တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၇ ရက်တွင် လာရောက်မည်ဖြစ်ရာ ခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေး စင်္ကြ အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် သက်ဆိုင်သော နားလည်မှု စာချွန်လွှာအချို့ကို လက်မှတ် ရေးထိုးရန်လည်း ရှိသည်။
လက်မှတ် ရေးထိုးမည့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာများအနက် ကျွဲနွား၊ သိုးနှင့် ဆိတ် ကုန်သွယ်မှုတွင် အရေး ပါသည့် “တိရစာ္ဆန် ကျန်းမာရေး စစ်ဆေးခြင်းဆိုင်ရာ သဘောတူညီချက် နားလည်မှုစာချွန်လွှာ” သည်လည်း တခု အပါအဝင်ဖြစ်သည်။
ထိုကိစ္စကို လက်မှတ်ရေးထိုးကာ နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူလျင်မြန်လာစေရေးမှာ ကုန်သည်များ၏ မျှော်လင့်ချက် ပင်ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက် အတွင်းဝန် ဒေါက်တာ ထွန်းလွင်က“အခု MOU ထိုးဖို့အတွက် လုံးပန်း နေပါတယ်။ သက်ဆိုင်ရာ ကုန်သည်တွေနဲ့ ညှိနှိုင်းထားပြီးသား၊ သူတို့ တင်ပြတဲ့အချက်တွေ အပေါ်မှာဘဲ ဆောင်ရွက်သွားဖို့ များပါတယ်” ဟု ပြောပြသည်။
အဆိုပါ နားလည်မှု စာချွန်လွှာသည် ပြည်ပသို့ တင်ပို့မည့် ကျွဲနွား အပါအဝင် တိရစာ္ဆန် အရှင် ကုန်သွယ်မှုတွင် အဓိက ကျသော တိရစာ္ဆန်များ၏ ကျန်းမာရေး စစ်ဆေးခြင်း ကိစ္စရပ်များကိုသာ အခြေခံကာ မြန်မာနိုင်ငံဘက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံဘက်မှ General Administration of China Custom (GACC) မှ တာဝန်ရှိသူများ လက်မှတ် ရေးထိုးလိမ့်မည်ဟု လတ်တလော စုံစမ်း သိရှိရသည်။
ထို့အတွက်ကြောင့် ကမာ္ဘ့ တိရစာ္ဆန်ကျန်းမာရေးအဖွဲ့ (World Organization for Animal Health, OIE) က သတ်မှတ် ထားသော ကျွဲနွား တိရစာ္ဆန်များ၏ ကျန်းမာရေးဆိုင်ရာ သတ်မှတ် စံနှုန်းများအတိုင်း စစ်ဆေး ဆောင်ရွက်သွားမည့် အချက်ကို အခြေခံကာ ချုပ်ဆိုမည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်က OIE အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး OIE သည် တိရစာ္ဆန်ကျန်းမာရေးနှင့် ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်များ ထုတ်ပြန်ကာ အဖွဲ့ဝင် နိုင်ငံများအား အဆိုပါကဏ္ဍတွင် ကူညီပံ့ပိုးပေးလျက်ရှိကာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၀ ကျော်ရှိသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှုးချုပ် ဒေါက်တာရဲထွန်းဝင်းက “ကိုယ့်နိုင်ငံဘက်မှာ ကျွဲနွား ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေကို ကိုယ်အပိုင်းနဲ့ ကိုယ်စစ်မှာ ဖြစ်သလို သူတို့ ဘက်ကလည်း သဘောတူညီချက်အတိုင်း သူတို့နိုင်ငံအခြမ်းမှာ စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်” ဟု ပြောသည်။
