ဆောင်းပါး

ရန်ကုန်တိုင်း အစိုးရ အဂတိလိုက်စားမှု ရှိနေလား

Want create site? Find Free WordPress Themes and plugins.

“လုပ်ထုံးလုပ်နည်းတွေ မှားယွင်းလို့ နိုင်ငံတော် ဘဏ္ဍာငွေတွေ ဆုံးရှုံးနစ်နာတယ် ဆိုရင် အဂတိမြောက်တယ်”ဟု ရန်ကုန် တိုင်း လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

ယင်းသို့ ဒေါ်စန္ဒာမင်း၏ ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောဆိုချက်သည် လက်ရှိအချိန်၌ BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုထားသော အမှုကို ကိုးကား၍ ရန်ကုန်တိုင်း အစိုးရ အဖွဲ့၏ ဘဏ္ဍာငွေ သုံးစွဲမှု အခြေအနေကို သတိပေးလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာ အောင်ဇော်သည် သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် တင်ဒါ အောင်မြင်ထားသည့် LG Cham ကော်စေ့အစား Lotte ကော်စေ့ ၂၆ တန်အား အစားထိုးသုံးစွဲခဲ့ခြင်းနှင့် ထိုအစားထိုး ကော်စေ့များ အသုံးပြုပြီး ထုတ်လုပ်ခဲ့သော ဆေးရည်ဘူးများသည် အရည်အသွေး မမီခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် သန်း ၅၀၀ ဆုံးရှုံး ခဲ့သည်ဟု ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အသုံးစရိတ်များအပေါ် တိုင်း စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိ ထားသည့် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်၌ ဆွေးနွေးခဲ့ကြသော တိုင်း လွှတ်တော် ကိုယ်စားလှယ် အားလုံးလိုလိုကလည်း ဒေါ်စန္ဒာမင်း ကဲ့သို့ပင် ဝေဖန်ပြောဆိုကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့များတွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၏ ၁၁ ကြိမ် မြောက် ပုံမှန် အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်ပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦး ခန့် က ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ အသုံးစရိတ်များနှင့် ပတ်သက်သည့် စာရင်းစစ်ချုပ် အစီရင်ခံစာအား ပြီးခဲ့သည့် နှစ်တုန်းကလို စာရင်းစစ်ချုပ် အစီရင်ခံစာ အပြည့်အစုံကို တိုင်းလွှတ်တော် ကိုယ်စားလှယ်များထံ မဖြန့်ဝေရန် အစိုးရအဖွဲ့က ကြားဝင် ဟန့်တားခြင်းနှင့် ယင်း အစီအရင်ခံစာအား ပြည်သူ့ငွေစာရင်း ကော်မတီက ပြန်လည် လေ့လာသုံးသပ်ထားသော အစီရင်ခံစာ အကျဉ်းချုပ်ကိုသာ ဆွေးနွေးခွင့် ရရှိခြင်းကိုလည်း တိုင်း လွှတ်တော် ကိုယ်စားလှယ်များက ကျေနပ်ပုံ မရခဲ့ ကြပေ။

တိုင်းအစိုးရက ထိုသို့ ကန့်သတ်ခြင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၌ ရန်ကုန်တိုင်း လွှတ်တော်တွင် အစိုးရ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည့် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုများနှင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ကိုင်မှုများကို လွှတ်တော် ကိုယ်စားလှယ်များက အပြင်းအထန် ဝေဖန်သကဲ့သို့ ယခု ထပ်မံ မဖြစ်ပေါ်စေရန် ရည်ရွယ်ပုံ ရသည်။

