သန်းနှင့်ချီသော ကျိုင်းကောင်များ၏ လှုပ်ရှားမှုက လယ်သမားများ၏ အော်သံများ၊ အိုးများနှင့်ဒယ်အိုးများ ထုရိုက်သံများကြောင့် ပြိုကွဲသွားရသည်။ သို့သော်လည်း သူတို့ ဆူဆူညံညံ အသံများ ပြုလုပ်ခြောက်လှန့်ခြင်းသည် အမျိုးမျိုးသော အင်းဆက်ပိုးများက ဤကျေးလက် အသိုင်းအဝိုင်းရှိ သူတို့၏ ကောက်ပဲသီးနှံများကို စားသုံးခြင်းမှ တားဆီးရန် အနည်းငယ်မျှသာ အလုပ်ဖြစ်ခဲ့သည်။
နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး အနေဖြင့် သန်းပေါင်း ရာချီသော ကန္တာရကျိုင်းကောင် အင်းဆက်ပိုးများက အရှေ့ အာဖရိက နိုင်ငံတခုဖြစ်သည် ကင်ညာသို့ ဆိုမာလီနှင့် အီသီယိုးပီးယားတို့မှ နေ၍ ပျံသန်း ရောက်ရှိလာသည်ကို တွေ့မြင်ခဲ့ရသည်။ အဆိုပါနိုင်ငံ ၂ နိုင်ငံသည် ရာစုနှစ်၏ ၄ ပုံ ၁ပုံ ကာလအတွင်း ထိုကဲ့သို့သော ကူးစက်ပျံ့နှံ့မှု မရှိခဲ့ပါ။ ထိုအဖြစ်ကြောင့် လယ်ယာမြေများ ပျက်စီးခဲ့ရပြီး အစာငတ်မွတ်ခေါင်းပါးမှုကြောင့် အားနည်းနေသည့် ဒေသတခုကို ခြိမ်းခြောက်နေသည်။
“နွားတွေကတောင်မှ ဘာတွေဖြစ်နေတာလဲဆိုတာ သိချင်နေကြတယ်” ဟု ပြီးခဲ့သည့် သောကြာနေ့က သူ့ခြံတွင်းမှ ကျိုင်းကောင်များကို မောင်းထုတ်ရန် နာရီပေါင်းများစွာ ကြိုးစားခဲ့ရသော Ndunda Makanga ကပြောသည်။
“ပြောင်း၊ နှံစားပြောင်း၊ ပဲလွမ်း၊ သူတို့က အားလုံးကို စားပစ်ခဲ့တယ်”
မတ်လတွင် မိုးရွာသွန်းလာပြီး ဒေသတွင်း နေရာ အတော်များများတွင် စိုက်ခင်းအသစ်များ လုပ်ကိုင်လာကြသည့်အချိန်တွင် ပိုမိုခြောက်သွေ့သော ရာသီဥတုရှိသည့် ဇွန်လမရောက်မီ ကာလအတွင်း ပေါက်ပွားနှုန်း မြန်ဆန်သည့် ကျိုင်းကောင် အရေအတွက်က အဆ ၅၀၀ အထိ ကြီးထွားသွားနိုင်သည်ဟု ကုလသမဂ္ဂကပြောသည်။
“ကျနော်တို့ ချက်ခြင်း ဆောင်ရွက်ရပါမယ်” ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ David Phiri က ပြောသည်။ ကင်ညာနိုင်ငံ၏ မြို့တော်နိုင်ရိုဘီတွင် အလှူရှင်များရောက်ရှိနေပြီ ဖြစ်ပြီး နိုင်ရိုဘီ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တခုတွင် ကျွမ်းကျင်သူတဦးက ကျိုင်းကောင်များ ရောက်ခြင်း သည် သမ္မာကျမ်းစာလာ ကမာ္ဘမြေ၏ နောက်ဆုံးအချိန်အတွက် နိမိတ်လက္ခဏာ မဟုတ်ကြောင်း တက်ရောက်လာသူများကို ဖြေသိမ့်စကား ပြောကြားခဲ့သည်။
၎င်းတို့ကို တိုက်ဖျက်ရန် ထိရောက်သည့် တခုတည်းသော နည်းလမ်းဖြစ်သော လေယာဉ်ဖြင့် ပိုးသတ်ဆေးဖြန်းရန် အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့်လိုအပ်ကြောင်း ကုလသမဂ္ဂက ပြောသည်။ ထိုသို့ ပြုလုပ်ရန် လွယ်ကူလိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် တိုင်းပြည်၏ အစိတ်အပိုင်းအချို့က al-Qaeda နှင့်ဆက်နွယ်သည့် al-Shabab အစွန်းရောက်အုပ်စု၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသော ဆိုမာလီယာနိုင်ငံတွင် ဖြစ်သည်။
