“ကျမတို့ အမျိုးသမီးတွေဟာ မျက်ရည်အိုင်ထဲကနေ WLB ကို တည်ဆောက်လာခဲ့ကြတာ ဖြစ်တယ်”လို့ ဖွင့်ဟ ဆို လာသူက ဒေါ်စောမြရာဇာလင်းပါ။
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB စတင် တည်ထောင်စဉ်က ပါဝင်ခဲ့ပြီး ရခိုင် တိုင်းရင်းသူ တဦးလည်း ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေ အကြောင်း ပြန် ပြောပြနေတာပါ။
“ငြင်းကြတယ်။ ခုံကြတယ်။ ဆွေးနွေးကြတယ်။ အိမ်သာထဲမှာ ပုန်းငိုကြတယ်။ အပြင်မှာ ကျမတို့ မငိုကြဘူး။ ဒီမြင် ကွင်းကို မြင်လာပြီဆိုရင် ဝမ်းနည်းတယ်” လို့ သူက ရစ်ဝဲလာတဲ့ မျက်ရည်စတွေကို ထိန်းရင်း အဖြစ်ပျက်တွေကို ဆက်လက် ပြောပြပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြို့စွန်တနေရာမှာ ၁၉၉၈ ဒီဇင်ဘာ ၇ ရက်ကနေ ၈ ရက်အထိ နယ်စပ်တလျှောက် အခြေစိုက်တဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ စတင်ဆုံစည်းခဲ့မှုက WLB ဖြစ်ပေါ်လာဖို့ အရေးပါတဲ့ တွေ့ဆုံပွဲတခု ဖြစ်ခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံကြတဲ့အခါ အဖွဲ့အစည်း အသီးသီးက တဦးချင်းစီရဲ့ တင်ပြမှုတွေ၊ ဆွေးနွေးချက်တွေကို အပြန်အလှန် သိရှိခွင့်ရခဲ့သလို တဖက်မှာလည်း တဦးနဲ့တဦး မယုံကြည်မှု၊ မလုံခြုံမှုနဲ့ စိတ်ပျက်မှုတွေကလည်း ဒွန်တွဲလို့ နေပါတယ်။
တက်ရောက်လာတဲ့ အမျိုးသမီးတွေရဲ့ နောက်ခံသမိုင်းကြောင်း၊ ဘဝဖြတ်သန်းမှု၊ ပညာရေးအဆင့်နဲ့ စိတ်ဝင်စားမှုတွေ မတူညီတာမို့ ဘုံသဘောတူညီချက် တခုရဖို့ အခက်အခဲများစွာ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ပြည်တွင်းစစ် ဒေသတွေနဲ့ မြို့ပြဒေသ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ပါဝင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ မတူညီတဲ့ ဖြတ်သန်းမှုတွေက တော်လှန်ရေး နယ်မြေရှိ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၊ အရေးတော်ပုံ နောက်ပိုင်း တောထဲရောက်သွားတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေကြား ကွာဟမှု ဖြစ်စေခဲ့တာပါ။
“အဲဒီလို အနေအထားတခုမှာ ပထမဆုံးအကြိမ် အမျိုးသမီးတွေ စုဆုံတွေ့လိုက်ရတော့ တိုင်းရင်းသူ အမျိုးသမီးတွေ တကယ့် ပြင်းပြင်းထန်ထန် ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးကြ အတိုက်အခံတွေဖြစ်ကြ ငြင်းကြခုန်ကြ မျက်ရည်တွေကျ ကြနဲ့ နောက်ဆုံးမှ နားလည် လက်ခံပေးရတဲ့ ပကတိ အခြေအနေတွေပဲ ဖြစ်တယ်” လို့ WLB ဖြစ်လာဖို့ အစပျိုးစဉ်က တည်းက ပါဝင်ခဲ့တဲ့ ကရင်နီ တိုင်းရင်းသူ တဦး ဖြစ်တဲ့ မိဆူးပွင့်ကလည်း ပြောပါတယ်။
အဲဒီလို အခြေအနေတွေကနေ တဦးရဲ့အခက်အခဲကို တဦးပြောပြရင်း၊ နားထောင်ရင်းက သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေး တပ်ပေါင်းစုတွေရဲ့ အသိအမှတ်ပြုမှုက အားနည်း လွန်းလှသလို ကမ္ဘာက သိဖို့ဆိုရင်တော့ ဝေးစွ အခြေအနေ ဖြစ်နေတာကို နားလည် သဘောပေါက်လာကြ ပါတယ်။
ဒီတော့ အမျိုးသမီး အဖွဲ့အစည်း တခုတည်းအနေနဲ့ ဆိုရင် အားရှိမှာမဟုတ်၊ အမျိုးသမီးတွေ စုပေါင်းပြီး အသံတခု တည်း ထွက်လာဖို့ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်မှသာ ရတော့မယ်လို့ သိရှိလာတဲ့နောက်မှာတော့ WLB ဖွဲ့စည်း နိုင်ရေး ကြိုးပမ်းခဲ့ကြပါတော့တယ်။
အဖွဲ့နာမည် ရွေးတာကစလို့ ပါဝင်မယ့် အဖွဲ့အစည်းတွေရဲ့ စံနှုန်း သတ်မှတ်ချက်တွေအဆုံး အကျေအလည် ငြင်းခုန် ခဲ့ပြီးနောက်မှာတော့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေ မှာရှိတဲ့ အမျိုးသမီး အဖွဲ့အစည်း ၁၂ ဖွဲ့နဲ့ ၁၉၉၉ ဒီဇင်ဘာ ၉ ရက်မှာ WLB ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
“အမျိုးသမီးတွေကတော့ ညီညွတ်ရေးကို လိုတယ်ဆိုပြီးမှ အတတ်နိုင်ဆုံး ငါတို့ကတော့ ဒီနေ့ကတော့ မဖြစ်ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ သံန္နိဋ္ဌာန်ကို ရလိုက်တာဟာ ကျမတို့အတွက် အင်မတန်မှ မေ့လို့မရတဲ့ အမှတ်တရကြီး ဖြစ်ပါ တယ်” လို့ ဒေါ်စောမြရာဇာလင်းက ကျေနပ်ပီတိဖြစ်စွာ ပြောဆိုပါတယ်။
၂၀၁၉ ဒီဇင်ဘာ ၁၉ မှာတော့ WLB ရဲ့ သက်တမ်း နှစ် ၂၀ ပြည့်သွားပါပြီ။ အခုအချိန်မှာ WLB ဟာ အဖွဲ့ဝင် အဖွဲ့အ စည်းပေါင်း ၁၃ ဖွဲ့နဲ့ ရှင်သန်ရပ်တည်နေသလို လူ့အခွင့်အရေး၊ အမျိုးသမီးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့အစည်း တချို့နဲ့လည်း မိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပါတယ်။
WLB ဖြတ်သန်းခဲ့တဲ့ နှစ် ၂၀ ကာလအတွင်းမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပေမယ့် အခုအချိန် ထိ အဖွဲ့ဝင် အဖွဲ့အစည်းတွေကြား ပူးပေါင်း ဆောင်ရွက်နိုင်မှုနဲ့ အဖွဲ့ချုပ်ကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက် ထားနိုင်မှု က WLB ရဲ့ အောင်မြင်မှု အသီးအပွင့် တခုအဖြစ် အဖွဲ့ဝင်အားလုံးက ယုံကြည်ထားတယ်လို့ ဆိုပါတယ်။
