• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အန္တရာယ်ကြားက ငှက်ပျောသီးစား ကျောက်မိုင်းခွဲသူများ

by မေစစ်ပိုင်
5 January 2020
in ဆောင်းပါး
A A
မန္တလေး- ပြင်ဦးလွင် ကားလမ်းမကြီး နံဘေးရှိ ပုသိမ်ကြီးမြို့နယ် အုန်းချောဒေသ ကျောက်ထုတ်လုပ်ငန်းကို ၂၀၁၆ ခုနှစ်အတွင်းက မှတ်တမ်းတင်ခဲ့စဉ် / ဇော်ဇော်

မန္တလေး- ပြင်ဦးလွင် ကားလမ်းမကြီး နံဘေးရှိ ပုသိမ်ကြီးမြို့နယ် အုန်းချောဒေသ ကျောက်ထုတ်လုပ်ငန်းကို ၂၀၁၆ ခုနှစ်အတွင်းက မှတ်တမ်းတင်ခဲ့စဉ် / ဇော်ဇော်

7.5k
VIEWS
Share on FacebookShare on Twitter

ပေ ၇၀၀ နီးပါး မြင့်မားပြီး မတ်စောက်သော ကျောက်တောင်ပေါ်မှ “မိုင်းခွဲတော့မယ်ဟေ့” ဟူသည့် အသံ ထွက်ပေါ်လာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကျယ်လောင်သော မိုင်းခွဲသံနှင့် အတူ မြေကြီးမှာ သိသိသာသာ တုန်ခါသွားသည်။

ထိုမိုင်းခွဲသံနှင့်အတူ ကျောက်တောင်မှ ကျောက်စိုင်ကျောက်ခဲများ ဖွာထွက် ပြိုကျလာသည်။ ကျောက်မိုင်းလုပ်ငန်းလုပ်ကိုင်သူများက ကျောက်မိုင်းခွဲမှု အောင်မြင်သည်ဟု ဆိုကြသည်။

RelatedPosts

ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
131
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
628
နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

19 July 2025
4.3k

ထိုမြင့်မားမတ်စောက်သည့် ထိုတောင်ပေါ်သို့ တက်ကာ ကျောက်တောင်ကြား သွားလာ လှုပ်ရှားနေသော လူများ၏ ကိုယ်တွင် အကာအကွယ် ပစ္စည်းများ လုံးဝ မပါရှိကြပါ။ ကျယ်လောင်လှသည့် မိုင်းခွဲသံနှင့် မိုင်းပေါက်ကွဲမှုကို ရှောင်တိမ်းရန် လွတ်ကင်းမည်ဟု သူတို့ယူဆသော တောင်ပေါ်ရှိ နေရာတခုတွင်သာ ခိုကပ်နေကြသည်။

ထိုသို့ မိုင်းခွဲစဉ်တွင် မြေပြင်နှင့် ပေ ၂၀၀၊ ၃၀၀ ခန့် အကွာအဝေးအထိကိုမူ အခြားလူများ မလာရန် ရှောင်တိမ်းခိုင်းထားကြသည်။

ထို့နောက် သူတို့ ကျောက်မိုင်း ခွဲသည့် အလုပ်ပြီးစီးပြီးနောက် ထိုအလုပ်သမားများမှာ တောင်အောက်သို့ ပြန်ဆင်းလာကြသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောဒေသသည် မန္တလေး- ပြင်ဦးလွင် ကားလမ်းမကြီး နံဘေးတွင် တည်ရှိပြီး ထိုဒေသခံများသည် လမ်းခင်းကျောက်များကို ထုတ်လုပ်သည့် လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြသည်။

ထိုဒေသ၏ အခေါ်အဝေါ်အရ ယင်းသို့ တောင်ပေါ်တက် အလုပ်လုပ်ကိုင်ကြသည့် ကျောက်မိုင်း အလုပ်သမားများကို ပေထိုးမိုင်းခွဲ လုပ်သားဟု သိရသည်။ ကျောက်တောင်အောက်နားတွင်ပင် ကျောက်မိုင်းခွဲရာမှ ရရှိလာသည့် ကျောက်စိုင်ကျောက်ခဲများကို သယ်ယူသည့် ကျောက်ခွဲ အလုပ်သမားများလည်း ရှိသည်။

အန္တရာယ်များသော်လည်း လုပ်အားခ နှစ်ဆ ရသည့် ပေထိုးမိုင်းခွဲ လုပ်သား အဖြစ် လုပ်ကိုင်သူဦးရေသည် အုန်းချောကျေးရွာရှိ ကျောက်မိုင်းလုပ်ငန်းခွင်တွင် ပိုများပါသည်။

