စစ်ကိုင်းတိုင်းဒေသကြီး အတွင်း တရားမဝင် ရွှေတူးနေတဲ့ လုပ်ငန်း အများအပြား ရှိနေခြင်းကို အားမပေးနိုင်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံက သတိပေးစကား ပြောကြားလိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နာဂဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့ကို ရဟတ်ယာဉ် ဖြင့် သွားစဉ် ကောင်းကင်ပေါ်မှ မြေပြင် အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရကြောင်း ဇန်နဝါရီ ၂၁ ရက် နေ့ နန်းယွန်းမြို့ လူထုတွေ့ဆုံပွဲမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့ နန်းယွန်းကို ရဟတ်ယာဉ်နဲ့ လာတဲ့အခါမှာ အောက်ကို ကြည့်လိုက်တဲ့အခါ ရွှေ တူးနေတဲ့ နေရာတွေကို တွေ့ရပါတယ်။ ဒီလိုရွှေတူးတဲ့ နေရာတွေမှာ တချို့တွေက ဥပဒေဘောင် အတွင်းက မဟုတ် ဘဲ စည်းကမ်းမဲ့ ရွှေတူးတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်အထိ ထိခိုက်သွားလဲဆိုတာကို ကျမတို့ မျက်ဝါး ထင်ထင် မြင်ရပါတယ်။ မြေပြင်ကနေ ကြည့်တာထက် အပေါ်ကနေ ကြည့်လိုက်ရင် ကျမတို့နိုင်ငံရဲ့ အခြေ အနေကို အင်မတန်မှ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာပဲ အသေးစားနဲ့ လက်လုပ်လက်စား ရွှေလုပ်ကွက်ရဲ့ ၇ဝ ရာခိုင်နှုန်းလောက် ဟာ တရားမဝင် တူးဖော်နေကြပြီးတော့ အဲ့ဒီ တရားမဝင် တူးဖော်နေကြတဲ့ ရွှေလုပ်ငန်းရှင်တွေရဲ့ ၃ဝ ရာခိုင်နှုန်း ကတော့ တရားဝင်တူးဖော်ခွင့် လိုင်စင် လျှောက်ထားချင်တဲ့ စိတ်ဆန္ဒတွေ ရှိနေတယ်လို့ ဟုမ္မလင်းမြို့နယ်မှာ တရားဝင် ရွှေလုပ်ကွက် ရရှိထားတဲ့ ဒေသခံလုပ်ငန်းရှင် ကိုမိုးမြင့်မွန်က ပြောပါတယ်။
ဒါပေမယ့် ကိုယ့်ဒေသကနေ တရားဝင် လိုင်စင်ရဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ထောက်ခံချက်ကစပြီး မြေတိုင်း ရာ သက်ဆိုင်တဲ့ ဌာနတွေနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အထိ လုပ်ငန်းရှင်ကိုယ်တိုင် သွားရောက် လျှောက်ထားရတဲ့ အခါ လုပ်ငန်း ကြန့်ကြာတာတွေ၊ ငွေကုန်ကျတာတွေနဲ့ တချို့ လုပ်ငန်းရှင်တွေက တရားဝင် လျှောက်ထားဖို့ သဘောမတွေ့ကြတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ သူက ဆက်ပြောပြတယ်။