မြန်မာအစိုးရဘက်မှ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပြီးပါက ၂ နိုင်ငံဆိုင်ရာ လိုအပ်သော ညှိနှိုင်းမှုများအား သက်ဆိုင်ရာ နယ်ပယ် အလိုက် ဆက်လက်ဆောင်ရွက်သွားခြင်း၊ လုပ်ငန်း စီမံချက် ရေးဆွဲခြင်း၊ ကျွဲနွားတိရစာ္ဆန်များ ယာယီကျန်းမာရေး စစ်ဆေးစခန်း (Quarantine Station) များ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ခြင်း စသည်တို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဟု လည်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံဘက်သို့ ကျွဲနွား သိုးဆိတ် တင်ပို့သည့် ကိစ္စမှာ လွယ်မယောင်နှင့် ခက်နေသည့် အနေအထား တွင် ရှိသည်။ မြန်မာနိုင်ငံဘက်မှ တင်သွင်းမှုသည် တရားဝင်စနစ် ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်တွင်မှု တရားမဝင် မှောင်ခိုကုန်စည် ဖြစ်နေသည်။
မြန်မာဘက်မှသာ ရောင်းလိုအား များနေသော်လည်း မှောင်ခိုကုန်စည်ဖြစ်နေသည့် အတွက် တရုတ်ကုန်သည်များ ဘက်မှ ဝယ်လိုအားမှာ မှန်းချက်နှင့် နှမ်းထွက် မကိုင်သည့် သဘောဖြစ်သည်။ ထို့ကြောင့် ကျွဲနွားသည် မူဆယ်နယ်စပ်ထိ အရောက် သယ်ဆောင်လာခဲ့ရသည့် စရိတ်စကများ၊ အစားအစာစရိတ်များ စသည်တို့ကြောင့် ရေရှည် တောင့်မခံနိုင်သော အခြေအနေများကို ရင်ဆိုင်နေရသည်။
တရုတ်ကုန်သည်များကမူ ထိုအခြေအနေမျိုး ရောက်သည် အထိ စောင့်ဆိုင်းကြပြီး ကုန်သည်မှ တောင့်မခံနိုင်သည့် အနေအထား ရောက်မှ ၎င်းတို့ ကြိုက်ဈေးပေးကာ ဝယ်ယူနေကြသည်ဟု သိရသည်။
“တရုတ်ဘက်ကလည်း တရားမဝင်ဆိုတော့ သိပ်ပြီး မဝယ်ချင်ကြသလို ဒီဘက်က ကုန်သည်တွေ အနေနဲ့ကလည်း ရသင့်ရထိုက်တဲ့ ဈေးမရကြဘူး။” ဟု မန္တလေးတိုင်း ကျွဲနွားသိုးဆိတ် မွေးမြူသူများအသင်း ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဧရာဝတီကို ပြောသည်။
ထို့အပြင် ငွေပေးချေသည့် စနစ်တွင်လည်း မြန်မာကုန်သည်များ၏ ကျွဲနွားများအား တရုတ်ပြည် အတွင်းသို့ ပေးပို့ပြီး ၃ ရက်မှ ၁ ပတ်အတွင်းမှ တရုတ်ကုန်သည်ဘက်မှ ငွေပေးချေခြင်းဖြစ်ရာ ပစ္စည်းပို့ပြီးမှ ငွေရရှိသည့်စနစ်ကို ကျင့်သုံး နေရသည့်အတွက် တခါတရံ ငွေကြေး လိမ်လည်ခံရခြင်း၊ ရက်ရှည် ကုန်ဖိုးငွေ ရရှိရန် စောင့်ဆိုင်းရသည့် အခက်အခဲ နှင့်လည်း ရင်ဆိုင်ရသည်ဟု ဆိုသည်။
“သူတို့ (တရုတ်) တွေက ဉာဏ်များတယ်။ ကိုယ့် ကျွဲနွားတွေက ပြည်တွင်းက သယ်လာပြီးလို့ နယ်စပ် ရောက်နေပြီ။ သူတို့က မဝယ်သေးတော့ ကြာနေတော့ ကုန်သည်အငယ်တွေက တောင့်မခံနိုင်တဲ့အခါ ဈေးနှိမ်ပြီး ဝယ်ကြတယ်။ ကြိုက်ရင်ရောင်း မကြိုက်ရင် မရောင်းနဲ့ ပုံစံမျိုး လုပ်တယ်” ဟု ကျွဲနွား တင်ပို့နေသော ကုန်သည် ၁ ဦးက ဧရာဝတီကို ပြောသည်။
အထက်ပါ အကျပ်အတည်းများကြောင့် နှစ်ဖက် တရားဝင်ကုန်သွယ်မှု ဖြစ်ရန်အတွက် ယခုလို နားလည်မှု စာချွန်လွှာ ရေးထိုးမည့် အစီအစဉ်အား တရုတ်သို့ ကျွဲနွား တင်ပို့နေသည့် ကုန်သည်လုပ်ငန်းရှင်များက လိုလား ကြိုဆိုနေကြသည်။
