ဆောင်းပါး

မောင်ပေါက်ကျိုင်းတို့ဌာနေ တကောင်းပြည်

ရာဇဝင်မှာ နဂါးနိုင်မင်း မောင်ပေါက်ကျိုင်းဆိုရင် မသိသူမရှိသလောက် ရှားပါလိမ့်မယ်။ မောင်ပေါက်ကျိုင်းနဲ့ တွဲဖက်ပြီး တကောင်းပြည်ကြီးအကြောင်းလည်း သိကြပါလိမ့်မယ်နော်။ တကောင်းပြည်ကြီးဆိုတာ ရာဇဝင်ထဲက မြို့တော်ကြီးလို့ ငယ်ငယ်က သိထားခဲ့တာကနေ အထက်မြန်မာပြည်ရဲ့ ဧရာဝတီမြစ်ဘေးက ရှေးဟောင်း မြို့တမြို့အဖြစ် သိလာရတဲ့အချိန်တွေမှာ သွားရောက်လည်ပတ်ချင်ခဲ့တာ ကြာပါပြီ။ 

ဒီတခေါက်တော့ ပျူမြို့ဟောင်းတမြို့အဖြစ် လွန်ခဲ့တဲ့ နှစ်ထောင်ချီကာလတွေက နာမည်ကျော်ခဲ့တဲ့ တကောင်းမြို့လေးကို မိသားစု ရောက်ဖြစ်ခဲ့ပါတယ်။ တကောင်းမြို့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြတဲ့ မိသားစုဝင်တွေဟာ အထက်အညာဘက်ကို အားလပ်ရက်ခရီးထွက်ရင်း သွားရောက်လည်ပတ်လေ့လာကြဖို့ စီစဉ်ဖြစ်ကြတာပါ။ 

လွတ်လပ်ရေးနေ့ရုံးပိတ်ရက်နဲ့ ဆက်ပြီး အထက်အညာကို ခရီးသွားကြမယ်ဆိုတော့ ပထမဆုံးအနေနဲ့ ပုဂံကို ဝင်ရောက်လည်ပတ်ပါတယ်။ အဲဒီကနေမှ မုံရွာကိုလည်း ဝင်လည်ပတ်လိုက် ပါသေးတယ်။ ခရီးသွားရရင် သွားချင်လာတဲ့နေရာကို သွားချင်တဲ့အချိန်သွားရမှ ကျေနပ်ကြတဲ့ မိသားစုတွေဖြစ်တာကြောင့် တကောင်းကိုလည်း မဖြစ်မနေသွားမယ်ဆိုတဲ့ သံန္နိဌာန်နဲ့ အချိန်တိုအတွင်း ဆက်လက်ချီတက်ကြတာပါ။ 

 

 

တကောင်းကို ဘယ်လိုသွားမလဲ ဆိုတာကနေ စပြောချင်ပါတယ်။ တကောင်းမြို့ဟာ မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ်ထဲမှာ တည်ရှိတာကြောင့် ကျမတို့မိသားစုက ပုဂံကနေထွက်လာပြီး မန္တလေးမှာ တညအိပ်ကြပါတယ်။ မန္တလေးကနေမှ နောက်ထပ် မိုင် ၁၂၀ ကျော် ကျန်ရှိသေးတာကြောင့် ဖြစ်ပါတယ်။ 

မနက်စောစော ၅ နာရီလောက် မန္တလေးကနေ ထွက်လာကြတဲ့အခါ လင်းအားကြီးအချိန် ဖြစ်တာကြောင့် လမ်းတလျှောက် မြူတွေနှင်းတွေနဲ့ လှပနေတဲ့ အညာရဲ့ ဆောင်းမနက်ခင်းကို ခံစားကြရတာပါ။ သပိတ်ကျဉ်းဘက်ကို သွားရတာဖြစ်လို့ မန္တလေးကနေ မိုးကုတ်ကို သွားတဲ့ လမ်းအတိုင်းပဲ မောင်းသွားပြီး မိုးကုတ်နဲ့ သပိတ်ကျဉ်းလမ်းခွဲကျမှ ဘယ်ဘက်ကို လိုက်သွားကြပါတယ်။ 