အသက် ၃၅ နှစ်ဝန်းကျင်ရှိ ကိုကျော်စိုးဦးသည် ထိုကျောက်မိုင်းတွင် လုပ်နေသည့် ပေထိုးမိုင်းခွဲ လုပ်သားတဦးဖြစ်သည်။ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ် တကိုယ်လုံးတွင် ကျောက်မှုန့်မြေမှုန့်များဖြင့် ဖုံးနေသည်။ ထိုနေရာတွင် လုပ်သက် ၁၀ နှစ်ခန့်ရှိပြီဖြစ်သော ကိုကျော်စိုးဦးသည် မိသားစု စားဝတ်နေရေးကို ဖြေရှင်းရန် အတွက်သာ ၎င်းအလုပ်ကို မဖြစ်မနေ လုပ်နေရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောပြပါသည်။

“ကိုယ့်အသက် ကိုယ်ရင်းပြီး လုပ်ရတာဆိုတော့ အခက်အခဲတော့ရှိတယ်။ ချော်ကျပြီး ခိုက်မိတာရှိတယ်။ ခဲပြုတ် ကျတာမျိုးတွေလည်း ရှိတယ်။ မိုင်းခွဲတုန်း ခဲတွေ ပြုတ်ကျလာလို့ ကျနော် ခါးဆစ်ရိုးကျိုးဖူးတယ်။ တောင်ပေါ်ကနေ ပြုတ်ကျဖူးတယ်။ ကိုယ့်အိမ်က မစားလောက်တော့ ပေထိုး မိုင်းခွဲလုပ်တာ။ လူကို လာမှန်တာမျိုး ဖြစ်တတ်တော့ လွတ်ရာကို မှန်းပြီး ရှောင်တိမ်း ရတာပေါ့။ ကိုယ်လုပ်ထားတဲ့မိုင်း ကိုယ့်ဆီမလာနိုင်အောင်ပါ” ဟု ကိုကျော်စိုးဦးက ပြောပြသည်။

တနေ့လျှင် လုပ်အားခ ၁၅၀၀၀ ကျပ် ရရှိသည့် ကိုကျော်စိုးဦးသည် မနက် ၈ နာရီမှ ညနေ ကျောက်မိုင်းခွဲပြီးသည့် အချိန်အထိ အလုပ်လုပ်ရသည်။ သူသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ထိုပေထိုးမိုင်းခွဲ လုပ်သား အဖြစ် လုပ်ကိုင်ရင်း ကျောက်တောင်ပေါ်မှ ပြုတ်ကျကာ ခါးဆစ်ရိုးကျိုး၊ ခြေထောက် ထိခိုက်ခဲ့ဖူးသည်။ လုပ်ငန်းရှင်က ၎င်း၏ ဆေးကုသစရိတ်ကို တာဝန်ယူပေးခဲ့သဖြင့် ယခုအခါ ထိုအလုပ်ကိုပင် စားဝတ်နေရေးအတွက် ပြန်လည် လုပ်ကိုင်နေရသည်။

ကိုကျော်စိုးဦး ကဲ့သို့ပင် ထိုကျောက်မိုင်းတွင် တောင်ပေါ်တက် အလုပ်လုပ်ရသည့် ပေထိုးမိုင်းခွဲလုပ်သားဦးရေမှာပင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၂၀၀၊ ၃၀၀ ဦး ဝန်းကျင် ရှိသည်။

ပေထိုးမိုင်းခွဲ လုပ်သား တဦးသည် ကျောက်တောင်ပေါ်သို့ တက်ကာ ပေဖောက်ရသည် (ကျောက်တောင်ကို အပေါက်ငယ် ဖောက်ခြင်း)၊ ထို့နောက် ထိုအပေါက်ငယ်ထဲသို့ ဒေသအခေါ် ပုလဲ ဟုခေါ်သည့် ယမ်းများ ထည့်ရသည်။ ထိုယမ်းများကို ပေကြိုးထိုးပြီး ကျောက်တောင်ကို ဖောက်ခွဲကာ ရလာသော ကျောက်တုံးများအား သယ်ထုတ်ကာ ရောင်းတန်းဝင်အထိ အဆင့်ဆင့် ခွဲထုတ်ရသည်။
ထိုသို့ ကျောက်ခဲများကို လမ်းများခင်းရန်နှင့် အချို့ ဆောက်လုပ်ရေးလုပ်ငန်းများတွင် သုံးရန် ဝယ်ယူကြကြောင်း မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောရွာရှိ ကျောက်ခွဲစက် လုပ်ငန်းရှင်များထံက သိရသည်။