သို့သော်လည်း အစီရင်ခံစာ အကျဉ်းချုပ်ကိုပင် တိုင်းလွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခွင့် ရချိန်တွင် ယမန်နှစ်က လိုပင် ဝေဖန်ချက်များ အပြင် စွပ်စွဲချက် အသစ်များပါ ထွက်ပေါ်လာသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့၏ ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်း အညီ မလုပ်ဆောင်ခြင်း၊ လုပ်ပိုင်ခွင့်များကို ကျော်လွန် လုပ်ဆောင်ခဲ့ခြင်းနှင့် အဖွဲ့အစည်းတခု (သို့မဟုတ်) တဦး တယောက်ကို အထူး အခွင့်အရေးပေးထားသည့် ဘဏ္ဍာငွေသုံးစွဲမှု လုပ်ရပ်များအား အစီအရင်ခံစာတွင် တွေ့ရှိရကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီက တိုင်းလွှတ်တော်သို့ တင်ပြခဲ့သည်။

တိုင်းအစိုးရ၏ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းနှင့် မညီသည့် လုပ်ဆောင်ချက် တချို့ ပေါ်ထွက်လာ

မြန်မာနိုင်ငံ၏ သမိုင်းဝင် နေရာတခုဖြစ်သော ဝန်ကြီးများရုံးကို လုပ်ကိုင်ခွင့် ရရှိထားသော အနော်မာ ကုမ္ပဏီ အုပ်စုသည် အစိုးရကို ငှားရမ်းခပေးသွင်းချိန် နောက်ကျခဲ့ခြင်းအား ရန်ကုန်တိုင်း အစိုးရက ဒဏ်ရိုက်ရန် ပျက်ကွက်ခဲ့ခြင်း အပါအဝင် စီမံခန့်ခွဲမှု အလွဲများကြောင့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာနေသော ကိစ္စရပ်များကိုလည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီက တိုင်းအစိုးရအဖွဲ့ကို လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

ရန်ကုန်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းရန် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် သမ္မတ၏ အထူး ရန်ပုံငွေဖြင့် ကျပ် ဘီလီယံ ၃၀ တန် ဓာတ်ငွေ့နှင့် ဒီဇယ်တာဘိုင် ၂၅ မဂ္ဂါဝပ် မီးစက် ဝယ်ယူရန်အတွက် တင်ဒါ ခေါ်ယူရာတွင်လည်း သမ္မတရုံးက ညွှန်ကြားထားသော စည်းမျဉ်းစည်းကမ်းများနှင့် မညီသည့် ကန့်သတ်တင်ဒါ ဖြင့် ခေါ်ယူခဲ့သည်။

ထိုမီးစက်သည် တနာရီလျှင် ဒီဇယ်ဆီ ၁၆၆၈ ဂါလန် (လီတာ ၆၃၆၀ ခန့်) သုံးစွဲရသည်။ ယင်းမီးစက်ကို ၂၀၁၇ ခုနှစ် ဇူလိုင် လတွင် စတင် တပ်ဆင်မှုများ ပြုလုပ်၍ ၂၀၁၉ ခုနှစ် မေလအထိ ၅ လ မောင်းနှင်ခဲ့ပြီး လျှပ်စစ် ဓာတ်အား ယူနစ်ပေါင်း ၁၁.၈၀၆ သန်းသာ ထုတ်လုပ် ရရှိခဲ့ကြောင်း သိရသည်။

ယင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် ဒီဇယ်ဆီ ၉၂၆၃၄၆ ဂါလန် သုံးစွဲခဲ့ပြီး လောင်စာဆီ စရိတ် ကုန်ကျမှု သည် ၃.၈၄၄ ဘီလီယံ ကျပ် ဖြစ်သည်။

စာရင်းစစ်ချုပ်၏ အစီအရင်ခံစာအရ ဆိုလျှင် မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ် ရေး လုပ်ငန်း (MPPE) မှ အလားတူ ယူနစ် အရေအတွက်ကို ဝယ်ယူပါက ကျပ် ၇၀၈.၃၆၈ သန်းသာ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အရည်အသွေး ကြီးကြပ်စစ်ဆေးရေး ကော်မတီက လုပ်ငန်းလွှဲပြောင်း လက်ခံနိုင်မှု မရှိသေးသည့် အခြေအနေ အဆင့်တွင် ရှိနေသေးသော ခေတ်မီ မီးပွိုင့်စနစ် တပ်ဆင်ခြင်း လုပ်ငန်းအတွက် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းနှင့် မညီဘဲ အပြီးသတ်ငွေ ကျပ် ၂၀ ဘီလီယံကို အပြီး ပေးချေခဲ့သည်။