“လူမျိုး တမျိုးနဲ့တမျိုးကြားမှာ နိုင်ငံရေး အခြေအနေတွေ မတူညီတဲ့ဟာတွေကို နားလည်မှု သိပ်မရှိကြတဲ့ အခြေအနေ ကနေ နားလည်မှုတွေ တည်ဆောက်လာနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတနိုင်ငံ ဖြစ်ဖို့ အတွက် ဆိုတဲ့ သံန္နိဋ္ဌာန်တွေနဲ့ တနှစ်ပြီးတနှစ် အခု နှစ် ၂၀ ထိကို ပိုပြီးတော့မှ ကျစ်လျစ်ခိုင်မာလာတယ်”လို့ WLB စဖွဲ့ကတည်းက ပါဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသူ နန်းဆိုင်နောင့်က ဆိုပါတယ်။
ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို လိုက်နာကာ ၂ နှစ်တကြိမ် ညီလာခံကျင်းပပြီး ရွေးကောက်ပွဲကနေတဆင့် အတွင်းရေး မှူး အဖွဲ့ဝင်တွေကို ရွေးချယ်တာဝန် ပေးအပ်ခဲ့ရာမှာ အခုဆိုရင် မျိုးဆက် ၄ ဆက်ခန့် ရှိပြီလို့လည်း သူက ဂုဏ်ယူစွာ ပြောပြပါတယ်။
အဲဒီ အောင်မြင်မှုကို WLB ရဲ့ မိတ်ဖက်အဖွဲ့အစည်း တခုဖြစ်တဲ့ အခရာ အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ထားထားက လည်း ထောက်ခံ မှတ်ချက်ပြုပါတယ်။
“WLB လို လုပ်နိုင်ဖို့ မလွယ်ဘူး။ တော်တော်ခက်တယ်။ နည်းပညာရော လေ့လာမှုရော စွမ်းရည်ရော။ အထူးသဖြင့် Member (အဖွဲ့) တွေနဲ့ ဖွဲ့စည်းထားတဲ့ အတွက် Power (လုပ်ပိုင်ခွင့်) ကို ခွဲဝေသုံးစွဲတဲ့ နေရာမှာ စနစ်ကို သေသေ ချာချာလေး တည်ထောင်ထားတာ” လို့ သူက ဆိုပါတယ်။
အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လမ်းပြ စီနီယာဖြစ်တဲ့ WLB ဟာ နှစ် ၂၀ ကနေ နှစ် ၁၀၀ တိုင် အခုထက် ပိုလို့စွမ်းဆောင်နိုင်မယ်၊ အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ ရှေ့ဆောင်လမ်းပြ အဖြစ်လည်း ဆက်လက် တည်ရှိ နေဦးမယ်လို့လည်း သူက ယုံကြည်ထားပါတယ်။
ဒီလို မတူညီတဲ့ မျိုးဆက်သစ်တွေ၊ တိုင်းရင်းသားလူမျိုးတွေနဲ့ ဘဝဖြတ်သန်းမှု မတူညီတဲ့ အမျိုးသမီးတွေကို နှစ်ပေါင်း ၂၀ ထိ လက်တွဲခေါ်ယူနိုင်ခဲ့ပြီး စုစုစည်းစည်းစည်းနဲ့ ရှင်သန်နေနိုင်သေးသလို ဆက်သွားဖို့လည်း အားမာန်တွေ ရှိသေး တယ်လို့ မိဆူးပွင့်က ပြောပြပါတယ်။
“တဖွဲ့နဲ့တဖွဲ့ အမြင်တွေမတူပေမယ့် မတူတဲ့ဟာကို လေးစားခြင်းအားဖြင့် အချင်းချင်း ယုံကြည်မှုတွေ ချစ်ခင်မှုတွေ ပိုပြီး တည်ဆောက်နိုင်ခဲ့လို့ ယနေ့အထိ ကျမတို့ဆက်ပြီးတော့ ရှင်သန်နေနိုင်တယ်လို့ပဲ မြင်ပါတယ်” လို့လည်း သူက ဆိုပါ တယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အခက်အခဲများစွာ တွေ့နေရပေမယ့် တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တွေ့ဆုံ ဆွေးနွေးရေး လမ်းနဲ့ပဲ ငြိမ်းချမ်းရေးကို ဆက်လျှောက်မယ်လို့ ဆုံးဖြတ်ထားတာ တွေ့ရပါတယ်။
