ယူနန်အခြေစိုက် တရုတ်ပညာရှင်အဖွဲ့များသည် ၂၀၁၈ ခုနှစ်အစောပိုင်းမှ စတင်ပြီး ရန်ကုန်နှင့် ပြည်နယ်မြို့တော် ကူမင်းအကြား စုန်ဆန်သွားလာနေကြသည်။ သို့သော် ထိုသူများသည် မကြာခဏဆိုသလို စီးပွားရေးမြို့တော်ကိုသာမက အခြားနေရာများသို့လည်း သွားရောက်ကြသည်။
၎င်းတို့သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောကို တရုတ်နိုင်ငံနှင့် ဆက်သွယ်သည့် အဓိက ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအဖြစ်ပြောင်းလဲရန် မျှော်လင့်ချက်ဖြင့် ဧရာဝတီမြစ်အတွင်းအစုန်အဆန် ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရင်း မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းအထိ မိုင်ရာပေါင်းများစွာ ခရီးသွားကြသည်။
ထို သေနင်္ဂဗျူဟာကျသော ကုန်းတွင်းနှင့် ရေလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် ကူမင်းမှစတင်ပြီး ယူနန်ပြည်နယ်မှ လုံချွန်းခရိုင်ကို ဖြတ်ကာ ကချင်ပြည်နယ် ဗန်းမော်သို့ဆက်သွယ်ပြီး ရန်ကုန်နှင့် အိန္ဒိယသမုဒ္ဒရာအထိရောက်မည်ဖြစ်သည်။ ကူမင်းမှ ရန်ကုန်သို့ ၂၁၆၁ ကီလိုမီတာရှည်သော ထိုးလမ်းကြောင်းသည် တရုတ် ယွမ်ငွေ ၃.၃ ဘီလျံ (ကျပ် ၇၀၀ ဘီလျံ ) အထိကုန်ကျနိုင်သည်။
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတွင် အရေးအပါဆုံး ရေကြောင်းလမ်းဖြစ်ပြီး မြစ်ဝကျွန်းပေါ်ကို ဖြတ်ကာ အန်ဒမန်ပင်လယ်အတွင်းသို့ စီးဝင်သည်။
ထို စီမံကိန်းတွင် တရုတ်နယ်စပ် လုံချွန်းခရိုင် ကျန်းဖုန်း/လွယ်ဂျယ် အကောက်ခွန်ဂိတ်ကို ဖြတ်သန်းကာ မြောက်ပိုင်းမှ စီးပွားရေးအချက်အခြာဖြစ်သော ဗန်းမော် ရထားလမ်း၊ ကားလမ်းမှတဆင့် ကုန်စည်သယ်ဆောင်ခြင်းပါဝင်သည်။ ဗန်းမော်မှတဆင့် ကုန်စည်နှင့် ခရီးသည်များသည် ဧရာဝတီမြစ်အတိုင်းစုန်ဆင်းကာ မန္တလေး၊ ရန်ကုန်နှင့် အိန္ဒိယ သမုဒ္ဒရာသို့ သွားလာနိုင်သည်။
တရုတ် ပညာရှင်အဖွဲ့များသည် ကမ္ဘာ့အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်သော ရှန်ဟိုင်းဆိပ်ကမ်းကို ကူမင်းနှင့် ဆက်သွယ်ပြီးနောက် လမ်းနှစ်ကြောင်းခွဲထွက်ကာ တခုမှာ ရွှေလီမှတဆင့် ရှမ်းပြည်နယ် မူဆယ်သို့ဆက်သွယ်ပြီး အခြားလမ်းတခုမှာ လုံချွန်းမှတဆင့် ဗန်းမော်ကို ဆက်သွယ်မည်ဖြစ်သည်။