လမ်းခင်းကျောက်တွေ ဘယ်လိုထုတ်

“အရင်ကလောက်တော့ အလုပ်သမား မလိုတော့ဘူး။ အလုပ်သမားတွေ နေရာမှာ စက်တွေ အစားထိုးလိုက်တော့ ကိုယ်ခိုင်းချင်တဲ့အချိန် ခိုင်းလို့ရတယ်လေ။ ဒီ အုန်းချောဒေသမှာတော့ ကျောက်စက်လုပ်ငန်း လုပ်နေတာက တော်တော်များလာပြီ။ ကုမ္ပဏီကြီးတွေဝင်လာတော့ ကျနော်တို့လို လုပ်ငန်းသေးတွေ တော်တော် ရုန်းကန်နေရတယ်” ဟု ရွှေလမင်း ကျောက်ခွဲစက် ပိုင်ရှင် ကိုဝင်းကိုက ပြောပြသည်။

ထိုဒေသရှိ ကျောက်တောင်များမှ ထုတ်လုပ်သည့် ကျောက်များသည် ခွဲကျောက်များဖြစ်ပြီး အဓိက အားဖြင့် လမ်းခင်းခြင်း၊ အုတ်ထုတ်လုပ်ခြင်းနှင့် အဆောက်အဦများ ဆောက်လုပ်မှုတွင် အသုံးပြုလေ့ရှိကြသည်။

ကျောက်ထုတ်လုပ်ပုံအားဖြင့် ထုတ်လုပ်ခြင်း၊ ကြိတ်ခွဲခြင်းများ ပြုလုပ်ပြီးနောက် ဖြန့်ဖြူးခြင်း သို့ အဆင့်အလိုက် လုပ်ဆောင်ကြသည်။

အုန်းချောဒေသဘက်ရှိ ကျောက်တောင်နေရာတွင် ကျောက်များ ထုတ်လုပ်ရန် ၁ ကွက်လျှင် ပေ ၅၀ အကျယ်ခန့်ရှိသည့် ကျောက်ခန်း ၁ ခန်းစီ ရှိကြသည်။ နေ့စဉ် ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် အလုပ်ရှင် ၁ ဦးစီပိုင်ဆိုင်သည့် ကျောက်ခန်း ၁ ခန်းစီမှ မိုင်းခွဲကာ ရရှိလာသည့် ကျောက်များကို ဝယ်လက်များသို့ ပြန်လည် ရောင်းချကြသည်။


ကျောက်စက်လုပ်ငန်းရှင်များသည် သက်ဆိုင်ရာ ကျောက်ထုတ်လုပ်သား ခေါင်းဆောင်များထံမှ တဆင့် ပြန်လည် ဝယ်ယူကြသည်။ လတ်တလော ပေါက်ဈေး အရ ကျောက်များကို ထော်လာဂျီ တစီးလျှင် ကျပ် ၁၁၀၀၀ မှ ၁၃၀၀၀ ကြား ဖြစ်သည်။ ကျောက်ထုတ်လုပ်သူများသည် ကျောက် ထော်လာဂျီ ၁ စီး ရောင်းရပါက ကျောက်တွင်း ကန်ထရိုက်ကို အခစားငွေ ပေးကြရသည်။

အခွန်ဆောင်ထားပြီး ရယူထားသော တောင်ပိုင်များအတွက် ကျောက်ကန်ထရိုက်များက အစိုးရထံသို့ ကျောက်ဖိုး ပြန်သွင်းကြရသည်။ ထိုကျောက်များသည် မိုင်းခွဲ ထုတ်လုပ်သည်မှ စကာ အဆင့်ဆင့် ဝယ်ယူလာပြီးနောက် ကျောက်စက်လုပ်ငန်းရှင်များ လက်ထဲသို့ ရောက်သည့်အခါ အရွယ်အစား မျိုးစုံသော ကျောက်များ ထုတ်လုပ်ခံရပြီးနောက် အနယ်နယ်အရပ်ရပ်ရှိ ဈေးကွက်ထဲသို့ ရောက်ရှိကြသည်။

ထိုကျောက်မိုင်း လုပ်ငန်းခွင်များမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်များဖြစ်သည့် ကျောက်မှုန်၊ ဘီ ကျောက်၊ ချီပင်ကျောက်၊ သုံးမူး ကျောက်၊ ငါးမူးကျောက်၊ ဝမ်းတူး (၁လက်မx၂လက်မ)၊ တူးဖိုး (၂လက်မx၄ လက်မ)၊ ခြောက်ကိုး (၆လက်မx၉လက်မ) အရွယ်စုံ ထုတ်လုပ်ပေးလျက် ရှိသည်။

အုန်းချောရွာမှ ထွက်ရှိသည့် လမ်းခင်းကျောက်များကို မြန်မာနိုင်ငံ အရပ်ရပ်သို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း မျိုးစုံဖြင့် တင်ပို့ကာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