နောက်ထပ် လုပ်ဆောင်ချက်တခုမှာ အစိုးရက ရင်းနှီးမြှုပ်နှံငွေများ ထည့်ဝင်ပြီး တည်ထောင်ထားသော Yangon Metropolitan Development (YMD) နှင့် New Yangon City Development (NYDC) တို့သည် မည်သည့် စီမံကိန်း ကိုမျှ အောင်မြင်ရန် ဆောင်ရွက်ထားနိုင်ခြင်း မရှိဘဲ အစိုးရ ရင်းနှီးမြှုပ်နှံထားသော ငွေများ၏ ဘဏ်တိုးရငွေများကို ဘဏ္ဍာ ရေး စည်းမျဉ်းများနှင့် မညီဘဲ စိတ်ကြိုက် သုံးစွဲနေသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။

အစိုးရက YMD တွင် ကျပ် ၅၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ယင်းငွေထဲမှ ကျပ် ၁၀ ဘီလီယံကို လွှတ်တော်သို့ မတင်ပြဘဲ NYDC တွင် ထပ်ရင်းနှီးမြှုပ်နှံထားသည်ဟု ဆိုသည်။

“တာဝန်ယူမှု၊ တာဝန်ခံမှု သိပ် နည်းလွန်းအား ကြီးတယ်လို့ မြင်ရတယ်။ နောက်တခုက ပွင့်လင်းမြင်သာမှုက ဒီထက် ပို ရှိသင့် တာပေါ့” ဟု ဒေသန္တရ အုပ်ချုပ်မှုစနစ် (Local Governance)ကို အထူးပြု လေ့လာနေသူ ဦးအောင်သူငြိမ်း က မှတ်ချက်ပြု ပြောဆိုသည်။

အောက်ခြေအဆင့် တိုင်းဒေသကြီး အစိုးရတရပ်၏ ယခုလိုအခြေအနေမျိုးများ ဖြစ်ပေါ်လာနေပါက ပြည်ထောင်စု အစိုးရ အဖွဲ့အဆင့်မှ ဝင်ရောက် ထိန်းကြောင်းပေးရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

စာရင်းစစ်ချုပ် အစီအရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) ကို အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတခု ဖြစ်သည်ဟု ဖော်ပြထားခြင်းကြောင့် ကျပ် သိန်း ၇၀၀၀ ကျော် အမြတ် ရရှိထားမှုကို ဝင်ငွေခွန်ပေးသွင်းရန်လည်း ပျက်ကွက်နေကြောင်း သိရသည်။

သို့သော် YRTA လက်အောက်ရှိ အစိုးရက ရင်းနှီးမြှုပ်နှံငွေများ ထည့်ဝင် တည်ထောင်ထားသော YBPC နှင့် YUPT ဘတ်စ်ကား အများပိုင် ကုမ္ပဏီတို့မှာမူ ကျပ်သန်း ၃၈၀၀ ကျော် အရှုံးပေါ်လျက် ရှိသည်ဟု ဆိုသည်။

ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က “ဝန်ကြီးချုပ် အနေနဲ့ စီမံခန့်ခွဲတဲ့ နေရာမှာ ဒီငွေတွေကို ဆုံးရှုံးမှု မဖြစ်အောင် သူစီမံဆောင်ရွက်မယ် ဆိုတဲ့ ကတိစကား ပေးထားတာ ရှိတယ်။ ကျနော်တို့ အနေနဲ့လည်း အများကြီး ထောက်ခံ ပါတယ်။ သို့သော်လည်းပဲ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အကျဉ်းချုပ် အစီအရင်ခံစာအရတော့ ဒီငွေတွေဟာ အရင်း ပြုတ်မယ့် အနေအထား ဖြစ်နေတယ်” ဟု ပြောဆိုသည်။

