“တရှိန်ထိုး တိုးတက်နေတဲ့ တရုတ် နိုင်ငံတော် နဲ့ တရုတ် ပြည်သူလူထုကို ဘယ်လို အင်အားစုမျိုးကမှ ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး” လို့ သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပါတယ်။
အဲဒီ စကားကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်နေ့က ဘေဂျင်းမြို့ The Forbidden City မှာ ကျင်းပတဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြ အခမ်းအနားမှာ ပြောတာလို့ နှစ်ကုန်ပိုင်းမှာ ထုတ်ဝေ လိုက်တဲ့ ကမ္ဘာကျော် Time မဂ္ဂဇင်းက ဖော်ပြပါတယ်။
Time မဂ္ဂဇင်းက နှစ်စဉ် ပြုလုပ်တဲ့ ထူးခြား ထင်ရှားသူများ (Person of the year) အစီအစဉ်မှာ အထူးကဏ္ဍ အနေနဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ သြဇာ အရှိဆုံး ခေါင်းဆောင် ၆ ဦးကို ဖော်ပြရာမှာ သမ္မတ ရှီကျင့်ဖျင်ကို ထိပ်ဆုံးက ရေးသား ဖော်ပြ ထားပါတယ်။
တခြားသော ခေါင်းဆောင်တွေကတော့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်၊ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ၊ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၊ နယူးဇီလန် ဝန်ကြီးချုပ် ဂျဆင်ဒါ အာဒန် နဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် တို့ပဲ ဖြစ်ပါတယ်။
သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ တရုတ်နိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတွေ တရှိန်ထိုး တိုးတက်လာတယ်လို့ ဆိုရ ပါမယ်။ အထူးသဖြင့် စီးပွားရေး ကဏ္ဍမှာ သိသာစွာ တိုးတက်လာခဲ့ပါတယ်။ ကမ္ဘာ့ ဒုတိယ အဆင့် ဖြစ်ပါတယ်။
အခုဆိုရင် တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာကို အလည်အပတ် ခရီးတွေတောင် သွားနိုင်နေကြပါပြီ။
တရုတ်နိုင်ငံဟာ လူဦးရေ သန်း ၁၄၀၀ ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။ ဒီလို များပြားလှတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ထမင်း ဝအောင် ကျွေးနိုင်ရေး အတွက် တရုတ်ခေါင်းဆောင် အဆက်ဆက် ကြိုးပမ်းခဲ့ကြတာဟာဖြင့် ရှီကျင့်ဖျင် လက်ထက်မှာ သိသိ သာသာ တိုးတက်လာတယ်လို့ ဆိုရပါမယ်။
တရုတ်နိုင်ငံရဲ့ ၆ ယောက်မြောက် ခေါင်းဆောင်ဖြစ်တယ်လို့ သတ်မှတ်ခံရတဲ့ ရှီကျင့်ဖျင်ဟာ အောက်သက်ကျေတဲ့ ခေါင်းဆောင် တဦးလို့ ဆိုရင်လည်း မမှားပါဘူး။
သူငယ်စဉ် ဘဝကတည်းက သူ့ဖခင်ရဲ့ဇာတိ ရှန်းရှီးပြည်နယ် ကျေးလက် ဒေသမှာ သွားရောက် နေထိုင်ရပြီး ကွန်မြူနစ် ပါတီ တာဝန်ကို ထမ်းရွက်၊ ပြည်သူကို အလုပ်အကျွေးပြုရင်း တဖက်က ပညာကိုလည်း ရှာဖွေ ကြိုးပမ်းခဲ့ရသူ ဖြစ်ပါတယ်။ ချင်းဟွာ တက္ကသိုလ်ကနေ ဥပဒေ ဘာသာရပ်နဲ့ ဒေါက်တာ ဘွဲ့ကိုလည်း ရရှိထားပါတယ်။ ဓာတုအင်ဂျင်နီယာ ဘာသာရပ် ကိုလည်း လေ့လာ သင်ယူခဲ့ပါတယ်။ ကျေးလက်ကနေ မြို့နယ်၊ ခရိုင်၊ ပြည်နယ် အစရှိတဲ့ တဆင့်ပြီးတဆင့် ဒု သမ္မတ၊ သမ္မတ ရာထူးအထိ ကြိုးစား တက်လှမ်းလာသူ ဖြစ်ပါတယ်။