ဒီလို တွေ့ဆုံဆွေးနွေးရေး လမ်းစပေါ်လာတာဟာ တိုင်းရင်းသား နယ်မြေတွေမှာ ဘာတွေဖြစ်နေလဲ၊ စစ်ပွဲတွေကြောင့် ဘယ်လို ဒုက္ခတွေ ခံခဲ့ရလဲဆိုတာကို ဖော်ထုတ်ခဲ့ပြီး မြန်မာ ပြည်သူလူထုသာမက နိုင်ငံတကာကပါ သိလာအောင် WLB က ပါဝင်စည်းရုံး လှုံ့ဆော်ခဲ့တဲ့၊ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အင်အားတွေ ပါဝင်တယ်လို့ မိဆူးပွင့်က ယုံကြည်ထားပါတယ်။
ဒါကြောင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ သေချာ မလုပ်ဆောင်နိုင်သေးပေမယ့်လည်း တွေ့ဆုံ ဆွေးနွေးပွဲ တံခါးကို ဆက်ပြီးတွန်းသွားနိုင်မယ်ဆိုရင် WLB ရဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှု အခန်းကဏ္ဍ ပိုမို မြင့်တက်လာမယ်လို့လည်း သူက ရှင်းပြတယ်။
WLB ဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် သံတမန်ရေး လုပ်ငန်းတွေကို အများဆုံး ဆောင်ရွက်နိုင်တဲ့ အဖွဲ့အ စည်းဆိုရင်လည်း မမှားပါဘူးလို့ စောမြရာဇာလင်းက ပြောပါတယ်။
ဒါပေမယ့် WLB ရဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ ဆို ရင်တော့ လက်ရှိနိုင်ငံရေး အခြေအနေအရ မရောက်သေးဘူး။ ဒီအတွက် အောင်မြင်မှု ရရှိပြီလို့လည်း မပြောနိုင် သေးဘူးလို့ အဖွဲ့ဝင်တွေ အားလုံးက တညီတညွတ်တည်း လက်ခံထားတယ်လို့လည်း ဆိုပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုလည်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ပီပီပြင်ပြင်ဖြစ်လာအောင် စစ်စစ်မှန်မှန်ဖြစ်အောင် ဝိုင်းလုပ်ဖို့ လိုနေသေးသလို ရှေ့ဆက်သွားမယ့် အနာဂတ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ WLB ပိုမိုပါဝင်လာနိုင်မယ့် အခြေအနေ အခွင့် အလမ်းတွေ ရရှိနိုင်အောင် ကြိုးစား ရုန်းကန်နေတယ်လို့ မိဆူးပွင့်က ပြောပါတယ်။
အမျိုးသမီးတွေအပေါ် တဖက်သတ် ခွဲခြားဆက်ဆံမှု အပိုင်းမှာဆိုရင် အခြေခံကစ အဖွဲ့ဝင်အဖွဲ့အစည်း တဖွဲ့ချင်းကနေ ပညာပေးမှုတွေ စည်းရုံးလှုံ့ဆော်မှုတွေ ဆက်ပြီး လုပ်နေနိုင်တဲ့ အခြေအနေ အခွင့်အလမ်းတခုကိုတော့ ရောက်လာပြီ လို့ သူက ဆိုပါတယ်။
အမျိုးသမီးတွေဟာ နှစ်ပေါင်းများစွာ နောက်ကောက်ကျန်ခဲ့ရ၊ ခွဲခြားခံရ၊ ဖိနှိပ်ခံရတဲ့အခါမှာ အမျိုးသားတွေနဲ့ ရင်ပေါင် တန်းနိုင်ဖို့ ချက်ချင်းမဖြစ်နိုင်ဘူးလို့ WLB တွဲဖက် အထွေထွေ အတွင်းရေးမှူး(၂) လွေးပိုးငယ်က ပြောပါတယ်။
ဒီအတွက် စွမ်းရည်မြှင့်တင်မှုတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့ WLB ဟာ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင် လာရေးအတွက် စွမ်းရည်မြှင့်တင်မှု ဆိုင်ရာ သင်တန်းတွေ လုပ်ပေးသလို တဖက်မှာလည်း အသိပညာပေး ဟောပြော ပွဲတွေ ဆောင်ရွက်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
