ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အသုံး စားရိတ်နှင့် ပတ်သက်၍ အကျဉ်းချုပ် အစီရင်ခံစာတစောင်ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့သည်။
လက်ရှိ တိုင်းအစိုးရက ၂၀၁၆ ခုနှစ်တွင် အာဏာရလာခြင်း ဖြစ်သည့်အတွက် ယခုစာရင်းစစ်ချုပ်၏ အစီရင်ခံစာက အစိုးရသက်တမ်း ဒုတိယနှစ်တွင် ပြည်သူ့ဘဏ္ဍာငွေများကို ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်းအစိုးရက မည်သို့စီမံခဲ့သည့်အပေါ် အကဲဖြတ်ချက်လည်းဖြစ်သည်။ အစီရင်ခံစာအကျဉ်းက တိုင်းအစိုးရ၏ အသုံးစရိတ်များကို သာမက စီမံခန့်ခွဲမှုအလွဲများကြောင့် ဆုံးရှုံးခဲ့ရသော ပြည်သူ့ဘဏ္ဍာငွေ အတိုင်းအတာကိုပါ ထုတ်ဖော်တင်ပြထားသည်။
အစီရင်ခံစာမှ အရေးပါသော စိတ်ဝင်စားဖွယ်ရာ အချက်တချို့ကို ဖော်ပြရလျှင် စည်းကမ်းမလိုက်နာသော စီးပွားရေးလုပ်ငန်းများ အပါအဝင် ဒဏ်ငွေ ချမှတ်ရန် ပျက်ကွက်ခြင်းကြောင့် အစိုးရ၏ ဝင်ငွေဆုံးရှုံးရခြင်းများ၊ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်သည့် သမ္မတ၏ညွှန်ကြားချက်များကို မလိုက်နာခြင်းနှင့် သုံးစွဲမှုတွင် မမှန်ကန် မှုများရှိနေခြင်း တို့ကြောင့် ရန်ကုန်တိုင်းမှ အခွန်ထမ်းပြည်သူများအား အနည်းဆုံး ကျပ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးစေခဲ့ကြောင်း အချက်အလက်များ ပါဝင်သည်။
ဝန်ကြီးများရုံး
မွေးနေ့ပွဲတခု ကျင်းပခြင်းမှသည် မကြာသေးမီက SPA လုပ်ငန်းတခုကို ဖွင့်ခွင့်ပေးသည်အထိ ရန်ကုန်မြို့လယ်မှ သမိုင်းဝင် ကိုလိုနီခေတ် အဆောက်အဦကြီးသည် အငြင်းပွားဖွယ်ရာ ကိစ္စများ ထွက်ပေါ်ရာနေရာ ဖြစ်လာသည်။ ယခင် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် ထိုအဆောက်အဦကို ယခင် စစ်အစိုးရ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်၏ ဆွေမျိုးများ ဦးဆောင်သော ပုဂ္ဂလိက စီးပွားရေးအုပ်စုဖြစ်သည့် အနော်မာအား ငှားရမ်းခဲ့သည်။ အဆောက်အဦကို ပြတိုက်အဖြစ် ပြန်လည် မွမ်းမံ ပြင်ဆင်ရန်နှင့် အခြား ဝန်ဆောင်မှုများ လုပ်ရန်ဖြစ်သည်။
စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ရန်ကုန်အစိုးရက ကုမ္ပဏီကို ငှားရမ်းခပေးရန် နောက်ကျသည့်အတွက် ဒဏ်ရိုက်ရန်ပျက်ကွက်ခြင်းနှင့် အောက်ပါ လူသိနည်းသော အချက်အလက်များကို ဖော်ပြထားသည်။
၁။ ပိုင်ရှင် – ရန်ကုန်တိုင်းအစိုးရ
၂။ ငှားရမ်းကာလ – နှစ် ၅၀ (၂၀၁၅၊ ဇန်နဝါရီ ၂၉ မှ ၂၀၆၅ ဇန်နဝါရီ ၂၉ အထိ)
၃။ ငှားရမ်းခ – စုစုပေါင်း ၁၅.၉၆၃ ဧက (၆.၅ ဟက်တာ) အတွက် တလလျှင်ကျပ် ၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၇,၁၀၀ ခန့်)