ထိုစီမံကိန်းကို တရုတ်ပညာရှင်တို့က တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အတွက် အဓိကျသောစီမံကိန်းအဖြစ် သတ်မှတ်ရန် အကြံပြုထားပြီး တရုတ်-မြန်မာ ဧရာဝတီ စီးပွားရေး ရပ်ဝန်းအဖြစ်အမည်ပေးထားသည်။ CMEC သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ၏အစိတ်အပိုင်းဖြစ်ပြီး ထိုအစီအစဉ်အရ တရုတ်မှ အာဖရိကနှင့် ဥရောပရှိ နိုင်ငံပေါင်း ၇၀ တွင် လမ်းများ၊ ရထားလမ်းများနှင့် ဆိပ်ကမ်းများကို ဆက်သွယ်သည့် ကွန်ရက်တည်ဆောက်ရန် ရည်ရွယ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်စက်တင်ဘာလက CMEC တည်ဆောင်ရန် နားလည်မှုစာချွန်လွာ လက်မှတ်ရေးထိုးပြီး နောက် BRI၏ တရားဝင် အဖွဲ့ဝင်ဖြစ်လာသည်။
မြန်မာအစိုးရ၏ အဆိုအရ တရုတ်နိုင်ငံသည် CMEC သဘောတူညီမှုအောက်တွင် မြန်မာနိုင်ငံတွင် စီမံကိန်း ၃၈ ခု အဆိုပြုထားသည်ဟု သိရသည်။ သို့သော်မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ် ဧပြီလက ဘေဂျင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် BRI ညီလာခံတွင် စီမံကိန်း ၉ ခုကိုသာအတည်ပြုထားသည်။ ယခုအချိန်အထိ မြန်မာနိုင်ငံသည် ကချင်နှင့်ရှမ်းပြည်နယ်မှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် သုံးခု၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် မူဆယ်-မန္တလေးရထားလမ်းတို့ တည်ဆောက်ရေးကိုသာ လူသိရှင်ကြား ထုတ်ပြန်ကြေညာထားသည်။

ဧရာဝတီ စီးပွားရေးရပ်ဝန်းသည် CMEC မူဘောင်အောက်ရှိ အခြားအခြေခံ အဆောက်အအုံ စီမံကိန်းများထက် တရုတ်နိုင်ငံကို ပိုမိုအခွင့်အလမ်းများရှိကြောင်း တရုတ်နိုင်ငံ ကူမင်းရှိ တောင်အာရှနှင့် တောင်အာရှ သယ်ယူပို့ဆောင်ရေး သုတေသန သိပ္ဗံ(SSILR) ဥက္ကဌ လျူကျင်ရှင်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ထိုလမ်းကြောင်းသည် ရှမ်းပြည်မြောက်ပိုင်းမှ လမ်းစီမံကိန်းများထက် ပိုမိုလုံခြုံပြီး အမေရိကန်ဒေါ်လာ ၉ ဘီလျံ ( ကျပ် ၁၃.၃ ထရီလျံ) ကုန်ကျမည့် မူဆယ်မန္တလေး အမြန်ရထားလမ်းထက် ပိုမို အကုန်အကျသက်သာကြောင်း လျူက ပြောသည်။
မြစ်လမ်းကြောင်းသည် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပြီး မြန်မာနိုင်ငံရှိ အဓိကမြို့ကြီးများ၏ ၆၀ ရာခိုင်နှုန်းကို ဆက်သွယ်ပေးပြီး မြစ်ကြောင်းတလျှောက်တွင် လူ သန်း ၃၀ နေထိုင်ကြောင်းလည်း လျူက ပြောသည်။
“အကုန်အကျသက်သာမှုအရပြောရင် ဧရာဝတီစီမံကိန်းက အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်” ဟု ထို တရုတ်ပညာရှင်ကပြောသည်။