ထိုသို့ ပြည်သူ့ဘဏ္ဍာငွေ အများအပြားသုံးစွဲပြီး ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက် နေသော်လည်း လက်ရှိတွင် ပြည်သူများ သက်သောင့်သက်သာဖြင့် ဘတ်စ်ကား စောင့်စီးနိုင်မည့် မှတ်တိုင်မျိုးများ မရှိ သေးခြင်းနှင့် ညဘက် ၉ နာရီကျော်ချိန်တွင် YBS အစား အောက်ဆိုက်ကားများသာ အားကိုးနေရကြောင်း လှိုင်သာယာမှ ဆူးလေသို့ အလုပ် လာလုပ်နေရသော ကုမ္ပဏီဝန်ထမ်း ကိုဟိန်းထက်ဇော် က ပြောသည်။

၎င်းက “ကျနော် အပိုမပြောဘူး။ ည ၉ နာရီကျော်လောက်ဆိုရင် ဆူးလေကို လာကြည့်လိုက် YBS နဲ့ အောက်ဆိုက်ကား ဘယ်ဟာ ပိုများလဲ တွေ့လိမ့်မယ်” ဟု မဟာဗန္ဓုလ ပန်းခြံရှေ့ရှိ ဆူးလေမှ သာကေတ၊ သန်လျင် သို့ ပြေးဆွဲနေသော အောက်ဆိုက်ကားများကို ညွှန်ပြ၍ ၎င်းက ပြောဆိုသည်။

ရန်ကုန်တိုင်း အစိုးရသည် မြေပြင်တွင် ပိုင်ဆိုင်မှု အငြင်းပွားနေသော ဆူလေးဘုရားလမ်းရှိ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ရုံးအဟောင်းကို ဌာနက အမှန်တကယ် ပိုင်ဆိုင်မှု မရှိသေးဘဲ ပြုပြင်ရေးလုပ်ငန်းများအတွက် ကျပ် ၁၉၂ ဒသမ ၃၆၃ သန်း သုံးစွဲထားသည်။

ထိုကိစ္စသည်လည်း ငွေကြေးအမြောက်အများ အသုံးပြုထားပြီး ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာနေရခြင်း အကြောင်း အရင်း တခုဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စီးပွားရေး ကော်မတီက တိုင်းလွှတ်တော်တွင် တင်ပြသည်။

YCDC ၏ အလွဲများကြောင့်လည်း ပြည်သူ့ ဘဏ္ဍာငွေများ ဆုံးရှုံးမှုရှိဟု ဆို 

ရန်ကုန်တိုင်း အစိုးရ၏ စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုး ဦးဆောင်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံပိုင် အဆောက်အအုံ၊ မြေနေရာများ၊ ဆိုင်ခန်များ၏ ဈေးနှုန်း သတ်မှတ်ချက်များကို လျော့နည်း ကောက်ခံ ခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေ ကျပ် သန်းပေါင်းများစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်းလည်း လွှတ်တော်တွင် တင်ပြ ဆွေးနွေးကြသည်။

ထို့ပြင် ပုဂ္ဂလိကနှင့် ချုပ်ဆိုသော သဘောတူ စာချုပ်များတွင် ဌာနဆိုင်ရာများဘက်က အကျိုးအမြတ်ရရှိမှု နည်းခြင်း အပါ အဝင် အစရှိသည့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနေရသည့် အခြေအနေများကို တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စီးပွားရေး ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ် ဦးဟန်စိုးကလည်း လွှတ်တော်သို့ တင်ပြသည်။

