တရုတ်နိုင်ငံ ဝူဟန်တွင် စတင်ဖြစ်ပွားသော နိုဗယ်ကိုရိုနာဗိုင်းရပ် ရောဂါပိုး ကူးစက်မှု၏ သေဆုံးသူ အရေအတွက်သည် SARS ရောဂါတွင် သေဆုံးသူ အရေအတွက်ထက် နိမ့်နေသေးသော်လည်း မြန်မာအပါအဝင် ကမ္ဘာတဝန်းတွင် စိုးရိမ်ကြောက်လန့်မှုများ ဖြစ်နေကြသည်။
တရုတ်နိုင်ငံဝူဟန်မှ စတင်သည့် နမိုးနီးယားနှင့်တူသော ထိုဗိုင်းရပ်သည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် တရားဝင် ထုတ်ပြန်ထားသောစာရင်းအရ ကူးစက်မှု ၁၇၂၀၀ နီးပါး ဖြစ်ပွားပြီး လူ ၃၆၁ ဦးကို သေဆုံးစေပြီးဖြစ်သည်။ ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်သစ်သည် ၂၀၀၂ မှ ၂၀၀၃ ခုနှစ်အထိဖြစ်ပွားပြီး လူ ၇၇၄ ဦးသေဆုံးစေသော SARS ရောဂါ လောက် လူသေဆုံးစေခြင်း မရှိသေးပေ။ SARS ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ကူးစက်ခံရသူများ၏ ၉.၆ ရာခိုင်နှုန်ရှိပြီး ကိုရိုနာဗိုင်းရပ်သစ်ကြောင့်သေဆုံးမှုနှုန်းမှာ ၂ ရာခိုင်နှုန်းသာရှိသည်။
ကိုရိုနာဗိုင်းရပ်သစ် ကူးစက်ခံရသောလူနာ အများအပြားမှာလည်း အပြည့်အ၀ ပြန်လည်နာလန်ထပြီးဖြစ်သည်။ တရုတ်အရာရှိများ၏ အဆိုအရ သေဆုံးသူအများစုမှာ သက်ကြီးရွယ်အိုများ သို့မဟုတ် ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေသည့် အခြားရောဂါရှိသူများဖြစ်ကြောင်းတွေ့ရသည်။
ကူးစက်ရောဂါများအပေါ် ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုသည် တခါတရံ အလွန်အကျွံဖြစ်ပြီး အကောင်းထက် အဆိုးကိုဖြစ်စေကြောင်း ကျွမ်းကျင်သူများပြောသည်။
ဝူဟန်ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် ကမ္ဘာတဝှမ်း စိုးရိမ်တုန်လှုပ်မှုသည် အကျိုးမရှိသလို မလိုအပ်ကြောင်း ကျွမ်းကျင်သူအများစုကပြောသည်။ အများပြည်သူအနေဖြင့် ဖျားနာခြင်းကို ရှောင်ရှားရမည်ဖြစ်ပြီး အထိရောက်ဆုံး ကာကွယ်သည့်နည်းလမ်းမှာ နေ့စဉ် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည့် လက်ဆေးကြောခြင်း ပိုမိုပြုလုပ်ရန်နှင့် မျက်နှာကို မကိုင်တွယ်ရန်ဖြစ်ကြောင်းပြောသည်။
ကြောက်လန့်ခြင်းကြောင့် ဗိုင်းရပ်ပိုးကူးစက်ခြင်းကို မရပ်တန့်နိုင်ကြောင်းနှင့် လူမှုဆိုးကျိုးများပင်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတဦးပြောသည်။