ကျောက်မိုင်းလုပ်ငန်းခွင် လုံခြုံရေး

လုပ်ငန်းရှင် ကိုဝင်းကို က “ကျနော်တို့ဆိုရင် ကျောက်ခွဲတဲ့နေရာမှာ စောင့်ကြည့်ဖို့ အလုပ်သမား ၃၊ ၄ ဦးလောက်နဲ့ ကျောက်မိုင်းခန်းမှာ လူ ၇ ယောက်လောက်ပဲ ရှိတော့တယ်။ မိုင်းခွဲသမားကိုတော့ လုပ်သက်ရင့်မှ ငှားတယ်။ အန္တရာယ်အရမ်းများတဲ့ အလုပ်နေရာ ဖြစ်နေတာကြောင့်ပါ”ဟု ပြောပြသည်။

ထိုဒေသတွင်ရှိသော ကျောက်မိုင်း အလုပ်သမားများသည် ကျောက်မှုန့်၊ ဖုန်မှုန့်များ အကြား၊ တောင်ကြို တောင်ကြားများတွင် လုပ်ကိုင်နေရသော်လည်း လုပ်ငန်းခွင် လုံခြုံရေး၊ ကျန်းမာရေး အခြေအနေများကို မည်သူမျှ ဂရုတစိုက် မရှိကြသလို အလုပ်သမားများကိုယ်တိုင်သည်လည်း ထိုသို့ ဂရုစိုက်ရမည်ကို ဗဟုသုတ ရှိကြသည့်ပုံ မပေါ်ပါ။

မိုင်းများ သုံးစွဲရာတွင် လုပ်ငန်းကျွမ်းကျင်မှုကိုလည်း အလုပ်ရှင် အလုပ်သမားအကြား နားလည်မှုဖြင့်သာ ဆုံးဖြတ်ပြီး လုံခြုံရေးအရ ကန့်သတ်သုံးစွဲရသည့် ယမ်းများ၊ ယမ်းများ သိုလှောင်ထားရှိမှုနှင့် ပတ်သက်ပြီး စနစ်တကျ သုံးစွဲခြင်း ရှိ၊ မရှိကို သေချာစွာ မသိရှိရပါ။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ဝန်ကြီး ဦးမျိုးသစ်က “လုပ်ငန်းရှင်တွေကတော့ လိုင်စင်အတွက် လုပ်ငန်းခွင် လုံခြုံရေးကို ဘာလုပ်ပါမယ် ညာလုပ်ပါမယ်ဆိုပြီး စာရွက်ထဲမှာတော့ ချရေးတာပေါ့လေ။ ဒါပေမယ့် ဆောင်ရွက်ခြင်း ရှိ၊ မရှိကတော့ ပြဿနာ ဖြစ်လာမှ အဲဒါတွေ ဖြစ်လာတာပေါ့။ ကျနော်တို့ Mining engineer တွေ ခန့်ထားဖို့၊ Geologist တွေခန့်ထားဖို့ အကြံကတော့ ပြုနေတာပဲ။ ဒါပေမယ့် ဝန်ကြီးဌာနကတောင် တနှစ်ကို ၁၀ ယောက်တောင် မခန့်နိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

လမ်းခင်းကျောက်နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်သည် သတ္ထုတွင်းဥပဒေ၊ ကျောက်မျက်တွင်းထွက် ဥပဒေများတွင် မပါဝင်သဖြင့် လုပ်ကွက်လုပ်မည့် နေရာသည် သစ်တောမြေများ ဖြစ်ပါက သက်ဆိုင်ရာ သစ်တော ဦးစီးဌာနသို့ လည်းကောင်း၊ အခြားမြေဖြစ်ပါက သက်ဆိုင်ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သို့လည်းကောင်း တင်ပြကာ လိုင်စင် လျှောက်ထားရကြောင်း သိရသည်။

“ဒီအလုပ်ကို စလုပ်စဉ်ကတည်းက စာချုပ်ချုပ်ထားတယ်။ Underground မိုင်းဆိုရင် နာရီ ဘယ်လောက်နဲ့ လုပ်ရပါမယ်ဆိုတာ ပါပြီးသား။ ကျောက်ခဲထုတ်တာ သဘာဝပတ်ဝန်းကျင် ဘာတွေထိခိုက်လဲ။ မိုင်းတွေ ခွဲတာလား ဆိုတာမျိုး သေချာ စိစစ်ပါတယ်။ လေထဲ အမှုန်အမွှားတွေ ထွက်လာတယ်ဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက လေထုတိုင်းတာရေး စက်တွေနဲ့ စစ်ဆေးပါတယ်။ စိစစ်ပြီး အကြံပြုတယ်။ အဲဒီအတိုင်း မလုပ်ရင် အရေးယူဆောင်ရွက်တဲ့အပိုင်းကတော့ အားနည်းနေတယ်လို့ ပြောလို့ရတယ်”ဟု ဝန်ကြီး ဦးမျိုးသစ်က ရှင်းပြသည်။