၄။ ပြန်လည်ပြင်ဆင်မွမ်းမံခြင်းကာလ – ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်အထိ။ သို့သော်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၈ ခုနှစ်ဇွန်လ ၂၈ ရက်အထိ သက်တမ်းတိုးပေးခဲ့သည်။
၅။ လုပ်ငန်းလည်ပတ်မှု စတင်သည့်နေ့ရက် – ၂၀၁၈ ခုနှစ်၊ ဇွန် ၂၈ ရက်။ ငှားရမ်းခကို ရန်ကုန်တိုင်း အစိုးရနှင့် အနော်မာတို့အကြား သဘောတူစာချုပ်ပါ စည်းကမ်းချက်များအရ ငှားရမ်းခများကိိုု ထိုနေ့မှစတင်၍ ပေးဆောင်ရသည်။
မူမမှန်မှုများ
• ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် စာရင်းစစ်ဆေးမှုအရ အနော်မာအုပ်စုက ရန်ကုန်အစိုးရသို့ တနှစ်စာ ငှားရမ်းခ (၂၀၁၈ ဇွန် ၂၈ မှ ၂၀၁၉ ဇွန် ၂၇ ရက်အထိ) ကျပ်သန်း ၃၀၀ ကို ပေးဆောင်ရန် ပျက်ကွက်ခဲ့သည် ဟု ဖော်ပြထားသည်။ စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် အနော်မာအဖွဲ့ ထိုငွေကို ၂၀၁၉ ခုနှစ် ဧပြီလ တွင်မှ ပေးဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
• တိုင်းအစိုးရနှင့် အနော်မာ အဖွဲ့စာချုပ်ပါ စည်းကမ်းချက်များနှင့် ဆန့်ကျင်၍ နောက်ကျမှ ငှားရမ်းခ ငွေပေးချေခြင်းအတွက် အနော်မာကို တိုင်းအစိုးရက ဒဏ်ငွေ စည်းကြပ်ခဲ့ခြင်းမရှိပါ။ အဆိုပါစာချုပ် တွင် အချိန်မီ ပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ကောက် ခံရန် သတ်မှတ်ထားပါသည်။
ဓာတ်ငွေ့နှင့်ဒီဇယ်တာဘိုင် ၂၅ မဂ္ဂါဝပ် မီးစက်
နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် မြို့တော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းအစိုးရက သမ္မတ၏ အထူးရန်ပုံငွေမှ ကျပ် ၃၀ ဘီလီယံ သုံးစွဲကာ မီးစက်ဝယ်ယူခဲ့သည်။ သို့သော်လည်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ထိုမီးစက်က အလွန်အကုန်အကျ များနေကြောင်း တွေ့ရှိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော်
၁။ ထိုမီးစက်က တနာရီလျှင် ဒီဇယ်ဆီ ၁၆၆၈ ဂါလံ (လီတာ ၆၃၆၀ ခန့်) သုံးစွဲရသည်။
၂။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် တပ်ဆင်မှုများ စတင်ပြီးနောက်ပိုင်း ထိုစက်ကို ၂၀၁၉ မေလအထိ ငါးလသာ မောင်းနှင်ခဲ့ပြီး ဒီဇယ်ဆီ ၉၂၆ ၃၄၆ ဂါလံ သုံးစွဲခဲ့သည်။
၃။ ငါးလအတွင်း ထုတ်လုပ်ခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ်စုစုပေါင်း မှာ ၁၁.၈၀၆ သန်း ရှိသည်။
၄။ ငါးလစာ စက်လည်ပတ်မှုအတွက် လောင်စာဆီစားရိတ် စုစုပေါင်းကုန်ကျငွေမှာ ၃.၈၄၄ ဘီလျံကျပ်ဖြစ်သည် (မှတ်ချက်။ ။ စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ အကယ်၍ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း MPPE မှ အလားတူ ယူနစ်အရေအတွက်ကို ဝယ်ယူပါက ကျပ် ၇၀၈.၃၆၈ သန်းသာ ပေးရမည် ဖြစ်ကြောင်း သိရသည်)။
မူမမှန်မှုများ