တကောင်းစံပြရွာ

မန္တလေးက မနက် ၅ နာရီထွက်တာဟာ မနက် ၁၀ နာရီသာသာ လောက်မှာ တကောင်းကို ရောက်ပါပြီ။ တကောင်းသို့ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဖြတ်ကျော်ပြီးတာနဲ့ တကောင်းမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တော့ စိတ်ထဲမှာ ဒဏ္ဍာရီထဲက တကောင်းပြည်ကြီးကို ရောက်တော့မယ်ဆိုတဲ့ အတွေးက ရင်ခုန်စရာကောင်းလှပါတယ်။ မန္တလေးကနေ ၁၂၇ မိုင်ကျော်ဝေးတဲ့ တကောင်းဟာ တကယ်တော့ ဧရာဝတီမြစ်ကမ်းနဖူးကအိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ မြို့ငယ်လေးသာသာပဲ ကျန်ပါတော့တယ်။ 

ဆက်မောင်းလာကြရင်း မကြာခင်မှာ တကောင်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဆိုတဲ့ မုခ်ဦးရှေ့ကို ရောက်တဲ့အခါ မုခ်ဦးမှာ ထွင်းထုထားတဲ့ လှံနဲ့ သံလျှက် တဖက်တချက်စီ ကိုင်ပြီး ထိုင်နေတဲ့ပုံရှိတဲ့ အစောင့်အရှောက်နှစ်ဦးရဲ့ မျက်နှာကျတွေကို ကြည့်ပြီး အံ့သြရပါတယ်။ လက်ရာမြောက်လှတဲ့ ရုပ်တုကြီးတွေရဲ့ မျက်နှာပေးတွေဟာ အင်မတန်မှ အသက်ဝင်လွန်းလို့ပါ။ 

 

မျက်မှောင်အတွင် ကြုံ့ထားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားတဲ့ ရုပ်တုတွေရဲ့မျက်နှာဟာ အင်မတန်မှ မာန်ပါလွန်းပါတယ်။ တကောင်းပြည်ကြီးမှာ နေထိုင်ခဲ့ကြတဲ့ တကောင်းသားတွေရဲ့ အင်အားကြီးမားမှု၊ တည်ကြည်ခန့်ညားမှုကို သရုပ်ဖော်ထားတာပဲ နေမယ်လို့ စိတ်ထဲက တွေးမိရပါတယ်။ ကနုတ် အခက်တွေနဲ့ ဖန်တီးထားတဲ့ မုခ်ဦးကြီးကတော့ ရှေးဟောင်း တကောင်းမြို့တော်ကြီးကို အဝင်မှာ တည်တည်ခန့်ခန့် ရှိလွန်းလှပါတယ်။ 

မုခ်ပေါက်ကြီးကနေ အတွင်းကို ဝင်သွားတဲ့အခါမှာတော့ ကတ္တရာလမ်း ခင်းထားတဲ့ လမ်းတစ်လျှောက် မြို့ထဲကို ဝင်သွားတဲ့အထိ ကြီးမားလှတဲ့ လမ်းမကြီးတွေတော့ မတွေ့ရပါဘူး။ ဘေးတဖက်တချက်မှာ ဧရာဝတီမြစ်ကြီးနဲ့ မင်းဝံတောင်တန်းတွေကိုလည်း မှိုင်းညို့ညို့ တွေ့ရပါမယ်။ 

တကောင်းမြို့မှ ဧရာဝတီမြစ်ပြင်ကို မြင်ရစဉ်

မြို့ထဲကို ဝင်လာတာနဲ့ အဝင်ဝနားမှာပဲ တကောင်းရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်ကို တွေ့ရပါတယ်။ တကောင်းပြတိုက်ဟာ ပုဂံက ယဉ်ကျေးမှုပြတိုက်လောက်တော့ ကြီးမားခြင်းမရှိပါ။ ပြတိုက်ဝင်းအတွင်းမှာ တူးဖော်ထားတဲ့ ကုန်းတွေနဲ့ မြို့ရိုးတွေ၊ သံချပ်ဖိုအမှတ်အသားတွေကို တွေ့ရှိရပါတယ်။ ပြတိုက်ဝင်းအတွင်းမှာ ခြုံနွယ်တွေတက်နေတဲ့ မြေကွက်လပ်တွေလည်း ရှိပါသေးတယ်။ 

 