“MOU ထိုးမယ့်ကိစ္စကို ကြိုဆိုတယ်။ လက်ရှိ တရားမဝင် သွားနေတာက ကုန်သည်တွေအတွက် အရောင်းအဝယ်မှာ လည်း အန္တရာယ် ရှိသလို၊ ငွေကြေးလိမ်ခံရတာတွေလည်းများတယ်။ ဒါကြောင့် G to G (အစိုးရအချင်းချင်း) သဘော တူတဲ့ ကုန်သွယ်မှု ဖြစ်ရင် နှစ်ဖက်အတွက် ပိုအကျိုးရှိတယ်” ဟု မြန်မာနိုင်ငံ ကျွဲနွား သိုးဆိတ်မွေးမြူရေးနှင့် တိရ စာ္ဆန်နှင့် တိရစာ္ဆန် ထွက်ပစ္စည်းများ တင်ပို့၊ တင်သွင်း ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကိုကိုအောင်က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က “တရားဝင်ကုန်သွယ်မှု ဖြစ်သွားရင်တော့ ကုန်သွယ်မှုလည်း ပိုအဆင့်မြှင့်လာနိုင်သလို အာမခံချက်လည်း ရှိလာနိုင်မယ်။ နှစ်နိုင်ငံအစိုးရလည်း ထိုက်သင့်တဲ့ အခွန်အခရမယ်။ ဒါပေမယ့် ကိုယ့် နိုင်ငံသားတွေ အကျိုး ရှိဖို့အတွက် အရေးကြီးတဲ့အချက် တွေကိုတော့ MOU မှာထည့်သွင်းဖို့ လိုပါလိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။
နှစ်ဖက်အစိုးရ အချင်းချင်း ရေးထိုးမည့် နားလည်မှုစာချွန်လွှာ၌ ကုန်သွယ်မှုတွင် အရေးပါသည့် ငွေပေးချေမှုကိစ္စများ၊ ကျွဲနွားတိရစာ္ဆန်များ နယ်စပ်ဒေသရှိ တိရစာ္ဆန်ကျန်းမာရေး စစ်ဆေးမှုစခန်း၌ မဟုတ်ဘဲ မန္တလေး၊ ရန်ကုန်ကဲ့သို့ မြို့ ကြီးများတွင် ထိုသို့စခန်းများ တည်ဆောက်ကာ သက်မှတ်ထားသော ကာကွယ်ဆေးများ၊ ကျန်းမာရေး စစ်ဆေး မှုများ ပြုလုပ်ရန်နှင့် အပြန်အလှန် အရောင်းအဝယ် စာချုပ်ထားသော ၂ ဖက် ကုမ္ပဏီသည် မည်သည့် အလေးချိန်အတွင်း မည်သည့်ဈေးဖြင့် မဖြစ်မနေ အရောင်းအဝယ် ပြုလုပ်ရမည်ဆိုသည့် အချက်များ ထည့်သွင်းသင့်သည်ဟု ထောက်ပြသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲထွန်းဝင်းကမူ ကျန်းမာရေး စစ်ဆေးခြင်းဆိုင်ရာ သဘောတူညီမှုနှင့် သက်ဆိုင်သည့် အကြောင်းအရာများသာ စာချွန်လွှာတွင် ပါဝင်မည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေး ကိစ္စများမှာ Protocol အရ လုပ်ငန်းစဉ်များအတိုင်းသာ ရှေ့ဆက်မည်ဖြစ်ကြောင်း ရှင်းပြသည်။
“တရားဝင်ဖြစ်သွားပြီ ဆိုရင်တော့ ကုန်သည်တွေ အနေနဲ့ နှစ်နိုင်ငံက သတ်မှတ်ထားတဲ့ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း တွေကို စနစ်တကျ လိုက်နာနိုင်ဖို့၊ သည်းခံ စိတ်ရှည်ဖို့တော့ လိုပါတယ်။ တဖက်နဲ့ တဖက် အားသာချက်၊ အားနည်း ချက် တွေကို ညှိနှိုင်းဆောင်ရွက်မှသာ Win- Win ဖြစ်တဲ့ ကုန်သွယ်ရေး ၁ ခု ဖြစ်မှာပါ”ဟု ဒေါက်တာရဲထွန်းဝင်းက ပြောသည်။