• မီးစက်ဝယ်ယူရေးအတွက် တင်ဒါရွေးချယ်မှုကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် သမ္မတရုံးက တိုင်းအစိုးရ ကို ညွှန်ကြားထားသော်လည်း လိုက်နာခြင်းမရှိဘဲ ကန့်သတ်တင်ဒါဖြင့်သာ ဆောင်ရွက်ထားသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာအကျဉ်းက ဆိုသည်။
ကမ်းနားလမ်းပေါ်မှ ညဈေးတန်း
အိမ်နီးချင်းနိုင်ငံတချို့မှ နာမည်ကျော်လမ်းဘေး စားသောက်ဆိုင် ဧရိယာများ၏ အောင်မြင်မှုကို အားကျကောင်းကျနိုင်ခဲ့ပုံရသော ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် သူဝန်ကြီးချုပ်ဖြစ်ပြီး မကြာမီ ၂၀၁၆ ခုနှစ်တွင် တရုတ်တန်းရှိ ပြန့်ကျဲနေသော လမ်းဘေးဈေးသည်များနှင့် စားသောက်ဆိုင်များကို ဥပဒေနှင့်အညီ ထိန်းချုပ်ရန် အတွက် ရန်ကုန်မြို့ ကမ်းနားလမ်းဘေးမှ သတ်မှတ်ထားသော ဧရိယာတခုသို့ တစုပေါင်းတည်း ပြောင်းရွှေ့နေရာချခဲ့သည်။ နောက် ၂ နှစ်ခန့် ကြာသည့်အခါ အဆိုပါလုပ်ရပ်သည် စာရင်းစစ်ချုပ်အတွက် ပြောစရာဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော်
၁။ ညဈေးတန်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တို့တွင် ၁.၅၆၉ ဘီလျံကျပ် ဖြစ်ခဲ့သော်လည်း ပြန်လည်ရရှိငွေက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၁၄.၄၈၂ သန်းသာ ရရှိခဲ့သည်။
၂။ ၂၀၁၈ ခုနှစ်မတ်လတွင် ဆိုင်ခန်းပေါင်း ၅၃၃ ခန်းသာ ကျန်ရှိတော့သောကြောင့် ယာယီ ပျံကျ ကတ်ထုတ်ပေးထားသော ဆိုင်ခန်းပေါင်း ၁၇၆၃ ခန်း၏ ၃၀ ရာခိုင်နှုန်းကျော်သာ ရှိသည်။
၃။ စာရင်းစစ်ချုပ်၏ မှတ်ချက်။ ။ “ဈေးစည်ကားမှု မရှိ။ မျှော်မှန်းသည့် ရလဒ်ကောင်းများ မရပါသဖြင့် နည်းလမ်းရှာ ပြုပြင်ဆောင်ရွက်သင့်ပါသည်”
ရန်ကုန်ယာဉ်သွားလာမှု ထိန်းချုပ်ရေးစင်တာ
ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရေး အတွက် ယာဉ်ကြောထိန်းချုပ်မှုစင်တာ တည်ဆောက်ရန် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်၌ ရန်ကုန်တိုင်းအစိုးရ၊ Myanmar Shwe Ying International Co., Ltd နှင့် China Railway 21st Bureau Group Co. တို့အကြားတွင် ကန်ထရိုက် စာချုပ်တခု ချုပ်ဆိုခဲ့သည်။ သို့သော်လည်း နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် ၂၀၁၉ ခုနှစ် ဧပြီလ ရောက်သည်အထိ စန်တာ၏ လုပ်ငန်းများကို ရန်ကုန်တိုင်း အစိုးရသို့ လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာက တွေ့ရှိခဲ့ရသည်။ ထိုစန်တာနှင့် ပတ်သက်သည့် သိရှိထားသင့်သော အသေးစိတ် အချက်အလက်များကို အောက်တွင် ဖော်ပြထားပါသည်။
၁။ စုစုပေါင်းကုန်ကျငွေ – ၁၈.၉၃၈ ဘီလျံကျပ်
၂။ စီမံကိန်းကို သတ်မှရက်အတိုင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခဲ့သည့် အတွက် ကုမ္ပဏီက ဒဏ်ကြေးအဖြစ် တနေ့လျှင် ကျပ် ၁၀၀,၀၀၀ ကို ရန်ကုန်တိုင်းအစိုးရသို့ ပေးဆောင်ရမည် ဖြစ်သည်။