ပြတိုက်ကို မနက် ၉ နာရီခွဲကနေ ညနေ လေးနာရီခွဲအထိ ဖွင့်ပြီး တနလာၤနေ့နဲ့ အစိုးရပြန်တမ်းဝင်ရုံးပိတ်ရက်တွေမှာ ပိတ်ပါတယ်။ ပြည်တွင်းက ခရီးသွားတွေအတွက် ဝင်ကြေးအခမဲ့ပေမယ့် နိုင်ငံခြားသားတွေဆိုရင်တော့ တဦးကို ၅၀၀၀ ကျပ် ကျသင့်ပါတယ်။ 

 

၂၀၀၅ ခုနှစ်လောက်က စတင်ဖွင့်လှစ်ခဲ့တဲ့ တကောင်းပြတိုက်အတွင်းမှာ ပြသထားတာတွေက များပြားလွန်းလှတာမဟုတ်တဲ့အတွက် အချိန်နည်းနည်း ပေးလိုက်ရင်ကိုပဲ တကောင်းရဲ့ ရှေးဟောင်းဇုန်အကြောင်း သိမိလောက်ပါတယ်။ 

တကောင်း ရှေးဟောင်းပြတိုက်

 

များသောအားဖြင့် ပုဂံခေတ်နဲ့ခေတ်ပြိုင် ဘုရားဦးခေါင်းတော်တွေ၊ မတ်ရပ်ကိုယ်တော်တွေအပြင် ပျူယဉ်ကျေးမှုထွန်းကားခဲ့တဲ့ အထောက်အထားဆိုင်ရာ မြေအိုးတွေ၊ ပုတီးစေ့တွေ၊ လူ့အသုံးအဆောင် ပစ္စည်းတွေကို ပြသထားပါတယ်။ များသောအားဖြင့် လွန်ခဲ့တဲ့ နှစ်တထောင်ကျော်က အထောက်အထားများစွာကို တွေ့ရှိရပါတယ်။ 

တကောင်းမြို့ကြီးဟာ ရာဇဝင်ထဲမှာတော့ မြတ်စွာဘုရားမပွင့်မီ နှစ်ပေါင်း ၇၀၀ ကျော်ခန့်က အဘိရာဇာ ဦးဆောင်တဲ့ သာကီဝင်အဖွဲ့တွေ ဝင်ရောက်လာရင်း တကောင်းမင်းဆက် ၃၀ ကျော်အထိ စိုးစံခဲ့တာကို လေ့လာရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ကျော်က အဖြစ်မို့ သမိုင်းအထောက်အထားတွေ ကတော့ ရှာဖွေနေရဆဲပါ။ 

တကောင်း ရှေးဟောင်းပြတိုက်

တကောင်းမြို့ကြီးဟာ သမိုင်းမှတ်တမ်းတွေအရတော့ ဧရာဝတီမြစ်ကြီးရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိခဲ့ရာကနေ ခုချိန်မှာတော့ မြစ်ရဲ့ အရှေ့ဘက်ကမ်းကို ရောက်ရှိနေပါတယ်။ ဒါဟာ သမိုင်းပညာရှင်တွေအတွက် အံ့သြစရာဖြစ်သလို၊ သိပ္ပံနည်းကျ လေ့လာမယ်ဆိုရင်လည်း ဧရာဝတီမြစ်ကြောင်း ပြောင်းလဲမှုဟာ အံ့မခန်းစရာပါပဲ။ 

တကောင်းမြို့လေးထဲကို ဝင်လိုက်တာနဲ့ လမ်းကျဉ်းလေးတွေထဲကနေ မြစ်ကမ်းနားအထိကို ကားနဲ့ပဲ ဝင်ရောက်လို့ရပါတယ်။ မြစ်ကမ်းဘေးက မြို့ဖြစ်တာကြောင့် အိမ်တွေဟာ မြစ်ကမ်းဘေးမှာ တည်ရှိထားကြပါတယ်။ 

တကောင်းမြို့မှာ မြို့ရိုးဟောင်းတွေကလည်း အထပ်ထပ်ရှိပါတယ်။ မြောက်ယာဉ်စွန်းတန်း ဖြတ်သန်းသွားတယ်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ကနေ ကြည့်လိုက်ရင် ခိုင်ခံ့လှတဲ့ နှစ်ပေါင်းထောင်ချီနေတဲ့ မြို့ရိုးဟောင်းကြီးကို တွေ့ရမှာပါ။ မြို့ရိုးပေါ်က အုတ်တွေဟာ ထူထဲ ခိုင်ခန့်လှပြီး တကောင်းမြို့တော်ကြီး ခေတ်ကောင်းစဉ်က လုံခြုံရေးအတွက် အင်မတန်ကောင်းခဲ့ပုံရပါတယ်။ 

