လူမှုဖူလုံရေး ဦးစီးအရာရှိ၏ ပြောဆိုချက်များက ကိုယ်ဝန် အရင့်အမာနှင့် မဖြိုးပပ အတွက် မျှော်လင့်ချက်များ ဖျက်ဆီး ခံလိုက်ရပြီး အနာဂတ်ပါ ပျောက်ပျက်သွားသလို ခံစားလိုက်ရ၍ ခေတ္တတွေဝေ အားငယ်သွားရသည်။
“ပိုက်ဆံနဲ့ တူတာ ၁ ကျပ်မှ လူမှုဖူလုံရေးကြေး မီးဖွားစရိတ် ထုတ်ပေးစရာ မရှိဘူးတဲ့။ စက်ရုံက လာသွင်းထားတဲ့ ပိုက်ဆံမရှိဘူးလို့ ခါးခါးသီးသီး ပြောလွှတ်လိုက်ပါတယ်”ဟု သူက ပြောရင်း ငေးငိုင်နေပါသည်။
မဖြိုးပပ၏ ကိုယ်ဝန်က ၈ လကျော်ထဲ ရောက်နေပြီ ဖြစ်သည်။ ယခု ရွှေပြည်သာမြို့နယ်ထဲက လူမှုဖူလုံရေးရုံးရှေ့တွင် လုပ်သက်ခွင့်၊ နာမကျန်းခွင့်၊ မီးဖွားခွင့်များ ယူရန်အတွက်နှင့် လစဉ် ပေးသွင်းနေသည့် လူမှုဖူလုံရေး ကြေးများကို မီးဖွားခွင့်အတွက် အသုံးပြုနိုင်ရန် စုံစမ်း မေးမြန်းနေခြင်းပင် ဖြစ်သည်။
မဖြိုးပပသည် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်ရှိ World Jin အထည်ချုပ်စက်ရုံ၏ အလုပ်သမား တဦး ဖြစ်ပြီး စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁ နှစ် ကျော်ရှိပြီ ဖြစ်သည်။
စက်ရုံဘက်က လစဉ် ပုံမှန် လူမှုဖူလုံရေး ထည့်ဝင်ကြေးကို ကျပ် ၂ ထောင်မှ ကျပ် ၃ ထောင် ဝန်းကျင်အထိ ဖြတ်တောက် ထားသော်လည်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေး ဌာနသို့ ပေးသွင်းရမည့် ငွေများကို အလုပ်ရှင်ဘက်က ပေးသွင်းခြင်း မရှိခဲ့ကြောင်း သိရသည်။
ထိုငွေများသည် မများလှသော်လည်း မဖြိုးပပတို့ကဲ့သို့ ဝင်ငွေနည်းသူများ အတွက် ကျန်းမာရေးစရိတ်ကို အထောက်အပံ့ ပေးနိုင်သည့် စုဆောင်းငွေတခု ဖြစ်သည်။
ထိုသို့ လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသော်လည်း အကျိုးခံစားခွင့် မရသည့်အတွက် World Jin အထည်ချုပ်စက်ရုံ အလုပ်သမားများက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
World Jin အထည်ချုပ်စက်ရုံသည် ကိုရီးယားနိုင်ငံသားပိုင် စက်ရုံတခုဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်တွင် လူမှုဖူလုံရေး ထည့်ဝင်ကြေးကို ၂ လစာသာ ဝန်ကြီးဌာနသို့ ပေးသွင်းထားကြောင်း အလုပ်သမားများက ပြီးခဲ့သည့် လအတွင်း သိရှိခဲ့ရခြင်း ဖြစ်သည်။
World Jin စက်ရုံ အလုပ်သမား တဦး ဖြစ်သည့် မနှင်းနွယ်ဦးကလည်း“စက်ရုံက ကိုယ်ဝန်ဆောင်သည် တယောက် ခွင့် သွားယူတဲ့အခါမှ ၂ လစာပဲထည့်ထားလို့ ခွင့်ပေးခွင့် မရှိဘူးလို့ ဦးစီးမှူးက ပြောလို့ ကျမတို့ဆီက ပိုက်ဆံဖြတ်ပြီး ဟိုမှာကျ ထည့်မထားဘူးဆိုတာ သိတာ။ တလကို ကျပ် ၂ ထောင်ကျော်က ပုံမှန်ဖြတ်တယ်”ဟု ပြောပြသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အလုပ်ရှင်ကို အရေးယူမည့် အပိုင်းတွင် အလုပ်သမား ဦးစီးဌာနမှ တာဝန်ရှိသူများ အနေ ဖြင့် အားနည်းမှုများ ရှိနေသည်ဟုလည်း ၎င်းက ဝေဖန်ပြောဆိုသည်။