တရုတ်နိုင်ငံအတွက် ဧရာဝတီလမ်းကြောင်းသည် အကုန်အကျ သက်သာရုံသာမက တိုင်းရင်းသား ပဋိပက္ခကြောင့် လုံခြုံရေး အန္တရာယ်ကို ဖြေရှင်းပေးသည့် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပုံရသည်။ ထိုလမ်းကြောင်းသည် ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခဒေသကို ဖြတ်သန်းသည့် ကုန်းလမ်းအပေါ်မှီခိုရခြင်းကို သိသိသာသာလျှော့ချပေးသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းများကို အလွယ်တကူ ပြတ်တောက်သွားစေသည်။
သုတေသနများအရ ဧရာဝတီမြစ်၏ ၈၀ ရာခိုင်နှုန်းသည် ၁၅ မီတာထက်နက်ပြီး ရေစီးကြောင်းမှာ လွန်စွာတည်ငြိမ်သောကြောင့် ရေကြောင်းသွားလာရေးအတွက် စံချိန်တင်နီးပါး ကောင်းမွန်နေသည်ဟု သိရသည်။
“လုံခြုံရေးက အဓိက စိုးရိမ်ရတဲ့အချက်ဖြစ်တယ်။ သြဂုတ်လတုန်းက ဖြစ်ခဲ့တာတွေကို ကျနော်တို့အားလုံး သိပြီးဖြစ်တယ်။ ဒါကြောင့်ကျနော်တို့အနေနဲ့ လမ်းကြောင်းသစ်ရှာဖို့ဖြစ်လာတယ်” ဟု အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားသည်ကို ရည်ညွန်းပြီး လျုပြောသည်။
ဧရာဝတီမြစ်ကို သုံးပြီး စိုက်ပျိုးရေး ထုတ်ကုန်တွေကို တရုတ်နိုင်ငံကို တင်ပို့လို့ရတယ်။ ကုန်းလမ်းကြောင်းကြောင့်ဖြစ်ပေါ်တဲ့ မြင့်မားတဲ့လုံခြုံရေး အန္တရာယ်ကိုလည် လျှော့ချပေးနိုင်တယ်။ စိုက်ပျိုးရေးထုတ်ကုန်တွေကို မြစ်ကြောင်းကပို့နိုင်ရင် ကုန်ကျစရိတ်ကို အကြီးအကျယ်လျှော့ချပေးနိုင်တယ်” ဟုလည်း သူပြောသည်။
SSILR သည် တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီမံကိန်းဌာနဖြစ်သော အမျိုးသားတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) နှင့်အခြားအဓိကကျသော အတိုင်ပင်ခံကော်မတီများအတွက် တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ပတ်သက်ပြီး လမ်းညွှန်မှု၊ သုတေသနနှင့် သရုပ်ခွဲလေ့လာမှုများ ပြုလုပ်ပေးနေသည်။

တရုတ်-မြန်မာ ဧရာဝတီ စီးပွားရေး ရပ်ဝန်း စီမံကိန်းနှင့် ပတ်သက်ပြီး ဘေဂျင်းနှင့် ယူနန်ပြည်နယ်အစိုးရများ မည်မျှအထိ အလေးထားသည်ကို ပြသသည့် ရှင်းလင်းသည့်လက္ခဏာမှာ အထက်ပါ ပညာရှင်အဖွဲ့သည် လွန်ခဲ့သော နှစ်နှစ်အတွင်း မြန်မာနိုင်ငံတွင့်လေ့လာမှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပြီး သုံးခုမှာ ထိုစီမံကိန်းနှင့် တိုက်ရိုက် ပတ်သက်နေခြင်းပင်ဖြစ်သည်။
မြစ်လမ်းကြောင်း စီမံကိန်းသည် ဈေးအသက်သာဆုံး ဖြစ်ကြောင်း SSILR မှ ဝါရင့်သုတေသီ ချန် တျယ်ဇွယ် ပြောသည်။