တကောင်းရှေးဟောင်းဇုန်

မြို့ရိုးကြီးကိုကျော်သွားပြီး ဧရာဝတီမြစ်ကမ်းဘေးက ဘုရားစေတီတွေဘက် ရောက်ဖြစ်ခဲ့ပါတယ်။ နဂါးနိုင်မင်း မောင်ပေါက်ကျိုင်း အထိမ်းအမှတ် ပေါက်ကျိုင်းစေတီ၊ အလောင်းဘုရား ဦးအောင်ဇေယျတည်ခဲ့တဲ့ အောင်မြေစေတီ၊ ဒါ့အပြင် ရာဇဝင်မှာ နာမည်ကျော်တဲ့ ကံရာဇာကြီး၊ ကံရာဇာငယ်တို့ရဲ့ ဘုရားတည်ပြီး ထီးနန်းအနိုင်ယူကြတဲ့ အချိန်က ထီးနန်းမရလိုက်တဲ့ ကံရာဇာကြီး တည်ခဲ့တယ်ဆိုတဲ့ စေတီကိုလည်း တွေ့နိုင်ပါသေးတယ်။

တကောင်းဘိုးဘိုးကြီး နတ်နန်းဆိုတာကလည်း မဝင်မဖြစ် မလေ့လာရင် မဖြစ်တဲ့ နေရာမှာ ပါပါတယ်။ တကောင်းဘိုးဘိုးကြီး နတ်နန်းထဲမှာဆိုရင် ပျူရုပ်သွင်နဲ့ ထုလုပ်ထားတဲ့ မျက်နှာရှည်ရှည်၊ မျက်လုံးမျက်ဖန် ကြီးကြီးနဲ့ တကောင်းဘိုးဘိုးကြီး ရုပ်ထုကိုလည်း တွေ့ရမှာပါ။ 

အဲဒီဘက်ကနေ အတွင်းဘက်ကို ဆက်လေ့လာမယ်ဆိုရင်တော့ ခုထက်ထိ ရှိနေသေးတဲ့ အုပ်ထပ်ရေ ၄၇ ထပ်မြင့်တဲ့ မြို့ရိုးဟောင်းနေရာကို သံဆန်ခါတွေနဲ့ ခပ်ထားတဲ့ နေရာကိုမြင်နိင်ပါမယ်။ လူနေရပ်ကွက်တွေထဲ ရောက်နေတာမို့ ရှေးဟောင်းသုတေသန ဦးစီးဌာနက ဘောင်ခတ်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ 

ကြပ်ညပ်နေတဲ့ အိမ်ကလေးတွေကို ဖြတ်ကျော်ပြီးရင်တော့ မြစ်ကမ်းနဖူးက ရှေးဟောင်းစေတီကို ထုံးဖြူဖြူလေးနဲ့ ကြည်ညိုစရာမြင်ရပါမယ်။ ဧရာဝတီမြစ်ကြီးကို တမံတုတ်ပြီး အင်းအဖြစ် လုပ်ထားတဲ့ နေရာရှိသလို၊ အဝေး သောင်ခုံပေါ်မှာ စိုက်ပျိုးထားတဲ့ ခြံတွေကိုလည်း မြင်ရမှာပါ။ ဧရာဝတီတဖက်ကမ်းကိုလည်း လှမ်းကြည့်လိုက်ရင် မင်းဝံတောင်တန်းကြီးတွေနဲ့ သာယာလှတာကို လေကောင်းလေသန့် ရှူရင်း မြင်ရပါလိမ့်မယ်။ 

ကျမတို့ မိသားစုကို တကောင်းမြို့ခံ ဘုန်းဘုန်း ဦးဝိမာလာက လိုက်လံပြသပေးပြီး လက်ရှိတကောင်းမြို့ရဲ့ အကြောင်း ရှင်းပြပေးတော့ ကျေးဇူးတင်ရပါသေးတယ်။ တကောင်းမှာ လက်ရှိတော့ စိုက်ပျိုးရေးကိုပဲ အခြေခံ စီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး တချို့ကတော့ တကောင်းမှာ လုပ်ဆောင်နေတဲ့ နီကယ်ထုတ်လုပ်ရေးစက်ရုံမှာ သွားရောက် လုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်တဲ့။ 