နှင်းဆီရောင် ကျိုင်းကောင်များက သစ်ပင်များအားလုံးကို ပန်းရောင်အဖြစ် ပြောင်းလဲစေပြီး ဆာလောင်မွတ်သိပ်စွာဖြင့် ဆူဆူညံညံ အုပ်စုလိုက် ပျံတက်သွားခြင်း မပြုမီ အကိုင်းအခက်များတွင် အလှဆင်ပစ္စည်းများသဖွယ် တွယ်ကပ်နေသည်။
တိမ်တိုက်များပမာ ထူထပ်သော အင်းဆက်များ အပင်များပေါ်သို့ ဆင်းလာပြီး ကောင်းကင်ကို မှောင်မဲသွားစေသည့်အချိန်တွင် ကင်ညာနိုင်ငံသားများက လေထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ သံဗူးများ ခေါက်ခြင်း၊ တုတ်ချောင်းများကို ဝှေ့ရမ်း၍ ဟိုသည် ပြေးလွှားခြင်းများ အားဖြင့် ၎င်းတို့ကို ခြောက်လှန့် မောင်းထုတ်ရန် အသည်းအသန် ကြိုးစားကြရသည်ကို မြင်တွေ့ရသည်။ Kanini Ndunda အမည်ရှိ အမျိုးသမီးတယောက်က ၎င်းတို့ကို ဂေါ်ပြား လိုက်ရိုက်နေခဲ့သည်။
သေးငယ်သော အင်းဆက် အုပ်တခုသည်ပင်လျှင် လူပေါင်း ၃၅၀၀၀ အတွက် တနေ့စာ လုံလောက်သော အစားအစာကို စားပစ်လိုက်နိုင်သည်ဟု ဂျီနီဗာရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံးမှ Jens Laerke ကပြောသည်။
လယ်သမားများမှာ သူတို့၏ ကျွဲနွားများကို စားကျက်သို့ လွှတ်ရန် ကြောက်လန့်နေကြသည်။ သူတို့၏ ပြောင်းဆန်၊ နှံစား ပြောင်းနှင့် လူး၊ ဆပ် အစရှိသည့် ကောက်ပဲသီးနှံများက အားနည်း ထိခိုက်လွယ်ကြသည်။ သို့သော်လည်း သူတို့ လုပ်နိုင်သည်က အနည်းငယ်သာ ရှိပါသည်။
ကင်ညာနိုင်ငံမှ မြေ ဟက်တာ ၇၀,၀၀၀ (ဧက ၁၇၂၀၀၀) ခန့်မှာ အင်းဆက်များ ကျရောက်နေခဲ့ပြီး ဖြစ်သည်။
“အဲဒါက ကြီးမားပါတယ်” ဟု စိုက်ပျိုးရေးဝန်ကြီးဌာနမှ ရွှေ့ပြောင်းပိုးမွှားနှိမ်နင်းရေး ကျွမ်းကျင်သူ Kipkoech Tale ကပြော သည်။ “ကျနော်တို့ ဆေးဖြန်းပြီး ဖြစ်တဲ့ ကျိုင်းကောင်အုပ် ၂၀ ကျော် အကြောင်း ကျနော်ပြောနေပါတယ်။ ဒါပေမယ့် အဲဒီထက် ပိုများနေတုန်းပါ။ အဲဒီအပြင် ပိုပြီးတော့ ထပ်လာနေကြတယ်။”
ကျိုင်းကောင် အုပ်စုတခုတည်း အတွင်းမှာပင် ၁ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် စိုက်ပျိုးမြေတခုလျှင် ကျိုင်းကောင် သန်း ၁၅၀ အထိ ပါဝင်နိုင်သည် ဟု ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။ ဘောလုံးကွင်း ၂၅၀ ခန့် အရွယ်အစား ရှိသည့် ဧရိယာ ဖြစ်သည်။
Save the Children ၏ အရှေ့နှင့်တောင်အာဖရိက ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ian Vale က ကင်ညာရှိ လုပ်ငန်းမှ ဝန်ထမ်းများသည် “ ဖြတ်ကျော်၍ မမြင်နိုင်လောက်အောင် အလွန်ထူထပ်သော ကျိုင်းကောင်အုပ်များ” နှင့် စစ်ခင်းနေကြ ရသည်ဟု ပြောသည်။
