ယနေ့အချိန်တွင် ဒေါ်နယ်ထရမ့် Donald Trump နှင့် ရှီကျင့်ဖျင် Xi Jinping တို့က ကမာ္ဘ့ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ၂ ခုဖြစ်သည်။ သူတို့ ၂ ဦးလုံးက သက်ဆိုင်ရာ ကျောင်းပရဝုဏ်များတွင် (လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းတွင် ဒေါ်နယ်ထရမ့်နှင့် အရှေ့တောင်အာရှတွင် ရှီကျင့်ဖျင်တို့က) အနိုင်ကျင့်တတ်သူများ ဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ မသိနားမလည်မှု၊ ဝန်တိုမှုနှင့် တယူသန် ထင်ရာစိုင်း အမူအကျင့်တိုကို အမြဲ မြင်တွေ့နေခဲ့ရသည်။သူ၏ စွန့်စားလောင်းကြေးထပ်လိုသော သဘောနှင့် အီရန်နှင့် ယှဉ်ပြိုင်ကာ သူရဲကောင်းလုပ်ပြခြင်း တို့သည် သူ့အပေါ် စွပ်စွဲပြစ်တင်ခံနေရခြင်းနှင့် ပြန်လည်ရွေးကောက်တင်မြှောက်ခံရရေး ပြဿနာများမှနေ၍ လူတိုင်းကို အာရုံပြောင်းစေရန် ကြိုးပမ်းမှုအဖြစ် ပယ်ချရန် လွယ်ကူပါသည်။
ရှီကျင့်ဖျင်က အတိုင်းအဆမရှိ ပို၍ပင် အန္တရာယ်ကြီးသည်။ ၂၀၁၆ ခုနှစ်တွင် ကမာ္ဘ့ခေါင်းဆောင်များက သူနှင့် တရုတ်အစိုးရသည် (စည်းကမ်းရှိသော၊ ကမာ္ဘ့ စီးပွားရေးနှင့် နိုင်ငံရေးအတွက် မျှတသည့် ချဉ်းကပ်မှုတခုဖြစ်သော) နောက်ထပ် အချက်အခြာနေရာတခုအဖြစ် မြင်ခဲ့ကြသည်။ ကျနော်တို့အားလုံး၏ စိတ်ပျက်ဝမ်းနည်းခြင်းကို စကားလုံးများဖြင့် ဤနေရာတွင် ဖော်ပြနိုင်ခြင်း မရှိပါ။
ရှီကျင့်ဖျင်လက်အောက်မှ တရုတ်နိုင်ငံက တိန့်ရှောင်ဖိန် Deng Xiaoping ၏ သင်ခန်းစာအားလုံးကို မေ့လျော့သွားသည်။ (ရှေးယခင်က သူတို့နိုင်ငံသည် ကမာ္ဘ၏ အလယ်ဗဟိုဖြစ်သည်ဟု တရုတ်တို့က ယူဆခဲ့ကြသော) အလယ်ပိုင်း ဘုရင့်နိုင်ငံကြီး က (ကျနော်တို့) နိုင်ငံငယ်ကလေးများကို အမေရိကန်ကဲ့သို့ပင် အကြမ်းဖက်တတ်သည်၊ အထင်သေးတတ်သည်။ အနောက်နိုင်ငံများကြောင့် ၎င်းတို့ “အရှက်ရခဲ့သည့် ရာစုနှစ်” (၁၈၃၉ မှ ၁၉၄၉ အထိ) ကိိုု အခြားနိုင်ငံများအား ကြိုးကိုင် ချယ်လှယ်ရန် ဆင်ခြေတခုအဖြစ် သုံးသည်။
အမှန်တကယ်တွင် သမ္မတ ရှီကျင့်ဖျင်က တောင်တရုတ်ပင်လယ်နှင့် အခြားနေရာများမှ သူ၏ ရန်လိုသော လုပ်ရပ်များကို တရုတ်၏ ” ငြိမ်းချမ်းစွာ အာဏာ ကြီးထွားလာခြင်း” အကြောင်း ရွှန်းရွှန်းဝေ အပြောအဆိုများဖြင့် ဖုံးကာထားသည်။