၃။ စင်တာအတွက် အရည်အသွေးထိန်းချုပ်ရေး ကော်မတီကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။
မူမမှန်မှုများ
• သတ်မှတ်ရက်အတိုင်း မပြီးသောကြောင့် ၂၀၁၆ ခုနှစ်သြဂုတ်လတွင် ကုမ္ပဏီများက စတင်၍ ဒဏ်ငွေဆောင်ခဲ့သည်။ စုစုပေါင်းဒဏ်ငွေ ကျပ် ၂၈.၆ သန်း ပေးဆောင်ခဲ့ပြီးနောက် စာချုပ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်၍ ၂၀၁၇ ခုနှစ်မေလ ၁၆ ရက်မှစတင်ပြီး ဒဏ်ငွေပေးဆောင်ခြင်း မရှိတော့ဟု စာရင်းစစ်ချုပ်၏ အစီရင်ခံစာ အကျဉ်းချုပ်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့
၂၀၁၆ ခုနှစ်တွင် မြို့တော်၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို ကြီးကြပ်စီမံရန် ရန်ကုန်တိုင်း အစိုးရက ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ (YRTA) ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့၏ ကြီးကြပ်မှု အောက်တွင် ၂၀၁၇ ခုနှစ်၌ ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု (YBS) ကို ထူထောင်ပြီး ယာဉ် လိုင်း ၁၀၀ ကျော်ဖြင့် ခရီးသည်များအတွက် စတင်ပြေးဆွဲခဲ့သည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအကျဉ်းချုပ်အရ –
၁။ YRTA ၏ အသုံးစရိတ်မှာကျပ် ၁.၇၉၆ ဘီလျံဖြစ်ပြီး ဝင်ငွေ ၉.၄၈၇ ဘီလျံကျပ် ဖြစ်သောကြောင့် ၇.၆၉၁ ဘီလျံကျပ် ပိုလျှံခဲ့သည်။
မူမမှန်မှုများ
ပိုလျှံမှု ရှိနေသော်လည်း YRTA က အစိုးရသို့ ဝင်ငွေခွန် ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်။
အကျိုးအမြတ်မရှိသော ရင်းနှီးမြှုပ်နှံမှုများ
ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြို့တော်၏ ဘတ်စ်ကားဝန်ဆောင်မှုကို မြှင့်တင်ရန် အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ လီမိတက် (YUPT) နှင့် Yangon Bus Public Co., Ltd (YBPC) တို့တွင် တခုလျှင်ကျပ် ၃၅ ဘီလျံစီ ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့နောက် ဘတ်စ်ကား အစီး ၁၀၀၀ (ကုမ္ပဏီတခုလျှင် ၅၀၀ စီ) ကို အမေရိကန်ဒေါ်လာ ၅၆ သန်း အကုန်ကျခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။ သို့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီနှစ်ခုစလုံးက ကျပ်ငွေ ၃.၈၅၇ ဘီလျံကျော် အရှုံးပေါ်ခဲ့သည်ဟု အစီရင်ခံစာကဆိုသည်။ ထို့ပြင် အစီရင်ခံစာက ဆက်လက်ဖော်ပြထားသည်မှာ
၁။ YUPT နှင့် YBPC တို့က ပြည်တွင်း ဘဏ်တခုဖြစ်သည့် ဧရာဝတီဘဏ်မှ ကျပ် ၈ ဘီလျံ (တခုစီလျှင် ၄ ဘီလျံစီ) ချေးယူခဲ့သည်။ အစိုးရ၏ရင်းနှီးမြှုပ်နှံမှုက တရုတ်နိုင်ငံမှ ဘတ်စ်ကားများဝယ်ယူရန် မလုံလောက်ခြင်းကြောင့် ဖြစ်သည်။ နှစ်စဉ် အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်သည်။