လမ်းခင်းကျောက်များ ထုတ်လုပ်ပါက အများပြည်သူဆိုင်ရာ လမ်းမကြီး၊ မီးရထားလမ်း၊ ရေလှောင်ကန်နှင့် တူးမြောင်း စသည့်နေရာများနှင့် အနည်းဆုံး ပေ ၆၀၀ အတွင်း လုံးဝ တူးဖော်ထုတ်လုပ်ခြင်း မပြုလုပ်ရဟု လမ်းခင်းကျောက် ထုတ်လုပ်မှု လုပ်ငန်းလိုင်စင် စည်းကမ်းများ ရှိသည်။

ကျောက်ကြီး၊ ဂဝံကျောက် ထုတ်လုပ်မှုများအပေါ် ကာယကံရှင်မှ လျှောက်ထားလာပါက သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် လုပ်ငန်းရှင်၏ ထွက်ဆိုချက်၊ အနီးပတ်ဝန်းကျင်ရှိ တောင်သူများ နေထိုင်သူများ၏ ထွက်ဆိုချက်များ လိုအပ်ပြီး ကွင်းဆင်း စစ်ဆေးရမည် ဖြစ်သည်။

ထိိုသို့ စိစစ်ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက ကွင်းအရေအတွက် မည်မျှ တူးဖော် ထုတ်လုပ်ခွင့် ပြုသည်ကို မူတည်၍ သတ်မှတ် အခွန်နှုန်းထားဖြင့် ၁၈၇၆ ခုနှစ် မြေနှင့် အခွန်ဥပဒေ အမိန့် ဆင့်ဆိုချက် ၁၉၂ တွင် ပြဌာန်းထားသည့် ပုံစံများအတိုင်း လိုင်စင်ထုတ်ပေးသည်ဟု သိရသည်။

ထို လိုင်စင်လျှောက်ထားမှု ပုံစံများထဲတွင် အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ သဘောတူညီချက်များ၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး အချက်အလက်များ ထည့်သွင်းပါဝင်မှု ယနေ့အထိ မရှိသေးပါ။

ကျောက်မိုင်း အလုပ်သမားများအနက် ပေထိုးမိုင်းခွဲ လုပ်သား အဖြစ် လုပ်ကိုင်သူများမှာ အန္တရာယ် အများဆုံး ဖြစ်သည်။ ဝင်ငွေ ပိုမို ရကြသော်လည်း တစုံတခု ဖြစ်လာပါက အသက်ကို ရင်းသွားရသည်အထိ လုပ်ငန်းခွင် အန္တရာယ် ရှိနေသည်။

“ထိခိုက်မိတာ အနည်းဆုံး၊ အများဆုံးတော့ ပြောလို့မရဘူး။ ဖြစ်ပြီဆိုရင် ကိုယ့်အသက် ကိုယ်ရင်း သွားရတာလေ။ ကျနော်တို့ဘက်တော့ မဟုတ်ဘူး။ ဒေသအခေါ် ဂျပန်လျိုပေါ့။ အဲဒီဘက်မှာ ၆ ယောက်လုံး ဖြစ်တယ် တရက်ထဲ။ မိုးရွာပြီးတဲ့အချိန် ကျောက်တောင်ထဲ ဝင်ပြီး လုပ်ငန်းလုပ်တော့ ပြိုကျတော့ ပါသွားတယ်။ ဒီအလုပ်က အန္တရာယ်ရှိတာ သိတယ်။ ဒါပေမယ့် ဝမ်းရေးက ရှိနေတော့ အန္တရာယ် ဆိုတာကို ကျနော် ကြည့်နေလို့ မရဘူးလေ။ ကျနော့် နောက်မှာ မိသားစု ၆ ယောက်ရှိတယ်” ဟု ပေထိုးမိုင်းခွဲ လုပ်သား ကိုကျော်စိုးဦးက ရှင်းပြသည်။

၎င်း၏ အတွေ့အကြုံအရ လုပ်ငန်းခွင်အတွင်း အလုပ်သမား ၁ ဦး ထိခိုက်မှု ဖြစ်ပေါ်လာပါက လုပ်ငန်းရှင်မှာ ဆေးစရိတ်ကို အပြည့်အဝ တာဝန်ယူပေးကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော်သည် ပြီးခဲ့သည့် မတ်လအတွင်းက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေကို အတည်ပြုထားသည်။ ထိုဥပဒေသည် သမ္မတ လက်မှတ်ထိုးရန် ကျန်ရှိနေသော်လည်း သမ္မတမှ လက်မှတ်ထိုး အတည်ပြုပြီးနောက်ပိုင်းတွင် အလုပ်ရှင် အလုပ်သမားများ အကြား ဥပဒေ အသက်ဝင်လာမည် ဖြစ်သည်။

အဆိုပါ ဥပဒေအရ လုပ်ငန်း တခုခုကို လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေသူနှင့် စတင် လုပ်ကိုင်လိုသူတို့သည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရမည် ဖြစ်သည်။