“သူတို့ ညှိပေးမယ် ပြောတယ်။ တကယ်ညှိတော့ အလုပ်ရှင်က ကျန်တဲ့ ၈ လစာအတွက် ဒီဇင်ဘာလ အကုန်မှာ အပြီး သွင်းပေးမယ် ပြောတယ်။ ဒီလိုပဲညှိ ပေးတယ်။ အလုပ်ရှင်က သွင်းပေးမယ် ပြောပေမယ့် ဒါက ကျမတို့ ပိုက်ဆံကို အလွဲ သုံးစားလုပ်ထားတာလို့ ယူဆတယ်။ ဒါကို အရေးယူမှု မရှိဘူး”ဟု မနှင်းနွယ်ဦးက ပြောသည်။
ထိုဖြစ်ရပ်များကြောင့် လူမူဖူလုံရေးကြေး ထည့်ဝင်ခြင်းသည် ခံစားခွင့်မရှိသော လုပ်ရပ်တခုကို လုပ်နေခြင်းလားဟု ထင်မြင်နေကြကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
World Jin စက်ရုံမှပင် အလုပ်သမား တဦးဖြစ်သည့် မနန်းခင်မွှေးကလည်း “ဒါကြောင့် လူမူဖူလုံရေးက အလုပ်သမားတွေ အပေါ်မှာ လုံးဝလွှမ်းခြုံမှု မရှိဘူး။ အခု ကျမတို့က ပေးရဲ့သားနဲ့ အလုပ်ရှင်က မဆောင်တော့ မရတဲ့အတွက် ကျမတို့က ဒီလူမှုဖူလုံရေးကို ဆောင်ချင်တဲ့ စိတ်တောင် မရှိတော့ဘူး။ ကိုယ်တကယ် ဖြစ်တောင် ဘာခံစားခွင့်မှ မရလို့”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက“ကျမတို့ဆို အခုမှ အိမ်ခွဲနေတော့ ဒီလစာလေး တသိန်းကျော်နဲ့ မလောက်ငှဘူး။ လူမှုဖူလုံရေး ကြေး စက်ရုံကို ကျမတို့ ပေးတဲ့ ငွေကျပ် ၂ ထောင်ကျော်က ဆန်တပြည်စာ ရှိတယ်။ ဒါကြောင့် မဆောင်တဲ့ စက်ရုံ ပိုင်ရှင်ကို တိတိကျကျ အရေးယူဖို့ အလုပ်သမား ဦးစီးတွေကို လုပ်စေချင်တယ်”ဟု ပြောသည်။
ထို အခြေအနေများသည် အလုပ်သမား အခွင့်အရေး တရပ်အတွက် ဖော်ဆောင်နေသော လူမှုဖူလုံရေး အာမခံစနစ်ကို ယုံကြည်မှု ကင်းမဲ့လာစေနိုင်သည့် လုပ်ဆောင်ချက်များလည်း ဖြစ်နေသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနှင့်လည်း လူမှုဖူလုံရေး ထည့်ဝင်ကြေး ပျက်ကွက်သော ပြည်တွင်း၊ ပြည်ပ စက်ရုံ ပိုင်ရှင်များကို အသေအချာ စိစစ်ပြီး အရေးယူရန် လိုအပ်နေပါသည်။
မြန်မာနိုင်ငံတွင် အလုပ် လုပ်ကိုင်နိုင်သော အလုပ်သမား ဦးရေ ၂၂ သန်းကျော်အနက် ၁ ဒသမ ၄ သန်းသည် လူမှုဖူ လုံရေးကြေး ထည့်ဝင် ပေးဆောင်ထားသည့် အလုပ်သမားများဖြစ်ရာ လူမှုဖူလုံရေးနှင့် ပတ်သက်သော ခံစားခွင့်များကို အပြည့်အ၀ ခံစားရရှိနေလား ဆိုသည်မှာ လက်ရှိအချိန်တွင် မေးခွန်းထုတ်စရာလည်း ဖြစ်နေပေသည်။
မဖြိုးပပက“ကျမဆို အရင် အထည်ချုပ်စက်ရုံမှာ လုပ်တုန်းက လူမှုဖူလုံရေး ထည့်ဝင်ကြေးငွေ သွင်းပေမယ့် အကျိုး ခံစားခွင့် သေချာ မသိလို့ မတောင်းခဲ့ရဘူး”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး ဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းထားပါသည်။ ၁၉၅၄ ခုနှစ် ဥပဒေကို အစားထိုး ထားသည့် ဥပဒေ ဖြစ်သည်။