နှစ် ၂၀ အတွင်းမှာ WLB ဟာ နိုင်ငံရေးစွမ်းရည် မြှင့်တင်ရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး လုပ် ငန်းစဉ်နဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး လုပ်ငန်းစဉ် ၃ ခုနဲ့ ရပ်တည် ဆောင်ရွက်ခဲ့တယ်လို့ လည်း ပလောင်တိုင်းရင်းသူလည်း ဖြစ်တဲ့ လွေးပိုးငယ်က ဆိုပါတယ်။
WLB ဟာ မြန်မာအစိုးရ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှု အားလုံး ဖျက် သိမ်းရေး သဘောတူစာချုပ် (CEDAW) စင်ပြိုင် အစီရင်ခံစာ ပထမဆုံး ရေးခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့ မှတ်တမ်းတင်ထားတဲ့၊ မြန်မာနိုင်ငံရှိ အမျိုးသမီးတွေ ရဲ့ လိုအပ်ချက်နဲ့ တန်းတူမှု မရှိခြင်းတွေအပေါ် သုံးသပ်ထားတဲ့ အစီရင်ခံစာပေါင်း များစွာကိုလည်း ထုတ်ဝေကာ နိုင်ငံတကာအဆင့်ထိ သိရှိစေဖို့ WLB ဟာ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့ ကိုတာစနစ်ကို စတင် အသံထုတ်ခဲ့တဲ့ WLB ရဲ့ ဆောင်ရွက်ချက်ဟာ အခုဆို NCA အရ ရေးဆွဲထားတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ ထည့်သွင်းရေးဆွဲလာပြီ ဖြစ်ပါတယ်။
ဒါတွေဟာ နှစ် ၂၀ အတွင်း ဆောင်ရွက်ခဲ့တဲ့ WLB ရဲ့ သမိုင်းမှတ်တိုင်တွေလို့ ဆိုနိုင်ပါတယ်။
WLB အဖွဲ့ဝင်တွေဟာ ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေသမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေဖြစ်လို့ ထိုဒေသတွင်း က အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်မှန်သမျှကို ဘယ်သူကပဲ ကျူးလွန်ကျူးလွန် မှတ်တမ်းတင်ထားပြီး ငြိမ်းချမ်းရေး မစ်ရှင်လို အဖွဲ့တွေကို အကြောင်းကြားကာ အရေးယူပေးဖို့ တိုက်တွန်းပြောဆိုတာတွေ ရှိပါတယ်။
အဓိကအားဖြင့် တပ်မတော်က ကျူးလွန်တဲ့ ပြစ်မှုတွေဟာ ဒီနေ့အချိန်ထိ အမှန်တရား ပေါ်ပေါက်တဲ့အမှု မရှိသေးဘဲ ကင်းလွတ်ခွင့် ရနေသေးကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေမှာတော့ အရေးယူဆောင်ရွက် ပေးတာမျိုးတွေ ရှိတယ်လို့ လွေးပိုးငယ်က ပြောပြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်ပေးထားတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက် လို့ သူက “ရေငုံ နှုတ်ပိတ်တယ်လို့တော့ မထင်ဘူး။ ကျမတို့က ဘယ်သူ့ကိုမှလည်း ကာကွယ်ပြောဆိုစရာ မလိုဘူး” လို့ ချေပ ပြောဆိုပါတယ်။