နှစ်ဖက်နားလည်မှု စာချွန်လွှာ ရေးထိုးပြီးပါက တရုတ်နိုင်ငံက သတ်မှတ်ထားသော တိရစာ္ဆန်ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ အပါအဝင် ရောဂါရှာဖွေရေး အဆင့်မြှင့်စက်ရိယာများဖြင့် စစ်ဆေးခြင်းများ စသည့် လုပ်ငန်းစဉ်၊ နှစ်နိုင်ငံ သဘောတူထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းတို့ကိုပါ မြန်မာကုန်သည်များ ကြုံတွေ့လာ ရမည်ဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားမဝင် တင်ပို့မှုများ တရားဝင်လမ်းကြောင်း သို့ ရောက်ရန်၊ လွတ်လပ်သည့် ဈေးကွက်ကို ဖော်ဆောင်နိုင်ရန်၊ မွေးမြူရေးတောင်သူများ ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်၊ တောင်သူလယ်သမား အကျိုးစီးပွားကို ပိုမိုကာကွယ်ဆောင်ရွက် နိုင်ရန် ရည်ရွယ်ကာ ကျွဲနွား အရှင်များ အား ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်မှ စတင်ကာ ပြည်ပသို့ သတ်မှတ်စည်းကမ်းနှင့် အညီ တင်ပို့ခွင့်ပြုခဲ့သည်။
သို့ဖြစ်ရာ ပြည်ပသို့ တင်ပို့မည့် ကျွဲနွားများ၏ ကျန်းမာရေး စစ်ဆေးခြင်းစသည့် ကိစ္စများအား စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တာဝန်ယူလျက်ရှိသည်။
လက်ရှိ လုပ်ငန်းစဉ် အရ နယ်စပ်သို့ တင်ပို့မည့် ကျွဲနွား တိရစာ္ဆန်များအား မွေး/ကုဦးစီးဌာနမှ ကျန်းမာရေး စစ်ဆေးပြီး လိုအပ်သော ကာကွယ် ဆေး ထိုးပြီးမှသာ ဝယ်ယူ စုဆောင်းခွင့် လိုင်စင်အဖြစ် ထုတ်ပေးသည်။ ၎င်းလိုင်စင် ရရှိမှသာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက တင်ပို့ခွင့်လိုင်စင်ကို ထပ်မံ ထုတ်ပေးသည်ဟု သိရသည်။
သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကျန်းမာရေး စစ်ဆေးမှုခံယူကာ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် ရရှိပြီး အသက် ၅ နှစ်အထက် သင်းကွပ်ပြီး ကျွဲ/နွားထီးများအား မန္တလေး-မူဆယ် လမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ လစဉ် တင်ပို့လျက်ရှိသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Quarantine Station တွင် ဇန်နဝါရီ ၁၄ ရက်က အရောင်းအဝယ် ဖြစ်ခဲ့သော ကျွဲနွားဈေးနှုန်းများမှာ နွား ၁ ကောင်လျှင် ၂၃ သိန်းမှ ၂၄ သိန်းကျပ်၊ ကျွဲ ၁ ကောင် လျှင် ၂၂ သိန်းမှ ၂၄ သိန်း ကျပ်အတွင်း ပျမ်းမျှရှိသည်ဟု အဆိုပါ ကုန်သွယ်ရေးဇုန်မှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ကျွဲနွား အကောင်ရေ ၆ သိန်းနီးပါးအား ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော် ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည် ခရီးစဉ်အတွင်း ရေးထိုးမည့် နားလည်မှုစာချွန်လွှာသည်လည်း နှစ်နိုင်ငံ ကျွဲနွားတိရစာ္ဆန်ကုန်သွယ်မှုအပေါ်အခြေပြုကာ အခွင့်အလမ်းများ ပွင့်လာမည့် စီးပွားရေး တံခါးပေါက် ဖြစ်လာနိုင်ရန် ကျွဲနွားတင်ပို့သူ လုပ်ငန်းရှင်များ မျှော်လင့်လျက်ရှိသည်။
You may also like these stories:
အစိုးရကို အခွန်၊ သူပုန်ကို ဆက်ကြေးပေးနေရသော်လည်း ကျွဲနွား ကုန်ကားများ လုံခြုံမှု မရှိ
ကျွဲနွား အကောင်ရေ တနှစ်လျှင် ၈ သိန်းခန့် ဝယ်ယူရန် တရုတ် ကမ်းလှမ်း
ကျွဲ၊ နွား ရောင်း/ဝယ်ကဏ္ဍ လုံခြုံရေးနှင့် အုပ်ချုပ်ရေးထံ အာဏာပေးထားမှု ပယ်ဖျက်
ကျွဲ ၊ နွားများ ပြည်ပ တင်ပို့မှု ကန့်သတ်ရေးအဆို ရှုံးနိမ့်