YCDC သည် ဌာနလက်အောက်ရှိ ဈေးဆိုင်ခန်းများကို ပြည်တွင်းအခွန်များ ဦးစီးဌာန၏ သတ်မှတ်နှုန်းထားအောက် လျော့နည်းပြီး ငှားရမ်းထားသောကြောင့် တနှစ်လျှင် ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၁၇၅ ဒသမ ၃၈၂ သန်း ဆုံးရှုံးနေရသည်ဟု ဆိုသည်။

ဈေးများဌာန လက်အောက်ရှိ ဈေး ၅ ခုသည် ငှားရမ်းခငွေ အပေါ် နိုင်ငံတော်သို့ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပျက်ကွက်မှု ကြောင့် ကျပ် ၉၉၉ ဒသမ ၃၇၅ သန်း နစ်နာနေရသည်။

ဈေးဆိုင်ခန်းများ ဆောက်လုပ်ရောင်းချရာတွင်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ ဌာနသို့ ကြွေးကျန်များ ပျက်ကွက် နေသူများကို ကြပ်မတ်ဆောင်ရွက်ရန် အားနည်းခြင်းကြောင့် ကျပ် ၂၂၄၉ ဒသမ ၅၆၆ သန်း ဆုံးရှုံးနေရကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဟန်စိုးက လွှတ်တော်၌ ပြောဆိုသည်။

မြကျွန်းသာ ဥယျာဉ်အား Master Plan ရေးဆွဲနေသည်ဟု အကြောင်းပြချက်ဖြင့် ကုမ္ပဏီ ၈ ခုကို စီမံကိန်းများ ရပ်ဆိုင်း ထားသည်မှာ ၄ နှစ်ခန့် ကြာမြင့်နေခြင်းနှင့် ယင်းဥယျာဉ်အတွင်း၌ လုပ်ငန်းလုပ်ကိုင်နေသော  ဂေါက်ပစ္စည်း အရောင်းဆိုင် (Golf Store) နှင့် စားသောက်ဆိုင်များကိုလည်း ဆိုင်ခန်း ငှားရမ်းခများ ကောက်ခံမှု မရှိခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံး နေရကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် YCDC သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အတွက် ကျပ်သန်း ၈၁ ဒသမ ၂၆၃ တန်ကြေးရှိ စက် အရန်ပစ္စည်းများ ဝယ်ယူမှုကို တင်ဒါ ခေါ်ယူခြင်းမရှိဘဲ Apex Greatest Industrial ကုမ္ပဏီဆီမှ တိုက်ရိုက် ဝယ်ယူ ခဲ့သည်ဟု ဆိုသည်။

ယင်းကိစ္စသည် နိုင်ငံတော် သမ္မတရုံးက အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် ၁/၂၀၁၇ နှင့် ကိုက်ညီမှု မရှိပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ စတင် တာဝန်ယူချိန်တွင် ယခင် ရွေးကောက်ခံ စည်ပင် ကော်မတီဝင် များကို ဖျက်သိမ်းလိုက်ပြီး ၂ နှစ်ခန့်ကြာချိန်မှသာ ကော်မတီဝင်ရွေးကောက်ပွဲ ကျင်းပ၍ ကော်မတီဝင် အသစ်များ ပြန်လည် ရွေးချယ်ခဲ့သည်။

ယင်းကြားကာလတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ဒီမိုကရေစီ ခေါင်းဆောင်မှု မဲ့သွားပြီး လူနည်း စု က ပို၍ လုပ်ကိုင်ခွင့် ရရှိသွားကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ပြင်ပ ဆက်ဆံရေး ဒါရိုက်တာလည်း ဖြစ်သည့် ဦးအောင်သူငြိမ်းက သုံးသပ် ပြောဆိုသည်။

၎င်းက “တက်လာတဲ့ NLD စည်ပင် ကော်မတီဝင်ကလည်း တက်တက်ကြွကြွ လုပ်တာလည်း မတွေ့ရဘူး။ အဲ့ဒီတော့ အဓိက အားနည်းချက်က ဒီမိုကရေစီမဲ့ပြီး အပြန်အလှန်ထိန်းကျောင်းမှု မရှိသလို ဖြစ်သွားတယ်” ဟု ပြောသည်။