ကိုမျိုးမြင့်မွန်က“ကျနော်တို့ ဒေသအနေနဲ့ သွားလာရ ခက်ခဲတယ်။ နောက် လုပ်ကွက်မြေတိုင်းဖို့ကအစ တိုင်းအဆင့် အထိ မြေစာရင်းဆီ ခွင့်ပြုမိန့်တင်ရ၊ သူတို့ကို ခေါ်လာရ။ အဲ့ဒီ ကုန်ကျစရိတ်အပြင် သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံ စာ၊ ရဲစခန်း ထောက်ခံစာနဲ့ အဆင့်ဆင့်လုပ်ရတော့ လုပ်ငန်းကြန့်ကြာတယ်။ စရိတ်ကုန်တယ်။ အဲ့ဒီတော့ အောက်မှာပဲ ရော့အင့်ဆို (တရားမဝင်) လုပ်နေကြရော”လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး“မြို့နယ်အဆင့်၊ ခရိုင်အဆင့်လောက်နဲ့တင် ပြီးပြတ်မယ်ဆို အခုလို တရားမဝင်လုပ်နေတာ တော်တော် သက်သာသွားမယ်။ လုပ်ကိုင်ရ ခက်ခဲတာကို လွယ်ကူအောင် လုပ်ပေးသင့်တယ်။ သူသူငါငါ ပေးရတာ အတူတူဆို တရားဝင်လုပ်ဆို လုပ်ကြမှာပဲ။ တရားဝင်လုပ်ဖို့ ဘာတွေလိုလဲ၊ ဘာလုပ်ရမလဲ ဆိုတာကို တချို့ ရွှေတူးသူ တွေလည်း မသိကြသေးဘူးဗျ။ အဲ့ဒါကို ပညာပေးတာတွေလည်း လုပ်ဖို့လိုတယ်”လို့လည်း ပြောဆိုပါတယ်။
လက်ရှိ တရားမဝင် ရွှေတူးဖော်မှု အခြေအနေများ
စစ်ကိုင်းတိုင်း ဒေသကြီးထဲမှာ အသေးစားနဲ့ လက်လုပ်လက်စား ရွှေတူးဖော်ရေး လုပ်ကွက် ၆ဝဝ ကျော်ကို တရားဝင် ခွင့်ပြုချက် ချထားပေးပြီး ဖြစ်ပေမယ့် တရားမဝင် တူးဖော်လုပ်ကိုင်နေမှုတွေ အများအပြား ရှိနေတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားနဲ့ သဘာဝ သယံဇာတ ဝန်ကြီး ဦးလာလ်ထောင်ထန်းကလည်း ပြောပြပါ တယ်။
တိုင်း အစိုးရအဖွဲ့အနေနဲ့ သတ္ထုတွင်း ဦးစီးဌာနနဲ့ ပူးပေါင်းပြီး ဖမ်းဆီးမှုတွေ အများအပြား လုပ်နေပေမယ့် ဒေသခံတွေ အနေနဲ့တော့ အခုလို လုပ်စားနေကြဆဲပဲလို့ သူက ပြောပါတယ်။
ဦးလာလ်ထောင်ထန်းက“ကျနော်တို့လည်း ရွှေမျော(ရွှေတူးဖော်မှု) တွေကို တရားဝင်လုပ်ဖို့ တိုက်တွန်းတာလည်း တိုက်တွန်း။ ဖမ်းဆီးတာလည်း ဖမ်းဆီး လုပ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ အစိုးရဘက်မှာလည်း သတ္ထုတွင်း ဝန်ကြီး ဌာန ဝန်ထမ်း အပြောင်းအလဲတွေနဲ့အတူ ဝန်ထမ်းတွေ လုပ်ငန်း မနိုင်မနင်းတာတွေ ရှိနေပါတယ်။ နောက်ပြီး ပြည်သူတွေ ကိုယ်တိုင်ကလည်း တရားဝင် ခွင့်ပြုချက်ရတာ၊ မရတာ မသိနဲ့။ သူတို့က ရွှေတူးဖို့ပဲ သိတဲ့ အနေအထား မျိုး တွေ့နေရတယ်”လို့ ပြောဆိုတယ်။
လက်လုပ်လက်စားနဲ့ အသေးစား ရွှေလုပ်ကွက်တွေမှာ ဒေသခံတချို့က တရားဝင် တူးဖော်ခွင့် ရရှိချင်တဲ့ဆန္ဒ ရှိနေ ပေမယ့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာရဲ့ ဆောင်ရွက်မှုမှာ များစွာ အခက်တွေ့နေရတယ်လို့ သယံဇာတ တူးဖော် မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရေး လေ့လာ ဆောင်ရွက်နေတဲ့ Citizen Action for Transparency (CAFT) အဖွဲ့က မမိုးမိုးထွန်းက ထောက်ပြပါတယ်။