“ကျနော်တို့က ကျန်းဖုန်းကနေ ဗန်းမော်ကို လမ်းဖေါက်ဖို့ စီမံကိန်းအတွက် ပြင်ဆင်ထားပြီးပြီ။ လမ်းအဆင့်မြှင့်တင်ရေး စီမံချက်က အကောင်အထည်ဖေါ်နေပြီ” ဟု သူပြောသည်။
တရုတ်မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းတွင် တရုတ်ဘာသာဖြင့်ရေးသားထားသော ကြေညာချက်များက ဧရာဝတီ စီမံကိန်းအတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားသည်။ ထိုစီမံကိန်းတွင် ဧရာဝတီမြစ်၏ ၄၁၀ ကီလိုမီတာရှည်သော အပိုင်းတွင် ရှင်းလင်းရန်လိုနေပြီး ဗန်းမော်တွင် ဆိပ်ကမ်း လေးခု တည်ဆောက်ရန်လိုကြောင်းဖေါ်ပြထားသည်။ လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းအများအပြားကို အကောင်အထည်ဖေါ်နေပြီးဖြစ်သည် တရုတ်နိုင်ငံ၏ အဆိုအရ လုံချွန်းသည် သည် တရုတ်ယွမ်ငွေ သန်း ၂၀ (ကျပ် ၄.၂ ဘီလျံ) ကို မြှုပ်နှံထားပြီးဖြစ်ကာ ဗန်းမော်သို့ဆက်သွယ်မည့် လမ်းကို အဆင့်မြှင့်တင်နေသည်ဟု သိရသည်။
နှစ်ဖက်အစည်းအဝေးများကို လူသိရှင်ကြားထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း တရုတ်ပညာရှင်အဖွဲ့များနှင့် ယူနန်ပြည်နယ်မှ အရာရှိများသည် ဧရာဝတီ စီးပွားရေး ရပ်ဝန်းကို အကောင်အထည်ဖေါ်ရန် မြန်မာအစိုးရကို တွန်းအားပေးနေကြသည်။
ယူနန်ပြည်နယ်အစိုးရသည် မြစ်ကြောင်းတလျှောက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အဆိုပြုချက်တခုကိုလွန်ခဲ့သော နှစ်နှစ်ကပင် တင်ခဲ့သော်လည်း မြန်မာနိုင်ငံက ထိုအဆိုပြုချက်ကို အတည်မပြုသေးပေ။
“ဒီစီမံကိန်းကို ဘယ်လိုဆက်လုပ်မယ်နဲ့ပတ်သက်တဲ့ အသေးစိတ် စိတ်ကူးတွေကို ကျနော်တို့တင်ပြထားပြီးပြီ။ အကြံပြုချက်တခုကတော့ ကျန်းဖုန်းနဲ့ ဗန်းမော်အကြား ရထားလမ်းတည်ဆောက်ဖို့ပဲ။ နောက်တခုက ကျန်းဖုန်း-ဗန်းမော် နယ်စပ်ကုန်သွယ်ရေးဇုန် ထူထောင်ဖို့ပဲ” ဟု လျူကပြောသည်။
တရုတ်နိုင်ငံသည် ယူနန်နှင့် အိန္ဒိယ သမုဒ္ဒရာအကြား ဧရာဝတီမြစ်မှတဆင့် ချိတ်ဆက်ရန် အဆိုပြုနေသည်မှာ ဆယ်စုနှစ် နှစ်ခုကြာပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ယူနန်ပြည်နယ်အစိုးရသည် တရုတ်နိုင်ငံမှ အင်မတန်များပြားလှသော ကုန်စည်များတင်ပို့ ရေးအတွက် ဧရာဝတီမြစ်ကို သုံးရန် အလားတူစီမံကိန်းမျိုး အဆိုပြုခဲ့ဖူးသည်။