အမေရိကန်နှင့် တရုတ် ၂ နိုင်ငံလုံးက သံတမန်ရေးကို အထင်အမြင်သေးကြသည်။ သူတို့က ကျနော်တို့ကို မထီမဲ့မြင် ပြုသည်။ သူတို့အတွက် ကျနော်တို့က အားနည်းသည်၊ သေးငယ်သည်၊ ဆင်းရဲသည်။ ၁၉၆၀ နှစ်များအတွင်း အမေ ရိကန်များက ဗီယက်နမ်များကို “gooks (အရှေ့နှင့် အရှေ့တောင်အာရှ နွယ်ဖွားများကို နှိမ်ချခေါ်ဝေါ်သည့် အသုံးအနှုံး)” ဟုခေါ်ခဲ့ကြသည်။ ယခုအချိန်တွင် ဘေဂျင်းနှင့် ဝါရှင်တန်အတွက် ကျနော်တို့ အားလုံးက “gooks” ပင်ဖြစ်သည်။
ထိုကဲ့သို့သော အနေအထားအရ ကမာ္ဘ၏ ယုံကြည်မှုသာမက စည်းကမ်းစည်းမျဉ်းများကို လိုက်နာကျင့်သုံးမှုနှင့် လေးစားမှုများက ပြိုလဲသွားခဲ့ရသည်။
ကျနော် ဆိုလိုချင်သည်မှာ ထိပ်ပုတ် ခေါင်းပုတ်လုပ်၍ ရနေသည့် အချိန်တွင် မည်သည့်အတွက်ကြောင့် အပြန်အလှန် လေးစားမှုကို ပြခြင်းအားဖြင့် (သူတို့က) အလုပ်ရှုပ်ခံနေမည်နည်း။ ဤသည်မှာ အနိုင်ကျင့်တတ်သူတို့၏ ဂန္ထဝင်မြောက် အစဉ်အလာ အလေ့အထပင် ဖြစ်သည်။
တောင်တရုတ် ပင်လယ်ပြင်အတွင်း အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ) တွင် ပါဝင်နေသော Natuna ကျွန်းများတွင် တရုတ်၏ ရန်လိုသော လှုပ်ရှားမှုများ တိုးလာနေသည်ကို မည်သူက ရှင်းပြမည်နည်း။ တရုတ် နိုင်ငံက ငါးဖမ်းရေယာဉ်များသာမက ကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ်များကိုပါ စေလွှတ်ခဲ့သည်။
တောင်တရုတ်ပင်လယ်က အရေးကြီးသည်။ တနှစ်လျှင် ဒေါ်လာ ၃.၃၇ ထရီလီယံခန့် တန်ဖိုးရှိသော ကမာ္ဘ့ ရေကြောင်း ပို့ဆောင်မှု၏ ၃ ပုံ ၁ ပုံနီးပါး က ၎င်းကို ဖြတ်သန်းသွားရသည်။ သဘာဝဓာတ်ငွေ့ကုဗပေ ၁၉၀ ထရီလီယံနှင့် ရေနံစည်ပေါင်း ၁၁ ဘီလီယံ ထွက်ရန် အလားအလာရှိသော စွမ်းအင် အရင်းအမြစ်များ ရှိသည်သာမက ကမာ္ဘ့ငါးဖမ်းဆီးမှု၏ ၁၂ ရာခိုင်နှုန်းကိုပါ ထောက်ပံ့ပေးသည်။
တောင်တရုတ်ပင်လယ်ပြင်နေရာ အများစုကို တရုတ်နိုင်ငံက သူတို့ ပိုင် ဖြစ်ကြောင်း ပြောဆိုထားသည်။ သူတို့၏ မြေပုံများတွင် နာမည်ကျော် “nine-dash line (သူ့သဘောနှင့်သူ ပိုင်နက် ရေးဆွဲသတ်မှတ်ထားသည့် မျဉ်း)” ဖြင့် သတ်မှတ် ဖော်ပြထားသည်။ ၎င်းက အခြားသော အရှေ့တောင်အာရှနိုင်ငံများ၏ ရေပိုင်နက်များနှင့် ထပ်နေခဲ့သည်။ တရုတ်နိုင်ငံက ရေပိုင်နက်ကို ချိုးဖောက်ရုံသာမက လူလုပ်ကျွန်းတုများကိုလည်း တည်ဆောက်ခဲ့သည်။