မမိုးမိုးထွန်းဟာ သယံဇာတနဲ့ သက်ဆိုင်တဲ့ ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေတဲ့ MEITI အဖွဲ့ မှာ CAFT ရဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် အဖြစ် ပါဝင်ထားသူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရွှေလုပ်ကွက်တွေမှာ တိုင်းဒေသကြီးအဆင့် တရားဝင်လိုင်စင် ချထားပေးတာမရှိဘဲ အောက်ခြေ အဆင့်တွေက နှုတ်ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေကြသလို တချို့သော ရွှေလုပ်ကွက်တွေက လက်လုပ်လက်စား ဒေသခံ တွေဟာ တရားဝင် ခွင့်ပြုချက် ရရှိရေးအတွက် တိုင်းအစိုးရ အခြေစိုက်ရာ မြို့အထိ သွားရောက်ရေး စရိတ်စကနဲ့ တရားမဝင်တဲ့ ကုန်ကျ စရိတ်တွေကြောင့် တရားမဝင် အနေအထားအတိုင်း ဆက်လက် တူးဖော်နေခဲ့ကြတယ်လို့ သူက ဆက်ပြောတယ်။
မမိုးမိုးထွန်းက“လက်လုပ်လက်စားတွေက တရားဝင်လုပ်ချင်ကြတယ်။ ဒါကို အစိုးရဘက်က သေသေချာချာ အများ ကြီး လုပ်ပေးဖို့လိုတယ်။ တချို့နယ်မြေတွေမှာ နာမည်ခံပြီးတော့ မင်းတို့လုပ်ကြဆိုပြီး လုပ်နေတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီအကြောင်းကို ပြောမယ်ဆိုရင် အောက်ခြေအထိ သေသေချာချာ ဆင်းကြည့််ပြီးမှ ပြောသင့်တယ်။ အောက်မှာက တချို့ဒေသခံတွေဆိုရင် ဒီလက်လုပ်လက်စား လိုင်စင်ကိုတောင် ဘယ်လိုလျှောက်ရ မယ် ဆိုတာ မသိဘူး။ သိအောင်လည်း ဘယ်ဌာနဆိုင်ရာမှ လာပြီး မပြောဘူး။ အမှန်က ဌာနဆိုင်ရာတွေသာ လုပ်ပေး မယ်ဆို ဒီလို တရားမဝင် တွေ လုပ်နေတာ တော်တော်လေး လျော့သွားမှာပါ”လို့လည်း ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီနဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့အစည်း (MATA) တို့ရဲ့ စစ်ကိုင်းတိုင်း တာဝန်ခံအဖွဲ့တို့ ကွင်းဆင်း ပူးပေါင်းလေ့လာတွေ့ရှိချက်မှာ ဟုမ္မလင်းမြို့နယ် အတွင်း တရား မဝင် ရွှေတူးဖော်မှု လုပ်ကိုင်နေတဲ့ လုပ်ကွက် အားလုံးနီးပါးဟာ သက်ဆိုင်ရာ ဆက်စပ်ဌာနတွေကို တရားမဝင် ငွေကြေး ပေးကာ လုပ်ကိုင်နေကြရတယ်လို့ ဖော်ပြပါတယ်။
တိုင်းဒေသကြီးရဲ့ ရွှေလုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့ဟာ သတ်မှတ်ချိန်အတွင်း လိုင်စင်ချထားပေးနိုင်ခြင်း မရှိ၊ ကြီးကြပ် အုပ်ချုပ်နိုင်ခြင်း မရှိတာတွေကြောင့် တရားမဝင်လုပ်ကွက်တွေ ထောင်နဲ့ချီပြီး မြေပြင်မှာ လုပ်ကိုင်နေကြ တယ် လို့လည်း ပါရှိပါတယ်။
လိုင်စင်လျှောက်ထားမှု လုပ်ငန်းအဆင့်ဆင့်မှာ အဂတိ လိုက်စားမှု အကြီးမားဆုံး တွေ့ရှိနေရကာ ရွှေတူးဖော်မှုမှာ အသုံးပြုတဲ့ ပြဒါးသုံးစွဲမှု ဗဟုသုတ မရှိ၊ အသေးစားလုပ်ငန်းတွေမှာ သုံးတဲ့စက်ယန္တရားတွေက သတ်မှတ် မြင်းကောင် ရေထက် ပိုသုံးနေတာ၊ တရားဝင် စီမံကိန်းဖြစ်စေ၊ တရားမဝင် စီမံကိန်းဖြစ်စေ တဆင့်ခံ လုပ်ကွက် ချထားပေးရာမှာ မျောတခုအတွက် အနည်းဆုံး ကျပ်သိန်း ၁ဝဝ မှ ၁၅ဝ အထိ ပေးသွင်းလုပ်ကိုင်နေရသလို လစဉ် ရွှေကျနှုန်းပေါ် မူတည်ကာ ကျပ် ၅ သိန်းမှ သိန်း ၂ဝ အထိ ကောက်ခံနေတာကိုတွေ့ရှိရတယ်လို့ အဆိုပါ အချက် ၅၃ ချက်ပါ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ဝန်းသိုမြို့နယ်မှာဆိုလည်း ပတ္တမြားနဂါး ကုမ္ပဏီက အသေးစားလုပ်ကွက် ၄ ကွက်(ဧက ၂ဝ) ကို ခွင့်ပြုချက် ရရှိခဲ့ ပေမယ့် သက်တမ်း တိုးခွင့်မရှိတဲ့ လုပ်ကွက် ၁၆ ကွက်ကို ပြန်မအပ်နှံသလို ဌာနဆိုင်ရာတွေက သက်တမ်းလွန်တာ၊ စည်းမျဉ်း ချိုးဖောက်တာကို လုံးဝအရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း၊ ရွှေတူးဖော် လုပ်ငန်းမှာ လုပ်ကိုင်နေကြ သူတွေဟာ ဆိုင်ယာနိုက် အဆိပ်ကို ကိုင်တွယ်အသုံးပြုတာ အန္တရာယ်မရှိလို့ ယူဆနေခြင်းကို တွေ့ရကြောင်း ဖော်ပြ ထားပါတယ်။
ဗန်းမောက်မြို့နယ်မှာ လိုင်စင် လျှောက်ထားချင်ကြပေမယ့်လည်း ဇုန်သတ်မှတ်ခြင်း မရှိ၊ လျှောက်ထားဖို့ ခက်ခဲမှုတွေ နဲ့ တရားမဝင် တူးဖော်နေကြသလို ကောလင်းမြို့နယ်မှာလည်း လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေဟာ တရားဝင် ထုတ်ပြ နိုင်တဲ့ နိုင်ငံခြားသား (တရုတ် နိုင်ငံသား) စာရင်းထက် ပိုမိုများပြားကာ လုပ်ကိုင်နေကြတယ်လို့လည်း ပါရှိပါတယ်။
အဆိုပါ အစီရင်ခံစာမှာ တချို့ ရွှေလုပ်ကွက်တွေဟာ ဥရုချောင်းဘေးမှာ တူးဖော် လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်းက ထွက် ရှိတဲ့ မြေစာကြောင့် ဥရုချောင်းရဲ့ မြစ်လက်တက် ချောင်းကြီးချောင်းဟာ ရေစီးဆင်းမှု လုံးဝမရှိတော့ကြောင်း၊ တချို့ လုပ်ကွက် အနီးရှိ လယ်မြေတွေပေါ် စွန့်ပစ်မြေစာတွေ ပုံထားတဲ့ အတွက်လည်း မြေယာလျော်ကြေး ပေးအပ် တာ ဒီနေ့အထိ မရှိသေးကြောင်း သိရပါတယ်။
MATA အဖွဲ့ရဲ့ စစ်ကိုင်းတိုင်းတာဝန်ခံ ကိုငွေလင်းက“သက်ဆိုင်ရာ မြို့နယ်တွေမှာ တရားမဝင် ရွှေတူးဖော်ကြတဲ့ သူတွေဟာ ဒေသခံပြည်သူတွေ တော်တော်လေးကို နည်းပါတယ်။ ရွှေကို အသေးစားလုပ်ကွက် တရားမဝင် တူးမယ် ဆိုရင်တောင် ကျပ်သိန်းပေါင်း ထောင်နဲ့ချီ ရင်းနှီးမြှုပ်နှံရတာ။ အဲ့ဒီ အရင်းအနှီးကို ဒေသခံတွေအတွက် အင်မတန် ခက်ခဲတယ်”လို့ ပြောပါ တယ်။
သူက“အခုနောက်ပိုင်း လက်လုပ်လက်စား ပေါ်လာတဲ့အခါ ဒေသခံတွေ ဝင်လျှောက်ကြတယ်။ စစ်ကိုင်းတိုင်း တခုလုံး ဒေသခံ အပါအဝင် အသေးစားရော၊ လက်လုပ်လက်စားရော ၃ဝဝဝ နီးနီး လျှောက်ကြတယ်။ ကျနော်တို့ စောင့်ကြည့် သလောက်က ဒေသခံတွေ လက်လုပ်လက်စားကိုတောင် ရတဲ့သူ အတော်နည်းတယ်။ အသေးစား လုပ်ကွက်တခု လျှောက်တဲ့ သူတိုင်းက မြို့နယ်အဆင့်မှာတင် တရားမဝင် ကုန်ကျရတာက ကျပ်သိန်း ၁ဝဝ ကျော်တယ်။ လက်လုပ် လက်စား လုပ်ကွက်လေး ရဖို့အတွက်လည်း တရားမဝင် ငွေကြေးက ကျပ် ၁ဝ သိန်းကျော် ကုန်တယ်”လို့ ဆက်ပြော တယ်။