ထိုစီမံကိန်းကို အစောပိုင်းက တရုတ်ကူမင်း-မြန်မာရန်ကုန် ဧရာဝတီ မြစ်ဆိပ်ကမ်းစီမံကိန်း သို့မဟုတ် တရုတ်-မြန်မာ ကုန်းတွင်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဟုလည်း သိကြသည်။ ယူနန်ပြည်နယ်အစိုးရက အပြင်းအထန်ထောက်ခံသော ထိုစီမံကိန်းကို ထိုစဉ်က အာဏာသိမ်း စစ်အစိုးရနှင့် တရုတ်နိုင်ငံဖက်မှ အကောင်အထည်ဖေါ်ရေးအတွက် ခဏတာမျှ ဆွေးနွေးခဲ့ပြီး နှစ်ဖက်နားလည်မှုလွဲမှားခြင်းနှင့် သဘောထားကွဲလွဲမှုများကြောင့် ဆွေးနွေးပွဲများ ၂၀၀၄ ခုနှစ်တွင် ရပ်ဆိုင်းသွားသည်။ သို့သော် ထိုသဘောတူညီချက် ပျက်စီးသွားခြင်းအကြောင်းရင်းကို နှစ်ဖက်လုံးက တရားဝင်ကြေညာခြင်း မရှိပေ။
မြစ်လမ်းကြောင်းတည်ဆောက်ခြင်းသည် တရုတ်နိုင်ငံတော်ကောင်စီ၏ အလုံးစုံ အခြေခံအဆောက်အအုံ အပြန်အလှန် ဆက်သွယ်ရေး မဟာစီမံချက်၊ ယူနန်ရေကြောင်း သယ်ယူပို့ဆောင်ရေး နှင့် ကုန်စည်ပို့ဆောင်ရေး တိုးတက်ရေး စီမံကိန်း (၂၀၁၄-၂၀၂၀) နှင့် ယူနန်ပြည်နယ် နယ်စပ်ဒေသများ လမ်းဖွင့်ပေးရေးစီမံကိန်း (၂၀၁၆-၂၀၂၀) တွင် ပါဝင်နေသည်။ ၂၀၁၅ခုနှစ်တွင် ထိုလမ်းကြောင်းသည် ၎င်းတို့စီမံချက်၏ ဦးစားပေးဖြစ်ကြောင်း တယ်ဟုန် ခရိုင် အရာရှိများက ပြောဆိုထားသလို “လုံချွန်းခရိုင်၏ ၂၀၁၉ ခုနှစ်” စီမံကိန်း အဖြစ် သတ်မှတ်ထားကြောင်း စီမံကိန်းအကောင်အထည်ဖော်ရန် စည်းရုံးရေးဆင်းကြသည်။
၂၀၁၈ ခုနှစ်ဇွန်လတွင် ယူနန်ပြည်နယ် တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (YPRDC) သည် ၁၂ ကြိမ်မြောက် ယူနန်ပြည်နယ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံသို့ ဧရာဝတီမြစ်လမ်းကြောင်း စီမံကိန်းကို ပြန်လည်စတင်ရန် တင်ပြခဲ့သည်။
လွန်ခဲ့သောနှစ်ကမူ မြန်မာ ဒုတိယသမ္မတ ဦး ဟင်နရီ ဗန်ထီးယူနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ဗီယက်နမ်တွင် ကျင်းပသည့် မဲခေါင်ဒေသခွဲနိုင်ငံများ (GMS) အစည်းအဝေး၏ သီးခြားဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့သည်။ တရုတ်အရာရှိများ၏ အဆိုအရ နှစ်နိုင်ငံတို့သည် ဧရာဝတီ စီးပွားရေးရပ်ဝန်းကို အကောင်အထည်ဖေါ်ရန် ဆွေးနွေးသည်ဟု သိရသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာအစိုးရသည် လမ်းကြောင်းပိတ်စို့မှုများ သက်သာစေရန် နှင့် စရိတ်သက်သာသော သယ်ယူပို့ဆောင်ရေးကို အားပေးရန် ရေကြောင်းလမ်းများတွင် ရင်းနှီးမြှုပ်နှံမှုအားပေးရေးကို အမျိုးသားသယ်ယူပို့ဆောင်ရေး စီမံချက်အရကြေညာသည်။