လက်ရှိ ရန်ကုန် စည်ပင် လုပ်ဆောင်ချက်များသည် အောက်ခြေမှ ပြည်သူလူထု အသံများနှင့် ပြည်သူများ ပါဝင်ခွင့်နည်းပါး သွားခြင်းအပြင် ပြဌာန်းထားပြီးဖြစ်သော စည်ပင်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အကောင်အထည် ဖော်ခြင်းနှင့် စည်းကြပ် မှုများ အားနည်းလျက် ရှိကြောင်းလည်း ဦးအောင်သူငြိမ်းက ပြောဆိုသည်။

YCDC ၏ အင်ဂျင်နီယာ ဌာနသည် ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်လျက်ရှိသော အထပ်မြင့် အိမ်ရာ စီမံကိန်းများတွင် ဌာနဘက်မှ အကျိုးအမြတ် လျော့နည်းခြင်း၊ စီမံကိန်းများ ပြီးစီးရမည့် အချိန် နောက်ကျခြင်း၊ ကုမ္ပဏီများကို ဒဏ်ရိုက်သည့် ဒဏ်ကြေးများ မမှန်ကန်ခြင်း၊ ငှားရမ်းခ နှုန်းထားများသည်လည်း ဆီလျှော်မှု မရှိခြင်းနှင့် စာချုပ် ချုပ်ဆိုရာတွင်လည်း စနစ်တကျချုပ်ဆိုမှု အားနည်းခြင်းများကြောင့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနေရကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

ထို့သို့သော YCDC ဌာနများ၏ လုပ်ရပ်အလွဲများအပြင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးသည်လည်း နိုင်ငံတော် အဆောက်အအုံများ အတွက် ပစ္စည်းခွန် စည်းကြပ်ကောက်ခံမှု အခြေအနေတွင် ၂၀၁၈ ကြားကာလ ဘတ်ဂျက် အတွက် ကြွေးကျန်ငွေ ကျပ် ၁၆ ဒသမ ၉၄ သန်းကို လုပ်ပိုင်ခွင့် ကျော်လွန်ကာ စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စား လှယ် ဦးဟန်စိုးက ပြောသည်။

မြို့တော်ဝန်၏ စာရင်းမှ ပယ်ဖျက်နိုင်သည့် ငွေပမာဏသည် ကျပ် ၁.၅ သန်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဘဏ္ဍာငွေများသည် အခွန်ထမ်း ပြည်သူများ ပေးဆောင်ထားသော အခွန်များဖြစ်ပြီး အစိုးရအနေဖြင့် မိမိ ကိုယ်ပိုင် ငွေကဲ့သို့ လက်လွတ်စပယ် မသုံးသင့်ကြောင်း၊ စီမံခန့်ခွဲရာတွင်လည်း လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန် လုပ်ဆောင် သင့် ကြောင်း ပြည်တွင်းကုမ္ပဏီ တခု၏ စာရင်းကိုင် မဇွန်မိုးက ပြောဆိုသည်။

၎င်းက “ဒီလို လေလွင့်ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေသာ လမ်းမီးမရှိတဲ့ နေရာတွေမှာ မီးတိုင်လေးပဲ လုပ်နိုင်တယ် ဆိုရင် တောင် ပြည်သူတွေ အတွက် အကျိုးရှိတယ်” ဟုလည်း ၎င်းက ပြောသည်။

အထက်တွင် ဖော်ပြခဲ့သော ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့၏ လုပ်ဆောင် ချက် အလွဲများ၊ စီမံခန့်ခွဲမှု အလွဲများနှင့် ကုမ္ပဏီတခု သို့မဟုတ် အဖွဲ့အစည်း တခုတို့ကို အခွင့်အရေးပေးသည်ဟု ထင်မြင် ရသော လုပ်ရပ်များကြောင့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာနေရသည့် ကိစ္စရပ်များသည် စာရင်းစစ်ချုပ် အစီရင်ခံစာ အကျဉ်းချုပ်တွင် ပါဝင်သော အကြောင်းအရာ တချို့သာ ဖြစ်ပါသည်။