တောင်တရုတ်ပင်လယ်ပြင်တွင် အပြုအမူများကို ထိန်းကျောင်းပေးမည့် “စည်းကမ်းကျင့်ဝတ်” တခုအတွက် နှစ်ပေါင်းများစွာ ဆွေးနွေးမှုများကလည်း အဖြေမထွက်သေးဘဲ ရှိနေသည်။
တရုတ်နိုင်ငံက အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်သည်မှာ မှန်ပါသည်။ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက် အတွင်းတွင် ၂ ဘက် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂၉၂ ဘီလီယံရှိခဲ့သည်။ အာဆီယံ၏ အကြီးဆုံးစီးပွားရေး ၆ ခုမှ အခြေခံ အဆောက်အဦး စီမံကိန်းများအတွက်လည်း တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။
(၎င်းသည် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်တောင်းဆိုသည့် နိုင်ငံတခုမဟုတ် ဆိုသည့် အနေအထားကို ယခင်က အံ့အားသင့်ဖွယ်ရာ ထိန်းသိမ်းထားခဲ့သော) အင်ဒိုနီးရှားနိုင်ငံက ၂၀၁၉ ခုနှစ်၏ ပထမပိုင်း ၄ ပုံ ၃ ပုံတွင် တရုတ်စီမံကိန်းများဖြင့် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံခန့်ရရှိခဲ့ပြီး ၎င်းထဲမှ အချို့မှာ အလွန် အငြင်းပွားဖွယ်ရာဖြစ်သော ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative)၏ အစိတ်အပိုင်းများဖြစ်သည်။
သို့သော်လည်း တရုတ်နိုင်ငံ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတို့၏ အတိုုင်းအတာ ပမာဏကြောင့် သူတို့က ကျွန်ုပ်တို့ အပေါ် ထင်သလိုလုပ်ခွင့် ပေးသင့်ပါသလား။ ကျနော်ကတော့ မထင်ပါ။
ထပ်၍ ဆိုရလျှင် ခြိမ်းခြောက်မှုများ သို့မဟုတ် မက်လုံးများ မည်သို့ပင်ရှိနေသည်ဖြစ်စေ ပြည်သူများက နိုင်ငံခြားလွှမ်းမိုးမှုကို မည်သည့်အခါတွင်မျှ လက်ခံလိမ့်မည် မဟုတ်သော ၎င်းတို့၏ ကိုယ်ပိုင်သမိုင်းကြောင်းမှ သင်ခန်းစာများကို တရုတ်နိုင်ငံက မေ့လျော့နေပါသည်။
အရှေ့တောင်အာရှမှ ကျနော်တို့သည် တရုတ်လူမျိုးများကိုယ်တိုင်ကဲ့သို့ပင် ကျနော်တို့၏ နယ်မြေပိုင်ဆိုင်မှုကို များစွာ အလေးထားပါသည်။
ကျနော်တို့ကို ပါးလာရိုက်သည့် အချိန်တွင် မည်သည့်အတွက်ကြောင့် ကျနော်တို့က နောက်ပါးတဘက်ကို ထပ်အရိုက်ခံဖို့ ထိုးပေးရမည်နည်း။ တရုတ်အာဏာပိုင်တို့၏ ခံစားချက်များကသာ အရေးကြီးသော အကြောင်းရင်း ဖြစ်သင့်ပါသလား။