ယင်း ဥပဒေတွင် ထည့်ဝင်ကြေးနှင့် ဆေးဝါး စောင့်ရှောက်မှု၊ နာမကျန်းဖြစ်မှု၊ မီးဖွားခွင့်နှင့် လုပ်ငန်းခွင် ထိခိုက်မှု အတွက် ခံစားခွင့်တို့ကို တိုးမြှင့်ပေးထားခြင်း အပြင် မှတ်ပုံတင်ထားသော အလုပ်သမားများ အတွက် စမတ်ကတ်များ ထုတ်ပေးရန်လည်း ပါရှိသည်။
သို့သော် စက်မှုဇုန်များရှိ စက်ရုံအများစုတွင် စမတ်ကတ်များကို အကြောင်း အမျိုးမျိုးပြ၍ အလုပ်ရှင်မှ ထုတ်ပေးထား ခြင်း မရှိသည်ကို တွေ့ရကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (CTUM) အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက“အများစု ကြုံတွေ့နေရတာ တော့ လူမှုဖူလုံရေး ကတ်ပြားမရှိတာ ဖြစ်တယ်။ ဒါပေမယ့် အကြောင်းကြားရင် လူမှုဖူလုံရေးအဖွဲ့က လျင်လျင် မြန်မြန် ဆောင်ရွက်ပေးတော့ အခက်အခဲ မရှိပါဘူး။ ကြန့်ကြာနေတာက အကျိုးခံစားခွင့်တွေ လျှောက်တဲ့အပိုင်းမှာ ဖြစ်တယ်။ ဒါကိုတော့ ဥပဒေအရ နည်းဥပဒေအရ ဖြေလျှော့ပေးဖို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးနေပါ တယ်”ဟု ပြောပြသည်။
အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးကြေးနှင့် ပတ်သက်၍ အလုပ်ရှင်က ထည့်ဝင်ထားသည် ဖြစ်စေ၊ မထည့်ဝင် ထားသည် ဖြစ်စေ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ ဖူလုံရေး အာမခံနှင့် သက်ဆိုင်သော လုပ်ငန်းများဖြစ်လျှင် အကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် အကျိုးခံစားခွင့် ရရှိရန် နီးစပ်ရာ မြို့နယ် လူမှုဖူလုံရေး ဦးစီးဌာန ရုံးများသို့ သွားရောက်၍ အာမခံ အလုပ်သမား ဖြစ်သည်ကို အကြောင်းကြားသင့်သည်ဟု ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ လုပ်ငန်းနှင့် ဆက်နွယ်နေသော ထိခိုက် ဒဏ်ရာများ ကုသရသည့် ကုန်ကျစရိတ် ပြန် အမ်းငွေကိုလည်း ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းခွင်တွင် သေဆုံးပါက ခံစားခွင့်ရှိသော မိသားစု ဝင်များသည် ကွယ်လွန်သူ လစဉ်ရရှိသော လစာ၏ အဆ ၃၀ မှ အဆ ၈၀ ကြား ဝန်ထမ်း လုပ်သက်ပေါ် မူတည်၍ ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေမှ ရရှိနိုင်ကြောင်းလည်း သိရသည်။
နာမကျန်းမှု အတွက် ငွေသား အကျိုးခံစားခွင့်မှာလည်း မှတ်ပုံတင်ထားသော လုပ်သား လစာ၏ ၅၀ ရာခိုင်နှုန်းသာ ယခင်က ပေးခဲ့ရာမှ ယခုအချိန်တွင် ၆၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ မီးဖွားစရိတ်ကို ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသို့ လည်းကောင်း တိုးမြှင့်ပေးထားသည်။