၂၀၁၄ ခုနှစ်က စတင်ခဲ့သော ထိုစီမံချက်သည် သင်္ဘောသယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်ကို လျှော့ချမည့် ရည်ရွယ်ချက်ဖြင့်ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုအများအပြား၊ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် သယ်ယူပို့ဆောင်ရေး စွမ်းရည်ကို မြှင့်တင်ပေးမည့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ စုစုပေါင်းအမျိုးသားထုတ်လုပ်မှု၏ ၁-၁.၅ ရာခိုင်နှုန်းမှ ၃-၄ ရာခိုင်နှုုန်း အထိမြှင့်တင်ပေးမည့် ပြုပြင်ပြောင်းလဲမှုများ ပါဝင်သည်။ ထိုသို့လုပ်ဆောင်လျှင် မြန်မာနိုင်ငံသည် ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများနှင့် အကြမ်းအားဖြင့် တန်းတူဖြစ်လာမည်ဖြစ်သည်။ ထိုနှစ်အတွင်းမှာပင် အစိုးရသည် မြစ်ဆိပ်ကမ်း ခြောက်ခုကို အဆင့်မြှင့်တင်ရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းခဲ့ပြီး ဆိပ်ကမ်း လေးခု မှာ ဧရာဝတီမြစ်မှဖြစ်ကာ နှစ်ခုမှာ ချင်းတွင်းမြစ်မှဖြစ်သည်။
ထိုဆိပ်ကမ်းများမှာ ဧရာဝတီမြစ်မှ စဉ့်ကိုင်၊ မန္တလေး၊ ပခုက္ကူနှင့် မကွေးတို့ဖြစ်ပြီး ချင်းတွင်းမြစ်မှ ကလေးဝနှင့် မုံရွာဆိပ်ကမ်းတို့ဖြစ်သည်။ မန္တလေးဆိပ်ကမ်းကို လတ်တလောတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အဆင့်မြှင့်တင်နေသည်။
၂၀၁၉ ခုနှစ်ဇန်နဝါရီလတွင်ကျင်းပသည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင်မူ ဗန်းမော်၊ ပခုက္ကူ၊ မကွေး၊ ကလေးဝနှင့် မုံရွာဆိပ်ကမ်းများ အဆင့်မြှင့်တင်ရေးကို ဦးစားပေးစာရင်းတွင် ထည့်သွင်းခဲ့သည်။
ဆိပ်ကမ်းစီမံကိန်းများသည် တိုးတက်မှုကို မြှင့်တင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးကာ ကုန်စည်နှင့်လူစီးဆင်းမှုကို သက်သာစေမည်ဖြစ်သည်ဟု သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်ကပြောခဲ့သည်။
ဗန်းမော်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက ၎င်းသည် လွန်ခဲ့သော နှစ်နှစ်အတွင်း တရုတ်အစိုးရအရာရှိနှင့် ပညာရှင်အဖွဲ့ကိုယ်စားလှယ်အများအပြားနှင့်တွေ့ဆုံခဲ့ကြောင်းပြောသည်။
“ကျနော်တို့ ကုန်သွယ်ရေးက တရုတ်နိုင်ငံကို အဓိကမှီခိုနေရတာ။ မမျှတတဲ့ကုန်သွယ်မှု ဆက်ဆံရေးကြောင့် ကျနော်တို့ ထိခိုက်နစ်နာနေတယ်။ သူတို့က နယ်စပ်ကုန်သွယ်ရေးမူဝါဒကို ခဏခဏပြောင်းတယ်” ဟု ဦးဇော်သင်းပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်ပို့မှုကို တင်းကျပ်စွာ ကန့်သတ်ထားသည်။ ပြောင်း၊ နာနတ်သီးနှင့် အခြားကုန်စည်များကို ပိတ်ဆို့ထားသည်မှာ မေလမှပင်ဖြစ်ပြီး စိုက်ပျိုးရေးသမားများ အကြီးအကျယ် ဆုံးရှုံးနေသည်။