ဥပဒေ ပုဒ်မ ၂၅ အရ လုပ်ငန်းခွင် ပတ်ဝန်းကျင် အန္တရာယ် ကျရောက်နိုင်မှု အခြေအနေကို တိုင်းတာ အကဲဖြတ်ရန် လိုအပ်သလို စီမံဆောင်ရွက်ရမည်။ အလုပ်သမားများကို လုပ်ငန်းခွင်ဆိုင်ရာ ရောဂါခံစားရမှု ရှိ၊ မရှိ သတ်မှတ်ချက်များနှင့် အညီ အသိအမှတ်ပြု ဆရာဝန်ဖြင့် ဆေးစစ်ပေးရန် စီမံပေးရမည် ဖြစ်သည်။

ထိုအခြင်းအရာများ ပါဝင်သည့် ဥပဒေ ပုဒ်မ ၂၆ အပိုဒ်ငယ် က မှ တ အထိ ပျက်ကွက်သည့် လုပ်ငန်းရှင်အား ၃ လ ထက် မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ၁၀ သိန်းမှ အများဆုံး ကျပ် သိန်း ၅၀ ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ငှက်ပျောသီးစားသူများ

ဧရာဝတီမှ သွားရောက်ခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်က ကျောက်စက်လုပ်ငန်း လုပ်ကိုင်သည့် နေရာများသည် ဖုန်များ၊ ကျောက်မှုန့်များက လေထုထဲတွင်သာမက နေအိမ်ပတ်ဝန်းကျင်များတွင်လည်း ပြည့်နှက် ပျံ့နှံ့နေသည်။

ကျောက်ခွဲစက်များရှိရာ နေရာများရှိ အလုပ်သမားများ၊ အလုပ်ရှင်များသည်လည်းကောင်း၊ ကျောက်မိုင်းလုပ်ကွက်များရှိ အလုပ်သမားများသည်လည်းကောင်း မျက်နှာတွင် မည်သည့် အကာအကွယ်မှ မပါဘဲ ကျောက်မှုန့်များ ဖုန်မှုန့်များ ကြားတွင်သာ လုပ်ကိုင် သွားလာနေကြသည်။

“ကျနော်တို့ လုပ်လာတာ ကြာလှပြီ။ ဘာရောဂါမှလည်း မဖြစ်ဘူး။ အသက်ရှုကျပ်တာ ဘာညာလည်းမရှိဘူး။ ဆေးခန်းတွေဘာတွေပြလို့ ဆရာဝန်က ဒါကြောင့် ဖြစ်တယ်လို့ ပြောရင်တော့ တမျိုးပေါ့။ အဲဒီလို ဖြစ်တာ မရှိဘူး။ တခုခု စိုးရိမ်လည်း ကျနော်တို့ကတော့ ငှက်ပျောသီး စားလိုက်တာပဲ”ဟု ကျောက်စက်လုပ်ငန်းရှင် ကိုဝင်းကိုက ပြောပြသည်။

ရှေးယခင်ကတည်းက ရှိခဲ့သည့် အယူအဆ တခု အဖြစ် ငှက်ပျောသီး စားသုံးပါက နေ့စဉ် ရှုသွင်းခဲ့သည့် အမှုန်၊ ဖုန်မှုန့်များသည် ငှက်ပျောသီးနှင့် ကပ်ကာ ဝမ်းတွင်းမှ တဆင့် မစင်အဖြစ် ပြန်လည် စွန့်ထုတ်နိုင်သည်ဟု ထိုနေရာတဝိုက်ရှိ ဒေသခံများက ထင်မြင်နေကြသည်။

ပေထိုးမိုင်းခွဲလုပ်သား တဦးဖြစ်သည့် ကိုကျော်စိုးဦးကလည်း “မျက်နှာကို ကာထားတာ အသက်ရှုကျပ်တယ်။ ဒီတိုင်းပဲ လုပ်နေတာပဲ ၁၅ နှစ်လောက်တောင် ရှိနေပြီ။ နေ့တိုင်း ငှက်ပျောသီး စားတယ်။ ဘာမှမဖြစ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

 

ကျောက်မိုင်းလုပ်သားများသာမက လုပ်ငန်းရှင်များလည်း ထိုနည်းတူပင် ဖြစ်သည်။ “ငှက်ပျောသီး စားပေးလိုက်တယ်လေ။ ဒီအမှုန်ကြောင့်ဆိုရင် ဆရာဝန်က သွားပြတဲ့အချိန် ပြောမှာပေါ့။ ဘာမှ မဖြစ်ဘူး။ လုပ်လာတာဖြင့် ကြာလှပြီ” ဟု ကျောက်ခွဲစက် လုပ်ငန်းရှင် တဦးက ဆိုသည်။