လုပ်ငန်းခွင်တွင် သေဆုံးသော အလုပ်သမား အတွက် သင်္ဂြိုဟ် စရိတ်ကိုလည်း ယခင်က ကျပ် ၄ သောင်း ပေးခဲ့ရာမှ ယခုအခါ အလုပ်သမား လစဉ်ရရှိသော လစာ၏ ၅ ဆအထိ တိုးပေးထားကြောင်း သိရသည်။
လူမှုဖူလုံရေး အဖွဲ့သည် ၂၀၁၂ ခုနှစ် ဥပဒေပြဋ္ဌာန်းပြီးနောက် ၂ နှစ်အကြာ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် ဥပဒေကို စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့သော် လူမှုဖူလုံရေး အာမခံ ထားရှိခြင်းကြောင့် ရရှိလာနိုင်သော အကျိုးခံစားမှုများကို အလုပ်သမားများ သိရှိရန် အသိ ပညာပေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်နေကြောင်းလည်း တွေ့ရှိရသည်။
မနှင်းနွယ်ဦးက“ပထမ သားဦး မွေးတုန်းက အခု စက်ရုံမှာ မဟုတ်ဘူး။ လူမှုဖူလုံရေး အကြောင်း နားမလည်တော့ ခွင့် သွားလည်း မယူဘူး။ မီးဖွားစရိတ်လည်း မထုတ်ခဲ့ဘူး”ဟု ပြောသည်။
လက်ရှိ ရန်ကုန်မြို့၏ အလုပ်သမား အများဆုံး စက်မှုဇုန်တွင် ပါဝင်သော ရွှေပြည်သာ မြို့နယ်ရှိ သာဓုကန် စက်မှုဇုန် ကဲ့သို့ နေရာများတွင်ပင် လူမှုဖူလုံရေး အာမခံ ထားရှိလျှင် မည်သည့် အကျိုးခံစားခွင့် ရသည်ကို အလုပ်သမားများ သိရှိရန် အားနည်းနေသည်။
ထို့ပြင် အလုပ်သမားက ပေးသွင်းသော်လည်း အလုပ်ရှင်က အစိုးရထံ ပေးသွင်းမှု ပျက်ကွက်ခြင်းများ တပုံတပင် ရှိနေကြောင်း World Jin စက်ရုံအဖြစ်အပျက်က သက်သေပြနေသည်။
CTUM မှ ဒေါ်ဖြိူးစန္ဒာစိုးက“အလုပ်ရှင်က ဖူလုံရေးကြေး သွင်းဖို့ ပျက်ကွက်တဲ့ ကိစ္စမျိုးတွေက မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတာ။ ဒါတွေ နောက်နောင် မဖြစ်စေချင်ရင် လက်ရှိ လုပ်နေတဲ့ ဖူလုံရေးစနစ်ကို စာရွက်စာတမ်းနဲ့ လုပ်ရာကနေ အိုင်တီ လို့ ခေါ်တဲ့ ကွန်ပျူတာစနစ် ပြောင်းလုပ်ဖို့ လိုတယ်။ ဒါဆိုရင် စနစ်အရကိုက လူမှုဖူလုံရေးကြေး ထည့်ဝင်မှုကို သူတို့ ရှောင်လွှဲလို့ မရတော့ဘူး။ ကွန်ပျူတာမှာ ကြည့်တာနဲ့ သွားပေါ်နေမယ်”ဟု ပြောသည်။
လူမှုဖူလုံရေး အာမခံထားသည့် စနစ်ကို အိုင်တီ စနစ်သို့ ပြောင်းခြင်းအားဖြင့် အလုပ်သမား ဦးစီးအရာရှိများ အနေနှင့်လည်း မည်သည့် အလုပ်ရှင်က ထည့်ဝင်ကြေး ထည့်ထားသည်၊ ထည့်မထားဘူး ဆိုသည်ကို အလွယ်တကူ ကြည့်ရှု နိုင်မည့်အပြင် အလုပ်သမားများအနေနှင့်လည်း အလုပ်ရှင်က ဖူလုံကြေးဖြတ်သော်လည်း ထည့်ဝင်ခြင်း ရှိသည်၊ မရှိ သည်ကို ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ်ဖြိူးစန္ဒာစိုးက“နောက်တခုက လိုအပ်တာက MIC ဆီမှာ လုပ်ငန်းလိုင်စင် လာလျှောက်တဲ့ အခါ စာရင်းဇယားတွေ ရှိတယ်။ ဒါကြောင့် MIC နဲ့ လူမှုဖူလုံရေးအဖွဲ့နဲ့ ပူးပေါင်းပြီးလုပ်ဖို့ လိုတယ်။ ဒီလို ဌာနနှစ်ခု သတင်း အချက်အလက် ဖလှယ်မယ် ဆိုရင် အလုပ်ရှင်ရဲ့ ပျက်ကွက်မှုတွေကို ချက်ချင်းသိပြီး ပြဿနာ နည်းသွားနိုင် တယ်”ဟု ပြောဆိုသည်။