သပိတ်ကျဉ်းမြို့နယ်ထဲမှာ ဖြစ်တာကြောင့် ရွှေထုတ်လုပ်ရေးလုပ်ငန်းတွေလည်း တချို့က လုပ်ဆောင်ကြပါသတဲ့။ တကောင်းမြို့လေးဟာ ခုချိန်မှာတော့ ရှေးကလို စည်ကားဖွံဖြိုးတဲ့ မြို့ကြီးမဟုတ်တော့ပေမဲ့ ဒေသခံတွေကတော့ တကောင်းကနေ တခြားကို သွားရောက်အခြေချ နေထိုင်တာကိုတော့ မနှစ်သက်လှပါဘူး။ လက်ငုတ်လက်ရင်း မိရိုးဖလာ စိုက်ပျိုးရေးနဲ့ပဲ လောဘနည်းစွာ နေထိုင်ရတာကိုပဲ သဘောကျပါတယ်။ 

ရာသီဥတုကတော့ အညာဒေသတွေလိုပဲ ဆောင်းတွင်းမှာအေးလွန်းလှပြီး နွေရာသီဆိုရင်လည်း ပူပြင်းလှပါသတဲ့။ မိုးများတဲ့ အရပ်လည်းဖြစ်သလို၊ ရာသီအလိုက် ရသအကုန်ခံစားလို့ရတာကြောင့် ဥတုသုံးပါးလုံး ရှိတဲ့မြို့လို့ ပြောရမှာပါ။ 

တကောင်းပြည်နဲ့ ပတ်သက်တဲ့ ပါးစပ်ပြောပုံပြင်တွေ၊ ရာဇဝင်တွေ၊ ဒဏ္ဍာရီတွေကတော့ အမျိုးစုံ ရှိခဲ့ပါတယ်။ ပုဂံခေတ်နဲ့လည်း ကူးလူးဆက်နွယ်ခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ပြီး ပျူခေတ်ရဲ့ အထောက်အထားတွေကိုပါ ၂၀၀၃ ခုနှစ်လောက်ကစပြီး တွေ့ရှိလာရတာကြောင့် မြန်မာအစ တကောင်းကဆိုပြီးလည်း သုတေသီတွေက ပြောလာကြတာတွေ ရှိပါတယ်။ 

သမိုင်းအထောက်အထားပိုမို ရရှိပြီး ပိုလုံလောက်တဲ့ ငွေကြေးတွေသာ ရမယ်ဆိုရင်တော့ တကောင်း ရှေးဟောင်းမြို့ကို ဒီထက်ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းပြီး ခရီးသွားတွေ ပိုလာအောင် ဆောင်ရွက်လို့ ရမယ် ထင်ပါ တယ်။ 

ခုချိန်မှာတော့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာရှိတဲ့ ဇလုံတောင်ဘုရားဖူးခရီးစဉ်နဲ့သာ တွဲပြီး တကောင်းကို လာရောက်သူတွေရှိတယ်လို့ သိရပါတယ်။ တကောင်းမြို့သာ ယူနက်စ်ကို အသိအမှတ်ပြု ပျူမြို့တမြို့ ဖြစ်လာမယ်ဆိုရင်လည်း တိုင်းပြည်အတွက် ပိုမိုဂုဏ်တက်စရာတွေ ဖြစ်လာမှာ အသေအချာပါ။ 

ရှေးဟောင်းသမိုင်းတွေကို လေ့လာရတာ ဝါသနာပါတဲ့သူတွေ အနေနဲ့လည်း တကောင်းမြို့ကြီးကို တခေါက်လောက်တော့ သွားရောက်လေ့လာသင့်ကြောင်း သတင်းပါးရပါတယ်။

You may also like these stories:

ချင်းပြည်နယ် ခရီးသွား ယခင်နှစ်ထက် ၇ ရာခိုင်နှုန်းခန့် တိုးလာဟု ဆို

မပျက်စီးသေးတဲ့ အလှတွေနဲ့ မော်တင်စွန်းကမ်းခြေဆီ

Loading