စာရင်းစစ်ချုပ် အစီရင်ခံစာ အပြည့်အစုံတွင်လည်း အခွန်ထမ်းပြည်သူများ၏ ကျပ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးစေသည့် အကြောင်းအရာများစွာ ကျန်ရှိနေနိုင်သေးသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ထုတ်ပြန် ခဲ့သည့် သမ္မတရုံး၏ ညွှန်ကြားချက်များတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ အနေဖြင့် မြေငှားရမ်းခ နှုန်းထားများအား စိမံကိန်း တည်ရှိနေသည့် ဒေသနှင့် ကိုက်ညီသော လက်ရှိဈေးနှုန်းများ ဖြစ်စေရန် တိုက်တွန်း ထားချက် များကို လိုက်နာရန် ပျက်ကွက်မှု ရှိသေးကြောင်းလည်း စာရင်းစစ်ချုပ် အစီရင်ခံစာက ဆိုသည်။

ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးလျှင် အဂတိ လိုက်စားမှု မြောက်နိုင်

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံ၏ ဘဏ္ဍာငွေများ ဆုံးရှုံးရန် စီမံခန့်ခွဲမှု ပြုလုပ်ခဲ့သည်ဟု ဆိုကာ စက်မှုဝန်ကြီး ဌာန လက်အောက်ရှိ BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အဂတိ တိုက်ဖျက် ရေး ကော်မရှင် (ACC) က အမှုဖွင့် တရားစွဲထားသည်။

ယင်း ဒေါက်တာ အောင်ဇော်၏ အမှု အမျိုးအစားသည် မြန်မာနိုင်ငံတွင် ပထမဆုံး တရား စွဲဆိုသည့် အမှု ဖြစ်သည်။

လက်ရှိအချိန်တွင် အသက်ဝင်နေပြီ ဖြစ်သည့် ၂၀၁၈ ခုနှစ်က ပြင်ဆင်ထားသော အဂတိ တိုက်ဖျက်ရေး ဥပဒေတွင် အဂတိ လိုက်စားမှု၏ အနက်အဓိပ္ပာယ်ကို နိုင်ငံဘဏ္ဍာငွေများ ဆုံးရှုံးစေရန် စီမံဆောင်ရွက်ခြင်းသည်လည်း အဂတိ လိုက်စားမှု ဖြစ်သည်ဟု ထည့်သွင်း ပြင်ဆင် ပြဋ္ဌာန်းထားကြောင်း ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ဧရာဝတီသို့ ပြောသည်။

၎င်းက “ရိုးသားဖြောင့်မတ်စွာ သဘောရိုးနဲ့ စီမံခန့်ခွဲခဲ့သလား၊ သဘောရိုးနဲ့ စီမံခန့်ခွဲခဲ့သည့်တိုင်အောင် လုပ်ထုံးလုပ်နည်းနဲ့ ညီရဲ့လား။ လုပ်ထုံးလုပ်နည်းနဲ့ ညီညွှတ်သော်လည်းပဲ စီမံခန့်ခွဲမှုက အလွဲတွေဖြစ်နေလား ဒီအချက်တွေနဲ့ အဂတိ လိုက်စား မှု မြောက်တယ်၊ မမြောက်ဘူး ဆိုတာကို တိုင်းတာဖို့ လိုပါတယ်” ဟု ပြောပြသည်။