တချို့သော အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ဦးစီးမှူးများကလည်း စက်မှုဇုန်များရှိ အလုပ်ရှင် တချို့သည် လူမှုဖူလုံရေး အာမခံ ထားရှိသော်လည်း အလုပ်သမားများ အတွက် စမတ်ကတ်များ လုပ်ပေးမှု မရှိသည်ကို တွေ့ရ ကြောင်း ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဌာနခွဲ ၂ ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာအောင်က“ကျမတို့ အလုပ်ရှင် ဘက်က ကြည့်တော့လည်း တချို့က နယ်က တက်လာတဲ့ အခါကျတော့ မှတ်ပုံတင်တွေ ဘာတွေမရှိဘူး။ အဲဒီအခါ ကျတော့ လူမှုဖူလုံရေး စမတ်ကတ် လုပ်ပေးဖို့ လုပ်ငန်းရှင်ဘက်က အခက်အခဲ ရှိတယ်”ဟု ရှင်းပြသည်။
ထို့ကြောင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ပြဿနာများ နည်းနိုင်သမျှ နည်းစေရန် အသိပညာပေး လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်ပေးရန် လိုနေသည်ဟုလည်း ၎င်းက ပြောဆိုသည်။
သို့သော် အလုပ်ရှင်များက လူမှုဖူလုံရေးကြေး ပေးသွင်းရန် ပျက်ကွက်၍ သော်လည်းကောင်း၊ အချိန်ပို ပိုခိုင်း၍ သော် လည်းကောင်း အလုပ်သမား ဝန်ကြီးဌာနက စစ်ဆေး တွေ့ရှိ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ တင်ပြ လျှင် MIC အနေဖြင့် ထိုအလုပ်ရှင်ကို ခေါ်ယူတွေ့ဆုံ၍ ဥပဒေ စည်းကမ်းများကို အသိပေးခြင်း၊ သတိပေးခြင်းသာ လုပ်ဆောင်ကြောင်း သိရသည်။
MIC အတွင်းရေးမှူး ဦးသန့်စင်လွင်က“MIC က ခွင့်ပြုမိန့်ပေးတဲ့ ဘယ်ကုမ္ပဏီက ဘယ်နေ့မှာ အလုပ်သမားတွေကို သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး ခိုင်းတယ်။ လူမှုဖူလုံရေးကြေး ပေးသွင်းတာ အလုပ်ရှင်က ပျက်ကွက်လို့ အလုပ်သမား ဝန်ကြီးဌာနက စစ်ဆေးလို့ တွေ့ရင် အဲဒီ့ အလုပ်ရှင်ကို ဒဏ်ကြေး ဆောင်ခိုင်းမယ်။ တရားရုံးကို ဆင့်ခေါ်မယ် ဒါဆိုရင် MIC ကို အကြောင်း ကြားတယ်။ အဲဒီလောက်ပဲ သိရတယ်”ဟု MIC ၏ လုပ်ဆောင်နိုင်မှု အခန်းကဏ္ဍကို ရှင်းပြသည်။
လက်ရှိတွင် လူမှုဖူလုံရေးကြေး ပေးသွင်းရန် ပျက်ကွက်သော ပြည်တွင်း ပြည်ပ အလုပ်ရှင်များကို အလုပ်သမား ဝန်ကြီး ဌာနက ဒဏ်ရိုက်ရန် MIC သို့ တင်ပြထားသည့် စာရင်း ရှိကြောင်းလည်း ၎င်းက ပြောသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ခုံသမာဓိ ကောင်စီ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးဋ္ဌေးကလည်း အလုပ်သမား ဥပဒေများတွင် အလုပ်ရှင်များ ပျက်ကွက်လျှင် အရေးယူမှု အားနည်းပြီး အလုပ်သမားများကို အရေးယူခံရသည်သာ ပို၍များကြောင်း ဆိုသည်။