တခြားအဖွဲ့တွေက WLB ဆိုရင် သဘောထား တင်းမာတယ်၊ တချို့ကျတော့လည်း အနုတ်လက္ခဏာ ဆန်တယ်လို့ ထင်ကြတာမျိုးတွေ ရှိသလို WLB ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အားပေးတဲ့အဖွဲ့ ဖြစ်တယ်လို့ အမြင် မှားတာမျိုးတွေ ရှိတယ်လို့လည်း လွေးပိုးငယ်က ပြောပါတယ်။
“ကျမတို့က ဘယ်သူ့ကိုမှ အားပေးအားမြှောက် လုပ်တာတော့ မဟုတ်ဘူး။ အမှန်တရားကိုပဲ တန်ဖိုးထားပြီး အမျိုး သမီးထု အတွက် ရပ်တည်ပြီးတော့မှ လုပ်တာဖြစ်တယ်” လို့ သူက ပြောဆိုပါတယ်။
WLB ဟာ အားပေးမှုတွေ၊ ထောက်ခံမှုတွေ၊ ဝေဖန်မှုတွေ၊ ပြစ်တင်မှုတွေနဲ့အတူ သူ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတကာ ဆုတံဆိပ်တွေလည်း ရရှိခဲ့ပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေ ရရှိစေရေး ကြီးမားတဲ့ အားထုတ်မှု (သို့) တခါတရံ အန္တရာယ် ကြုံတွေ့နိုင်တဲ့ အခြေအနေတခုမှာ စွမ်းဆောင်ကူညီပေးတဲ့ အဖွဲ့တွေကို အပ်နှင်းတဲ့ ဆုတခုဖြစ်တဲ့ Peter Gruber Foundation အဖွဲ့ရဲ့ အမျိုးသမီး အခွင့်အရေးဆုကို ရှမ်း အမျိုးသမီး ရေးရာ အဖွဲ့ Shan Women’s Action Network (SWAN) နဲ့အတူ တွဲဖက်ပြီး ၂၀၀၅ မှာ ချီးမြှင့် ခံခဲ့ရပါတယ်။
၂၀၀၈ မှာတော့ အမေရိကန် အခြေစိုက် အဖွဲ့အစည်းတွေဖြစ်တဲ့ National Democratic Institute က ပေးအပ်တဲ့ အောလ်ဗရိုက်ဆု (Madeleine K. Albright Award) နဲ့ International Republican Institutes အဖွဲ့ရဲ့ အမျိုးသမီး ဒီမိုကရေစီ ကွန်ရက်က ပေးအပ်တဲ့ Jeanne J. Kirkpatrick ဆုရှင် ၃ ဦးအနက် တဦးအဖြစ် ဆုတွေ ရရှိခဲ့ပါတယ်။
၂၀၁၉ WLB နှစ် ၂၀ ပြည့် မွေးနေ့မှာတော့ နယ်သာလန်နိုင်ငံ သံရုံးက ချီးမြှင့်တဲ့ လူ့အခွင့်အရေး ကျူလစ်မြန်မာ (Human Rights Tulip Myanmar 2019) ဆုကို ပေးအပ် ချီးမြှင့်ခံခဲ့ရပါတယ်။
ဒီဆုတံဆိပ်တွေဟာ WLB ရဲ့ အောင်မြင်မှု ဆိုတာထက် အသိအမှတ်ပြုမှုအဖြစ် ခံယူထားပြီး ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေ အတွက် အားဖြစ်စေတယ်လို့ ဆိုပါတယ်။
လွေးပိုးငယ်က “ကျမတို့ကို အသိအမှတ်ပြုတယ်။ ဒီလို အလုပ်တွေ ဆက်လုပ်နိုင်ဖို့ အမျိုးသမီးထုအတွက် အလုပ်လုပ် နိုင်ဖို့ ခွန်အားတခု ဖြစ်စေတယ်။ အသိအမှတ်ပြုပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ တကယ် အောက်ခြေမှာ လုပ်နေတဲ့ အမျိုးသမီးတွေ အတွက် အားတခုဖြစ်စေတယ်” လို့ ပြောပါတယ်။
အခုဆိုရင် WLB ရုံးချုပ်ဟာ ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့တာ ၃ နှစ်နီးပါး ရှိပါပြီ။ ပြည်တွင်းကို ပြောင်းရွှေ့လာတဲ့အခါ မတူညီတဲ့ အခက်အခဲမျိုးစုံကို အခုအချိန်ထိ ရင်ဆိုင်နေရတုန်း ဆိုပေမယ့် ပြည်တွင်းက တခြားသော အင်အားစုတွေနဲ့ ဆက်စပ်ပြီး လုပ်ကိုင်လာနိုင်တာမို့ အားသာချက်တွေလည်း ရှိနေပါတယ်။