စာရင်းစစ်ချုပ် အစီရင်ခံစာအရ ထင်ထင်ရှားရှား ပေါ်ပေါက်နေသော ဘဏ္ဍာငွေဆုံးရှုံးမှုများကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝင်ရောက်၍ တိတိကျကျ စစ်ဆေးရန် လိုအပ်နေသည့် အချိန်ပင် ဖြစ်ကြောင်းလည်း ဦးခင်မောင်မြင့်က ပြောဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်း အစိုးရ၏ အသုံးစရိတ်များနှင့် ပတ်သက်သည့် အစီအရင်ခံစာကို လွှတ်တော်၏ လုပ်ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်နေသည့် အဆင့်ဖြစ်နေကြောင်း၊ လုပ်ငန်းစဉ်များ အားလုံး မပြီးပြတ်သေးသည့်အတွက် အဂတိ တိုက်ဖျက်ရေး ကော်မရှင်က ဝင်ရောက် စုံစမ်းစစ်ဆေးရန် မလိုအပ်သေးကြောင်း ယင်းကော်မရှင်၏ ပြောရေး ဆိုခွင့် ရှိသူ ဦးကျော်စိုးက ဧရာဝတီသို့ ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့၏ ပြန်လည် ရှင်းလင်းချက်များ လိုအပ်နေမှုနှင့် လွှတ်တော်က ဆုံးဖြတ်ချက် မချမှတ် ရ သေးသည့် အတွက် အဂတိ တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် စောင့်ကြည့်နေခြင်း အပါအဝင် မည့်သည့် ကိစ္စကိုမျှ လုပ်ဆောင် နေခြင်းမျိုး မရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်း အစိုးရ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါဝင်ခဲ့သော မြို့တော်ဘတ်စ်ကား ဝန်ဆောင်မှုအတွက် အမေရိကန် ဒေါ်လာ ၂.၃ သန်း (ကျပ် ၃.၅ ဘီလီယံ) ဆုံးရှုံးခြင်း နှင့် တိုင်းလွှတ်တော်ကို အသိမပေးဘဲ ကျောင်းကားများ ဝယ်ယူရန် ပုဂ္ဂလိက ဘဏ်နှစ်ခုမှ ကျပ် ၁၃.၅ ဘီလီယံ ချေးယူ ခဲ့ခြင်းများကို လွှတ်တော် ကိုယ်စားလှယ်များက အစိုးရအား မေးခွန်းထုတ်ခဲ့ကြသော်လည်း အစိုးရက ပြန်လည် ဖြေရှင်းခြင်း မရှိခဲ့ပေ။

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်၍လည်း တိုင်း လွှတ်တော်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ၃ ရက် ဆွေးနွေးခဲ့သော လွှတ်တော် ကိုယ်စားလှယ်များက အစိုးရအဖွဲ့မှ တာဝန်ရှိသူများ အနေဖြင့် ပွင့်လင်း မြင်သာမှု ရှိစွာ လွှတ်တော်တွင် ပြန်လည်ဖြေရှင်းရန် တိုက်တွန်းခဲ့ကြသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးကမူ စာရင်းစစ်ချုပ် အစီရင်ခံစာ တွေ့ရှိ ချက်များနှင့် ပတ်သက်ပြီး လွှတ်တော်သို့ ပြန်လည် ဖြေရှင်းချက်များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက“ကျမတို့ အစိုးရအဖွဲ့အနေနဲ့ အချိန်တန်ရင် ထုတ်ပြန် ကြေညာသွားမှာပါ။ လွှတ်တော် ဘက်ကိုလည်း ပြန်ပြီးတော့ ဖြေရှင်းတဲ့ အပိုင်းတွေလည်း လုပ်မှာပါ။ ကျမ အနေနဲ့ ဒီလောက်ပဲ ပြောလို့ရပါမယ်” ဟု ပြောဆိုသည်။

သို့သော် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရှိ ပြည်သူများက ဒီမိုကရေစီစနစ်ဖြင့် မဲပေး ရွေးချယ်ထားသော တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် လာရောက်ဖြေရှင်းမည်လား၊ ယခင် နှစ်တုန်းကလိုပင် ပြန်လည် မဖြေ ရှင်းဘဲ နေမည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်ပါသည်။  ။

Did you find apk for android? You can find new Free Android Games and apps.
Loading