၂။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ YBPC က ဧရာဝတီဘဏ်သို့ ကျပ် ၂.၈၄၈ ဘီလျံကို ပြန်ပေးသွင်းခဲ့ပြီး ဖြစ်သည်။ YUPT က ပြန်ပေးခြင်း ရှိ/မရှိကို အစီရင်ခံစာတွင် ဖော်ပြမထားပါ။
မတန်တဆဈေးနည်းလွန်းသော မြေငှားရမ်းခြင်း
ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်း အစိုးရက မြို့တော်အတွင်းမှ အများပြည်သူနှင့် ဆိုင်သော ကြီးမားသည့် ဥယျာဉ်များကို တစိတ်တပိုင်း ဖြစ်စေ၊ တခုလုံးကို ဖြစ်စေ စီးပွားရေး လုပ်ငန်းများအတွက် ကာလရှည်ငှားရမ်း ထားခဲ့သည်။ ငှားရမ်းခများမှာ လက်ရှိနှုန်းထားများထက် များစွာနိမ့်ကျနေသဖြင့် အစိုးရအတွက် နှစ်စဉ် ကျပ်သန်းပေါင်းများစွာ အရှုံးပေါ်စေသည်။ စာရင်းစစ်ချုပ်၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် အကျဉ်းချုပ် အစီရင်ခံစာအရ လက်ရှိ ရန်ကုန်အစိုးရသည် ထိုပြဿနာကို ဖြေရှင်းရန်လိုအပ်နေဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။ ဥပမာအချို့ပြရမည်ဆိုလျှင်
၁။ အစိုးရက ရန်ကုန်မြို့ပြည်သူ့ဥယျာဉ်တွင်းတွင် Natural World Co. , Ltd သို့ မြေငှားရမ်းခြင်းတွင် ဈေးကွက်ပေါက်ဈေးထက် ၁၀.၂၃၇ ဘီလျံကျပ် လျော့နည်းနေခဲ့သည်။
၂။ ကန်တော်ကြီးပန်းခြံတွင် မြေ ၁၉.၁၁ ဧကကို ဇေကမာ္ဘကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်းခွင့်ပြုခဲ့သည်။ သို့သော် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အစိုးရက ၃.၀၅၅ ဧကအတွက် ကျပ် ၄၇၄.၂၅၇ သန်းသာ ရရှိခဲ့သည်။ ထိုပမာဏက အစိုးရ၏ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတ်မှတ်ထားသည့်လက်ရှိ မြေငှားရမ်းခထက် ၂.၇၁၉ ဘီလျံကျပ် နည်းနေသည်။
မူမမှန်မှုများ
စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော သမ္မတရုံး၏ ညွှန်ကြားချက်များ တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ အနေဖြင့် မြေငှားရမ်းခနှုန်းထားများက စီမံကိန်း တည်ရှိနေသော ဒေသနှင့် ကိုက်ညီသော လက်ရှိဈေးနှုန်းများဖြစ်စေရန် တိုက်တွန်းထားသည်။ သို့သော်လည်း စာရင်းစစ်ချုပ် အစီရင်ခံစာ အကျဉ်းပါ အချက်များအရ ရန်ကုန်တိုင်းအစိုးရ အနေဖြင့် အဆိုပါညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။
(Kyaw Phyo Tha ၏ Auditor’s Report Shows Financial Problems of Yangon Government ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ရှင်းတမ်း မချပြခြင်းသည် အဂတိလိုက်စားမှု ဖြစ်သွားနိုင်
ဖုံးဖိဖို့ မကြိုးစားပါနဲ့ ရန်ကုန်တိုင်းအစိုးရရယ်
ရန်ကုန်မြို့သစ် တရုတ်ပိုးလမ်းမ စီမံကိန်းဝင် ဟုတ် မဟုတ် လူထုသိဖို့ လိုသည်