“ ဒီကပ်ဘေးအန္တရာယ်သစ်က ၂၀၂၀ ခုနှစ်မှာ ဒေသအတွက် ဆိုးရွားမှုတွေကို နိမိတ်ပြနေတယ်။ ၂၀၁၉ ခုနှစ် နဲ့ အဲဒီ အရင် ဆယ်စုနှစ်တခုစာ ရာသီဥတု ဖောက်ပြန်မှုက မျှော်လင့်မထားတဲ့ အကျပ်တည်းတွေကနေ ပြန်လည်ရုန်းထွက်ရေး မိသားစုတွေရဲ့ စွမ်းရည်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီး ဖြစ်ပါတယ်။ ”
အထူးသဖြင့် ကြီးမားသည့် ကျိုင်းကောင် အုပ်စုက ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ကျရောက်ခဲ့ပြီး အရှည် ၆၀ ကီလိုမီတာ၊ အကျယ် ၄၀ ကီလိုမီတာ (အရှည် ၃၇ မိုင်နှင့် အကျယ်၂၅ မိုင်) ရှိသည်။
ကင်ညာနိုင်ငံက ယခု လက်ရှိ ပျံသန်းနေသော လေယာဉ်လေးစင်းကို ထောက်ပံ့ရန် ဆေးဖြန်း ကိရိယာများ ပိုမို လိုအပ်နေကြောင်း Kipkoech Tale က ပြောသည်။ အီသီယိုးပီးယားတွင်လည်း ၄ စီး ရှိသည်။
ပိုးသတ်ဆေးများ ထောက်ပံ့ပေးမှုကို မှန်မှန်ရရှိရန်လည်း လိုအပ်ကြောင်း ကင်ညာနိုင်ငံ အရှေ့တောင်ပိုင်း Kitui ခရိုင် စိုက်ပျိုးရေး ဒုတိယ ညွှန်ကြားရေးမှူး Francis Kitoo ကပြောကြားခဲ့သည်။
“ ဒေသခံတွေ တကယ်ကိုကြောက်နေကြတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က အကုန်လုံးကို စားပစ်နိုင်တယ်” ဟု Francis Kitoo က ပြောသည်။
“ဒီလောက်များတဲ့ အရေအတွက်ကို ကျနော် တခါမှမတွေ့ဖူးဘူး။ ”
ကျိုင်းကောင်များက မိသားစုများ၏ အသက်မွေးဝမ်းကျောင်းအတွက် အရေးပါသော အရင်းအမြစ်တခု ဖြစ်သည့် တိရိစာ္ဆန်များအတွက် အစာများကိုလည်း စားသည်။ ယခုအခါတွင် ကျောင်းလခကဲ့သို့ ကုန်ကျစရိတ်များအတွက် မည်ကဲ့သို့ပေးရမည်ကို စိုးရိမ်နေကြရသည်ဟု သူက ပြောသည်။
ကျိုင်းကောင်များနှင့်ပတ်သက်၍ သူ၏ ကိုယ်ပိုင် စိုးရိမ်ပူပန်မှုမှာ “သူတို့က ဥတွေ ဥလိမ့်မယ်၊ ပြီးရင် နောက်ထပ် မျိုးဆက်တခု ကို စမယ်” ဟု သူကပြောသည်။
နိုင်ရိုဘီအခြေစိုက် ရာသီဥတု သိပ္ပံပညာရှင် Abubakr Salih Babiker က ရာသီဥတုပြောင်းလဲမှုက “ထူးကဲသော” သားပေါက်မှု အခြေအနေများကို ဖြစ်စေသည် ဟု ပြောသည်။
လေနှင့်အတူပြောင်းရွှေ့ခြင်း ကျိုင်းကောင်များက တနေ့တည်းအတွင်းမှာပင် ကီလိုမီတာ ၁၅၀ အထိ ဖုံးလွှမ်းနိုင်သည်။ သူတို့က ကောင်းကင်ထဲတွင် ဖြေးညှင်းစွာ လူးလာပျံသန်းနေသည့် အလွန်သေးငယ်သော လေယာဉ်ပျံတစင်းနှင့်တူသည်။
ယခုအခါ သူတို့က ယူဂန်ဒါနိုင်ငံနှင့် ပြည်တွင်းစစ်မှ ထွက်လာသည့် အချိန်တွင် တိုင်းပြည်တဝက်နီးပါးက ငတ်မွတ် ခေါင်းပါးနေသော တောင်ဆူဒန်နိုင်ငံသို့ ဦးတည်နေကြသည်။ ၁၉၆၀ နှစ်များ နောက်ပိုင်းတွင် ထိုသို့ ဖြစ်ပွားခြင်း မရှိသေးသည့် ယူဂန်ဒါက အဆင်သင့် တပ်လှန့်ထားပြီး ဖြစ်သည်။