ထိုလုပ်ကွက် နေရာတဝိုက်ရှိ လူများအားလုံး ငှက်ပျောသီး စားခြင်းဖြင့်သာ ကျောက်နှင့် ဖုန်မှုန့်များ၏ အန္တရာယ်ကို ကာကွယ်ကြသည်ဟု သိရသည်။

အခြားကျောက်ထုလုပ်သား တဦးကလည်း “ဒီလို နေလာတာဖြင့် ကြာလှပြီ။ ဘယ်သူမှ မျက်နှာအုပ်မထားဘူး။ မအုပ်ထားမှ အသက်ဝဝရှုလို့ရတယ်။ ဘယ်သူမှလည်း ဒီအမှုန်တွေကြောင့် ဖြစ်တယ် မကြားမိဘူး။ လုပ်စရာရှိတာလုပ်ပြီး ညဘက်အိမ်ပြန်ရန် ငှက်ပျောသီးကို ရေနဲ့ မျောချလိုက်တာပဲ” ဟု ဆိုပါသည်။

မန္တလေးတိုင်းဒေသကြီးရှိ အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာဝင်းဇော်၏ ပြောပြချက်အရ ကျောက်မှုန့် ဖုန်မှုန့်များသည် လူ၏ ကိုယ်တွင်းရှိ အဆုတ်ကို အများဆုံး ထိခိုက်စေကြောင်း သိရသည်။

“ဒီကျောက်မှုန့်ဖုန်မှုန့်တွေတင် မကဘူး။ ပန်းရံအလုပ်သမားတွေ ဘိလပ်မြေတွေ ရှုရတဲ့သူတွေမှာ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ တော်တော်များများ တွေ့ရတယ်။ ဓာတ်မှန်ရိုက်ခိုင်းလို့ရှိရင် အမှုန်အမွှားတွေ ဒီအဆုတ်ထဲမှာ ရှိနေတယ်ဆိုတာကို တွေ့တော့ ဒါတွေကို စနစ်တကျ သုတေသနလုပ်ပြီး ကာကွယ်ရေးတွေ လုပ်သင့်ပြီ။ အခုက ကျန်းမာရေးအသိ မရှိကြသေးဘူး”ဟု ရှင်းပြသည်။

အစိုးရ ဌာနများအနေဖြင့် အချက်အလက်များ ကောက်ယူကာ ကျန်းမာရေး အသိပညာပေးမှုများကိုလည်း လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြုသည်။

“Data တွေ ဘာမှ မရှိသေးတော့ ဆရာဝန်စကားနဲ့ ပြောရရင် blind ဆန်နေမယ်။ ဒါပေမယ့် ဒါက အန္တရာယ်ရှိနေတာ အမှန်ပဲဆိုတော့ ဌာနတွေက တစုံတရာ ကာကွယ်မှုတွေ မလာခင် mask တပ်ပြီး အလုပ်လုပ်ဖို့၊ အမှုန်မလွင့်အောင် ကာကွယ်နိုင်ရန် ကာကွယ်ဖို့ပေါ့။ ရောဂါလက္ခဏာပြလာတာနဲ့ ဆေးရုံပြေးဖို့၊ အလုပ်ပြောင်းပစ်ဖို့ အကြံပေးချင်တယ်” ဟု ဒေါက်တာဝင်းဇော်က ပြောသည်။

အုန်းချောဒေသ ကျောက်မိုင်းလုပ်သားများ၏ နေ့စဉ်ဘဝက ၎င်းတို့ကိုယ်တိုင်ရော အစိုးရကပါ မေ့လျော့ခံနေကြရသည်။ လုပ်ငန်းခွင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ လုပ်ငန်းခွင် အန္တရာယ် စသည့် အခြေအနေများမှာ လျစ်လျူရှု ခံထားရဆဲဖြစ်သည်။ နေ့စား အခစား လုပ်သားများ ဖြစ်သည့် ၎င်းတို့အတွက် လူမှု ဖူလုံရေး ခံစားခွင့် ဆိုသည်မှာလည်း အကျုံးဝင်မှု မရှိသေးပေ။

You may also like these stories:

အကျဉ်းစခန်းတွေ ပိတ်သိမ်းသင့်တယ်

ကျောက်မိုင်းခွဲသဖြင့် ထိခိုက်မှုများအား အပြည့်အဝ တာဝန်ယူ ပေးမည်ဟု MCL ကုမ္ပဏီဆို

ကျောက်မိုင်းလုပ်ငန်းများ တရားဥပဒေစိုးမိုးမှု ပျောက်ကွယ်နေ

Your Thoughts …
Tags: ကျောက်မိုင်းလုပ်သားအုန်းချောကျေးရွာ
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