ဦးဋ္ဌေးက“တရားမျှတမှု မရှိတဲ့ သဘောဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ အလုပ်သမား အရေး ဆောင်ရွက် တဲ့ သူတွေက အဲဒါကိုပဲ အစိုးရကို ထောက်ပြနေတယ်။ အလုပ်ရှင်လည်း ဥပဒေချိုးဖောက်ရင် အရေးယူ အလုပ်သမား လည်း ဥပဒေ ချိုးဖောက်ရင် အရေးယူဖို့ သင့်ပါတယ်”ဟု ပြောဆိုသည်။
ထို့ကြောင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဖိုရမ်များတွင် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ကြုံတိုင်း အလုပ်ရှင်နှင့် ဌာနဆိုင်ရာက တင်ပြသည့် အမြင်သည်“အလုပ်သမားများ ဆန္ဒပြမှုများလျှင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသား လုပ်ငန်းရှင်များ ပြန်ထွက်သွား၍ အလုပ်လက်မဲ့ များနိုင်တယ်ဆိုတဲ့ ရှုထောင့်ကတွေး ပြောတာ ပုံမှန်ဖြစ်နေတယ်”ဟု ထောက်ပြကာ ထိုအချက်ကြောင့်လည်း အလုပ်ရှင်များ၏ ပျက်ကွက်မှုများ၊ ဥပဒေ မလိုက်နာမှုများ နှင့် ကြုံလျှင် အရေးယူဆောင်ရွက်သည့် အပိုင်း၌ မြန်မာနိုင်ငံ၏ တရားစီရင်ရေး ယန္တရား၊ ဌာနဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားများတွင် ဆောင်ရွက်ရ အလွန် ခက်ကြောင်း ပြောသည်။
လူမှုဖူလုံရေးနှင့် ပတ်သက်သော အလုပ်ရှင် အလုပ်သမား ပြဿနာများ နည်းသွားစေရန် လိုအပ်နေသော အချက်မှာ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း အိုင်တီစနစ်သို့ ကူးပြောင်းရန် လိုအပ်နေပြီး နိုင်ငံတော် သမ္မတရုံးက ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကတည်းက ခွင့်ပြုချက်ပေးထားကြောင်း သိရသည်။
အိုင်တီစနစ်ကို သမ္မတရုံး၏ ခွင့်ပြုချက် ရပြီးသော်လည်း ယခုအချိန်ထိ အကောင်အထည် မဖော်နိုင်ခြင်းသည် စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘတ်ဂျက် မချပေးသဖြင့် နှောင့်နှေးနေခြင်းဖြစ်သည် ဟု ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။
မဖြိုးပပကမူ လတ်တလော ကြုံတွေ့နေရသည့် အခြေအနေရ ထည့်သွင်းထားသော လူမှုဖူလုံရေး ကြေးများ ကို မီးဖွားခွင့် အတွက် ခံစားခွင့်မရခဲ့ပါက ကြိုတင် စုဆောင်းငွေလည်း မရှိထား၍ ကြွေးမြီ သံသရာတွင် ထပ်မံ လည်ပတ် ရုန်းကန်ရတော့မည် ဖြစ်ကြောင်း ပြောဆိုရင်း လေးလံသည့် ခြေလှမ်းများဖြင့် လှမ်းလျှောက် ထွက်ခွာသွား ပါတော့သည်။
ဆက်စပ်လင့်
လူမှုဖူလုံရေးကို အားလုံး အကျုံးဝင် မှတ်ပုံတင်သင့်တယ်
အလုပ်သမားရေး မန္တလေးတိုင်းအစိုးရ ပိုအာရုံစိုက်ဖို့ လိုနေတယ်
အလုပ်ရှင် အလုပ်သမား ပြဿနာ ဥပဒေအရ ဖြေရှင်းခြင်းအပေါ် လိုက်နာမှု အားနည်းနေသေးဟု ဆို