“ကူးစက်ရောဂါ ပျံ့နှံ့မှုရှိရင် စိုးရိမ်တုန်လှုပ်မှု ကူးစက်မယ်။ သူတို့မှာ မတူညီတဲ့ ယန္တရားတွေရှိတယ်” ဟု ဂျော့မေဆင် တက္ကသိုလ်မှ ကမ္ဘာ့ကျန်းမာရေးနှင့် ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ အမီရာရိုးအက်စ်က ပြောသည်။
ကူးစက်ရောဂါ စတင်ဖြစ်ပွားသော အစောပိုင်းအဆင့်များတွင် တုန်လှုပ်ချောက်ချားမှုများသည် ဘာကိုမှ မသိရခြင်းကြောင့် ကြောက်လန့်ကြခြင်း ဖြစ်ကြောင်း သူပြောသည်။
ရောဂါကူးစက်မှုနှင့် ကြောက်ရွံ့မှုပျံ့နှံ့ခြင်း
စိတ်ပညာ သုတေသနများအရ ထူးဆန်းသော အန္တရာယ်များသည် အကျွမ်းတဝင်ဖြစ်ပြီးသော အန္တရာယ်များထက် စိုးရိမ်ပူပန်မှု ပိုမိုမြင့်မားစေကြောင်းနှင့် အကျွမ်းတဝင်ဖြစ်ပြီးသော အန္တရာယ်များကို အများပြည်သူက တုံ့ပြန်မှု ပိုနည်းကြောင်း သိရသည်။
ဥပမာဆိုရပါက အမေရိကန်များသေဆုံးမှု ၇ ခုတွင် နှလုံးရောဂါကြောင့် သေဆုံးမှု တခုပါဝင်ပြီး ပြည်ပဖွား အကြမ်းဖက်သမား၏လက်တွင် သေဆုံးနိုင်ခြေမှာ ၄၅၈၀၈ ဦးတွင် တဦးသာရှိကြောင်း သိရသည်။၂၀၁၆ ခုနှစ်က ချက်ပ်မင်းတက္ကသိုလ်က ပြုလုပ်သည့် အမေရိကန်ကြောက်လန့်မှုများစစ်တမ်းအရမူ နိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုနှင့် အကြမ်းဖက်ဝါဒ၏ သားကောင်ဖြစ်ခြင်းတို့သည် စစ်တမ်းတွင်ပါဝင်ဖြေကြားသူများ၏ စိုးရိမ်ကြောက်လန့်မှု ထိပ်တန်း ၅ ခုတွင် ပါဝင်သည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အနောက်အာဖရိကတွင် အီဘိုလာရောဂါဖြစ်ပွားစဉ်အတွင်း ထိုသို့သော တုံ့ပြန်မှု ဖြစ်ခဲ့ကြောင်း စိတ်ပညာရှင်နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Decision Research ၏ ဥက္ကဌ ပေါလ်စလိုဗစ်ကလည်း ပြောသည်။
“အဲဒီတုန်းက ဖြစ်ခဲ့တာက ဘေးအန္တရာယ် အယူအဆနဲ့ပတ်သက်ပြီး ကျနော်တို့ နားလည်ထားတဲ့အတိုင်းပဲ။ အီဘိုလာခြိမ်းခြောက်မှုအကြောင်းသိတာနဲ့ လူတွေက အကြီးအကျယ်ပြောဆိုတော့တာပဲ။ ဒီရောဂါက သေနိုင်တယ်။ ပိုးကိုမမြင်ရဘူး။ ကာကွယ်ရခက်တယ်။ မသိလိုက်ဘဲကူးစက်မယ်။ အာဏာပိုင်တွေက ထိန်းချုပ်နိုင်လားဆိုတာကို ရှင်းရှင်းလင်းလင်းမသိရဘူး ဆိုပြီး ပြောဆိုနေခဲ့ကြဖူးတယ်” ဟု ဆလိုဗစ်က အမေရိကန် စိတ်ပညာအသင်းကြီး၏ ဆောင်းပါးတပုဒ်တွင်ရေးသည်။