ကျိုင်းကောင်များက အီသီယိုးပီးယား နိုင်ငံ Rift ချိုင့်ဝှမ်းသို့လည်း တဖြည်းဖြည်းရွေ့လျားနေသည်ဟု ကုလသမဂ္ဂက ဆိုသည်။ Rift ချိုင့်ဝှမ်းသည် အာဖရိက၏ ဒုတိယမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်သည့် အီသီယိုးပီးယား အတွက် ကောက်ပဲသီးနှံများ အဓိက ထုတ်လုပ်ပေးနေသည့် နေရာဖြစ်သည်။
အီသီယိုးပီးယားနိုင်ငံ Sidama ဒေသမှ Buni Orissa က “အခြေအနေက အရမ်းဆိုးတယ်။ ဒါပေမယ့် လယ်သမားတွေက ရိုးရာ အစဉ်အလာ နည်းလမ်းနဲ့ တိုက်ခိုက်နေတယ်။ ကျိုင်းကောင်တွေက ဂေါ်ဖီထုပ်နဲ့ ပဲတွေကို နှစ်သက်ကြတယ်။ အဲဒါက မတည်မငြိမ် ဖြစ်နေတဲ့ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နိုင်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ မဖြစ်ပွားမီကပင်လျှင် အခါအားလျှော်စွာ ပေါ်ပေါက်တတ်သည့် မိုးခေါင်ခြင်းနှင့် ရေလွှမ်းမိုးမှုများကို ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရသော အရှေ့အာဖရိက ဒေသတလွှားတွင် လူ သန်း၂၀ နီးပါးမှာ စားနပ်ရိက္ခာဖူလုံမှု မရှိခြင်းနှင့် မြင့်မြင့်မားမား ကြုံတွေ့နေခဲ့ရပြီး ဖြစ်သည်။
ဒေါသထွက်နေသည့် လယ်သမားများက သမိုင်းတွင် ဇွဲအကောင်းဆုံးသော ပိုးမွှားများထဲမှ တခုကို တိုက်ထုတ်ရေး အကူအညီများ ပိုမို ရှာဖွေလာကြသည့် အချိန် FAO ၏ Locust Watch က နှစ်သိမ့်မှု အနည်းငယ်မျှသာ ပေးနိုင်ခဲ့သည်။
“ကြီးမားတဲ့ ပိုက်ကွန်တွေ၊ မီးမှုတ်စက်တွေ၊ လေဆာရောင်ခြည်တွေနဲ့ ကြီးမားတဲ့ လေစုပ်စက်တွေကို အရင်က အဆိုပြုခဲ့ကြပေမယ့် အဲဒါတွေကို ကျိုင်းကောင် ထိန်းချုပ်မှုအတွက် အသုံးပြုနေတာ မရှိပါဘူး” ဟု ကုလသမဂ္ဂ အေဂျင်စီကပြောသည်။
“လူတွေနဲ့ ငှက်တွေက ကျိုင်းကောင်တွေကို မကြာခဏ စားလေ့ရှိ ပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့် ဆိုရင်တော့ ကျယ်ပြန့်တဲ့ ဧရိယာအတွင်းက အရေအတွက် ပမာဏကို သိသိသာသာ လျှော့ချဖို့ မလုံလောက်ပါဘူး။”
ယခုထက်ထိ ချက်စားနိုင်သည့် နည်းလမ်းက အဖြေတခု ဖြစ်ဆဲပင်။ ယူဂန်ဒါနိုင်ငံတွင် တယောက်က အကြံပြုထားသည်မှာ ကြက်သွန်နီ ပါးပါးလှီးပြီး ဟင်းချက်ပေါင်ဒါမှုန့်နှစ်ဖြင့် ရောကျော်ရန် ဖြစ်သတည်း။
(AP သတင်း Skies go black in Africa’s worst locust plague in decades ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေ ခရမ်းရောင်အဆင့်မှာ ရှိနေ
မီးတောင်ကို ကျော်၍ ပြာပူများကို ဖြတ်သန်းခြင်း
ချီဖွေမြို့က မုတ်သုန်တော ပျောက်ဆုံးခြင်း
မြစ်၊ ရေ၊ ကျွန်း၊ ကျွန်းသားများနှင့် ဘိုးဘိုးကြီးကို ကာကွယ်ပေးပါ