ရှီကျင့်ဖျင် အနေဖြင့် ဒေါ်နယ်ထရမ့်၏ မဆင်မခြင်လုပ်မှုနှင့် လုံးလုံးလျားလျား ဆိုးသွမ်းမှုမှနေ၍ အမြတ်အစွန်း ကြီးမားစွာ ရရှိနိုင်ပါသည်။ ကျနော်တို့ ရှီကျင့်ဖျင်ကို အမှန်တကယ်ပင် နှစ်သက်ချင်ပါသည်။ လေးစားချင်ပါသည်။
ထို့ကြောင့် ကျန်သည့် အရှေ့တောင်အာရှ၏ ကျောင်းပရဝုဏ်တွင် ဘာလုပ်ကြရမည်နည်း။
ထင်ထင်ရှား ရှားပေါ်လာသောအရာသုံးခုရှိပါသည်။
ပထမဆုံး အနေဖြင့် စည်းလုံးညီညွတ်မှုက သော့ချက်ဖြစ်ပါသည်။ ကျနော်တို့တွင် ကွဲပြားခြားနားမှုများ ရှိသော်လည်း စည်းလုံးညီညွတ်ပါက ကျောင်းသားငယ်များ ကျောင်းသားဆိုးများက အနိုင်ကျင့်ခြင်း မပြုနိုင်ပါ။ အမှန်မှာ ကျနော်တို့၏ အစွမ်း ထက်ဆုံး ကာကွယ်ရေးစည်းက အတူတကွ လုပ်ဆောင်ခြင်း၌ တည်ပါသည်။ အာဆီယံ အဖွဲ့ အနေဖြင့် ထိုသို့ပြုလုပ်ရန် ဖွဲ့စည်းပုံရှိနှင့်ပြီးဖြစ်သည်။
ပူးတွဲလေ့ကျင့်မှုများ၊ သတင်းအချက်အလက် မျှဝေခြင်းနှင့် ယုံကြည်မှုတည်ဆောက်ခြင်း၏ အခြား ပုံစံများ အပါအဝင် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးပါသည်။ ကျနော်တို့၏ ပင်လယ်ရေကြောင်း အခြေခံအဆောက်အဦးနှင့် စွမ်းရည်များကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ရပါမည်။ အကယ်၍ ကျနော်တို့ အားလုံးက သီးခြားစီ အလုပ်လုပ်နေပါက ကျနော်တို့ တယောက်ပြီး တယောက် အရိုက်ခံကြရတော့မည် ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် အရှုံးပေးခြင်းက ဘာကိုမျှ ဖြေရှင်းလိမ့်မည်မဟုတ်ပါ။ ဒူတာတေး လက်အောက်မှ ဖိလစ်ပိုင်နိုင်ငံက အခြေခံအားဖြင့် ထိုသို့ပြုလုပ်ခဲ့သည်။ သူတို့၏ နှိမ်ချမှုက တန်ဖိုး အနည်းငယ်ကိုသာ ပြသနိုင်ခဲ့သည်။ အရေးမပါသည့် အပြောအဆိုများဖြင့် အနိုင်ကျင့်သူ၏ သက်ညှာမှုကို ရယူရန် ကြိုးစားခြင်းက အဓိပ္ပာယ်မရှိပါ။
အနိုင်ကျင့်တတ်သူများက ကြိုတင်ခန့်မှန်းရန် လွယ်ပါသည်။ အကယ်၍ သူတို့က သင့်ကို တကြိမ် ထိခိုက် နစ်နာစေခဲ့ပါက ရေတိုကာလတခုတွင် သင့်ကို သကြားလုံး အနည်းငယ် ပေးကောင်းပေးလိမ့်မည် ဖြစ်သော်လည်း နောက်တကြိမ် ထပ်၍ ထိခိုက် အောင်ပြုကြလိမ့်ဦးမည် ဖြစ်သည်။ စိတ်ကျေနပ်အောင် ချော့ခြင်းက မည်သည့်အခါတွင်မျှ အလုပ်မဖြစ်ပါ။