သို့သော် ယခင်က အီဘိုလာဖြစ်ပွားမှုများကြောင့် သေဆုံးမှုသည် SARS ထက်၂၅ ရာခိုင်နှုန်း၊ ကိုရိုနာဗိုင်းရပ်သစ်ထက် ၉၀ ရာခိုင်နှုန်းသည် ပိုမိုမြင့်မားသည်။ ၁၉၇၆ ခုနှစ်က စတင်၍ ယခုထိ အီဘိုလာဖြစ်ပွားသောကြောင့် ကမ္ဘာတဝှမ်းလူ ၃၃၀၀၀ ကျော်သေဆုံးခဲ့သည်။
တုန်လှုပ်မှုကြောင့် လူမျိုးရေးအစွန်းရောက်လာကြ
ဝူဟန် ကိုရိုနာဗိုင်းရပ်ကြောင့် အများပြည်သူ စိုးရိမ်ပူပန်မှုကြောင့် တကမ္ဘာလုံးနီးပါးရှိ တရုတ်လူမျိုးများသည် လူမျိုးရေးခွဲခြားမှု ဖြစ်ရပ်များနှင့် ရင်ဆိုင်ရကြောင်း သတင်းများက ဆိုသည်။
လွန်ခဲ့သော ၁၇ ရက်အတွင်း တရုတ်နိုင်ငံသို့ ခရီးသွားခဲ့သော ကျောင်းသားများကို ကျောင်းမတက်စေရန် ကနေဒါနိုင်ငံ တိုရွန်တို မြို့အနီးရှိ မိဘ ၉၀၀၀ က လက်မှတ်ရေးထိုးတောင်းဆိုကြောင်း ဂါးဒီးယန်း သတင်းစာကဖေါ်ပြသည်။
ဟောင်ကောင်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်မှ စီးပွားရေးလုပ်ငန်းအများအပြားသည် တရုတ်ပြည်မကြီးမှ ဖေါက်သည်များကို မကြိုဆိုကြောင်း ဆိုင်းဘုတ်များထောင်ထားကြကြောင်း နယူးယောက်တိုင်းက ဖေါ်ပြသည်။
မြန်မာနိုင်ငံတွင်လည်း ဖေ့ဘွတ်ဆိုရှယ်မီဒီယာပေါ်တွင် တရုတ်လူမျိုးများ အစားအသောက် သောင်းကျန်း၍ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရသည်ဟူသော လုပ်ကြံဖန်တီးထားသော သတင်းတုများကို ဖြန့်ချိနေကြပြီး အချို့က တရုတ်ဆန့်ကျင်ရေးလှုံ့ဆော်မှုများကို ပေါ်ပေါ်တင်တင် ရေးသားနေကြသည်။
အမေရိကန်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်ကူးစက်မှုတခုဖြစ်ပွားသော အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ အာရှနွယ်ဖွားကျောင်းသားများကလည်း ၎င်းတို့သည် ကျောင်းတွင် နောက်ပြောင်မှုများ၊ စူးစိုက်ကြည့်ခံရခြင်းများနှင့် သီးခြားနေရခြင်များရှိကြောင်း ပြောသည်။
ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် သတင်းမှားများလည်း ပျံ့နှံ့နေသည်။ အချို့က အရက်သောက်လျှင် သို့မဟုတ် ကြက်သွန်နီ စားလျှင် ရောဂါမကူးဟု ဆိုကြပြီး အချို့က ဓာတုအဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလျှင်ပင်မပျောက်ကင်း၊ ကုသရန် ဆေးမရှိသလိုရေးသားကြသည်။
မျှော်လင့်ချက်ရှိသော အကြောင်းများ
ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သောအချက်အချို့ကြောင့် စိုးရိမ်ပူပန်မှုများ လျှော့ချသင့်သည့်အကြောင်းများကို ကျွမ်းကျင်သူများပြောသည်။ ပထမအချက်မှာ ထိုဗိုင်းရပ်သည် အသစ်ဖြစ်ကြောင်း ယခင်ကထက် ပိုမိုမြန်ဆန်စွာ ဖေါ်ထုတ်နိုင်ခြင်းဖြစ်သည်။ ဗိုင်းရပ်သစ်ကို တွေ့ပြီးတပတ်အကြာ တရုတ်အာဏာပိုင်များသည် ထိုဗိုင်းရပ်၏ မျိုးဗီဇကို ခြေရာခံနိုင်ပြီး ကမ္ဘာတဝန်းမှ ဓါတ်ခွဲခန်းများသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
“ထူးခြားတာက တပတ်အတွင်း ဒီဗိုင်းရပ်ရဲ့ ဓါတုဖွဲ့စည်းပုံအဆင့်ဆင့်ပြောင်းလဲမှုကို အင်တာနက်မှာ တွေ့ရတာပြီး လူအများအပြားက ကြည့်ရှုနားလည်နိုင်ခဲ့တယ်။ အရင်က ဒါမျိုးတခါမှ မဖြစ်ခဲ့ဘူး” ဟု ယေးလ်တက္ကသိုလ်ဆေးကျောင်းမှ ကူးစက်ရောဂါဆိုင်ရာ တွဲဖက်ပါမောက္ခ ရစ်ချတ် မာတင်နယ်လိုကပြောသည်။
ဒုတိယအချက်မှာ ကိုရိုနာဗိုင်းရပ်ကို ၁၉၆၀ ခုနှစ်များတွင် ရှာဖွေတွေ့ရှိပြီးနောက် ဖြစ်ပေါ်လာသော ဆေးပညာတိုးတက်မှုများကြောင့် ကုသမှုဓါတ်ခွဲခန်းများနှင့် ဗိုင်းရပ်ပညာရှင်များသည် ထိုရောဂါသယ်ဆောင်သော ဗိုင်းရပ်ကို နက်ရှိုင်းစွာလေ့လာနိုင်ခြင်းဖြစ်သည်။
ဥပမာအားဖြင့်ဆိုရပါက သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်သည် အအေးမိရောဂါဖြစ်စေပြီး လူသားအချင်းချင်း ကူးစက်နိုင်ကြောင်းသိသော်လည်း ကိုရိုနာဗိုင်းရပ် တိရစာ္ဆန်များမှလာကြောင်း SARS ရောဂါက ပထမဆုံး သိရသည့် ဖြစ်ရပ်ဖြစ်သည်။( တိရစာ္ဆန်များမှ ကိုရိုနာဗိုင်းရပ်သည် ယခင်ကလည်း လူများကို ဖျားနာစေနိုင်သည်ဟု မာတင်နယ်လိုပြောသည်။)
ဝူဟန်တုတ်ကွေးနှင့် ရာသီတုတ်ကွေး ကာကွယ်ရမည့်နည်းလမ်းမှာ ရောဂါနှစ်မျိုးလုံးအတွက် အတူတူသာဖြစ်ပြီး လက်ဆေးခြင်း၊ မျက်နှာကို မကိုင်တွယ်ခြင်း၊ ဖျားနာသူများနှင့် မထိတွေ့ခြင်းတို့သာဖြစ်သည်။
ကိုရွန်နိုဗိုင်းရပ်သစ်ကြောင့် ပူပန်မှုများကြောင်း၊ လူအများသည် သတိထားနေသောကြောင့် ယခုရာသီအတွင်း ရာသီတုတ်ကွေးဖြစ်ပွားမှု နည်းလာမည်ဟု မာတင်နယ်လို မျှော်လင့်သည်။
ကိုးကား။ ။ Business Insider
You may also like these stories:
တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို မြန်မာ ယာယီရပ်ဆိုင်း
သမ္မတရုံး၏ ကိုရိုနာဗိုင်းရပ်စ်သံသယ ရှင်းလင်းချက် မန္တလေးဆေးရုံတုန့်ပြန်
မန္တလေးတွင် မျက်နှာဖုံး ရှားနေပြီး အမြတ်တင်ရောင်းချနေ