ဘယ်သူတွေမှာ တာဝန်ရှိနေလဲ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ငန်း စိစစ်ချထားပေးရေး အဖွဲ့က ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ရွှေနဲ့ သတ္ထု တူးဖော်ရေး လုပ်ကွက်တွေကို ကုမ္ပဏီဝင်ရောက် လျှောက်ထားတာ ၁၄၆ဝ ရှိခဲ့ကာ ခွင့်ပြုပေးတာက ၁၂၆ ခု ရှိကြောင်း၊ လက်လုပ်လက်စားများ ၁၅၅၈ ခု ဝင်ရောက် လျှောက်ထားခဲ့ရာမှာ ခွင့်ပြုမိန့်ပေးတာ ၇၄ ခုသာ ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။
အဲဒီ လုပ်ငန်းတွေကနေ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအနေနဲ့ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလဆန်းမှာ ရရှိခဲ့တဲ့ အခွန် ရရှိမှု က အသေးစား ရွှေတူးဖော်ရေး လုပ်ငန်းမှ ကျပ် သန်းပေါင်း ၄ ထောင်နီးပါးနဲ့ လက်လုပ်လက်စား ရွှေလုပ်ကွက်တွေက ကျပ် သန်းပေါင်း ၈၄ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေနဲ့ပတ်သက်ရင် အသေးစားလုပ်ကွက်နဲ့ လက်လုပ်လက်စား လုပ်ကွက်တွေကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က လုပ်ပိုင်ခွင့်ပေးနေပြီ ဖြစ်တာကြောင့် တရားဝင် လုပ်ချင်ကြတဲ့ ဒေသခံတွေအနေနဲ့ လိုင်စင် လျှောက်ထား သင့်တယ် လို့ ပြည်ထောင်စု သယံဇာတ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သတ္ထုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင်က ပြောပါတယ်။
ရွှေတူးဖော်မှု အများဆုံးရှိနေတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ကယား ပြည်နယ် တွေမှာလည်း တရားဝင် လိုင်စင်လျှောက်ထားကာ လုပ်ဆောင်နေကြပြီလို့ သူက ဆိုတယ်။
တရားမဝင် တူးဖော်မှုဆိုရင်တော့ သက်ဆိုင်ရာ ဌာနဆိုင်ရာအဆင့်ဆင့်က ဖမ်းဆီး အရေးယူပြီး မြန်မာ့ သတ္ထုတွင်း ဥပဒေ ပုဒ်မ ၁၃(က)နဲ့ တရားစွဲမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် တချို့ ရွေတူးနေကြတဲ့ နယ်မြေတွေက ငြိမ်းချမ်းရေး ဖြစ်စဉ် တွေနဲ့ ဆက်စပ်နေတဲ့ အတွက် ဌာနဆိုင်ရာတွေ ဝင်ရောက်စစ်ဆေးဖို့ မလွယ်ကူတာမျိုးတော့ ရှိကြောင်း သူက ပြော တယ်။
သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ပတ်သက်ပြီး မိမိတို့ ဌာနဆိုင်ရာတွေ ကြီးကြပ်မရတာကတော့ တရားမဝင် တူးဖော် နေကြတဲ့ လုပ်ကွက်တွေဖြစ်ပြီးတော့ သတ္ထုတူးဖော်ရေး ကဏ္ဍမှာ လုပ်ငန်းသေးငယ်တာနဲ့အမျှ ကွပ်ကဲရခက်တဲ့ အခြေ အနေ ရှိနေတယ်လို့ ဦးကိုကိုလှိုင်က ဆိုတယ်။
ဦးကိုကိုလှိုင်က“အသေးစားတွေက တရားမဝင်လို့ ကျနော်တို့က ဖမ်းပြီး ထောင်ထဲ ထည့်လိုက်ရင်တောင်မှ မြေကြီးက ပျက်စီးသွားပြီ။ ပြန်တာဝန်ယူပေးဖို့လည်း ဥပဒေမှာ မပါဘူး။ နောက်ပြီး အရပ်စကားပြောရရင် သူတို့ ရင်းနှီးမြှုပ်နှံတဲ့ ပမာဏ အရ အသားလှီးယူဆို ဘာမှ လုပ်လို့မရဘူး”လို့လည်း ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေလင်းမောင်ကမူ လက်ရှိမှာ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာ နယ်မြေအလိုက် ဒေသခံတွေကို တရားဝင် ရွှေတူးဖို့ စည်းရုံးနေပေ မယ့် နယ်မြေ အနေအထား က သွားလာရ ခက်ခဲတာကြောင့် ဒေသခံတွေကိုယ်တိုင် တရားဝင်လိုင်စင် လာလျှောက်ဖို့ မှာ အခက်အခဲဖြစ်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။
ရွှေတူးတဲ့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ကြတဲ့အခါ ဒေသခံတွေက သက်ဆိုင်ရာ မြို့နယ် အဆင့် က အစ ဌာနဆိုင်ရာတွေ အဂတိ လိုက်စားတာ ရှိတယ်လို့ ပြောပေမယ့် သက်သေ အထောက်အထား အားနည်းနေ တာကြောင့် ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ ခက်ခဲတယ်လို့ သူက ဆက်ပြောတယ်။
ကုမ္ပဏီတွေက လုပ်ခဲ့လို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတယ်ဆို လွှတ်တော်မှာ မေးခွန်းမေးတာ၊ အဆိုတင်တာ လုပ်နိုင် ပေမယ့် တချို့နေရာတွေမှာ ဘယ်ကုမ္ပဏီက အဓိက တာဝန်ရှိနေတယ်ဆိုတာ ထောက်ပြဖို့မှာ တရားမဝင် လုပ်ငန်း များပြား နေတာတွေကြောင့် အခက်တွေ့ရတယ်လို့ သူက ဆိုတယ်။
ဦးဇေလင်းမောင်က“တရားဝင် ကုမ္ပဏီဆိုရင်တော့ ကျနော်တို့က သူ့မှာ တာဝန်ရှိတယ်လို့ ပြောလို့ရတာပေါ့။ ဟုမ္မလင်း မှာ ဆိုရင် လယ်မြေ ဧက ၂၅ဝ လောက် ပျက်စီးသွားတယ်။ ရွှေလုပ်ကွက်က နွံတွေ ခါးလောက်အထိ ဖုံးသွားတယ်။ ဒါပေမယ့် တရားမဝင်တွေဖြစ်နေတော့ ဘယ်သူ့ကို ကျနော်တို့ လက်ညှိုးထိုးပြရမယ်ဆိုတာ လက်လှမ်း မမီဘူး။ အတိ အကျ ပြဖို့ ရှာမတွေ့ဘူး။ အဲ့ဒီလိုနဲ့ အခက်အခဲ ပိတ်ဆို့တာတွေ ဖြစ်နေတာ”လို့လည်း ပြောဆိုပါတယ်။
လက်ရှိ အခြေအနေအရ စစ်ကိုင်းတိုင်း အတွင်း တရားမဝင် ရွှေတူးဖော်မှုတွေနဲ့ ပတ်သက်ပြီး တူးဖော်သူတွေကလည်း တရားဝင် ဖြစ်ရေး အခက်အခဲ ရှိ၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း အခက်အခဲ ရှိ၊ လွှတ်တော် ကိုယ်စားလှယ်ကလည်း လက်လှမ်းမမီ အခက်အခဲ ဖြစ်နေတယ်ဆိုတော့ ဒီအခက်အခဲကို ဘယ်သူ တွေက ဘယ်လို ပြေလည်အောင် ဖြေရှင်းပေးနိုင်မလဲ ဆိုတာ မေးခွန်းထုတ်စရာပဲ ဖြစ်ပါတယ်။ ။