သူဟာ ၁၉၅၃ ခုနှစ် ဇွန်လ ၁၅ ရက်က ဘေဂျင်းမြို့မှာ မွေးဖွားခဲ့ပြီး ၁၄ နှစ်သားကတည်းက တရုတ် ကွန်မြူနစ် ဝါဒီ တဦး ဖြစ်လာသူပါ။ ၁၉၇၄ မှာတော့ ကွန်မြူနစ် ပါတီဝင်လုံးလုံး ဖြစ်သွားတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ဖခင်ရဲ့ ဝါဒ တွေကို နာယူပြီး ကွန်မြူနစ် တယောက် ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ရှီကျင့်ဖျင် ရဲ့ ဖခင် ရှီကျုံးရွှင်နဲ့ မိခင် ချီရှင်းဟာ ဥက္ကဋ္ဌကြီး မော်စီတုန်းရဲ့ သွေးသောက် ရဲဘော်တွေ ဖြစ်ပါတယ်။ သူ့ဖခင် ဗိုလ်ချုပ် ရှီကျုံးရွှင်ဟာ ကွန်မြူနစ် ပါတီရဲ့ ဝါဒ ဖြန့်ချိရေး ဝန်ကြီးနဲ့ ဒု သမ္မတ တာဝန်တွေ အထိ ထမ်းဆောင်ခဲ့သူပါ။ ကူမင်တန် နဲ့ ဖက်ဆစ် ဂျပန်ကို တွန်းလှန် တိုက်ခိုက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ရှီကျင့်ဖျင် ငယ်စဉ်က ကျောင်းကောင်းတွေကို တက်ရောက် ပညာသင်ကြားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် လည်း တချိန်မှာ ဖခင်ဖြစ်သူ ရာဇမာန်သင့် ခံရလို့ အိမ်နိမ့်စံဘဝ ရောက်ခဲ့ရပြီး လောကဓံကို ကျောကော့အောင် ခံခဲ့ရတဲ့ ကာလတွေကိုလည်း ဖြတ်ကျော်ခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ သံမဏိ စိတ်ဓာတ် ရှိသူလို့လည်း ဆိုပါတယ်။
၂၀၁၃ ခုနှစ် မတ်လမှာတော့ ရှီကျင့်ဖျင် သမ္မတ တာဝန်ကို စတင် ထမ်းဆောင်ခဲ့ရပါတယ်။ သမ္မတ ရာထူး လက်ခံပြီး နောက် “ပြုပြင်ပြောင်းလဲရေးနဲ့ တိုင်းပြည် တံခါးဖွင့်ခြင်း တို့ကို ဆက်လက် အလေးထား လုပ်ဆောင်မယ်” လို့ ရှီကျင့်ဖျင်က တိုင်းပြည်ကို ကြေညာခဲ့ပါတယ်။
သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ စီးပွားရေးတိုးတက်မှု အပြင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးတွေကိုလည်း အလေး ထား လုပ်ဆောင်တာကို တွေ့ရပါတယ်။ အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်ပြီး သေဒဏ် အထိ အပြစ်ပေး ခဲ့တာတွေ ရှိပါ တယ်။ ဒါဟာ ၂၀၀၇ ခုနှစ်က ကွန်ဖြူနစ်ပါတီ ဗဟိုကော်မတီ အမြဲတမ်း ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဖြစ်ကတည်းက လုပ်ဆောင် ခဲ့တာလို့ သိရပါတယ်။
စီးပွားရေး မဟာဗျူဟာနဲ့ ပတ်သက်ပြီးတော့လည်း စစ်မှန်တဲ့ စီးပွားရေး တိုးတက်မှုမှာ ဖောင်းပွတာ မရှိဘူးလို့ ရှီကျင့်ဖျင် က ပြောဆိုပါတယ်။ ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဦးတည်တယ်လို့လည်း ဆိုပါတယ်။ ဆိုရှယ် လစ် စနစ် ဝါဒသာ တရုတ်နိုင်ငံနဲ့ အံဝင်ခွင်ကျ တိုးတက်စေခဲ့တယ်။ တပါတီ စနစ်ကသာ အလုပ်ဖြစ်တယ်။ အောင်မြင် တယ်။ နိုင်ငံတော် သစ်ကို ထူထောင်နိုင်ခဲ့တယ် လို့လည်း ရှီကျင့်ဖျင်က ပြောဆိုပါတယ်။
ကျနော်တို့ စွဲမြဲ ဆုပ်ကိုင်ရမှာ က “နှစ်ဘက်မြင် သဘောတရား” ဖြစ်တယ်။ ပြဿနာ တခုကို နှစ်ဘက် ခွဲကြည့်တာ၊ ပြည်တွင်း ပြည်ပ အခြေအနေတွေထဲက အကျိုးရှိမယ့် မျက်နှာစာကို ကြည့်မြင်သလို အကျိုးမဲ့တဲ့ ဘက်ကိုလည်း ကြည့်မြင် တတ်ရမယ်။ အဆိုးဆုံးကို စဉ်းစား၊ အကောင်းဆုံး အတွက် အပြည့်အဝ ပြင်ဆင်ပြီး ပိုကောင်းတဲ့ ရလဒ်ကို ကြိုးပမ်း ဆွတ်ခူးရမှာ ဖြစ်တယ်လို့ ပြောဆိုကြောင်းလည်း သူ့အကြောင်း ရေးထားတဲ့ စာတအုပ်မှာ ဖတ်ရပါတယ်။
သူ့လက်ထက်မှာ မြန်မာ အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၈၀ နီးပါးနဲ့ချိတ်ဆက်ပြီး စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူ ဟာ တရပ် ဖြစ်တဲ့ ပိုးလမ်းမသစ် စီမံကိန်း (BRI) ကိုလည်း သူ သမ္မတ စတင် တာဝန်ယူတဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင် ခဲ့ပါတယ်။