“မျှတတဲ့ကုန်သွယ်ရေး စနစ်မရှိရင် ဧရာဝတီ စီမံကိန်းကလည်း တရုတ်နိုင်ငံကိုပဲ အကျိုးပြုမှာ။ ဒီစီမံကိန်းမစခင် အစိုးရနှစ်ရပ်လုံးအနေနဲ့ မျှတတဲ့ ကုန်သွယ်ရေးစနစ်အကြောင်း ဆွေးနွေးသင့်တယ်” ဟု သူပြောသည်။
ကချင်ပြည်နယ်အစိုးရသည် တရုတ်နိုင်ငံမှ ဟုန်ရှင်းကျားဖန်း ကုမ္ပဏီကို ဗန်းမော်မှ လွယ်ဂျယ်အထိ ကားလမ်းအဆင့်မြှင့်တင်ခွင့်ကို နှစ် ၃၀ ပေးခဲ့ကြောင်း ဦး ဇော်သင်းပြောသည်။
“ဘယ်သူက ဧရာဝတီ စီမံကိန်းကို အကောင်အထည်ဖေါ်မယ်ဆိုတာကို ကျနော်တို့ သဘောမတူရသေးဘူး။ ဘယ်သူပဲအကောင်အထည်ဖေါ်ဖေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ လုပ်ထိုးလုပ်နည်းကို လိုက်နာရမယ်” ဟုလည်း သူပြောသည်။
မြစ်တွင်းလမ်းကြောင်းဖေါ်ခြင်းနှင့် ထိုစီမံကိန်း၏ စီးပွားရေးအလားအလာများနှင့် ပတ်သက်ပြီး မကြာသေးမီက နယ်သာလန် နိုင်ငံအခြေစိုက် အကူးအပြောင်းကာလလေ့လာရေးဌာနTransitional Institute ကသတိပေးခဲ့သည်။
တရုတ်နိုင်ငံ၏ စံ မြစ်ကြောင်း ခွဲခြားသတ်မှတ်မှုအရ အမြင့်ဆုံး အဆင့် ၁ တွင် အကြီးမားဆုံးသင်္ဘောများသည် မြစ်ကြောင်းတလျှောက် ရေဆူး အနည်းဆုံး ၃.၅ မှ ၄ မီတာအထိ လိုသည်။ ထိုစနစ်ကို မြန်မာနိုင်ငံတွင်ကျင့်သုံးပါက ပြဿနာများစွာရှိကြောင်း ထိုအဖွဲ့အစည်းက ဆိုသည်။
ဗန်းမော်နှင့် မန္တလေးအကြား မြစ်ကြောင်းဖေါ်ခြင်းကို ကုန်ကျစရိတ်အရ အာရှဖွံဖြိုးရေးဘဏ် ၏၂၀၁၆ ခုနှစ် မူဝါဒ စာတမ်းက သဘောမတူပေ။ မန္တလေးတောင်ပိုင်းတွင် လမ်းကြောင်းဖေါ်ခြင်းကို အနက် ၁.၅ မီတာအထိသာ ဘဏ်က ထောက်ခံသည်။ ထိုသို့ဆိုလျှင် တရုတ်နိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်းမရှိတော့ပေ။

ဧရာဝတီမြစ်သည် နှုန်းများဖြင့် ပိတ်ဆို့နေကြောင်း ရာသီဥတုပြောင်းလဲမှုနှင့် သစ်တော ပြုန်းတီးမှုများကြောင့် မြစ်၏ စီးဆင်းမှုသည်နည်းလာကြောင်း မြန်မာနိုင်ငံမှ ဧရာဝတီ အဖွဲ့ကပြောသည်။ မြစ်အတွင်းမှ ကျောက်များကို ဖယ်ထုတ်ခြင်းသည် ရေတိုက်စားမှုဖြစ်ပြီး ရေသည် စက်ရုံစွန့်ပစ်ရေများကြောင့် ညစ်ညမ်းနေကြောင်း သိရသည်။
မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးတိုးတက်အောင်ပြုလုပ်ခြင်းသည် စီးပွားရေးကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်သော်လည်း ဒေသခံများကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ ရေတိုက်စားမှု၊ နှုန်းပို့ချခြင်းနှင့် ညစ်ညမ်းမှုဖြစ်ကာ သန့်ရှင်းသောရေ ဖြန့်ချိမှုကို ထိခိုက်မှု ဖြစ်နိုင်ကြောင်း ဧရာဝတီ အစီအစဉ် ညှိနှိုင်းရေးမှူး ဟင်နရီ ဒမ် ခေါ လင်းပြောသည်။
“ ဒီစီမံကိန်းအကြောင်း လူတွေကို ကောင်းကောင်း အသိပေးသင့်တယ်။ တည်ဆောက်အကောင်အထည်ဖေါ်သူတွေဟာ လူထုရဲ့ အသံကို နားထောင်ရမယ်။ ဒေသခံတွေ ထိခိုက်မှုအနည်းဖြစ်မယ့် နည်းလမ်းတွေကိုလည်း သူတို့ရွေးချယ်သင့်တယ်” ဟု သူပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏အဆိုအရ တရုတ်နိုင်ငံသည် ဧရာဝတီ စီးပွားရေးရပ်ဝန်းအတွက် တရားဝင် အဆိုပြုချက်ကို အစိုးရထံတင်သွင်းခြင်းမရှိသေးကြောင်း သိရသည်။
ထိုစီမံကိန်းသည် ၂၀၁၉ ခုနှစ် ဧပြီလက အတည်ပြုခဲ့သည် CMEC စီမံကိန်းများတွင်လည်း ပါဝင်ခြင်း မရှိပေ။
“အခုအချိန်အထိတော့ တရုတ်က စီမံကိန်းသစ် အဆိုပြုတာမရှိသေးဘူး။ အခုလောလောဆယ်က နှစ်ဖက်သဘောတူပြီးသားတွေအတွက် အသေးစိတ်တွေကိုပဲ ဆွေးနွေးနေကြတာ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဧရာဝတီသို့ပြောသည်။
“အဆိုပြုချက်ကို မတွေ့ရသေးတော့ အတည်ပြုမယ်၊ မပြုဘူးလည်း ကျနော်တို့ မပြောနိုင်ဘူး။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ ကျနော်တို့လိုချင်တာနဲ့ သူတို့လုပ်ချင်တာကြား ချိန်ဆချက်အပေါ်မှာ မူတည်မှာပါ” ဟု သူပြောသည်။
တရုတ်နိုင်ငံဖက်ကမူ ယူနန်ပြည်နယ်တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်သည် ထိုစီမံကိန်းကို ပိုးလမ်းစီမံကိန်းရန်ပုံငွေတွင် ထည့်သွင်းရန်နှင့် အာရှ အခြေခံအဆောက်အအုံဖွံဖြိုးရေး ဘဏ်က ငွေကြေးထောက်ပံ့မှုရရန် ကြိုးစားနေသည်။
ယခုနှစ်အစောပိုင်းတွင နေပြည်တော်တွင် အစိုးရနှင့် ဆွေးနွေးပွဲများကျင်းပရန် SSILR ကမျှော်လင့်ထားသည်။
“ ဒီကိစ္စအတွက် ကျနော်တို့ ပိုမို ဆွေးနွေးရမယ်။ စီမံကိန်းရှေ့ဆက်ဖို့ သူတို့ကိုကျနော်တို့ အားပေးရမယ်” ဟု လျူကပြောသည်။
( Nan Lwin ၏ China Quietly Pushing Myanmar to Back its Development Plan for Irrawaddy River ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ
မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း
အစိုးရ၏ ဝင်ငွေရင်းမြစ်နှင့် အသုံးစရိတ်ကို ခြေရာခံခြင်း