ဒီအခြေအနေတွေကို အသုံးချပြီး ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုတွေ ပိုပြီးပေါ်လာအောင် လုပ်ဆောင် သွားဖို့တော့ လိုအပ်နေသေးတယ်လို့ မိဆူးပွင့်က ဆိုပါတယ်။
အခုအချိန်မှာ အမျိုးသမီး အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့များစွာ ရှိပေမယ့် ဒါတွေ အားလုံးကို စုစည်းပြီး အရွေ့တခုကို တိုက်တွန်းနိုင်မယ့် အမျိုးသမီး လှုပ်ရှားမှုကြီး (Women movement) ဖြစ်ပေါ်လာစေချင်တဲ့ ဆန္ဒရှိတယ် လို့ WLB ဖြစ်ပေါ်လာဖို့ ကြိုးပမ်းသူတွေထဲက တဦးဖြစ်တဲ့ နန်းယဉ်က ဖွင့်ဟ ပြောဆိုပါတယ်။
ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ် ၂၀ ဒီလို အချိန်တုန်းက ဘာမှမရှိသေးတဲ့ ကွင်းပြင် ကိုင်းတောကြီး လမ်းကြမ်းကြီးရဲ့ ခြုံ နွယ် ပိတ်ပေါင်းတွေကို စတင် ခုတ်ထွင် ရှင်းလင်းခဲ့ရာကနေ ချောမွေ့တဲ့ လမ်းတခုဖြစ်အောင်ထိ မဆောင်ရွက်နိုင်သေး ပေမယ့်လည်း အခုဆို လမ်းကြောင်းလေး ပေါ်အောင်တော့ ဖောက်လုပ်နိုင်ခဲ့ပြီမို့ သူ့အနေနဲ့ ကျေနပ် ပီတိဖြစ်ရတယ် လို့ လည်း ရှမ်းတိုင်းရင်သူ ဖြစ်တဲ့ နန်းယဉ်က ဆိုပါတယ်။
လက်ရှိမှာ မျိုးဆက်သစ်တွေကလည်း အဲဒီလမ်းကို ပိုမိုချောမွေ့အောင် ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်ပေမယ့် ချောမွေ့ ဦးမှာတော့ မဟုတ်သေးပါဘူး။ ခရီးလမ်းကလည်း ရှည်သလို သွားရတဲ့လမ်းမှာလည်းပဲ ချောက်ကမ်းပါးကြီးတွေကို ထိုးရမယ့် တံတားတွေ၊ လမ်းတွေချဲ့ဖို့ ကျောက်ဆိုင် ကျောက်သားကြီးတွေကို ဖြိုရမှာတွေလည်း ဖြစ်ပေါ် လာနိုင်ပါ သေးတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် နောက်မတွန့်ဘဲ ဇွဲရှိရှိနဲ့ သွားကြဖို့ ခွန်အားပေးချင်ပါတယ်။ ကြာနိုင်တယ်။ ဒါပေမယ့် တနေ့မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ” လို့ သူက မျိုးဆက်သစ်တွေကို သတင်းစကား ပါးလိုက်ပါတယ်။
WLB ရဲ့ အဖွဲ့ဝင်တွေမှာ အခက်အခဲတွေ ကိုယ်စီရှိကြပေမယ့်လည်း ပန်းတိုင်ရောက်အောင် သွားရဦးမှာမို့ မတူ ကွဲပြား မှုတွေကနေ ညီညွတ်ခြင်း အားအင်တွေယူကာ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ ခိုင်ခိုင်မာမာ သံန္နိဋ္ဌာန် ချထား ကြောင်း နှစ် ၂၀ ပြည့် မွေးနေ့က သက်သေထူ မီးမောင်း ထိုးပြနေပါတယ်။ ။
You may also like these stories:
ရခိုင်တိုက်ပွဲကြား ဘဝရပ်တည်ရေး ခက်ခဲနေသော ချင်းတိုင်းရင်းသားများ