည်း အချုပ်ကျနေသူ အမျိုးသားများကို ပေးရန် လက်ထဲတွင် စားသောက်စရာများ ကိုင်ဆောင် ထားပြီး တချို့ကလည်း အဝတ်ထုပ်များကို ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။
ထိုလူအုပ်ထဲတွင် မျက်နှာပေါ်တွင် သနပ်ခါး ပါးကွက် ကွက်ထားသော ချင်း တောင်တန်းက မယုယုခင် တယောက် အချုပ်ကားတွင် ပါလာမည့် ခင်ပွန်းဖြစ်သူ ကိုခင်မောင်ကို စောင့်မျှော်နေပါသည်။
သူ့လက်ထဲတွင် စာရွက် စာတမ်းတချို့လည်း ကိုင်ထားသည်။ ထိုစာရွက်များနှင့် အတူ KBZ ဘဏ်စာအုပ် တအုပ်၊ သံထောင် ရဲစခန်းနှင့် သံထောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ကိုခင်မောင်အား အကျင့်စာရိတ္တ ကောင်းမွန် ကြောင်း ထောက်ခံချက် ပေးထားသည့် စာရွက်များကို တွေ့ရသည်။
မယုယုခင် က “ကျမက ရုံးချိန်းတိုင်း မလာနိုင်ဘူး။ စစ်တွေကို တခေါက်လာဖို့ ဆိုတာ မလွယ်ဘူး။ ကိုခင်မောင်ကို တွေ့ပြီး စားစရာတွေ ပေးမလို့ လာခဲ့တာ” ဟု ပြောပြသည်။
မယုယုခင်သည် ရုံးချိန်းကို ၃ ကြိမ်ခန့်သာ လာရောက်နိုင်ခဲ့ပြီး ငွေကြေး အခက်အခဲကြောင့် နောက် ရုံးချိန်းများကို မလာရောက်နိုင်တော့ပေ။
“ကိုခင်မောင်အတွက် ကျမ အရမ်းစိတ်ပူတယ်။ ကလေးတွေလည်း သူ့အဖေကို နေ့တိုင်းမေးနေကြတယ်။ ကလေးတွေ မေးတိုင်း ကျမက အဖေ အလုပ် သွားလုပ်နေတာလို့ နေ့တိုင်း လိမ်ပြောနေရတယ်”ဟု မယုယုခင်က ပြောပြသွားပါ သည်။ ။
You may also like these stories:
စစ်ပွဲများရပ်ရေး မန္တလေးမြို့တွင် ဆုတောင်းခဲ့သူ ၁ ဦးအား ဖမ်းဆီး
တိုက်ပွဲများကြောင့် ပလက်ဝ ဒေသခံ ၂၀၀ ကျော်နေရပ်စွန့်ခွာ ထွက်ပြေးနေရ
ဘူးသီးတောင်၌ ပစ်ခတ်ခံမှု ဖြစ်ပွားရာ ၅ ဦး သေ