တရုတ်နိုင်ငံက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှ တဆင့် လက်တုံ့ပြန်မည်ကို အရှေ့တောင်အာရှ နိုင်ငံ အများစုက ယခုအခါ ကြောက်နေကြောင်း ကျနော်သိပါသည်။ အလွန်လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ကျနော်တို့ ဒေသက တရုတ်နှင့် ရာစုနှစ်များစွာ ကုန်သွယ်ခဲ့ပြီးဖြစ်သလို ဆက်လက်၍လည်း ကုန်သွယ် သွားမည်ဖြစ်သည်။ ကာလရှည်ကြာ ဆက်သွယ်မှုများက အလွန်နက်ရှိုင်းပါသည်။
သို့ရာတွင် ကျနော်တို့က ကျနော်တို့၏ အမီအခိုကင်းမှုကို အလွန် အလေးအနက်ထားကြောင်း တရုတ်နိုင်ငံက သဘောပေါက်ရန် အရေးကြီးပါသည်။ အချုပ်အခြာအာဏာနှင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုမှ လွတ်မြောက်ရေးအတွက် ကျနော်တို့၏ ကြိုးစားရုန်းကန်မှုများကို မမေ့ကြသေးပါ။
နောက်ဆုံးအနေဖြင့် အနိုင်ကျင့်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်ပါသည်။ ကျနော်တို့က အနိုင်ကျင့်သူများအဖြစ် ကိုယ့်ကိုယ်ကို ပြောင်းလဲ၍ မရပါ။ ကျနော်တို့ နိုင်ငံများ အားလုံးတွင် တရုတ်လူမျိုးအသိုင်းအဝိုင်းများ သိသာထင်ရှားစွာ ရှိနေပါသည်။ သူတို့ က သက်ဆိုင်ရာ တိုင်းပြည်များအတွက် အရေးပါသော အစိတ်အပိုင်းတရပ် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သက်ဆိုင်ရာအစိုးရများ လက်တွင် ရှိနေကြရမည့် သူတို့သည် တရုတ်နိုင်ငံ၏ ဒေသတွင်းမှ လုပ်ရပ်များ၏ သားကောင်များအဖြစ် မရည်ရွယ်ဘဲ ဖြစ်မသွားသင့်ပါ။
၎င်းမှာ ဆောင်ရွက်ရန် ခက်ခဲသော အလုပ်တခု ဖြစ်နေဆဲဖြစ်ပါသည်။ တခါတရံတွင် အင်အားကြီးမားသော အနိုင်ကျင့်သူ ၂ ဦး ကို ရင်ဆိုင်ရန် ကျနော်တို့ အကူအညီမဲ့နေသလိုမျိုး ထင်ရပါသည်။ သို့သော်လည်း အရှေ့တောင်အာရှက ပိုမိုကျယ်ပြန့်စွာ ရှုမြင်တတ်ပြီး အတူတကွ ရပ်တည်နိုင်ကြမည်ဆိုလျှင် ကျနော်တို့၏ ကျောင်းပရဝုဏ်ကို လွတ်လပ်စွာ ငြိမ်းချမ်းစွာ ထိန်းသိမ်းထားနိုင်မည့် အခွင့်အလမ်း ရှိနေနိုင်ပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ လမ်းခင်းပေးသူ ဘီဂျေဟာဘီဘီ
တရုတ်တွေ ကြိုက်တဲ့ ဒူးရင်းသီးက ကျိန်စာလား
အင်ဒိုနီးရှား အစိုးရပိုင် Nggapulu ပင်လယ်ကူးသင်္ဘောစီးခြင်း