အဲဒီအပြင် မြန်မာနဲ့ စီးပွားရေး စင်္ကြ ံလမ်း စီမံကိန်း အကောင်အထည် ဖော်ရေးလည်း လုပ်ဆောင်နေပါတယ်။ အဲဒီ စီမံကိန်း အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မယ့် လုပ်ဆောင်ချက်တွေထဲမှာ အခြေခံ အဆောက်အအုံ ဖွံဖြိုးရေး၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံဖြိုး တိုးတက်ရေး၊ စက်မူဇုန် ဖွံ့ဖြိုးရေး၊ လမ်းတံတား တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေ အပါအဝင် စုစုပေါင်း ကဏ္ဍ ၁၅ ခုခန့် ရှိတယ်လို့ သိရပါတယ်။
ရှီကျင့်ဖျင်ဟာ အခု ဇန်နဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်မှာ သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပြီး သူ့ခရီးစဉ် အတွင်း BRI ဆိုင်ရာ အပါအဝင် နှစ်နိုင်ငံ စီးပွားရေး စီမံကိန်း ဆိုင်ရာ အစီအစဉ်များကို ဆွေးနွေးကာ သဘောတူညီချက်တွေ ရယူဖို့ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
အဲဒီလို ကြိုးပမ်း ဆောင်ရွက်ချက် အခြေအနေတွေ ရှိနေပေမယ့်လည်း ၂၀၁၉ ခုနှစ် အတွင်းမှာ အမေရိကန်နဲ့ ကုန်သွယ် ရေး စစ်ပွဲ ဆင်နွှဲရတဲ့ အတွက် တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ နှေးကွေးခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ် ပါတယ်။ ပြီးတော့ ဟောင်ကောင် ဆန္ဒပြမှုတွေနဲ့ ရှင်ကျန်း ဒေသ မွတ်စလင်တွေ အရေးကလည်း ဂယက်ရိုက်မှု ရှိတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် နှစ်ပေါင်းများစွာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင် နယ်မြေပိုင်ဆိုင်ရေး အငြင်း ပွားမှု ပြဿနာ၊ ရေပြင်၊ ဝေဟင် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု ဆိုင်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင် ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။ သူ့ကို တောင်တရုတ် ပင်လယ်ပြင်မှာ အနိုင်ကျင့်နေသူ အဖြစ် စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။
အဲဒီလို ရင်ဆိုင်ကြိုးပမ်း ဆောင်ရွက်ချက်တွေကြောင့်ပဲ ထင်ပါတယ်။ တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီက ရှီကျင့်ဖျင် ရဲ့ သမ္မတ သက်တမ်းကို အကန့်အသတ်မဲ့ သတ်မှတ်လိုက်ပါတယ်။
ရှီကျင့်ဖျင် ဆုပ်ကိုင်ထားတဲ့ မူဝါဒကလည်း သန့်ရှင်းတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ ကွန်မြူနစ် ပါတီ၊ သန့်ရှင်းတဲ့ ခေါင်းဆောင် ဖြစ်ရမယ် လို့ ဆိုပါတယ်။
အသက် ၆၆ နှစ်ဝန်းကျင်ရှိပြီ ဖြစ်တဲ့ ရှီကျင့်ဖျင် အနေနဲ့ သမ္မတ တာဝန်အပြင် လက်ရှိမှာ တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီး ချုပ် တာဝန်တွေကိုလည်း ထမ်းဆောင် နေပါတယ်။ ။
You may also like these stories:
တရုတ်ဘဏ်ချေးငွေ ၄ မျိုး မန္တလေးတွင် မိတ်ဆက်
တရုတ်သမ္မတ ရှီကျင့်ဖျင် ရှေ့အပတ် သောကြာနေ့ ရောက်မည်
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် ယူနန်ပြည်နယ်နှင့် MOU ထိုးရန်စီစဉ်