လုပ်သားရှားပါး၍ အထည်ချုပ်လုပ်ငန်း အမှာစာသစ် လက်မခံနိုင်

လုပ်သားရှားပါး၍ အထည်ချုပ်လုပ်ငန်း အမှာစာသစ် လက်မခံနိုင်

by ဧရာဝတီ
25 December 2024
638

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ပြည်ပသို့အကြောင်းအမျိုးမျိုးနှင့် ထွက်ခွာသည့်လူငယ်လူရွယ်များ ပြားလာပြီး အထည်ချုပ်လုပ်ငန်းများမှာ လုပ်သားအင်အားမရှိတော့သဖြင့် အော်ဒါအမှာများ လက်မခံနိုင်သည့် အခြေအနေ ကြုံတွေ့နေရ

ကျောင်းပြန်ဖွင့်ပေးပါလို့ တောင်းပန်ပါတယ် (ရုပ်/သံ)

ကျောင်းပြန်ဖွင့်ပေးပါလို့ တောင်းပန်ပါတယ် (ရုပ်/သံ)

by The Irrawaddy
14 September 2024
555

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်မှာ မေတ္တာရိပ်စာသင်ကျောင်းအပါအဝင် ကျောင်း ၆ ကျောင်းကို အာဏာပိုင်တွေက စက်တင်ဘာလ ၄ ရက်နေ့က စတင်ပိတ်သိမ်းလိုက်တဲ့အတွက်ကြောင့် ကျောင်းတက်နေဆဲ ကျောင်းသား၊ ကျောင်းသူ ၃ ထောင်နီးပါးလောက် ရုတ်တရက် ကျောင်းရပ်နားထားရတာဖြစ်ပါတယ်။

ထိုင်းကို အလုပ်သမားစေလွှတ်မှု စစ်ကောင်စီ ဆိုင်းငံ့ (ရုပ်/သံ)

ထိုင်းကို အလုပ်သမားစေလွှတ်မှု စစ်ကောင်စီ ဆိုင်းငံ့ (ရုပ်/သံ)

by ဧရာဝတီ
14 February 2025
203

ထိုင်း-မြန်မာ နှစ်နိုင်ငံ တရားဝင် အစိုးရချင်း ချိတ်ဆက်မှုနဲ့ သွားရမယ့် MOU အလုပ်သမားတွေစေလွှတ်မှုကို ယာယီဆိုင်းငံ့မယ့်အကြောင်း အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို အကြောင်းကြားထားတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ဧရာဝတီကို ပြောပါတယ်။

၂၀၁၅ မှ ၂၀၂၀ အတွင်း နှိပ်စက် ညှဉ်းပန်းခံရသည့် အလုပ်သမား တချို့၏ ပုံများ / ဧရာဝတီ

၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ

by သဇင်လှိုင်
7 March 2020
24.9k

၂၀၁၅ ခုနှစ်မှ ယခု ၂၀၂၀ အထိ လူသိထင်ရှား ဖြစ်ပွားခဲ့သည့် လုပ်သားများ နှိပ်စက်ညှင်းပန်းခံရမှု အမှုများစွာ ရှိခဲ့သည်။

ကျိုက်ထိုမြို့နယ် ရှိ ကျောက်ထုတ်လုပ်ငန်း / ဉာဏ်စိုးဝင်း / ဧရာဝတီ

ကျောက်မိုင်းလုပ်ငန်းများ တရားဥပဒေစိုးမိုးမှု ပျောက်ကွယ်နေ

by ဉာဏ်စိုးဝင်း
15 June 2018
12.2k

မွန်ပြည်နယ်တွင် လုပ်ငန်းလိုင်စင်ရထားသည့် ကျောက်ထုတ်လုပ်ငန်း ၁၀၉ ခုရှိနေပြီး ကျိုက်ထိုမြို့နယ်၌ လမ်းခင်းကျောက် ထုတ်လုပ်နေသည့် ကျောက်ထုတ်လုပ်ငန်း ၅၅ ခုရှိသည်

နယ်စပ်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးထားသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ

ထိုင်းနယ်စပ်တွင် တရားမဝင် ဝင်လာသည့် မြန်မာ ၂၀၀၀ ကျော်ဖမ်းမိ

by ဧရာဝတီ
14 February 2022
16.1k

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၂ ပတ်အတွင်း မြန်မာနိုင်ငံသား ၂ ထောင်ကျော် ဖမ်းဆီးခံရကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်သူများထံမှ သိရသည်။

Next Post
ကယ်တော်မူကြပါ

ကယ်တော်မူကြပါ

ဖျာပုံခရိုင် ပင်လယ်ကျားဖောင် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်း  / ဇော်နောင်လင်း / ဧရာဝတီ

ကျားဖောင်လုပ်ငန်းကို လူသတ်ကွင်းလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်တာတွေ ရှိနေတယ်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.6k
နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

1 day ago
4.3k

Most Read

  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate