အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဝင်သည့် ရွေးကောက်ပွဲ ဦးတည်ချက်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးလည်း ပါဝင်ခဲ့ပါသည်။
ထို ရွှေးကောက်ပွဲ ဦးတည်ချက် တခုဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် လွှတ်တော် တွင်းမှ ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်တွင်း၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။
ထို NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပုဒ်မ စုစုပေါင်း ၁၁၀ ကျော်အား ပြင်ဆင်ရန် အဆိုပြုထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း ၂ ခုကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ယင်း ဥပဒေကြမ်း ၂ ခုအား စိစစ်ရန် လွှတ်တော် ကော်မတီ တရပ်ကိုလည်း ထပ်မံဖွဲ့စည်းထားပြီး စိစစ်လျက် ရှိသည်။
ပြင်ဆင်ရန် အဆိုပြုချက်များထဲမှ သမ္မတ အရည်အချင်း ကန့်သတ်မှုများ၊ နိုင်ငံပိုင်ပစ္စည်း သုံးစွဲသူများ ရွေးကောက်ခံ ခွင့် မရှိရေး၊ ဝန်ကြီးများ အသက် ကန့်သတ်ချက် လျှော့ချခြင်း၊ လွှတ်တော် ကိုယ်စားလှယ် ရုပ်သိမ်းခြင်း စသည့် အချက် များအား စုစည်း ဖော်ပြလိုက်ပါသည်။
၁။ ပုဒ်မ ၅၉(ဂ)၊ ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၅၉(စ)
သမ္မတများ၏ အရည်အချင်း ကန့်သတ်ချက် လျှော့ချရန် အဆိုပြုထားခြင်း ဖြစ်သည်။
အငြင်းပွားဖွယ် နာမည်ကျော် ပုဒ်မဖြစ်သည့် သမ္မတ၏ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးနှင့် သားသမီးတို့၏ ဇနီး၊ ခင်ပွန်းတို့ နိုင်ငံခြားသား မဖြစ်ရ ဆိုသည့် ပုဒ်မ ၅၉(စ) အား လုံးဝပယ်ဖျက်ရန် အဆိုပြုထားသည်။
သမ္မတများ အနိမ့်ဆုံးရှိရမည့် အသက်အား ၄၅ နှစ်အစား ၄၀ သို့ ပြောင်းလဲရန်နှင့် စစ်ရေးအမြင် စာသားကို လုံခြုံရေး အမြင်ဖြင့် အစားထိုးရန် ဖြစ်သည်။
၂။ ပုဒ်မ ၂၃၂(က)(၁)
ပြည်ထောင်စု ဝန်ကြီးများ၏ အသက် ကန့်သတ်ချက်အား ၄၀ မှ ၃၅ နှစ်သို့ လျှော့ချ ပြောင်းလဲရန် အဆိုပြုထားခြင်း ဖြစ်သည်။
၃။ ပုဒ်မ ၂၆(က)၊ ပုဒ်မ ၂၃၂(ဋ)၊ ပုဒ်မ ၂၃၄(စ)၊ ပုဒ်မ ၂၈၅(ဆ)
နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး လုပ်ခွင့်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်များ ပါတီ တာဝန် ထမ်းဆောင်ခွင့်တို့အား ကန့်သတ်ထားချက်အား ပယ်ဖျက်ရန် အဆိုပြုထားခြင်းဖြစ်ပြီး အောင်မြင်ပါက ပါတီ နိုင်ငံရေးကို လွတ်လပ်စွာ လုပ်ခွင့်ရမည့် သဘောဖြစ်သည်။
၄။ ပုဒ်မ ၂၃၇(က)(၄)(ဃဃ)၊ ပုဒ်မ ၂၃၉(က)(၄)(ဃဃ)၊ ပုဒ်မ ၂၄၂(က)(၄)(ဂဂ)၊ ပုဒ်မ ၂၄၄(က)(၄) (ဂဂ)၊ ပုဒ်မ ၂၈၅(က)(၄)၊ ပုဒ်မ ၃၀၁(ဃ)(၄)၊ ပုဒ်မ ၃၁၀(ဃ)(၃)၊ ပုဒ်မ ၃၃၃(ဃ)(၄)၊ ပုဒ်မ ၃၉၈(ခ)(၃) (ဃဃ)
ပြည်ထောင်စု ရှေ့နေချုပ်၊ ဒု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု တရားသူကြီး ချုပ် နှင့် တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းနှင့်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များသည် သမ္မတက သက်ဆိုင်ရာ နယ်ပယ် အလိုက် ပညာရှင် သို့မဟုတ် ထင်ရှား ကျော်ကြားသူ အဖြစ် ယူဆမှသာ ခန့်အပ်ရမည့် အချက်ကို ပယ်ဖျက်ရန် အဆိုပြုထားခြင်း ဖြစ်သည်။
ရာထူးခန့်ရာတွင် သမ္မတ တဦးတည်း၏ ယူဆချက်ကို ပယ်ဖျက်ခြင်း ဖြစ်ပြီး ကျန်အရည်အချင်း သတ်မှတ်ချက်များ မူလအတိုင်း တည်ရှိသည်။
၅။ ပုဒ်မ ၃၉၆(ခ)
လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းလိုပါက မူလမဲဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းက တိုင်ကြား၍ မရတော့ဘဲ ၂၀ ရာခိုင်နှုန်းက တိုင်ကြားရန် အဆိုပြုထားခြင်း ဖြစ်သည်။
၆။ ပုဒ်မ ၄၄၁၊ ပုဒ်မ ၄၄၂၊ ပုဒ်မ ၄၄၃၊ ပုဒ်မ ၄၄၄(က)၊ ပုဒ်မ ၄၄၄(ခ)၊ ပုဒ်မ ၄၄၅၊ ပုဒ်မ ၄၄၆၊ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၄၈
အခြေခံဥပဒေ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်ချက်များ အားလုံးကို ပယ်ဖျက်ရန် အဆိုပြုထားခြင်း ဖြစ် သည်။
ယင်း ပုဒ်မများထဲတွင် အရေးကြီးသည့် နောက်ကြောင်းပြန် အရေးမယူရ ဆိုသည့် ပုဒ်မ ၄၄၅ အား ပယ်ဖျက်မှု အောင်မြင်ပါက တပ်မတော် အစိုးရ လက်ထက် ဥပဒေမဲ့ ဆောင်ရွက်မှုများကို တရားစွဲနိုင်မည့်သဘော သက်ရောက် နေသကဲ့သို့ တစုတဖွဲ့အား အကာအကွယ်ပေးသလို ဖြစ်နေ၍ မလိုအပ်ဟုဆိုကာ ပယ်ဖျက်ရန် အဆိုပြုခြင်းလည်း ဖြစ်နိုင်သည်။
ထို့ပြင် ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ အမိန့်၊ ညွန်ကြားချက်များ ပြည်ထောင်စု လွှတ်တော်နှင့် အစိုးရအဖွဲ့ မပယ်ဖျက်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည် ဆိုသည့် ပုဒ်မ ၄၄၆ နှင့် ပုဒ်မ ၄၄၇ အား ရှေ့တွင် ပယ်ဖျက်ရန် အဆိုပြုထားသော်လည်း အခြား ပုဒ်မတခု အောက်တွင် မူလအတိုင်း ပြန်ပါမည် ဖြစ်သည်။
၇။ ပုဒ်မ ၆(ဃ)၊ ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၃၉၊ ပုဒ်မ ၄၀၅(က)၊ ပုဒ်မ ၄၃၇(က)၊
“စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်” ဆိုရာတွင် “စည်းကမ်း ပြည့်ဝသော” စာသားအား ဖြုတ်ပယ်ခြင်း၊ “ပြည်ထောင်စု စနစ်” ဆိုသည့် ရှေ့တွင် “ဒီမိုကရေစီ ဖက်ဒရယ်” စာသား ထည့်သွင်းခြင်းနှင့် နိုင်ငံတော်အလံ ပြောင်းလဲရန် အဆိုပြုထားခြင်းတို့ ဖြစ်သည်။
၈။ ပုဒ်မ ၃၂(က)၊ ပုဒ်မ ၃၂(ခ)၊ ပုဒ်မ ၃၄၄၊ ပုဒ်မ ၃၁၉၊
မူလ ပြဋ္ဌာန်းချက်တွင် “မသန်မစွမ်း” ဟု သုံးနှုန်းထားမှုအား “မသန်စွမ်း” အဖြစ် အစားထိုးရန်သာ ဖြစ်သည်။
ပုဒ်မ ၃၁၉ သည် စစ်ဘက်ဆိုင်ရာ တရားရုံးများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စစ်ဘက်ဆိုင်ရာ ဥပဒေ များဖြင့်သာ ဖွဲ့ရန် အဆိုပြုထားခြင်း ဖြစ်သည်။ မူလက “အခြားဥပဒေ” ဟု မရေမရာ စာသားအား ဖြုတ်ပယ်ရန် ပြုလုပ်ခြင်းသာ ဖြစ်သည်။
၉။ ပုဒ်မ ၂၃၂(ခ)(၁)၊ ပုဒ်မ ၂၃၄(က)၊ ပုဒ်မ ၂၃၇(က)၊ ပုဒ်မ ၂၃၉(က)၊ ပုဒ်မ ၂၄၂(က)၊ ပုဒ်မ ၂၄၄(က)၊ ပုဒ်မ ၂၆၂(က)(၁)
ဝန်ကြီး၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် ခန့်ရာတွင် “လွှတ်တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ” ဆိုသော မလိုအပ်သည့် စာသားကိုသာ ဖြုတ်ပယ်ရန် အဆိုပြုထားခြင်း ဖြစ်ပြီး မူလဆိုလိုရင်း မပြောင်းပေ။
၁၀။ ပုဒ်မ ၁၂၄(က)၊ ပုဒ်မ ၁၂၄(ခ)၊ ပုဒ်မ ၁၇၂(က)၊ ပုဒ်မ ၁၇၂(ခ)
ယင်းပုဒ်မများ အဆိုပြုချက်သည် မလိုအပ်တော့သည့် ပုဒ်မကို ပယ်ဖျက်ခြင်းနှင့် စာသားပြောင်းလဲခြင်းသာ ဖြစ်၍ မူလ ဆိုလိုရင်း မပြောင်းပေ။
၁၁။ ပုဒ်မ ၃၅၉၊ ပုဒ်မ ၃၇၆
ပြစ်ဒဏ် ချခံရသူအား ပေါ်တာကဲ့သို့ ခိုင်းစေခြင်းများကို ပယ်ဖျက်ရန်နှင့် တရားသူကြီးချုပ် အမိန့်မပါဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပိုချုပ်နှောင်ခွင့် မပြုရန် အဆိုပြုထားခြင်း ဖြစ်သည်။
၁၂။ ပုဒ်မ ၁၂၁(ဋ)
နိုင်ငံတော်ပိုင် ပစ္စည်းများအား ဥပဒေအရ၊ တာဝန်အရ ဖြစ်စေ၊ အခ ကြေးငွေဖြင့် ငှားရမ်း၍ဖြစ်စေ သုံးစွဲသူနှင့် သုံးစွဲ သည့် အဖွဲ့ဝင်ဖြစ်သူအား ရွေးကောက်ခံခွင့် ပေးထားခြင်းကို ပယ်ဖျက်ရန် အဆိုပြုထားခြင်း ဖြစ်သည်။
ယင်းအဆိုပြုချက် အောင်မြင်ပါက နိုင်ငံတော်ပိုင် ပစ္စည်းများအား တနည်းနည်းဖြင့် ရယူသုံးစွဲသူနှင့် အဖွဲ့ဝင်ဖြစ်သူ တို့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခွင့် မပြုမည့် သဘောဖြစ်သည်။
ထို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) စစ်အစိုးရ လက်ထက် ၁၉၉၃ ခုနှစ်က စတင်၍ ၁၅ နှစ်ခန့် ရေးဆွဲခဲ့သော အခြေခံ ဥပဒေ ဖြစ်သည်။
၂၀၀၈ ခုနှစ် မေလတွင် ယင်း အခြေခံ ဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရာ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံ ၍ဟု ဆိုကာ စစ်အစိုးရက အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ဥပဒေသည် စတင် ပြဋ္ဌာန်းစဉ်ကတည်းက စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသည့် ဥပဒေဖြစ်ပြီး ဒီမိုကရေစီ နည်း မကျကြောင်း၊ ထို့ကြောင့် ပြင်ဆင် ပြောင်းလဲ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ဝေဖန် သုံးသပ်မှုများစွာ ထွက်ပေါ်ခဲ့ သော ဥပဒေ တရပ်လည်း ဖြစ်ပါသည်။ ။